← Chapters

ငါ့တပည့်ကို ခေါ်ချင်သလို ခေါ်သွားလို့ရမယ်ထင်နေလား

Vol. 1 Ch. 11

ငါ့တပည့်ကို ခေါ်ချင်သလို ခေါ်သွားလို့ရမယ်ထင်နေလား

Vol. 1 Ch. 11

ဟွမ်းချောင်ယုသည် မိမိဆရာစကားကိုကြားပြီး ခဏတာတုန်လှုပ်သွားခဲ့ရသည်။ ထို့နောက် သူမသည် နွေးထွေးစွာ ပြုံးလိုက်မိသည်။ သူမဆရာသည် အမြဲတမ်းပင် သူမအား စိတ်အေးချမ်းစေသည်။

"ဆရာ၊ တပည့် ပြန်မလိုက်ဘူး" ဟု ဟွမ်းချောင်ယုက ခေါင်းညိတ်လျက် ဖြည်းဖြည်းချင်းပြောဆိုလိုက်သည်။ "ငါက မွေးလာသည့်နေ့မှစပြီး ငါ့အဆင့်အတန်းကို ငါတောင်မသိခဲ့ဘူး။ ငါက တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာနန်းတွင်းမှာလည်း တစ်ခါမှ မနေခဲ့ဘူး၊ ငါ့အတွက်တော့ အဲ့နေရာက သူစိမ်းနေရာ တစ်နေရာထက်မပိုဘူး၊ ငါ ဟွမ်းချောင်ယုတွင် အိမ်တစ်အိမ်သာရှိပြီး အဲ့တာကလည်း လင်းယွင်ဂိုဏ်းပဲဖြစ်တယ်၊ ငါက ဘယ်နေရာကိုမှ မသွားဘူး"ဟု ထိုအဖွဲ့ကို ပြောလိုက်သည်။

ကျန်းယီမင်သည် ဟွမ်းချောင်ယုအား အပြုံးဖြင့်ကြည့်ကာ ခေါင်းအနည်းငယ်ညိတ်လိုက်သည်။ ထို့နောက် သူသည် နောက်လှည့်ကာ ဟွမ်းချိုကျောင်းနှင့် အခြားသူများအား ပြောဆိုလိုက်သည်။

"ချောင်ယုစကားကို မင်းတို့အားလုံး သေချာကြားကြတယ်မလား၊ ပြန်သွားကြတော့။ နောက်ထပ်လည်း ထပ်မလာခဲ့ကြနဲ့"

ဟွမ်းချိုကျောင်းနှင့် အခြားသူများသည် ဤစကားကိုကြားကြားခြင်း ချက်ချင်းပင် စိုးရိမ်သွားကြသည်။

"မင်းသမီး၊ အဲ့လိုမလုပ်ပါနဲ့၊ မင်းသမီးက တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာရဲ့ မင်းသမီးတစ်ပါးဖြစ်တယ်၊ တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာသာလျှင် မင်းသမီးကြီး အိမ်ပါ"

"နောက်ထပ် ထပ်မပြောကြနဲ့တော့" ဟု ဟွမ်းချောင်ယုက လက်ဝါးဖြင့်အချက်ပြကာ သူ့စကားကိုဖြတ်ပြောလိုက်သည်။ "ငါက တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာရဲ့ မင်းသမီးအဖြစ် ဘယ်တုန်းကမှ မရှိခဲ့ဘူး၊ မြင့်မြတ်မီးတောက်ဖီးနစ်အင်ပါယာက ငါ့အတွက် သူစိမ်းတစ်ဦးရဲ့ နာမည်ပဲ"

"မင်းသမီး၊ မင်းသမီးမှာ ဖီးနစ်မျိုးနွယ်ရဲ့ သွေးမျိုးဆက်ရှိတာကြောင့် မင်းသမီးက တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာရဲ့ မင်းသမီးတစ်ပါးဖြစ်တယ်" ဟု ဟွမ်းချိုကျောင်းက ဆက်လက်ပြောကာ လက်မလျှော့ဘဲ ကြိုးစားနေဆဲဖြစ်သည်။ "မင်းသမီး ဝန်ခံသည်ဖြစ်စေ မဝန်ခံသည်ဖြစ်စေ အဓိပ္ပာယ် မရှိဘူး၊ မင်းသမီးက ဖီးနစ်မျိုးနွယ်၏သွေးမျိုးဆက်ကို နိုးထစေပြီးဖြစ်တာမလို့ မင်းသမီးက တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာကို ပြန်ကိုပြန်ရပါမယ်"

