← Chapters

ဇာတ်လမ်းအလှည့်အပြောင်း

Vol. 45 Ch. 732

ဇာတ်လမ်းအလှည့်အပြောင်း

Vol. 45 Ch. 732

ကလေးငယ်နှစ်ဦးသည် အတူတူ လိုက်သွားရန် ပူဆာနေကြစဉ် သခင်ကြီးကုန်းသည် မတ်တပ်ရပ်လိုက်ပြီး အနည်းငယ် ဒေါသထွက်နေသောအမူအရာဖြင့်၊

"သွား၊ ဒီအဘိုးကြီးလည်း မင်းတို့နဲ့ အတူတူ လိုက်ကြည့်မယ်။ ငါ ကြည့်ရသေးတာပေါ့။ ပိုင်မိသားစုရဲ့ မျက်နှာက တကယ်ပဲ ဘယ်လောက်တောင် ကြီးနေလို့ သူတို့ သမီးသေတာကို ငါ့ ကုန်းမိသားစုကို လူပြန်လျော်ခိုင်းရဲရတာလဲ။"

ပိုင်မိသားစုသည် ညီ ၂ ၏ မိသားစုကို အားကိုးလျက် မိမိတို့ စိတ်တိုင်းကျ ပြုမူနိုင်ပြီဟု တကယ် ထင်နေကြသည်။ သူ့ကုန်းမိသားစုကိုပင် မျက်စိထဲ ထည့်မထားတော့ပေ။

မဒမ်ပိုင်သည် မီဒီယာသတင်းထောက်များ အားလုံးဘက်သို့ လှည့်ကာ ငိုကြွေးရင်ဖွင့်လိုက်သည်။

"မူလက ကျွန်မရဲ့ သမီးလေးက သူ သခင်လေးကုန်းကို မနှစ်သက်ပါဘူး။ အကြိမ်တိုင်း ကျွန်မတို့ ကုန်းမိသားစုကို သခင်ကြီးကို လာတွေ့တဲ့အခါ သူက အဝေးကြီးမှာ ရှောင်ပုန်းနေတတ်တယ်။

ဘယ်သူက သိမှာလဲ၊ ဒီလို လုပ်လိုက်တော့ ဆန့်ကျင်ဘက်အနေနဲ့ သခင်လေးကုန်းရဲ့ သူ့အပေါ် စိတ်ဝင်စားမှုကို ဖြစ်ပေါ်စေခဲ့တယ်။

ဒါနဲ့ သူက ကျွန်မရဲ့ ရှန်းအာကို လိုက်လံပိုးပန်းခဲ့တယ်။ ကျွန်မရဲ့ ရှန်းအာကို ချိုသာတဲ့စကားတွေ ပြောတယ်။ ကျွန်မရဲ့ ရှန်းအာကို သူ့အပေါ် တစ်ဦးတည်းသော ချစ်ခင်စွဲလန်းသူ ဖြစ်သွားအောင် ချော့မော့ခဲ့တယ်။ ဒါပေမဲ့ ဒီ သခင်လေးကုန်းက ကျွန်မရဲ့ ရှန်းအာကို ရပြီးသွားတဲ့နောက်မှာတော့ ကျွန်မရဲ့ ရှန်းအာကို ပါးစပ်လုံဖို့ တောင်းဆိုခဲ့တယ်။ ပြီးတော့ ကျွန်မတို့ ပိုင်မိသားစုကိုတောင် အသုံးချပြီး ရှန်းအာကို ခြိမ်းခြောက်ခဲ့သေးတယ်။"

ကုန်းထျန်းဟောက်သည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး မျက်နှာမှာ မည်းမှောင်နေ၏။

ပိုင်မိသားစုနှင့် ကုန်းမိသားစုသည် ဆွေမျိုးတော်စပ်မှု အနည်းငယ် ရှိနေလျှင်ပင် အမှန်အတိုင်း ဆိုရလျှင် သူသည် ပိုင်ရှန်းရှန်း မည်သူဖြစ်သည်ကိုပင် လုံးဝ မသိပေ။

