အခန်း (၁၇၉)
Vol. 12 Ch. 179
ဟယ်ဝေက ဒီကာလအတွင်းတွင် မောက်ဟွေ့မေကို လာမရှာသည်ကို သိလိုက်ရသဖြင့် ရှမြန်ကလည်း အလျင်လိုမနေတော့ချေ။ တစ်ဖက်လူက ချီခိုင်နှင့်ရှိ နေရသည့် အကြောင်းရင်းကိုတော့ သူမသည် နောက်ပိုင်းကျမှ ဖြည်းဖြည်းချင်းရှာဖွေနိုင်သည်။
သူမက စိတ်အေးလက်အေးနှင့် ပါတီပွဲသို့သွားခဲ့သည်။
ရှမြန်သည် အခန်းထဲသို့ ဝင်လိုက်သည်နှင့် ကောင်လေးနှင့် ကောင်မလေးများက အခန်းထဲတွင် ပတ်ပြေးနေသည်ကို တွေ့လိုက်ရသည်။ သူမသည် အခိုက်အတန့်တွင် မှင်တက်အံ့ဩသွားတော့သည်။ လီလီကျန်းက ဖျော်ရည်တစ်ခွက်ဖြင့် အနားသို့ရောက်လာပြီး အပြုံးဖြင့်ပြောလိုက်၏။ "ဘယ်လိုလဲ နင် အံ့သြသွားပြီ မဟုတ်လား"
ဆွန်းယွဲ့ရှင်းက နောက်ကလိုက်လာပြီးပြောသည်။ "ငါလည်း ဝင်လာတုန်းက လန့်ဖျပ်သွားတာပဲ။ ဒီရုတ်တရက် လွတ်လပ်သွားတဲ့ခံစားချက်က အရမ်းကြောက်ဖို့ကောင်းတာပဲ"
ကျောင်းယူနီဖောင်း၏ ထိန်းချုပ်ခြင်း မခံရတော့သဖြင့် အပြင်ဝတ်စုံများကို ဝတ်ဆင်ထားကြသည့် ကျောင်းသူကျောင်းသားများသည် ပုံမှန်ထက်ပိုပြီး တက်ကြွနေသည်။ သူတို့သည် သေသေချာချာလေး ဝတ်စားလာသည်မှာသိသာပြီး ငယ်ရွယ်နုပျိုကာ လှပနေလေသည်။
အကျင့်စရိုက်တို့ကို ဖွင့်ချနေသည့်နှယ်ပင်။ အစပိုင်းက အတန်းပိုင်ဆရာ၊ ဆရာမများ ရှိနေသည့်အချိန်ကတော့ အဆင်ပြေသေးသည်။ သို့သော်ငြားလည်း ဆရာ၊ဆရာမများ ပြန်သွားပြီးသည့်နောက်တွင် သူတို့သည် လုံးဝကို လွတ်ထွက်သွားတော့သည်။
ဒီအချိန်က ရှမြန်ကို သူမ၏အရင်ဘဝက ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးသွားသည့်နောက် သူမ၏ အတန်းဖော်များက သူတို့၏ဖတ်စာအုပ်များကို ဖြဲပစ်ကာ အော်ဟစ်နေကြသည့်မြင်ကွင်းကို ပြန်သတိရသွားမိစေတော့သည်။ ၁၀နှစ်ကျော်ကြာအောင် ကြိုးစားလာခဲ့ရသည်က ရလဒ်များ ထွက်ပေါ်လာခဲ့ပြီး ဖိနှိပ်မျိုသိပ်ထားခဲ့ရသည့် ခံစားချက်များကလည်း ချက်ချင်းဆိုသလို လွတ်ထွက်လာလေသည်။ သူတို့သည် ပုံမှန်ထက်ပိုလို့ပင် အထိန်းအကွပ်မဲ့ လာကြတော့သည်။
အတန်းခေါင်းဆောင်များက ဘီယာများကို မှာကြသည်။
"အခု ငါတို့အားလုံးက လူကြီးတွေ ဖြစ်သွားပြီ။ ဒီနေ့တော့ သောက်ကြရအောင်။ မိန်းကလေးတွေကတော့ သူတို့သောက်ချင်တဲ့ဟာ သောက်လို့ရတယ်။ ဒါပေမဲ့ ယောက်ျားလေးတွေကတော့ သေချာပေါက် သောက်ရမယ်နော်"
ဘီယာ ရောက်လာသဖြင့် ပတ်ဝန်းကျင်အခြေအနေက ပိုလို့ပင်အသက်ဝင်လာတော့သည်။
အခန်း၁က တစ်စုံတစ်ယောက်က သူတို့၏ အချစ်ကို ဖွင့်ဟဝန်ခံခဲ့ကြပြီး အားလုံးက ရှုတ်ချနေကြသည့် အခြေအနေအောက်တွင် ကောင်လေးနှင့် ကောင်မလေးသည် ရှက်ရွံ့စွာဖြင့်တွဲလိုက်ကြလေသည်။
ဒါသည် ပါတီကို အမြင့်ဆုံး အခြေအနေဖြစ်အောင် ချက်ချင်း တွန်းပို့ပေးလိုက်ပြီး ဖွင့်ဟဝန်ခံခြင်း၊ တွေ့ဆုံခြင်းက တရားဝင် ဖွင့်လှစ်လိုက်၏။
အကယ်၍ ကိုယ့်တွင် ယုံကြည်ချက်ရှိခဲ့လျှင် ဒီလိုအသက်ဝင်စည်ကားနေသည့် ပတ်ဝန်းကျင်ထဲတွင် ကိုယ့်ခံစားချက်ကို တိုက်ရိုက်ဖွင့်ပြောလိုက်ရုံသာရှိပြီး အားလုံးသည် ဆုတောင်းစကားများကို လက်ခံရုံသာရှိသည်။
အကယ်၍ ကိုယ်ကယုံကြည်ချက်မရှိခဲ့လျှင် ဒီအတိုင်း ကိုယ်သဘောကျသည့်သူဆီသို့ ချဉ်းကပ်သွားကာ စကားလုံး၁လုံး၊ ၂လုံးလောက် ပြောရုံနှင့်ပင် ကိုယ်၏စိတ်ခံစားချက်ကို ပညာသားပါပါ ဖော်ပြနိုင်ပေသည်။