ထိုစကားကိုကြားသောအခါ ကျန်းယီမင်မျက်နှာ ချက်ချင်းပင် အေးစက်သွားခဲ့သည်။ တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာမှ ဒီလူများ ဒီလိုအချိန်ကိုက်ရောက်ရှိလာခြင်းသည် ချောင်ယုရဲ့ ဖီးနစ်ခန္ဓာကိုယ် နိုးကြားလာခြင်းကြောင့်သာဖြစ်မည်ဟု သူကြိုတင်သိရှိထားသည်။ သူတို့က ချောင်ယုအား မင်းသမီးတစ်ပါးအဖြစ် သဘောထားခြင်းမဟုတ်ပါ။ ချောင်ယုခန္ဓာကိုယ်အတွင်းရှိ မျိုးဆက်အတွက်သာ ဒီနေရာသို့ ရောက်ရှိလာခြင်းဖြစ်သည်။

ကျန်းယီမင်က အေးစက်စွာ ပြောလိုက်သည်။ "ဒီလောက်နဲ့ တော်လိုက်ကြတော့၊ ချောင်ယုက မင်းတို့နှင့်အတူ ပြန်မလိုက်ဘူးလို့ ပြောပြီးသွားပြီ၊ မလိုတာတွေ လာရှုပ်မနေနဲ့တော့၊ ငါစိတ်ရှည်နေတုန်း ပြန်လိုက်ကြတော့"

ဒီစကားများကို ပြောလိုက်သောအခါ ဟွမ်းချိုကျောင်းမျက်ခုံးများ ချက်ချင်းကျုံလာခဲ့သည်။

ကျန်းယီမင်ကို ယှဥ်းကျေးမနေနဲ့တော့ပဲ အေးသက်စွာဖြင့် "ခုနကစကားကို ထပ်ပြောပါဦး ငါမကြားရသေးသလိုပဲ"ဟု ပြောလိုက်သည်။

"ဒုတိယအကြိမ် ငါထပ်မပြောတော့ဘူး" ဟု ကျန်းယီမင်က သူ့အား မကြည့်ဘဲနဲ့ ပြန်ဖြေလိုက်သည်။

"လူလေး၊ မင်းက ပဉ္စမအဆင့်ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ်တစ်ဦးပဲရှိသေးတယ်။ တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာဟာ တတိယအဆင့် အဖွဲ့အစည်းဆိုတာကို မင်းမငိဘူးလား" ဟု ဟွမ်းချိုကျောင်းက အေးစက်စွာ လှမ်းပြောင်သည်။

သူသည် တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာမှဖြစ်သည့် သူ့အဆင့်အတန်းကို အလွန်ဂုဏ်ယူနေသည်မှာ ထင်ရှားနေသည်။

"တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာက ပဉ္စမအဆင့်အင်အားစုတစ်ခုကို လက်ချောင်းတစ်ချောင်းလေးနဲ့ အလွယ်လေး ဖျက်စီးပစ်နိုင်တယ်၊ တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာကိစ္စတွေမှာ မင်းဝင်မရှုပ်ဖို့ အကြံပေးလိုက်မယ်၊ မဟုတ်လို့ကတော့ မင်းဒုက္ခရောက်သွားမယ်၊ ဒါ့အပြင် မင်းက ပဉ္စမအဆင့်အင်အားစုတစ်ခုရဲ့ သာမန်ဂိုဏ်းချုပ်တစ်ဦးပဲ၊ မင်းမှာ ငါ့တို့မင်းသမီးရဲ့ ဆရာဖြစ်ဖို့ အဆင့်မရှိဘူးကွ၊ မဖြစ်နိုင်တာတွေ တွေးပြီး စိတ်ကူးမယဥ်နေနဲ့"

ဟွမ်းချောင်ယုသည် မိမိဆရာကို စော်ကားသူကို မည်သို့သည်းခံနိုင်မည်နည်း။ ထိုစကားကိုကြားကြားခြင်း သူမသည် ချက်ချင်း စိတ်တိုသွားပြီး "ငါ့ကိစ္စက ရှင်တို့နဲ့ တစ်ပြားမှ မဆိုင်ဘူး၊ ငါက တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာနဲ့ ဘာမှမပက်သတ်ဘူး၊ ငါ့ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ ရှင်တို့ ဝင်လာခွင့်မရှိဘူး" ဟု ဒေါသထွက်စွာ မျက်နှာတည်တည်ဖြင့် ပြောလိုက်သည်။