ယခု ပိုင်မိသားစုဝင်များသည် ပိုင်ရှန်းရှန်း၏သေဆုံးမှုကို ဆုပ်ကိုင်ကာ သူ့အား အဆက်မပြတ် အသရေဖျက်နေသည်မှာ တကယ်ပဲ ဘာလုပ်ချင်နေကြတာလဲ။ ကြည့်ရသည်မှာ ယခင်က၊ သူသည် ပိုင်မိသားစုအပေါ် အမှန်တကယ်ပင် အလွန် သဘောထားကြီးခဲ့မိသည်။ ထို့ကြောင့် အခါအားလျော်စွာ ထွက်ပေါ်လာပြီး သူ့အား စိတ်အနှောင့်အယှက် ပေးနိုင်နေသေးခြင်းပင်။

ထို မီဒီယာသတင်းထောက်များသည် မဒမ်ပိုင် ပြောဆိုသော ကိစ္စရပ်များကို သိပ်ပြီး မယုံကြည်ကြသော်လည်း၊ သခင်လေးကုန်းနှင့် ပတ်သက်သော မည်သည့်သတင်းမဆို ထိပ်တန်းသတင်းများသာ ဖြစ်လေသည်။ အဖြစ်မှန်သည် အမှန်ဖြစ်စေ၊ အမှားဖြစ်စေ ဤသတင်းထောက်များ၏ အတင်းအဖျင်း စိတ်ဝင်စားစိတ်သည်ကား ပြင်းထန်စွာ တောက်လောင်လာခဲ့လေပြီ။

"ဒါဆို နောက်ပိုင်းမှာ၊ ပိုင်ရှန်းရှန်း သေဆုံးတာက သခင်လေးကုန်းနဲ့ ဘယ်လို ပတ်သက်မှု ရှိနေတာလဲ။"

သတင်းထောက်တစ်ဦးက စိတ်မထိန်းနိုင်ဘဲ စူးစမ်းစွာ မေးလိုက်သည်။

ဤကိစ္စကို သတင်းထုတ်ပြန်နိုင်၊ မနိုင် မသိသော်လည်း နားထောင်ကြည့်လိုသေး၏။ သို့သော်၊ မျက်လုံးကို အနည်းငယ် မော့ကြည့်လိုက်သည်နှင့် မဒမ်ပိုင်၏နောက်တွင် ရပ်နေသော ကုန်းထျန်းဟောက်တို့ အုပ်စုကို သတိပြုမိသွားပြီး မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားကာ လည်ပင်းကို ကျုံ့လျက်၊ နောက်ဆုတ်ထွက်သွားပြီး အခြားသတင်းထောက်များ၏နောက်တွင် ပုန်းကွယ်လိုက်သည်။

လုပ်ဖော်ကိုင်ဖက်တစ်ဦးက သူ့အား လက်မထောင်ပြကာ၊ ပြုံးလျက် ပြောလိုက်သည်။ "မင်း တကယ်ပဲ သတ္တိရှိလွန်းတယ်။ သခင်လေးကုန်းရဲ့ရှေ့မှာ ဒီမေးခွန်းကို သွားမေးရဲတယ်။"

သို့သော် သခင်လေးကုန်းနှင့် ပတ်သက်သော မေးခွန်းများသည် လွယ်လွယ်ကူကူ မေးမြန်းနိုင်သော အရာများ ဟုတ်လို့လား။ မဒမ်ပိုင် ပြောဆိုသော၊ ကုန်းထျန်းဟောက်က ပိုင်ရှန်းရှန်းကို တိတ်တဆိတ် ပိုးပန်းခဲ့သည် စသည်တို့မှာမူ မျက်စိရှိသူတိုင်း တစ်ချက်ကြည့်ရုံဖြင့် မုသားစကားများဖြစ်မှန်း သိသာလှသည်။

