အခန်း (၁၆၆)
Vol. 12 Ch. 166
ကားနောက်ခန်းပြတင်းပေါက်က နိမ့်ဆင်းလာပြီး နဥ်ရှောက်ပိုင်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ "ဟိုနားက လက်မှတ်ရောင်းတဲ့ဌာန။ မစ်မာက ဆေးပညာကျောင်းမှာ ပထမရထားတဲ့သူဆိုတော့ စာဖတ်တတ်မှာပါ"
သူက ဒီနေရာတွင် ခဏလောက်ရပ်လိုက်ပြီးမှ ပြောလိုက်သည်။ "နောက်ဆုံး မစ်မာက ကံတရားကို ရင်ဆိုင်တိုက်ခိုက်မဲ့ မိန်းကလေးတစ်ယောက်ပဲလေ။ သူက အရမ်းကို လုပ်ရည်ကိုင်ရည်ရှိမှာပါ။ ကျွန်တော် ခုနက စနောက်ပြီးတော့ ပြောလိုက်တာပါ"
"ဒါဆိုရင် မစ်မာ တောက်ပတဲ့အနာဂတ်လေးတစ်ခု ပိုင်ဆိုင်နိုင်ပါစေလို့ ကြိုပြီးတော့ ဆုတောင်းပေးလိုက်တယ်နော်" ထို့နောက်တွင်တော့ သူက ရှောင်လျို့ဘက်သို့လှည့်ကာ ပြောလိုက်၏။
"သွားကြမယ်"
မာလီလီသည် တစ်ခုခုလွဲသွားသည်ကို သဘောပေါက်လိုက်ပြီး ပြာယာခတ်သွားတော့၏။ သူမက ကားပြတင်းပေါက်နားသို့ မြန်မြန်လှမ်းမှီလိုက်ကာ ပြောလိုက်သည်။ "ဒေါက်တာနဥ် ဘာအဓိပ္ပာယ်လဲ။ ရှင်ရော ကျွန်မနဲ့အတူ မသွားဘူးလား"
ရှောင်လျို့က အော်ရယ်လိုက်လေ၏။ "မိန်းကလေး လူကြီးမင်းနဥ်နဲ့ သူမိတ်ဆွေတွေက ယန်မြို့ကိုသွားမှာလေ။ လက်မှတ်ကိုလည်း ဝယ်ထားပြီးသား။ သူတို့တွေက ဘာဖြစ်လို့ မင်းနဲ့အတူတူ သွားရမှာလဲ"
မာလီလီက ယုံရခက်သွားကာ ပြောလိုက်၏။ "ဒါဆိုရင် ရှင်တို့ ကျွန်မကို ဒီနေရာမှာထားခဲ့ရင် ကျွန်မက ဘယ်လိုလုပ်ရမှာလဲ"
နဥ်ရှောက်ပိုင်က သူမကို တအံ့တဩဖြင့် ကြည့်လိုက်သည်။ "မင်း ငါ့ကို မနှောင့်ယှက်ပါဘူးလို့ ပြောထားတယ် မဟုတ်လား။ မင်းကို မင်ရှီစီရင်စုကနေ ခေါ်ထုတ်သွားပေးပါလို့ပဲ ပြောခဲ့တာ မဟုတ်လား"
မာလီလီမှာ နင်သွားတော့သည်။ သူမ ထိုသို့ပြောခဲ့ပေ၏။
နဥ်ရှောက်ပိုင်သည် သူမ ပြောချင်သည့်စကားကို သိနေသယောင်ဖြင့် သူမပါးစပ်ကို ဆက်ပြီးတော့ ပိတ်ထားလိုက်သည်။ "စိတ်မပူပါနဲ့။ ဟောက်ရွှီဖုန်းက ဒီနေရာအထိ လိုက်ပြီးမဖမ်းနိုင်ပါဘူး"