လူတော်တော်များများကတော့ အောင်မြင်သည့်ရလဒ်တစ်ခုကို ရချင်မှရပေလိမ့်မည်။ သို့သော်ငြားလည်း သူတို့၏ ငယ်ရွယ်နုပျိုသည့်အချိန်လေးကို ပြီးပြည့်စုံသည့်ဇာတ်သိမ်းတစ်ခုအဖြစ် ထားချင်ကာ သူတို့ကိုယ်သူတို့ ဘာနောင်တမှမကျန်ခဲ့အောင် ပြောပြချင်လေသည်။
ဆွန်းယွဲ့ရှင်းက လီလီကျန်းကို တံတောင်ဖြင့် လှမ်းတွတ်လိုက်ပြီး စနောက်ကျီစယ်လိုက်၏။ "နင် နင့်ရဲ့အချစ်ကို နင့်ရဲ့နတ်ဘုရားလေးကုဆီမှာ သွားပြီးတော့ ဖွင့်မပြောပြတော့ဘူးလား"
ရှမြန်ကလည်း လီလီကျန်းကို ကြည့်လိုက်သည်။ အထက်တန်း ဒုတိယနှစ်ပြီးသွားသည့်နောက်တွင် သူမနှင့် ကုကျိုးတို့သည် တစ်ခန်းတည်းတွင် ကျခဲ့၏။ သို့သော်ငြားလည်း နောက်ပိုင်းတွင် သူမထံက ကုကျိုး၏ နာမည်ကို မကြားခဲ့ရတော့သလောက်ပင်။
လီလီကျန်းက ပြုံးကာ လက်ခါပြလိုက်၏။ "ဒါက အရင်တုန်းက ကိစ္စတွေပါ။ အဲဒီတုန်းက ငါက ငယ်သေးတော့ ဘာမှမသိဘူးလေ။ ငယ်ရွယ်သေးလို့ ဘာမှမသိခဲ့တာပါ"
"ဘာဖြစ်လို့လဲ သူက ကျောင်းတော်ရဲ့မင်းသားလေး မဟုတ်တော့လို့လား။ ဒီလိုဆိုရင်လည်း အခုလောင်ဟန်ကို နင်က ကြိုက်နေပြီလား"ကျောက်ချန်က သူမကို စနောက်လိုက်၏။ "အဲ့ဒီလိုတော့ လုပ်လို့မရဘူးနော်။ နင်တွေ့သမျှလူတိုင်းကို ဘယ်လိုလုပ်ပြီးတော့ ကြိုက်နိုင်ရတာလဲ"
လီလီကျန်းက မျက်စောင်းထိုးလိုက်ကာ "ဒါက ကျောင်းတော်ရဲ့မင်းသားလေးနဲ့ ဘာဆိုင်လို့လဲ။ ပြီးတော့ ငါကလည်း ဟန်ဟောက်ရန်လို လူမျိုးကို မတတ်နိုင်ပါဘူး။ အဲဒီမိန်းကလေးတွေ ငါ့ကို အပိုင်းပိုင်းအစစ ဆွဲဖြဲလိုက်မှာ ကြောက်ပါတယ်"
သူမက နက်နဲကာ သက်ပြင်းချလိုက်ပြီး ပြောလိုက်လေသည်။ "အဲ့ဒီစာမေးပွဲမှာ ကျောင်းတွင်းအဆင့် ၁၀၀အထက်ဝင်သွားတော့ သူ့ကို ကြိုက်ရတာက ရှုံးတယ်လို့ ရုတ်တရက် ခံစားလိုက်ရတယ်လေ"
"ဟမ်"ဆွန်းယွဲ့ရှင်းက ဇဝေဇဝါဖြစ်သွားပြီး "နင်က ဘယ်လိုလုပ်ပြီးတော့ ဆုံးရှုံးရမှာလဲ။ ဒါက စာမေးပွဲနဲ့ ဘာဆိုင်လို့လဲ"
လီလီကျန်းက ပြောလိုက်သည်။ "စဉ်းစားကြည့်လေ။ ငါ့မှာ ငါ့ရဲ့ခံစားချက်တွေကို သူ့ကို ဖွင့်ပြောဖို့အတွက် ဒီလောက်အချိန်အကြာကြီး စာကြိုးစားခဲ့ရတာ။ ငါက ရှုံးတယ်လို့ နင်မထင်ဘူးလား"
သူမက လက်သီးကို ဆုပ်ထားလိုက်ကာ ပြောလိုက်လေသည်။ "ငါကတော့ ငါ့ရဲ့ကြိုးစားခဲ့တဲ့ တန်ဖိုးနဲ့ ညီမျှဖို့ ပိုပြီးတော့ ကောင်းမွန်တဲ့တစ်ယောက်ကိုရှာဖွေရမယ်"
လူတော်တော်များများက မနေနိုင်ဘဲ အသံထွက်ကာ ရယ်မောကြလေတော့သည်။ ရှမြန်ကလည်း သူမကို လက်မထောင်ပြလိုက်ကာ ပြောလိုက်၏။ "နင် ပြောတာ မှန်တယ်"
ဆွန်းယွဲ့ရှင်းကလည်း သူတို့ပထမဦးဆုံးအကြိမ် တွေ့ခဲ့ချိန်ကို ပြန်စဉ်းစားမိလိုက်ပြီး ရှမြန်သည် ကုကျိုးအပေါ် လီလီကျန်း၏ အချစ်ကို အသုံးချကာ တီထွင်ဖန်တီးနိုင်စွမ်းရှိသည့် ဖွင့်ဟဝန်ခံချက်တစ်ခုကို စဉ်းစားပြီး သူတို့၏ နံပါတ်၁ကျောင်းသားလေးကို လှည့်စားခဲ့လေသည်။ သူမမှာ သက်ပြင်းမချဘဲ မနေနိုင်အောင် ဖြစ်သွားလေတော့၏။ "အခုဆိုရင် ၂နှစ်တောင် ကျော်သွားပြီနော်"
ဟန်ဟောက်ရန်ကလည်း ဘီယာတစ်ခွက်ဖြင့် ရောက်လာပြီးပြောလိုက်သည်။ "နင်တို့တွေ ဘာအကြောင်း ပြောနေကြတာလဲ။ နင်တို့တွေ ပျော်ပျော်ရွှင်ရွှင်နဲ့ ရယ်မောနေကြတာ အဝေးကနေတောင် ကြားရတယ်"
