အခန်း (၁၇၇)
Vol. 12 Ch. 177
ရှမြန်သည် အိမ်သို့ မြန်မြန်ပြေးပြန်လာခဲ့ပြီး မောက်ဟွေ့မေနှင့် တခြားသူများက သူတို့၏ပစ္စည်းများကို ထုတ်ပိုးနေသည်ကို ကူညီပေးလိုက်၏။
မောက်ဟွေ့မေက ဇဝေဇဝါဖြင့် မေးလိုက်၏။ "နင် ဒေါက်တာနဥ်ကို သွားတွေ့တာ မဟုတ်ဘူးလား"
"သူ့အိမ်မှာ ဧည့်သည် ရောက်နေတာ တွေ့တာနဲ့။ ဒီကိစ္စကို ခဏနေမှပြောလည်း အရမ်းနောက်မကျပါဘူး"
ရှမြန် စကားဆုံးသွားသည်နှင့် ချက်ချင်း နဥ်ရှောက်ပိုင်သည် ကားချပ်တချို့ကို သယ်ကာ အေးအေးလူလူ ဝင်လာပေသည်။
ရှမြန်သည် ထုတ်ပိုးပြီးသွားသည့်နောက်မှ အခန်းပြင်ဆင်မည့်ကိစ္စကိုပြောမည်ဟု ပြင်ဆင်လိုက်သော်ငြားလည်း ထိုလူက ဒီအတိုင်း သူမကို ပြုံးပြပြီးဘာမှမပြောဘဲ ရှောင်ဖုန်း၏ စတူဒီယိုဆီသို့ တန်းတန်းမတ်မတ် သွားလိုက်လေသည်။
ဒီနှစ်နွေရာသီတွင် ရှောင်ဖုန်းသည် ရက်ခြားဆိုသလို ပါမောက္ခကျူး၏အိမ်သို့ သွားကာ နေ့တဝက်လောက် သင်ယူခဲ့ပြီး ပြန်လာခဲ့ပြီးသည့်နောက်တွင် သူသည် ပါမောက္ခက ပေးလိုက်သည့် အိမ်စာများကို လုပ်ရ၏။ ထို့ကြောင့် သူသည် နေ့တိုင်း စတူဒီယိုထဲတွင် ၁နာရီ၊ ၂နာရီလောက် နေရသည်။
ခဏအကြာတွင် ရှောင်ဖုန်းသည် ပြေးထွက်လာကာ ရှမြန်ကိုလာရှာ၏။ "အန်တီလေး သားရဲ့အခန်းကို ဘယ်လိုပြင်ဆင်ရမှာလဲ"
မောက်ဟွေ့မေက ပြောလိုက်၏။ "နင် အရင်ဆုံး တစ်ချက်လောက် သွားကြည့်လိုက်ပါ။ ငါတို့တွေလည်း ပစ္စည်းတွေ အများကြီး မကျန်တော့ပါဘူး။ ဖြည်းဖြည်းချင်း ထုပ်ပိုးလည်းရပါတယ်"
ရှမြန်သည် စတူဒီယိုထဲသို့ ရှောင်ဖုန်း၏ ဆွဲခေါ်လာခံရတော့၏။ နဥ်ရှောက်ပိုင်က သူမ၏စားပွဲတွင် ထိုင်နေပြီး ကားချပ်များကို ဂရုတစိုက် ကြည့်နေလေသည်။
ရှမြန် ဝင်လာသည်ကို တွေ့လိုက်ရသည့်အခါ သူက သဘာဝကျကျ ထရပ်လိုက်ပြီး သူမကို ထိုင်ချဖို့ လက်ဟန်ပြလိုက်၏။ "မင်း ရှောင်ဖုန်းကို ချီပြီးတော့ ထိုင်လိုက်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် သူ မြင်ရမှာမဟုတ်ဘူး"
ဒါသည် သူမကို ဟင့်အင်းဟု ပြောဖို့ ပိတ်ဆို့လိုက်ခြင်းလည်းဖြစ်သည်။
ရှမြန်မှာ ရွေးစရာမရှိတော့ဘဲ ရှောင်ဖုန်းကိုချီကာ ထိုင်ချလိုက်ရတော့သည်။
နဥ်ရှောက်ပိုင်သည် သူမ၏တောင့်တင်းနေပုံကို မြင်လိုက်ရသည့်အခါ မနေနိုင်ဘဲ ရယ်ချင်သွားတော့၏။ သူက လက်တစ်ဖက်ကို စားပွဲပေါ်တင်ထားပြီး ဖြည်းဖြည်းချင်း ရှေ့သို့ကိုင်းလိုက်၏။
မျှော်လင့်ထားသည့်အတိုင်းပင် ရှမြန်သည် ရှောင်ဖုန်းကို သတိလေးနှင့်ချီထားပြီး ဘေးတွင် ပုန်းကွယ်နေလိုက်လေသည်။
နဥ်ရှောက်ပိုင်သည် ပုံစံစာရွက်ကို ကိုင်ထားကာ ရယ်ချင်စိတ်ကို ကြိုးစားထိန်းသိမ်းလိုက်ရပြီး လေးနက်စွာ မေးလိုက်၏။ "ဘာဖြစ်နေတာလဲ"
ထိုအခါကျမှ သူသည် ပုံစံစာရွက်ကို အမှန်တကယ် ယူလာကြောင်း ရှမြန်က သတိထားမိသွား၏။
ရှမြန်သည် သူက သူမကို ရည်ရွယ်ချက်ရှိရှိ စနောက်နေသည်ကို သတိထားမိလိုက်ပြီးမှ သူ့ကို သတိပေးလိုက်လေသည်။ "ဒေါက်တာနဉ် အရမ်းလွန်မလာနဲ့နော်"
"မင်း ဘာအကြောင်းပြောနေတာလဲ" နဥ်ရှောက်ပိုင်က သူ့လက်ကိုမြှောက်ကာ သူမ၏ခေါင်းကို လှမ်းပွတ်သပ်ပေးလိုက်ပြီး အပြစ်ကင်းစင်စွာဖြင့် ပြောလေသည်။ "ပုံစံစာရွက်ကိုပဲ အာရုံစိုက်ပါ။ ငါတို့တွေ အလုပ်အကြောင်း ပြောနေတာလေ။ မင်းက ဘာပေါက်ကရတွေ စဉ်းစားနေတာလဲ"