လာနောက်နေတာလား။ သခင်လေးကုန်းက အမျိုးသမီးတစ်ဦးကို ပိုပန်းဖို့အတွက် ဒီလိုတိုးတိုးတိတ်တိတ်လုပ်နေဖို့လိုအပ်လို့လား။ အိုး.. မဟုတ်သေးဘူး၊ ပိုးပန်းဖို့တောင် လိုလို့လား။

အကယ်၍ သခင်လေးကုန်းက ပိုင်ရှန်းရှန်းအပေါ် အမှန်တကယ် မျက်စိကျခဲ့ပါက သူက လက်ညှိုးလေးတစ်ချက် ကွေးညွှတ်လိုက်ရုံမျှဖြင့် ပိုင်ရှန်းရှန်းကိုယ်တိုင် မဆိုထားနှင့် ပိုင်မိသားစုဝင်များကပင် ပိုင်ရှန်းရှန်းအား သေသေချာချာ ပြင်ဆင်ဝတ်စားစေပြီးနောက် အထုပ်အပိုးပြင်ကာ တံခါးဝသို့ ပို့ဆောင်ပေးကြပေလိမ့်မည်။ မည်သို့ပင်ဆိုစေ၊ မိသားစု၏ ကြီးမားသော အကျိုးစီးပွားနှင့် နှိုင်းယှဉ်ပါက ပိုင်ရှန်းရှန်းတစ်ယောက်ကို စတေးလိုက်ရခြင်းသည် လုံးဝ အရေးမကြီးပေ။

ဤ မဒမ်ပိုင်သည် ဦးနှောက်ထဲတွင် ချိုင့်ခွက်ရှိနေလား မသိ၊ ဤသို့အလွယ်တကူ ထိုးနှက်လိုက်ရုံဖြင့် ဖော်ထုတ်ခံရမည့် မုသားမျိုးကိုပင် ထုတ်ပြနေသေးသည်။

မဒမ်ပိုင်သည် ထိုသတင်းထောက်၏ မေးခွန်းကို ကြားသော် ကုန်းထျန်းဟောက်တို့ သူမ၏နောက်တွင် ရှိနေသည်ကို သတိမပြုမိဘဲ သူမက အလွန်ဒေါသတကြီး ပြောလိုက်သည်။

"ပတ်သက်မှု ရှိတယ်။ ပတ်သက်မှု ရှိတယ်။ ဒီပတ်သက်မှုက ကြီးမားလွန်းတောင် နေသေးတယ်။ ကုန်းထျန်းဟောက်က အစက ကျွန်မရဲ့ ရှန်းအာလေးကို တော်တော်လေး နှစ်သက်ခဲ့တာ။ ဘယ်သူက သိမှာလဲ။ သူက ထောင်ယွမ်ရွာကို တစ်ခေါက် သွားလိုက်တာနဲ့ မြေခွေးမတစ်ကောင်ရဲ့ ဆွဲဆောင်မှုကို ခံလိုက်ရတယ်လေ..."

မဒမ်ပိုင် 'မြေခွေးမ' ဟု ပြောလိုက်စဉ်၊ နောက်ကျောဘက်မှ အနည်းငယ် အေးစိမ့်လာသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရသော်လည်း ကံကောင်းစွာဖြင့် နောက်သို့ လှည့်မကြည့်မိဘဲ အဝတ်အစားကိုသာ တင်းကျပ်အောင် ဆွဲစေ့လိုက်ပြီး ဆက်လက် ပြောလေသည်။ "ထောင်ယွမ်ရွာက အဲ့ဒီ မြေခွေးမက မြှူဆွယ်တဲ့ ပညာရပ်ကို သုံးခဲ့တယ်..."

