ဆန်းကြယ်ဖီးနစ်ကျင့်စဥ်
Vol. 1 Ch. 8
ဟွမ်းချောင်ယုပတ်လည်တွင် စိတ်ဝိညာဥ်အစုအဝေးများ ပိုမိုကျယ်လာပြီး၊ ချိုးဖျက်ခြင်းဖြစ်စဥ် သဘာဝအတိုင်း ဖြစ်လာခဲ့သည်။ ကျန်းယီနင်သည် ဘေးတွင် ရပ်နေပြီး တိတ်တဆိတ် ကြည့်နေခဲ့သည်။
သူသည် အစက ဟွမ်းချောင်ယုအနေဖြင့် အုတ်မြစ်တည်ထောင်ခြင်းသို့ ချိုးဖျက်ရန် အနည်းဆုံး ရက်အနည်းငယ် ကြာမည်ဟု ထင်ခဲ့သည်။ သူမ ချီစုဆောင်းခြင်း နောက်ဆုံးအဆင့်တွင် ကျင့်ကြံရေးတည်ငြိမ်ပြီးမှသာ အဆင့်တက်မည်ဟု ထင်ခဲ့သည်။
သူသည် ကျင့်ကြံရေးကျင့်စဥ်၏ အခြေခံအဆင့်သို့ ရောက်ရှိခြင်းဖြင့် အောင်မြင်စွာ ကျင့်ကြံရေး တိုးသွားသူများအကြောင်း ကြားဖူးခဲ့သော်လည်း၊ ထိုသို့သောအရာကို လုပ်ဆောင်နိုင်သူများမှာ ပါရမီထူးချွန်သူများသာ ဖြစ်သည်။ ဟွမ်းချောင်ယုသည် ထိုသူများထဲမှ တစ်ဦးဖြစ်ကြောင်း သိသာထင်ရှားနေသည်။ ဟွမ်းချောင်ယု၏ ချိုးဖျက်မှုသည် အချိန်အကြာကြီး ကြာမြင့်သွားခဲ့သည်။ ယေဘုယျအားဖြင့်၊ ကျင့်ကြံသူများရဲ့ အစွမ်းသည် ပိုမိုအားကောင်းလာလေ၊ ချိုးဖျက်မှုကြာချိန်သည် ပိုမိုကြာမြင့်လာလေ ဖြစ်သည်။ သို့သော် အချိန်သည် ကြာလာလေလေ၊ မတော်တဆမှုများ ဖြစ်ပွားနိုင်ခြေ ပိုများပြားလေ ဖြစ်သည်။
"မဟုတ်သေးဘူး၊ ငါနည်းနည်း စိတ်စောသွားတယ်" ကျန်းယီနင်သည် ရုတ်တရက် မျက်ခုံးကျုံ့ကာ သူ့ကိုယ်သူ ပြောလိုက်သည်။ အုတ်မြစ်တည်ထောင်ခြင်းသည် အလွန်အရေးကြီးသည်၊ ဘာကြောင့်ဆို ကျင့်ကြံသမားများသည် ဒီနယ်ပယ်တွင် သူတို့ရဲ့ နောင်အခါကျင့်ကြံခြင်းအတွက် အုတ်မြစ်ချခြင်းဖြစ်သည်။
အုတ်မြစ်တည်ထောင်ခြင်းအဆင့်သို့ ချိုးဖျက်နေစဉ် မတော်တဆများ ဖြစ်သွားပါက၊ သို့မဟုတ် တနည်းအားဖြင့် ချိုးဖျက်စဥ် အုတ်မြစ်မခိုင်မာခြင်းကို ဖြစ်စေပါက၊ နောက်ပိုင်း ကျင့်ကြံရေးလမ်းကြောင်းအပေါ် အကျိုးသက်ရောက်မှုများသည် အလွန်ပြင်းထန်လိမ့်မည်။ ဟွမ်းချောင်ယုရဲ့ စွမ်းရည်သည် ထူးခြားသော်လည်း၊ သူမယခုချိုးဖျက်ခြင်းသည် အလွန်စောနေသေးသည်။ ကျန်းယီနင်သည် စိုးရိမ်လာခဲ့သည်။ ရုတ်တရက် သူရရှိထားသော စိတ်ဝိညာဉ်ဆေးပင်ကို သတိရလိုက်ပြီး၊ သူ့နှလုံးသား ချက်ချင်း ငြိမ်သက်သွားခဲ့သည်။ ထိုစိတ်ဝိညာဉ်ဆေးပင်သည် အုတ်မြစ်ခိုင်မာစေခြင်းနှင့် စွမ်းအားတိုးစေခြင်း အာနိသင်ရှိသဖြင့် အုတ်မြစ်ခိုင်မာရန် အသင့်တော်ဆုံး အဖြေဖြစ်စေသည်။
