ဘုံကိုးခွင်မြင့်မြတ်ဖီးနစ်ကျင့်စဥ်၊ မမျှော်လင့်ထားတဲ့ ဧည့်သည်တစ်ဦး
Vol. 1 Ch. 9
(ဒီအခန်းကစပြီး နာမည်ကို ကျန်းယီမင်လို့ ပြောင်းလိုက်ပြီနော် ရှေ့အခန်းတွေတုန်းက Jiang Yiningလို့ရေးထားလို့ ယီနင်လို့ပြန်ထားတာ အခုတော့ Jiang Yimingဖြစ်သွားပြီ နောက်ပိုင်းတွေကို ကြည့်ကြည့်လိုက်တာ Jiang Yimingလို့ဘဲရေးထားတယ်)
စနစ်အသိပေးချက် ပြီးသွားတာနဲ့ ကျန်းယီမင်သည် စနစ်၏ သိုလှောင်အိတ်ကို မြန်မြန်ဆန်ဆန် ဖွင့်လိုက်သည်။ ရွှေရောင်နှင့် အနီရောင်ရောစပ်ထားသော ကျင့်ကြံရေးကျင့်စဥ်တစ်ခုသည် သိုလှောင်အိတ်ထဲတွင် ရှိနေသည်။ ထိုကျင့်စဥ်သည် သာမန်စာလိပ်အပါးလေး ဖြစ်ပေမယ့်၊ အလွန်အာဏာရှင်ဆန်သော စွမ်းအားကို ခပ်မှိန်မှိန် ထုတ်လွှတ်နေရှိပြီး၊ ဘုံကိုးခွင်အင်ပါယာတစ်ပါးက သက်ရှိအားလုံးကို စိုက်ကြည့်နေသကဲ့သို့ဖြစ်နေသည်။
[ကျင့်စဥ်အမည်: ဘုံကိုးခွင်မြင့်မြတ်ဖီးနစ်ကျင့်စဥ်]
[ကျင့်စဥ်အကြောင်း: ထိပ်တန်းအဆင့် ကျင့်ကြံရေးကျင့်စဥ်၊ ဆန်းကြယ်ဖီးနစ်ကျင့်စဥ်မှ ဆင့်ကဲပြောင်းလဲလာသည်၊ ကျင့်စဥ်စွမ်းအားသည် အတိုင်းအတာမရှိ အားကောင်းပြီး အလွန်သန်မာသည်]
ဒီကျင့်စဥ်ကို ကြည့်ရင်း၊ မှတ်ဉာဏ်တစ်ချို့က ကျန်းယီမင်ရဲ့ ဦးနှောက်ထဲတွင် ပေါ်လာခဲ့သည်။ သူအရင်ဘဝဂိမ်းထဲမှ၊ ဒီကျင့်စဥ်နှင့်ပတ်သက်သော တချို့အရာများကို သူကြားဖူးခဲ့သည်။ ဒဏ္ဍာရီလာအရဆိုလျှင်၊ ဤသည်မှာ ရှေးဟောင်းအင်ပါယာမှ ဆင်းသက်လာသော ကျင့်ကြံရေးကျင့်စဥ်တစ်ခု ဖြစ်သည်။
ဒီကျင့်စဥ်သည် အလွန်ထူးခြားလှသည်။ ဒဏ္ဍာရီလာဖီးနစ်သို့မဟုတ် အင်မော်တယ်ငှက်မျိုးစိတ်များရဲ့ သွေးမျိုးဆက်ရှိသူများသာ ကျင့်ကြံနိုင်သည်။ သေချာသည်မှာ၊ ဒီကျင့်စဥ်သည်လည်း အလွန်ကို သန်မာလွန်းလှသည်။ ကျန်းယီမင်သည် ဒီကျင့်စဥ် စွမ်းအားကို မြင်ဖူးခြင်းမရှိသော်လည်း၊ ဒါကို အဆုံးစွန်ထိ ကျင့်ကြံပါက၊ လက်တစ်ချက်လေး လှုပ်ယုံနဲ့ ကမ္ဘာကိုဖျက်စီးပစ်နိုင်အောင်ကို ခွန်အားကြီးတာကို ကြားဖူးထားသည်။ ဝမ်းနည်းစရာက၊ ဒီကျင့်စဥ်သည် အလွန်စွမ်းအားကြီးမားသော်လည်း၊ ကျန်းယီမင်နှင့် မကိုက်ညီပေ။ ဒါပေမယ့် ဒီကျင့်စဥ်သည် ဟွမ်းချောင်ယုနှင့် အတော်လေး ကိုက်ညီသည်။ ဘာလို့ဆို သူမတွင် ငရဲမီးတောက်လောက်ဖီးနစ်ကိုယ်ခန္ဓာ ရှိတယ်မဟုတ်လား။ ထိုကဲ့သို့သော ခန္ဓာဖွဲ့စည်းပုံကို နိုးထနိုင်သူသည် ဖီးနစ်မျိုးနွယ်၏ သွေးမျိုးဆက် ရှိရမည်သာဖြစ်သည်။
