အဆင့်ချိုးဖြတ်ခြင်း၊ အဓိကတာဝန်ပြီးဆုံးခြင်း
Vol. 2 Ch. 15
လင်းယွင်ဂိုဏ်း၏ သစ်သားအိမ်တစ်လုံးအတွင်း ကျန်းယီမင်သည် မျက်လုံးမှိတ်ကာ ခြေချင်းချိတ်ထိုင်နေသည်။ သူသည် သူ့ခန္ဓာကိုယ်အတွင်းရှိ ပြောင်းလဲမှုများကို တိတ်တဆိတ် ခံစားနေသည်။ ထိုအချိန်တွင် သူ့ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်သည် လှိုင်းများလို လှုပ်ခတ်နေပြီး သူ့အသက်ရှူသံများမှာ ရှုပ်ထွေးနေသည်။ သူ့ချီပင်လယ်ထဲမှ အပူဓာတ်တစ်ခု မြင့်တက်လာနေသည်ဟု ခံစားလိုက်ရသည်။
ကျန်းယီမင်သိထားသည့်အတိုင်း ဤသည်မှာ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ကျော်ဖြတ်ရန် ရှေ့ပြေးအချက်ပြပင် ဖြစ်သည်။ သူသည် ချိုးဖြတ်နိုင်ရန် အချိန်အနည်းငယ်လိုအပ်ဦးမည်ဟု အစဆုန်းက ထင်ထားသည်။ အဘယ်ကြောင့်ဆိုသော် အဓိက အဆင့်ကြီးတစ်ခုကို ချိုးဖြတ်ခြင်းသည် မိမိကိုယ်ကို သန့်စင်ခြင်းဖြစ်ပြီး ရရှိမည့် အခွင့်အရေးနှင့် ကျင့်ကြံမှုတို့၏ ပြီးပြည့်စုံသော ပေါင်းစပ်မှုတစ်ခုဖြစ်သည်။
စနစ်သည်ပင် သူ့ကျင့်ကြံမှုကို တိုးမြှင့်ရန် ကူညီနိုင်သော်လည်း ချိုးဖြတ်ရန် တိုက်ရိုက်ကူညီ၍မရေပ။ ပြင်ပအကူအညီတွေ ယူပြီး ချိုးဖြတ်ဖို့ကလည်း ထင်သလောက် မလွယ်ကူပေ။ အစီအရင်တစ်ခုထားရုံဖြင့် ချိုးဖြတ်ရန် အခွင့်အရေးရမည်ဟု သူဘယ်တုန်းကမှ မထင်ထားခဲ့ချေ။
"စိတ်ဝိညာဉ်စွမ်းအင်ကို အမြုတေလို စုစည်းရမယ်၊ ဒါမှသာ ချိုးဖြတ်ခြင်းက အောင်မြင်မှာ" ဟု ကျန်းယီမင်က ခပ်တိုးတိုး ပြောလိုက်သည်။
ဤသည်မှာ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ကျော်ဖြတ်ရသော လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။ အမြုတေဖွဲ့စည်းခြင်းအဆင့်သည် ကျင့်ကြံရေးလမ်းကြောင်းတွင် ပထမဆုံးသော ကြီးမားသည့် အစပျိုးမှုဖြစ်သည်။ ချီပင်လယ်ထဲတွင် စိတ်ဝိညာဉ်စွမ်းအင်ကို ရွှေရောင် အမြုတေအဖြစ် စုစည်းနိုင်ပါက အောင်မြင်စွာ အဆင့်ချိုးဖြတ်ပြီးသည်ဟု သတ်မှတ်နိုင်သည်။ ဆန့်ကျင်ဘက်အားဖြင့် အမြုတေစုစည်းရန် ကျရှုံးပါက အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိရန် ကံမပါဟု ဆိုလိုသည်။ အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်နှင့် အမြုတေဖွဲ့စည်းခြင်းအဆင့်ကြား ကွာခြားချက်သည် မကျော်ဖြတ်နိုင်သော ချောက်ကမ်းပါးတစ်ခုနှင့် တူသည်။ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ကျော်ဖြတ်ခြင်းသည် ကျင့်ကြံရေးလမ်းကြောင်းကို အမှန်တကယ် စတင်ခြင်းကို ဆိုလိုသည်။
