ဂိုဏ်းရှင်းလင်းရေး အလုပ်သမားများ၊ ဂိုဏ်းကို သေချာပြန်တည်ထောင်ခြင်း
Vol. 1 Ch. 12
ဟွမ်းချိုကျောင်းရဲ့ မျက်နှာသည် ချက်ချင်း မှိန်ဖျော့သွားခဲ့သည်။ ကျန်းယီမင်ရဲ့ စကားလုံးများသည် သူ့အား လုံးဝအလေးမထားကြောင်း ရှင်းရှင်းလင်းလင်း ပြသနေသည်။ ကျန်းယီမင်သည် အုတ်မြစ်အခြေတည်ထောင်ခြင်း နောက်ဆုံးအဆင့်ရှိ သူ့လက်အောက်ငယ်သားကို လက်ဝါးတစ်ချက်ဖြင့် လွှင့်ထုတ်နိုင်ခဲ့သည်ကို အလွန်အံ့အားသင့်သွားသော်လည်း ဟွမ်းချိုကျောင်းသည် ဒါကို အရေးမထားပဲနေလိုက်သည်။ ဘာလို့ဆို သူကိုယ်တိုင်က အမြုတေဖွဲ့စည်းခြင်းအဆင့်တွင် ရှိနေသောကြောင့်ဖြစ်သည်။ သူ့အမြင်တွင် ကျန်းယီမင်သည် အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်တွင်သာ ရှိနေမည်ဖြစ်သည်။
ထိုဆုံးဖြတ်ချက်ကို သူချရခြင်းမှာ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိပါက ကျန်းယီမင်သည် စတုတ္ထအဆင့်အုပ်စုအဖြစ် လျှောက်ထားနိုင်ကာ ထိုသို့ပြုလုပ်ခြင်းဖြင့် ပိုအကျိုးကျေးဇူးများ ရရှိနိုင်သောကြောင့်ဖြစ်သည်။ ကျန်းယီမင်သည် အမှန်တကယ်ပင် အမြုတေဖွဲ့စည်းခြင်းအဆင့်တွင် ရှိနေပါက လင်းယွင်ဂိုဏ်းသည် ပဉ္စမအဆင့်အုပ်စုအဖြစ် ဆက်လက်တည်ရှိရန် အကြောင်းပြချက်မရှိပေ။ ထိုအချက်ကို စဉ်းစားပြီးနောက် ဟွမ်းချိုကျောင်း စိတ်သည် သက်သာရာရသွားခဲ့သည်။ ကျန်းယီမင်သည် အမြုတေဖွဲ့စည်းခြင်းအဆင့်တွင် မရှိသရွေ့ သူ့တွင် လုံးဝယုံကြည်မှုရှိသည်။
"လူလေး၊ မင်းက အသက်မရှင်ချင်တော့ဘူးပဲ၊ မင်းက ကောင်းတာဆိုးတာမသိတော့ ငါ မင်းကိုတိုက်ခိုက်တာနဲ့ ပတ်သက်ပြီး ငါ့ကိုအပြစ်မတင်နဲ့!" ဟု ဟွမ်းချိုကျောင်းက အေးစက်စွာပြောဆိုကာ သူက စတိုက်ဖို့ ပြင်လိုက်သည်။
သူက ဘာမှမသိုဝှက်နေတော့ပဲ ချက်ချင်းပင် သူ၏အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံမှုကို ထုတ်လွှတ်လိုက်သည်။ မဆုံးနိုင်သော စိတ်ဝိညာဉ်စွမ်းအင်များသည် ကောင်းကင်ပြင်ကို ပြည့်နှက်နေသော မီးလျှံများအဖြစ်သို့ ပြောင်းလဲသွားကာ ဖီးနစ်ပုံစံသို့ စုစည်းသွားခဲ့သည်။ စွမ်းအားအပြည့်နဲ့ ကခုန် တောက်ပနေသော ဖီးနစ်ပုံရိပ်ကို ကြည့်ရင်း ကျန်းယီမင်သည် မထီမဲ့မြင်ပြုလိုက်သည်။
ထို့နောက် သူသည် သူ့စိတ်ဝိညာဉ်စွမ်းအင်ကို လှည့်ပတ်စေလိုက်ပြီး ရုတ်တရက် ရှေ့သို့လက်သီးထိုးသွင်းလိုက်သည်။ ထိုလက်သီးတစ်ချက်က မြင့်မြတ်ကောင်းကင်နတ်ဆိုးကိုယ်ခန္ဓာကို အခြေခံပြီး စိမ်းမြကြာပန်း စိတ်ဝိညာဉ်စွမ်းအင်ဖြင့် ပံ့ပိုးထားသော လက်သီးတစ်ချက်ဖြစ်သည်။