တော်ဝင်မင်ရှင်းဝတ်ဆံပန်းကို စားသုံးပြီးနောက်၊ ရုတ်တရက်မတော်တဆမှုများ လုံးဝထပ်လာမှာ မဟုတ်တော့ပေ။ ထို့နောက် ကျန်းယီနင်သည် "ရှောင်ယု" ဟု လှမ်းခေါ်လိုက်သည်။
ဟွမ်းချောင်ယုရဲ့ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ခါသွားပြီး၊ သူမမျက်လုံးများကို ဖွင့်လိုက်သည်။သူပတ်ဝန်းကျင်ရှိ မြင့်တက်နေသော စိတ်စွမ်းအားလည်း ရပ်တန့်သွားခဲ့သည်။
"ဆရာ၊ ဘာဖြစ်သွားလို့လဲ" ဟွမ်းချောင်ယုသည် ကျန်းယီနင်ကို စိတ်ရှုပ်ထွေးနေတဲ့ အကြည့်ဖြင့် စိုးရိမ်စွာ လှမ်းမေးလိုက်သည်။
"စကားမပြောနဲ့ဦး၊ ဒီစိတ်ဝိညာဉ်ပင်ကို ယူလိုက်ပြီး မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး ချေဖျက်လိုက်၊ ဒါက ချိုးဖျက်မှုကို ပိုမိုချောမွေ့သွားစေလိမ့်မယ်"
သူ့လက်ကို အသာလှုပ်ကာ ကျန်းယီနင်ရဲ့ စိတ်ဝိညာဉ်စွမ်းအင်သည် တော်ဝင်မင်ရှင်းဝတ်ဆံပန်းကို သယ်ဆောင်ကာ ဟွမ်းချောင်ယုထံသို့ ပို့ပေးလိုက်သည်။ ဟွမ်းချောင်ယုသည် စက္ကန့်အနည်းငယ် အံ့အားသင့်သွားပြီးနောက်၊ သူမဆရာ လက်ဆင့်ကမ်းပေးသော စိတ်ဝိညာဉ်ဆေးပင်ကို မြန်မြန်ဆန်ဆန်လက် ဆန့်ထုတ်ကာ လှမ်းယူလိုက်သည်။
စိတ်ဝိညာဉ်ဆေးပင်သည် သူမလက်ထဲသို့ ရောက်သွားတာနဲ့ ပူနွေးပြီး သက်တောင့်သက်သာရှိမှုတစ်ခုသည် ချက်ချင်း သူမခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
ဟွမ်းချောင်ယုသည် အစောက အလွန်မငြိမ်မသက်ဖြစ်နေသော သူမခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်သည် ချက်ချင်း ငြိမ်ကျသွားသည်ကို ခံစားလိုက်ရသည်။ သူမလက်ထဲရှိ စိတ်ဝိညာဉ်ဆေးပင်သည် မှေးမှိန်နေသော စိတ်ဝိညာဉ်စွမ်းအင်တစ်ခုကို ထုတ်လွှတ်နေသည်။ သူမ နောက်ထပ်မတွန့်ဆုတ်တော့ဘဲ ထိုပန်းပွင့်ကို