အဘိုးကုန်း
Vol. 45 Ch. 736
"ဒုတိယအဘိုးက ကျွန်တော့်အဘိုးရဲ့ အသက်သခင်ကျေးဇူးရှင်ပဲ။ ဒီလိုအသက်ကယ်ခဲ့တဲ့ ကျေးဇူးတရားကို ကျွန်တော်တို့ ဘယ်တော့မှ မမေ့ပါဘူး။
ခင်ဗျားတို့မိသားစုက လောဘကြီးလွန်းနေရင်တောင် အဘိုးမျက်နှာကိုထောက်ပြီး ကျွန်တော် မျက်စိတစ်ဖက်မှိတ်ပေးထားနိုင်ပါတယ်... ဒါပေမဲ့ ကျွန်တော့်အိမ်ထောင်ရေးကိုတော့ လုံးဝဝင်မစွက်ဖက်သင့်ဘူး။ ဒုတိယအဘိုးက အဘိုးကို ကယ်ခဲ့တာဆိုတော့ ဒုတိယအဘိုးကိုပဲ ကျေးဇူးပြန်ဆပ်မယ်။ နောက်နောင်ကျရင် ဒုတိယအဘိုးကို ကျွန်တော်ထောက်ပံ့မယ်။ သူ ကောင်းကောင်းနေ၊ ကောင်းကောင်းစားပြီး အကောင်းဆုံး ဝန်ဆောင်မှုတွေရအောင် ကျွန်တော် စီစဉ်ပေးမယ်။ ဒါကြောင့် ဒုတိယအဘိုးရဲ့ အငြိမ်းစားဘဝအတွက် ခင်ဗျား ပူစရာမလိုတော့ဘူး"
ကုန်းကျန့်ကျွင်း ကြားရလေလေ၊ ပို၍ ဇဝေဇဝါဖြစ်ကာ စိတ်မသက်မသာ ဖြစ်လာလေလေဖြစ်သည်။ သူ့စိတ်ထဲတွင် မကောင်းသော နိမိတ်ကို ခံစားလိုက်ရ၏။ သူ မမေးဘဲ မနေနိုင်တော့ချေ။
"မင်း... ဒါက ဘာသဘောလဲ"
ကုန်းထျန်းဟောက်က မဲ့ပြုံးပြုံးလိုက်သည်။
"မကြာခင် သိရမှာပါ"
ကုန်းထျန်းဟောက်၏ စကားဆုံးသည်နှင့် တစ်စုံတစ်ယောက်က ဖုန်းပွတ်ကြည့်လိုက်ရာ သတင်းအချို့ကို တွေ့လိုက်ရသည်။ သူက ရုတ်တရက် အံ့ဩတကြီး အော်ဟစ်လိုက်လေသည်။
"ဘုရားရေ... ဘာတွေဖြစ်ကုန်တာလဲ။ ကုန်းမိသားစု... အို... မဟုတ်ဘူး... ကုန်းမိသားစု ဒုတိယအိမ်ရဲ့ ရှယ်ယာတွေ ထိုးကျကုန်ပြီ။ အာ... ပြီးတော့ ကုန်းမိသားစု ဒုတိယအိမ်က လူတွေကို ဝတ်စုံနက်ဝတ်ထားတဲ့ လူတစ်စုက အိမ်ပေါ်ကနေ မောင်းချလိုက်ကြပြီတဲ့"
ထို့နောက် လူတိုင်း မိမိတို့၏ဖုန်းများကို ထုတ်ကာ စစ်ဆေးကြည့်လိုက်ကြသည်။ ကုန်းထျန်းဟောက် စကား၏အဓိပ္ပာယ်ကို သူတို့ ချက်ချင်း နားလည်သဘောပေါက်သွားကြ၏။
ကုန်းကျန့်ကျွင်းလည်း ဖုန်းကို ချက်ချင်းထုတ်ကာ အင်တာနက် ဖွင့်ကြည့်လိုက်လေသည်။
ယနေ့တွင် ကုန်းမိသားစုသည် သခင်မလေးကို မိသားစုထံ ပြန်လည်ကြိုဆိုပွဲကျင်းပနေခြင်း ဖြစ်သည်။ နိုင်ငံတစ်ဝန်းရှိ ထိပ်တန်းမီဒီယာများအားလုံး စုဝေးရောက်ရှိနေကြ၏။ ကုန်းမိသားစု ဒုတိယအိမ်အကြောင်း သတင်းဗီဒီယိုကို ထုတ်လွှင့်လိုက်သည်မှာ ပေကျင်းရှိ တတိယတန်းစား မီဒီယာတစ်ခု ဖြစ်နေသည်မှာ သဘာဝကျပေသည်။