ထိုအချိန်တွင် ဟွမ်းချိုကျောင်းတွင် ယခင်ကကဲ့သို့ ရိုသေလေးစားမှုပုံစံ မရှိတော့ပေ။ သူသည် ကျန်းယီမင်အား အေးစက်စွာကြည့်ပြီးနောက် ဟွမ်းချောင်ယုအား ဂရုမစိုက်ဘဲ ပြောဆိုလိုက်သည်။ "မင်းသမီး၊ မင်းသမီး ကျွန်ုပ်တို့နှင့်အတူ ပြန်လာသင့်ပါတယ်၊ မဟုတ်ရင် မြင့်မြတ်မီးတောက်ဖီးနစ်အရှင် အမျှက်တော်ရှပြီး ချက်ချင်း ဘုရင့်စစ်တပ်တွေ ရောက်လာပြီး ပဉ္စမအဆင့်ဂိုဏ်းငယ်တစ်ခုလေးက ခဏအတွင်း ပြာပုံဖြစ်သွားလိမ့်မယ်"

"မင်း" ဟွမ်းချောင်ယုသည် ချက်ချင်းပင် အလွန်ဒေါသထွက်သွားခဲ့သည်။ ဟွမ်းချိုကျောင်းသည် သူမအား ပေါ်တင်ကို ခြိမ်းခြောက်နေခြင်းဖြစ်သည်။ သို့သော် သူပြောသည့်စကားသည် အမှန်ပင်ဖြစ်သည်။ လင်းယွင်ဂိုဏ်းနှင့် တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာတို့၏ စွမ်းအားသည် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။ တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာသည် လင်းယွင်ဂိုဏ်းကို တကယ်တမ်းတိုက်ခိုက်ပါက သူမဆရာနှင့် စီနီယာအစ်ကိုများ ဘယ်လိုခုခံနိုင်ကြမှာလဲ။ သူမသည် တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာသို့ မသွားလိုသည်မှာ အမှန်ပင်ဖြစ်သည်၊ သူမဆရာကိုလည်း မခွဲခွာလိုပါ၊ သို့သော် လင်းယွင်ဂိုဏ်း သူ့ကြောင့်ပျက်စီးရမည်ကိုလည်း မမြင်ချင်။ ဟွမ်းချောင်ယု စိတ်ရှုပ်ထွေးနေစဉ်တွင် သူမ့လက်ကို ရုတ်တရက်ဆွဲကိုင်လိုက်သည်ဟု သူမခံစားလိုက်ရသည်။ သူမ အလွန်ဒေါသထွက်လုနီးပါး မော့ကြည့်လိုက်ရာ သူမဆရာက သူမအား ပြုံးပြနေသည်ကို တွေ့မြင်လိုက်ရသည်။

ထိုအခိုက်တွင် ဟွမ်းချောင်ယုသည် သူမစိတ်တစ်ခုလုံး ဗလာနတ္ထိဖြစ်သွားသလို ခံစားလိုက်ရသည်။ အခြားမည်သည့်အရာကိုမျှ သူမစဉ်းစားနိုင်ခြင်းမရှိတော့ပေ။ ကျန်းယီမင်သည် အခြေအနေကိုအသုံးချကာ သူမအား သူ့နောက်သို့ တိုက်ရိုက်ဆွဲခေါ်လိုက်သည်။

"စိတ်မပူပါနဲ့၊ မင်းမလိုက်ချင်သရွေ့ ဘယ်သူကမှ မင်းကိုအတင်းအကျပ် မခေါ်သွားနိုင်စေရဘူး"

သူမဆရာ၏ ဆွဲဆောင်မှု အပြည့်နဲ့အသံက သူမနားထဲတွင် ထွက်ပေါ်လာသည်။ ထိုအခိုက်တွင် ဟွမ်းချောင်ယုသည် ရုတ်တရက်စိတ်သက်သာရာရသွားသလို ခံစားလိုက်ရခဲ့သည်။

"ဟုတ်ကဲ့" ဟု သူမသည် စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းညိတ်ရုံမျှသာ ပြုလုပ်နိုင်ခဲ့သည်။ သူမခေါင်းညိတ်နေသရွေ့ ဘယ်အန္တရာယ်မှ သူမကို လာမထိပါးနိုင်သလို ခံစားနေရသည်။

