အတွေးများ
Vol. 45 Ch. 740
"ယွီအာ၊ မင်း ကုန်းမိသားစုကို ပြန်ရောက်ပြီးရင်၊ ရင်ဆိုင်ရနိုင်တာကတော့ ကျင်းချန်က အဲ့ဒီလို အချင်းချင်းလှည့်ဖြားလိမ်ညာတာတွေ၊ မျက်နှာကြီးရာ ဟင်းဖတ်ပါတာတွေပဲ။"
အပြင်လူများ ထွက်သွားပြီးနောက် သခင်ကြီးကုန်းသည် အလေးအနက်ထားသော လေသံဖြင့် ရှောင်လင်းယွီ အား ပြောလေသည်။
"ဒါပေမဲ့၊ မင်းရဲ့ အခု သရုပ်မှန်နဲ့ဆိုရင် ဘယ်သူ့ကိုမှ မျက်နှာလုပ် ဖြည့်ဆည်းပေးစရာ လုံးဝ မလိုဘူး။ မင်း ကျင်းချန်မှာ ဘာလုပ်ချင်လဲ၊ စိတ်ကြိုက်သာ လုပ်၊ လွတ်လွတ်လပ်လပ် လုပ်၊ မင်းမဲ့စရိုက်ဆန်ဆန်လုပ်ရင်တောင် ရတယ်။ အတိုချုပ်ပြောရရင် မင်းကို အနိုင်ကျင့်တဲ့လူနဲ့ တွေ့ရင် မင်း စိတ်ကြိုက် ပြန်အနိုင်ကျင့်လိုက်။ ဘာပဲဖြစ်ဖြစ် မင်းရဲ့ နောက်ကွယ်မှာ အဘိုး ရှိတယ်။ ကုန်းမိသားစုက မင်းအတွက် အားပေးထောက်ခံနေတယ်။"
တာဝန် လုယူခံလိုက်ရသော ကုန်းထျန်းဟောက်သည် အနည်းငယ် မတတ်သာဟန်ဖြင့် ပြောလိုက်သည်။
"အဘိုး၊ ဒီစကားတွေက ကျွန်တော် ပြောရမှာပါ။ ခင်ပွန်းက ဇနီးကို ကာကွယ်တာ၊ အဲ့ဒါက မလွဲမသွေလုပ်ရမယ့်ကိစ္စပဲ။ ယွီအာ၊ မင်းသာ ဆန္ဒရှိမယ်ဆိုရင် ကျင်းချန် တစ်မြို့လုံးမှာ မင်း ဘေးတိုက်တောင် လျှောက်သွားလို့ ရတယ်။ မင်းကို တစ်ခွန်းတောင်ပြောရဲတဲ့သူ မရှိစေရဘူးလို့ ကိုယ် အာမခံတယ်။"
ရှောင်လင်းယွီ "..."
ဘေးတိုက် လျှောက်သွားဆိုတော့ ဘယ်လိုလျှောက်ရမှာလဲ။ ဂဏန်းလိုလျှောက်ရမှာလား။
ကုန်းထျန်းဟောက်သည် ဆက်လက်၍ ပြောလိုက်သည်။ "မင်း ကုန်းမိသားစုကို ပြန်လာခဲ့မှတော့၊ မင်းရဲ့ သရုပ်မှန်က တရားဝင်ဖြစ်သွားပြီ။ မင်းရဲ့နောက်ခံက ဘယ်သူ့ကိုမဆို ဖိနှိပ်ထားနိုင်တယ်။ စိတ်ချ၊ တကယ်လို့ မျက်စိမရှိတဲ့ တစ်ယောက်ယောက်က မင်းကို လာရှုပ်ခဲ့ရင် သူ မနက်ဖြန်အထိ အသက်ရှင်မှာ မဟုတ်ဘူးလို့ ကိုယ် အာမခံတယ်။"
သခင်ကြီးကုန်းကလည်း "ယွီအာ၊ မင်းရဲ့ အခု ကုန်းမိသားစု သခင်မလေးဆိုတဲ့ အထောက်အထားက ဧကရာဇ်ရဲ့ အာဏာကုန် လွှဲအပ်ထားတဲ့ ဓားပဲ။ ဘယ်သူ မင်းကို အနိုင်ကျင့်လဲ၊ တက်ပြီး ဓားတစ်ချက်တည်းနဲ့ ရှင်းပစ်လိုက်။"
ရှောင်လင်းယွီ : "......"