သူသည် အနားသို့ရောက်လာပြီးနောက် ယောက်ျားလေးများနှင့် မိန်းကလေးများစွာကလည်း ဒီနေရာတွင် ဖြည်းဖြည်းချင်း စုဝေးလာကြသည်။ မိန်းကလေးများကတော့ ဟန်ဟောက်ရန်ဆီသို့ လာကြကာ ယောက်ျားလေးများကတော့ ရှမြန်ဆီသို့ ရောက်လာကြလေသည်။
ရှမြန်သည် ရည်းစားစာ အစောင်၁၀၀ကျော်ကို အလကားနေရင်း ရခဲ့သည်တော့မဟုတ်။
ရှမြန်က မော့ကြည့်လိုက်သည့်အခါ ကောင်လေး တော်တော်များများ၏ အကြည့်နှင့် တွေ့ဆုံသွားတော့သည်။ သူမသည် မနေနိုင်ဘဲ ပြုံးပြပြီး ပြောလိုက်ရတော့၏။ "ယန်တွဲဖက်တက္ကသိုလ် အထက်တန်းကျောင်းက ထိပ်တန်းကျောင်းသူ ကျောင်းသားတွေက ငါတို့ရဲ့ခံစားချက်တွေကို လေးစားတဲ့အပြုအမူတစ်ခုနဲ့ ဘယ်လိုဖော်ပြသင့်တယ်ဆိုတဲ့အကြောင်းကို ပြောနေကြတာပါ"
သူမက တစ်စုံတစ်ယောက်၏ ဖွင့်ဟဝန်ခံချက်ကို လက်ခံမှာမဟုတ်မှန်း ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့ကလည်း သိလိုက်ကြသည်။ ထိုကြောင့် အောင့်သက်သက် အခြေအနေကို ရှောင်ရှားဖို့ရန်အတွက် သူတို့ကလည်း သူမ၏ဆန္ဒအတိုင်း ချက်ချင်း လိုက်လျောပေးကာ စကားလမ်းကြောင်း ပြောင်းလိုက်ကြသည်။
ဆွန်းယွဲ့ရှင်းက ပြုံးကာပြောလိုက်၏။ "ဟိုတုန်းကလည်း ဒီကိစ္စကြောင့်ပဲ ငါတို့တွေ စာကြိုးစားဖို့ ဆုံးဖြတ်ခဲ့ကြတာလေ။ ငါတို့တွေ ငါတို့ရဲ့ခံစားချက်ကို ဖွင့်ပြောတဲ့အချိန်ကျရင် သေချာအောင် လုပ်ချင်လို့ပေါ့။ စာတော်တဲ့ ကျောင်းသူ ကျောင်းသားတွေက ကျန်တဲ့ တစ်ဘဝလုံးမှာ ငါတို့ကို ဘယ်တော့မှ မေ့သွားမှာ မဟုတ်ဘူးဆိုပြီးတော့လေ"
ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြီးသွားသည့်နောက်တွင် အချစ်ရေးကိစ္စသည် ငယ်ရွယ်သည့်ကောင်လေးနှင့် ကောင်မလေးများအတွက် အရေးအကြီးဆုံးကိစ္စ ဖြစ်လာခဲ့၏။ ဒီအခိုက်အတန့်တွင် လူတိုင်းက စိတ်ဝင်စားသည့်အကြည့်တစ်ခုကို ပြသလိုက်ကြသည်။
"ငါ့ခံစားချက်ကို ဘယ်လိုပြသနိုင်ဦးမှာလဲ"
"ကျန်တဲ့တစ်ဘဝလုံးစာအတွက် ဘယ်တော့မှ မေ့သွားမှာ မဟုတ်ဘူးတဲ့လား"
"ဂီတာတီးပြီးတော့ သီချင်းဆိုတာလား။ အသည်းပုံ ဖယောင်းတိုင်လေးတွေနဲ့လား"
ဆွန်းယွဲ့ရှင်းက ပြောလိုက်သည်။ "အဲဒီလိုပုံစံမျိုးလို့ ဘယ်သူက ပြောလို့လဲ။ အဲ့ဒါက တီဗီဒရမ်မာထဲမှာ နေရာတိုင်းမှာ တွေ့နေရတာပဲ။ ဒါက အသစ်အဆန်းမှ မဟုတ်တော့တာလေ ဟုတ်ပြီလား"
"နင်က စာတော်တဲ့ ကျောင်းသားတစ်ယောက်လို့ ငါ နင့်ကို ပြောထားပြီးသားပဲလေ" ဆွန်းယွဲ့ရှင်းက ၂ခါလောက် ချောင်းဟန့်လိုက်ပြီး သူမ၏မေးစေ့လေးကို ချီထားလိုက်လေသည်။ "ဒါပေါ့ ဒါကို ဖွင့်ဟဝန်ခံဖို့အတွက် အသိပညာကို အသုံးပြုရမှာပေါ့။ မတူညီတဲ့ဘာသာရပ် အသီးသီးကို အသုံးချလို့ရတယ်လေ"
"မတူညီတဲ့ ဘာသာရပ် အသီးသီးကနေပြီးတော့ ဖွင့်ပြောမှာဟုတ်လား" အားလုံးက ဒီအဆိုကို ကြားဖူးကြသည်မှာ ပထမဦးဆုံးအကြိမ်သာ ဖြစ်လေသည်။ သူတို့သည် ချက်ချင်းဆိုသလို စိတ်ဝင်စားလာကြတော့၏။ "ဥပမာ ဘယ်လိုမျိုးလဲ"
"အရိုးရှင်းဆုံးတစ်ခုကနေ စပြောရမယ်" ဆွန်းယွဲ့ရှင်းက ပြောလိုက်သည်။ "တရုတ်ဘာသာစကားက နေပြီးတော့ ကိုယ်ချစ်ကြိုက်ကြောင်း ဖွင့်ဟဝန်ခံတာလိုမျိုးပေါ့"
