အရံတာဝန်၊ ဖီးနစ်မီးတောက်များ ထိန်းချုပ်ခြင်း
Vol. 1 Ch. 6
ရုတ်တရက် ထွက်ပေါ်လာသော စနစ်၏ အသိပေးချက်ကို ကြားရသည်နှင့် ကျန်းယီနင်သည် အံ့အားသင့်သွားခဲ့သည်။ ယီနင် စနစ်ကို မြန်မြန်ဆန်ဆန်ဖွင့်လိုက်သည်။
[ဒင်း — တာဝန် စတင်ခဲ့သည်]
[အမျိုးအစား: အရံတာဝန်]
[တာဝန်အမည်: ဖီနစ်မီးတောက်များထိန်းချုပ်ခြင်း]
[တာဝန်လိုအပ်ချက်: တပည့်ဟွမ်းချောင်ယု၏ ကျင့်ကြံဆင့်ကို နောက်တစ်ဆင့်သို့ မြှင့်တင်ပေးရန်]
[တာဝန်ကြာချိန်: ခုနှစ်ရက်]
[တာဝန်ဆု : ဆန်းကြယ်ဖီးနစ်ကျင့်စဥ်]
စနစ်မျက်နှာပြင်ပေါ်ရှိ အချက်အလက်များကို ကြည့်ရှုရင်း ကျန်းယီနင်သည် စိတ်ညစ်သွားခဲ့သည်။ ဟွမ်းချောင်ယုရဲ့ တောက်လောင်ဖီးနစ်ကိုယ်ခန္ဓာကိုကို နိုးထစေခဲ့သော်လည်း သူမသည် ၇ရက်အတွင်း အဆင့်ကြီးတစ်ခု တက်ဖို့ ယီနင်မသေချာဖြစ်နေသည်။ ဘာကြောင့်ဆို သူမသည် ချီစုဆောင်းခြင်းနောက်ဆုံးအဆင့်ကို ရောက်နေပေမယ့် ခနလေးအတွင်း အုတ်မြစ်တည်ထောင်ခြင်းအဆင့်ကို ရောက်ဖို့ ချောင်ယုရဲ့စိတ်ဝိညာဥ်စွမ်းအားများ တည်ငြိမ်မှုမရှိသေးပေ။
ထို့အပြင် အဆင့်ကြီးများသည် ချိုးဖျက်ခြင်းမှာ ထင်သလောက်မလွယ်ဘဲ ခက်ခဲနေသည်။ ကျန်းယီနင်သည် မျက်ခုံးကျုံ့ကာ၊ သူ့မျက်နှာအမူအရာများ ဆိုးရွားသွားခဲ့သည်။ ဤသည်မှာ အရံတာဝန်ဖြစ်ပြီး ဒါကိုပြီးမြောက်အောင်လုပ်မလား သို့မဟုတ် စွန့်လွှတ်မလား ရွေးချယ်နိုင်သော်လည်း၊ တာဝန်၏ဆုဖြစ်သော ဆန်းကြယ်ဖီးနစ်ကျင့်စဥ်သည် ဟွမ်းချောင်ယု၏ တောက်လောင်ဖီးနစ်ကိုယ်ခန္ဓာနဲ့ အလွန်ကိုက်ညီသည်မှာ မေးစရာပင်မလို။
ကျန်းယီနင်သည် ဒီကျမ်းကို အလွယ်တကူ လက်မလွတ်ချင်ဖြစ်နေသည်။ သို့သော် ယခုအချိန်မှာ သူဘယ်လိုမှ နည်းလမ်းကောင်းကို တွေးမရအကျပ်ရိုက်နေသည်။ ကျင့်ကြံရေးသမားတွေကို ပြင်ပအကူဖြင့် ချိုးဖျက်စေနိုင်သော ဆေးဝါးများစွာရှိသော်လည်း၊ ထိုနည်းလမ်းဖြင့်လုပ်ဆောင်ခြင်းသည် ပျိုးပင်ပေါက်များကို အတင်းအပေါ်သို့ဆွဲတင်ကာ ကြိုးစားသကဲ့သို့ဖြစ်သည်။ ထိုအရာသည် ကျင့်ကြံရေးအတွက် ခန္ဓာကိုယ်ကို ဆိုးရွားစွာ ထိခိုက်စေရုံသာမက အခန့်မသင့်ရင် ကျင့်ကြံဆင့်ပြန် ထိုးကျစေသည်။ ကျန်းယီနင်သည် သဘာဝအားဖြင့် ဒီနည်းလမ်းကို ရွေးချယ်မည်မဟုတ်ပေ။