သူမသည် လူသတ်ရူးတစ်ဦးမှ မဟုတ်တာ၊ ရောက်ရောက်ချင်း တိုက်ခိုက်သတ်ဖြတ်ရန် အော်ဟစ်နေရန် လိုအပ်လို့လား။
ရှောင်လင်းယွီသည် ပြုံးလိုက်ပြီး၊ "အဘိုး၊ ထျန်းဟောက်၊ ရှင်တို့က ကျွန်မကို ဒီလောက် အနိုင်ကျင့်ခံရလွယ်တဲ့ လူလို့ ထင်နေတာလား။ တစ်ဖက်က ကိုယ့်ကို မစော်ကားရင်၊ ကိုယ်က တစ်ဖက်ကို မစော်ကားဘူး။ တစ်ဖက်က ကိုယ့်ကို စော်ကားလာတာနဲ့ ကျွန်မ ဆယ်ဆ ပြန်ပေးမှာ။ ရှင်တို့လည်း သိသားပဲ၊ ကျွန်မက အခု ထူးခြားတဲ့စွမ်းအင်ရှိတဲ့ လူတစ်ယောက်လေ။ ဘယ်သူ ကျွန်မကို စိတ်ဆိုးအောင် လုပ်လဲ၊ လက်သီးတစ်ချက်၊ ကန်ချက်တစ်ချက်ပဲလိုတယ်။ သူတို့ ကျွန်မကို ဘာလုပ်နိုင်မလဲ ကြည့်ရသေးတာပေါ့။"
ကုန်းထျန်းဟောက်နှင့် သခင်ကြီးကုန်းတို့သည် ဦးစွာ တစ်ချက် ကြောင်သွားပြီးနောက် အကျယ်ကြီး ရယ်မောလိုက်ကြသည်။ "ဟားဟား၊ ဟုတ်တယ်။ ငါတို့အိမ်က ချွေးမက ဘယ်လိုလုပ် လူတွေရဲ့စိတ်တိုင်းကျ အနိုင်ကျင့်ခံရမယ့် သခင်မလေးမျိုး ဖြစ်နိုင်မှာလဲ။"
သို့သော် ချက်ချင်းပင် သခင်ကြီးကုန်းသည် အလွန်တည်ကြည်စွာ ပြောလိုက်သည်။ "ယွီအာ၊ ကျင်းချန်မှာ လူတွေကများပြီး ကြည့်နေကြတဲ့မျက်လုံးတွေလည်းများတယ်။ မင်းမှာ နေရာလွတ်စွမ်းအင်ရှိတဲ့ကိစ္စကို လုံးဝ ဖွင့်ချလို့မဖြစ်ဘူး၊ သိရဲ့လား။"
ကုန်းထျန်းဟောက်သည် မျက်လုံး လှန်လိုက်သော်လည်း အလွန် ဩဇာအာဏာရှိစွာ ပြောလိုက်သည်။ "အဘိုး၊ ယွီအာကို ကျွန်တော် ကာကွယ်ပေးထားတာပဲ။ ဘာကြောက်စရာရှိလို့လဲ။"
သခင်ကြီးကုန်းသည် ကုန်းထျန်းဟောက်အား မျက်စောင်းတစ်ချက်ထိုးလိုက်ပြီးနောက် အလွန် ပြင်းထန်စွာ အမည်နှင့် မျိုးရိုးနာမည်ကို တွဲလျက် ခေါ်လိုက်၏။ "ကုန်းထျန်းဟောက်။"
ကုန်းထျန်းဟောက်သည် တစ်ချက်တုန်သွားပြီး၊ ထို့နောက် အမူအရာသည် တည်ကြည်သွား၏။