ကုန်းထျန်းဟောက်၏ ပတ်ဝန်းကျင်မှ လူအုပ်ကြီးသည် ပို၍ပင် အေးစက်ပြီး ခိုက်ခိုက်တုန်လာသည်ကို ခံစားမိကြသဖြင့် တိုင်ပင်မထားဘဲ ကုန်းထျန်းဟောက်နှင့် အနည်းငယ် အကွာအဝေးခြားလိုက်ကြ၏။

ကုန်းထျန်းဟောက်သည် အေးစက်ရက်စက်ပြီး စိတ်မြန်လက်မြန်နိုင်သော စီးပွားရေးဧကရာဇ်တစ်ပါးဖြစ်ကြောင်း ကောလာဟလများ ရှိခဲ့သည်။ သူသည် မည်သူ့မျက်နှာကိုမျှ ထောက်ထားခြင်း မရှိဘဲ၊ သူ့အား စော်ကားမိပါက သေဆုံး၍ မြှုပ်နှံစရာ နေရာပင် မရှိသည်အထိ ဖြစ်နိုင်လေသည်။

ယခုမူ သူတို့သည် အေးစက်မှု၊ အေးစက်မှု၊ အလွန်တရာ အေးစက်မှုတို့ကိုသာ ခံစားနေကြရသည်။

ကုန်းထျန်းဟောက်သည် မဒမ်ပိုင် 'မြေခွေးမ' ဟု ပြောလိုက်စဉ် မျက်နှာ မည်းမှောင်သွားပြီး မျက်ဝန်းထဲတွင် ရက်စက်သော အလင်းရောင်တစ်ချက် ဖြတ်သန်းသွားကာ တစ်ကိုယ်လုံးမှ ခိုက်ခိုက်တုန် အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေ၏။

သူသည် မဒမ်ပိုင်အား လူလွှတ် ဖမ်းဆီးမည် ပြုစဉ် ရှောင်လင်းယွီက သူ့အင်္ကျီလက်စကို ဆွဲလိုက်ပြီး၊ သူ့အား ခေါင်းကို ညင်သာစွာ ခါပြကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"သူ့ကို ဆက်ပြောခိုင်းလိုက်ပါ။ ဒီပုံပြင်ကို ပြီးတဲ့အထိ စောင့်ကြည့်။ သူ ဘာလုပ်ချင်လဲဆိုတာ ကြည့်ရအောင်။"

အစဉ်အမြဲ ဇနီးသည်၏စကားကို နာခံတတ်သော ကုန်းထျန်းဟောက်သည် အလွန် နာခံစွာဖြင့် သူမ၏စကားကို လိုက်နာလိုက်သည်မှာ ရှင်းလင်းနေ၏။

အနီးအနားမှ ပွဲကြည့်နေသော လူအုပ်ကြီး "..."

ဤသည်မှာ သူတို့၏မျက်စိထဲမှ အမျိုးသမီးများနှင့် မပတ်သက်သော သခင်လေးကုန်း မှန်ပါရဲ့လား။ ဘယ်လိုကြောင့် မမှတ်မိနိုင်တော့လောက်အောင် ပြောင်းလဲသွားတာလဲ။

ကုန်းထျန်းဟောက်သည် ပတ်ဝန်းကျင်မှ အမူအရာ၊အကြည့်များကို ဂရုမစိုက်ဘဲ မဒမ်ပိုင်၏ လုပ်ပြောမှုများကိုသာ ဆက်လက် နားထောင်နေလိုက်၏။

မဒမ်ပိုင်က ဆက်ပြီး၊ "အဲ့ဒီ ရှောင်လင်းယွီက မြေခွေးမ၊ မြှူဆွယ်တဲ့ ပညာရပ်ကို သုံးနိုင်တယ်။ သူက သခင်လေးကုန်းရဲ့ ဝိညာဉ်ကိုတောင် ဆွဲငင်သွားခဲ့တာ။ မျက်လုံးထဲရော စိတ်ထဲမှာပါ သူချည်းပဲ။ သူ့အတွက်ဆို အသက်ကိုတောင် မငဲ့ဘူး။ အစောပိုင်းက၊ အဲ့ဒီ ကားတိုက်မှုမှာ သခင်လေးကုန်းက ဒီမြေခွေးမကို ကယ်တင်ဖို့အတွက်ကြောင့်မို့ ဒဏ်ရာအပြင်းအထန်ရပြီး သတိမေ့မြောသွားခဲ့တာ။"