ပုံမှန်အားဖြင့် အနေအထိုင်မထင်ရှားသော ကုန်းမိသားစုသည် ရုတ်တရက် လူသိရှင်ကြား ဖြစ်လာခဲ့သည်။ မီဒီယာများသည် ဤအခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ပေ။
သို့သော် မီဒီယာအားလုံး ကုန်းမိသားစုပိုင်နက်ထဲသို့ ဝင်ရောက်၍ အင်တာဗျူးရယူရန်နှင့် ရိုက်ကူးရန် အခွင့်အရေး မရရှိကြပေ။
အာရုံစိုက်မှုအားလုံးသည် ကုန်းမိသားစုသခင်မလေး ပြန်လာခြင်းအပေါ်တွင်သာ ရှိနေသည်။ ကျန်ရှိသော မီဒီယာများသည် အကြွင်းအကျန်များကိုသာ လုယူနေရ၏။ အချို့က ကုန်းမိသားစု ဒုတိယအိမ်နောက်သို့ လိုက်ရန် စဉ်းစားမိကြသည်။ ကုန်းမိသားစုနှင့် ပတ်သက်သမျှ အရာအားလုံးသည် သတင်းခေါင်းကြီးပိုင်း ဖြစ်လာမည် မဟုတ်ပါလား။ ကံကောင်းထောက်မစွာပင် သူတို့ အကျိုးရှိသွားခဲ့သည်။ သူတို့ သတင်းဦး ရရှိလိုက်ကြပြီဖြစ်သည်။
ရှိနေသောလူများ သတင်းနှင့် ဗီဒီယိုများကို မြင်သောအခါ လူအုပ်အလယ်တွင် ဒူးထောက်နေသော ကုန်းကျန့်ကျွင်းကို ကြည့်လိုက်ကြသည်။ အချို့လူများက သူ့ကို ရံဖန်ရံခါ ဝေဖန်လှောင်ပြောင်ကြလေသည်။
"ကုန်းမိသားစု ဒုတိယအိမ်က ဘာဖြစ်သွားတာလဲ။ ရှယ်ယာတွေ ရုတ်တရက် ထိုးကျသွားပြီး လူတစ်စုက သူတို့ကို အိမ်ပေါ်ကနေ မောင်းချလိုက်တယ်တဲ့။ ဒီလူတွေက ဘယ်သူတွေလဲ"
တစ်စုံတစ်ယောက်က တီးတိုးပြောလိုက်သည်။
"သိသာလွန်းပါတယ်။ ဒါကိုတောင် နားမလည်ဘူးလား။ သခင်လေးကုန်း လက်ချက်ပဲ နေမှာပေါ့။ ဒါမှမဟုတ်ရင် ကုန်းမိသားစု ဒုတိယအိမ်နဲ့ ပင်မအိမ်ရဲ့ ဆက်ဆံရေးကြောင့် ဘယ်သူက သူတို့ကို ထိရဲမှာလဲ"
ထိုလူက ချက်ချင်း နားလည်သွားသည်။
"အာ... ဒါဆို ဒုတိယအိမ်ရဲ့ ရှယ်ယာတွေ ထိုးကျသွားတာ သခင်လေးကုန်း လက်ချက်ပေါ့။ ဒါဆို ဒုတိယမိသားစုကို မောင်းချတဲ့ ဝတ်စုံနက်နဲ့လူတွေကရော"
"ကုန်းထျန်းဟောက်... ဒါ မင်းလက်ချက်လား"
ကုန်းကျန့်ကျွင်းက ကျယ်လောင်စွာ မေးခွန်းထုတ်လိုက်သည်။
ဤသတင်းဗီဒီယိုများကို မြင်လိုက်ရသည်နှင့် သူ ဒေါသထွက်လာခဲ့သည်။ ရင်ထဲမှ ဒေါသများကို ကုန်းထျန်းဟောက်အပေါ် ချက်ချင်း ပုံချလိုက်လေသည်။
ကုန်းထျန်းဟောက်က နှုတ်ခမ်းကို တွန့်ကွေးကာ မဲ့ပြုံးပြုံးလိုက်၏။
"ဟုတ်တယ်... ကျွန်တော့်လက်ချက်ပဲ"
သူ ဖုံးကွယ်ဖို့ပင် မကြိုးစားခဲ့ချေ။
"မင်း..."