"မစ်မာ မင်းက အခွင့်အရေးသာ ပေးလိုက်ရင် အမြင့်ကြီးကို ထိုးတက်သွားနိုင်တဲ့ လူတစ်ယောက်ပဲ။ ဒါက မင်းအတွက် ဘဝအသစ်အစပါ။ မင်းရဲ့ဆေးပညာကျောင်းက ထိပ်ဆုံးအဆင့်နဲ့ဆိုရင် သူနာပြုဆရာမအလုပ်ကို ချက်ချင်းရှာနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ပြောလို့ မရဘူး။ ကျွန်တော်တို့တွေ နောက်တစ်ခါ ပြန်တွေ့တဲ့အချိန်ကျရင် မင်းက ထူးချွန်တဲ့လူတစ်ယောက် ဖြစ်နေမှာပေါ့"
နဥ်ရှောက်ပိုင်က ကားပြတင်းပေါက်ကို ဆွဲတင်တော့မည်ကို မြင်လိုက်သည့်အခါ မာလီလီသည် ဟန်ဆောင်နေရသည်ကို ဂရုမစိုက်နိုင်တော့ချေ။ "ရှင် ရှင် ကျွန်မကို ဒီအတိုင်း ထားခဲ့လို့ မရဘူးလေ။ ဒါက ကျွန်မအိမ်ကနေ ပထမဦးဆုံး ထွက်လာခဲ့တာ။ ကျွန်မ လက်မှတ်တစ်ခုလည်း မဝယ်ရသေးဘူး။ ရှင်တို့တွေက ကျွန်မကို ဘယ်သွားခိုင်းနေတာလဲ"
နဥ်ရှောက်ပိုင်က မျက်မှောင်ကြုတ်လိုက်၏။ "မစ်မာ ခင်ဗျား လာနောက်နေတာလား။ အခွင့်အရေးလေးပဲ မရှိတဲ့သူတစ်ယောက်က ဘယ်သွားမယ်ဆိုတဲ့ အစီအစဉ်တစ်ခုတောင် မရှိဘူးတဲ့လား"
"ခင်ဗျား ဆေးရုံကြီးတစ်ခုမှာ အလုပ်တစ်ခု အလွယ်တကူ ရနိုင်တာပဲ။ ရထားလက်မှတ် ဝယ်တာလောက်က အလုပ်တစ်ခု ရှာတာလောက်တော့ ပိုပြီးတော့ မခက်နိုင်ပါဘူး"
"ခင်ဗျား ပြောတဲ့အခွင့်အရေးဆိုတာက တစ်စုံတစ်ယောက်က ခင်ဗျားအတွက် လမ်းဖောက်ပေးထားတာကို ပြောတာလား"
"ဒီလို အခွင့်အရေးမျိုးလည်း ရှိချင်ရှိမှာပါ" နဥ်ရှောက်ပိုင်က ပေါ့ပေါ့ပါးပါး အေးစက်စက် လေသံတစ်ခုဖြင့် ပြောလိုက်လေသည်။
"ခင်ဗျား ဒီမှာ စောင့်နေလို့ ရပါတယ်။ ဒီနေရာ ရထားဘူတာမှာ ခါးပိုက်နှိုက်၊ ကလေးပြန်ပေးဆွဲတဲ့သူ၊ အမျိုးသမီးနဲ့ ကလေးတွေကို လူကုန်ကူးတဲ့လူတွေမှ အများကြီးပဲ။ တကယ်လို့ ခင်ဗျားဒီမှာ အချိန်နည်းနည်းလောက် ပိုပြီးတော့ ရပ်လိုက်မယ်ဆိုရင် ခင်ဗျားအတွက် အားလုံးကိုလုပ်ပေးဖို့ ဆန္ဒရှိတဲ့ တစ်ယောက်ယောက်နဲ့ တွေ့ချင်တွေ့မှာပေါ့"
မာလီလီသည် လုံးဝကို ပိတ်ဆို့ခံလိုက်ရပြီး စကားတစ်လုံးပင် မပြောနိုင်တော့ချေ။