"ဒီ အန်တီကြီး၊ ဒါ သက်သက်မဲ့ လျှောက်ပြောနေတာပဲ။"

နောက်ဘက်မှ နားထောင်နေသူတစ်ဦးသည် တကယ်ကို ဆက်လက်နားထောင်နိုင်စွမ်းမရှိတော့တာကြောင့် မထိန်းနိုင်ဘဲ ဝင်ပြောလိုက်မိလေသည်။

"ပိုင်ရှန်းရှန်း သေဆုံးတာက၊ သခင်လေးကုန်းနဲ့ သခင်မလေးကုန်းတို့နဲ့ တစ်စက်ကလေးမှ ပတ်သက်မှု မရှိဘူး။ ပြီးတော့၊ ကျွန်မ အရင်က ဘယ်လို ကြားဖူးသလဲဆိုတော့ ရှင်တို့ ပိုင်မိသားစုက ပိုင်ရှန်းရှန်းကို သခင်လေးကုန်းနဲ့ လက်ထပ်ပေးဖို့ ကြံစည်ခဲ့တယ်။ ရလဒ်က သခင်လေးကုန်းရဲ့ ငြင်းပယ်ခြင်းကို ခံရရုံတင်မက သခင်လေးကုန်းရဲ့ လက်စားချေခြင်းကိုတောင် ခံရပြီး ပိုင်မိသားစု ဒေဝါလီခံရလုနီးပါး ဖြစ်သွားခဲ့တယ် မဟုတ်လား။ ရှင်က ဒါကို သင်ခန်းစာ မရသေးဘဲ၊ တကယ်ပဲ ပိုင်မိသားစုကို ဒေဝါလီခံစေချင်နေတာလား။"

သူမသည် အမှန်တကယ် ဆက်လက် နားမထောင်နိုင်တော့ပေ။

ဤ မဒမ်ပိုင်တွင်၊ တကယ်ပဲ ဦးနှောက် ရှိရဲ့လား။ ကုန်းမိသားစု အိမ်တော်ကြီး၏ ရှေ့မှောက်တွင် ကောလာဟလများဖန်တီးကာ ပြဿနာရှာပြီး လူထု၏သဘောထားကို အသုံးချ၍ ကုန်းမိသားစု သခင်မလေးကို ကိုင်တွယ်ရန်ပင် ကြံစည်နေသေး၏။ အသက်ရှင်ရတာကို ငြီးငွေ့နေတာပဲဖြစ်ရမယ်။

ထို့အပြင်၊ ပိုင်ရှန်းရှန်း သေဆုံးမှုသည် သခင်လေးကုန်းနှင့် သခင်မလေးကုန်းတို့နှင့် ပတ်သက်မှု ရှိသည်ဟု အဆက်မပြတ် ပြောဆိုနေသော်လည်း သူတို့ တစ်မနက်ခင်းလုံး နားထောင်ခဲ့ရသည်မှာ သူတို့ သမီး၏အဆင့်အတန်းကို မြှင့်တင်ခြင်း၊ သခင်မလေးကုန်း၏ ဂုဏ်သတင်းကို အဆက်မပြတ် နှိမ့်ချခြင်းနှင့် အသရေဖျက်ခြင်းများသာ ဖြစ်လေသည်။ ဟဟ၊ တကယ်ကို ကယ်တင်လို့မရတော့ဘူးပဲ။

မဒမ်ပိုင်သည် နောက်ဘက်မှ ထိုသူ၏ စကားကို ကြားသော်၊ ချက်ချင်း ဒေါသထွက်လွန်း၍ မျက်နှာ ညိုမည်းသွားပြီး သူမက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"နင် လျှောက်ပြောနေတာ။ ငါ့ရဲ့ ရှန်းအာကမှာ အဲ့ဒီကုန်းထျန်းဟောက်ကို အထင်မကြီးတာ..."

လူများ "..."