ဟန်ဟောက်ရန်က မြန်မြန်ပြန်ဖြေလိုက်၏။ "တောင်တန်းတွေပေါ်မှာ သစ်ပင်တွေရှိပြီး သစ်ပင်တွေပေါ်မှာ သစ်ကိုင်းတွေရှိကြတယ်။ ငါက မင်းကို ချစ်နေပေမဲ့လည်း မင်းကတော့ ဒါကိုမသိဘူး" သူက ထိုသို့ပြောလိုက်စဉ်တွင် သူသည် မကြာခဏဆိုသလို ရှမြန်ဘက်ကို လှမ်းကြည့်လိုက်၏။
ရှမြန်က ဘီယာတစ်ငုံလောက် သောက်လိုက်ပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်လေသည်။ "လူတိုင်းက ဒါကို လုပ်တတ်ကြပါတယ်။ နည်းနည်းလောက် အသစ်အဆန်းလေး လုပ်ကြရအောင်"
"ဟုတ်တယ်။ အချစ်အကြောင်းကို ဖွင့်ဟဝန်ခံပြောတဲ့ ရှေးခေတ်ကဗျာတွေ အများကြီးပဲရှိတယ်" ဆွန်းယွဲ့ရှင်းက အပြုံးဖြင့် ပြောလိုက်သည်။ "ငါ နင်တို့၂ယောက်ကိုပြမယ်။ ကို့မှာ မင်းနဲ့ အတူတူပျံသန်းဖို့ ဇာမဏီငှက်ရဲ့ အတောင်ပံတွေမရှိပေမဲ့ ပင်ပန်းနွမ်းနယ်နေခြင်းမရှိဘဲ မင်းကို နှစ်ထောင်သောင်းချီအောင် ချစ်နေဦးမှာပါ"
"ကံကောင်းချင်တော့ မင်းရဲ့နှလုံးသားကလည်း ငါ့လိုပဲလေ။ ကိုလူချောလေး ငါ့ရဲ့နှလုံးသားကို ကြည့်ပါဦး"
အားလုံးက လက်ခုပ်လက်ဝါးတီးကာ ရယ်မောကြလေသည်။
"ဟားဟား အရမ်းပျော်ဖို့ကောင်းတာပဲ"
"ငါတို့တွေ ဒါကို မှတ်ထားရမယ်"
တစ်စုံတစ်ယောက်က ပြောလိုက်သည်။ "တရုတ်ဘာသာစကားအပြင် တခြားရောဘာရှိသေးလဲ"
လီလီကျန်းက မေးလိုက်သည်။ "ပထဝီနဲ့ဆိုင်တဲ့နည်းလမ်းမျိုးလား"
"ငါကတော့ ဂြိုလ်ပြာတစ်ခု မင်းကတော့ နေပတ်လမ်းကြောင်း။ နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းဦးရာသီ၊ ဆောင်းရာသီ။ အေးမြခြင်းနဲ့ နွေးထွေးမှုအားလုံးက မင်းအပေါ်မှာပဲ မူတည်ပါတယ်"
"ဝိုး" မိန်းကလေးတချို့က လက်ခုပ်လက်ဝါးတီးကာ တအံ့တဩ ပြောကြလေသည်။ "စိတ်ကူးယဥ်ဆန်လိုက်တာ"
"အင်္ဂလိပ်ဆိုရင်ရော။ အင်္ဂလိပ်နဲ့ ကိုယ့်ရဲ့အချစ်ကို ဘယ်လိုလုပ်ပြီးတော့ ဖော်ပြရမှာလဲ" တစ်စုံတစ်ယောက်က မေးလိုက်သည်။
ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့က ခဏလောက်စဉ်းစားနေသည့် ရှမြန်ကို ကြည့်လိုက်ပြီး ပြောလိုက်လေသည်။ "A,B,C,D,E,F,G"
သူတို့၏ စိတ်အားထက်သန် နေသည့်မျက်လုံးများကို ကြည့်လိုက်ပြီး ရှမြန်က ပြုံးကာရှင်းပြလိုက်၏။
"A boy can do everything for a girl"
"ဒါကတော့ ယောက်ျားလေးတွေ အတွက်ပဲ"
ယောက်ျားလေးများက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ကြတော့သည်။ "ဟုတ်ပြီ ဟုတ်ပြီ။ ငါ ဒီတစ်ခုကို ကြိုက်တယ်"
"ဟားဟား ဒါက မှတ်ရအလွယ်ဆုံးပဲ"
"သင်္ချာဆိုရင်ရော" တစ်စုံတစ်ယောက်က မေးလိုက်သည်။ "ဒါတွေအားလုံးက စိတ်ကြိုက်ဘာသာရပ်နဲ့ဆိုင်တဲ့ ဖွင့်ဟဝန်ခံခြင်း အကြောင်းအရာတွေပဲ။ သိပ္ပံနဲ့ ဆိုင်တဲ့ဟာရောရှိသေးလား"
"ရှိတာပေါ့" ဆွန်းယွဲ့ရှင်းက ချက်ချင်းစိတ်လှုပ်ရှားသွားလေသည်။ "သိပ္ပံနဲ့ အချစ်အကြောင်းကို ဖွင့်ပြောရတာက အရမ်းကိုမိုက်တာနော်"
အင်တာနက် မဖွံ့ဖြိုးသေးသည့်ဒီခေတ်တွင် အတန်းဖော်များသည် စိတ်ကြိုက်ဘာသာရပ်များ၏ ဖွင့်ဟဝန်ခံခြင်းကိုပင် တအံ့တဩဖြစ်နေကြလေသည်။ သူတို့သည် ပိုပြီးကောင်းမွန်သည့်အရာ ရှိသည်ဟု ကြားလိုက်ရချိန်တွင် စိတ်လှုပ်ရှားသွားကြတော့၏။
"ဘယ်လောက်တောင်မှ မိမိုက်လို့လဲ"
"ဟုတ်တယ် သိပ္ပံဘာသာရပ်နဲ့ အချစ်အကြောင်းကို ဘယ်လိုဖွင့်ပြောရမှာလဲ"
"..."