သခင်ကြီးကုန်းသည် ချက်ချင်း တည်ကြည်စွာ ဝေဖန်လိုက်သည်။ "ကုန်းထျန်းဟောက်၊ မင်း မသိဘူးလား၊ ဒီလူတွေအားလုံးက လောဘကြီးကြတယ်ဆိုတာ။ တကယ်လို့ လူတွေက ယွီအာလက်ထဲမှာ လူကို ခန္ဓာကိုယ် သန်မာစေ၊ အသက်ရှည်စေပြီး၊ သေရာကနေတောင် ပြန်ရှင်လာစေနိုင်တဲ့ ပစ္စည်းရှိနေမှန်း သိသွားရင်၊ အပေါ်က လူတွေက လွှတ်ပေးလိမ့်မယ်လို့ မင်း ထင်နေလား။ တစ်ချိန်တည်းမှာပဲ၊ အဲ့ဒီ ကိုယ့်ကိုယ်ကိုယ် မကြာခင် သေတော့မယ်လို့သိနေတဲ့ ဩဇာအာဏာရှိ ပုဂ္ဂိုလ်ကြီးတွေ သူတို့က သူတို့ကို ကုသပေးနိုင်ပြီး၊ သူတို့ကို အသက်ရှည်စေနိုင်တဲ့ အံ့ဖွယ်ပစ္စည်း ရှိမှန်း သိသွားရင်၊ သူတို့က လွှတ်ပေးလိမ့်မယ်လို့ မင်း ထင်နေလား။ မှန်တယ်၊ ငါတို့ ကုန်းမိသားစု၊ မင်း ကုန်းထျန်းဟောက်က အခု အင်အားကြီးမားတယ်။ ဒါပေမဲ့ လူ့စိတ်နှလုံးက ခန့်မှန်းရခက်တယ်လေ။ ပုဂ္ဂိုလ်ကြီးတွေ အားလုံးက မင်းတစ်ယောက်တည်းကို ဝိုင်းတိုက်ခိုက်လာတဲ့အခါ၊ အဲ့ဒီအချိန်ကျမှ ငါ ဘာကြောက်စရာ ရှိလို့လဲ၊ ငါ့မိန်းမကို ငါ သေချာပေါက် ကာကွယ်နိုင်တယ်လို့ ထပ်လာပြောစမ်းပါ။"
အရာအားလုံးကို တိုင်းတာနိုင်သော်လည်း၊ လူ့စိတ်နှလုံးသည်သာ တိုင်းတာရန် အခက်ခဲဆုံး ဖြစ်၏။ ရှေ့တစ်စက္ကန့်တွင် ကောင်းမြတ်နေနိုင်သော်လည်း၊ နောက်တစ်စက္ကန့်တွင်မူ ဆိုးယုတ်သူတစ်ဦး ဖြစ်နေမည်ကို မပြောနိုင်ပေ။ မည်သူမျှ မိမိကိုယ်ကိုယ် ရာနှုန်းပြည့် ကောင်းမြတ်သည်ဟု အာမမခံနိုင်ပေ။ ထို ဆိုးယုတ်သောသူများ၏ နှလုံးသားသည်လည်း အနီရောင်ပင် ဖြစ်၏။
ကုန်းထျန်းဟောက် ကြားသော် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အလွန်အလေးအနက် ပြောလိုက်သည်။ "အဘိုး၊ အဘိုး ပြောတာ မှန်ပါတယ်။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းသွားတယ်။"
သခင်ကြီးကုန်းသည် သက်ပြင်းတစ်ချက်ကို ညင်သာစွာ ချလိုက်ပြီး၊ ခပ်ပေါ့ပေါ့ ပြောလိုက်သည်။ "ယွီအာရဲ့ကိုယ်ပေါ်မှာ ဒီလို အံ့ဖွယ်ပစ္စည်းမျိုး ရှိနေတာက ကောင်းကျိုးနဲ့ ဆိုးကျိုး ဒွန်တွဲနေတာပဲ။"
ဤအချိန်မှာပင်၊ ရှောင်လင်းယွီသည် ရုတ်တရက် ပြောလိုက်သည်။ "ထျန်းဟောက်၊ ကျွန်မတို့ နိုင်ငံတော်နဲ့ ပူးပေါင်းဆောင်ရွက်လို့ ရတယ်။"
ကုန်းထျန်းဟောက်နှင့် သခင်ကြီးကုန်းတို့ ကြားသော် ချက်ချင်း အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီးနောက် နှစ်ဦးစလုံး၏ မျက်လုံးများသည် မထိန်းနိုင်ဘဲ အရောင်တောက်သွားကြ၏။
