← Chapters

အခန်း (၁၆၇)

Vol. 12 Ch. 167

အခန်း (၁၆၇)

Vol. 12 Ch. 167

နဥ်ရှောက်ပိုင်သည် သူမကိုတစ်လမ်းလုံး စနောက် ကျီစယ်လာသော်ငြားလည်း လမ်းတွင် သူရှိနေသည့်အတွက် စိတ်ချရသည်ကတော့ မငြင်းသာပေ။

သူသည် ရေခပ်ခြင်း၊ စားသောက်ခြင်းကအစ အိပ်စက်သည်အထိ ဂရုတစိုက်သေသေချာချာလေး အားလုံးနီးပါးကိုစီစဉ်ပေးခဲ့သည်။ ထို့ကြောင့် ရှမြန်နှင့်ရှော င်ဖုန်းတို့သည် တူညီသည့် အကျိုးခံစားခွင့်များ ရရှိခဲ့၏။

သူမက နီးပါးဟု ပြောရသည့်အကြောင်းအရင်းမှာ သူမသည် ရှောင်ဖုန်းလုပ်ခဲ့သည်ထက် ရန်သူဆီမှ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို ပိုပြီး ခံစားခဲ့ရခြင်းကြောင့်ဖြစ်၏။ သူမသည် နဥ်ရှောက်ပိုင်က သူမနှင့်ခပ်ဝေးဝေးနေချင်သည့် ထိုအချိန်တွင် နဥ်ရှောက်ပိုင်၏ခံစားချက်ကို အမှန်တကယ် နားလည်ပေသည်။

တစ်ဖက်လူက သူမအနားသို့ ချဉ်းကပ်လာသည့်အချိန်တိုင်း သူမ၏စိတ်တိုင်းကျစမ်းသပ်မှုများ ပြုလုပ်ခဲ့၏။ သို့သော်ငြားလည်း သူက အနားသို့ ကပ်မလာသည့်အချိန်တွင် သူမ၏မျက်လုံးများက မနေနိုင်တော့ဘဲ သူ့နောက်သို့ လိုက်ပါသွားတတ်သည်။

နဥ်ရှောက်ပိုင်သည် အချိန်တိုင်းနီးပါးဆိုသလို သူမ၏အကြည့်ကို တိတိကျကျဖမ်းနိုင်ပြီး ထို့နောက်တွင်တော့ နောက်ထပ် စမ်းသပ်စစ်ဆေးမှု အသစ်များ စလာပြန်တော့သည်...

ရှမြန်မှာ တစ်စုံတစ်ယောက်ကို နှစ်သိမ့်ရခြင်းက ဒီအတိုင်း နှိပ်စက်မှုတစ်ခုသာ ဖြစ်သည်ဟု ခံစားလာရတော့၏။

သို့သော်ငြားလည်း ထိုနှိပ်စက်မှုသည် အစောပိုင်းတုန်းက သူမက တော်တော်လေးကို သည်းမခံနိုင်ခဲ့သည့် အစိမ်းရောင်ရထားကြီးကို အလွန်မှ မြန်မြန်ဆန်ဆန် ပျံသန်းသွားသယောင် ထင်ရစေ၏။ သူမက မည်သို့ ပြန်တိုက်ခိုက်ရမည့်အကြောင်း စဉ်းစားနေစဉ်မှာပင် သူတို့သည် ဘူတာရုံသို့ ရောက်ရှိလာခဲ့တော့သည်။

ရထားပေါ်က ဆင်းလာပြီးသည့်နောက်တွင် နဥ်ရှောက်ပိုင်သည် အများကြီး ပိုပြီးတည်ကြည်သွားကာ တည်ငြိမ်ပြီး အားကိုးရသည့်ဒေါက်တာနဥ် တစ်ဖန်ဖြစ်သွားတော့၏။

လက်မှတ်တစ်ခုနှင့် သယ်လာသည့် ခရီးဆောင်အိတ်များက သန်ဘက်ခါအထိ ရွေးလို့မရသေးသဖြင့် သူတို့သည် အိမ်သို့ အငှားကားဖြင့် တိုက်ရိုက်ပြန်လာခဲ့ကြလေသည်။

ရှ၀မ်ယွဲ့နှင့် မောက်ဟွေ့မေတို့ကတော့ စောင့်ဆိုင်းနေလေသည်။

မိသားစုထဲက ဘယ်သူမှ အိမ်တွင်မရှိကြချေ။ မောက်ကျစ်ရှန်းက ရုပ်ရှင်တစ်ခု ရိုက်ကူးရန် ထွက်သွားခဲ့သည်။ မောက်ဟွေ့လန်နှင့် မောက်ဟွေ့ကျူးတို့က ဒီနွေရာသီအားလပ်ရက်ကို အသုံးချကာ သူ့နောက်က လိုက်ပါသွားပြီး ရိုက်ကူးရေးအဖွဲ့သို့ သွားလိုက်ကြသည်။ မောက်ကျစ်ရှန်းသည် ကလေးသရုပ်ဆောင် နေရာတစ်ခုကို ရရှိခဲ့ပြီး နွေရာသီအားလပ်ရက် မကုန်ခင်အထိတော့ ပြန်ရောက်လာလိမ့်မည် မဟုတ်ပေ။

နဥ်ရှောက်ပိုင်က သူတို့ကို ခရီးဆောင်အိတ်များကို ကူညီချပေးလိုက်ပြီးနောက် သူက ဘေးအိမ်သို့ ပြန်သွားလေသည်။

ရှဝမ်ယွဲ့သည် သူက ပင်ပန်းနေသည့်ရုပ် ဖြစ်နေသည်ကို မြင်လိုက်ရ၏။ ထို့နောက်တွင်တော့ လန်းဆန်းတက်ကြွနေသည့် ရှမြန်နှင့် ရှောင်ဖုန်းတို့ကို ကြည့်လိုက်ပြီး နဥ်ရှောက်ပိုင်သည် လမ်းခရီးတစ်လျှောက်တွင် အလွန်မှ စိုးရိမ်ပူပန်လာခဲ့ရသည်ကို သိလိုက်လေသည်။ နှုတ်ဆက်စကား အများကြီး ပြောမနေတော့ဘဲ သူမက သူတို့ကို မြန်မြန်ပြန်သွားပြီး အနားယူခိုင်းလိုက်တော့၏။