သေလိုက်ပါတော့။ ရှင်က တခြားသူတွေအပေါ်တောင် အပြစ်တင်နေလိုက်သေးတယ်။
ရှမြန်သည် အလွန်ဒေါသထွက်သွားသဖြင့် သူ့ခြေထောက်ကို တက်နင်းလိုက်ကာ အံကြိတ်ပြီး ပြောလိုက်၏။ "ကျွန်မ လေ့ကျင့်ရေးအခန်းတစ်ခု ဆောက်မှာ။ တစ်နေ့ကျရင် ကျွန်မ ရှင့်ကို အသေရိုက်နှက်ပစ်မှာ"
"တိုက်ခိုက်ရေးအခန်းတစ်ခု လုပ်ဖို့ မလိုပါဘူး"နဥ်ရှောက်ပိုင်သည် ကွယ်ဝှက်မထားချေ။ သူသည် ကွယ်ဝှက်မထားသည့်အပြင် ရှေ့သို့ ကိုင်းလာကာ သူမ၏နားနားတွင် ခပ်တိုးတိုးလေး ရယ်မောလိုက်သေးသည်။ "တစ်ခန်းဆိုရင် ငါတို့အတွက် လုံလောက်ပါတယ်။ အပိုထပ်ရှိနေရင် အလကား ဖြစ်တာပေါ့"
"ဘယ်သူက ရှင့်ကို ပြောနေလို့လဲ" ရှမြန်က သူ့ကို ဝါးစားမတတ်ကြည့်လိုက်၏။
"ရှောင်ဖုန်းလေ။ ဟုတ်တာပေါ့။ ရှောင်ဖုန်း မဟုတ်လား" နဥ်ရှောက်ပိုင်သည် ကလေး၏ ခေါင်းကို လှမ်းထိကာ ပြောလိုက်လေသည်။ "တကယ်လို့ မင်းမှာ အဲဒီလိုနေရာရှိတယ်ဆိုရင် ရှောင်ဖုန်းအတွက် စုဆောင်းထားတဲ့ အခန်းလေးတစ်ခု ဆောက်ပေးလို့ရတယ်လေ။ ပြီးတော့ မင်းလည်း မင်းရဲ့ရှေးဟောင်းပန်းအိုးကြီးကို ဒီနေရာကို ပြောင်းလာလို့ရတာပေါ့"
ရှောင်ဖုန်းသည် ရှမြန်ကို မော့ကြည့်လိုက်၏။ သူ့တွင် အမှန်ပင် ပန်းချီကားချပ်တချို့ရှိလေသည်။ သူ၏စီနီယာအစ်ကို၊ အစ်မများ ပေးထားသည့်ပန်းချီကားများက အရေအတွက်က တော်တော်လေး များပြားသည်။
ရှမြန်...
သူမက ရှောင်ဖုန်း၏ခေါင်းလေးကို ထိကိုင်ပေးလိုက်ကာ ပြုံးလိုက်၏။ "အင်း ငါတို့ရဲ့ပေါင်ပေ့အတွက် အခန်း၂ခန်း ဆောက်ပေးရမယ်"
ရှောင်ဖုန်းသည် သူ၏နှုတ်ခမ်းများကို ကွေးထားလိုက်ပြီး သူ၏လည်ပင်းလေးကို ဆန့်ကာ သူ၏ခေါင်းလေးဖြင့် သူမ၏မေးစေ့ကို တိုးဝှေ့နေလေ၏။ သူ၏ပွရောင်းရောင်းဆံပင်လေးက သူမကို ယားယံအောင်ဖြစ်စေကာ ရှမြန်သည် မနေနိုင်ဘဲ ရယ်မောလိုက်တော့သည်။
သူမသည် နဥ်ရှောက်ပိုင်ကို ထပ်ကြည့်လိုက်သည့်အချိန်တွင် သူမ၏မျက်လုံးများက ဝိုင်းစက်သွားတော့သည်။
နဥ်ရှောက်ပိုင်သည် ကောက်ကျစ်စဥ်းလဲစွာဖြင့် ရှောင်ဖုန်း၏စိတ်ကို အနိုင်ရရှိခဲ့လေသည်။ ရှမြန်သည် သူမကတော့ သူနှင့် ယှဉ်နိုင်မှာ မဟုတ်တော့ဘူးလို့ ခံစားမိလိုက်သည်။ ထို့ကြောင့် သူမက လက်လျှော့လိုက်ကာ နဥ်ရှောက်ပိုင် အသုံးချလာမည့် တခြားလှည့်ကွက်များကို ကြည့်ရှုဖို့ရန် သူမ၏ခန္ဓာကိုယ်ကို လုံးဝဖြေလျှော့ထားလိုက်တော့၏။
ရှမြန်သည် လက်စားချေဖို့ရန်အတွက် စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှု ပြင်ဆင်ထားပြီးသားဖြစ်၏။ သို့သော်ငြားလည်း နဥ်ရှောက်ပိုင်ကတော့ ဘာလှုပ်ရှားမှုတစ်ခုမှမလုပ်ဘဲ ဒီဇိုင်းပုံစံနဲ့ပတ်သက်ပြီး သူမနှင့် တလေးတနက် ဆွေးနွေးနေလေသည်။
မကြာခဏဆိုသလို သူသည် အဓိပ္ပာယ်ပါပါ စကား၂လုံး၊ ၃လုံးကို ပြောတတ်၏။ သို့သော်ငြားလည်း စည်းမကျော်ဘဲ လိမ်လိမ်မာမာလေး ပြုမူနေပြန်သည်။ ဒါတော့ မဟုတ်သေးပေ။ သူသည် ထွက်လာသည့်အချိန်တွင်တော့ သူမဖက်သို့လှည့်ကာ ဆိုးညစ်စွာ ပြုံးပြလိုက်သေးသည်။
ဒါကတော့ တကယ်လွန်သွားပြီ။