ထို့နောက် ကုန်းထျန်းဟောက်က မေးလိုက်သည်။ "ယွီအာ၊ မင်းမှာ ဘာအကြံဉာဏ် ရှိလို့လဲ။"
ရှောင်လင်းယွီက၊ "အဘိုး၊ ထျန်းဟောက်၊ ကျွန်မ သိတယ်၊ ရှင်တို့နှစ်ယောက်လုံးက အရင်က တပ်ဖွဲ့က လူတွေ၊ နိုင်ငံတော်ရဲ့ လူတွေ။ ရှင်တို့ရဲ့ နိုင်ငံတော်အပေါ် ထားရှိတဲ့ တာဝန်သိစိတ်က ဘယ်သူ့ထက်မဆို ပိုပြီး ပြင်းထန်တယ်။ ကျွန်မက ရှင်တို့ရဲ့ မိသားစုဝင်တစ်ယောက်အနေနဲ့ ရှင်တို့ကို ဂုဏ်ယူတယ်၊ ဝင့်ကြွားတယ်။ ကျွန်မက အဘိုးနဲ့ ယောက်ျား၊ ရှင်တို့ရဲ့ ခြေရာနောက်ကို လိုက်ပြီး ဒီနိုင်ငံတော်အတွက် အင်အားတစ်ခုအဖြစ် ပါဝင်ချင်တယ်။"
သခင်ကြီးကုန်းသည် အလွန် ပျော်ရွှင်စွာ ပြောလိုက်သည်။ "ယွီအာ၊ မင်းက တကယ် အလိုက်သိတတ်တဲ့ ကလေးပဲ။ အဘိုး မင်းအတွက် ဝမ်းသာတယ်။"
ရှောင်လင်းယွီ က ပြုံးလျက်၊ "ကျွန်မက အဘိုးကို စံနမူနာ ယူထားတာပါ။ ကျွန်မရဲ့ နေရာလွတ် ထဲက ဝိညာဉ်စမ်းရေက အတိုင်းအတာတစ်ခုအထိ ခန္ဓာကိုယ် သန့်စင်ပေးတဲ့ အာနိသင် ရှိတယ်။ ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတယ်။ ခန္ဓာကိုယ်ကို သန်မာစေတယ်။"
ရှောင်လင်းယွီ ဤသို့ ပြောလိုက်သည်နှင့် ကုန်းထျန်းဟောက် မြေးအဘိုးနှစ်ဦးသည် ချက်ချင်း နားလည်သွားကြသည်။ "ယွီအာ၊ မင်း ဆိုလိုချင်တာက..."
ရှောင်လင်းယွီက ခေါင်းညိတ်လိုက်ပြီး ဆိုသည်။ "ဟုတ်တယ်။"
သခင်ကြီးကုန်း နှင့် ကုန်းထျန်းဟောက်တို့သည် ချက်ချင်း တွေးတောစဉ်းစားမှုထဲသို့ နစ်မြုပ်သွားကြ၏။ ရှောင်လင်းယွီ ပြောခဲ့သကဲ့သို့ပင် သူတို့သည် ယခင်က တပ်ဖွဲ့မှ စစ်သားများ၊ နိုင်ငံတော်၏လူများ ဖြစ်ခဲ့ကြပြီး၊ သူတို့၏နိုင်ငံတော်အပေါ်ထားရှိသော တာဝန်သိစိတ်၊ တာဝန်ယူမှုစိတ်သည် မည်သူ့ထက်မဆို ပို၍ ပြင်းထန်လေသည်။ ထို့ကြောင့် သူတို့သည် ဧကန်မလွဲ နိုင်ငံတော် တပ်မတော် ပိုမို အင်အားကြီးမားလာစေရန် မျှော်လင့်ကြပြီး၊ ဤသို့ဖြင့် အိမ်နှင့် နိုင်ငံကို ပိုမို ကာကွယ်နိုင်ကာ နိုင်ငံတော်အား ပို၍တည်ငြိမ်အေးချမ်းစေမည် ဖြစ်၏။