အရည်အချင်းမပြည့်ဝတဲ့ ကျင့်ကြံသူများ အမြုတေဖွဲ့ဖို့ ကျရှုံးတဲ့ အရေအတွက်မှာ ပြောမရလောက်ပင် များပြားလှသည်။ ကျန်းယီမင်ပင် ဂရုမစိုက်ဘဲ အလွယ်တကူ လုပ်ဖို့ မရဲပေ။ သူသည် စိမ်းမြကြာပန်းဖန်တီးခြင်းကျင့်စဉ်ကို အမြန်လှည့်ပတ်စေခဲ့သည်။
"စိတ်ဝိညာဉ်စွမ်းအင် စုစည်းစမ်း" ဟု ကျန်းယီမင်မျက်မှောင်များ ကျုံ့ကာ သူ့အသံမှာလည်း လေးနက်နေသည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်များသည် ရိုက်ခတ် လှည့်ပတ်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် ရုတ်တရက် ဖောက်ထွင်းမြင်ရသကဲ့သို့ ဖြစ်သွားသည်။ စိတ်ဝိညာဉ်စွမ်းအင်စီးကြောင်းများသည် သူ့ခြေလက်အင်္ဂါများရှိ သွေးကြောများနှင့် အရိုးများကို ဖြတ်သန်းစီးဆင်းနေသည်ကို မျက်လုံးဖြင့် အလွယ်တကူမြင်နေနိုင်သည်။
နောက်ဆုံးတွင် စိတ်ဝိညာဉ်စွမ်းအင်အားလုံးသည် သူ၏ချီပင်လယ်ထဲတွင် စုဝေးလာခဲ့သည်။ စိမ်းမြကြာပန်း၏ ပုံရိပ်တစ်ခုသည် သူ့ချီပင်လယ်အပေါ်တွင် ပေါ်လာခဲ့သည်။ စိမ်းမြကြာပန်း၏ပုံရိပ်သည် အကြွင်းမဲ့လည်ပတ်နေပြီး ချီပင်လယ်ထဲသို့ စီးဝင်နေသော စိတ်ဝိညာဉ်စွမ်းအင်အားလုံးကို စုပ်ယူနေသည်။ စိတ်ဝိညာဉ်စွမ်းအင်သည် ဆက်လက်စီးဝင်နေသောကြောင့် စိမ်းမြကြာပန်း၏ပုံရိပ်သည် အပြင်းအထန် တုန်လှုပ်လာခဲ့သည်။
မထင်မရှားဖြစ်နေတဲ့ လုံးဝန်းသော စိတ်ဝိညာဉ် အမြုတေတစ်ခုသည် စိမ်းမြကြာပန်းမှ ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့သည်။ စိတ်ဝိညာဉ် အမြုတေသည် တဖြေးဖြေးကြီးလာပြီး စိတ်ဝိညာဉ်စွမ်းအင်များ စီးဝင်လာသည်နှင့်အမျှ တဖြည်းဖြည်း ထင်ရှားပြီး ခိုင်မာလာခဲ့သည်။ ကျန်းယီမင်၏စွမ်းအားသည်လည်း အကြွင်းမဲ့တိုးပွားနေပြီး ကြောက်မက်ဖွယ် စွမ်းအားများသည် သူ့အားဝန်းရံနေသည်။
ရွှေရောင်အလင်းသည် သူ့ခန္ဓာကိုယ်မှ ထွက်လာပြီး ချက်ချင်းပင် အခန်းတစ်ခုလုံးကို ဖုံးလွှမ်းလိုက်သည်။ ပြင်းထန်သော အငွေ့သက်များသည် ဆက်လက်ထွက်လာပြီး ချက်ချင်းပင် စိတ်ဝိညာဉ်စွမ်းအင်အစုအဝေးကို ဖြစ်ပေါ်စေခဲ့သည်။ ပတ်ဝန်းကျင်ရှိအရာများအားလုံးသည် ဖိုစိတ်ဝိညာဉ်စွမ်းအင် အစုအဝေးကြောင့် ဆွဲငင်ခံနေရပြီး စားပွဲများ ခုံများအားလုံး လှုပ်ယမ်းလာခဲ့သည်။