ဒါက ငါ့ခေါင်းပေါ်မှာ ချိတ်ဆွဲထားတဲ့ ဓားတစ်ချောင်းလိုပဲ။ ငါ့ကို နေမထိထိုင်မသာဖြစ်အောင် အမြဲတမ်းလုပ်နေတာလေ။ ရှင် ဒီအတိုင်းပဲ ကျွန်မကို မြန်မြန် သေခိုင်းလိုက်ပါတော့လား။
သူမသည် ဒေါသဖြင့် ခြေဆောင့်လိုက်တော့၏။ တကတည်း ဘယ်လိုဖြစ်လို့များ ဒီလိုလူဆိုးကောင်ကို ငါက သဘောကျမိပါလိမ့်။
တံခါးနားအရောက်တွင် နဥ်ရှောက်ယွင်သည် နဥ်ရှောက်ပိုင်၏ ထိန်းမရသည့်အပြုံးကို ကြည့်လိုက်ပြီး မနေနိုင်တော့ဘဲ ရယ်မောလိုက်လေသည်။ "နင် သူ့ကို ထပ်ပြီးတော့ သွားစနေပြန်ပြီလား။ သူ့ကို တကယ် စိတ်ပျက်သွားအောင် မလုပ်မိဖို့ သတိထားဦးနော်"
နဥ်ရှောက်ပိုင်သည် သူမဘာ စဉ်းစားနေသည်ကိုတော့ မသိချေ။ သူမ၏ မျက်လုံးထဲကအပြုံးက ပိုပြီးသိသာထင်ရှားလာ၏။
“နောက်ဆိုရင် ရှင့်ဟာရှင် ချုပ်တည်းဖို့ ကြိုးစားထားလိုက်”
သူမသည် အလွန်မှ ချစ်စရာကောင်းနေသဖြင့် သူမကို တွေ့သည့်အချိန်တိုင်း မစနောက်ဘဲ မနေနိုင်အောင်ဖြစ်ရလေသည်။
နဥ်ရှောက်ယွင်သည် ခဏလောက် မှင်တက်အံ့ဩသွားပြီးမှ ရယ်မောလိုက်လေ၏။
"ဒါကတော်တော်လေးကို ဆိုးရွားနေတယ်လို့ ဘာဖြစ်လို့ ခံစားမိနေပါလိမ့်။ ကလေးမလေးက ဒီလိုစကားမျိုးကိုတောင် ပြောနေတယ်လေ"
နဥ်ရှောက်ပိုင်ကတော့ သူ၏မျက်လုံးများကို ကျဉ်းမြောင်းထားကာ မှတ်ချက်မပေးချေ။
ရှမြန်ကလည်း နဥ်ရှောက်ပိုင်က သူ့ကိုယ်သူ ထိန်းချုပ်မရနိုင်တော့သည်ကို မသိသေးချေ။
ပြဿနာကို အမြဲတမ်း ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းတတ်သည့် မိန်းကလေးတစ်ယောက်အနေဖြင့် ရှမြန်သည် နောက်တစ်နေ့ မနက်ခင်းစောစောတွင် ပျော်ရွှင်မှုတချို့ ဆောင်ရွက်ဖို့ရန်အတွက် စိတ်အားတက်ကြွစွာဖြင့် ဘေးအိမ်သို့ သွားလိုက်လေသည်။
သူမသည် ဘေးအိမ်သို့ ရောက်သွားသည့်အခါ နဥ်ရှောက်ပိုင်က သူ့ခရီးဆောင်အိတ်ကို ထုပ်ပိုးနေသည်ကို တွေ့လိုက်ရသည်။
"ရှင် ခရီးထွက်မလို့လား"
နဥ်ရှောက်ပိုင်က ခရီးဆောင်အိတ်ကို ပိတ်လိုက်ပြီးပြောလိုက်သည်။ "အင်း ငါ မနေ့တုန်းက ယာယီအသိပေးစာတစ်ခု ရခဲ့တယ်လေ။ ဒီနေ့ ငါ ပရော်ဖက်ဆာလျိုနဲ့ ရှန့်မြို့ကို သွားရမှာ။ ၅ရက်၊ ၆ရက်လောက်နေမှ ပြန်လာဖြစ်မယ်"
ရှမြန်သည် မနေ့တုန်းက ကောင်းချုံးယင်းကို စဉ်းစားမိသွားပြီး ရုတ်တရက် သူမ၏မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်၏။ "ဓာတ်ခွဲခန်းက ပရော်ဖက်ဆာလား။ မစ်ကောင်းကရော အဲဒီကိုသွားမှာလား"
နဥ်ရှောက်ပိုင်က ပြုံးလိုက်၏။ "ဒါက အရေးပေါ် အခြေအနေတစ်ခုပါ။ ရှုပ်ထွေးတဲ့ အခြေအနေတစ်ခု ဖြစ်နေတဲ့ မွေးကင်းစ လူနာလေးတစ်ယောက်ရှိလို့။ အခြေအနေက တော်တော်လေးကို အရေးကြီးတယ်"
ကလေးကို ကုသရမည့် ရည်ရွယ်ချက် ဖြစ်နေသည်ဟု ကြားလိုက်ရသည့်အချိန်တွင် ရှမြန်သည် ချက်ချင်းဆိုသလို သူမ၏ခေါင်းကို ကုတ်လိုက်ပြီး ရှက်ရှက်ဖြင့်ပြောလိုက်၏။ "ဪ တောင်းပန်ပါတယ်"
နဥ်ရှောက်ပိုင်က သူ့လက်ကို လှမ်းကာ သူမကို သူ့ဘေးသို့ လှမ်းဆွဲလိုက်ပြီး သူမ၏ဆံပင်ကို လှမ်းဆွဲလိုက်ပြီးနောက် အပြုံးဖြင့် ပြောလိုက်လေသည်။ "ဘာဖြစ်လို့ တောင်းပန်စကားပြောနေတာလဲ။ ငါ မင်းကို ဒီအကြောင်း ပြောတော့ မလို့လေ"
"ကောင်းချုံးယင်းကလည်း တကယ်သွားမှာ။ ဒါပေမဲ့ သူနဲ့ ငါက အလုပ်ကိစ္စပတ်သက်စရာ မရှိပါဘူး။ ကျန်တဲ့ဟာတွေကတော့..."