"ဒါက ဖော်မြူလာတစ်ခု လိုအပ်တယ်" ဆွန်းယွဲ့ရှင်းက ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး ဘယ်သူကမှ ပါတီပွဲသို့ စာရွက်နှင့်ဘောပင်ကိုယူမလာသည်ကို တွေ့လိုက်ရလေသည်။
လီလီကျန်းက စားသောက်ဆိုင်မီနူးကို ချရေးရန် အသုံးပြုသည့် မြေဖြူတစ်တောင့်ကို ယူလိုက်ကာ တံခါးဘက်သို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်၏။
လူတိုင်းကလည်း အပြင်သို့ လိုက်ထွက်လာကြသည်။ အခန်း၃က ကျောင်းသူကျောင်းသားများအပြင် အခန်း၁နှင့် အခန်း၆က လူများကလည်း ပျော်ရွှင်စရာကို ကြည့်ရှုဖို့ရန်အတွက် ထွက်လာခဲ့ကြသည်။
ဟိုတယ်၏ ဝင်ပေါက်ရှေ့တွင် ကြမ်းပြင်တစ်ခုရှိ၏။ တံစက်မြိတ်အောက်က ၀ပ်၁၀၀မီးအားရှိသည့် မီးသီးလုံးတစ်လုံးသည် ၀င်ပေါက်ကို လင်းထိန်နေအောင် အလင်းပေးထားလေသည်။ လီလီကျန်းက ကွန်ကရစ်ကြမ်းပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ကာ ဖော်မြူလာများကို ချရေးလိုက်၏။
ထင်ထားသည့် အတိုင်းပင် square rootဖြင့် ဖွင့်ပြောသည့် ဖော်မြူလာက ယောက်ျားလေးအားလုံးနှင့် မိန်းကလေးအားလုံးကို ရှော့ခ်ရသွားစေတော့သည်။ ကြမ်းပြင်ပေါ်က I love you ဟူသည့်စာကြောင်းကို ကြည့်ပြီး လူတိုင်းက တအံ့တဩဖြစ်သွားကြ၏။
"ဒါကမိုက်တာပဲ"
"ဝိုး တကယ်မိုက်တယ်"
မိန်းကလေးများက လက်ခုပ်တီးကြပြီး စိတ်လှုပ်ရှားစွာဖြင့် ခုန်ဆွခုန်ဆွလေး လုပ်လိုက်ကြကာ ရှမြန်ကလည်း သူတို့သည် တော်တော်လေး ချစ်စရာကောင်းသည်ဟု ထင်မိလေသည်။
လီလီကျန်းက ရူပဗေဒါဖော်မြူလာကို သူတို့အား ရှင်းပြပြီးသွားသည့်နောက်တွင် ရှမြန်ကပြုံးကာ ပြောလိုက်လေသည်။ "ငါ့မှာပိုပြီးတော့ အဆင့်မြင့်တဲ့ဟာတွေ ရှိသေးတယ်"
ထို့နောက်တွင်တော့ သူမသည် လီလီကျန်းဆီက မြေဖြူကိုယူလိုက်ကာ ဓာတုဗေဒါဖော်မြူလာတစ်ခုကို ချရေးလိုက်၏။ Mg+ZnSO=Zn+MgSO
"နင့်ရဲ့မဂ္ဂနီဆီယမ်က ငါ့နှလုံးသားလေးကို ခိုးသွားခဲ့ပြီ"
ထို့နောက်တွင်တော့ သူမက သင်္ချာ ဖန်ရှင်၂ခုကိုလည်း ချရေးလိုက်သေးသည်။ r=a(1-sinθ), x2+(y-3√2x)2=1
ဟန်ဟောက်ရန်သည် မြေကြီးပေါ်တွင် ချက်ချင်းဆောင့်ကြောင့် ထိုင်ချလိုက်ပြီး စပြီး တွက်ချက်လိုက်၏။ နောက်ထပ် ကောင်လေးတစ်ယောက်ကလည်း နောက်ထပ်ပုစ္ဆာတစ်ပုဒ်ကို ဖြေဖို့ရန် ဆောင့်ကြောင့်ထိုင်ချလိုက်လေသည်။
နောက်ဆုံး သူသည် စာတော်သည့် ကျောင်းသားတစ်ယောက်ဖြစ်လေသည်။ ခဏအကြာတွင် အသည်းပုံ၂ခုက မြေကြီးပေါ်တွင် ပေါ်ထွက်လာခဲ့၏။
"ဝိုး မိုက်လိုက်တာ"
"ဝိုး"
"ဟားဟား ဒါက ရှယ်မိုက်တာပဲ"
လူအုပ်ကြီး၏ တအံ့တသြ ဖြစ်နေသည့်မျက်နှာများကို ကြည့်လိုက်ပြီး ရှမြန်သည် မနေနိုင်တော့ဘဲ သူမ၏မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်ကာ ပြုံးလိုက်၏။ "နောက်ဆိုရင်လည်း ဆက်ပြီးတော့ ကြိုးစားကြပါ။ ဒီဖွင့်ပြောတဲ့ပုံစံက ငါတို့ရဲ့ ယန်တက္ကသိုလ် တွဲဖက်အထက်တန်းကျောင်းမှာပဲ ရှိသင့်တယ်"
"ဟုတ်တယ်"
"နင်တို့တွေ အခုအချိန်ကစပြီး နင်တို့ရဲ့ခံစားချက်တွေကို ဖွင့်ပြောတဲ့အချိန်ကျရင် အဲဒီလောက် ခမ်းခမ်းနားနားလေး ဖြစ်နေရမယ်နော်။ နားလည်လား"
"..."