စနစ်ထဲကနေ သူရထားတဲ့ ကျင့်ကြံရေးတွေကိုသာ တခြားသူတွေကို ပေးလို့လည်းမရ။ သူသာလုပ်လို့ရပါက ဟွမ်းချောင်ယုထံသို့ နှစ်ပေါင်း ဆယ်နှစ်ခန့်စာ ကျင့်ကြံရေးကို ဒီတိုင်းထုတ်ပေးလိုက်နိုင်ပြီး၊ သူမလည်း အုတ်မြစ်တည်ထောင်ခြင်းနောက်ဆုံးအဆင့်ကိုပင် အလွယ်တကူ ချိုးဖျက်နိုင်လိမ့်မည်။ ရုတ်တရက်၊ ကျန်းယီနင်က သူ့မှာရှိတဲ့ စိမ်းမြကြာပန်းဖန်တီးခြင်းကျင့်စဥ်(ကျမ်းဆိုရင် ထောက်နေလို့ ကျင့်စဥ်လို့ ပြောင်းလိုက်မယ်နော်)ကို သတိရသွားသည်၊ ထိုကျင့်စဥ်သည် အစွမ်းထက်ဆုံး ကျင့်ကြံရေးကျင့်စဥ်တစ်ခုဖြစ်သည်။ စိမ်းမြကြာပန်းဖန်တီးခြင်းကျင့်စဥ်သည် ချောင်ယုရဲ့ အုတ်မြစ်တည်ထောင်ခြင်းအဆင့်ကို ရောက်ဖို့ကူညီပေးနိုင်သည်မှာ သေချာသည်။ ကျန်းယီနင်သည် အကြာကြီး စဉ်းစားမနေတော့ဘဲ၊ သူ့စိတ်ကို ဆုံးဖြတ်ချလိုက်သည်။ ထို့အပြင် သူသည် အရင်ထဲက သူ့တပည့်၃ယောက်လုံးကို ဒီကျင့်စဥ်သင်ပေးဖို့ လုပ်ထားပြီးသားဖြစ်နေသေးသည်။ ဒါ့အပြင် သူ့မှာဒီကျင့်စဥ်ကို သင်ကြားပေးခြင်းမှလွဲ၍၊ သူ့တွင် ပိုကောင်းတဲ့အကြံကို တွေးမရပေ။ ဤအချိန်တွင်၊ ဟွမ်းချောင်ယုရဲ့တင်းတင်းကျပ်ကျပ်ပိတ်ထားသော မျက်လုံးများသည် ဖြည်းဖြည်းချင်း ဖွင့်လာခဲ့သည်။
"ဆရာ" သူမ၏အသံသည်လည်း ကြည်လင်သာယာခဲ့သည်။
ကျန်းယီနင်သည် သူမကို ကုတင်ပေါ် ထိုင်ဖို့ ကူပြီးမပေးလိုက်သည်။
"ရှောင်ယု၊ ဘယ်လိုခံစားရသေးလဲ"
"တပည့်၊ တပည့်နည်းနည်းပူနေသလိုခံစားရတယ်၊ ပြီးတော့ ခွန်အားလည်းပြည့်နေသလိုခံစားရနေတယ်" ဟွမ်းချောင်ယုက သူမခန္ဓာကိုယ်အတွင်းရှိ မငြိမ်မသက်ဖြစ်နေသော စွမ်းအင်ကို ခံစားရသည့်အခါ စိတ်ရှုပ်သွားခဲ့သည်။
"ဆရာ၊ တပည့် ဘာဖြစ်သွားတာလဲ"