ရှမြန်သည် နဥ်ရှောက်ပိုင်က မာလီလီကို သူနှင့်အတူ ခေါ်လာရသည့် အကြောင်းအရင်းကို နောက်ဆုံးတော့ သဘောပေါက်သွားတော့သည်။ သူက သူမနှင့်ပတ်သက်သည့် ဒေါသများကို ဖွင့်ချချင်ခဲ့ခြင်း ဖြစ်လေသည်။
နဥ်ရှောက်ပိုင်က ပြတင်းပေါက်ပေါ်တွင် တင်ထားသည့် မာလီလီ၏လက်ကို လျစ်လျူရှုလိုက်ပြီး တွေဝေမနေဘဲ ပြတင်းပေါက်ကို ဆွဲတင်လိုက်၏။ မာလီလီသည် သူမ၏လက်ညှပ်မိသွားမှာစိုးသဖြင့် မြန်မြန်လွှတ်လိုက်ရတော့သည်။
ပြတင်းပေါက်က ပိတ်မသွားခင်တွင် ရက်စက်သည့်လူကြီး၏ ပြောလိုက်သည့်စကားကိုပင် ကြားလိုက်ရသေးသည်။ "တကယ်လို့ မစ်မာက တကယ်ပဲ ရထားလက်မှတ်လေးတစ်ခုတောင်မှ မဝယ်နိုင်ခဲ့ဘူးဆိုရင် ရဲစခန်းကို သွားပြီးတော့ ခင်ဗျားကို ပြန်ပို့ပေးဖို့ ရဲအရာရှိတစ်ယောက်ကို တောင်းဆိုလိုက်ပါ။ ဒါနဲ့စကားစပ် ခင်ဗျား ဟောက်ရွှီဖုန်းကိုလည်း ခင်ဗျားကို လုယက်မှုအတွက် တရားစွဲလို့ ရသေးတယ်။ သူတို့တွေက ခင်ဗျားကို ကူညီပေးနိုင်မှာပါ"
ထို့နောက်တွင် သူက ရှောင်လျို့ကို ပြောလိုက်၏။ "တကယ်လို့ သူ ကားကို တားဖို့ ကြိုးစားမယ်ဆိုရင် ဝင်သာတိုက်ပစ်လိုက်။ သူ တစ်ခုခု ဖြစ်သွားတာပဲဖြစ်ဖြစ် သူ့ကိုဆေးရုံပို့ပေးလိုက်။ ဆေးဖိုးဝါးခ ငါ ပေးမယ်"
"ကောင်းပါပြီ"ရှောင်လျို့က သူမကို လုံးဝစိတ်ပျက်နေဟန် တူ၏။ ထိုစကားကို ကြားလိုက်ရသည့်အခါ သူသည် စတီယာတိုင်ကို ချက်ချင်းလှည့်ထွက်လိုက်တော့သည်။ မာလီလီမှာ မစွန့်စားရဲတော့ဘဲ အလွန်မှ ကြောက်ရွံ့သွားသဖြင့် ကားဆီမှ ခြေလှမ်းတော်တော်ဝေးဝေး ပြန်ဆုတ်သွားတော့သည်။
နောက်ကြည့်မှန်ထဲက မာလီလီ၏ရှက်ရွံ့သွားသည့် အမူအရာကို တွေ့လိုက်ရသည့်အခါ ရှမြန်သည် နဥ်ရှောက်ပိုင်ကို ကြည့်လိုက်ပြီး အသံထွက်ကာ အော်ရယ်လိုက်တော့သည်။
နဥ်ရှောက်ပိုင်က သူမ၏ခေါင်းကို လှမ်းထိလိုက်ကာ မေးလိုက်သည်။ "မင်းက ဘာကိုရယ်နေတာလဲ"
ရှမြန်က ပြုံးလိုက်ပြီး" နည်းနည်းလေး ထင်မထားလိုပါ။ ဒေါက်တာနဥ်က ဒီလို အသေးအဖွဲ့ကိစ္စလေးတွေကို ဂရုစိုက်မယ်လို့ ထင်မထားခဲ့မိဘူးလေ"
ဒီလိုဒေါသကို ဖွင့်ချတတ်တဲ့စရိုက်မျိုးက တကယ့်ကို သဘောကျစရာကောင်းတာပဲ။