ရှမြန်နှင့် ရှောင်ဖုန်းတို့က စားရင်းသောက်ရင်း သူတို့၏ဇာတိမြို့အကြောင်းကို ပြောပြနေကြသည်။

"ရှမိသားစုကတော့ တော်တော်လေး အဆင်ပြေပါတယ်။ အစ်ကိုချွမ်းကတော့ မိန်းမအသစ်တစ်ယောက် ရှာဖို့လိုသေးတယ်"

သူမက မာမိသားစုအကြောင်း အကျဉ်းချုပ် ပြောပြလိုက်ပြီး မောက်မိသားစု၏အခြေအနေကို ဦးစားပေးပြောပြလိုက်သည်။

သူတို့သည် မောက်မိသားစု၏ အခြေအနေကို ကြားလိုက်ရသည့်အချိန်တွင် ပျော်ရွှင်သွားကြလေသည်။ သို့သော်ငြားလည်း မောက်ဟွေ့ဟယ်တွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာကို ကြားလိုက်ရသည့်အချိန်တွင်တော့ ကိုယ်ချင်းစာမိကြကာ တစ်ချိန်တည်းတွင် ကြောက်ရွံ့သွားကြလေသည်။

ရှဝမ်ယွဲ့က သက်ပြင်းချလိုက်၏။ "တော်သေးတာပေါ့။ အဲဒီတုန်းက ငါတို့တွေ ထွက်ပြေးလာလို့ပဲ။ အဲဒီလို မဟုတ်ဘူးဆိုရင် နင့်ရဲ့ဦးလေးနဲ့ ငါကလည်း ငါတို့ရဲ့ဘဝအတွက် တကယ်ကို ခက်ခက်ခဲခဲ တိုက်ခိုက်ရမှာ"

တချို့ကိစ္စများကတော့ ဒီလိုသာ ဖြစ်လေသည်။ ယန်မြို့တွင် အချမ်းသာဆုံး စာရင်းပင် မဝင်နိုင်သည့် လူချမ်းသာကြီးဟောက်သည် ဒေသတွင်းတွင်တော့ ပြိုင်ဘက်ကင်းသည့် မြို့မျက်နှာဖုံးတစ်ခု ဖြစ်နေ၏။

ထိုအချိန်က မောက်မိသားစု၏ ဒုတိယမိသားစုအတွက်တော့ ဒါသည် ရွှေ့ပြောင်းလို့မရနိုင်သည့် တောင်တစ်လုံးသာ ဖြစ်လေသည်။ သူတို့သည် အကောင်းဆုံး ကြိုးစားခဲ့လျှင်ပင် တစ်ဖက်လူကို လုံးဝရွေ့လျားအောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။

မောက်ဟွေ့မေက ဒေါသထွက်သွား၏။ "သူတို့မိသားစုတွေလည်း အနှေးနဲ့ အမြန်ဝဋ်လည်မှာပဲ"

ဟောက်ရွှီဖုန်း၏ အလုပ်လုပ်နေသည့် ပုံစံနှင့်ဆိုလျှင် သူသည် ဒုက္ခရောက်ရန်က အချိန်တစ်ခုသာ လိုတော့သည်ဟု ရှမြန်လည်း ခံစားမိလေသည်။

ရှောင်ဖုန်းသည် စားသောက်ပြီးစီးသွားသည့်နောက် ရှဟိုင်က သူတို့အတွက် လုပ်ပေးခဲ့သည့် လှပသည့်ပန်းကန်လုံးလေးနှင့် တစ်ဖက်လမ်းသို့သွားကာ ချန်းချန်းကို သွားရှာသည့်အချိန်တွင် ရှဝမ်ယွဲ့က ဟွားကမ်းမိသားစုအိမ်ယာထဲက အိမ်နှင့် ပတ်သက်သည့်အကြောင်းကို ရှမြန်အား မေးမြန်းလိုက်သည်။ "စက်ရုံက အိမ်အတွက် ဖုန်းခေါ်ခဲ့တယ်ဆို။ နင် ဖုန်းပြောခဲ့ရရဲ့လား"

"ဖုန်းပြောခဲ့ရပါတယ်။ သူတို့တွေက စက်ရုံနာမည်နဲ့ ငွေတချို့ လှူဒါန်းချင်တယ်လို့ ပြောတယ်။ ဒါပေမဲ့ ကျွန်မ လက်မခံခဲ့ပါဘူး"

အစပိုင်းတွင်တော့ ဟွားကမ်းစက်ရုံ ပြောခဲ့သည့်စကားမှာ ကျန်းချီမင်သည် လူသတ်သမားအဖြစ် အတည်ပြု ခံရပြီးခဲ့သည့်နောက်တွင် မိသားစုအိမ်ယာထဲက အိမ်ကို ရှောင်ဖုန်းဆီသို့ လွှဲပြောင်းပေးမည်ဟူ၍ဖြစ်၏။ သို့သော်ငြားလည်း စီရင်ချက် ထွက်လာပြီးသည့်နောက်တွင် ကျန်းချီမင်သည် အာမခံလိမ်လည်မှုနှင့် ပါဝင်ပတ်သက်နေပြီး သူ၏ပိုင်ဆိုင်မှုများ အားလုံးက ချိတ်ပိတ်ခံလိုက်ရသည်။