ကျန်းယီမင်သည် ဘုံကိုးခွင်မြင့်မြတ်ဖီးနစ်ကျင့်စဥ်ကို သူ့သိုလှောင်အိတ်ထဲမှ ထုတ်ယူပြီး၊ ဟွမ်းချောင်ယုအား "ရှောင်ယု ဒီနေ့ကစပြီး ဒီကျင့်စဥ်ကို စကျင့်ကြံပါ" ဟု ပြောလိုက်သည်။ ပြောရင်းနဲ့ ကျန်းယီမင်သည် ဘုံကိုးခွင်မြင့်မြတ်ဖီးနစ်ကျင့်စဥ်ကို သူမထံ လှမ်းလိုက်သည်။
ဟွမ်းချောင်ယုသည် စိတ်ရှုပ်ထွေးစွာဖြင့် ထိုကျင့်စဥ်ကို လက်ခံလိုက်ပြီး၊ သူမလက်ထဲသို့ ကျင့်စဥ်ရောက်လာတဲ့ချိန်တွင် သူမခန္ဓာကိုယ်သည် ရုတ်တရက် တုန်သွားခဲ့သည်။ နွေးထွေးပြီး ရင်းနှီးသလို ခံစားမှုတစ်ခုသည် ချက်ချင်း သူမခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်၊ သူမက တစ်နည်းတစ်ဖုံဖြင့် သူမနဲ့ဆက်စပ်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူမစိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ဖြတ်သန်းသွားခဲ့သည်။ ဒီကျင့်စဥ်သည် သူမအတွက် သီးသန့်မွေးဖွားလာခြင်းဖြစ်သည်။ ထိုအတွေးသည် လျှပ်တစ်ပြက်ပေါ်လာပြီး ပျောက်ကွယ်သွားခဲ့သည်။
ဟွမ်းချောင်ယုသည် မြန်မြန်ဆန်ဆန် စိတ်ရှုပ်နေတာကို ငြိမ်သွားအောင် လုပ်လိုက်ပြီး "ဆရာ တပည့်ကို ကျင့်စဥ်အသစ် တစ်ခုသင်ပေးပြီ မဟုတ်လား။ အခု ဘာလို့ နောက်ထပ်အသစ်ပြောင်းရတာလဲ။ ကျွန်မ စိမ်းမြကြာပန်းဖန်တီးခြင်းကျင့်စဥ်ကို ကျွမ်းကျင်သွားမှ ဒီကျင့်စဥ်ကို လေ့ကျင့်ခိုင်းလို့မရဘူးလား" ဟု မေးလိုက်သည်။
ကျန်းယီမင်သည် ခေါင်းခါကာ ရှင်းပြလိုက်သည်၊ "စိမ်းမြကြာပန်းဖန်တီးခြင်းကျင့်စဥ်က ဒီတိုင်းကျင့်ကြံတဲ့အခါ အထောက်အကူပြု ကျင့်စဥ်တစ်ခုပဲ အဲ့ဒါက မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအားကို သန့်စင်ပေးပြီး၊ မင်းရဲ့အစွမ်းကို ကျင့်ကြံအဆင့်တူတွေကြားမှာ သာစေတယ်၊ အခုဒီဟာကတော့ တိုက်ခိုက်ရေးကျင့်စဥ် မတူဘူး မင်းရဲ့ ကျင့်ကြံဆင့် တိုးတက်လာတာနဲ့အလိုက် မင်းက ဒီနှစ်ခု ခြားနားချက်ကို ပိုနားလည်လာလိမ့်မယ်၊ တကယ်တော့ ဒီကျင့်စဥ်နှစ်ခုက လုံးလုံးလေးတောင် မတူဘူး၊ လုံးဝဆန့်ကျင်ဖက်ဘဲ တစ်ခုက တိုက်ခိုက်ပြီး နောက်တစ်ခုက တိုက်ခိုက်တာကို ပိုအားဖြည့်ပေးတာ"