ရှမြန်က တောက်လောင်နေသည့် မျက်လုံးများဖြင့် သူ့ကိုကြည့်နေသည်ကို တွေ့လိုက်ရသည်အခါ နဥ်ရှောက်ပိုင်က အသံထွက်ကာ ရယ်မောတော့သည်။ "ငါ သူ့ကို ရှင်းရှင်းလင်းလင်း ပြောထားပြီးပါပြီ"
ရှမြန်က သူမ၏နှုတ်ခမ်းများကို ကွေးထားပြီး ပြောလိုက်လေသည်။ "တကယ်လို့ ရှင်းရှင်းလင်းလင်း လုပ်ထားတာက အလုပ်ဖြစ်တယ်ဆိုရင် သူက ရှင့်ကို အခုအချိန်ထိ လိုက်နေဦးမှာ မဟုတ်ဘူးလေ။ အခုဆိုရင် ၂နှစ်တောင်ကျော်သွားပြီပဲ"
သူ၏ပြုံးနေသည်မျက်နှာကို ကြည့်လိုက်ပြီး ရှမြန်သည် နှာခေါင်းရှုံ့လိုက်ကာ ပြောလိုက်လေသည်။
"ဘာလဲ ကျွန်မ ပြောတာ မှားလို့လား"
နဥ်ရှောက်ပိုင်က သူမ၏ခေါင်းကို သပ်ပေးလိုက်ကာ ခပ်တိုးတိုး ရယ်မောလိုက်ပြီး "မှန်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို မကြာခင် ဖြေရှင်းပြီးသွားတော့မှာပါ"
ရှမြန်သည် ချက်ချင်းစိတ်ဝင်စားလာလေသည်။ "ဘာနည်းလမ်းက အဲဒီလောက် ထိရောက်နေလို့လဲ"
နဥ်ရှောက်ပိုင်က အပြုံးဖြင့် ရှမြန်ကိုကြည့်လိုက်ပြီး သူ့မျက်လုံးများထဲတွင် နူးညံ့သိမ်မွေ့မှုအပြည့် ဖြစ်သွားလေသည်။ "ငါ့ဘဝကို တခြားလူလက်ထဲ လွှဲပေးရတော့မှာပဲ။ သူက ငါနဲ့ လာတွယ်ကပ်နေလို့ရော ဘာအကြောင်းရှိမှာလဲ"
"ဘယ်လို" ရှမြန်က ရေရွတ်လိုက်ပြီး သူမ၏ပါးပြင်သည် ပူပြင်းလာတော့သည်။ ထို့နောက်တွင်တော့ နဥ်ရှောက်ပိုင်က ပြောလိုက်၏။ "အချိန်တန်ရင်တော့ မင်း ငါ့ကို ကာကွယ်ပေးရလိမ့်မယ်နော် ဟုတ်ပြီလား။ ကျေးဇူးရှင်"
ရှမြန်...
အတင့်ရဲလို့ သူက ငါ့ကို အခွင့်ကောင်းယူပြီးတော့ ငါ့ရဲ့ချစ်သူလုဖက်ကို ငါကိုယ်တိုင် ဖြေရှင်းခိုင်းရသလား။
သူကတော့ တကယ့်ကို အတွက်ချက်တတ်ဆုံး ဘော့စ်ပါပဲ။
ရှမြန်က သူ့ကို ဒေါသဖြင့် ရိုက်နှက်လိုက်၏။ "အိပ်မက်မက်နေလိုက်လေ။ ဘယ်သူက ရှင့်ဘဝကိုလိုချင်လို့လဲ"
နင်ရှောင်ပိုင်က အန္တရာယ်ရှိစွာဖြင့် သူ့မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်သည်။ "ငါ့ကျေးဇူးရှင်။ ပြီးခဲ့တဲ့၆လအတွင်း ငါ့ဘဝရဲ့တစ်ဝက်ကို ယူသွားဖို့ ကြိုးစားနေတဲ့ မင်းက ဘယ်လောက်တောင် ရက်စက်တယ်ဆိုတာ ပြန်မှတ်မိသွားအောင် ငါ မင်းကို ကူညီပေးရဦးမှာလား"
ရှမြန်သည် တစ်ခုခု မူမမှန်ဖြစ်နေသည်ကို ရုတ်တရက် ခံစားမိလိုက်၏။ နဥ်ရှောက်ပိုင်က သူ့လက်ကို ဆန့်လိုက်သည်ကို တွေ့လိုက်ရသည့်အခါ သူမက ကိုယ်ကိုလှည့်ပြီး ပြေးထွက်သွားတော့သည်။ သူမသည် အလွန်မြန်ဆန်လွန်းလှသဖြင့် နဥ်ရှောက်ပိုင်က သူမကို မဖမ်းမိလိုက်ချေ။
အန္တရာယ်ကင်းသည့် အကွာအဝေးတစ်ခုသို့ ပြေးလာပြီးသည့်နောက်တွင် ရှမြန်က မျက်မှောင်ကြုတ်ကာ အံကြိတ်ပြီး ပင်မတံခါးနားတွင် ရပ်နေသည့် နဥ်ရှောက်ပိုင်ကို လှမ်းကြည့်လိုက်လေသည်။ သူမသည် ခါးထောက်ကာမနေနိုင်ဘဲ ဟက်ဟက်ပက်ပက် အော်ရယ်လေတော့၏။ "ဒေါက်တာနဥ် ချောမွေ့တဲ့ခရီးတစ်ခု ဖြစ်ပါစေနော်။ အားလုံးအဆင်ပြေပါစေ။ တာ့တာ"
ထိုသို့ပြောလိုက်ပြီးနောက်တွင် သူမသည် တစ်ဖက်လူက သူမကို လိုက်ဖမ်းတော့မည် ပြင်နေသည့်အချိန်တွင် လှည့်ကာပြေးထွက်လာခဲ့၏။
အစပိုင်းတွင်တော့ ရှမြန်သည် အလွန်ပျော်ရွှင်နေသေးသည်။ သို့သော်ငြားလည်း သူမသည် တံခါးဝဆီသို့ ပြေးလာသည့်အချိန်တွင် တစ်ခုခု လွဲနေသည်ဟု အမြဲတမ်း ခံစားမိလေသည်။ သူမသည် အရှုံးပေးခြင်းဖြင့် ပြဿနာကို ဖြေရှင်းဖို့ စဉ်းစားထားခြင်း မဟုတ်ကြောင်းကို အချိန်အတော်ကြာကြာလေး ယူပြီးမှ သဘောပေါက်သွားတော့သည်။
ဘာဖြစ်လို့များ မီးထဲကို လောင်စာထည့်နေတာလဲ။
တံခါးအပြင်ဘက်မှနေ၍ ကားစက်နှိုးသံကို ကြားလိုက်ရသည်။ ရှမြန်သည် သူမ၏ခေါင်းလေးကို မြန်မြန်ထုတ်ကာ လှမ်းကြည့်လိုက်၏။
နဥ်ရှောက်ပိုင်က သူမကို သတိထားနှင့်သွားပြီးဖြစ်ကာ သူ၏ကားပြတင်းပေါက်ကို နှိမ့်ချထားလိုက်ပြီး တောက်ပစွာ ပြုံးပြလိုက်ပြီနောက် ညင်သာသည့်အသံတစ်ခုဖြင့် ပြောလိုက်လေသည်။ "ငါ့ရဲ့ကျေးဇူးရှင် ငါ ပြန်လာတာကို စောင့်နေနော်"
ရှမြန်...