တိုက်ရိုက်မျိုချလိုက်သည်။ စိတ်ဝိညာဉ်ဆေးပင်သည် သူမပါးစပ်ထဲသို့ ဝင်ရောက်သည်နှင့်၊ ချက်ချင်း အေးမြမှုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး၊ သူမခြေလက်အင်္ဂါများနှင့် အရိုးများသို့ ပျံ့နှံ့သွားခဲ့သည်။ ဟွမ်းချောင်ယုသည် မပေါ့ဆရဲဘဲ၊ ချက်ချင်း ထိုဆေးပင်ကို သန့်စင်ရန် သူမစိတ်ဝိညာဉ်စွမ်းအင်ကို လှည့်လိုက်သည်။
ကြွယ်ဝသော စိတ်ဝိညာဉ်စွမ်းအင်များသည် ေဆးပင်ကို ဝါးမျိုသွားပြီး၊ ထိုဆေးပင်မှ ဆေးအာနိသင်သည် ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။ ထိုသို့ဖြစ်ပွားနေစဉ်၊ ဟွမ်းချောင်ယုရဲ့ ခန္ဓာကိုယ်မှ ဖြည်းဖြည်းချင်း အနီရောင် ခပ်ဖျော့ဖျော့အလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကျန်းယီနင်သည် ထိုအဖြစ်မှ၊ စိတ်ဝိညာဉ်ဆေးပင်သည် အာနိသင်ပြနေပြီး၊ ဟွမ်းချောင်ယုရဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို သန့်စင်ပေးနေကြောင်း သိလိုက်ရသည်။ သူမ၏ စိတ်ဝိညာဉ်စွမ်းအင်သန့်စင်မှု တိုးပွားလာသည်နှင့်အမျှ၊ ဟွမ်းချောင်ယု၏ ချိုးဖျက်မှုသည် ပိုပိုလွယ်ကူ လာလိမ့်မည်။
သို့သော်၊ ကျန်းယီနင် မသိလိုက်တာက စိတ်ဝိညာဉ်ဆေးပင်သည် ဟွမ်းချောင်ယုရဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို သန့်စင်ပေးရုံသာမက၊ သူမသွေးမျိုးဆက်ကိုပါ တိတ်တဆိတ် သန့်စင်ပေးနေခြင်းဖြစ်သည်။ စိတ်ဝိညာဉ်ဆေးပင်ကို စားသုံးပြီးနောက်၊ ဟွမ်းချောင်ယုရဲ့ စွမ်းအားသည် အရူးအမူးမြင့်တက်လာပြီး၊ အုတ်မြစ်တည်ထောင်ခြင်းအဆင့်ရဲ့ အတားအစီးကို ဆက်တိုက်တိုက်ခိုက်နေခဲ့သည်။ သူမခန္ဓာကိုယ်သည်လည်း ဆက်တိုက်ဆိုသလို ထူးထူးဆန်းဆန်းတွေ ပြောင်းလဲလာခဲ့သည်။
အချို့သော မီးတောက်ပုံစံများသည် သူမလည်ပင်းပေါ်တွင် ဖြည်းဖြည်းချင်း ပေါ်လာခဲ့ပြီး၊ နီရဲ တောက်ပနေသော ဖီးနစ်ပုံစံသည် သူမနဖူးပေါ်တွင် ပေါ်လာခဲ့သည်။
ကျန်းယီနင်သည် "ဒါတွေက ချိုးဖျက်မှုကြောင့် ဖြစ်လာတဲ့ အရာတွေလား" ဟု သူ့ကိုယ်သူ တွေးကာ မျက်ခုံးများကျုံ့နေခဲ့သည်။
