ဂိုဏ်းခန်းမတည်ဆောက်ခြင်း
Vol. 2 Ch. 14
ကျန်းယီမင်သည် အံ့အားသင့်သွားခဲ့ရသည်။ ရက်ပေါင်း သုံးဆယ်၊ ဒါကတစ်လကြီးတောင်။ ပထမဆုံးတာဝန်ကို ပြီးမြောက်ရန် ရက်ပေါင်းသုံးဆယ် စောင့်ဆိုင်းရမည်ကို သူလက်မခံနိုင်ဖြစ်သွားသည်။
"အကယ်၍ ငါမှတ်မိသလောက်ဆို စိတ်ဝိညာဉ်ကျောက်တုံးတွေကို သုံးပြီး ဆောက်လုပ်ရေးကို အရှိန်မြှင့်နိုင်တယ်" ဟု ကျန်းယီမင်က သူ့မေးကို ပွတ်သပ်ကာ "စနစ်၊ ဆောက်လုပ်ရေးကို အရှိန်မြှင့်ပါ" ဟု ပြောလိုက်သည်။
[ဒင်း]
[အသိပေးချက်- ခန်းမပြီးမြောက်ရန် တည်ဆောက်မှုကို အရှိန်မြှင့်ရန် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ၈,၀၀၀ သုံးစွဲရမည်]
[အသိပေးချက်- စိတ်ဝိညာဉ်ကျောက်တုံးများကို သုံးစွဲပြီး တည်ဆောက်မှုကို ချက်ချင်းပြီးစီးစေလိုပါသလား]
အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ၈၀၀၀လား။ ခန်းမတစ်ခုတည်ဆောက်မှုကို အရှိန်မြှင့်ရန် ဒီလောက် ပမာဏစိတ်ဝိညာဉ်ကျောက်တုံးများ သုံးစွဲရမယ်ပေါ့။ ပထမအဆင့် ဂိုဏ်းတစ်ခုပင် ဒီလို အလွယ်တကူ မသုံးဖြန်းနိုင်ကြဘူး။ သို့သော် ကျန်းယီမင်သည် ဒါကို ဂရုမစိုက်။ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ၈၀၀၀ သည် စိတ်ဝိညာဉ်ပုံဆောင်ခဲ တစ်ခုလောက်တောင် မတန်ပေ။
ကျန်းယီမင်၏ သိုလှောင်အိတ်ထဲတွင် စိတ်ဝိညာဉ်ပုံဆောင်ခဲ သိန်းနှင့်ချီ ရှိသည်။ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ၈၀၀၀သည် သူ့ရေခဲတောင်ကြီး၏ ထိပ်ပိုင်းသာသာလေးသာ ရှိသည်။
"လုပ်မယ်" ကျန်းယီမင် စိတ်ထဲမှ သဘောတူလိုက်သည်နှင့် သူ့မျက်လုံးထဲရှိ ပုံကြမ်းသည် ချက်ချင်းပင် မြေကွက်လပ်ပေါ်သို့ ပုံရိပ်ကြသွားသည်။ထိုတစ်နေရာလုံးတွင် မျက်လုံးများ ကန်းမတတ် ရွှေရောင်အလင်းရောင်များ ထွက်ပေါ်လာသည်။
မြေအောက်မှ ပေါက်ကွဲသံများ ကြားလာရပြီး မြေပြင်တစ်ခုလုံးသည် ရုတ်တရက် တုန်ခါသွားခဲ့သည်။ ကျန်းယီမင်သည် သူ့စိတ်ဝိညာဉ်စွမ်းအားကို လှည့်ပတ်စေပြီး သူ့ချီပင်လယ်ထဲသို့ နစ်မြုပ်စေခဲ့သည်၊ ထိုအခါမှသာ သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင်ပြုလုပ်နိုင်ခဲ့သည်။
"အုံး............."