အိမ်ကလည်း ထိုနေရာတွင် မရှိတော့သည်ကလည်း သဘာဝပင်။

ရှမြန်ကတော့ ဒါက ကောင်းသည့်ကိစ္စတစ်ခုဟုသာ စဉ်းစားလိုက်သည်။ နောက်ဆုံး ဒါက ရှချွန်း၏ သွေးများ စွန်းထင်းနေသည့် အိမ်ဖြစ်လေသည်။ သူတို့သည် ဒါကို လက်ခံထားဖို့ရန်လည်း စိတ်က သက်သောင့်သက်သာရှိလိမ့်မည် မဟုတ်ချေ။

ထို့နောက်တွင်တော့ စက်ရုံက ရှမြန်ကို ဆက်သွယ်လာပြီး သူတို့က စက်ရုံ၏နာမည်ဖြင့် ရှောင်ဖုန်းကို ငွေတချို့ပေးချင်သည်ဟု ပြောခဲ့သည်။ သို့သော်ငြားလည်း ရှမြန်က ငြင်းပယ်ခဲ့၏။

ရှဝမ်ယွဲ့က ပြောလိုက်သည်။ "အခု ဒီကိစ္စက လုံးဝကို ဖြေရှင်းပြီးသွားပြီပဲ"

ရှမြန်ကလည်း ခေါင်းညိတ်လိုက်ပြီး ရှောင်ဖုန်း၏ အတိတ်က အရိပ်မဲသည် လုံးဝကို ဖြတ်ထုတ်ခံလိုက်ရပြီဟု ယုံကြည်လိုက်တော့သည်။

...

ရက်အနည်းငယ်ကြာပြီးသွားသည့်နောက်တွင် ရှမြန်သည် သူခိုးတစ်ယောက်ပမာ အိမ်ထဲက ပြေးထွက်လာပြီး ပူပြင်းနေသည့် ရာသီဥတုအောက်မှာပင် ဆွန်းယွဲ့ရှင်းနှင့် တခြားသူများကို သွားရှာတော့၏။ သူမသည် စိတ်ထဲတွင်မနေနိုင်ဘဲ သက်ပြင်းချမိလေသည်။ နဥ်ရှောက်ပိုင်နဲ့ ဆက်ဆံရေးတစ်ခု ရှိရတာ တကယ်ကို သောက်ကျိုးနဲ စိတ်ဝင်စားဖို့ကောင်းတာပဲ။

နွေရာသီကျောင်းပိတ်ရက် စစချင်းတုန်းက ငါနဲ့ ခပ်ဝေးဝေးနေချင်တဲ့သူက နဥ်ရှောက်ပိုင်ပဲလေ။ သူက ငါ ကျောင်းစဖွင့်မဲ့အချိန်ကိုတောင် မျှော်နေသေးတာ။

အခုကျတော့ အခြေအနေက ပြောင်းပြန်ဖြစ်သွားပြီ။ နဥ်ရှောက်ပိုင်ကို ရှောင်ချင်လို့ ကျောင်းစဖွင့်မဲ့အချိန်ကိုတောင် မစောင့်နိုင်တော့ဘူးလေ။ နဥ်ရှောက်ပိုင်ဆိုတဲ့လူက ငါ့ဘဝကို အချိန်မရွေး နေရာမရွေး သိမ်းပိုက်ချင်နေတာ။

အထူးသဖြင့် ယွဲ့ကျွင်းဟိုတယ်ကနေ ပြန်လာတုန်းကပေါ့...

မနေ့က ဖြစ်သွားခဲ့သည့် အကြောင်းအရာကို စဉ်းစားမိလိုက်သည်တွင် ရှမြန်၏ပါးများသည် နီရဲလာကာ ပိုပြီး မြန်မြန် ပြေးလွှားလေတော့သည်။

မနေ့တုန်းက နဥ်ရှောက်ပိုင်သည် ကတိပေးထားသည့်အတိုင်း ရေလွှာလျော စီးဖို့ရန်အတွက် သူတို့ကို ယွဲ့ကျွင်းဟိုတယ်သို့ ခေါ်သွားခဲ့သည်။

အမှန်တွင်တော့ ရှမြန်သည် အစပိုင်းတုန်းကတော့ အနည်းငယ် တွေဝေနေဆဲဖြစ်၏။

ထိုနေ့ညက ခေါင်မိုးပေါ်က လောင်းကြေး ဖြစ်ပြီးသွားသည့်နောက်တွင် နဥ်ရှောက်ပိုင်သည် တစ်ခုခု ယိုးစွပ်နေသည့်အကြည့်ဖြင့် သူမကို ကြည့်နေတတ်၏။

သူမသည် နဥ်ရှောက်ပိုင်က မလုံ့တလုံ ရေကူးဘောင်းဘီတိုကို ဝတ်ကာ ရေထဲတွင် ကူးခတ်နေပုံကို စဉ်းစားလိုက်မိသည့်အချိန်တွင်...

ရှမြန်သည် အထက်တန်း ကျောင်းသူလေး၏ ဖြူစင်သည့်အတွေးများကို ထိန်းသိမ်းထားဖို့ရန်အတွက် ညစ်ညမ်းသည့် အရင်းအမြစ်များမှ ခပ်ဝေးဝေးနေသင့်သည်ဟု စဉ်းစားမိလိုက်သည်။

သို့သော်ငြားလည်း နဥ်ရှောက်ပိုင်က သူမ၏အတွေးများကို ထိုးဖောက်မြင်သွားသယောင် အပြုံးတစ်ဝက်ဖြင့် ပြောလေသည်။ "မင်းက ငါ့ကို ကြောက်နေတာလား"

ထို့နောက်တွင်တော့ သူက ကိုယ်ချင်းစာသွားသည့် အမူအရာတစ်ခုဖြင့် သက်ပြင်းချလိုက်၏။

"ငါ့ရဲ့ဆွဲဆောင်မှုက အရမ်းကို ကြီးလွန်းလို့ မင်းရဲ့သည်းခံနိုင်စွမ်းက အဲဒီလောက်အထိ နာကျင်ထိခိုက်သွားလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး။ အင်းပါ။ ထားလိုက်ပါတော့လေ။ ငါ မင်းကို အရှက်မခွဲတော့ပါဘူး"