နဥ်ရှောက်ပိုင်က သူမကို လှမ်းကြည့်လိုက်ပြီး ပြုံးလိုက်၏။ "ကျေးဇူးရှင်ရဲ့ကိစ္စက ဘယ်လိုလုပ်ပြီးတော့ အသေးအဖွဲ့ကိစ္စ ဖြစ်နိုင်မှာလဲ"
ရှမြန်သည် သူ့ကြောင့် သဘောကျသွားပြီး ငေးငိုင်ငိုင်လေး ဖြစ်နေသေးသည့်မာလီလီကို လှည့်ကြည့်လိုက်ကာ ပြောလိုက်၏။ "သူ အဆင်ပြေမှာပါနော်"
"စိတ်မပူပါနဲ့။ အဲဒီနေရာမှာ လူဆိုးတွေ အများကြီးရှိတယ်လို့ ငါ သူ့ကို သတိပေးခဲ့ပြီးပြီပဲ။ သူ မအပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သူ အရမ်းကို သတိရှိသွားဦးမှာ" နဥ်ရှောက်ပိုင်က ပြောလိုက်သည်။
"ဒီအပြင် သူက အသက်၂၀ဝန်းကျင်အရွယ် ရောက်နေပြီပဲ။ မင်မြို့ကနေ မင်ရှီစီရင်စုကို သွားမဲ့လက်မှတ် မဝယ်နိုင်လောက်တဲ့အထိတော့ အရမ်းအ,နေမှာမဟုတ်ပါဘူး"
ရှမြန်က ထိုအကြောင်းကို စဉ်းစားလိုက်ပြီး အဓိပ္ပာယ်ရှိသည်ဟု ထင်လိုက်သည်။ ရဲစခန်းကို သွားရှာရမဲ့လမ်းကိုတောင်မှ ပြောပြခဲ့သေးတာပဲလေ။ ရှချွမ်းကို အရူးလုပ်နိုင်တဲ့မာလီလီရဲ့ ဉာဏ်ရည်မျိုးနဲ့ဆိုရင် တကယ်ပဲ စိတ်ပူစရာဘာမှမရှိပါဘူး။
ယခုတော့ သူတို့သည် ပြင်ပပြဿနာများကို ဖြေရှင်းသွားခဲ့ပြီးဖြစ်ရာ နောက်ပြဿနာမှာ သူတို့၏ကိုယ်ပိုင်သာဖြစ်တော့သည်။
ခရီးဆောင်အိတ်များကို စစ်ဆေးပြီး ဒရိုင်ဘာရှောင်လျို့က ပြန်သွားပြီးသည့်နောက်တွင် သူတို့၃ယောက်သာ ကျန်ခဲ့တော့သည်။ ရှမြန်မှာ နဥ်ရှောက်ပိုင်မှ ဝေးဝေးနေရမည်ဟူသည့် စည်းမျဉ်းစည်းကမ်းကို လက်တွေ့အသုံးချတော့၏။
ဘူတာရုံထဲသို့ဝင်ရန် လက်မှတ်စစ်ဆေးသည့်အချိန်ကလွဲလျှင် သူမနှင့်ရှောင်ဖုန်းကို နဥ်ရှောက်ပိုင်က ရှေ့မှနေ၍ ကာကွယ်ပေးထားသည်။ ဘူတာရုံထဲသို့ ဝင်လာပြီးသည့်နောက်တွင် ရှမြန်က နဥ်ရှောက်ပိုင်နှင့် အနည်းဆုံး၁မီတာ အကွာအဝေးကို ချက်ချင်းထားလိုက်၏။
ရှမြန်သည် ဟန်ဆောင်ချင်၍ မဟုတ်ဘဲ နဥ်ရှောက်ပိုင်က အလွန်မှ ဒေါသထွက်စရာကောင်းနေခြင်းကြောင့်ပင်။