မြေပြင်သည် ရုတ်တရက် ပေါက်ကွဲထွက်သွားခဲ့သည်။ ကြီးမားသောအရာတစ်ခုခုသည် မြေကြီးထဲမှ ထွက်လာနေသည်ဟု ထင်ရသည်။ သို့သော် စူးရှနေသော ရွှေရောင်အလင်းသည် မည်သည့်အရာဖြစ်ပျက်နေသည်ကို ကြည့်မရအောင် တားနေသကဲ့သို့ ဖြစ်နေသည်။ ချက်ချင်းပင် လေပြင်းတစ်ခု တိုက်ခတ်လာပြီး ဖုန်မှုန့်များက မီးခိုးငွေ့တွေကို ကောင်းကင်မှာ တစ်လူလူနဲ့ ပျံ့နံ့နေသည်။
သူမအခန်းထဲတွင် တရားထိုင်နေသော ဟွမ်းချောင်ယုသည်လည်း ပြင်းထန်သော တုန်ခါမှုကို ခံစားလိုက်ရသည်။ သူမရဲ့ လှပသောမျက်လုံးများ ဖွင့်လာပြီး သူမသည် အခန်းမှထွက်ရန် တံခါးကိုအလျင်အမြန်တွန်းလိုက်သည်။ အသံကြားရာအတိုင်း လိုက်သွားသောအခါ ခမ်းနားကြီးကျယ်နေသော မြင်ကွင်းတစ်ခုကို သူမမြင်တွေ့လိုက်ရသည်။
"ဆရာ"
ဟွမ်းချောင်ယုသည် ကျန်းယီမင်သည် ရွှေရောင်အလင်းရှေ့တွင် ရပ်တည်နေသည်ကို မြင်တွေ့လိုက်ရသည်။ တစ်ခနအတွင်း သူမသည် သူ့ဘေးသို့ ရောက်ရှိလာခဲ့သည်။ ကျန်းယီမင်သည် လှည့်ကြည့်လိုက်သည်။
"ချောင်ယု၊ ရောက်လာပြီလား"
"ဆရာ၊ ဘာဖြစ်နေတာလဲ" ဟု ဟွမ်းချောင်ယုက စိုးရိမ်နေတဲ့ အသံဖြင့် "ရန်သူတွေ ဝင်ပြီး ချုံခိုလာတိုက်ခိုက်တာလား" ဟု မေးလိုက်သည်။ ဒိလိုကြီးမားသော အရှုပ်ပုံကို ဖန်တီးနိုင်သည်မှာ အမြုတေဖွဲ့စည်းခြင်းအဆင့်အထက် ကျွမ်းကျင်သူတစ်ဦးဖြစ်ရမည်။ ကျန်းယီမင်သည် အေးဆေးတည်ငြိမ်စွာဖြင့် ခေါင်းခါလိုက်သည်။
"ရန်သူတွေ ဝင်တိုက်တာ မဟုတ်ပါဘူးကွ၊ အဲ့တာက..."
သူ့စကားမပြီးမီတွင် ကောင်းကင်တစ်ခွင်ကိုပြည့်နေသော ဖုန်မှုန့်များသည် ရုတ်တရက် လွှင့်စင်သွားသည်။ အံ့ဖွယ်မြင်ကွင်းတစ်ခုသည် ချက်ချင်းပင် သူတို့၏ မြင်ကွင်းထဲသို့ ဝင်လာခဲ့သည်။ ထိုမြင်ကွင်းကို မြင်သောအခါ ကျန်းယီမင်မျက်နှာက အေးဆေးတည်ငြိမ်နေပြီး သူ့မျက်လုံးထဲတွင် ဝမ်းသာမှုများ ပြည့်နှက်လာသည်။ အခြားတစ်ဖက်တွင် ဟွမ်းချောင်ယုမျက်နှာသည် မယုံကြည်နိုင်ဖွယ်ရာဖြင့် ပြည့်နှက်နေပြီး အံ့အားသင့်သွားကာ ပါးစပ်ပင် ဟသွားခဲ့သည်။