သူတို့၏ ကျယ်ပြန့်သော အမြင်ရှုထောင့်အရ၊ သူတို့သည် ရှောင်လင်းယွီက နေရာလွတ်ထဲမှ ပစ္စည်းများကို ထုတ်ယူကာ တပ်မတော်တွင် အသုံးပြုစေပြီး၊ စစ်သားတိုင်းအား သန်မာသော ခန္ဓာကိုယ်တစ်ခုစီ ရရှိစေရန် မျှော်လင့်ကြ၏။
သို့သော်၊ ပစ္စည်းများကို ထုတ်ပေးမည့်သူမှာ ရှောင်လင်းယွီ ဖြစ်နေ၏။ သူ့ဇနီး (မြေးချွေးမ) ဖြစ်နေလေသည်။ ဤသို့ လောကကို တုန်လှုပ်စေနိုင်သော ပစ္စည်းမျိုးသည် လောကတွင် ပေါ်ပေါက်လာသည်နှင့် သူမသည် ပိုမိုကြီးမားသော အန္တရာယ်များနှင့် ရင်ဆိုင်ရမည်ကို ဆိုလိုနေပြီး ထိုအန္တရာယ်သည် ပြည်တွင်းမှသာမက ကမ္ဘာတစ်ဝန်းလုံးမှ လာပေလိမ့်မည်။
ထို့ကြောင့် သူတို့၏ကိုယ်ပိုင်အတ္တစိတ်အရ၊ သူတို့သည် ရှောင်လင်းယွီအား ထိုမျှကြီးမားသော အန္တရာယ်မျိုးနှင့် ရင်ဆိုင်စေရန် ပို၍ပင် ဆန္ဒမရှိကြပေ။
ကုန်းထျန်းဟောက် နှင့် သခင်ကြီးကုန်းတို့သည် လက်ရှိအချိန်တွင် သာမန်လူများအားလုံးကဲ့သို့ပင် တာဝန်သိစိတ်နှင့် ကိုယ်ပိုင်အတ္တစိတ်တို့ကြားတွင် လမ်းပျောက်လျက် တုံ့ဆိုင်းနေကြ၏။
ခေတ္တမျှ ကြာပြီးနောက်၊ သခင်ကြီးကုန်းသည် သက်ပြင်းတစ်ချက်ကို ညင်သာစွာ ချလိုက်ပြီး၊ "ဒါဆိုရင်တော့ ငါ အပေါ်ကလူတွေနဲ့ သွားဆွေးနွေးကြည့်လိုက်မယ်။"
ကုန်းထျန်းဟောက်ကမူ ကိုယ်ပိုင်အတ္တစိတ်ဖြင့် ခေါ်လိုက်သည်။ "အဘိုး။"
သူကတော့ တုံ့ဆိုင်းနေပြီး သိပ်သဘောမတူသော အခြေအနေတွင် ရှိနေ၏။ သူ့ဇနီးအား မည်သည့် အန္တရာယ်မျိုးတွင်မဆို ကျရောက်စေရန် မလိုလားပေ။ သူ ကုန်းထျန်းဟောက်သည် အင်အားကြီးမားသည် မှန်သော်လည်း၊ သူသည် နတ်ဘုရားတစ်ပါး မဟုတ်သေးပေ။ ယွီအာအား တစ်စုံတစ်ရာ ချို့ယွင်းမှု မရှိစေဘဲ ကာကွယ်ပေးနိုင်ရန် လုံးဝ မဖြစ်နိုင်သေးပေ။
ရှောင်လင်းယွီသည် ချက်ချင်း ကုန်းထျန်းဟောက်၏လက်ကို ဆွဲလိုက်ပြီး သူ့အား ညင်သာစွာ ခေါင်းခါပြလိုက်ကာ၊ ထို့နောက် ပြုံးလျက် ပြောလိုက်သည်။ "ထျန်းဟောက်၊ ကျွန်မ ဒီအန္တရာယ်တွေကို မကြောက်ပါဘူး။ ကျွန်မ ယုံကြည်တယ်၊ ရှင်ပဲ ဖြစ်ဖြစ်၊ နိုင်ငံတော်ပဲ ဖြစ်ဖြစ်၊ အားလုံးက ကျွန်မကို သေချာပေါက် ကာကွယ်ပေးကြမှာပဲ၊ ဟုတ်တယ် မဟုတ်လား။"