ဟွမ်းချောင်ယုတွင် ထူးခြားသော တောက်လောင်ဖီးနစ်ကိုယ်ခန္ဓာရှိကြောင်း သူသိထားသည်၊ အရင်နေ့က သူမျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည်။ သို့သော်၊ ယခု သူမခန္ဓာကိုယ်ပေါ်တွင် ပေါ်လာသော ပုံစံများသည် ပြီးခဲ့သည့်နေ့က သူမခန္ဓာဖွဲ့စည်းပုံ နိုးထစဉ်က ပေါ်လာသော ပုံစံများနှင့် လုံးဝကွဲပြားနေသည်။ အရာအားလုံးကို မီးမြှက်မည့်အလား မီးတောက်စွမ်းအားများသည် အရင်နေ့ကထက် ပိုသန့်စင်ပြီး၊ ပိုပြင်းထန်သည်။ ခဏတာမျှ၊ ကျန်းယီနင်လည်း စိတ်ရှုပ်သွားခဲ့သည်။
ထိုအချိန်တွင်၊ ဟွမ်းချောင်ယုစွမ်းအားသည် နောက်တစ်ကြိမ် ထပ်မြင့်မားလာခဲ့သည်။ မမြင်နိုင်တဲ့ စိတ်ဝိညာဉ်စွမ်းအင်ဆိုင်ရာ အစုအဝေးကြီးသည် ရုတ်တရက် ထပ်ပေါ်လာပြီး၊ သူမခန္ဓာကိုယ်ပတ်လည်တွင် လှည့်ပတ်နေခဲ့သည်။ ဟွမ်းချောင်ယူယုခန္ဓာကိုယ်သည် ချက်ချင်း သန့်စင်သွားပြီး ကြည်လင်လာကာ၊ သူမခန္ဓာကိုယ်ထဲရှိ သွေးကြောအားလုံးကို နီရဲပြီး ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်အထိဖြစ်လာခဲ့သည်။ များပြားလှသော စိတ်ဝိညာဉ်စွမ်းအင်သည် သူမသွေးကြောများအတိုင်း စီးဆင်းကာ၊ ပိတ်ဆို့နေသော အဓိက ခန္ဓာအချက်အချာနေရာများကိုပါမချန် ဆက်တိုက်ဆိုသလို လိုက်သန့်စင်နေခဲ့သည်။ နောက်ဆုံးတွင်၊ အလွန်တောက်ပနေသော အလင်းတန်းတစ်ခုသည် သူမဒန်ထျန်ထဲတွင် ဖွဲ့စည်းလာခဲ့သည်။
"သူမ အုတ်မြစ်တည်ထောင်ခြင်းအဆင့်ကို ချိုးဖျက်တာ အောင်မြင်တော့မယ်" ကျန်းယီနင်သည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် သူ့ကိုယ်သူ ပြောလိုက်သည်။ အချိန်အတန်ကြာပြီးနောက်၊ ဟွမ်းချောင်ယုရဲ့ ချိုးဖျက်မှု ဖြစ်စဥ်သည် နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့သည်။ အရာရာသည် ငြိမ်သက်ပြီး အေးချမ်းသွားကာ၊ ဘာမျှမဖြစ်ခဲ့သကဲ့သို့ ဖြစ်သွားခဲ့သည်။
ဟွမ်းချောင်ယုသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လာပြီး၊ စိတ်ရှုပ်ထွေးစွာဖြင့် ကျန်းယီနင်ကို လှမ်းကြည့်သည်။
"ဆရာ၊ တပည့်...?"
