← Chapters

ကမ္ဘာကူးပြောင်းလာတဲ့လူငယ်လေးတစ်ဦး

Vol. 1 Ch. 1

ကမ္ဘာကူးပြောင်းလာတဲ့လူငယ်လေးတစ်ဦး

Vol. 1 Ch. 1

ကန်းလန်နယ်မြေ၊ လင်းယွင်ဂိုဏ်းရှိ ယိမ်းယိုင်ပျက်စီးနေတဲ့ သစ်သားအိမ်လေးတစ်ခုတွင် လူငယ်တစ်ဦး သတိလစ်လျက် အိပ်ရာပေါ် လဲနေသည်။

"ငါဘယ်ရောက်နေတာလဲ"

ကျန်းယီနင်က ပင်ပန်းနွမ်းနယ်လျက် မျက်လုံးကြိုးစားဖွင့်လိုက်သည်။ သူပထမဆုံးမြင်လိုက်ရသည်မှာ မရင်းနှီးသော အခန်းတစ်ခန်းဖြစ်နေသည်။

ကျန်းယီနင်သည် တစ်ကိုယ်လုံး ပတ်တီးစည်းထားပြီး အိပ်ရာပေါ်လဲလျောင်းနေလျက် အခန်းထဲရှိ ဆေးပင်များရဲ့ အနံ့က သူ့နှာခေါင်းထဲသို့ စူးဝင်လာသည်။

ကိုယ်ခန္ဓာအနှံ့ခံစားနေရသည့် ပြင်းထန်တဲ့ နာကျင်မှုကြောင့် သူ့ကိုယ်သူ ဒဏ်ရာအကြီးကြီးတစ်ခု ရနေကြောင်း ကျန်းယီနင်တန်းသိလိုက်သည်။

"ငါဘာဖြစ်သွားတာလဲ"

ကျန်းယီနင်သည် နာနေတာကို သည်းခံပြီး အံ့ကြိတ်ညည်းလိုက်သည်။ ထိုအချိန်တွင် သူ့ခေါင်းထဲ ဓားနှင့်တရက်စပ်ထိုးနေသကဲ့သို့ နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။ သူနဲ့မရင်းနှီးသော မှတ်ဉာဏ်တွေက ယီနင်ရဲ့စိတ်ထဲကို လှိုင်းတံပိုးကြီးတစ်ခုလို စီးဝင်လာခဲ့ပြီး နောက်ဆုံးမှာတော့ ကျန်းယီနင်သည် သတိလစ်သွားခဲ့သည်။

အချိန်တစ်ခုကြာပြီးနောက် ကျန်းယီနင်သည် သတိပြန်ရလာခဲ့ပြီး ခါးသက်စွာပြုံးလိုက်မိသည်။ ကျန်းယီနင်က သူသည် ကမ္ဘာမြေမှ သိမ်မွေ့ခြင်းကမ္ဘာ(Ethereal Realm)လို့ခေါ်တဲ့ ကျင့်ကြံခြင်းကမ္ဘာတစ်ခုဆီကို ခန္ဓာကိုယ်ကူးပြောင်းသွားကြောင်း သိလိုက်ရသည်။ ထိုကမ္ဘာသည် ခွန်အားသန်မာသူများက ထိန်းချုပ်ထားတဲ့ ကမ္ဘာတစ်ခုဖြစ်သည်။ စွမ်းအားကြီးသူများက စည်းမျဉ်းစည်းကမ်းများ ချမှတ်ပြီး အားနည်းသူများကို နှိပ်စက်အနှိင့်ကျင့်သော နေရာဖြစ်သည်။ အားနည်းသူများအတွက် အသက်ရှင်ရပ်တည်ဖို့ ရုန်းကန်ရသည်။ သိမ်မွေ့ကမ္ဘာတွင် ကျင့်ကြံသူများက ပျံသန်းနိုင်ပြီး မသေမျိုးဖြစ်လာနိုင်သည်။ သေသူကို ပြန်ရှင်စေနိုင်သည့် အဖိုးတန်ဆေးဝါးများနဲ့ အနန္တစွမ်းအားရှိမှော်အစွမ်းထက်ပစ္စည်းများစွာလည်း ရှိနေသည်။