ရှောင်လင်းယွီ ဤသို့ ပြောသည်ကို ကြားသော် ကုန်းထျန်းဟောက်သည် ရှောင်လင်းယွီအား ခေတ္တမျှ စိုက်ကြည့်နေပြီးနောက် သူမအား ရင်ခွင်ထဲသို့ ပွေ့ဖက်လိုက်ကာ သက်ပြင်းတစ်ချက်ကို ညင်သာစွာချလျက် ပြောလိုက်သည်။ "မင်းက ဒီလို ဆုံးဖြတ်ပြီးမှတော့ ကိုယ် မင်းကို ဘယ်လိုများ လုပ်နိုင်ဦးမှာလဲ။"
လေသံထဲတွင် ခပ်ပါးပါး မတတ်သာဟန်၊ လက်ခံခြင်းနှင့် ချစ်ခင်မြတ်နိုးမှုတို့ ပေါ်လွင်နေ၏။ ဒါဟာ သူ နှစ်သက်ရသော မိန်းကလေးပင်။ ထက်မြက် လှပပြီး၊ အလုပ်လုပ်ရာတွင် ပြတ်သားသည်။ ကိုယ်ပိုင်ဟန်ရှိသည့် အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း တစ်ခါတစ်ရံတွင်မူ အလွန် ခေါင်းမာပြီး တဇွတ်ထိုးနိုင်လှ၏။
ရှောင်လင်းယွီက ပြုံးလျက်၊ "ကျွန်မက ရှင့်မိန်းမလေ။ အိမ်ရဲ့ တစိတ်တပိုင်းပဲ။ ရှင်တို့က ဘယ်လိုလူမျိုးဖြစ်ချင်လဲ၊ ကျွန်မကလည်း အဲ့ဒီလိုလူမျိုးပဲလုပ်မှာပေါ့။"
"ကောင်းပြီ။ ကိုယ်က ဘယ်လိုလူမျိုးဖြစ်မလဲ၊ မင်းကလည်း အဲ့ဒီလို လူမျိုးပဲ လုပ်။"
ဤသို့သော သူမကိုပင် သူ နှစ်သက်ခြင်း ဖြစ်သည်၊ အလွန် ကိုယ်ပိုင်ဟန် ရှိလှသည်။
သခင်ကြီးကုန်း သည် သူတို့နှစ်ဦးအား ကြည့်ရင်း၊ အိုမင်းနေသည့်မျက်နှာမှာ အနည်းငယ် နီမြန်းသွားပြီး၊ "အဟမ်း" ဟု နှစ်ချက် ချောင်းဟန့်လိုက်ကာ၊ "ယွီအာ၊ ဒီကိစ္စကို ငါတို့ သေသေချာချာ ထပ်တိုင်ပင်ရဦးမယ်။ နောက်ဆုံး ဘယ်လိုပုံစံမျိုးနဲ့ပေးအပ်မလဲဆိုတာကိုပေါ့။"
ကုန်းထျန်းဟောက်က ဦးစွာ ပြောလိုက်သည်။ "အဘိုး၊ ကျွန်တော် ရှင်းပြပါရစေ။ ရှောင်လင်ကိုတော့ ကျွန်တော်တို့ သေချာပေါက် အပ်လို့မဖြစ်ဘူး။ ကျွန်တော်တို့ ပေးအပ်နိုင်တာက နေရာလွတ်ထဲက ဝိညာဉ်စမ်းရေပဲ ဖြစ်ရမယ်။"
ရှောင်လင်သည် ကျောက်စိမ်းဆွဲသီး နေရာလွတ်ဖြစ်၏။ သို့သော် ရှောင်လင်သည် သူတို့အပေါ် ကျေးဇူးရှိသည်ကို မဆိုထားနှင့် သူတို့သည်လည်း သူ့အား အိမ်၏ တစိတ်တပိုင်း၊ အရင်းနှီးဆုံးသော မိသားစုဝင်အဖြစ် သဘောထားခဲ့ကြပြီး ဖြစ်သည်။ မိသားစုဝင်များအပေါ်တွင်မူ သူတို့သည် သေချာပေါက် ပေးအပ်ရန် ဆန္ဒရှိမည် မဟုတ်ပေ။