ဒီမဒမ်ပိုင်သည် တကယ်ကို ရူးသွားပြီပဲ။

လူများသည် မဒမ်ပိုင်၏နောက်တွင် ရပ်နေသော ကုန်းထျန်းဟောက် လင်မယားနှစ်ဦးအား တစ်ချက် လှမ်းကြည့်လိုက်ကြသည်။

မဒမ်ပိုင်သည် ကုန်းထျန်းဟောက်နှင့် ရှောင်လင်းယွီအား လက်စားချေလိုစိတ် တစ်ခုတည်းသာ ရှိနေပြီး လူများ၏ ထူးခြားသော အမူအရာများကို သတိမပြုမိပေ။

"ကျွန်မရဲ့ ရှန်းအာက ရုပ်ရည် လှပချစ်စဖွယ်ကောင်းတယ်။ စိတ်ထား ပွင့်လင်းတယ်။ လူချစ်လူခင်များတဲ့ မိန်းကလေးတစ်ယောက်ပါ။ ကုန်းထျန်းဟောက်က ဟန်ဆောင်ပန်ဆောင် လုပ်တတ်တယ်။ ဒီဘက်မှာ ငြင်းပယ်ပြီး နောက်ကွယ်မှာတော့ ကျွန်မရဲ့ရှန်းအာကို အဆက်မပြတ် ပိုးပန်းနေခဲ့တာ..."

ရှောင်လင်းယွီသည် သူမ၏ရှေ့မှ မဒမ်ပိုင်အား ကြည့်ရင်း အနည်းငယ် ဆွံ့အသွားသည်။ မဒမ်ပိုင်သည် ပုံပြင်တွေတစ်ခုပြီးတစ်ခု လုပ်ကြံရွတ်ပြနေပြီး တကယ့်ရည်ရွယ်ချက်က ဘာလုပ်ချင်နေတာလဲ။ ဒီလောက် အချိန်အကြာကြီးပြောနေတာတောင် ကုန်းထျန်းဟောက်က ပိုင်ရှန်းရှန်းကို ပိုးပန်းခဲ့တယ်ဆိုပြီးသာ တသမတ်တည်းပြောနေကာ သူမကိုယ်သူမ ပြန်သတိပေးနေသလို ဒါမှမဟုတ် သူမကိုယ်သူမ အယုံသွင်းနေသလိုသာ မြင်ရလေသည်။

ရှောင်လဲ့ထုန်သည် အတူတူ လိုက်ပါလာခဲ့ရာ၊ ခွေးရူးတစ်ကောင်ကဲ့သို့ ကုန်းထျန်းဟောက်တို့လင်မယားအား ဖမ်းဆွဲ ကိုက်ဖြတ်လိုနေသည်ကို မြင်တွေ့ရသောအခါ အပြစ်ကင်းစင်သော မျက်ဝန်းထဲတွင် ရက်စက်သော အလင်းရောင်တစ်ချက် ဖြတ်သန်းသွားသည်။ ထို့နောက် သူသည် ရှောင်လင်၏အကွယ်နောက်တွင်၊ လှုပ်ရှားမှု အနည်းငယ် ပြုလုပ်လိုက်ပြီးနောက် အလင်းဖြူတစ်တန်းသည် မဒမ်ပိုင်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွား၏။

ဤအလင်းဖြူတန်းကို၊ သာမန်လူများ မမြင်နိုင်ကြပေ။ အကယ်၍ ကျင့်ကြံခြင်းလောကမှ လူများ ဖြစ်ပါက၊ ဤသူသည် လေထဲတွင် ဂါထာမန္တန် ရေးဆွဲနေခြင်း ဖြစ်ကြောင်း ဧကန်မလွဲ မြင်တွေ့နိုင်ပေလိမ့်မည်။

မဒမ်ပိုင်သည် အဓိကအကြောင်းအရာဖြစ်သော ကုန်းထျန်းဟောက်နှင့် ရှောင်လင်းယွီတို့ ပူးပေါင်း၍ ပိုင်ရှန်းရှန်းကို သတ်ဖြတ်ခဲ့သည့် ကိစ္စဘက်သို့ ပြန်သွားမည် ပြုစဉ်၊ သူမ၏ ခန္ဓာကိုယ်သည် ရုတ်တရက် တစ်ချက်တုန်သွားပြီး၊ ထို့နောက် ပါးစပ်မှ ထိန်းချုပ်မရနိုင်ဘဲ ပြောလိုက်သည်...