ရထားတွဲထဲတွင် လူအနည်းငယ်သာရှိပြီး ပလက်ဖောင်းကလည်း တော်တော်လေးကို ရှင်းလင်းနေသည်။ ရှမြန်က ရှောင်ဖုန်းကို သူမ၏လက်ပေါ်တွင်ချီကာ လျှောက်လာချိန်တွင် ရုတ်တရက် နဥ်ရှောက်ပိုင် ပြောလိုက်သည့်စကားကို ကြားလိုက်ရ၏။ "သတိထား"
ရှမြန်က ဖြစ်ပျက်နေသည်ကို မတုံ့ပြန်ရသေးခင်မှာပင် တစ်စုံတစ်ယောက်က သူမ၏ပခုံးကို လှမ်းကိုင်လိုက်သည်ကို ခံစားလိုက်ရ၏။ သူမ၏ဗဟိုဆွဲအားက ရုတ်တရက် ပြောင်းလဲသွားပြီး သူမသည် ထိန်းမရတော့ဘဲ ဘေးသို့ယိုင်သွားကာ နဥ်ရှောက်ပိုင် မှီမိသွားတော့သည်။
သူမက အလန့်တကြား ဖြစ်သွား၏။ "ဘာဖြစ်တာလဲ"
သို့သော်ငြားလည်း နဥ်ရှောက်ပိုင်ကတော့ လေးနက်နေသည့်မျက်နှာတစ်ခုဖြင့် သူ့ရှေ့က တစ်စုံတစ်ခုကို စိုက်ကြည့်ပြီး ပြောလိုက်လေသည်။ "သတိထား။ ချော်မလဲစေနဲ့"
ရှမြန်သည် သူ့အကြည်ကို လိုက်ကြည့်လိုက်သည့်အခါ မြေကြီးပေါ်က ဗာဒံစေ့အခွံကို တွေ့လိုက်ရပြီး ဒေါသထွက်ထွက်ဖြင့် ရယ်မောရတော့သည်။ "ဒေါက်တာနဥ် ကျွန်မက ဒါကို တက်နင်းပြီး ချော်လဲမယ်လို့ ရှင်က ထင်နေတာလား။ ကျွန်မအထင်တော့ ရှင်က အဲဒီဗာဒံစေ့အခွံထက် ပိုပြီးတော့တောင် အန္တရာယ်များသေးတယ်"
သူမက လက်ကိုဆန့်လိုက်ပြီး သူ့ကိုလက်တစ်ဆန့်စာ အကွာအဝေးအထိ တွန်းထုတ်လိုက်လေသည်။
"ကျွန်မကို ရှင်နဲ့ဝေးဝေးနေပါလို့ ပြောထားတယ် မဟုတ်လား"
နဥ်ရှောက်ပိုင်က သူမ၏လက်ကို အလွယ်တကူ ပြန်ဖိချထားလိုက်ကာ "ကျေးဇူးရှင်ရဲ့လုံ ခြုံရေးသာ သေချာမယ်ဆိုရင် ရပါတယ်"
"ပြီးတော့" သူက ညစ်ကျယ်ကျယ်ဖြင့် ပြုံးလိုက်သေးသည်။ "မင်းက ငါနဲ့ ခပ်ခပ်ခွာနေတယ်ဆိုတော့ လုံလောက်နေပါပြီ။ ငါက မင်းနဲ့ ခပ်ခွာခွာနေဖို့ မလိုတော့ဘူးလေ"
ရှမြန်မှာ ဒေါသထွက်ရလွန်းသဖြင့် ရယ်မောမိတော့သည်။ "ရှင်ပဲ အမြဲတမ်း မှန်တယ်"
နဥ်ရှောက်ပိုင်က ဖြူဖြူစင်စင်လေး ပြောလိုက်သေးသည်။ "ဒါတွေအားလုံးက ကျေးဇူးရှင်ရဲ့ ကောင်းကောင်းမွန်မွန် သင်ကြားပြသပေးတဲ့ ကျေးဇူးကြောင့်ပါ။ စည်းမျဉ်းစည်းကမ်းတွေ အားလုံးကို ကျွန်တော်တို့က လိုက်နာရမှာပါ"