"သိပ်သည်းစမ်း" ဟု ကျန်းယီမင်က အံ့ကြိတ်ကာ အော်ဟစ်လိုက်သည်။ ရွှေရောင် အမြုတေကို အောင်မြင်စွာ စုစည်းနိုင်တော့မည်ကို သူခံစားနေရသည်။ ဒီအချိန်တွင် ပိုပိုအရေးကြီးလာပြီး အေးအေးဆေးဆေးနဲ့ သတိလက်လွတ်မနေနိုင်ပေ။ မတူညီသောလူများတွင် သူတို့စုစည်းထားသော အမြုတေများသည် မတူညီသောအဆင့်များရှိသည်။
အမြုတေသည် ပိုခိုင်မာလေလေ၊ စိတ်ဝိညာဉ် အမြုတေအတွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်သည် ပိုကြွယ်ဝလေလေဖြစ်သည်။ ထို့ကြောင့် ကျင့်ကြံသူ၏အခြေခံသည် ပိုပိုအားကောင်းလေလေဖြစ်ကာ ကျင့်ကြံသူစွမ်းအားသည် အဆင့်ချိုးဖြတ်ပြီးနောက် ပိုအားကောင်းလေလေဖြစ်သည်။ ကျန်းယီမင်သည် အမြဲတမ်းရေရှည် စီမံကိန်းချမှတ်သူမျိုးဖြစ်သည်။ ထို့ကြောင့် နောက်ပိုင်းကျင်ွကြံရေးတွင် ပိုတိုးတက်ရန် သူသည် သူ့စိတ်ဝိညာဉ်စွမ်းအင်ကို အကြွင်းမဲ့ဖိသိပ်နေသည်။ ကျန်းယီမင်၏ အကြွင်းမဲ့ဖိသိပ်မှုအောက်တွင် သူ့ချီပင်လယ်ထဲရှိ ရွှေရောင်အမြုတေသည် ပိုခိုင်မာလာပြီး ရွှေရောင်အလင်းများ ပေါက်ကွဲထွက်လာခဲ့သည်။
သူ့စွမ်းအားသည်လည်း ဒီအချိန်တွင် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ ကြောက်မက်ဖွယ်သောစွမ်းအားများသည် ချက်ချင်းပင် သူ့ခန္ဓာကိုယ်မှ ပေါက်ထွက်လာခဲ့သည်။ ခွန်အားကြီးမားသော စွမ်းအားများသည် သူ့ကိုဗဟိုပြုကာ ပြန့်နှံ့သွားခဲ့သည်။ ၎င်းအစွမ်းများသည် သစ်သားအိမ်နှင့် တိုက်မိပြီး ချက်ချင်းပင် အိမ်ပြိုလဲသွားမလို ကြုံနေရသကဲ့ တုန်ခါသွားသည်။ ဖုန်မှုန့်များသည် အိမ်ရဲ့ အပေါ်ကနေ ကျလာပြီး တိုင်တစ်လျှောက်မှာလည်း အက်ကွဲရာများ ပြည့်လာသည်။ သစ်သားအိမ်တစ်ခုလုံးသည် ခဏအတွင်း လဲသွားမည့် ပုံစံဖြစ်နေသည်။
...........
အချိန်အနည်းငယ်ကြာပြီးနောက်မှသာ စွမ်းအားသည် လုံးဝပျောက်ကွယ်သွားခဲ့သည်။ ကျန်းယီမင်၏ခန္ဓာကိုယ်ထဲရှိ ရွှေရောင်အလင်းသည်လည်း မှိန်ဖျော့သွားခဲ့သည်။ လုံးဝန်းပြီး ပြီးပြည့်စုံသော စိတ်ဝိညာဉ် အမြုတေတစ်ခုသည် သူ့ချီပင်လယ်အပေါ်တွင် တိတ်တဆိတ် လွှင့်မျောနေသည်။ ထိုအမြုတေတွင် မဆုံးနိုင်သော စိတ်ဝိညာဥ်စွမ်းအားများ ပါနေတာကို ခံစားနေရသည်။ ကျန်းယီမင်၏စွမ်းအားသည် ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ပါးလွှာနေတဲ့ စိတ်ဝိညာဉ်စွမ်းအင်သည် သူ့ခန္ဓာကိုယ်ကို ဝိုင်းရံနေသည်။