"ရှင်တို့က ကျွန်မ ခုနက ပြောခဲ့တာတွေ အားလုံး အမှန်တရားတွေလို့ ထင်နေကြတာလား။ ကျွန်မ ရှင်တို့ကို ပြောမယ်။ အဲ့ဒါတွေ အားလုံး ကျွန်မ လုပ်ကြံထားတာတွေ။ ကုန်းထျန်းဟောက်က ကျွန်မရဲ့ ရှန်းအာကို လုံးဝ အထင်မကြီးဘူး။ အစောပိုင်းက ပိုင်လျန်ဟွာက ကုန်းမိသားစုကို လာပြီး ကျွန်မရဲ့ ရှန်းအာကို ကုန်းထျန်းဟောက်နဲ့ လက်ထပ်ပေးဖို့ အဆိုပြုလိုက်တာလေး တစ်ခုနဲ့ ရလဒ်က ကုန်းထျန်းဟောက်ရဲ့ ပြင်းထန်တဲ့ လက်စားချေခြင်းကို ခံခဲ့ရပြီး ပိုင်မိသားစု ဒေဝါလီခံရလုနီးပါး ဖြစ်သွားခဲ့တယ်။ ကျွန်မ ကုန်းထျန်းဟောက်ကို မုန်းတယ်။ ကျွန်မ ကုန်းမိသားစုကို မုန်းတယ်။ ကျွန်မ အဲ့ဒီ ဟန်ဆောင်ပန်ဆောင် ပိုင်လျန်ဟွာကို ပိုတောင် မုန်းသေးတယ်..."

လူများ: "..."

သေစမ်း၊ ဒါက ဘယ်လို ဖြစ်တာလဲ၊ ဇာတ်လမ်းက ပြောင်းပြန်လှန်သွားပြီလား။ မဒမ်ပိုင်သည် ပိုင်မိသားစုကို ဘယ်လောက်တောင်မုန်းနေလို့၊ ပိုင်လျန်ဟွာကို ဘယ်လောက်များမုန်းနေလို့၊ ကုန်းထျန်းဟောက်၏ရှေ့မှောက်တွင်၊ လူအားလုံး၏ရှေ့မှောက်တွင် ဒီလိုစကားမျိုးကို...

ရှောင်လင်းယွီနှင့် ကုန်းထျန်းဟောက်: "..."

သူတို့သည်လည်း ခေါင်းရှုပ်သွားကြလေသည်။ မဒမ်ပိုင် ဘယ်လိုဖြစ်သွားတာလဲ...

ထို့နောက် လင်မယားနှစ်ဦးသည် အလွန် တိုင်ပင်မထားဘဲ ရှောင်လင်အား တစ်ချက် လှမ်းကြည့်လိုက်ကြသည်။ ထို့နောက် ရှောင်လင်သည် သူတို့ဘက်သို့ လျှာထုတ်ပြလိုက်ရာ အဓိပ္ပာယ်မှာ အလွန် ရှင်းလင်းနေသည်။ သူ လက်ဆော့လိုက်ခြင်း ဖြစ်လေသည်။

မဒမ်ပိုင်က ထပ်ပြီး၊ "ကျွန်မရဲ့ ရှန်းအာ သေသွားတယ်။ တစ်စုံတစ်ယောက်က ကျွန်မကို ပြောတယ်။ ကုန်းထျန်းဟောက်နဲ့ ရှောင်လင်းယွီတို့က သတ်လိုက်တာတဲ့။ ဟမ့်ဟမ့်၊ ကျွန်မတို့ ကုန်းထျန်းဟောက်ကို ကိုင်တွယ်ဖို့နည်းလမ်းမရှိတာနဲ့ မြောင်းကြားထဲက ခုန်ထွက်လာတဲ့ ရွာသူမလေးတစ်ယောက်ကိုတောင် မကိုင်တွယ်နိုင်တော့ဘူးလား။