"လူလေး၊ မင်းကိုယ်မင်း ဟုတ်လှပြီ ထင်မနေနဲ့" ဟု ဟွမ်းချိုကျောင်းသည် ကျန်းယီမင်လုပ်ရပ်ကိုမြင်ပြီး ချက်ချင်းပင် အလွန်ဒေါသထွက်သွားကာ "မင်းတကယ် မလုပ်နိုင်တဲ့အရာတွေကို လျှောက်မပြောရဘူးကွ၊ မဟုတ်ရင် ကိုယ့်ကိုပါ အန္တရာယ်တွေ လက်ယက်ခေါ်နေလိမ့်မိမယ်" ဟု ပြောလိုက်သည်။

"ဟုတ်လား...." ဟု ကျန်းယီမင်က ဟွမ်းချိုကျောင်းအား ကြောက်လန့်မနေနဲ့ အေးဆေးပြန်ပြောလိုက်သည်။

စိုးရိမ်ပူပန်မှုအနည်းငယ်သည် ဟွမ်းချိုကျောင်းနှလုံးသားထဲတွင် ပေါ်ပေါက်လာခဲ့သည်။ ဒီလိုခံစားချက်ကို သူမုန်းတီးသည်။ ထို့ကြောင့် သူက ယီမင်ကို "အရှက်မရှိတဲ့ကောင်"ဟု ဆဲကာ ကိုယ့်ကိုယ်ကို နှစ်သိမ့်လိုက်သည်။ ထိုစကားများကို ပြောဆိုပြီးချိန်တွင် အမြုတေဖွဲ့စည်းခြင်းအဆင့် အစောပိုင်း၏စွမ်းအားသည် ရုတ်တရက်ပေါက်ကွဲထွက်လာခဲ့သည်။ ကြီးမားလှသောစွမ်းအားသည် ချက်ချင်းပင် ပြင်းထန်သောလေပြင်းကို ဖြစ်ပေါ်စေခဲ့ပြီး ဘေးပတ်ပတ်လည်ရှိ ကျောက်တုန်းများတောင် ကွဲကြေကာ သူ့ဝတ်ရုံက လေများအဆက်မပြတ်တိုက်နေသလို တလူလူလွင့်နေသည်။

"အကျိုးဆက်တွေအတွက် မင်းအဆင်သင့်ပြင်ထားလိုက်တော့" ဟု ဟွမ်းချိုကျောင်းသည် သူ့စွမ်းအားကို ပြပြီးနောက် သူ့လက်အောက်ငယ်သားများထဲမှတစ်ဦးကို အရိပ်ပြရင်း ပြောလိုက်သည်။ ထိုလက်အောက်ငယ်သားသည် ချက်ချင်းနားလည်သွားပြီး အရှိန်ထိုး ဟွမ်းချောင်ယုဆီသို့ ဦးတည်တိုက်ခိုက်

လာခဲ့သည်။ ဟွမ်းချိုကျောင်းသည် ထိုမြင်ကွင်းကို အေးအေးဆေးဆေးကြည့်နေလိုက်သည်။ ဟွမ်းချောင်ယုသည် ပြန်လာဖို့ မလိုလားသောကြောင့် သူတို့သည် အင်အားသုံးပြီး ခေါ်သွားမှသာ ရတော့မည်။

သူ့အမြင်ထဲတွင် အမြုတေဖွဲ့စည်းခြင်းအဆင့်စွမ်းအားကို သူပြသပြီးဖြစ်သောကြောင့် ကျန်းယီမင်သည် ဝင်ရောက်နှောင့်ယှက်ဖို့ ကြောက်သွားမယ်လို့ ထင်လိုက်သည်။

သို့သော် လှုပ်ရှားလိုက်တဲ့ ထိုလက်အောက်ငယ်သား ချဉ်းကပ်လာသည့်တိုင် ကျန်းယီမင်က နဲနဲလေးတောင် နောက်ကိုမဆုတ်သွားခဲ့ပေ။ ထိုလူသည် ချက်ချင်းတုန်လှုပ်သွားခဲ့သော်လည်း ထို့နောက် မထီမဲ့မြင်ပြုသောအပြုံးကို ပြုံးလိုက်သည်။ သူ့မှာ အုတ်မြစ်အခြေတည်ထောင်ခြင်း နောက်ဆုံးအဆင့်စွမ်းအားရှိပြီး ပဉ္စမအဆင့်အင်အားစု အများစုသော ဂိုဏ်းချုပ်များထက် အားကောင်းသည်။ သူ့အမြင်တွင် ကျန်းယီမင်သည် သူ့ကိုကြောက်လန့်ကာ မလှုပ်ရဲဘူးလို့ တွေးလိုက်သည်။ အနည်းငယ်မျှပင် မတွန့်ဆုတ်ဘဲ ထိုသူသည် ရုတ်တရက်လက်သီးဆုပ်လိုက်ပြီး ကျန်းယီမင်ထံသို့ စိတ်ဝိညာဥ်စွမ်းအင်များ ပစ်သွင်းလိုက်သည်။