ဒီအချိန်တွင် ကျန်းယီမင် အောင်မြင်စွာ အမြုတေကို ဖွဲ့စည်းပြီးဖြစ်သည်။ သို့သော် သူ့အပေါ်ရှိ စွမ်းအင်အစုအဝေးသည် ထိုနေရာတွင်ရပ်တန့်မသွားခဲ့ပေ။ ပို၍ပြင်းထန်သောစွမ်းအားသည် ရုတ်တရက်ပြန့်နှံ့သွားခဲ့သည်။ သူ့ကိုဗဟိုပြုကာ ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအင်သည် အကြွင်းမဲ့စုဝေးလာခဲ့သည်။ ပြင်းထန်သောစိတ်ဝိညာဉ်စွမ်းအင်သည် ရေလျှံသွားသကဲ့သို့ သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်လာခဲ့သည်။ ခဏအတွင်းတွင် ကျန်းယီမင်ကို ရွှေရောင်အလင်းများက ဝါးမြိုသွားသလို ထင်ရသည်။
အခိုးအငွေ့များသည် သူ့ခန္ဓာကိုယ်မှ ဖြည်းဖြည်းချင်း မြင့်တက်လာခဲ့သည်။ မသန့်ရှင်းတဲ့ အညစ်အကြေးများကိုလည်း သူ့ခန္ဓာကိုယ်မှ သန့်စင်ပစ်လိုက်သည်။ ကျန်းယီမင်ခန္ဓာကိုယ်သည် သိသိသာသာ ပြောင်းလဲနေသည်။ ထိုအရာသည် မြင့်မြတ်ကောင်းကင်နတ်ဆိုးကိုယ်ခန္ဓာ၏ ထူးခြားသောလက္ခဏာဖြစ်သည်။
ကျန်းယီမင် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ချိုးဖြတ်သောအခါ သူ့ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်သည် သူ့စိတ်ဝိညာဉ်စွမ်းအင်ကျင့်ကြံမှုနှင့်အတူ အလိုအလျောက်တိုးကာ အဆင့်တူသွားခဲ့သည်။ တစ်နည်းအားဖြင့် ကျန်းယီမင်သည် လက်ရှိအချိန်တွင် ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်စွမ်းအင်နှစ်ခုလုံးကို ကျင့်ကြံသော အမြုတေဖွဲ့စည်းခြင်းအဆင့် နှစ်ဆကျင့်ကြံသူဖြစ်သည်။ လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ် ကျင့်ကြံမှုတိုးတက်မှုသည် စိတ်ဝိညာဉ်စွမ်းအင်တိုးတက်မှုထက် ပို၍ခက်ခဲသည်။ ကျင့်ကြံမှုသည် အခြေတည်စိတ်ဝိညာဥ်အဆင့်သို့ ရောက်ရှိပြီးဖြစ်သော ကျွမ်းကျင်သူများစွာတွင် အမြုတေဖွဲ့စည်းခြင်းအဆင့် ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်များသာရှိသည်။
သို့သော် ကျန်းယီမင်သည် နှစ်ခုလုံးကို အဆင့်တူအောင် ထားနိုင်သည်။ သူသည် သူ့စိတ်ဝိညာဉ်စွမ်းအင်ကို ကျင့်ကြံရန် အားထုတ်ရုံသာလိုအပ်ပြီး သူ့ရုပ်ပိုင်းဆိုင်ရာကျင့်ကြံမှုသည် အလိုအလျောက် တိုးသွားမည်ဖြစ်သည်။ ဤသည်သည် သူ့အား တူညီသော ကျင့်ကြံဆင့်ရှိသူများထက် သာစေတဲ့ အမြဲတမ်းကြီးမားသောအားသာချက် တစ်ခုဖြစ်သည်။
"ဟူး" ဟု ကျန်းယီမင်က သက်ပြင်းချသံတစ်ချက်ကို အရှည်ကြီး မှုတ်ထုတ်လိုက်မသည်။ သူ့မျက်လုံးများသည် မှောင်မိုက်သောညကောင်းကင်ကဲ့သို့ နက်ရှိုင်းနေသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် နှင်းစက်ကဲ့သို့ ကြည်လင်ပြတ်သားနေပြီး ခပ်ဖျော့ဖျော့ စိတ်ဝိညာဥ်စွမ်းအားတစ်ခုကို ထုတ်နေသည်။ သူသည် လက်သီးဆုပ်ကာ သူ့ခန္ဓာကိုယ်အတွင်းရှိ လှိုင်းများလို လှုတ်ခတ်နေတဲ့ စိတ်ဝိညာဥ်စွမ်းအားကို ခံစားလိုက်သည်။