ကုန်းကျန့်ကျွင်းက ကုန်းထျန်းဟောက်ကို လက်ညှိုးထိုးကာ ဒေါသတကြီး မေးလိုက်သည်။
"မင်းမှာ ဒီလိုလုပ်ဖို့ ဘာအခွင့်အရေးရှိလို့လဲ"
"ကျွန်တော့်မှာ ဘာအခွင့်အရေးရှိလဲ ဟုတ်လား"
ကုန်းထျန်းဟောက်က အေးစက်စွာ နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
"ဦးလေး... ခင်ဗျားတို့မိသားစု စားတာ၊ ဝတ်တာ၊ သုံးတာနဲ့ နေတာတွေအကုန်လုံး ကုန်းမိသားစုက ပေးထားတာလေ။ တစ်ဖက်မှာကျတော့ ဒီစည်းစိမ်နဲ့ အာဏာကို ခံစားနေပြီး အခြားတစ်ဖက်မှာကျတော့ ကျွန်တော်တို့ကို လုပ်ကြံဖို့ ကြံစည်နေကြတယ်။ အရင်တုန်းက ခင်ဗျား ကျွန်တော့်အပေါ် ဘာလုပ်ခဲ့လဲဆိုတာ ကျွန်တော် ကောင်းကောင်း မှတ်မိနေတယ်"
"အစကတော့ အဘိုးမျက်နှာကိုထောက်ပြီး ခင်ဗျားတို့မိသားစုကို စည်းစိမ်ဥစ္စာတွေနဲ့ နှစ်အနည်းငယ်လောက် ပျော်ပါးခွင့်ပေးဖို့ စီစဉ်ထားတာ။ ဒါပေမဲ့ ခင်ဗျားက သေလမ်းကို အတင်းရှာပြီး ပင်မအိမ်ကို ထိန်းချုပ်ဖို့အတွက် ပိုင်မိသားစုနဲ့ပေါင်းပြီး ကျွန်တော့်အိမ်ထောင်ရေးကို ဝင်စွက်ဖက်ခဲ့တယ်။ တကယ့်ကို ကောင်းတဲ့ အကြံအစည်ပဲလို့ ကျွန်တော် ပြောရလိမ့်မယ်"
လူအုပ်ထဲမှ အချို့က ခိုးရယ်လိုက်ကြသည်။ ကုန်းထျန်းဟောက်က သရော်နေမှန်း သူတို့ သိကြ၏။
ကုန်းမိသားစု ဒုတိယအိမ် ဤမျှလောက် လေးစားခံရခြင်းမှာ ပင်မအိမ်ကြောင့် ဖြစ်သည်။ ပင်မအိမ်သာမရှိလျှင် သူတို့သည် ဘာမှမဟုတ်ပေ။ မြို့တော်ရှိ တတိယတန်းစား မိသားစုကပင် သူတို့ကို ချေမှုန်းနိုင်၏။ သို့သော် ဒုတိယအိမ်သည် ၎င်းတို့နှင့်မဆိုင်သော အရာအားလုံးကို ရယူလိုစိတ်ဖြင့် ယောင်ယမ်းနေခဲ့ကြသည်။
ကုန်းထျန်းဟောက်စကားကို ကြားသောအခါ ကုန်းကျန့်ကျွင်း၏ မျက်နှာသည် နီလိုက်ဖြူလိုက် ဖြစ်သွားသည်။ ကြည့်ကောင်းသော မြင်ကွင်းတစ်ခုပင် ဖြစ်လေသည်။
တစ်စုံတစ်ယောက်က မလှောင်ပြောင်ဘဲ မနေနိုင်တော့ပေ။
"သူက ပုတ်သင်ညို ဖြစ်သွားတာလား"