အမျိုးမျိုးသော စွမ်းအားကြီးမားသည့် အဖွဲ့အစည်းများ၊ မျိုးနွယ်စုများ၊ ဂိုဏ်းဂဏများနှင့် မင်းမျိုးနွယ်များလည်း ရှိကြသည်။ သိမ်မွေ့ကမ္ဘာရှိ လူတိုင်းသည် မသေမျိုးဖြစ်ရန် ရည်းမှန်းကျင့်ကြံကြသည်။

သိမ်မွေ့ကမ္ဘာတွင် ပြည်နယ်ကိုးခုရှိသည်။ ပြည်နယ်တစ်ခုစီတွင် နယ်မြေများစွာ ဖွဲ့စည်းထားသည်။ ကျန်းယီနင်သည် ကန်းလန်နယ်မြေရှိ လင်းယွင်ဂိုဏ်းဟုခေါ်သော သေးငယ်သည့် ဂိုဏ်းလေးတစ်ခု၏ ဂိုဏ်းချုပ်ဖြစ်သည်။

ကန်းလန်နယ်မြေရှိ ဂိုဏ်းများနှင့် အဖွဲ့အစည်းများသည် အဆင့်အတန်းကွဲပြားကြသည်။ ဂိုဏ်းအဆင့်မှာ ပဉ္စမအဆင့်မှ ပထမအဆင့်အထိရှိသည်။ ဒဏ္ဍာရီလာအရဆိုရင် ပထမအဆင့်ထက် မြင့်မားသည့် မသေမျိုးနတ်ဂိုဏ်းများပင်တည်ရှိနေသေးသည်။ ကျန်းယီနင်ဒဏ်ရာသည် တတိယအဆင့်ရှိတဲ့ ဟောက်ယွင်ဂိုဏ်းကြောင့် ရရှိလာခြင်းဖြစ်သည်။

ကန်းလန်နယ်မြေတွင်၊ အားနည်းသည့် ဂိုဏ်းများက မိမိတို့၏ဂိုဏ်း အသက်ရှင်သန်ရေးအတွက် ပိုမိုမြင့်မားတဲ့အဆင့်ရှိ ဂိုဏ်းကြီးများထံမှ ကာကွယ်စောင့်ရှောက်မှုကို တောင်းခံကြရသည်။

သို့မဟုတ်ပါက၊ အင်အားကြီးဂိုဏ်းများနှင့် တခြားအဖွဲ့အစည်းများက အားနည်းတဲ့ဂိုဏ်းများကို ဖယ်ရှားဖျက်စီးပစ်ပြီး အားနည်းသည့်ဂိုဏ်းများက ပျက်စီးသွားကြရသည်။ လင်းယွင်ဂိုဏ်းသည် စတုတ္ထအဆင့် ဂိုဏ်းတစ်ခုဖြစ်သည်။ သို့သော်မမျှော်လင့်ထားသော အကြောင်းတစ်ခုကြောင့် ဂိုဏ်းအဆင့်သည် ပဉ္စမအဆင့် သို့မဟုတ် ထိုအဆင့်ထက်ပင် နိမ့်ကျသွားခဲ့ရသည်။ လင်းယွင်ဂိုဏ်းတွင် ယခုအခါ အပျက်အစီးများသာ ကျန်ရှိတော့သည်။

ခမ်းနားထည်ဝါသော အဆောက်အဦများအားလုံး ပျက်စီးသွားပြီး စုတ်ပျက်နေတဲ့ သစ်သားခန်းမလေးများသာ ကျန်ရစ်တော့သည်။ ဂိုဏ်းတွင်လည်း တပည့်သုံးဦးသာ ကျန်ရှိတော့သည်။ ဂိုဏ်း၏ အမွေအနှစ်အားလုံး အခုအခါပျောက်ကွယ်သွားပြီး အမြူတေဖွဲ့စည်းခြင်းအဆင့် ကျင့်စဥ်များလည်း ပျက်စီးပျောက်ဆုံးခဲ့ရသည်။