"အမြုတေဖွဲ့စည်းခြင်းအဆင့် နှစ်ဆ"
ထိုသို့သောစွမ်းအားသည် သူ့အား အလွန်ကျေနပ်စေခဲ့သည်။
[ဒင်း]
[အသိပေးချက်- အဓိကတာဝန် "အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ချိုးဖြတ်ခြင်း" ပြီးဆုံးပါပြီ]
သူ့စိတ်ထဲရှိ စနစ်အသိပေးချက်ကို ကြားလျှင် ကျန်းယီမင် အလွန်ဝမ်းမြောက်သွားခဲ့သည်။
[အသိပေးချက်- "အာရုံဦး သူရိန်ထွက်ပေါ်ခြင်း" တာဝန်ပြီးဆုံးပါပြီ၊ ယင်ယန်ကျင့်စဥ်ကို ရရှိပါသည်]
[အသိပေးချက်- ကောင်းကင်ဘုရင်အဆင့် အထူးအခွင့်အရေးကြောင့် ယင်ယန်ကျင့်စဥ်ကို ကောင်းကင်ဖျက်စီးကျင့်စဥ်အဖြစ် အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးပါပြီ]
ကျန်းယီမင်က စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်သည်။ သူအတွက် အရေးအကြီးဆုံးမှာ အဓိကတာဝန်ပြီးဆုံးမှု ဆုဖြစ်သည်။ သူစဉ်းစားနေစဉ် စနစ်သည် ထပ်မံမြည်လာခဲ့သည်။
[ဒင်း - တာဝန်အသစ်ဖြစ်ပေါ်သည်]
[အမျိုးအစား- အဓိကတာဝန်]
[တာဝန်အမည်- ကောင်းကင်ဘုံ နေထိုင်ရာ]
[တာဝန်လိုအပ်ချက်များ- ဂိုဏ်း၏အဓိကခန်းမကို တည်ဆောက်ပြီးဖြစ်သော်လည်း ဂိုဏ်းတွင် နေထိုင်ရာ ဂိုဏ်းအဆောင်များလိုအပ်နေဆဲဖြစ်သည်။ ကစားသမား၊ ကျေးဇူးပြု၍ တပည့်များအား နေထိုင်ရန်နေရာပေးဖို့ ဂိုဏ်းအဆောင်များကို အမြန်ဆုံးတည်ဆောက်ပါ]
[တာဝန်ဆု- ပီတိဖြာဆေးလုံး တစ်ပုလင်း]
စနစ်၏တာဝန်အသစ်ကို ကြားပြီးနောက် ကျန်းယီမင်သည် အရင်လို စိတ်မလှုပ်ရှားသွားခဲ့ပေ။ လင်းယွင်ဂိုဏ်းကို ပြန်လည်ထူထောင်လိုပါက ဂိုဏ်းတပည့်များလိုအပ်သည်။ တပည့်များကို စုဆောင်းလိုပါက ကောင်းမွန်သော ဂိုဏ်းအဆောင်များကို ပေးရမည်။ လင်းယွင်ဂိုဏ်းသည် ပျက်စီးနေသေးပါက မည်သူကလာလိုမည်နည်း။ စနစ်သည် ဤတာဝန်ကို ထုတ်ပြန်ခြင်းမရှိပါကလည်း သူကမဖြစ်မနေ လုပ်ရမည်ဖြစ်သည်။ ယခုအခါတွင် ထိုသို့ပြုလုပ်ခြင်းအတွက် စနစ်တာဝန်ဆုရမည်ဖြစ်သောကြောင့် ငြင်းဆန်ရန် သူ့မှာအကြောင်းပြချက်မရှိပေ။
"ပထမဆုံးတာဝန်ရဲ့ ဆုကို အရင်ဆုံး ကြည့်ကြည့်တာပေါ့" ဟု ကျန်းယီမင်က သူ့သိုလှောင်အိတ်ကိုဖွင့်ကာ ပြောလိုက်သည်။ တွေးလိုက်မိသည်နှင့် ကောင်းကင်ဖျက်စီးကျင့်စဥ်ရဲ့ မိတ်ဆက်ချက်သည် ချက်ချင်း စနစ်မှ ထွက်ပေါ်လာသည်။ ရှည်လျားသော စနစ်မိတ်ဆက်ချက်ကို ကြည့်ရင်း ကျန်းယီမင်ပင် စိတ်မထိန်းနိုင်ဘဲ တုန်လှုပ်သွားခဲ့ရသည်။