လက်သီးကို ထုတ်လိုက်သည့်အချိန်တွင် ပတ်ဝန်းကျင်ရှိ လေထုတွင် ပေါက်ကွဲအသံများ အကြီးအကျယ်ထွက်ပေါ်လာခဲ့သည်။ လက်သီးသည် အဘိုးအိုရဲ့ စိတ်ဝိညာဉ်စွမ်းအင်ဖီးနစ်နှင့် တိုက်မိသည်နှင့်တစ်ပြိုင်နက် စိတ်ဝိညာဉ်စွမ်းအင်များ တောက်လျှောက်ပေါက်ကွဲမှုကို ဖြစ်ပေါ်စေခဲ့သည်။ ထိုစိတ်ဝိညာဉ်စွမ်းအင်ဖီးနစ်သည် ချက်ချင်းပင် ပြိုကွဲသွားခဲ့သည်။
ပြင်းထန်သော ပြန်လည်ရိုက်ခတ်မှုသည် ပင်လယ်ရေ လှိုင်းပုတ်ခတ်ကဲ့သို့ ဟွမ်းချိုကျောင်းရဲ့ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။ အဆုံးတွင် သူသည် မထိန်းနိုင်တော့ဘဲ ပါးစပ်ပြည့် သွေးတစ်လုပ်ကို အန်ထုတ်လိုက်ရသည်။
"အားလုံးအတူ တိုက်ခိုက်ကြ" ဟု ဟွမ်းချိုကျောင်းက ကျန်းယီမင်အား ကြည့်ရှုကာ ပြောဆိုလိုက်သည်။ သူ့မျက်လုံးများတွင် မောက်မာမှုမရှိတော့ဘဲ ကြောက်ရွံ့မှုများက အစားထိုး ဝင်ရောက်သွားလိုက်သည်။ သူ့အမိန့်ကို ကြားရခြင်း ကျန်ရှိနေသေးသော အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့် ကျင့်ကြံသူများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ခဏတာမျှ လှုပ်ရှားဝံ့ခြင်းမရှိကြပေ။ ဟွမ်းချိုကျောင်းပင် ရှုံးနိမ့်သွားပြီဖြစ်သည်၊ ၎င်းတို့သည် အဘယ်အသုံးဝင်မည်နည်း။
"မြန်မြန် ပြန်တိုက်ကြစမ်း၊ အသုံမကျတဲ့ကောင်တွေ" ဟု ဟွမ်းချိုကျောင်းသည် သူတို့အလွန်အမင်းကြောက်ရွံ့နေသည်ကို မြင်ကာ အလွန်ဒေါသထွက်ကာ ဆဲရေးလိုက်သည်။ သူတို့အနည်းငယ်သည် ချက်ချင်း တုန်လှုပ်ပြီး လန့်သွားကြသည်။ သူတို့တွေ ယီမင်ကို မတိုက်ခိုက်ပေမယ့် အရဲစွမ့်ကာ အမိန်လိုက်နာရန် ရှေ့တက်လိုက်ကြသည်။
"ဟမ့်၊ ကိုယ့်ကိုယ်ကို အထင်တွေဇွတ်ကြီးနေကြတယ်"
ကျန်းယီမင်သည် အုပ်စုလိုက် တက်လာနေသော လူများကို ကြည့်ကာ အလေးမထားဘဲ ပြောလိုက်သည်။ သူသည် ဆက်တိုက်လက်သီးများ ထိုးသွင်းလိုက်ပြီး ထိုလက်သီးများသည် ကောင်းကင်ပြင်ကိုဖုံးလွှမ်းကာ ကမ္ဘာမြေကို အရှိန်နဲ့ကျဆင်းလာသော ဥက္ကာခဲများနှင့်တူသည်။ ခဏအတွင်းတွင် ထိုေရှ့တက်လာတဲ့ သူအားလုံးကို လွှင့်စင်သွားကြသည်။ မည်သူတစ်ဦးတစ်ယောက်မျှ ခုခံနိုင်စွမ်းမရှိဘဲ တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်သို့ ကျရောက်သွားကြသည်။