သူမခန္ဓာကိုယ်ထဲက ကြီးမားသော ပြောင်းလဲမှုကို သူကိုယ်တိုင် နားမလည်ဖြစ်နေသည်။ သူမစိတ်ဝိညာဉ်စွမ်းအင်သည် ယခင်ထက် ပိုမိုအားကောင်းလာသည်ဟု သူမခံစားရသည်။ ထိုအရာသည် သူမ တစ်ခါမှ မကြုံတွေ့ဖူးသော အရာဖြစ်သည်။ သူမ နောက်ထပ်အဆင့်သို့ ချိုးဖျက်သွားတာကို သူမခံစားနေရပေမယ့် မယုံနိုင်ဖြစ်နေသည်။
သူမက သူမဆရာထံမှ ဘယ်အဖြေထွက်လာမလဲကို စိတ်ဝင်တစားစောင့်မျှော်နေလိုက်သည်။ ကျန်းယီနင်သည် သူမကို ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။
"ရှောင်ယု၊ မင်း အခု အုတ်မြစ်တည်ထောင်ခြင်းအဆင့်ကို ရောက်သွားပြီ"
"တကယ်ကြီးလား" ဟွမ်းချောင်ယုသည် မယုံကြည်နိုင်သေးပေ။
"အမှန်ပဲ၊ ငါ မင်းကို လိမ်ပါ့မလား" ကျန်းယီနင်က အပြုံးဖြင့် လှမ်းပြောသည်။
ဟွမ်းချောင်ယုသည် စိတ်လှုပ်ရှားလွန်းသဖြင့် ခုန်ပေါက်သွားခဲ့သည်။ ခဏအကြာတွင်၊ သူမက အသက်အရွယ်နှင့်မလိုက် ကလေးလိုထခုန်မိသွားသည်ဟု သတိရသွားသည်။ သူမ ချက်ချင်း မျက်နှာနီရဲသွားပြီး၊ "ဟုတ် ဆရာ၊ ဆရာ တပည့်ကို သင်ပေးလိုက်တဲ့ ကျင့်စဥ်က ဘာလဲ။ ဒီကျင့်စဥ်က တကယ်ကို အံ့သြစရာကောင်း လွန်းတယ်။ တပည့် ခဏလောက်ပဲ ကျင့်ကြံလိုက်ပေမယ့် ခန္ဓာဖွဲ့စည်းခြင်းကို နောက်တစ်ခါ ပြန်နိုးထသွားသလို ခံစားလိုက်ရတယ်" ဟု ပြောဆိုခဲ့သည်။
"ခန္ဓာဖွဲ့စည်းပုံ ပြန်နိုးထသွားတယ် ဟုတ်လား" ကျန်းယီနင်သည် ထိုစကားကို ကြားရသည်နှင့် အံ့အားသင့်သွားခဲ့သည်။
"ဒုတိယအကြိမ် နိုးထမှုလား။ ဒါ မဖြစ်နိုင်ဘူး"
ဟွမ်းချောင်ယုသည် သူမဆရာ သူမကို မယုံကြည်နေသည်ဟု ထင်ပြီး၊ မြန်မြန်ဆန်ဆန် ပြန်ရှင်းပြခဲ့သည်၊ "ဆရာ၊ တပည့်မလိမ်ပါဘူး။ တပည့်ရဲ့ ခန္ဓာကိုယ် ထူးဆန်းသွားတယ်လို့ ခံစားရတယ်၊ မနေ့က ဖြစ်သလိုမျိုးပဲ"
ကျန်းယီနင်သည် သူမဒီလို စိုးရိမ်တကြီးပြောကာ၊ စနောက်နေဟန်မရှိသည်ကို မြင်ရသည်နှင့်၊ သူ့စနစ်ကို မြန်မြန်ဆန်ဆန် ပြန်ဖွင့်လိုက်သည်။ ဟွမ်းချောင်ယုရဲ့ အချက်အလက်သည် သူ့မျက်လုံးများရှေ့တွင် ပေါ်လာခဲ့သည်။
[အမည်: ဟွမ်းချောင်ယု (ပထမမျိုးဆက် တပည့်)]
[အဆင့်: အုတ်မြစ်တည်ထောင်ခြင်းအစောပိုင်းအဆင့်]