ခမ်းနားကြီးကျယ်သော နန်းတော်တစ်ခုသည် မူလမြေကွက်လပ်နေရာတွင် ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။ ထိုအဆောက်အဦးကြီးသည် မိုးထိရောက်အောင် မြင့်မားနေသည့်ပမာ မြင့်မားနေပြီး အလွန်တရာမှ တောက်ပပြီး လှပလွန်းနေသည်။ ကျဆင်းနေတဲ့ နေရောင်ခြည်အောက်တွင် ပို၍အသက်ဝင်နေပြီး ဖောင်းကြွပြီး ခမ်းနားနေသည်။ သူမမျက်လုံးရှေ့တွင် ရှိနေသော်လည်း ကောင်းကင်ပြင်အထိ ဝေးကွာနေသည်ဟု သူမခံစားရသည်။ ထိုအရာက နတ်ဘုံနတ်နန်းလို ရှိနေပြီး အဝေးမှသာ လှမ်းကြည့်နိုင်တဲ့ အရာတစ်ခုလို မထိရက် မကိုင်ရက်စရာ ပုံစံဖြစ်နေသည်။
"ဆရာ" ဟွမ်းချောင်ယုသည် အံ့အားသင့်မှုမှ အတန်ကြာမှ ပြန်လည်သတိဝင်လာပြီး "တပည့် မျက်လုံးများ ပေါက်ကရတွေများ မြင်နေတာလား" ဟု မေးလိုက်သည်။
"မင်း မျက်လုံးတွေ ရှပ်ပြီး မြင်နေတာမဟုတ်ပါဘူး။ ဒါက ငါတို့ဂိုဏ်းရဲ့ အဓိကခန်းမပါ" ဟု ကျန်းယီမင်က သူမမျက်နှာအမူအရာကိုမြင်ပြီး မတတ်သာဘဲ ပြုံးလိုက်မိသည်။
ဟွမ်းချောင်ယုသည် သူမပါးပြင်ကို ဆွဲဆိတ်လိုက်သည်။ သူမမျက်နှာပေါ် နာကျင်မှုကို ခံစားရသောအခါ သူမအိပ်မက်မက်နေခြင်းမဟုတ်ကြောင်း သဘောပေါက်လိုက်သည်။ ခမ်းနားသောခန်းမသည် သူမမျက်လုံးရှေ့တွင် ဗလာနေရာမှ ပေါ်ထွက်လာခဲ့သည်။
"ဆရာ၊ ဒီခန်းမကို ဆရာ ဖန်တီးခဲ့တာလား" ဟု သူမက သိချင်စိတ်ဖြင့် စူးစမ်းစွာ မေးမြန်းလိုက်သည်။ ကျန်းယီမင်က ခေါင်းအနည်းငယ်ညိတ်လိုက်သည်။ ဟွမ်းချောင်ယု၏ နှလုံးသားသည် ချက်ချင်းပင် ဆူနာမီလှိုင်းများဖြင့် ပြည့်လာခဲ့သလို ခုန်နေသည်။
"ဆရာ၊ ဆရာက ဒဏ္ဍာရီလာ နတ်ဘုရားများလား" ဟု သူမက မထိန်းနိုင်တော့ဘဲ ကောက်မေးလိုက်သည်။
"ဟားဟား" ဟု ကျန်းယီမင်က ရယ်မောလိုက်သော်လည်း မဖြေကြားခဲ့ပေ။
သူမဆရာ ဒီလိုလျှို့ဝှက်ဆန်းကြယ်စွာ ပြုမူနေသည်ကို မြင်လျှင် ဟွမ်းချောင်ယုသည် ချက်ချင်းပင် စူးစမ်းလိုစိတ်ဖြစ်လာခဲ့သည်။ သူမဆရာသည် မကြာသေးမီက အနည်းငယ်ထူးဆန်းလာခဲ့သည်။ နှစ်ရက်အတွင်း သူ့ဒဏ်ရာများမှ ပြန်လည် သက်သာလာယုံသာမက သူ့စွမ်းအားကလည်း ကြီးမားစွာ တိုးတက်လာခဲ့သည်။ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးပင် သူ့လက်ထဲတွင် ရှုံးနိမ့်ခဲ့သည်။ သူ့လက်ထဲတွင်လည်း ရတနာတွေ များစွာရှိသည်။ ထိုကျင့်ကြံမှုနည်းလမ်းနှစ်ခုဖြစ်စေ သို့မဟုတ် ထိုစိတ်ဝိညာဉ်ဆေးပင်ဖြစ်စေ အားလုံးသည် အလွန်တန်ဖိုးကြီးသောပစ္စည်းများဖြစ်သည်။ အခုလည်း သူက ဒီမြေကွက်လပ်ကြီးကနေ ခမ်းနားနေတဲ့ ခန်းမကြီးကိုပင် တည်ဆောက်နိုင်ခဲ့သည်။ သူမဆရာကို သူမတကယ်နားမလည်သလို ရုတ်တရက်ခံစားရသည်။ သို့သော် ကျန်းယီမင်က တိုက်ရိုက်မပြောသောကြောင့် သူမ ဆက်မမေးနိုင်ခဲ့ပေ။