ရှမြန်၏ အာခံလိုသည့်နှလုံးသားမှာ ချက်ချင်းဆိုသလို ဆန့်ကျင်တော့သည်။

နောက်ဆုံးတွင်တော့ ဟုတ်ပါသည်။ သူတို့သည် အတူတူ သွားခဲ့ကြတော့၏။

ချန်းချန်းနှင့် ရှောင်ဖုန်းတို့က နဥ်ရှောက်ပိုင်နောက်သို့လိုက်သွားကာ အမျိုးသား အဝတ်လဲခန်းဆီသို့ သွားလိုက်ကြသည်။ ထို့ကြောင့် ကလေးများအတွက် စိတ်ပူစရာမလိုသည့် ရှမြန်ကတော့ သူမ၏ရေကူးဝတ်စုံကို ပိုပြီးမြန်မြန်ဆန်ဆန် လဲနိုင်ခဲ့သည်။

ထွက်လာခဲ့ပြီးသည့်နောက်တွင် သူမက အနီးအနားက ထိုင်ခုံပေါ်သို့ ထိုင်ချလိုက်ပြီး ထွက်ပေါက်ဖက်သို့ ဆက်တိုက်ကြည့်နေ၏။

ပြန်စဉ်းစားကြည့်လိုက်တော့ နဥ်ရှောက်ပိုင်သည် သူ၏ ချောမောလှပသည့် ခန္ဓာကိုယ်ဖြင့် သူမကို အမြဲတမ်း ဆွဲဆောင်နေသော်ငြားလည်း သူမသည် သူ၏ကြွက်သားများကို တိုက်ရိုက်ကြီးတော့ တစ်ခါမှ မမြင်ခဲ့ရဖူးသေးချေ။

တချို့သော သေးငယ်သည့်မျှော် လင့်ချက်များက... ဟိဟိ...

ရှောင်ဖုန်းနှင့် ချန်းချန်းတို့က ဒေါ်နယ်လ်ဒက်ခ် ရေကူးဘောင်းဘီကို တစ်ပုံစံတည်းဝတ်ကာ လက်တွဲကာ ပြေးထွက်လာသည်ကို မြင်လိုက်ရသဖြင့် ရှမြန်သည် အမှတ်တမဲ့ ကိုယ်ကို မတ်မတ်ထိုင်လိုက်ပြီး သူမ၏မျက်လုံးများကလည်း အာရုံစိုက်သွားတော့သည်။

သို့သော်ငြားလည်း ရှမြန်သည် သူတို့နောက်က လိုက်ထွက်လာသည့် နဥ်ရှောက်ပိုင်ကို မြင်လိုက်ရသည့်အခါ သူမမှာ မျက်တောင်မခတ်ဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။

နဥ်ရှောက်ပိုင်က သူမ၏အမူအရာကို ကြည့်လိုက်ပြီး သူ့မျက်လုံးထဲတွင်လည်း အဓိပ္ပာယ်ပါပါ ပြုံးလိုက်၏။ သူက အနားသို့ လျှောက်လာပြီး သူမ၏နားနားသို့ကပ်ကာ ခပ်တိုးတိုးလေး ရယ်ပြလိုက်လေသည်။ "ကျေးဇူးရှင် မင်း ဘာတွေမျှော်လင့်နေတာလဲ"

"မဟုတ်ပါဘူး ဘာတွေ မျှော်လင့်စရာရှိလို့လဲ" ရှမြန်က ဘာမှမဖြစ်ခဲ့သလို သူမ၏မျက်နှာကို သုတ်ပစ်လိုက်၏။ သို့သော်ငြားလည်း သူမသည် စိတ်အတွင်းပိုင်းတွင်တော့ ပျာယာခတ်သွားတော့သည်။

သေလိုက်ပါတော့။ ရေကူးကန်ထဲမှာ ရေကူးဘောင်းဘီတိုတွေနဲ့ ယောက်ျားတွေ အများကြီး ရှိနေတာပဲ။ ယောက်ျားလေးတွေကလည်း ခန္ဓာကိုယ်အပြည့် ရေကူးဝတ်စုံကို ဝတ်ကြတာကို မေ့သွားခဲ့တယ်။

နဥ်ရှောက်ပိုင်၏ ရေကူးဝတ်စုံက အလွန်မှ ရှေးရိုးဆန်လွန်းလှသည်ဟု ဆိုနိုင်ပေသည်။ ရေကူးဝတ်စုံသည် ပေါင်လယ်အလျားအထိရှိပြီး ခန္ဓာကိုယ်အပေါ်ပိုင်းက အတော်လေး မြင့်သည့် ကော်လံတစ်ခုနှင့် စွပ်ကျယ်ပုံစံ ရေကူးဝတ်စုံတစ်ခု ဖြစ်သည်။ လိုရင်းကို ပြောရမည်ဆိုလျှင်တော့ လက်မောင်းများကလွဲလျှင် ညှပ်ရိုးကိုပင် လုံးဝမဖော်ထားချေ။

မဖြစ်တော့ဘူး။ နဥ်ရှောက်ပိုင်နဲ့ တကယ့်ကို ဝေးဝေးနေဖို့ လိုနေပြီ။ ငါ့ရဲ့စိတ်တွေကိုလည်း ရှင်းလင်းဖို့လိုပြီ။ ငါ့ရဲ့ နိမ့်ပါးတဲ့ IQကိုတောင်မှ စိုးရိမ်မိသွားပြီ။