ကျန်းယီမင်ရဲ့ စကားကို ကြားရသည်နှင့်၊ ဟွမ်းချောင်ယုမျက်လုံးများ တောက်ပလာပြီး၊ နောက်တစ်ခေါက် ပြန်မှေးသွားကာ၊ "ဒါပေမယ့် ဆရာ တပည့်ပါရမီက နိမ့်တယ်၊ ဒီကျင့်စဥ်နှစ်ခုကို တစ်ချိန်တည်း မကျင့်နိုင်မှာကို စိုးရိမ်မိတယ်" ဟု အားငယ်စွာ ပြောလိုက်သည်။
ဒီစကားများကို ကြားပြီးနောက် ကျန်းယီမင်က ရယ်လိုက်သည်။ တစ်ရက်အတွင်း၊ သူမသည် ချီစုဆောင်းခြင်း အစောပိုင်းအဆင့်မှ အုတ်မြစ်တည်ထောင်ခြင်း အစောပိုင်းအဆင့်သို့ ချိုးဖျက်နိုင်ခဲ့ပြီး၊ ဒီလိုစွမ်းအားကြီးမားသည့် ခန္ဓာဖွဲ့စည်းပုံကိုပါ နိုးထစေနိုင်ခဲ့သည်။ ဒါကိုသာ ပါရမီနိမ့်ကျသည်ဟု သတ်မှတ်ပါက၊ ဒီကမ္ဘာရှိ လူအများစုကို အမှိုက်ဟုသာ ခေါ်ရလိမ့်မည်။
"ကောင်းပြီ မလိုအပ်တာတွေ လျှောက်မတွေးနဲ့။ မင်းရဲ့ ခန္ဓာဖွဲ့စည်းပုံက ဒီဘုံးကိုးခွင်မြင့်မြတ်ဖီးနစ်ကျင့်စဥ်နဲ့ အသင့်တော်ဆုံးပဲ၊ မင်းသာ ကြိုးကြိုးစားစား အားထုတ်ကျင့်မယ်ဆို သေချာပေါက် ကျင့်နိုင်မှာပဲ"
"ဟုတ်ကဲ့ ဆရာ"
ကျန်းယီမင်က သူမကို ဒီလိုပြောတော့ ဟွမ်းချောင်ယုက တွန့်ဆုတ်တွန့်ဆုတ်မလုပ်နေတော့ပေ။ မည်သည့်အကြောင်းကြောင့်နည်းမသိ၊ ဒီကျင့်စဥ်သည် သူမအတွက် အလွန်ရင်းနှီးနေသည်ဟု သူမခံစားရပြီး၊ သူမနဲ့အတူ ကျင့်စဥ်သည် တစ်သားထဲဖြစ်နေသလို ခံစားရသည်။ ထို့ကြောင့်၊ သူမက ဒီကျင့်စဥ်အကြောင်းကို ပိုသိချင်လာခဲ့သည်။ သူမဆရာထံမှ အားပေးမှုရပြီးနောက်၊ ဟွမ်းချောင်ယုသည် ဘုံကိုးခွင်မြင့်မြတ်ဖီးနစ်ကျင့်စဥ်ကိုကို မြန်မြန် ဖွင့်လိုက်သည်။ ထိုအခိုက်တွင်၊ ရုတ်တရက် အနီရောင်အလင်းတစ်ခုသည် ဘုံကိုးခွင်မြင့်မြတ်ဖီးနစ်ကျင့်စဥ်မှ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။ ထိုအလင်းသည် ဓားသွားကဲ့သို့ ချွန်ထက်ပြီး၊ ချက်ချင်း ဟွမ်းချောင်ယုရဲ့လက်မကို အနည်းငယ် ဖြတ်ပစ်လိုက်သည်။