"စိုးရိမ်စရာမလိုပါဘူး၊ မင်းအဆင်ပြေသွားပါပြီ" ကျန်းယီနင်က ခေါင်းညိတ်ကာ ဆက်ပြောလိုက်သည်၊ "မင်းမှာ သွေးကြောပိတ်ဆို့နေတဲ့ အတွင်းဒဏ်ရာတွေရထားတယ်။ အဲ့တာက အခုတော့ အရေးမကြီးပေမယ့် နောက်ကျကျင့်ကြံရေးမှာ အခက်တွေ့စေလိမ့်မယ်"
"ရှင်........." သူမဆရာရဲ့ စကားကို ကြားရသည်နှင့်၊ ဟွမ်းချောင်ယု၏ မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားခဲ့သည်။
သူမသည် စကားများထစ်ကုန်ကာ "ဆရာ၊ ကျေးဇူးပြုပြီး တပည့်ကို မခြောက်ပါနဲ့။ တပည့်၊ တပည့် ကျင့်ကြံရေးဆက်လုပ်နိုင်သေးတယ်မဟုတ်လား" ဟု တုန်တုန်ရီရီဖြင့် ပြောဆိုခဲ့သည်။
သူမသည် ကျန်းယီနင်ကို စိုးရိမ်စွာဖြင့် စိုက်ကြည့်နေပြီး၊ ငြင်းဆိုသည့် အဖြေပေးမည်ကို ကြောက်ရွံ့နေခဲ့သည်။ သူမရဲ့စိုးရိမ်နေတဲ့ မျက်နှာကို ကြည့်ရင်း၊ ကျန်းယီနင်သည် ရယ်မောလိုက်မိသည်။
"ဘာတွေ စိုးရိမ်နေရတာလဲ။ ငါ ပြောတာမှမပြီးသေးတာ။ မင်း ကျင့်ကြံရေး ဆက်လုပ်နိုင်တာပေါ့။ ကျင့်ကြံတာ လုပ်နိုင်ရုံသာမက၊ နောင်ကျရင် မင်းရဲ့ ကျင့်ကြံရေးအရှိန်ကလည်း ပိုမြန်လာလိမ့်မယ်။ မင်းကအတွင်းဒဏ်ရာတွေ ရထားတယ်ဆိုပေမယ့်၊ အဲ့တာက ကံကောင်းထောက်မှုလည်း ဖြစ်သွားတယ်။ ခုနကငါ မင်းကိုဆေးလုံးတစ်လုံး တိုက်ခဲ့တယ်။ ဒါက မင်းရဲ့ အတွင်းဒဏ်ရာတွေကို ပျောက်ကင်းစေရုံသာမက၊ မင်းရဲ့ခန္ဓာကိုယ်ထဲက လျှို့ဝှက်နေတဲ့ သွေးကြောတွေကိုပါ နိုးထစေခဲ့တယ်။ အခု မင်းရဲ့ ခန္ဓာဖွဲ့ စည်းပုံ နိုးထသွားပြီ"
"တကယ်ကြီးလား" ဟွမ်းချောင်ယုသည် ကျန်းယီနင်က ဖြစ်ပျက်သမျှအားလုံးကို ပြန်ပြောပြနေစဉ် အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့သည်။
"တကယ်ပြောနေတာ။ ငါက မင်းကို လိမ်ပါ့မလား။ မင်းမယုံရင်၊ မင်းရဲ့ ခန္ဓာကိုယ်ကို စစ်ကြည့်လိုက်" ကျန်းယီနင်က သူမကို အေးဆေးစွာ ပြောသည်။
ဟွမ်းချောင်ယုသည် သူမဝိညာဉ်စွမ်းအားကို လှည့်ပတ်ခဲ့ပြီး၊ သူမခန္ဓာကိုယ်အတွင်းသို့ စစ်ဆေးကြည့်လိုက်သည်။ သူမခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအားများ ကြွယ်ဝနေပြီး၊ သူမသွေးကြောများသည် ပိုကျယ်ပြန့်နေသည်ကို သူမခံစားလိုက်ရသည်။ များပြားလှသော စိတ်ဝိညာဉ်စွမ်းအားများသည် သူမခန္ဓာကိုယ်ထဲတွင် လှည့်ပတ်နေပြီး၊ သူမအဆုတ်များကို အာဟာရဖြည့်တင်းပေးနေသည်။