ကျန်းယီမင်နှင့် ဟွမ်းချောင်ယုတို့မှလွဲ၍ ချိန်သီးကိုင်ထားသော အဘိုးအိုသာ ရပ်ကျန်နေခဲ့ကြဖြစ်သည်။ အခြားသူများသည် အားလုံးမြေပြင်ပေါ်တွင် လူးလှိမ့်ကာ ခန္ဓာကိုယ်တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် ရှိနေကြသည်။ သူတို့သည် ကျန်းယီမင်အား ကြောက်ရွံ့မှုများဖြင့် ကြည့်ရှုနေကြသည်။ ထိုအခါမှသာ သူတို့က ကျန်းယီမင်သည် ငြိမ်သက်စွာရပ်တည်နေပြီး သာမန်လှုပ်ရှားမှုအနည်းငယ်ဖြင့် ၎င်းတို့အားလုံးကို တစ်ယောက်ပြီးတစ်ယောက် ဖိနှိပ်နိုင်ခဲ့သည်ဟု သတိရလာကြသည်။
ကျန်းယီမင်၏နောက်တွင် ပုန်းနေသော ဟွမ်းချောင်ယုမှာ ပို၍ပင် အံ့အားသင့်သွားခဲ့ရသည်။ သူမဆရာ ရုတ်တရက် ဒီလိုအစွမ်းထက်လာတာကို သူမနားမလည်နိုင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူမဆရာကို ရက်သတ္တပတ်အနည်းငယ်ကပငွ ဟောက်ယွင်ဂိုဏ်းမှလူများက အပြင်းအထန်ဒဏ်ရာရစေခဲ့သောကြောင့်ဖြစ်သည်။ ပြီးခဲ့သည့်နှစ်ရက်အတွင်း သူမဆရာသည် လူအသစ်တစ်ယောက်ကဲ့သို့ ပြောင်းလဲသွားခဲ့သည်ကို သူမသတိထားမိလာသည်။သို့သော် သူမအမြင်မှာတော့ သူမဆရာက ပိုပြီးဆွဲဆောင်စရာကောင်းလာသလိုလိုပင် ဖြစ်နေသည်။ ဆရာက လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်ကာ သူ့လူများအား လုံခြုံမှုခံစားရစေသည်ကို သူမရင်ထဲ သိနေသည်။ ဟွမ်းချောင်ယုသည် သူမဆရာရဲ့ နောက်ကျောကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်နေစဉ် ကျန်းယီမင်သည် ရုတ်တရက် နောက်ပြန်လှည့်လိုက်သဖြင့် သူမအလွန်ကြောက်ရွံ့သွားကာ မြန်မြန်ဆန်ဆန် ခေါင်းငုံ့လိုက်သည်။
"ချောင်ယု၊ ဒီလူတွေကို မင်းဘယ်လိုလုပ်သင့်တယ်ထင်လဲ"
ဤစကားကိုကြားလျှင် ဟွမ်းချောင်ယုသည် ရုတ်တရက်ခေါင်းမော့လိုက်သည်။
"ဆရာ ဆိုလိုတာက..."
"မင်းသူတို့ကိုသတ်ချင်ရင် သူတို့အသက်မရှင်နိုင်ဘူး။ တကယ်လို့ မင်းမသတ်ချင်ဘူးဆိုရင် ငါသူတို့အားလုံးကို တောင်အောက်ကို ကန်ချပစ်မယ်" ဟု ကျန်းယီမင်က သူတို့ကိုဂရုမစိုက်သလို ပြောလိုက်သည်။
ဟွမ်းချိုကျောင်းနှင့် အခြားသူများသည် ဤစကားကိုကြားလျှင် အလွန်အမင်းထိတ်လန့်သွားကြသည်။
သူတို့က အေးဆေးမနေနိုင်တော့ဘဲ တုန်လှုပ်သွားကြပြီး ဟွမ်းချောင်ယုသည် ရက်ရက်စက်စက်စကားများ ပြောလာမည်ကို ကြောက်ရွံ့နေကြသည်။
ဟွမ်းချောင်ယု တိတ်ဆိတ်သွားခဲ့သည်။ သူမသည် သူမမှတ်ဉာဏ်ထဲရှိ မှုန်ဝါးဝါးပုံရိပ်ကို ထပ်မံသတိရလာခဲ့သည်။ ထိုအရပ်အမောင်းမြင့်မားပြီး ဂုဏ်သိက္ခာရှိသော်လည်း အလွန်အေးစက်သောအမျိုးသားတစ်ဦး။