တူညီသည့်ခံစားချက်များက လူတိုင်းကို ပိုပြီးနီးကပ်လာစေကာ ပတ်ဝန်းကျင်အခြေအနေက ပိုလို့ပင်တက်ကြွလာ လေတော့သည်။
ရုတ်တရက် မိန်းကလေးတစ်ယောက်က ပြောလိုက်၏။ "ဟိုဘက်ကို ကြည့်လိုက်ပါဦး။ လမ်းဖြတ်သွားတဲ့ ကောင်လေးတယောက်က အရမ်းချောတာပဲ။ နင်တို့တွေ ငါတို့ရဲ့စာသားတွေနဲ့ လိုက်ပြီးတော့ စမ်းကြည့်ချင်လား"
ဒါက ရယ်စရာတစ်ခုသာ ဖြစ်လေသည်။ သို့သော်ငြားလည်း ကောင်လေးများကတော့ ချက်ချင်းဆိုသလို စပြီးအားပေးကြတော့၏။ "ဟုတ်တယ် ဟုတ်တယ် နင်တို့တွေ အတူတူလုပ်ကြ။ ဒါမှ ငါတို့တွေလည်း ထိရောက်မှုကိုသိနိုင်မှာ"
"တကယ်လို့ သက်ရောက်မှုက ကောင်းတယ်ဆိုရင် ငါလည်း လိုက်လုပ်မယ်"
"လုပ်ကြ လုပ်ကြ"
"တွဲဖက်အထက်တန်းကျောင်းက မိန်းကလေးတွေ အသက်ရှည်ပါစေ"
"ဒီအတိုင်း လွယ်တဲ့ကဗျာလေးကိုပဲ သုံးပါ"
မိန်းကလေးများသည် ကောင်ကလေးများ၏ အားပေးမှုကြောင့် တက်ကြွလာလေတော့သည်။
ဆွန်းယွဲ့ရှင်းက သူမ၏မေးစေ့ကို ချီထားကာ ပြောလိုက်၏။ "လုပ်စမ်းပါ ဘယ်သူက ဘယ်သူ့ကို ကြောက်ရမှာလဲ"
သူမက လီလီကျန်းနှင့် ရှမြန်တို့၏လက်ကို တွဲထားပြီး သူတို့ပတ်ဝန်းကျင်က မိန်းကလေးများကို ပြောလိုက်လေသည်။ "အတူတူ အော်ကြရအောင်"
မိန်းကလေးများကလည်း ဒါကိုစိတ်ဝင်စားစရာ ကောင်းသည်ဟုထင်ပြီး ဘယ်စာကြောင်းတစ်ကြောင်းကို အော်ပြောကြမဲ့အကြောင်းကို အကျဉ်းချုံး ဆွေးနွေးလိုက်လေသည်။
သို့သော်ငြားလည်း စကားပြောရန် အချိန်ရောက်လာသည်တွင် အနည်းငယ် ရှက်ရွံ့နေကြသေး၏။
"မြန်မြန်လုပ်ပါ။ မြန်မြန်လုပ်ပါ။ သူတို့တွေ ထွက်သွားတော့မယ်"
သူတို့က ချီတုံချတုံ ဖြစ်နေသည်ကို တွေ့လိုက်ရသည်တွင် ကောင်လေးများက ချက်ချင်းဆိုသလို စကားဝိုင်းကို စတင်ပေးလိုက်ပြီး လမ်းတဖက်ကို အော်ပြောလိုက်လေသည်။ "အချစ်က အမြဲတမ်း အဲဒီနားမှာရှိနေတာပါ။ ငါတို့တွေ ဘယ်လောက်ဝေးဝေး ရှိနေတယ်"
မိန်းကလေးများက အံကြိတ်ထားလိုက်ကာ သူတို့၏မျက်လုံးများကို မှိတ်ထားလိုက်ကြပြီး အတူတူ အော်ပြောလိုက်ကြလေသည်။ "ကိုလူချောလေး နင် ငါ့ကို ပြန်ချစ်နိုင်လား"
ထိုသို့ အော်လိုက်ပြီးသည့်နောက်တွင် အားလုံးသည် မနေနိုင်ကြတော့ဘဲ ဝါးလုံးကွဲကာ အော်ရယ်ကြတော့၏။ သူတို့သည်ဘဝက အလွန်စိတ်ဝင်စားစရာကောင်းသည်ဟု ရုတ်တရက် ခံစားလိုက်ရပြီး ကြောက်စရာကောင်းသည့်အရာက ဘာမှမရှိတော့သယောင် ခံစားလိုက်ကြလေသည်။
ငယ်ရွယ်သူများသည် ဘဝကို ထိုက်တန်စေရန်အတွက် တချို့သော ရူးသွပ်မှုများကို အမြဲတမ်း ချန်ထားပေးသင့်၏။
ရှမြန်ကလည်း သူတို့၏ လွှမ်းမိုးခံလိုက်ရပြီး သူမ၏မျက်လုံးများကို ဆက်မှိတ်ထားလိုက်ကာ "တော်သေးတာပေါ့။ နင့်ရဲ့နှလုံးသားက ငါ့ရဲ့နှလုံးသားနဲ့ တစ်ထပ်တည်းဖြစ်နေလို့"
မိန်းကလေးများသည် ဒီတစ်ကြိမ်တွင်တော့ ရှက်ရွံ့မနေကြတော့ဘဲ ချောချောမွေ့မွေ့ ပြန်ဖြေလိုက်ကြ၏။ "ကိုလူချောရေ ငါ့နှလုံးသားကို လှည့်ကြည့်ပါဦး"
ရှမြန်က သူမ၏လက်၂ဖက်ကို ပါးစပ်နားတွင် ကပ်ထားပြီး အော်လိုက်လေသည်။ "ကိုလူချောရေ ဒီဘက်ကို လှည့်ကြည့်ပါဦး"
အားလုံးက ရယ်မောကြကာ ပြောလိုက်လေသည်။ "ဒီဘက်ကို ကြည့်လှည့်ပါဦး"
ကောင်ကလေးများက လေချွန်ကြပြီး အသည်းအသန် အားပေးကြကာ မိန်းကလေးများကတော့ သူတို့၏ဗိုက်များကို ကိုင်ပြီး လဲကျတော့ မတတ်ရယ်မောလိုက်ကြလေသည်။
လမ်းတစ်ဖက်တွင် ကိုလူချောလေးတစ်ယောက် ရှိမရှိကိုတော့ ဘယ်သူကမှ ဂရုမစိုက်ကြချေ။ သူတို့သည် ဒီအတိုင်း အလွန်ပျော်ရွှင်နေခြင်းသာဖြစ်လေ၏။
ပရော်ဖက်ဆာနှင့် လုပ်ဖော်ကိုင်ဖက်များကို နှုတ်ဆက်စကားပြောနေသည့် နဥ်ရှောက်ပိုင်:....