ဒါပေမဲ့ ကျွန်မ မုန်းတယ်။ ကျွန်မ ပိုင်မိသားစုက ရှောင်လင်းယွီကို ဖမ်းဖို့ လူ ဒီလောက် အများကြီး လွှတ်ခဲ့တာ အခုထိ ဘာသတင်းမှ မရဘူး။ အခု ဘာကြောင့် ကျွန်မသမီး သေသွားပြီးတော့ ဒီ ရှောင်လင်းယွီကတော့ ကုန်းမိသားစုက ခမ်းနားထည်ဝါစွာနဲ့ ကုန်းမိသားစုအိမ်တော်ကို ကြိုဆိုတာကို ခံရပြီး ချမ်းသာကြွယ်ဝတဲ့ ဘဝကို ဖြတ်သန်းရမှာလဲ။"

လူအားလုံး: "..."

"ကျွန်မသမီး သေရတာ တကယ် မတရားဘူး။ ကျွန်မ မကျေနပ်ဘူး။ ကျွန်မ လက်စားချေချင်တယ်။ ဒါပေမဲ့ ပိုင်မိသားစုဝင်တွေ၊ ပိုင်ရှီရှင်း၊ တစ်ယောက်ချင်းစီတိုင်းက သူရဲဘောကြောင်သူတွေချည်းပဲ။ ကုန်းထျန်းဟောက်ကို မကိုင်တွယ်ရဲတာ မပြောနဲ့ဦး၊ မိန်းမတစ်ယောက်ကိုတောင် မကိုင်တွယ်နိုင်ဘူး။

ကျွန်မ ပိုင်လျန်ဟွာကို သွားရှာတယ်။ ပိုင်လျန်ဟွာက ကျွန်မကို ပြောတယ်။ သူလည်း အခု ကုန်းထျန်းဟောက်ကို ကိုင်တွယ်ဖို့ နည်းလမ်း မရှိသေးဘူး။ သူက ကျွန်မကို ထပ်ပြီး သည်းခံခိုင်းတယ်။ သူတို့ ကုန်းမိသားစု (၂) က ကုန်းမိသားစုရဲ့ အရာအားလုံးကို ကိုယ်ပိုင်အဖြစ် သိမ်းပိုက်လိုက်တဲ့ အချိန်ကို စောင့်ဖို့။ အဲ့ဒီအခါကျရင် ကုန်းထျန်းဟောက်နဲ့ ရှောင်လင်းယွီကို ကျွန်မတို့ ဘယ်လို လက်စားချေချင်လဲ၊ ကြိုက်သလို လက်စားချေ၊ ဘယ်လို နှိပ်စက်ချင်လဲ၊ စိတ်ကြိုက်နှိပ်စက်၊ ပြီးတော့ ကုန်းမိသားစုက ကုန်းကျန့်၊ အဲ့ဒီသေခါနီးအဘိုးကြီး..."

ဤနေရာတွင် ရှိနေသော လူများ ကြားသော်၊ အလွန်တရာ ပါးစပ်အဟောင်းသား ဖြစ်ကာ တုန်လှုပ်သွားကြ၏။ သေလမ်းရှာသူများကို တွေ့ဖူးသော်လည်း၊ ဤသို့ သေလမ်းရှာသူမျိုးကိုမူ မတွေ့ဖူးခဲ့ပေ။

"ကုန်းကျန့် အဲ့ဒီသေခါနီးအဘိုးကြီးက၊ တစ်ဖက်မှာ ညီ ၂ နဲ့ ကြားက ဒီ သွေးသားတော်စပ်မှုကို သတိရနေပြီး၊ တစ်ဖက်မှာတော့ ကုန်းချီဆိုတဲ့ ဒီ ညီ ၂ ကို ကာကွယ်နေတယ်။ အကျိုးအမြတ် တစ်စက်လေးတောင် မပေးဘူး..."

"နင်... နင် ပါးစပ်ပိတ်ထား။"

***

All Chapters