"ဒုတိယအိမ်ကလူတွေက တကယ်အ,တာပဲ။ စည်းစိမ်အာဏာနဲ့ ပြည့်စုံတဲ့ဘဝကို ခံစားနိုင်ရက်နဲ့ သေလမ်းကို အတင်းရှာနေကြတယ်။ နံပါတ်တစ်မိသားစု ဖြစ်လာဖို့ပဲ အိပ်မက်မက်နေကြတာ။ သနားစရာကောင်းလိုက်တာ။ သူတို့ရည်မှန်းချက်တွေက ကြီးလွန်းပြီး သူတို့ရဲ့ ကိုယ်ကျင့်တရားက ရည်မှန်းချက်အောက်မှာ နစ်မြုပ်ပျောက်ကွယ်သွားပြီပဲ"
"ကုန်းမိသားစု ဒုတိယအိမ်က သူတို့ကိုယ်သူတို့ အထင်ကြီးလွန်းနေတာ။ ပင်မအိမ်သာ မရှိရင် သူတို့က ဘာမှမဟုတ်ဘူး"
"သခင်ကြီးကုန်းက သဘောကောင်းလွန်းနေတာပါ။ အရင်တုန်းက ဒုတိယအိမ်က သခင်လေးကုန်းကို လုပ်ကြံဖို့ ကြိုးစားတုန်းက သခင်ကြီးကုန်းက ခွင့်လွှတ်ပေးခဲ့ပြီးသား။ သူတို့က ဒီလောက်ကျေးဇူးကန်းပြီး ပင်မအိမ်ဆီက အရာအားလုံးကို လုယူဖို့ ဆက်ပြီး ကြံစည်နေမယ်လို့ ဘယ်သူက ထင်မှာလဲ"
"အခုတော့ ကောင်းသွားပြီ။ နောက်ဆုံးတော့ သူတို့ သခင်လေးကုန်းကို ဒေါသထွက်အောင် လုပ်လိုက်မိပြီ။ သခင်ကြီးကုန်းတောင်မှ ဘာမှညှာတာတော့မှာ မဟုတ်ဘူး"
အသံမျိုးစုံ ကုန်းကျန့်ကျွင်း၏ နားထဲသို့ ဝင်ရောက်လာသည်။ သူ တုန်လှုပ်သွားကာ ဒေါသထွက်ပြီး စိတ်အနှောင့်အယှက် ဖြစ်သွားရ၏။
သူ နောက်ထပ်မေးခွန်းများ မမေးနိုင်မီ ကုန်းထျန်းဟောက်က အေးစက်စွာ ပြောလိုက်သည်။
"ကုန်းမိသားစုက ပေးခဲ့ဖူးတာတွေကို အခု ကုန်းမိသားစုက ပြန်ယူနေတာ။ ခင်ဗျားတို့ကုမ္ပဏီက ကုန်းမိသားစုပိုက်ဆံနဲ့ ဖွင့်ထားတာ။ ခင်ဗျားတို့အိမ်ကလည်း ကျွန်တော့်ပိုက်ဆံနဲ့ ဝယ်ထားတာ။ ခင်ဗျားတို့ဆီမှာ ရှိသမျှအရာအားလုံးက ကျွန်တော် ပေးထားတာတွေချည်းပဲ။ ဒါကြောင့် အကုန်ပြန်ယူဖို့ ကျွန်တော့်မှာ လုပ်ပိုင်ခွင့်အပြည့်အဝရှိတယ်"
ကုန်းကျန့်ကျွင်း ဤစကားကို ကြားသောအခါ ချက်ချင်း စိတ်ဓာတ်ကျသွားသည်။ ထို့နောက် သူ့အကြည့်က ကုန်းထျန်းဟောက်ဘေးတွင် ရပ်နေသော သခင်ကြီးကုန်းထံ ရောက်သွားပြီး သူ့မျက်လုံးများ ချက်ချင်း အရောင်တောက်လာခဲ့သည်။ သူသည် သခင်ကြီးကုန်းရှေ့တွင် အလျင်အမြန် ဒူးထောက်လိုက်ပြီး မျက်ရည်စက်လက်ဖြင့် အော်ဟစ်လိုက်လေသည်။