"ချောင်ယု၊ ငါတို့တွေ အခဲကို ဝင်ကြည့်ကြရအောင်" ဟု ဟွမ်းချောင်ယု စဉ်းစားနေစဉ် ကျန်းယီမင်က ရုတ်တရက်ပြောလိုက်သည်။
ထို့နောက် ဟွမ်းချောင်ယု ဘာမှပြန်မပြောရသေးခင် ရှေ့မှ ဝင်သွားလိုက်သည်။
"ဟုတ်ကဲ့" ဟု ဟွမ်းချောင်ယုက ဖြေကြားပြီး အမြန်လိုက်သွားခဲ့သည်။ သူတို့နှစ်ဦး ခန်းမအတွင်းသို့ဝင်ရောက်ခြင်း ဟွမ်းချောင်ယုသည် အတွင်းပိုင်းရှိ မြင်ကွင်းကို မြင်ပြီး အံ့အားသင့်သွားခဲ့ရသည်။ ခန်းမအတွင်းပိုင်းသည် ထွင်းထုထားသော ထုပ်တန်းတွေနဲ့ ခြယ်သထားသော တိုင်လုံးများဖြင့် အလှဆင်ထားပြီး ခမ်းနားကြီးကျယ်လှသည်။ ကျောက်စိမ်းတွေကို အခြေခံအဖြစ်သုံးစွဲထားပြီး ရွှေနှင့် အခြားအလှဆင်ကျောက်တွေကို နံရံမှာ လှလှပပ စီစီရီရီ တပ်ဆင်ထားသည်။ လှပပြီး တောက်ပြောင်နေတဲ့ တိမ်ဆိုင်တိမ်သားများ လွှင့်မျောနေပြီး ကြိုးကြာငှက်များကဲ့သို့ ငှက်မျိုးစုံများက ပျံသန်းနေကြသလို လှပနေသည်။ ပထမအဆင့် အင်အားစုတစ်ခုပင် ဤကဲ့သို့သော နန်းတော်ရှိသည့် လင်းယွင်ဂိုဏ်းကို မနာလိုဖြစ်လာနိုင်သည်။
[ဒင်း]
[အသိပေးချက်- "ဂိုဏ်း၏အဓိကခန်းမကို ပြန်လည်တည်ဆောက်ခြင်း" တာဝန် ပြီးဆုံးပါပြီ]
ရုတ်တရက်အသိပေးချက်သည် ကျန်းယီမင်အား အလွန်ဝမ်းမြောက်စေခဲ့သည်။ ချမ်းသာခြင်းသည် ကြီးကျယ်မြင့်မြတ်သည်မှာ အမှန်ပင်ဖြစ်သည်။ ငွေကြေးဖြင့် ဤကဲ့သို့သော နန်းတော်တည်ဆောက်မှုကိုပင် အရှိန်မြှင့်နိုင်သည်။ မဟုတ်ပါက ဂိုဏ်း၏အဓိကခန်းမကို ပြန်လည်တည်ဆောက်ရန် လပေါင်းများစွာ ကြာမြင့်မည်ဖြစ်သည်။ ထို့အပြင် ထိုခန်းမကလည်း စနစ်မှထုတ်လုပ်သော အဓိကခန်းမထက် များစွာနိမ့်ကျမည်ဖြစ်သည်။
'နောက်တစ်ခု၊ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ငါ့စွမ်းအားကို မြှင့်တင်ပြီးမှသာ ပထမဆုံးအဓိကတာဝန်ကို ပြီးမြောက်တာလို့ သတ်မှတ်လို့ရမှာ၊ အခုတော့တစ်ဝက်ပဲ ပြီးသေးတယ်' ဟု ကျန်းယီမင်က သူ့ဘာသာ စဉ်းစားနေသည်။
---
သူတို့နှစ်ဦး ခန်းမကို အကြိမ်အနည်းငယ် လှည့်ပတ်ကြည့်ပြီးနောက် ထွက်သွားကြသည်။ ကျန်းယီမင်သည် ဂိုဏ်းရဲ့ ဗဟိုနေရာကို တိုက်ရိုက်သွားခဲ့သည်။ အပိုစကားမပြောတော့ဘဲ စိတ်ဝိညာဉ်စုဆောင်းခြင်း အစီအရင်ကို ဒီနေရာတွင် ခင်းကျင်းဖို့ လုပ်လိုက်တော့သည်။ လက်ဖဝါးလှန်လိုက်သည်နှင့် ရှစ်ထောင့်ပုံအစီအရင်ချပ်တစ်ခု သူ့လက်ထဲတွင် ပေါ်လာခဲ့သည်။