ကျန်းယီမင်သည် သူ့အား ဂရုမစိုက်ဘဲ သာမန်သာကြည့်ပြီးနောက် သူ့လက်ကို အသာလေး လှုပ်ရှားလိုက်သည်။ ပစ်သွင်းလိုက်တဲ့ ကြီးမားသော စိတ်ဝိညာဉ်စွမ်းအင်သည် ချက်ချင်းပင် ပြိုကွဲသွားခဲ့ပြီး ယီမင်ရဲ့ စိတ်ဝိညာဥ်စွမ်းအင်က သူ့ကိုပြန်ဖိနှိပစ်လိုက်သည်။ ထိုသူသည် ရုတ်တရက်ကြောင်သွားပြီး ဘာဖြစ်သွားမှန်းမသိသေးခင်ပဲ သူ့ကိုယ်ကလွှင့်ထွက်သွားခဲ့သည်။ သူကျသွားတဲ့ မြေပေါ်ရှိ ကျောက်ခဲများ အုတ်ချပ်များသည် ချက်ချင်းပင် အမှုန့်များအဖြစ် ကြေမွသွားခဲ့ပြီး သူ့ပါးစပ်အပြည့်သွေးတစ်လုပ်ကို အန်ကာ အထိနာသွားခဲ့သည်။ သူက ကျန်းယီမင်အား အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်မိသည်။

အကြောင်းမှာ ကျန်းယီမင် လှုပ်ရှားချိန်တွင် စိတ်ဝိညာဉ်စွမ်းအင်လှိုင်းများ လှုပ်ရှားနေခြင်းကို မခံစားရခြင်းကြောင့်ဖြစ်သည်။ ဆိုလိုသည်မှာ စိတ်ဝိညာဉ်စွမ်းအင်ကိုပင် အသုံးမပြုဘဲ ကျန်းယီမင်သည် သူ့ကို သာမန်လက်ဝါးတစ်ချက်ဖြင့် အနိုင်ယူလိုက်ခြင်းဖြစ်သည်။ ဤကဲ့သို့ပြုလုပ်ရန် သူ့ရုပ်ပိုင်းဆိုင်ရာစွမ်းအားသည် ဘယ်လောက်သန်မာနေသလဲဟု တွေးကာ လန့်သွားခဲ့သည်။

ဤသည်မှာ မြင့်မြတ်ကောင်းကင်နတ်ဆိုးကိုယ်ခန္ဓာ၏ စွမ်းအားပင်ဖြစ်သည်။ ကျန်းယီမင်သည် စိမ်းမြကြာပန်းဖန်တီးခြင်းကျင့်စဉ်ကို ပြီးပြည့်စုံအဆင့်သို့ ကျင့်ကြံပြီးဖြစ်ကာ သူ့စိတ်ဝိညာဉ်စွမ်းအင်သိပ်သည်းမှုသည် အမြုတေဖွဲ့စည်းခြင်းအဆင့်နှင့် နှိုင်းယှဉ်နိုင်သည်။ မြင့်မြတ်ကောင်းကင်နတ်ဆိုးကိုယ်ခန္ဓာသည် သူ့စိတ်ဝိညာဉ်စွမ်းအင်ကျင့်ကြံမှုနှင့် လိုက်လျောညီထွေရှိသောကြောင့် ကျန်းယီမင်၏ ရုပ်ပိုင်းဆိုင်ရာစွမ်းအားသည်လည်း အမြုတေဖွဲ့စည်းခြင်းအဆင့်နှင့် နှိုင်းယှဉ်နိုင်သည်။

"ဘယ်လိုနေသေးလဲ၊ ငါတို့တွေ ဆက်တိုက်ကြဦးမလား" ဟု ကျန်းယီမင်က ဟွမ်းချိုကျောင်းအား ကြည့်ရှုကာ ဂရုမစိုက်ဘဲ မေးမြန်းလိုက်သည်။

All Chapters