လူတိုင်းက ဒီလောက်ကျယ်လောင်သည့် ဆူညံသံတစ်ခုကို ကြားလိုက်ကြသည်မှာ အမှန်ပင်ဖြစ်သည်။ ဓာတ်ခွဲခန်းထဲက လူတော်တော်များများက သူတို့၏ခေါင်းကိုလှည့်ကာ စားသောက်ဆိုင်၏ မီးရောင်အောက်တွင် သောင်းကျန်းနေကြသည့် ကျောင်းသူ၊ ကျောင်းသားလေးများကို လှည့်ကြည့်လိုက်ကြ၏။
သူတို့အားလုံးက ချက်ချင်းပြုံးလိုက်ကြလေသည်။
"လူငယ်တွေပဲ"
"အရမ်းကို တက်ကြွကြတာပဲ"
"အသက်၁၈နှစ်၊ ၁၉နှစ်အရွယ်က တကယ်ကောင်းတဲ့အရွယ်ပဲလေ"
အထက်တန်းကျောင်းသားဘဝသည် လူတစ်ယောက်၏ ငယ်ရွယ်မှုတွင် အခက်အခဲဆုံးအချိန် ဖြစ်သည်မှာ သိသာသည်ကလည်း ထူးဆန်းနေသည်။ သို့သော်ငြားလည်း လူအများစုက သူတို့၏ဘဝတွင် အလွှမ်းမိုးရဆုံးအချိန် ဖြစ်သည်ကလည်း အမှန်ပင်။
နဉ်ရှောက်ပိုင်က အလယ်တွင် ရပ်နေသည့်ကလေးမလေးကို လှမ်းကြည့်လိုက်သည်။ သူမသည် အသံအကျယ်ဆုံး အော်ဟစ်လိုက်ပြီး အပျော်ရွှင်ဆုံး ရယ်မောနေရာ နဉ်ရှောက်ပိုင်က သူ့မျက်လုံးများကို ဖြည်းဖြည်းချင်း ကျဉ်းမြောင်းထားလိုက်၏။
"ပရော်ဖက်ဆာ ကျွန်တော် အခုပြန်လိုက်ပါဦးမယ်။ နှုတ်ဆက်ပါတယ်"
ကောင်းချုံးယင်းကလည်း သူ့နောက်လိုက်လာကာ ကားဘက်သို့ ပြန်သွားနေလိုက်ပြီး သူ့ကို ကားကြုံလိုက်စီးမည်ဟု စဉ်းစားလိုက်သော်ငြားလည်း နဉ်ရှောက်ပိုင်က သူ၏ခြေထောက်ကို မျက်နှာချင်းဆိုင်ဘက်သို့ လျှောက်သွားသည်ကို တွေ့လိုက်ရလေသည်။
နဉ်ရှောက်ပိုင်က ရှမြန်ဆီသို့ ဦးတည်သွားနေသည်ကို မြင်လိုက်ရသဖြင့် သူမ၏မျက်ခုံးများက တဖြည်းဖြည်း တွန့်ချိုးသွားလေတော့၏...
ကျောင်းသူ၊ ကျောင်းသားများဘက်တွင်တော့ ကောင်လေးတစ်ယောက်က ရုတ်တရက် ပြောလိုက်၏။
"ဟေ့ ကိုလူချောလေးတစ်ယောက်က ဒီဘက်ကို တကယ်ကြည့်နေတာနော်"
"ဝိုး သူ ဒီဘက်ကို လာနေပြီ"
မိန်းကလေးများသည် အော်ဟစ်ခဲ့သည့် အချိန်တုန်းကတော့ တော်တော်လေး သတ္တိရှိလှကြသည်။ သို့သော်ငြားလည်း သူတို့သည် တစ်စုံတစ်ယောက်က ဒီဘက်ကို အမှန်တကယ်လာနေသည်ဟု ကြားလိုက်ရသည့်အချိန်တွင် ချက်ချင်းဆိုသလို ရှက်ရွံ့စွာဖြင့် အနောက်သို့ကျုံ့သွားကြကာ တချို့က ဟိုတယ်ထဲသို့ပင် ပြေးဝင်သွားကြလေသည်။
ရှမြန်က ရယ်မောကာ ပြောလိုက်၏။ "ကြည့်ကြပါဦး။ နင်တို့တွေကြောက်နေတဲ့ပုံကလည်း..." သူမက ခေါင်းကို မော့လိုက်ပြီး ချဥ်းကပ်လာသည့် ကိုလူချောလေးနှင့် အကြည့်ချင်းဆုံသွားတော့သည်။
ရှမြန်:…
ရှမြန်သည် ချက်ချင်းကိုယ်ကိုလှည့်ကာ ပြောလိုက်၏။ "ငါ စားလို့မဝသေးတာ အခုမှသတိရတယ်..."