နဥ်ရှောက်ပိုင်သည် သူမ စဉ်းစားနေသည့်အရာကို သိနေဟန်တူ၏။

ရှောင်ဖုန်းနှင့် ချန်းချန်းတို့ကို ဘောကွင်းအငယ်လေး စွပ်ပေးလိုက်ပြီးနောက်တွင် သူတို့ကို ရေထဲချပေးလိုက်ကာ သူက ကိုယ်ကိုလှည့်လာပြီး သူမ၏ခေါင်းကို လှမ်းဖွလိုက်လေသည်။ နှမြောတသသည့် လေသံတစ်ခုနှင့်လည်း လှမ်းပြောလိုက်သေး၏။ "အခုတော့ မဟုတ်သေးဘူး။ ငါတို့ရဲ့တစ်သက်တာ ပျော်ရွှင်မှုအတွက် ကျေးဇူးပြုပြီးတော့ သည်းခံပေးပါဦးနော်။ ငါက မင်းအတွက် စဉ်းစားပေးနေတာပါ"

ရှမြန်မှာ သူမ၏ကိုယ်ပိုင်နိမ့်ကျနေသည့် IQကို ဒေါသထွက်နေရင်းမှာပင် သူက မီးထဲ လောင်စာ ထပ်ထည့်ပြန်သည်။ သူမသည် ချက်ချင်းဆိုသလို ဒေါပွသွားတော့၏။ "ရှင် ကျွန်မကို စဉ်းစားပေးတယ်ဆိုရင် ရှင် အားလုံးကို ချွတ်ပစ်သင့်တာပေါ့။ တစ်ဝက်လေး ဖော်ထားတာက ဆွဲဆောင်မှု အရှိဆုံးဆိုတာ ရှင် မသိဘူးလား"

သူမက သူ၏ရေကူးဝတ်စုံကို လှမ်းဆွဲလိုက်သည်။ ကိုယ်ကျပ်ဝတ်စုံက သူ၏ ကြွက်သားများနှင့် ခန္ဓာကိုယ်ကို ရှင်းလင်းနေသည့် ကောက်ကြောင်းတစ်ခု ဖြစ်နေစေ၏။ "ရှင်က ဘာကို ဖုံးကွယ်နေတာလဲ။ မြင်သင့်တဲ့အရာတွေကိုတောင်မှ မမြင်ရတော့ဘူးလား"

ထို့နောက်တွင်တော့ သူက ထရပ်ကာ ပြောလိုက်၏။ "မဖြစ်တော့ဘူး။ ကျွန်မ ဘီကီနီတစ်ထည် သွားလဲဖို့ လိုသွားပြီ။ စမ်းသပ်ခံနေရတဲ့သူက ကျွန်မတစ်ယောက်တည်း ဘာဖြစ်လို့ ဖြစ်ရမှာလဲ"

နဥ်ရှောက်ပိုင်သည် ခဏလောက် မှင်တက်အံ့သြသွားပြီးမှ သူမကို အလောတကြီး လှမ်းဆွဲထားလိုက်ကာ သူ့ပခုံးကို လှုပ်ကာရင်း အသံထွက်ကာ အော်ရယ်တော့သည်။

"ဟုတ်ပါပြီ ဟုတ်ပါပြီ။ ငါ မှားသွားတာပါ။ ငါ မင်းကို ဒီလိုပုံစံနဲ့ မစမ်းသပ်သင့်ဘူး"

"ဒါဆိုရင် ငါ တီရှပ်ပွပွတစ်ထည် သွားဝတ်ရမလား"

ရှမြန်သည် သူမပြောလိုက်သည့်စကားကို သတိထားမိသွားပြီး မနေနိုင်တော့ဘဲ သူမ၏မျက်နှာကို အုပ်ထားမိတော့သည်။ ထို့နောက်တွင်တော့ သူမက ရေကူးကန်ထဲသို့ ခုန်ချလိုက်ကာ သူ့ကို တွန်းထုတ်လိုက်တော့၏။ "ဝေးဝေးနေ"

နဥ်ရှောက်ပိုင်သည် အသံထွက်ကာ အော်ရယ်ရင်း နောက်က လိုက်ပါလာပြီး ရှောင်ဖုန်းနှင့် ချန်းချန်းတို့ကို ခဏလောက် အသားကျသွားအောင် ဆော့ကစားပေးလိုက်သည်။

သို့တိုင် အရယ်မရပ်နိုင်သေးချေ။ "ကလေးမ မင်း အများကြီး သိနေတာပဲ။ တစ်ဝက်ဖော်ထားတာက ဆွဲဆောင်မှု အရှိဆုံးဆိုတာကိုတောင် မင်း သိနေတယ်။ မင်းအဲဒီအကြောင်းကို ဘယ်ကနေသင်ခဲ့တာလဲ"

ရှမြန်၏ တုံ့ပြန်မှုကတော့ သူ့မျက်နှာဆီသို့ ရေများနှင့် ပြန်ပက်လိုက်ခြင်းဖြစ်ပြီး လှည့်ထွက်သွားကာ ကူးခတ်သွားလေတော့သည်။

ခဏအကြာတွင်တော့ သူမသည် ပျော်ပျော်ရွှင်ရွှင် ရေကူးနေခဲ့တော့သည်။ ၁၉၉၀ခုနှစ်များတွင် ပျော်ရွှင်မှုများကို ဖြည့်ဆည်းနိုင်သည့်အရာက မရှိသလောက် ရှားပါလေသည်။ သူမသည် ကျောင်းစာနှင့် အလုပ်များနေခဲ့ရ၏။ ဒီလောကသို့ ရောက်လာကတည်းက ဒီလိုရေကူးရသည်မှာ သူမအတွက် ပထမဦးဆုံးအကြိမ်ဖြစ်သည်။

ထို့အပြင် အနားတွင် နဥ်ရှောက်ပိုင်ရှိနေသဖြင့် ချန်းချန်းနှင့် ရှောင်ဖုန်းတို့ကိုလည်း စိုးရိမ်စရာမလိုချေ။ ထို့ကြောင့် ရှမြန်က ပျော်ပျော်ရွှင်ရွှင်ဖြင့် အခေါက်ရေ အနည်းငယ် ကူးခတ်လိုက်သည်။

သို့သော်ငြားလည်း တစ်ခုခုလွဲချော်နေသည်ကိုတော့ ရှာတွေ့ဖို့ရန် အချိန်မကြာလိုက်ပေ...