"ဆရာ" ဟွမ်းချောင်ယုသည် အံ့အားသင့်စွာ အော်ဟစ်လိုက်မိသည်။ သူမခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအားသည် ယခင်ထက် ဆယ်ဆပိုမိုအားကောင်းနေသည်ကို သူမခံစားနေရသည်။ ယခင်ကသူမသည် ချီစုဆောင်းခင်း အစောပိုင်းအဆင့်တွင် ရှိခဲ့ရာမှ အခုတော့ ချီစုဆောင်းခြင်းနောက်ဆုံးအဆင့်သို့ ရောက်နေခဲ့သည်။
"ကောင်းပါပြီ၊ အဲ့လောက်ကြီးစိတ်လှုပ်ရှားမနေပါနဲ့။ အုတ်မြစ်တည်ထောင်ခြင်းအဆင့်ကို ချိုးဖျက်ပြီးမှ ဆက်ပျော်၊ ဟုတ်ပြီလား" ကျန်းယီနင်က အပြုံးဖြင့် ပြောသည်။
ထိုစကားကို ကြားရသည်နှင့်၊ ဟွမ်းချောင်ယု၏ ဝမ်းမြောက်ဝမ်းသာဖြစ်နေသောမျက်နှာအမူအရာသည် ချက်ချင်းရပ်တန့်သွားခဲ့သည်။
သူမမျက်လုံးများ မယုံနိုင်ဖြစ်နေပြီး "ဆရာ၊ အုတ်မြစ်တည်ထောင်ခြင်းအဆင့်က တပည့်အတွက် များလွန်းနေတယ်မဟုတ်လား" ဟု မယုံကြည်နိုင်သံဖြင့် ပြောခဲ့သည်။
ကျန်းယီနင်က ခေါင်းခါကာ အေးအေးဆေးဆေးပြောလိုက်သည်၊ "မင်းရဲ့ ခန္ဓာဖွဲ့စည်းပုံ နိုးထသွားပြီဆိုတော့၊ နောက်ကျ မင်းရဲ့ ကျင့်ကြံရေးအရှိန်က အများကြီး တိုးတက်လာလိမ့်မယ်။ မနက်ဖြန်ငါ မင်းကို ကျင့်စဥ်အသစ်တစ်ခု သင်ပေးမယ်။ မင်းဇွဲရှိရှိနဲ့ ကျင့်ကြံဆိုရင်၊ မင်းမကြာခင်မှာ အုတ်မြစ်တည်ထောင်ခြင်းအဆင့်ကို အလွယ်လေးချိုးဖျက်နိုင်လိမ့်မယ်လို့ ငါယုံတယ်။ အခုတော့ ဒီဆေးတွေကို ယူပြီး အရင်ပြန်သွားပါ။ ဒီည ကောင်းကောင်းအနားယူလိုက်"ဟု ပြောရင်းနဲ့ သူ့လက်လှုပ်ကာ၊ ဆေးပုလင်းငယ်အချို့သည် သူ့လက်ထဲ ပေါ်လာခဲ့သည်။
ဟွမ်းချောင်ယုသည် သံသယဖြင့်ပြည့်နေသော မျက်နှာအမူအရာဖြင့် ယီနင်လက်ထဲမှ ဆေးပုလင်းများကို ယူလိုက်သည်။ သူမသည် အနံ့ခံရန် အဖုံးကို ဖွင့်လိုက်ပြီး၊ ချက်ချင်း အလွန်ပျော်သွားခဲ့သည်။ ဒီဆေးများ၏ အနံ့သည် အလွန်သင်းပျံ့နေသည်။ အဲ့တာကြောင့် အဖိုးတန်ဆေးတွေမှန်း ကျိန်းသေသေချာ သွားခဲ့သည်။