ရှင် ပြန်မလာရင် ပိုကောင်းတယ်။
ရှမြန်သည် အချိန်အကြာကြီး တွေဝေမနေခဲ့ချေ။ အခြေအနေကို ရင်ဆိုင်ဖို့ရန် လုံလောက်သည့် သတ္တိရှိသည့် မိန်းကလေးတစ်ယောက်အနေဖြင့် သူမသည် ထိုပြဿနာများကို ရင်ဆိုင်ဖို့ရန် အမြဲတမ်းအသင့်ဖြစ်နေလေသည်။ အထူးသဖြင့် အောက်ကို ပြုတ်ကျလာတော့မည့် ဓား၏ အန္တရာယ်မရှိတော့သည့်အတွက် သူမသည် ချက်ချင်းဆိုသလို လက်လွှတ်လိုက်ကာ ပျော်ပါးလေတော့သည်။
နောက်ဆုံး သူမ၏ဘဝကို လက်လွှတ်ရတော့မည့်နေ့ရက်က သိပ်မဝေးလှတော့ခြင်းကြောင့်ပင်... ဝူး ဝူး-
ထိုသို့ဆိုလျှင်တော့ ဒီနေ့တွင် အပြည့်အဝသောက်စားပြီး လက်ရှိအခိုက်အတန့်ကို အပြည့်အဝ ပျော်ပါးပစ်ရပေမည်။
သို့သော်ငြားလည်း ပျော်ရွှင်သည့်ဘဝကို မခံစားရသေးခင်မှာပင် ကလေး၃ယောက်၏ ခြောက်လှန့်ခြင်း ခံလိုက်ရပြီး သူမ၏ခြေထောက်များမှာ ပျော့ခွေလုနီးပါး ဖြစ်သွားတော့သည်။
ယခုအချိန်တွင် မိသားစုထဲက အရေးကြီးဆုံးကိစ္စမှာ မောက်မိသားစု၏ အိမ်ပြောင်းရွေ့ခြင်းဖြစ်၏။ ကြီးမားသည့်ပရိဘောဂများနှင့် ဗီဒိုများအားလုံးကို ပြန်လည်ပြင်ဆင်နေသည့် အတောအတွင်း ပြန်ပြုလုပ်ခဲ့သည်။ အိပ်ရာခင်းများ၊ ခန်းစီးများနှင့် အစားထိုးလို့ရနိုင်သည့် ပစ္စည်းများကိုလည်း အသစ်များဖြင့် ပြန်လည်အစားထိုးခဲ့သည်။
ရှမြန်နှင့် ရှောင်ဖုန်းတို့သည် မောက်မိသားစု၏ အိမ်ဝန်းအသစ်ထဲတွင် ပတ်ကာ လျှောက်ကြည့်နေလိုက်ကြပြီး သက်ပြင်းချမိကြ၏။ "တကယ်ကောင်းတာပဲ"
ရှ၀မ်ယွဲ့ကလည်း ရယ်မောသည်။ "ဟုတ်ပ ငါတို့တွေ ဒီကို ပထမဦးဆုံး ရောက်လာတဲ့အချိန်တုန်းက ဒီအကြောင်းကိုတောင် မတွေးရဲခဲ့ပါဘူး"
ဟုတ်ပါသည်။ ဘဝထဲတွင် ဖြစ်ပျက်လာမဲ့အရာများကို ကြိုတင်ခန့်မှန်းဖို့ရန်က အမှန်ပင် ခက်ခဲလှ၏။ အခက်အခဲဆုံးအချိန်ကို ကျော်ဖြတ်ခဲ့ပြီးသည်နောက်တွင် တောက်ပသည့်အနာဂတ်က ရှေ့တွင် ရှိနေပေလိမ့်မည်။
မောက်ဟွေ့ကျူးသည် ရှောင်ဖုန်းနှင့် ချန်းချန်းတို့ကိုခေါ်ကာ သူမ၏အခန်းကို လိုက်ပြလေ၏။
ဒီနေရာက အခန်းဖွဲ့စည်းပုံက ရှမြန်၏အိမ်မှ အခန်းဖွဲ့စည်းပုံနှင့်တူသည်။ ပထမဝင်ပေါက်၏ခြံဝင်းသည် ဒုတိယဝင်ပေါက်ထက် အနောက်ဘက်အိမ်တန်းတစ်ခု လျော့နည်းနေခြင်းသာ ကွာခြားပြီး အခန်းဧရိယာကလည်း ဒုတိယခြံဝန်း၏ အခန်းဧရိယာထက် အနည်းငယ် ပိုပြီးသေးသည်။ သို့သော်ငြားလည်း ခြုံကြည့်ရမည်ဆိုလျှင်တော့ ရှမြန်၏အိမ်တွင် နေရသည်ထက် ပိုပြီးကျယ်ဝန်းနေသေးသည်။ နောက်ဆုံး ဒါသည် သူတို့၏ကိုယ်ပိုင်ခြံဝင်းဖြစ်၏။ မောက်မိသားစု၏ ညီအစ်မ၃ယောက်ကလည်း အခန်းတစ်ခန်းစီ ရလာခဲ့သည်။
ရှ၀မ်ယွဲ့က သန့်ရှင်းရေးလုပ်ဖို့ရန်အတွက် ခြံဝင်းအသစ်ထဲတွင် နေနေသေးသည်။ မောက်ဟွေ့ကျူး၊ ရှောင်ဖုန်းနှင့် ချန်းချန်းတို့ကတော့ အိမ်လုပ်တန်းးကစားဖို့ရန် ရှမြန်၏အိမ်ရှေ့တွင် ရပ်ထားသည့် သုံးဘီးလှည်းကြီးဆီသို့ ပြေးသွားကြ၏။
ရှ၀မ်ယွဲ့သည် ပစ္စည်းများကို ရွှေ့ပြောင်းမည့်ရည်ရွယ်ချက်ဖြင့် သုံးဘီးလှည်းတစ်စီးကို ငှားခဲ့ခြင်းဖြစ်သည်။
အိမ်အသစ်က ဘေးကပ်လျက်တွင် ရှိသော်ငြားလည်း ပစ္စည်းများကို ခေါက်တုံ့ခေါက်ပြန်သယ်ရခြင်းက ဒုက္ခများလှသည်။ ထိုကြောင့် သူမသည် ပစ္စည်းငယ်လေးများကို တင်ဖို့ရန်အတွက် သုံးဘီးတစ်စီးကို ငှားရမ်းဖို့ စီစဉ်ခဲ့ခြင်းဖြစ်၏။