ရေကူးကန်သည် တဖြည်းဖြည်းနှင့် လူများပြည့်ကျပ်လာပြီး ယောက်ျားလေးများထက် မိန်းကလေးများ ပိုများနေသကဲ့သို့ ဖြစ်နေ၏။

ရှမြန်က သူမ၏ခေါင်းလေးကို ဆန့်လိုက်ကာ တစ်ချက်လောက် လှမ်းကြည့်လိုက်သည်တွင် ရေလွှာလျှောက လူအပြည့်ဆုံးနေရာ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ထိုနေရာတွင် တခြား ဆော့ကစားစရာများ ရှိသေးသလားဟု စဉ်းစားနေသည့် အချိန်မှာပင် ရုတ်တရက်ဆိုသလို ကောင်းချုံးယင်းကို တွေ့လိုက်ရ၏။

ရှေးဆန်သည့် ၀မ်းပိစ် ရေကူးဝတ်စုံများနှင့် လူအုပ်ကြီးကြားတွင် တစ်ဖက်လူသည် အနီရောင်တောက်တောက် ဘီကီနီကို ဝတ်ဆင်ထားပြီး နှင်းလိုဖြူဖွေးနေသည့် အသားအရေနှင့် ထင်းထွက်နေကာ လူတိုင်း၏အာရုံကို ချက်ချင်း ဆွဲဆောင်ထားတော့သည်။ အမျိုးသမီးများကပင် သူမကို ငေးကြည့်နေကြသဖြင့် အမျိုးသားများဆိုလျှင်တော့ ပြောနေရန်ပင် မလိုတော့ပေ။

ရှမြန်သည် ကောင်းချုံးယင်းက နဥ်ရှောက်ပိုင်ကို ပိုးပန်းနေသေးသည့်အကြောင်း ရုံရှင်းပြောခဲ့သည်ကို မှတ်မိနေသေးသည်။

သူမက နဥ်ရှောက်ပိုင် ရှိရာဘက်သို့ အမှန်တကယ် ဦးတည်သွားနေသည်ကို မြင်လိုက်ရ၏။

ထို့အပြင် မိန်းကလေးများစွာကလည်း သူမ၏ဒေါက်တာနဥ်ကို မယောင်မလည် ကြည့်နေကြသည်တွင် ရှမြန်သည် ရုတ်တရက်ဆိုသလို စိတ်လှုပ်ရှားသွားပြီး ရေလွှာလျှော ရှိရာဘက်သို့ ရေကူးသွားလိုက်၏။

ရှမြန်သည် မိန်းကလေးတစ်ယောက် နောက်သို့လိုက်ကာ လျှောပေါ်သို့ တက်သွားပြီး ကောင်းချုံးယင်းက နဥ်ရှောက်ပိုင်ဘေးတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမသည် အကြောင်းအရာတစ်ခုခုကို စကားပြောနေပြီး သူမ၏မျက်နှာပေါ်တွင် တောက်ပနေသည့် အပြုံးတစ်ခုဖြင့် မကြာခဏဆိုသလို ချန်းချန်း၏ ခေါင်းလေးကို ကြင်ကြင်နာနာ ကိုင်နေသည်ကို တွေ့လိုက်ရသည်။

နဥ်ရှောက်ပိုင်၏ အမူအရာကတော့ ဘာမှဂရုမစိုက်သလို ဖြစ်နေသော်ငြားလည်း သူသည် သူမ ပြောနေသည့်စကားကိုတော့ အမှန်အကန် နားထောင်နေလေ၏။

"ဒေါက်တာနဥ်ရေ" ရှမြန်က ရုတ်တရက် လှမ်းခေါ်လိုက်၏။

နဥ်ရှောက်ပိုင်သည် ချက်ချင်းလှည့်ကြည့်လိုက်ပြီး ရေလွှာလျှောပေါ်က ရှမြန်ကို တွေ့လိုက်ရသည့်အခါ မှင်တက်အံ့သြသွားလေသည်။

ရှမြန်က သူ့ကို တုံ့ပြန်ဖို့ရန်ပင် အချိန်မပေးဘဲ ချက်ချင်း လျှောဆင်းလာကာ အော်ပြောလိုက်လေသည်။

"ဒေါက်တာနဥ် ကျွန်မကို ဖမ်းပေးပါဦး။ ကျွန်မခြေထောက် ကြွက်တက်သွားပြီ"

နဥ်ရှောက်ပိုင်သည် ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး ချက်ချင်းဆိုသလို လျှောနားသို့ ရောက်လာကာ သူမအတွက် စောင့်ဆိုင်းပေးရန်အတွက် လျှော၏အောက်ခြေတွင် ရပ်နေလိုက်၏။

သို့သော်ငြားလည်း သူတို့နှစ်ယောက်စလုံးသည် လူ၂ယောက်ကို သတိမထားမိဘဲဖြစ်သွားခဲ့၏။ -ချန်းချန်းနှင့် ရှောင်ဖုန်းပင်။

ကောင်ကလေး၂ယောက်မှာ ရှမြန်က ကြွက်တက်သွားသည်ဟု ပြောလိုက်သည်ကို ကြားလိုက်ရသည့်အချိန်တွင် သူတို့သည် နဥ်ရှောက်ပိုင်နောက်မှနေ၍ မြန်မြန်ဆန်ဆန် လိုက်လာကြပြီး အလောတကြီး ပြေးဝင်လာကြ၏။

သူတို့၏ခြေထောက်လေးများသည် ရေကူးကန်၏ အောက်ခြေကိုပင် မထိနိုင်သေးချေ။ သို့သော်ငြားလည်း သူတို့နှစ်ယောက်စလုံးသည် ခဏလောက်သာ ရေကူးခဲ့ရသည်။ တစ်ယောက်က ကမ်းခြေတွင်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ မင်ရှီစီရင်စုက စမ်းချောင်းလေးထဲတွင်ဖြစ်၏။ ယခုတော့ သူတို့သည် ရှမြန်က လျှောဆင်းလာချိန်တွင် ဘောကွင်းလေးများတစ်ခုစီဖြင့် လျှောဘေးသို့ ရောက်လာကြကာ သူတို့၏ လက်သေးသေးလေး ၄ခုကို သူမကို ဖမ်းပေးဖို့ရန်အတွက် ဆန့်ထားလိုက်လေသည်။