လင်းယွင်ဂိုဏ်းသည် မိမိတို့၏အမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းနိုင်ရန် ဟောက်ယွင်ဂိုဏ်းထံမှ ကာကွယ်စောင့်ရှောက်မှုကို တောင်းခံရန် လိုအပ်ခဲ့သည်။ သို့သော် ကာကွယ်စောင့်ရှောက်ခသည် အခမဲ့မဟုတ်ပေ။ နှစ်စဉ် လင်းယွင်ဂိုဏ်းသည် ကာကွယ်စောင့်ရှောက်ခအဖြစ် ဟောက်ယွင်ဂိုဏ်းထံသို့ ဝိညာဉ်ကျောက်တုံးအမြောက်အမြားကို ဆက်သခဲ့ရသည်။

သို့သော် လင်းယွင်ဂိုဏ်းရဲ့ အခြေအနေသည် ယခင်ကထက် ပိုမိုဆိုးရွားလာနေသည်။ ယခုနှစ်တွင် ဆက်သရန် ဝိညာဉ်ကျောက်တုံးပင် လုံလောက်အောင် မရှိခဲ့ပေ။ လွန်ခဲ့သော ရက်အနည်းငယ်က၊ ဟောက်ယွင်ဂိုဏ်းမှ ကိုယ်စားလှယ်များသည် ကျန်းယီနင်ထံသို့ ရောက်လာခဲ့သည်။ ကျန်းယီနင်က သူတို့နှင့် ညှိနှိုင်းဆွေးနွေးပြီး၊ ဆက်သရမယ့် ဝိညာဉ်ကျောက်တုံးများကို စုဆောင်းရန် အချိန်အနည်းငယ်ပေးဖို့မျှော်လင့်ခဲ့သည်။

သို့သော် ဟောက်ယွင်ဂိုဏ်းမှ ကိုယ်စားလှယ်များသည် သွေးအေးရက်စက်ကာ ကျန်းယီနင်ကို အနိုင်ကျင့်ရိုက်နှက်ခဲ့သည်။ သူတို့က လင်းယွင်ဂိုဏ်းအား တစ်လအတွင်း ဝိညာဥ်ကျောက်တုံးများ ပေးရန် ပြောခဲ့ကြပြီး၊ မဟုတ်ပါက လင်းယွင်ဂိုဏ်းသည် ဟောက်ယွင်ဂိုဏ်း၏ ကာကွယ်စောင့်ရှောက်မှုကို ဆုံးရှုံးရလိမ့်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ သို့သော် လင်းယွင်ဂိုဏ်းတွင် ယခုအချိန်၌ ပေးဆောင်ရန် ဝိညာဥ်ကျောက်တုံးများ မရှိနေခဲ့ပေ။ ပိုင်ဆိုင်မှုအားလုံးကို ရောင်းစားလိုက်သည့်တိုင် ဤမျှများပြားသော ဝိညာဉ်ကျောက်တုံးများကို စုဆောင်းနိုင်ခဲ့ချေ။

"ခွေးတိရိစ္ဆာန် ဟောက်ယွင်ဂိုဏ်း။"

ကျန်းယီနင်သည် မျက်လုံးများအေးစက်လာပြီး စိတ်တိုကာလက်သီးစုတ်လိုက်ပြီး ကျိန်ဆဲလိုက်သည်။ ပုံမှန်အားဖြင့် ဟောက်ယွင်ဂိုဏ်းသည် လင်းယွင်ဂိုဏ်း၏ ကာကွယ်စောင့်ရှောက်သူဖြစ်သော်လည်း၊ လင်းယွင်ဂိုဏ်းကာကွယ်စောင့်ရှောက်သူအဖြစ် သူတို့တာဝန်များကို ကျေပွန်စွာ မလုပ်ဆောင်ဘဲ နှစ်စဥ်ပေးအပ်တဲ့ ဝိညာဥ်ကျောက်တုံးများကိုသာ ယူခဲ့ကြသည်။