ဒီသုံးဘီးလေးကို ဒီဇယ်အင်ဂျင်ဖြင့် မောင်းနှင်ရသည်။ ထို့ကြောင့် ပစ္စည်းအများကြီးကို သယ်ရလျှင်ပင် အားစိုက်ထုတ်မှုကို သက်သာစေသည်။ ရှ၀မ်ယွဲ့သည့် ခရီးတစ်ခေါက်တည်းနှင့် ပစ္စည်းများကို ရွှေ့ပြောင်းလာနိုင်သည်။
မောင်းပြီးပြန်လာခဲ့သည့်အချိန်တွင် လှေကားများကို စတီးပြားများဖြင့် ခင်းထားသော်ငြားလည်း ပင်မဂိတ်တံခါးကို ဖြတ်သန်းလာပြီးနောက် ဒုတိယတံခါးကိုတော့ ဖြတ်လို့မရနိုင်သည်ကို သိလိုက်ရ၏။
နောက်ဆုံးတော့ သူတို့သည် လက်လျှော့လိုက်ရပြီး ထိုသုံးဘီးကို တံခါးနားတွင် ခဏလောက်ရပ်ထားခဲ့ရသည်။ သူတို့သည် သစ်သားပြားဖြင့်ခင်းထားသည့် လှည်းတစ်စီးကိုသာ ယူပြန်လာရတော့၏။ ညီအစ်မ၃ယောက်က ပစ္စည်းများကို သိမ်းဆည်းဖို့ရန်အတွက် အလုပ်လုပ်ခဲ့ကြသည်။ ခရီး၂ခေါက်၊ ၃ခေါက်ပြီးသွားသည့်နောက်တွင် သူတို့သည် ပစ္စည်းအားလုံးကို ရွှေ့ပြောင်းနိုင်ခဲ့လေ၏။
မောက်ဟွေ့ကျူး၊ ချန်းချန်းနှင့် ရှောင်ဖုန်းတို့သည် သုံးဘီးကားလေးကို ကစားစရာအသစ်လို သဘောထားကာ စိတ်ဝင်စားနေကြ၏။ ဒီလို သုံးဘီးကားအမျိုးအစားသည် မြို့ငယ်လေးနှင့် ကျေးလက်ဘက်တွင်တော့ တွေ့မြင်နေကျအရာ ဖြစ်၏။ သို့သော်ငြားလည်း ယန်မြို့တွင်တော့ တွေ့ရခဲသည်။ ယခုတော့ သူတို့သည် ကြီးပြင်းလာကြပြီဖြစ်ကာ အရင်တုန်းကလို အိမ်လုပ်ခြင်း ကစားသည်ထက် ပိုပြီးရင့်ကျက်လာကြ၏။
ဥပမာ ဒီတစ်ကြိမ်တွင် မောက်ဟွေ့ကျူးက ဒရိုင်ဘာလုပ်ပြီး ချန်းချန်းနှင့် ရှောင်ဖုန်းတို့က ခရီးသည်လုပ်ကြသည်။
အစပိုင်းတွင်တော့ သူတို့ထဲက ဘယ်သူကမှ ဂရုမစိုက်မိကြချေ။ နောက်ဆုံး ကလေး၃ယောက်သည် မကြာခဏ ဒီလိုကစားခြင်းကြောင့်ပင်။ သို့သော်ငြားလည်း မောက်ဟွေ့မေ၊ မောက်ဟွေ့လန်နှင့် ရှမြန်တို့သည် ဂိတ်တံခါးအပြင်ဘက်သို့ သစ်သားလှည်းပြားကြီးကို တွန်းထုတ်လာသည့်အချိန်တွင် သုံးဘီးကားကြီးက မောင်းထွက်သွားကာ ရှောင်ဖုန်းနှင့် ချန်းချန်းတို့က လှည်းပေါ်တွင် ထိုင်နေကြသည်ကို တွေ့လိုက်ရ၏။
ရှမြန်သည် အနောက်ဘက်တွင်ရှိနေပြီး သူမသည် သုံးဘီးကားကြီးက အဝေးသို့ မောင်းထွက်သွားသည်ကိုသာ တွေ့လိုက်ရသည်။ သူမသည် ခဏလောက် ဇဝေဇဝါဖြစ်သွားပြီးမှ "အဒေါ်၂ သုံးဘီးကားကို ပြန်ပို့တော့မလို့လား။ သူက ပစ္စည်းတွေကိုရွှေ့ပြီးမှ ပြန်ပို့မယ်လို့ ပြောထားတာ မဟုတ်လား"
ရှေ့မှ နေ၍လျှောက်နေသည့် မောက်ဟွေ့မေသည် ရုတ်တရက် သစ်သားလှည်းပြားကြီးကို ပစ်ချလိုက်ကာ အော်ဟစ်လိုက်လေသည်။
"မောက်ဟွေ့ကျူး"
"ဝေ့"မောက်ဟွေ့ကျူးကလည်း အသံအကျယ်ကြီး ပြန်ဖြေသည်။ အသံက ရှေ့ကသုံးဘီးကား၏ ဒရိုင်ဘာထိုင်ခုံဆီမှ လွင့်ပြန်လာခြင်းဖြစ်၏။ လေသံကလည်း တော်တော်လေး တည်ငြိမ်နေသည်။
"မကြီး ငါ ဒါကို ဘယ်လိုရပ်ရမှာလဲ"
သောက်ကျိုးနည်း။ ဒီကလေးမက ဒါကို ဘယ်လို လုပ်စက်နိုးတတ်သွားတာလဲ။
မောက်ဟွေ့မေသည် သတိပြန်ဝင်လာပြီးသားဖြစ်ကာ စိုးရိမ်တကြီး အော်ဟစ်လိုက်၏။
"လက်ကိုင်ဘားကို တင်းနေအောင် ကိုင်ထား။ နင့်ရဲ့ခြေထောက်ကို ခြေနင်းပြားဆီကနေလွှတ်လိုက်။ လီဗာကို မနည်းနဲ့နော်"