သူသည် ဘုရင်ကောင်းတစ်ပါးဖြစ်ကောင်းဖြစ်နိုင်တယ် ဒါမှမဟုတ် အလွန်အစွမ်းထက်တဲ့ သူတစ်ဦးဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့သော် ထိုသူသည် သူမအတွက်တော့ ဖခင်ကောင်းတစ်ဦးတော့ မဖြစ်လာနိုင်ပေ။ထို အရာကို စဉ်းစားမိသောအခါ ဟွမ်းချောင်ယုမျက်နှာလည်း အေးစက်သွားခဲ့သည်။
သူမသည် ဟွမ်းချိုကျောင်းနှင့် အခြားသူများအား "ရှင်တို့လာခဲ့သည့်နေရာသို့ ပြန်သွားကြပါ။ သွားပြီး သူ့ကို ပြောပြလိုက်၊ ကျွန်မနှင့် သူကဘာမှမသက်ဆိုင်ဘူး၊ ကျွန်မက တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာရဲ့ မင်းသမီးမဟုတ်ဘူး၊ ကျွန်မ တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာကို ဘယ်တော့မှ ပြန်လာမှာမဟုတ်ဘူး" ဟု အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
ဟွမ်းချိုကျောင်းနှင့် အခြားသူများသည် ပထမဆုံးတုန်လှုပ်သွားကြပြီး ထို့နောက် ဝမ်းသာသွားကြသည်။ ဟွမ်းချောင်ယုရဲ့ ဆိုလိုရင်းမှာ သူတို့အားလွှတ်ပေးမည်ဖြစ်သည်။ ဟွမ်းချောင်ယုသည် တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာသို့ ပြန်တာ မပြန်တာက ယခုအချိန်တွင် သူတို့ဂရုမစိုက်နိုင်တော့ပေ။ သူတို့ပို၍စိတ်ဝင်စားသည်မှာ သူတို့အသက်ကို ဆက်လက်ထိန်းသိမ်းနိုင်မနိုင်ဖြစ်သည်။
"မင်းသမီး အသက်ရှင်ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် ချက်ချင်းပြန်သွားပြီး ဘုရင်ကြီးကို အစီရင်ခံတင်ပြ လိုက်ပါ့မယ်။ မင်းသမီးကြီး ကျန်းမာရေးဂရုစိုက်ပါ။ အခုခွင့်ပြုပါဦး၊ ကျွန်တော်တို့ ထွက်သွားပါ့မယ်" ဟု ပြောဆိုပြီးနောက် ဟွမ်းချိုကျောင်းသည် သူ့လူအားလုံးကို ခေါ်ယူကာ ထွက်ခွာသွားခဲ့သည်။ သူ့တို့က ဒီနေရာတွင် မိနစ်ပိုင်းမျှပင်ဖြစ်စေ ဆက်လက်နေထိုင်လိုခြင်းမရှိတော့ပေ။
"ရပ်လိုက်"
သူတို့အလွန်ကျေးဇူးတင်ပြီး ထွက်ခွာရန်ပြင်ဆင်နေချိန် ကျန်းယီမင်သည် ရုတ်တရက် သူတို့အား လှမ်းတားလိုက်သည်။ လူတိုင်းက ချက်ချင်းတုန်လှုပ်သွားကြပြီး စိတ်ထဲတွင် တစ်ခုခုမှားသွားမှာကို ထိန့်လန့်နေကြသည်။ ကျန်းယီမင်သည် သူတို့အားရပ်ခိုင်းပြီး ပြန်ခေါ်ရခြင်းမှာ သူ့စကားကို ပြန်လည်ရုပ်သိမ်းလိုသောကြောင့်ဖြစ်နိုင်သည်ဟု သူတို့ခံစားလိုက်ရသည်။
ဟွမ်းချိုကျောင်းသည် ကြောက်ကြောက်နဲ့ "မင်းသမီးက ငါတို့ကို ထွက်သွားခိုင်းလိုက်ပြီ၊ မင်းက မင်းစကားပြန်ပြောင်း မလို့လား" ဟု မေးလိုက်သည်။
"ငါက မင်းတို့လိုမျိုးမဟုတ်ဘူး၊ ငါပြောတဲ့စကားကို ငါပြန်မဖျက်ဘူး"