မကြာသေးမီက၊ တခြားဂိုဏ်းများစွာက လင်းယွင်ဂိုဏ်းတွင် ပြဿနာရှာခဲ့ကြသည်။ သို့သော် လင်းယွင်ဂိုဏ်းမှ ကာကွယ်စောင့်ရှောက်မှု လိုအပ်သည့်အခါတိုင်း ဟောက်ယွင်ဂိုဏ်းသည် အမြဲတမ်း လျစ်လျူရှုခဲ့သည်။ ဒါပေမယ့် ဟောက်ယွင်ဂိုဏ်းသည် လင်းယွင်ဂိုဏ်းထံမှ အရှက်မဲ့စွာ နှစ်စဥ်ကာကွယ်ခ အတင်းအကြပ်ကောက်ခံခဲ့သည်။

"ငါ့မှာ ရွေးချယ်စရာမရှိဘူးပဲ။"

ကျန်းယီနင်က ကိုယ့်ကိုယ်ကို မြန်မြန်စိတ်အေးသွားအောင် လုပ်လိုက်ပြီး သက်ပြင်းချလိုက်သည်။ တစ်ယောက်ထဲ အကူအညီမဲ့သလို ခံစားလိုက်ရသည်။ ကျန်းယီနင်သည် ဟောက်ယွင်ဂိုဏ်းက သူ့ကိုတမင်ယုတ်မာ၍ အနိုင့်ကျင့်မှန်းသိသော်လည်း သူဘယ်လိုရှေ့ဆက်ရမှန်း မသိအကြပ်ရိုက်နေသည်။ ဝိညာဥ်ကျောက်တုံးတွေ မြန်မြန်ရှာဖွေရန် ဘယ်အကြံဉာဏ်မှ သူရှာမတွေ့ဖြစ်နေသည်။

ဘာလို့ဆို ဟောက်ယွင်ဂိုဏ်းသည် ခွန်အားကြီးမားသန်မာလှသည်။ ဂိုဏ်းတွင် အခြေတည်စိတ်ဝိညာဥ်အဆင့်မှ အကြီးအကဲများသာမက၊ မွေးဖွားခြင်းအဆင့်မှ ဘိုးဘေးဘီဘင်များလည်း ရှိသည်ဟု ကောလဟာလများလည်း ရှိနေသည်။ ဟောက်ယွင်ဂိုဏ်းရဲ့ အစွမ်းက တိုင်းတာမရအောင် သာလွန်နေခဲ့သည်။

ကျင့်ကြံရေးအဆင့်များရဲ့ အစောပိုင်းနယ်ပယ်အချို့ကို ခန္တာသန့်စင်ခြင်းအဆင့်၊ ချီစုဆောင်းခြင်းအဆင့်၊ အုတ်မြစ်တည်ထောင်ခြင်းအဆင့်၊ အမြူတေဖွဲ့စည်းခြင်းအဆင့်၊ အခြေတည်စိတ်ဝိညာဥ်အဆင့်နှင့် မွေးဖွားခြင်းအဆင့်အဖြစ် ပိုင်းခြားထားသည်။

အခြေတည်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံရေးသမားသည် တစ်ချက်တည်းဖြင့် တောင်ကို ခွဲခြေနိုင်သည့် စွမ်းအားကြီးမားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး၊ ဒဏ္ဍာရီလာမွေးဖွားခြင်းအဆင့်ဆိုလျှင် မေးခွန်းပင်ထုတ်စရာ မလိုတော့ပေ။ လင်းယွင်ဂိုဏ်းသည် ယခင်အမြင့်ဆုံးအခြေအနေတွင်ပင် ဟောက်ယွင်ဂိုဏ်းကို အနိုင်မယူနိုင်ခဲ့ပေ။