ရှမြန်နှင့် မောက်ဟွေ့လန်တို့ကလည်း အနောက်မှနေ၍ အနီးကပ်လိုက်ပြေးလာပြီး တတ်နိုင်သလောက် မြန်မြန်ပြေးကြလေသည်။
ရှမြန်သည် အလွန်လန့်ဖျပ်သွားပြီး သူမ၏နှလုံးသားမှာ ရင်ဘတ်ပေါ်သို့ ခုန်ထွက်လာသည်ဟုပင် ခံစားလိုက်ရ၏။ "ရှောင်ဖုန်း"
"ချန်းချန်း" အမှိုက်ပစ်ရန် အပြင်ထွက်လာသည့် ဒေါ်ဒေါ်ဝေသည် အလွန်လန့်ဖျပ်သွားပြီး အမှိုက်များကို ပစ်ချမိသွားကာ သူ့နောက်သို့ လိုက်ပြေးလေသည်။
ကံအားလျော်စွာ မောက်ဟွေ့ကျူးသည် မောက်ဟွေ့မေ၏စကားကို နားထောင်ပြီး နောက်ဆုံးတော့ သုံးဘီးက အရှိန်လျော့သွား၏။ သို့သော်ငြားလည်း လှည်းသည် လမ်းကြားလေးထဲက ပြေးထွက်သွားပေတော့မည်။ ထိုနေရာတွင် သွားလာနေကြသည့်လူများနှင့် ကားများလည်းရှိသည်။ မောင်းထွက်သွားမိလျှင် အလွန်အန္တရာယ်များပေတော့မည်။
ရှမြန်သည် သူမ၏ဘဝတွင် အမြန်ဆန်ဆုံး အရှိန်နှုန်းဖြင့် ပြေးထွက်သွားပြီး နောက်ဆုံးတော့ ကားကိုယ်ထည်၏နောက်ခြမ်းကို လှမ်းဆွဲမိသွား၏။ သူမသည် လက်ရန်းကိုဖမ်းဆုပ်လိုက်ပြီး ခုန်တတ်လိုက်ကာ ရှောင်ဖုန်းနှင့် ချန်းချန်းကို သူမ၏ရင်ခွင်ထဲတွင် တင်းနေအောင် ပွေ့ဖက်ထားလိုက်ပြီး ရှေ့က လက်ရန်းနားတွင် မှီထားလိုက်၏။
တစ်ချိန်တည်းတွင် မောက်ဟွေ့မေကလည်း ရှေ့လှည်းကို အမှီလိုက်လာပြီး စိတ်ဝိညာဉ်တစ်ခု ပူးကပ်ခံလိုက်ရသည့်နှယ် သွက်သွက်လက်လက် သုံးဘီးကားပေါ်သို့ ခုန်တက်သွားကာ ဘရိတ်ကို တင်းနေအောင် ညှစ်လိုက်လေတော့သည်။
ကားသည် နောက်ဆုံးတော့ ရပ်တန့်သွား၏...
ရှမြန်သည် သူမ၏ရင်ခွင်ထဲက ကလေး၂ယောက်ကို မြန်မြန်ကြည့်လိုက်သည်။ "အဆင်ပြေကြရဲ့လား"
သူတို့သည် ပြင်ပဒဏ်ရာမရသည်ကို သူမက သိသည်။ သို့သော်ငြားလည်း သူတို့ကြောက်လန့်သွားမှာကို သူမက စိုးရိမ်မိ၏။ သို့သော်ငြားလည်း ကလေး၂ယောက်သည် ဖြစ်ပျက်နေသည်ကို သတိ ပြန်မဝင်နိုင်သေးသယောင် သူတို့၏မျက်လုံးများက ကားနောက်ခြမ်းကို ငေးကြည့်နေကြ၏။
ချန်းချန်းက မနေနိုင်တော့ဘဲ သွားများကို ဖြဲပြလေသည်။
ရှမြန်သည် သူတို့အကြည့်ကို လိုက်ပါသွားသည့်အခါ ရှ၀မ်ယွဲ့၊ ဒေါ်ဒေါ်ဝေ နဉ်ရှောက်ယွင်နှင့် ကျိုးရွှယ်ဝမ်တို့ အားလုံးတို့က မျက်နှာပေါ်တွင် ထိတ်လန့်သွားသည့် အမူအရာများဖြင့် သူတို့နောက်သို့ လိုက်ပြေးလာသည်ကို တွေ့လိုက်ရလေသည်။ သူမ၊ မောက်ဟွေ့မေနှင့် မောက်ဟွေ့ကျူးတို့၏ပုံစံနှင့် ပေါင်းလိုက်လျှင် မြင်ကွင်းသည် တော်တော်လေးကို ကြီးမားကာ ရယ်စရာကောင်းနေတော့၏။
သို့သော်ငြားလည်း လူကြီးများကတော့ မရယ်နိုင်သည်မှာ သိသာသည်။ ချန်းချန်းကလည်း သူ့မိဘများ၏ စိုးရိမ်မှုကို သတိထားမိသွားပြီး ကျိုးရွှယ်ဝမ်က ရောက်လာသည့်အခါ မြန်မြန် သွားနှုတ်ဆက်လိုက်လေသည်။
ကျိုးရွှယ်ဝမ်က သူ့ကို ပွေ့ဖက်ထားပြီးပြောလိုက်သည်။ "ပေါင်ပေ့ အဆင်ပြေရဲ့လား"
နင်ရှောင်ယွင်သည် ချမ်းချမ်းက အဆင်ပြေနေသည်ကို တွေ့လိုက်ရသည့်အခါ သူမ၏ ခြေထောက်များက အားနည်းချည့်နဲ့သွားပြီး ဒူးထောက်ကျသွားတော့မလို ဖြစ်သွားသော်ငြားလည်း ကျိုးရွှယ်ဝမ်က သူမကိုတွဲထားပေးလိုက်သည်။
ရှောင်ဖုန်းကလည်း ရှမြန်၏လည်ပင်းကို ဖက်ထားပြီး သူမကို နှစ်သိမ့်ပေးလိုက်၏။ "အန်တီလေး သား အဆင်ပြေပါတယ်"