"ဆရာ၊ ဒီဆေးတွေကို ဘယ်ကရခဲ့တာလဲ" ဟွမ်းချောင်ယု၏ အသံသည် အံ့အားသင့်မှုဖြင့် ပြည့်နှုက်နေသည်။
"ကောင်းပြီ၊ ဆရာ့ဆေးတွေ ဘယ်ကလာတယ်ဆိုတာ လျှောက်မေးမနဲ့တော့။လောလောဆယ် ပြန်သွားပြီးတော့ အနားယူလိုက်"
သူမဆရာသည် ဘာကိုမှ ဖြေဖို့ စိတ်မပါတာကို မြင်လိုက်ရသည်နှင့်၊ ဟွမ်းချောင်ယုသည် ထပ်မံမေးမနေတော့ပေ။ သူမသည် ကျန်းယီနင်ထံသို့ ခါးညွှတ်နှုတ်ဆက်လိုက်ပြီး ပျော်ရွှင်စွာ ပြန်သွားခဲ့လိုက်သည်။ သူမဆရာ ရုတ်တရက် တခြားလူတစ်ဦးကဲ့သို့ ပြောင်းလဲသွားသည်ဟု သူမခံစားရသော်လည်း၊ သူမသည် မေးခွန်းများမေးမြန်းခြင်းတွေ လုပ်မနေတော့ချေ။ ဘာလို့လဲဆို သူမဆရာသည် နှလုံးသားအကြွင်းမဲ့ဖြင့် သူမအား ဂရုစိုက်နေဆဲဖြစ်ကြောင်း သူမခံစားရပြီး၊ အဲ့တာကပဲ သူမအတွက် လုံလောက်သွားခဲ့သည်။
*************
ထိုစဥ်တွင်၊ ကန်းလန်ဒေသရှိ တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာအတွင်းတွင် တောက်ပပြီး ခမ်းနားထည်ဝါနေသော နန်းတော်တစ်ခုရှိနေသည်။
ခန်းမရဲ့ အတွင်းပိုင်းထဲ၌ ရောင်ဝါထွန်းလင်းနေသော ပလ္လင်တစ်ခုရှိနေခဲ့သည်။
ရာဇပလ္လင်ပေါ်တွင် ဂုဏ်သိက္ခာရှိပြီး အေးစက်သောမျက်နှာထားရှိသည့် အသက်အလတ်အလတ်အရွယ် ယောက်ျားတစ်ဦး ထိုင်နေသည်။ သူသည် ရွှေရောင်ရှည်လျားသော ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ အလွန်မြင့်မြတ်သည့် အရှိန်အဝါများ ထွက်ပေါ်နေသည်။
"အရှင်မင်းမြတ်"
ထိုအမျိုးသားသည် စားပွဲပေါ်ရှိ စာရွက်စာတမ်းများကို စိုက်ကြည့်နေစဉ်၊ တံခါးအပြင်ဘက်မှ ခေါ်သံတစ်ခု ရုတ်တရက် ကြားလာခဲ့သည်။
ထိုအမျိုးသားသည် ခေါင်းကို မော့လိုက်ပြီး၊အလင်းတန်းတစ်ခုသည် ခန်းမ၏အပြင်ဘက်မှ ပျံဝင်လာပြီး၊ ကြမ်းပြင်ပေါ်တွင် ထူးထောက်ကာ အလေးပြုသဏ္ဋာန် ပြောင်းလဲသွားသည်။
"ဘာကိစ္စလဲ" ထိုအမျိုးသားသည် အေးဆေးစွာ ပြောဆိုသည်။ မမြင်ရသော ဖိအားတစ်ခုသည် ချက်ချင်း သူ့ခန္ဓာကိုယ်မှ ပျံ့နှံ့ထွက်လာခဲ့သည်။