သူမလက်ဝါးမှ စူးရှသောနာကျင်မှုကို ခံစားရတာနဲ့ ဟွမ်းချောင်ယုက ရုတ်တရက်လန့်ပြီး ကြောက်သွားလိုက်သည်။ ထို့နောက် သွေးသည် ဒဏ်ရာမှ ဖြည်းဖြည်းချင်း စီးထွက်လာခဲ့သည်။ ကြက်သွေးရောင်သွေးစက်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး၊ ဟွမ်းချောင်ယုကို ဝိုင်းလှည့်ပတ်နေခဲ့သည်။
"မကောင်းတော့ဘူး" ကျန်းယီမင်သည် မျက်ခုံးများ ကျုံ့သွားလိုက်သည်။ ဒီရုတ်တရက် ပြောင်းလဲမှုကို သူမခန့်မှန်းထားမိလိုက်ပေ။ တစ်ချို့သော ကြောက်မက်ဖွယ်အတွေးများသည် သူ့စိတ်ထဲ ပြေးသွားလိုက်သည်။
ဒဏ္ဍာရီလာအရဆိုလျှင်၊ အလွန်အစွမ်းထက်တဲ့ ကျင့်စဥ်အချို့သည် ကျင့်ကြံရေးသမားနှင့် သွေးစာချုပ်ချုပ်ဆိုကြရသည်။ သွေးစာချုပ် ချုပ်ဆိုပြီးနောက်၊ ကျင့်ကြံသူသည် ကြီးမားစွာ တိုးတက်ပြီး၊ သူ့တိုးတက်မှုကလည်း အလွန်မြန်ဆန်နေလိမ့်မည်။ သို့သော် ကျင့်ကြံသူရဲ့ အသက်စွမ်းအားသည်လည်း ကျင့်ကြံရေးသမား တိုးတက်လာသည်နှင့်အမျှ ဖြည်းဖြည်းချင်း အားနည်းသွားလိမ့်မည်။ ကျန်းယီမင်သည် ဒီထူးဆန်းသော မြင်ကွင်းကို မျက်ဝါးထင်ထင် မမြင်ဖူးခဲ့သော်လည်း၊ သူ့ရှေ့မှောက်ရှိ ထူးဆန်းသော မြင်ကွင်းသည် ဒဏ္ဍာရီအဆိုတွေနှင့် ကိုက်ညီနေသည်။
"ရှောင်ယု၊ မကြောက်နဲ့" ကျန်းယီမင်သည် အော်ပြောလိုက်ကာ ထိုဖြစ်စဥ်ကို တားရန်လုပ်လိုက်သည်။
ထိုအရာကို မြင်ရသည်နှင့်၊ ဟွမ်းချောင်ယုသည် သူ့ကို မြန်မြန်တားဆီးလိုက်သည်၊ "ဆရာ၊ မလုပ်နဲ့"
ကျန်းယီမင်သည် ချက်ချင်း ရပ်တန့်သွားပြီး၊ စိတ်ရှုပ်ထွေးစွာဖြင့် "ရှောင်ယု၊ မင်းက........." ဟု ပြောလိုက်သည်။
"ဆရာ၊ စိုးရိမ်စရာမလိုပါဘူး။ တပည့် အဆင်ပြေပါတယ်"
သူမဆရာ သူမကို မယုံကြည်ဟန်ရှိသည်ကို မြင်ရသည်နှင့်၊ ဟွမ်းချောင်ယုသည် အပြုံးတစ်ခုကို ခပ်မြန်မြန် ပြုံးပြလိုက်သည်။
"ဆရာ၊ တပည့် တကယ်ပဲ အဆင်ပြေပါတယ်၊ တပည့် ခံစားနေရတယ် ဒီကျင့်စဥ်က တပည့်ကို ထိခိုက်အောင် လုပ်နေတာမဟုတ်ဘူး သူကပျော်နေတာ"
"ပျော်နေတာလား" ကျန်းယီမင်သည် ခံစားချက်ရှိတဲ့ ကျင့်စဥ်အကြောင်း သူမကြားဖူးခဲ့ပေ။ သို့သော်၊ ဟွမ်းချောင်ယုပုံစံသည် အလွန်သေချာနေသည်။
"ဟုတ်တယ်၊ တပည့် ခံစားရတယ်။ ဒါက ပျော်နေတာပဲ"