"ဦးကြီး... ကျွန်တော်တို့ မှားမှန်း သိပါပြီ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ နောက်တစ်ခါ မလုပ်တော့ပါဘူး။ ဦးကြီးနဲ့ ကျွန်တော့်အဖေက သွေးရင်းညီအစ်ကိုတွေပါ။ ဦးကြီးရဲ့မြေးက ကျွန်တော်တို့ကို မျိုးတုန်းသတ်ဖြတ်တာကို ဒီအတိုင်း ကြည့်နေတော့မှာလား။ ဦးလေး... ဒီနေ့က ကျွန်တော့်တူချွေးမ ကုန်းမိသားစုကို ပထမဆုံးရောက်လာတဲ့နေ့လေ။ ဒီလိုသတ်ဖြတ်မှုမျိုး ဖြစ်လာအောင် ဦးလေး တကယ်ပဲ ခွင့်ပြုလိုက်မှာလား။ အဲဒါက ထျန်းဟောက်ကို သိပ်ရက်စက်တဲ့ပုံ ပေါက်သွားစေလိမ့်မယ်"
ကုန်းထျန်းဟောက်ကို လုပ်ကြံရန် သူကြိုးစားခဲ့စဉ်က သူ့ဦးကြီးသည် သူ့ကို ခွင့်လွှတ်ရန် ရွေးချယ်ခဲ့ဖူးသည်။ ထို့ကြောင့် သူ့ဦးကြီးသည် စိတ်နှလုံးနူးညံ့မှန်း ကုန်းကျန့်ကျွင်း သိနေသည်။
ကုန်းထျန်းဟောက်က သွေးအေးသတ္တဝါဖြစ်သည်။ သူ့ကို တောင်းပန်နေမည့်အစား သခင်ကြီးကုန်းကို အကူအညီတောင်းတာက ပိုကောင်းလိမ့်မည်။
ကုန်းထျန်းဟောက်၏ မျက်လုံးများထဲတွင် တင်းမာသောအရိပ်အယောင် ဖြတ်သန်းသွားသည်။
'ကုန်းကျန့်ကျွင်းက တကယ် အသုံးမကျတဲ့လူပဲ။ အခုချိန်ထိ ကိုယ်ကျင့်တရားကို လက်ကိုင်ပြုပြီး ငါတို့ကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတုန်း။ သူ့ရဲ့တောင်းပန်မှုတွေက တကယ်တော့ ခြိမ်းခြောက်မှုတွေပဲ။ ငါသာ ခြိမ်းခြောက်ထားတဲ့အတိုင်း တကယ်လုပ်လိုက်ရင် ကိုယ့်မိသားစုအပေါ် ရက်စက်တဲ့လူအဖြစ် တံဆိပ်ကပ်ခံရမယ်လို့ အဘိုးကို ပြောနေတာပဲ။ ဒီနေ့က လင်းယွီ ကုန်းမိသားစုကို ပြန်ရောက်လာတဲ့ ပထမဆုံးနေ့။ သာမန်မိန်းမတစ်ယောက်ဆိုရင် သွေးအေးတဲ့ ခင်ပွန်းသည်နဲ့ မပတ်သက်ချင်ကြဘူး။ သူတို့ရဲ့ လုံခြုံရေးအတွက် ကြောက်လန့်နေကြမှာ'
ကုန်းထျန်းဟောက်က လှောင်ရယ်လိုက်သည်။
'ဒါပေမဲ့ ယွီအာက အဲဒီလို တုံးအတဲ့မိန်းမမျိုးလို့ သူတို့ ထင်နေကြတာလား'