သခင်ကြီးကုန်းသည် သူ့အား စွေကြည့်လိုက်ပြီးနောက် လက်နှစ်ဖက်ဖြင့် တောင်ဝှေးကို ဆုပ်ကိုင်ကာ မြေပြင်အား ပြင်းထန်စွာ နှစ်ချက် ထုနှက်လိုက်ပြီး စိတ်မရှည်စွာ ပြောလိုက်သည်။ "ဒါတောင် မင်းက ပြောနေသေးတယ်။ ငါက သိတာပေါ့။ ရှောင်လင်က ဒီလောက်ချစ်စရာကောင်းပြီး အလိုက်သိတတ်တာ။ ငါက သူ့ကို ကိုယ့်မြေးအရင်းလို သဘောထားပြီးနေပြီ။ ဘယ်လိုလုပ် ကိုယ့်မြေးအရင်းကို အပ်နိုင်မှာလဲ။"
ထို့နောက် သခင်ကြီးကုန်းသည် ရှောင်လင်းယွီဘက်သို့လှည့်ကာ ဆိုလိုက်ပြန်သည်။ "ယွီအာ၊ မင်း စိတ်ချပါ။ ငါ ရှောင်လင်ကို သေချာပေါက် ပေးအပ်မှာ မဟုတ်ဘူး။ ငါတို့ ပေးနိုင်တာက ဝိညာဉ်စမ်းရေပဲ။ သူတို့ လိုချင်ရင် ယူ၊ မလိုချင်ရင် ထားလိုက်။"
သခင်ကြီးကုန်းသည် အလွန် ဩဇာအာဏာ ရှိလှ၏။
ရှောင်လင်းယွီ ကြားသော် ထပ်မံ ပြုံးလျက် ရှင်းပြလိုက်သည်။ "အဘိုး၊ ထျန်းဟောက်၊ ရှောင်လင်ကို ပေးအပ်လိုက်ရင်တောင် အသုံးဝင်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ လင်အာက ကျွန်မကို ပြောဖူးတယ်။ ဒီကမ္ဘာလောကကြီးမှာ ကျွန်မရဲ့ ကိုယ်ခန္ဓာဖွဲ့စည်းပုံ တစ်ခုတည်းကသာ ကျောက်စိမ်းဆွဲသီးနဲ့ ကိုက်ညီတယ်။ ဒါကြောင့်မို့ ကျောက်စိမ်းဆွဲသီးနေရာလွတ်ကို ဖွင့်နိုင်တာ။ တကယ်လို့ ကျောက်စိမ်းဆွဲသီးကို တခြားသူကိုပေးလိုက်ရင် အဲ့ဒါက သာမန်ကျောက်စိမ်းဆွဲသီးတစ်ကုံး ဖြစ်သွားပြီး၊ နေရာလွတ်ကို လုံးဝ ဖွင့်နိုင်မှာ မဟုတ်သလို၊ အတွင်းထဲက ပစ္စည်းတွေကိုလည်း သုံးနိုင်မှာ မဟုတ်ဘူး။"
မြေးအဘိုးနှစ်ဦး ကြားသော် အလွန်အံ့အားသင့်သွားကြသော်လည်း သံသယဖြင့် မေးလိုက်ကြ၏။ "တကယ်ပဲ ဒီလိုလား။"
"အင်း၊ တကယ်ပါ။"
ရှောင်လင်းယွီသည် ခေတ္တ စဉ်းစားပြီးနောက် ပြောလိုက်သည်။ "ကျွန်မတို့ လင်အာကို ပြန်ခေါ်ပြီး သေသေချာချာ မေးကြည့်ကြတာပေါ့။"
"အင်း၊ ဒါဆိုလည်း ဖြစ်တာပဲ။"
မြေးအဘိုးနှစ်ဦးသည် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်ကြ၏။
***