သို့သော်ငြားလည်း သူမသည် တံခါးဘောင်ကို ခြေလှမ်းလှမ်းလိုက်သည်နှင့်ချက်ချင်း တစ်စုံတစ်ယောက်က သူမ၏ကော်လံကို ဖမ်းဆွဲထားလိုက်၏။
ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့ကလည်း မတတ်သာတော့ဘဲ သူမတို့၏ မျက်နှာများကို အုပ်ထားလိုက်တော့သည်။
လမ်းပေါ်တွင် သောင်းကျန်းနေကြသည်ကို အိမ်က လူကြီးများကတွေ့သွားသလို ခံစားရပြီး အလွန်ရှက်ရွံ့နေမိကြလေသည်။
သို့သော်ငြားလည်း နဥ်ရှောင်ပိုင်ကတော့ စဉ်းစားတွေးတောပေးကာ ဘာမှမပြောလိုက်ချေ။ သူက ဒီအတိုင်း ပြုံးကာ ပြောလိုက်၏။ "ကျောင်းသား၊ ကျောင်းသူတွေ့ဆုံပွဲလား"
သူတို့၂ယောက်က ခေါင်းမြန်မြန်ညိတ်ပြလိုက်ကြသည်။
ရှမြန်က ကိုယ်ပြန်လှည့်လာပြီး ကိုးရိုးကားယားဖြင့် ပြုံးပြလိုက်၏။ "ဒေါက်တာနဥ် ဒေါက်တာနဥ် အလုပ်ခရီး သွားနေတာ မဟုတ်ဘူးလား။ ပြန်လာတာလည်း မြန်လှချည်လား"
"ရှင် ဘာဖြစ်လို့ ကျွန်မကို ကြိုမပြောတာလဲ"
နဉ်ရှောက်ပိုင်က သူမ၏ဆံပင်လေးကို အသာအယာ သပ်ပေးလိုက်ပြီး "ငါက မင်းကို စပရိုက်တိုက်ချင်လို့ မဟုတ်လား။ မင်းက ငါ့ကို အရင်ဆုံး စပရိုက်လိုက်မယ်လို့ မထင်ထားခဲ့ဖူးဘူးလေ"
လမ်းဘေးမှာ ရပ်ပြီးတော့ ဖြတ်သွားဖြတ်လာတွေကို အချစ်စကားဖွင့်ဟဝန်ခံနေတာတဲ့။ အရင်တုန်းက ဒီလိုဆက်ဆံမှုမျိုးကို သူတစ်ခါမှ မခံစားခဲ့ရဖူးဘူးလေ။
နဉ်ရှောက်ပိုင်၏မျက်လုံးများသည် ကြမ်းပြင်ပေါ်က အသည်းပုံ၂ခုဆီသို့ ရောက်ရှိသွားပြီး သူသည် တစ်ချက်ကြည့်လိုက်ရုံနှင့် ရှမြန်၏လက်ရေးကို ချက်ချင်းမှတ်မိသွားကာ ချီးကျူးစကားပြောလိုက်၏။ "စိတ်ကူးကောင်းပဲ"
ရှမြန်သည် မနေနိုင်တော့ဘဲ သူမ၏မျက်နှာကို ကွယ်ထားလိုက်ရတော့သည်။ လူငယ်တစ်ယောက်၏ ရူးသွပ်မှုကလည်း တန်ကြေးတစ်ခု ရှိနေသေးသည်။
လူမှုရေးအရ သေခြင်းတရားသည် ကြောက်စရာကောင်းနေပြီး ဖြစ်သော်ငြားလည်း သူမကတော့ အနာဂတ်လက်တွဲဖော်တစ်ယောက်နှင့် မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ရသေးသည်။
အို ဒါမှမဟုတ်လည်း အနာဂတ်လက်တွဲဖော်တစ်ယောက်ကို ပြစ်မှားမိတဲ့ လူမှုရေးကိစ္စရပ်တစ်ခုပေါ့။
ရှမြန်သည် ဒေါက်တာနဥ်ကသာ လမ်းပေါ်တွင်ရပ်နေပြီး ဖြတ်သွားသည့်မိန်းမလှလေးတစ်ယောက်ကို ဖွင့်ဟဝန်ခံနေသည်ကိုမြင်ခဲ့လျှင် ဘာဖြစ်လာမည်နည်းဟု စဉ်းစားမိနေ၏။
?
သူမသည် ထိုအကြောင်းအရာကို လုံးဝစိတ်ကူးကြည့်လို့ မရနိုင်ခဲ့ချေ။ ဒေါက်တာနဥ်က ဒီလိုကိစ္စမျိုးကို ဘယ်တော့မှ လုပ်လိမ့်မည် မဟုတ်...
ဒေါက်တာနဥ်၏ သဘောအကျရဆုံးအလုပ်မှာ အငြိုးအတေးထားရခြင်းသာ ဖြစ်ပေလိမ့်မည်။
ရှမြန်သည် သူ့ကိုဘယ်နှစ်ကြိမ်လောက် ပစ်မှားခဲ့မိသည့်အကြောင်းကို အမှတ်တမဲ့ စဉ်းစားမိလေတော့၏။
...
သွားပါပြီ။ ငါတော့ ဒီနေ့ည အသက်မရှင်နိုင်တော့ဘူး ထင်တယ်။
...