သခင်ကြီးကုန်း ဤစကားကို ကြားသောအခါ မျက်နှာ ချက်ချင်း မဲမှောင်သွားပြီး အေးစက်စွာ ပြောလိုက်သည်။
"ကုန်းကျန့်ကျွင်း... အခုမှ မင်းက ဆွေမျိုးတော်စပ်မှုကို ထည့်ပြောနေတာလား။ ငါ့မိသားစုကို ဖျက်ဆီးဖို့ ကြိုးစားတုန်းကကျ ဘာလို့ ဒါကို မတွေးခဲ့တာလဲ။ မင်းအဖေနဲ့ ငါက ရင်းနှီးပေမယ့် မင်းက ငါ့မြေးကို လုပ်ကြံပြီး ဖြုတ်ချဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တာလေ။။ ဒါကြောင့် ဆွေမျိုးတော်စပ်မှုကို ဂရုမစိုက်တဲ့ သွေးအေးတဲ့လူက ဘယ်သူလဲ။ ပြီးတော့ ယွီအာကို ဝေခွဲမရဖြစ်အောင် ဒီစကားတွေ သုံးဖို့ မကြိုးစားနဲ့။ ဒါက သူ ပြန်ရောက်လာတဲ့ ပထမဆုံးနေ့ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူက ကုန်းမိသားစုအကြောင်း အရာအားလုံးကို သိပြီးသား။
ဒါကြောင့် မင်း ထျန်းဟောက်ကို ဘယ်လိုပဲ အသေရေဖျက်ပါစေ၊ သူတို့ရဲ့ ဆက်ဆံရေးကို မင်း ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး"
ကုန်းကျန့်ကျွင်း ဤစကားကို ကြားသောအခါ ပါးစပ်ဟလိုက်သော်လည်း ဘာပြောရမှန်း မသိဖြစ်သွားသည်။
အစမှ အဆုံးထိ ရှောင်းလင်းယွီသည် ကုန်းထျန်းဟောက်ဘေးတွင် ရပ်နေပြီး အသံမထွက်ခဲ့ပေ။ သူမ ထျန်းဟောက်ကို ယုံကြည်သည်။ သူတို့ကြားတွင် သွေးခွဲရန် မည်သူမျှ မလုပ်ဆောင်နိုင်ပေ။
ကုန်းကျန့်ကျွင်းသည် ဖုန်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ သူ့မျက်နှာမှာ ဖြူဖျော့နေ၏။ ထို့နောက် သူက ရှောင်းလင်းယွီကို ကြည့်ကာ ပြောလိုက်သည်။
"တူချွေးမလေး... ဦးလေးတို့ မှားမှန်း သိပါပြီ။ ဦးလေးတို့အတွက် အသနားခံပေးလို့ ရမလား"
သို့သော် ရှောင်းလင်းယွီ ပြန်မဖြေနိုင်မီ စူးရှပြီး ရူးသွပ်နေသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
"နင်... ခွေးမ... ဒါတွေအားလုံး နင့်ကြောင့်ဖြစ်ရတာ။ သေလိုက်တော့"
"အား..."
အခင်းဖြစ်ပွားရာနေရာသည် အော်ဟစ်သံများဖြင့် ပြည့်နှက်သွားလေသည်။
***