ရှမြန်ဟူသည့် သတ္တဝါ၏အရွယ်အစားကို ထောက်ချင့်လျှင် ဒီကလေး၂ယောက်စလုံးကို ရေထဲသို့ လွင့်စဉ်သွားစေနိုင်လောက်သည်။

နဥ်ရှောက်ပိုင်ကလည်း သူတို့ကို ဘေးဖယ်ဖို့ပြောဖို့ရန် အချိန်မရတော့ချေ။ ထို့ကြောင့် သူက လျှော၏အောက်ခြေနားသို့ ပိုပြီးကပ်လာဖို့သာ တတ်နိုင်တော့၏။

ရှမြန်ကလည်း ရှေ့ကိုခုန်ဖို့ရန်အတွက် အားကိုသုံးလိုက်ပြီး ကလေးများကို မကန်ကျောက်မိစေရန် အကောင်းဆုံး ကြိုးစားလိုက်သည်။

လူ၂ယောက်၏အားက ပွတ်တိုက်မိသွားပြီး နဥ်ရှောက်ပိုင်ပင် မထိန်းနိုင်တော့ချေ။ အပြင်လူများ၏ အမြင်တွင်တော့ ရှမြန်သည် နဥ်ရှောက်ပိုင်ကို နောက်ပြန်လန်သွားအောင် တိုက်ရိုက် တွန်းထုတ်လိုက်ပြီး သူတို့နှစ်ယောက်သည် ရေထဲသို့ အတူတူ ပြုတ်ကျသွားတော့၏။

သို့သော်ငြားလည်း သူတို့နှစ်ယောက်သာ သိသည့်အချက်မှာ တိုက်မိသွားသည့် အခိုက်အတန့်တွင် ရှမြန်၏နှုတ်ခမ်းဖျားများသည် နွေးထွေးနေသည့် အသားအရေ အစိတ်အပိုင်းပေါ်သို့ ထိကပ်သွားပြီး ဒါကနဥ်ရှောက်ပိုင်၏ လည်ပင်းတစ်ဖက်ခြမ်း ဖြစ်နေလေ၏။

သူတို့သည် တင်းနေအောင် အတူတူဖိကပ်မိထားသဖြင့် သူတို့၏ရင်ဘတ်နှင့် ဝမ်းဗိုက်များဆီမှ ရုတ်တရက် မြင့်တက်ပြီး ကျဆင်းသွားသည့် ခံစားချက်တစ်ခုကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ တစ်ဖက်လူ၏ ကြမ်းကြမ်းတမ်းတမ်း ခုန်သွားသည့်နှလုံးခုန်သံက သူမ၏ရင်ဘတ်ကို ထုံကျင်သွားစေပြီး သူမ၏ခါးကို ကိုင်ထားသည့်လက်မောင်းသည် တင်းကျပ်သွားကာ သူမကို မွန်းကျပ်သွားစေသည်အထိ အသက်မရှူနိုင်အောင် ဖြစ်သွားတော့သည်။ တစ်စုံတစ်ယောက်က သူမကို ကယ်ပေးဖို့ရန် ကြိုးစားနေသော်ငြားလည်း ထိုလက်မောင်းကတော့ သူမရေထဲက အပြီးတိုင် မထွက်လာသေးခင်အထိ သူမ၏ခါးပေါ်တွင် ခပ်လျော့လျော့လေး ဆက်ထိန်းထားသည်။

ရှမြန်သည် သူမ၏ပါးက ထူပူသွားသည်ကို ခံစားမိလိုက်ပြီး သူ့ကိုပင် မော့မကြည့်ရဲတော့ချေ။

သူမ မြင်နိုင်သည့် တစ်ခုတည်းသောအရာမှာ သူက သူ့လက်ကိုမြှောက်ပြီး အားလုံးကို အဆင်ပြေသည်ဟု အချက်ပြလိုက်ကာ ကောင်းချုံးယင်းက နီးကပ်လာသည်ကို ယဉ်ယဉ်ကျေးကျေး ငြင်းပယ်လိုက်ပြီး သူမနှင့် ကလေး၂ယောက်နှင့်အတူ ကလေးများ ကစားသည့် ရေတိမ်ပိုင်းသို့ ကူးခတ်သွားလိုက်သည်။

ကလေး၂ယောက်က ရေတိမ်ပိုင်းတွင် ဆော့ကစားနေသည်တွင် ရှမြန်က ရေဘေးတွင် လဲလျောင်းချလိုက်ပြီး သူမကိုယ်သူမ တည်ငြိမ်အောင်လုပ်ဖို့ ကြိုးစားလိုက်ရသည်။ သူမ၏ နှလုံးသားကလည်း အချိန်နှောင်းမှ မောင်းတစ်ခုလို စတင်မြည်ဟီးလာတော့သည်-

ခဏအကြာတွင် လက်ကြီးတစ်ဖက်က သူမ၏ခေါင်းပေါ်သို့ ရုတ်တရက် ကျလာ၏။ ရှမြန်သည် နောက်ဆုံးတော့ မော့ကြည့်လိုက်လေသည်။ သို့သော်ငြားလည်း နဥ်ရှောက်ပိုင်ကတော့ မူမမှန်ဖြစ်နေသည့် ရုပ်လုံးဝမဟုတ်ဘဲ ခါတိုင်းကဲ့သို့ပင် ပြုံးပြနေသည်ကို တွေ့လိုက်ရလေသည်။

"တော်ပါသေးရဲ့..."