သူမ စကားမပြီးမီပင် ပြောင်းလဲမှုတစ်ခု ရုတ်တရက် နောက်တစ်ဖန် ဖြစ်ပွားခဲ့သည်။ အလင်းတန်းသည် ရုတ်တရက် တောက်ပလာခဲ့သည်။ ထို့နောက် လေတိုးသလိုအသံနှင့် ရုတ်တရက် ဟွန်းချောင်ယူရဲ့ မျက်ခုံးကြားထဲသို့ ဝင်ရောက်သွားခဲ့သည်။ ဟွမ်းချောင်ယုရဲ့ခန္ဓာကိုယ် တုန်ခါသွားပြီး၊ သူမမျက်လုံးများ ဖြည်းဖြည်းချင်း ပိတ်သွားခဲ့သည်။ သူမခြေလက်အင်္ဂါများသည် ချက်ချင်း ဂျယ်လီတုံးလေးလို ဖြစ်သွားပြီး၊ သဘာဝအတိုင်း ငြိမ်ကျသွားသည်။ သူမလူတစ်ကိုယ်လုံးသည် ကျင့်ကြံဖို့ တရားထိုင်နေသကဲ့သို့ ထိုင်ချလိုက်သည်။
ကျန်းယီမင်သည် မျက်ခုံးကျုံ့ကာ၊ အနည်းငယ် စိတ်မငြိမ်မသက်ဖြစ်နေဟန်ရှိသည်။ အခုတွင် သူတားလိုပါက၊ နောက်ကျသွားပြီဖြစ်သည်။ ကျင့်ကြံနေတဲ့သူကို အနည်းငယ်မျှ အနှောက်အယှက်ပေးလို့ မရပေ။
မဟုတ်ပါက၊ စိတ်ဖောက်သွားစေနိုင်သည်၊ ဒါမှမဟုတ် ပိုဆိုးသွားပါက ကျင့်ကြံသူကိုပါ ရူးသွပ်သွားစေနိုင်သည်။ ကျန်းယီမင်သည် စိုးရိမ်နေဆဲဖြစ်သော်လည်း၊ သူသည် ယခုအခါ ဟွမ်းချောင်ယုကိုသာ ယုံကြည်ရန် ဆုံးဖြတ်လိုက်သည်။
ဘာလို့ဆို ဒီဘုံကိုးခွင်မြင့်မြတ်ဖီးနစ်ကျင့်စဥ်သည် စနစ်မှ သူ့ကို ထုတ်ပေးလိုက်သော ကျင့်စဥ်ဖြစ်နေသည်။ ဒါ့ကြောင့် သူ့တပည့်ကို ထိခိုက်စေမှာမဟုတ်ဘူးလို့ သူဆုံးဖြတ်ချက်ချပြီး ယုံကြည်လိုက်သည်။ ထို့အပြင်၊ ဟွမ်းချောင်ယုတွင် ငရဲမီးတောက်လောက်ဖီးနစ်ကိုယ်ခန္ဓာလည်း ရှိသည်။ သူမသည် ဒီကျင့်စဥ်နှင့် တကယ်ပင် ဆက်စပ်မှုရှိကောင်းရှိ နေနိုင်သည်။ ဒီအရာကို တွေးမိသည်နှင့်၊ ကျန်းယီမင်ရဲ့ စိုးရိမ်နေတဲ့စိတ်လည်း တဖြည်းဖြည်းချင်း ပြေလျော့သွားခဲ့သည်။
---
အချိန်သည် တဖြည်းဖြည်းချင်း ကုန်လွန်သွားခဲ့သည်။
ဟွမ်းချောင်ယုသည် တရားထိုင်နေဆဲဖြစ်သည်။ ကျန်းယီမင်သည် သူမဘေးတွင် ရပ်ကာ သူမကို ကာကွယ်စောင့်ရှောက်နေခဲ့သည်။ ရုတ်တရက်၊ သူသည် ခေါင်းကို မော့ပြီး တောင်အဝင်ဂိတ်တံခါးကို လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် အစွမ်းထက်တဲ့ စိတ်ဝိညာဥ်စွမ်းအင်များ ထွက်ပေါ်လာသည်။ ထိုစိတ်ဝိညာဥ်များ တဖြေးဖြေးချင်း နီးလာတာနဲ့အမျှ အေးစက်နေသော လေထုကို ခံစားလိုက်ရသည်။ ကျန်းယီမင်သည် မျက်လုံးများကို မှေးသွားကာ သူ့မျက်လုံးများထဲတွင် လူအရိပ်များ ဖြည်းဖြည်းချင်း ပေါ်လာခဲ့သည်။