လူတိုင်းသည် ထိုစကားကိုကြားပြီး စိတ်သက်သာရာရသွားကြသည်။ ထို့နောက် ကျန်းယီမင်က ဆက်လက်ပြောတာကို ကြားလိုက်ရသည်။ "လင်းယွင်ဂိုဏ်းကို မင်းတို့ ဘာထင်နေတာလဲ၊ စိတ်တိုင်းကျလာလိုက်သွားလိုက်လုပ်လို့ရတယ်လို့ ထင်မနေနဲ့၊ မင်းတို့ ပြန်ချင်ပြန်လို့ရတယ်၊ ဒါပေမယ့် လင်းယွင်ဂိုဏ်းကို အရင်သန့်ရှင်းရေး လုပ်သွားရမယ်"
"ရပါတယ်၊ ရပါတယ်" ဟု ကျန်းယီမင် စကားမပြီးဆုံးသေးခင်ပင် ဟွမ်းချိုကျောင်းက အမြန်ဖြေလိုက်သည်။ အဘယ်ကြောင့်ဆိုသော် လင်းယွင်ဂိုဏ်းကို ရှင်းလင်းရန် သဘောမတူပါက သူတို့ကိုယ်တိုင်ရှင်းလင်းခံရမည်ဖြစ်သောကြောင့်ဖြစ်သည်။
"ကောင်းပြီလေ၊ ဘာတွေကိုစောင့်နေတာလဲ" ဟု ကျန်းယီမင်က အေးစက်စွာ ပြောလိုက်သည်။
သူတို့က ခပ်မြန်မြန် လူခွဲသွားကြပြီး ရှင်းလင်းရန် စတင်ကြသည်။ ချိန်သီးကိုင်ထားသော အဘိုးအိုသည် မလုပ်ချင်ပေမယ့်လည်း ဟွမ်းချိုကျောင်း၏ ဖိအားပေးမှုကြောင့် သန့်ရှင်းရေးလုပ်ရန် သူပါစလိုက်ရသည်။
တောင်ဝင်ဂိတ်ပေါက်တွင် ကျန်းယီမင်နှင့် ဟွမ်းချောင်ယုသာ ကျန်ရှိတော့သည်။
"ဆရာ၊ တပည့် တောင်းပန်ပါတယ်" ဟု ဟွမ်းချောင်ယုသည် ရုတ်တရက် ကျန်းယီမင်ကိုကြည့်ကာ "ဒီလိုနှစ်ပေါင်းများစွာ တပည့် အမှန်တရားကို ဖုံးကွယ်ထားပြီး လင်းယွင်ဂိုဏ်းကိုပါ ဒုက္ခရောက်စေခဲ့တယ်။ ဆရာ အပြစ်ပေးပါ" ဟု အလေးအနက် ပြောလိုက်သည်။
ကျန်းယီမင်က ခေါင်းခါကာ "ဘာကိုအပြစ်ပေးရမှာလဲ။ လူတိုင်းမှာ သူတို့ရဲ့အတိတ်နဲ့ လျှို့ဝှက်ချက်တွေရှိတယ်။ ဒါက ပြဿနာတစ်ခုလား။ ငါအလွယ်တကူဖြေရှင်းလိုက်တာကို မင်းမမြင်ခဲ့ဘူးလား။ မင်းနောက်ပိုင်းမှာ ကောင်းကောင်းကျင့်ကြံပြီး ကိုယ့်ကိုယ်ကို ကျင့်ကြံရေးမြှင့်တင်ဖို့ပဲ ငါမျှော်လင့်တယ်" ဟု အပြုံးဖြင့်ပြောဆိုလိုက်သည်။
"ဟုတ်ကဲ့၊ စိတ်မပူပါနဲ့ ဆရာ၊ တပည့် အကောင်းဆုံးကြိုးစားပါ့မယ်" ဟု ကျန်းယီမင်သည် သူမအား
အပြစ်တင်ရန် ရည်ရွယ်ချက်မရှိကြောင်း မြင်မြင်ချင်း ဟွမ်းချောင်ယုသည် နောက်ဆုံးတွင် စိတ်သက်သာရာရသွားခဲ့သည်။ သူမသည် ကောင်းစွာကျင့်ကြံပြီး လင်းယွင်ဂိုဏ်းကို အားကောင်းစေရန် ဆုံးဖြတ်ချက်ချခဲ့သည်။
ကျန်းယီမင်သည် သူမရဲ့ စိတ်ဓာတ်တက်ကြွနေတဲ့ မျက်နှာကို ကြည့်ကာ ပျော်သွားလိုက်သည်။ထို့နောက် သူသည် နောက်ပြန်လှည့်ကာ ဂိုဏ်းအားရှင်းလင်းရန် ကြိုးစားအားထုတ်နေသော လူများကို ကြည့်လိုက်သည်။ သူ့ဂိုဏ်းကို သေချာ ပြန်လည်တည်ဆောက်ရန် အချိန်တန်ပြီဟု သူစဉ်းစားလိုက်မိသည်။