"စနစ်၊ အဆုံးစွန်သောစိတ်ဝိညာဉ်စုဆောင်းခြင်း အစီအရင်ကို ခင်းကျင်းလိုက်ပါ" ဟု သူသည် သူ့စိတ်ထဲတွင် ပြောလိုက်သည်။
[ဒင်း]
[အသိပေးချက်- အဆုံးစွန်သောစိတ်ဝိညာဉ်စုဆောင်းခြင်း အစီအရင်ကို ခင်းကျင်းရန် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀ လိုအပ်သည်]
[အသိပေးချက်- အစီအရင်ထားရန် စိတ်ဝိညာဉ်ကျောက်တုံးများ သုံးစွဲလိုပါသလား]
"သုံးမယ်" ဟု တွေးပြီး ဖြေလိုက်ယုံနဲ့ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀ သည် သူ့သိုလှောင်အိတ်ထဲမှ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
[အသိပေးချက်- ငွေပေးချေပြီးပါပြီ။ အဆုံးစွန်သောစိတ်ဝိညာဉ်စုဆောင်းခြင်း အစီအရင်ကို ခင်းကျင်းရန်]
[အသိပေးချက်- အစီအရင်ခင်းကျင်းခြင်း အောင်မြင်ပါသည်]
ထိုအခိုက်တွင် စိတ်ဝိညာဉ်စွမ်းအင်များသည် လေဆင်နှာမောင်းတစ်ခုလို ကျန်းယီမင်အား ဝန်းရံထားနေသကဲ့သို့ ထင်လိုက်ရသည်။ မဆုံးနိုင်သော စိတ်ဝိညာဉ်စွမ်းအင်သည် အပြင်ဖက် ကောင်းကင်ပြင်မှ စုဝေးလာပြီး လှိုင်းတံပိုးများလို ကျယ်ပြန့်နေတဲ့ စိတ်ဝိညာဉ်စွမ်းအင်များသည် တစ်ခုနှင့်တစ်ခု တိုက်မိကုန်ကြသည်။ ကျန်းယီမင်သည် ချက်ချင်းပင် သူ့ခန္ဓာကိုယ်အတွင်းရှိ ကျင့်ကြံမှုသည် လျော့လာတာကို ခံစားလိုက်ရသည်။ လှိုင်းများ ရိုက်ခတ်နေသော ကမ်းပါးပြင်တွင် ရုတ်တရက်အပေါက်တစ်ခု ပေါက်ကွဲထွက်လာသကဲ့သို့ ဖြစ်နေသည်။ မဆုံးနိုင်သော ဒီရေများသည် ထိုအပေါက်မှ ချက်ချင်းပင် ထွက်လာခဲ့သလို ဖြစ်နေသည်။
"ငါ့အဆင့် ချိုးဖြတ်တော့မှာလား" ဟု ကျန်းယီမင်က ဝမ်းမြောက်စွာဖြင့် အော်ဟစ်လိုက်မိသည်။ အုတ်မြစ်အခြေတည်ထောင်ခြင်း နှောင်းပိုင်းအဆင့်ကို ကျော်ဖြတ်ရန် ဒီလိုအခွင့်အရေးကို အခုလိုရောက်လာမယ်လို့ သူမမျှော်လင့်ထားခဲ့ချေ။ ကျန်းယီမင်သည် ဝမ်းမြောက်ပြီး ထိုင်ပျော်နေဖို့ အချိန်မရှိပေ။ သူ့ကိုယ်ထည် ချက်ခြင်းဆိုသလို ထိုနေရာမှ ပျောက်သွားခဲ့သည်။
ပထမဆုံးတာဝန် "အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ တိုးမြှင့်ခြင်း" သည် သူနောက်ဆုံးတွင် ပြီးတော့မည်ဖြစ်သည်။