ရှမြန်၏ ပါးပြင်က ထူပူနေဆဲဖြစ်ကာ သူမက အမှတ်တမဲ့ ပြောလိုက်လေသည်။ "ဘာကို တော်ပါသေးရဲ့လဲ"

နဥ်ရှောက်ပိုင်က သူ့ရေကူးဝတ်စုံကို ငုံ့ကြည့်ပြီးပြောလိုက်သည်။ "တော်ပါသေးရဲ့ ငါ မင်းအတွက် စဉ်းစားပေးခဲ့ပေလို့ပဲ။ ကျေးဇူးရှင် မင်း ငါ့ကို ကျေးဇူးတင်သင့်တယ်နော်"

ရှမြန်သည် သူသာ ရေကူးဝတ်စုံတစ်ခု မဝတ်ထားခဲ့လျှင် ရင်ဘတ်ဗလာဖြင့် အချင်းချင်း ပွေ့ဖက်နေကြမည့် ဖြစ်လာနိုင်သည့်အရာကို ချက်ချင်း စဉ်းစားမိလိုက်တော့၏-

သူမသည် တံတွေးမျိုချလိုက်ပြီး မြန်မြန်ဆန်ဆန်ခုန်နေသည့် သူ့ရင်ဘတ်ကို လက်ဖြင့် လှမ်းကပ်ထားလိုက်၏။

ရှမြန်က မျက်နှာသေဖြင့် ပြောလိုက်၏။ "ဒေါက်တာနဥ် ရှင့်ရဲ့နှလုံးသားက အဲဒီလောက်အထိ မြန်မြန်ဆန်ဆန် ခုန်နေတာတောင်မှ တည်တည်ငြိမ်ငြိမ်နဲ့ ကျွန်မကို လှည့်စားဖို့ ဘယ်လိုများ စဉ်းစားနိုင်သေးတာလဲ"

အပြင်လူတွေက သူ့ကို ခက်ခဲနက်နဲတယ်လို့ တွေးတာလည်း မဆန်းတော့ပါဘူး။ တကယ်လို့ ငါသာ ကိုယ်ပိုင်မျက်လုံးတွေနဲ့ သူ့နှလုံးခုန်သံကို မစမ်းကြည့်ခဲ့မိဘူးဆိုရင် သူက ငါနဲ့လာပြီးတော့ အီစီကလီ လုပ်နေတဲ့အချိန်မှာတောင် ဘာမှမဖြစ်ဘူးလို့တောင် ထင်သွားဦးမှာ။

နဥ်ရှောက်ပိုင်က လက်ချောင်းလေး၂ခုဖြင့် သူမ၏လက်ကောက်ဝတ်ကို လှမ်းညှစ်လိုက်ပြီး သူမ၏လက်ကို ဖယ်ထုတ်လိုက်ကာ သူမက သူ့ကိုခြောက်လှန့်မှာကို စိုးရိမ်နေသည့်နှယ် လေသံပျော့ပျော့လေးဖြင့် ပြောလိုက်လေသည်။ "ကျေးဇူးရှင် ကျေးဇူးပြုပြီးတော့ ငါ့ကို မစမ်းသပ်ပါနဲ့။ အခုပဲ မင်း ငါ့ရဲ့အသက်ကို နုတ်တော့မလို ဖြစ်နေပြီလေ"

ရှမြန်က ဒေါသတကြီး ပြောလိုက်သည်။ "ဘယ်သူက ဘယ်သူ့ကို စမ်းသပ်နေတာလဲ။ ရှင့်ရဲ့အသက်က အန္တရာယ်နား ရောက်တော့မဲ့အချိန်မှာ ကိုယ့်ဟာကိုယ် မထိန်းချုပ်ထားနိုင်ဘူးလား"

"ကျေးဇူးပြုပြီးတော့ ကျွန်မကိုလည်း ချမ်းသာပေးပါဦး"

"ရှင်ပဲ အရှုံးပေါ်မဲ့ စီးပွားရေး လုံးဝမလုပ်ဘူးဆို။ နှစ်ဖက်စလုံး အရှုံးပေါ်မဲ့ ရလဒ်က ရှင့်ရဲ့စတိုင် မဟုတ်ဘူးဆို"

"ဒါက ဘယ်လိုလုပ်ပြီးတော့ အရှုံးပေါ်တဲ့ အပေးအယူ ဖြစ်ရမှာလဲ" နဥ်ရှောက်ပိုင်က သူမကိုကြည့်လိုက်ပြီး ခပ်တိုးတိုး ရယ်လိုက်လေသည်။ "မင်းရဲ့အသက်ကို ငါ့ကိုပေးပြီးတော့ ငါကလည်း ငါ့ရဲ့အသက်ကို မင်းကို ပေးထားတယ်လေ။ ဒါက ကမ္ဘာပေါ်မှာ အကောင်းဆုံးအပေးအယူပဲ"

ရှမြန်...

ကောက်ချက်ချရမယ်ဆိုရင်တော့ သူက ငါသေသွားဖို့အတွက် အသက်ကို စွန့်လွှတ်ဖို့ လိုလားတယ်ပေါ့လေ။ တကယ့်ကို စိတ်လှုပ်ရှားဖို့ ကောင်းနေတာပဲ။

ရှမြန်သည် ဆက်ပြီးတော့ ခံနိုင်ရည်မရှိတော့သလို ခံစားလိုက်ရသဖြင့် သူမသည် မြန်မြန်ဆန်ဆန် လှည့်ထွက်လာလိုက်တော့သည်။

ငါကတော့ ငါ့ရဲ့စိတ်အခြေအနေကို တည်ငြိမ်အောင်လုပ်ဖို့ ငါ့ရဲ့ကျောင်းသူလေးတွေဆီပဲ သွားတော့မယ်။

ကောင်းမွန်တဲ့ အတွေးအခေါ်တွေအကြောင်း ပြောတာ မကောင်းလို့လား။ ဘာဖြစ်လို့ သေရာပါမဲ့ ခံစားချက်တွေအကြောင်း ပြောနေမှာလဲ။

...

All Chapters