"အရှင်မင်းမြတ်၊ ဘိုးဘေးဖီးနစ်ရုပ်ထုပေါ်မှာ လက္ခဏာတစ်ခု ပေါ်ထွက်လာပါတယ်။ ဖီးနစ်နတ်ဘုရားရဲ့ သွေးမျိုးဆက် နိုးထလာပြီထင်ပါတယ်"
"ဖက်...." ထိုလူက နောက်ဆုံးစကားကို ပြောဆိုပြီးသည်နှင့်၊ ဧကရာဇ်၏လက်ထဲရှိ စာရွက်စာတမ်းများသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
"ဧကရာဇ်ကို လှည့်စားသူရဲ့ မင်းပြစ်မင်းဒဏ်ကို မင်းသိတယ်မလား"ဟု ဧကရာဇ်သည်ခဏတာ အံ့အားသင့်သွားပြီးနောက်၊ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
သူသည် သူ့ကိုယ်သူ စိတ်အေးအောင်ထိန်းချုပ်ထားသော်လည်း၊ သူ့အသံထဲတွင် စိတ်လှုပ်ရှားမှုကို ခံစားရသေးသည်။
"အရှင်မင်းမြတ်၊ ကျွန်တော်ပြောသမျှအားလုံးသည် အမှန်တရားပါ" ထိုယောက်ျားသည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ တုန်ရီနေပြီး ပြန်လည်ဖြေကြားခဲ့သည်။
ဧကရာဇ်သည် ထိုယောက်ျားကို အချိန်အတန်ကြာ စိုက်ကြည့်ပြီးနောက်၊ "ကောင်းပြီ၊ မတ်တပ်ရပ်လိုက်ပါ" ဟု ဖြည်းဖြည်းချင်း ပြောလိုက်သည်။
ထိုယောက်ျားသည် စိတ်သက်သာရာရကာ၊ တုန်တုန်ရီရီဖြင့် မတ်တပ်ရပ်လိုက်သည်။ သူမတ်တပ်မရပ်ရသေးမီ၊ ဧကရာဇ်၏မျက်နှာအမူအရာသည် အလွန်တည်ကြည်သွားခဲ့သည်
"ငါ့အမိန့်ကို ဖြန့်လိုက်၊ ဖီးနစ်ဘိုးဘေးရဲ့ သွေးမျိုးဆက် နိုးထလာသူကို ချက်ချင်းတန်းရှာရမယ်"
မမြင်ရသောဖိအားတစ်ခုသည် ချက်ချင်း ခန်းမတစ်ခုလုံးကို ပြည့်နှက်သွားစေခဲ့သည်။ ထိုယောက်ျားရဲ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီး၊ ထိုသူက မြန်မြန်ဆန်ဆန် ဦးညွှတ်ကာ အမိန့်နာခံရင် ကတိပေးလိုက်သည်။ သူသည် အမိန့်ကို ဆိုင်ငံ့ရန် မဝံ့ဘဲ၊ ချက်ချင်းလှည့်ပြန်ကာ ခန်းမထဲမှ ထွက်သွားခဲ့သည်။
"ဖီးနစ်ဘိုးဘေးရဲ့ သွေးမျိုးဆက် နောက်ဆုံး ထွက်ပေါ်လာခဲ့တာ နှစ်ပေါင်း ဘယ်လောက်တောင်ကြာညောင်းခဲ့ပြီလဲ" ဟုဗလာဖြစ်နေသော ခန်းမထဲတွင် ဧကရာဇ်ကသူ့ကိုယ်သူ တိတ်တဆိတ် ရေရွတ်လိုက်မိသည်။ ထို့နောက် သူ့မျာက်လုံးများ မျှော်လင့်ချက်များဖြင့် တောက်ပလာခဲ့သည်။