[ကျင့်ကြံရေး ကျင့်စဥ်: စိတ်ဝိညာဥ်သက်သာခြင်းကျင့်စဥ်၊ စိမ်းမြကြာပန်းဖန်တီးခြင်းကျင့်စဥ်]
[ခန္ဓာဖွဲ့စည်းပုံ: ငရဲမီးတောက်လောင်ဖီးနစ်ကိုယ်ခန္ဓာ]
[လက်ရှိအခြေအနေ: ခန္ဓာဖွဲ့စည်းပုံ အပြည့်အဝနိုးထပြီး၊ စွမ်းအားများတည်ငြိမ်နေသည်]
နောက်ဆုံးစာကြောင်းကို မြင်လိုက်ရတာနဲ့ ကျန်းယီနင်သည် နောက်တစ်ကြိမ် ထပ်အံ့အားသင့် သွားခဲ့ပြန်သည်။
"ငရဲမီးတောက်လောက်ဖီးနစ်ကိုယ်ခန္ဓာ"
ကျန်းယီနင်သည် သူအရင်ဘဝဂိမ်းထဲတွင် ဒီအမည်ကို ကြားဖူးခဲ့သည်။ အဆိုအရ ဒီကိုယ်ခန္ဓာသည် စိတ်ဝိညာဥ်ငှက်ကိုယ်ခန္ဓာများတွင် အဆင့်မြင့်ဆုံးဖြစ်ပြီး ထိုခန္ဓာများထက် အဆများစွာ သာလွန်သည်။ ဒီခန္ဓာဖွဲ့စည်းပုံပိုင်ရှင်သည် မီးအားလုံးကို မကြောက်ရွံ့စေရုံသာမက၊ ခန္ဓာကိုယ်ကိုယ်တိုင်သည်လည်း မီးဂုဏ်သတ္တိရှိသော ကျင့်စဥ်အားလုံးရဲ့ စွမ်းအားကိုအဆများစွာ အဆင့်မြှင့်တင်ပေးနိုင်သည်။
ကျန်းယီနင်သည် တစ်ခါက ငရဲမီးတောက်လောက်ဖီးနစ်ကိုယ်ခန္ဓာသည် တောက်လောက်ဖီးနစ်ကိုယ်ခန္ဓာမှ ဆင့်ကဲပြောင်းလဲလာသည်ဟု သိထားဖူးေပမယ့်သော်လည်း၊ ဟွမ်းချောင်ယုသည် အုတ်မြစ်တည်ထောင်ခြင်းအဆင့်သို့ ချိုးဖျက်နေစဉ် သူမခန္ဓာဖွဲ့စည်းပုံကို ထပ််မံဆင့်ကဲပြောင်းလဲမည်ကို သူမျှော်လင့်မထားခဲ့ပေ။ 'ပါရမီရှင်' ဟူသော စကားလုံးပင် ဟွမ်းချောင်ယု၏ စွမ်းရည်ကို ဖော်ပြရန် မလုံလောက်နေသသလို ဖြစ်နေသည်။ ကျန်းယီနင်သည် ပျော်ရွှင်စင်ကာ ရယ်မောလိုက်ပြီး၊ စနစ်ရဲ့အေးစက်သော အသံသည် နောက်ထပ်တစ်ကြိမ် ထပ်မြည်လာခဲ့သည်။
[ဒင်း — တာဝန် ပြီးဆုံးပါပြီ]
[အသိပေးချက်: အရံတာဝန် "ဟွမ်းချောင်ယုရဲ့ ကျင့်ကြံရေးကို ခုနှစ်ရက်အတွင်း အုတ်မြစ်တည်ထောင်ခြင်းအဆင့်သို့ မြှင့်တင်ရန်" ပြီးဆုံးပါပြီ]
[အသိပေးချက်: ဆုအဖြစ် ဆန်းကြယ်ဖီးနစ်ကျင့်စဥ်ကို ရရှိပါသည်။
[အသိပေးချက်: ဆုကို ကစားသမား၏ သိုလှောင်အိတ်ထဲသို့ ထည့်ထားပါသည်။ ကျေးဇူးပြု၍ ရရှိပြီးကြောင်း စစ်ဆေးပါ]
[အသိပေးချက်: ကောင်းကင်ဘုရင်အဆင့် အခွင့်ထူးကြောင့်၊ ဆန်းကြယ်ဖီးနစ်ကျင့်စဥ်သည် ဘုံကိုးခွင်မြင့်မြတ်ဖီးနစ် ကျင့်စဥ်သို့ အဆင့်မြှင့်တင်ခံရသည်]