ရှောင်ဖုန်းက သူ့ကျောပြင်ကို ပွတ်သပ်ပေးလိုက်ကာ သက်ပြင်းရှည်ကြီးတစ်ချက် မှုတ်ထုတ်လိုက်တော့သည်။
ကလေးများအတွက် ဒါသည် တစ်မိနစ်ပင် မပြည့်သည့်ကိစ္စတစ်ခုဖြစ်ပြီး အမှန်တကယ် အန္တရာယ် မရှိသော်ငြားလည်း လူကြီးများအတွက်တော့ အလွန်မှ ကြာရှည်လှသယောင်။
ကံအားလျော်စွာ ကလေးသည် လုံးဝမကြောက်ရွံ့ခဲ့ပေ။
ရှ၀မ်ယွဲ့သည် သူတို့နှင့်အတူ လိုက်လာပြီး မောက်ဟွေ့ကျူးကို ဘာမပြောညာမပြော ဆွဲချလေတော့၏။ သူမသည် အဆင်ပြေနေသေးသည်ကို တွေ့လိုက်ရသဖြင့် သူမ၏ဖိနပ်ကို ချက်ချင်းချွတ်ကာ မောက်ဟွေ့ကျူး၏ ဖင်ကို အကြိမ်အနည်းငယ် ရိုက်နှက်တော့သည်။ "ငါက နင့်ကို ဘယ်လို ဆိုးသွမ်းရမယ်ဆိုတာ သင်ပေးထားတာပဲ"
မောက်ဟွေ့ကျူးသည် နာနာကျင်ကျင် အရိုက်ခံလိုက်ရသဖြင့် မျက်လုံးများထဲတွင် မျက်ရည်များ ဝေ့တက်လာတော့သည်။ သူမသည် ရှ၀မ်ယွဲ့၏ ပေါင်ကို မြန်မြန်ဖက်ပြီး အော်ငိုလေ၏။ "အမေ သမီး နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး။ နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး"
"အဲဒါက ဘာဖြစ်လို့ ရွေ့သွားလဲဆိုတာ သမီး မသိလိုက်ဘူး..."
နဥ်ရှောက်ယွင်ကလည်း သူမ၏ရင်ခွင်ထဲတွင် ချန်းချန်းကို စစ်ဆေးနေနှင့် ပြီးသားဖြစ်၏။ ကလေးက အဆင်ပြေနေသည်ကို တွေ့ရသဖြင့် သက်ပြင်းချလိုက်၏။ "အဒေါ်၂ မရိုက်ပါနဲ့တော့။ ကလေးကလည်း တမင်လုပ်တာ မဟုတ်ပါဘူး"
မောက်ဟွေ့လန်ကလည်း သူမ၏ညီမလေးအတွက် စိတ်မကောင်း ဖြစ်သွားလေသည်။ ထို့ကြောင့် ရှ၀မ်ယွဲ့ကို နားချဖို့အတွက် ရှေ့သို့တက်လာခဲ့၏။ "အမေ ပြန်ကြရအောင်ပါ။ ပြီးမှ ဒီအကြောင်း ပြောမယ်"
"ငါတို့တွေပြန်သွားမှ ဒီအကြောင်း ဆက်ပြောကြမယ်" ရှ၀မ်ယွဲ့သည် မောက်ဟွေ့ကျူးကို အလွယ်တကူ အလွတ်ပေးရန် စိတ်ကူးမရှိသည်မှာ သိသာသည်။ သူမက မောက်ဟွေ့ကျူးကို ကော်လံမှနေ၍ကိုင်ကာ ကြောင်ပေါက်လေးတစ်ကောင်လို သယ်သွားလေတော့သည်။
ခြေလှမ်း၂လှမ်းလောက် လျှောက်လာပြီးသွားသည့်နောက်တွင် သူမသည် ဖိနပ်မစီးရသေးသည်ကို သတိရသွား၏။ ဖိနပ်စီးလိုက်ပြီးနောက် နောက်ဆုံးတော့ အနည်းငယ် တည်ငြိမ်သွားလေသည်။ သူမက မောက်ဟွေ့ကျူးကို မောက်ဟွေ့မေလက်ထဲသို့ ထည့်လိုက်၏။ "ဟွေ့မေ နင် သူ့ကို အရင်ခေါ်ပြန်သွားလိုက်။ ငါ ကားကို ပိုင်ရှင်ဆီ ပြန်သွားပို့လိုက်ဦးမယ်"
သို့သော်ငြားလည်း မောက်ဟွေ့မေသည် လူငယ်လေးတစ်ယောက်ထံသို့ ရှက်ရွံ့စွာဖြင့် ပြောလိုက်၏။
"ဟယ်ဝေ ဒီနေရာကို ဘာဖြစ်လို့ ရောက်လာတာလဲ"
လူငယ်လေးသည် ကားပေါ်က ဆင်းလာစပင် ရှိသေးသည်။ သူ့မျက်နှာပေါ်တွင် ထူးဆန်းနေသည့် အမူအရာတစ်ခုရှိနေ၏။ သူက ရှမြန်ကို ကြည့်လိုက်ပြီးနောက် မောက်ဟွေ့မေကို ကြည့်လိုက်ကာ နောက်ဆုံးတွင်တော့ ကြောင်ပေါက်လေးနှင့် တူနေသည့် မောက်ဟွေ့ကျူးကို ကြည့်ပြီး ပြောလိုက်သည်။
"မင်းတို့မိသားစုက တကယ်ကို စည်ကားတာပဲ"
ထိုစကားက မောက်ဟွေ့မေကို အသံထွက်ကာ ရယ်မောသွားစေတော့၏။
မောက်ဟွေ့မေ၏ တော်တော်လေး ရှက်ရွံ့နေသည့်ပုံကို ကြည့်လိုက်ပြီး ရှမြန်နှင့် မောက်ဟွေ့လန်တို့သည် အချင်းချင်းကြည့်လိုက်ကြလေသည်။ တစ်ခုခုတော့ ရှိနေပြီ မဟုတ်လား။
...