အရင်ချိန်ထဲက ဟောက်ယွင်ဂိုဏ်းထက် နှိမ့်ကျခဲ့ရာ အခုလိုအခြေအနေတွင် ပို၍ဆန့်ကျင်ရန် စွမ်းအားမရှိဖြစ်နေသည်။ ထို့အပြင်၊ လင်းယွင်ဂိုဏ်းကို သိမ်းပိုက်ရယူလိုသော စတုတ္ထနှင့် ပဉ္စမအဆင့် ဂိုဏ်းအချို့လည်း ရှိနေသေးသည်။ ထိုဂိုဏ်းများသည် ဟောက်ယွင်ဂိုဏ်းကို ကြောက်ရွံ့သောကြောင့်သာ လင်းယွင်ဂိုဏ်းကို အန္တရာယ်ပြုရန် မဝံ့ဖြစ်နေကြသည်။ သို့သော် လင်းယွင်ဂိုဏ်းသည် ဟောက်ယွင်ဂိုဏ်း၏ ကာကွယ်စောင့်ရှောက်မှုကို ဆုံးရှုံးလိုက်သည်နှင့်၊ လင်းယွင်ဂိုဏ်းကို ပစ်မှတ်ထားသူများရဲ့ ပစ်မှတ်ဖြစ်သွားလိမ့်မည်။

"ကူးပြောင်းပြောင်းခြင်းဘဲ ဒီလို ဒုက္ခရောက်စရာ ကိစ္စတွေနဲ့ တန်းတွေ့ရတယ်လို့ကွာ"

ကျန်းယီနင်သည် ခေါင်းအုံးမှ ခေါင်းကို မော့ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူမြင်လိုက်ရသည်မှာ စုတ်ပြတ်နေသောတဲကလေးရဲ့ အတွင်းပိုင်းဖြစ်သည်။ ဂိုဏ်းအဆင်တန်ဆာ အပြင်အဆင်များ လုံးဝမရှိနေသည်မှာ စိတ်ဓာတ်ကျစရာကောင်းနေသည်။ လင်းယွင်ဂိုဏ်းသည် အခုလို ညံ့ဖျင်းသော အခြေအနေသို့ ကျဆင်းသွားပြီဖြစ်သည်။ ကျန်းယီနင်ကဲ့သို့သော ဂိုဏ်းချုပ်ပင် ဤကဲ့သို့သော ညံ့ဖျင်းသည့် တဲကလေးတွင် နေထိုင်နေရသည်။

“အခုမှအစကို အခုလိုပြဿနာတွေ တွေ့နေရတာက သိပ်တော့မဟုတ်သေးဘူးဟ” ဆိုပြီး ကျန်းယီနင် ကိုယ့်ကိုယ်ကို လှောင်ပြီး စိတ်ပျက်စွာ ညည်းနေလိုက်မိသည်။

---

[ဒင်း! ဂိုဏ်းသန်မာရေးစနစ် စတင်အသက်သွင်းနေပါသည်။ အသက်သွင်းမှု လုပ်ဆောင်ချက်၊ ၁%၊ ၂%၊ ၃% ...]

ကျန်းယီနင် စိတ်ပျက်အားလျော့နေချိန်တွင် သူ့ဦးနှောက်ထဲတွင် အေးစက်စက် အသံတစ်ခု မြည်လာသည်။ ကျန်းယီနင် ထိတ်လန့်သွားသည်။ ဘာဖြစ်နေသည်ကို သိသွားတော့မှ သူ့စိတ်အခြေအနေသည် ပြန်လည်လန်းဆန်းလာခဲ့သည်။ ကမ္ဘာမကူးပြောင်းခင်က သူ့အချိန်ပြည့် ဝါသနာမှာ အွန်လိုင်း ဝတ္ထုများ ဖတ်ရှုခြင်းဖြစ်သည်။ သူဖတ်ဖူးသော ဝတ္ထုတိုင်းတွင် ကူးပြောင်းသူတိုင်း ရွှေလက်ချောင်းပါလာကြသည်။