"ကျွန်မတို့လို့ ရှင့်ကို ဘယ်သူပြောလို့လဲ" ရှမြန်သည် ဒေါသထွက်ထွက်ဖြင့် ရထားတွဲပေါ်သို့ တက်သွားတော့၏။
ရထားတွဲထဲတွင် မည်သူမှမရှိသေးချေ။ နဥ်ရှောက်ပိုင်က ပြီးခဲ့သည့်တစ်ခေါက်တုန်းကလိုပင် အလုပ်များပြားနေဆဲ။ သို့သော်ငြားလည်း ရှမြန်သည် သူ၏ကျောပြင်ကိုကြည့်ရင်း ပိုပိုပြီး ဒေါသထွက်လာတော့သည်။
ဒီလူကလည်း သိနေပါရက်ဖြင့် မေးမြန်းလိုက်သေးသည်။ "ဘာဖြစ်လို့လဲ"
ရှမြန်မှာ ဒေါသအလွန်ထွက်လာပြီး သူက လမ်းလျှောက်လာသည့်အချိန်တွင် သူ့ကို ခြေထိုးဖို့ရန်အတွက် သူမ၏ခြေထောက်ကို မြှောက်လိုက်၏။ ထိုနောက်တွင်တော့ သူ့ကို ကူညီပြီးတွဲထူဖို့ရန် ဟန်ဆောင်လိုက်လေသည်။ "ဒေါက်တာနဥ် သတိထား"
သူမ၏မူလကစိတ်ကူးက ဒေါက်တာနဥ်၏ ကြောင်သူတော် စိတ်ကူးစိတ်သန်းများကို ထုတ်ဖော်ဖို့ရန် ဖြစ်သည်။ သို့သော်ငြားလည်း သူမ၏အားအောက်တွင် သူက လဲကျလာလိမ့်မည်ဟု ထင်မထားခဲ့မိချေ။
အရပ် ၁.၈၀မီတာရှိသည့် ယောက်ျားတစ်ယောက်က နုနယ်အားနည်းသည့် လူတစ်ယောက်ကို အလွယ်တကူ ဆွဲချနိုင်သည်ကို အမှန်တကယ် သက်သေပြနိုင်လေသည်။
ရှမြန်သည် သူမ၏နောက်ကနံရံနှင့် ရိုက်မိသွားတော့မလို ဖြစ်သွားသော်ငြားလည်း နဥ်ရှောက်ပိုင်၏ ကာကွယ်ပေးခြင်းကို ခံလိုက်ရပြီး သူမသည် သူ၏ရင်ခွင်ထဲသို့ ပြုတ်ကျသွားတော့မလို ဖြစ်သွားတော့သည်။
သို့သော်ငြားလည်း ဒီလူက သူမကို အခွင့်ကောင်းယူနေပြီး ချစ်စဖွယ်ဟန်ဆောင်ပြလိုက်ကာ သူမကို ကြည့်ရင်း ပြုံးပြလိုက်သေးသည်။
"ကျေးဇူးရှင် မင်း ခုနတုန်းကတော့ ကောင်းကောင်း လုပ်ခဲ့တယ် မဟုတ်လား။ ကျေးဇူးပြုပြီးတော့ ကိုယ့်ဟာကိုယ် ဆက်ပြီးတော့ ထိန်းချုပ်ပေးပါ။ မင်း လုပ်နိုင်ပါတယ် ကြိုးစားထားပါ"
ရှမြန်မှာ အလွန်ဒေါသထွက်သွားပြီး ပြောလိုက်တော့၏။ "ကျွန်မက ဘာဖြစ်လို့ ကိုယ့်ဟာကိုယ် ထိန်းချုပ်ရမှာလဲ"
နဥ်ရှောက်ပိုင်၏မျက်လုံးများက အမြတ်တနိုးစိတ်ဖြင့် ပြည့်နှက်သွားပြီး သူက သူမကို ကြည့်လိုက်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ဘာဖြစ်လို့လဲဆိုတော့ မင်း အနိုင်ရသွားတယ်လေ။ ပိုပြီးသန်မာတဲ့ ကိုယ့်ဟာကိုယ် ထိန်းချုပ်နိုင်စွမ်းရှိတဲ့လူတွေက ကိုယ့်ဟာကိုယ် ထိန်းချုပ်သင့်တာ ပုံမှန်ပဲမဟုတ်လား"