ထိုရွှေလက်ချောင်းသည် သူ့လိုမျိုးကမ္ဘာကူးပြောင်းသူတွေအတွက် ရောက်လာသည့်ကမ္ဘာတွင် အသက်ရှင်ရပ်တည်ရန် လိုအပ်သော အရာဖြစ်သည်။ မျှော်လင့်ထားသည့်အတိုင်း၊ ကျန်းယီနင်သည် ခန္ဓာကိုယ်ကူးပြောင်းပြီး မကြာမီမှာပင် သူရဲ့ ရွှေလက်ချောင်းကို ရခဲ့သည်။

"ဂိုဏ်းသန်မာရေးစနစ်။ ဒါကငါကစားခဲ့တဲ့ ဂိမ်းရဲ့ နာမည်ပဲ။"

ကျန်းယီနင်သည် စနစ်အမည်ကို ကြားရသည့်အခါ တစ်စုံတစ်ရာကို သတိရလိုက်သည်။ သူသည် မကူးပြောင်းခင်က စိတ်ကူးယဉ်ကျင့်ကြံရေးဂိမ်းတစ်ခုကို ကစားခဲ့ဖူးသည်။ ထိုဂိမ်းရဲ့အမည်မှာ ဒီစနစ်ကဲ့သို့ပင် ဂိုဏ်းသန်မာရေးဂိမ်း ဖြစ်သည်။ ဒါပေမယ့် ကျန်းယီနင်ဘာလို့ ဒီဂိမ်းကို ရလာသလဲဆိုတာ ဆက်တွေးမနေဖို့ ဆုံးဖြတ်လိုက်သည်။

"စနစ်ရေ၊ အခုတော့ အရာအားလုံး မင်းအပေါ်မှာပဲ မူတည်နေပြီ။ လင်းယွင်းဂိုဏ်းအတွက် အချိန်မရှိတော့ဘူး။"

ကျန်းယီနင်က သူ့မျက်လုံးများ မျှော်လင့်ချက်တွေနဲ့ တောက်ပလျက် အားကိုးတကြီးပြောလိုက်သည်။

ယခုအခါ လင်းယွင်ဂိုဏ်းသည် မျှော်လင့်ချက်ကင်းမဲ့သော အခြေအနေတွင် ရှိနေပြီး၊ တစ်ခုတည်းသော မျှော်လင့်ချက်ရောင်ခြည်မှာ သူရထားသော စနစ်ပင်ဖြစ်သည်။ သိပ်မကြာခင်တွင် စနစ်မှ အသိပေးချက်အသံသည် ကျန်းယီနင်ဦးနှောက်ထဲတွင် ပြန်လည်ထွက်ပေါ်လာသည်။

[ဒင်း! ဂိုဏ်းသန်မာရေးစနစ်၊ အသက်သွင်းမှုလုပ်ဆောင်ချက် ၁၀၀%။ အသက်သွင်းမှု အောင်မြင်ပါသည်!]

စနစ်မှ စကားဆုံးသည်နှင့် တပြိုင်နက် အပြာရောင်စခရင်တစ်ခု သူ့ရှေ့တွင် ပေါ်လာသည်။ ကျန်းယီမင်မျက်လုံးများသည် မယုံနိုင်ဖွယ် ဖြစ်သွားရသည်။ စခရင်ပေါ်တွင် သူအရင်က ကစားခဲ့သော စိတ်ကူးယဉ်ကျင့်ကြံရေးဂိမ်း မျက်နှာပြင်နှင့် အတိအကျ တူညီသော စခရင်မျက်နှာပြင်တစ်ခု ရှိနေသည်။

[ဒင်း! ဂိမ်းသမား ကျန်းယီနင် ဂိမ်းကစားနေသည်ကို တွေ့ရှိရသည်။]

[သင်၏ ဂိမ်းအကောင့်ကို လက်ခံရယူလိုပါသလား?]

-----------------------------

All Chapters