ရှမြန်သည် ချက်ချင်းဆိုသလို ခေါင်မိုးပေါ်က လောင်းကြေးကို စဉ်းစားမိသွားပြီး သူမ၏ပါးပြင်မှာ နီရဲသွားတော့သည်။
သူမသည် ဖြစ်ပျက်သွားသည့်အရာကို သဘောပေါက် သွားသည့်အချိန်တွင် ပိုလို့ပင် ဒေါသထွက်လာတော့သည်။ သေလိုက်ပါတော့။ ဒီလူက လူတွေကို အရှုံးကိုပိုပြီးခံစားမိအောင် ဘယ်လိုများ လုပ်နိုင်ရတာလဲ။
ငါပဲ ရှုံးပါတယ်။ ဟုတ်ပြီလား။ ငါက ဒီနှိပ်စက်မှုဒဏ်ကြီးကို ဘာဖြစ်လို့ သည်းခံနေရမှာလဲ။
ရှောင်ဖုန်းသည် အိပ်ရာ၏တခြားဘက်မှနေ၍ လေးဖက်ထောက်လာကာ စိုးရိမ်တကြီး မေးလိုက်လေသည်။ "အန်တီလေး"
နဥ်ရှောက်ပိုင်က သူ့ခေါင်းကို ထိကိုင်ပေးလိုက်ကာ ပြောလိုက်၏။ "အန်တီလေးက အဆင်ပြေပါတယ်။ သူက ကိုယ့်ဟာကိုယ်ထိန်းချုပ်ဖို့ လေ့ကျင့်ခန်းလေး လုပ်နေရုံသက်သက်ပါ"
ဒီအချိန်တွင် သူက ထပ်ပြီးတော့ ပြောလိုက်သေးသည်။ "ငါ မင်းကို ကူညီပေးရဦးမလား"
ရှမြန်က ဒေါသတကြီးပြောလိုက်၏။ "ကျွန်မနဲ့ဝေးဝေးနေ"
ပြတင်းပေါက်အပြင်ဖက်မှနေ၍ ရေခဲချောင်းရောင်းသည့်အသံက ဝင်လာခဲ့သည်။ နဥ်ရှောက်ပိုင်က ခဏလောက်တုံ့ဆိုင်းသွားပြီး သူ၏မျက်လုံးထဲတွင် နူးညံ့သည့်အပြုံးတစ်ခုဖြင့် ရှမြန်ကို အရင်ဆုံး ကြည့်လိုက်၏။
ရှမြန်သည်ရု တ်တရက်ဆိုသလို တစ်ခုခုကို စဉ်းစားမိသွားပြီး လွှတ်ခနဲ ပြောထွက်သွားတော့သည်။ "ကျွန်မ အဲဒါကို မစားချင်ဘူးနော်"
နဥ်ရှောက်ပိုင်က ရုတ်တရက် အော်ရယ်လိုက်လေသည်။ သူ၏မျက်လုံးများက မှိတ်သွားတော့မတတ် ဖြစ်သွားကာ ရှောင်ဖုန်း၏ခေါင်းလေးကို လှမ်းပွတ်သပ်ပေးလိုက်ပြီး ပြောလိုက်၏။ "ဒါဆိုရင် ရှောင်ဖုန်းနဲ့ ငါက စားကြမယ်"
သူသည် ပြောရင်းဆိုရင်း သူ့ခေါင်းကို အပြင်သို့ထုတ်လိုက်ကာ ရေခဲချောင်း၂ချောင်းကို ဝယ်လိုက်တော့သည်။
သူက ရေခဲချောင်း၁ချောင်းကို ရှောင်ဖုန်းကို လှမ်းပေးလိုက်ပြီး ကျန်သည့်၁ချောင်းကိုတော့ သူကိုယ်တိုင်အတွက် အခွံခွာလိုက်သည်။
ရှမြန်သည် သူမ၏မျက်နှာကိုအုပ်ကာ အိပ်ရာပေါ်သို့ မှောက်ချလိုက်ပြီး မမြင်ရလျှင် စိတ်ထဲမရှိပေဘူးဟု ဆုံးဖြတ်လိုက်လေသည်။
ခဏအကြာတွင် သူမ၏ဘေးကအိပ်ရာက နိမ့်ကျသွားပြီး သူမ၏မျက်နှာက အေးစက်သွားသည်ကို ခံစားလိုက်ရလေသည်။
ရှမြန်က မျက်လုံးကို ဖွင့်လိုက်သည့်အခါ သူမ၏ရှေ့တွင် ရေခဲချောင်း၁ချောင်းကို တွေ့လိုက်ရလေသည်။
"မြန်မြန်စားလိုက် မဟုတ်ရင် အရည်ပျော်သွားတော့မယ်နော်"
ရှမြန်က ဒေါသထွက်နေသေးပြီး ပြန်ဖြေဖို့စိတ်ကူးမရှိသေးသည်ကို မြင်လိုက်ရသည့်အခါ နဥ်ရှောက်ပိုင်က ခပ်တိုးတိုး ရယ်မောလိုက်၏။ "ဒါမှမဟုတ် မင်းက အရည်ပျော်သွားတဲ့ အစားအသောက်တွေကို စားရတာ ပိုကြိုက်တာလား"
သူသည် ထိုသို့ပြောလိုက်ပြီးနောက် သူမ၏ရှေ့တွင် သူ၏လက်ခုံကို ဝှေ့ရမ်းပြလိုက်လေသည်။
ရှမြန်သည် ရုတ်တရက် ထထိုင်လိုက်ပြီး ရေခဲချောင်းကိုဖမ်းဆွဲကာ တစ်ကိုက်လောက်ကို က်လိုက်ပြီးနောက် ဒေါသတကြီး ပြောလိုက်တော့၏။ "ရှင်ဟာလေ ဘာဖြစ်လို့ အဲဒီလောက်အထိ မုန်းစရာကောင်းရတာလဲ။ ဝေးဝေးနေစမ်းပါ"
"ဒါနဲ့ ရှင့်ကားက ဘာဖြစ်လို့ အဲဒီလောက်မြန်မြန်ကြီး ပျက်သွားရတာလဲ။ ကျွန်မတောင်မှ မမောင်းရသေးဘူး"
သူနှင့်အတူ ရထားပေါ်တွင် တစ်နေ့နှင့် တစ်ညအချိန်ကုန်ဆုံးရမည်ကို စဉ်းစားလိုက်သည့်အခါ ရှမြန်သည် သူက သူမကို လာကြိုပေးသည့်ကိစ္စက ကောင်းသည့်အရာ မဟုတ်လေဘူးဟု ရုတ်တရက် ခံစားလိုက်ရတော့သည်။
ငါ့နှလုံးသားကလည်း ဒေါသထွက်လို့ပဲဖြစ်ဖြစ်။ စနောက်ခံနေရလို့ပဲဖြစ်ဖြစ် အချိန်မရွေး ပေါက်ကွဲဖို့အသင့် ဖြစ်နေပြီ။ ဒီလူက တော်တော်ဆိုးတာပဲ။
နဥ်ရှောက်ပိုင်က ကလေးမလေး၏ နှင်းဆီရောင်သမ်းနေသည့် ပါးပြင်ကို ကြည့်လိုက်ပြီး မျက်လွှာကို ချထားလိုက်ကာ သူ့မျက်လုံးထဲက အပြုံးကို ကွယ်ဝှက်ထားလိုက်တော့သည်။
သူ၏စိတ်ထဲတွင်တော့ ရုံရှင်း၏ခေါင်းပေါ်ကဓားကို ဖယ်ပေးလိုက်ပြီး ဒါကို သူ၏အမှားပြင်ဆင်ချက်အတွက် ဆုကြေးဟု သတ်မှတ်ပေးလိုက်တော့၏။
...