သစ်လွင် တောက်ပနေတဲ့ လင်းယွင်ဂိုဏ်း
Vol. 2 Ch. 17
မနက်ခင်း၊ လင်းယွင်ဂိုဏ်း တောင်ကုန်းနောက်ဘက်တွင်။
ထိုနေရာသည် လူသူကင်းမဲ့ပြီး ပေါင်းပင်များဖြင့် ဖုံးလွှမ်းနေသည်။ မည်သည့်နေရာကို ကြည့်ကြည့် အေးစက်သောမြူများနှင့် အရိပ်များသာ တွေ့မြင်ရသည်။ ကျန်းယီမင်သည် ကြီးမားသောကျောက်ဆောင်ပေါ်တွင် ရပ်ကာ ပတ်ဝန်းကျင်ကို ကြည့်နေသည်။
သူသည် အတော်ကြာ ရပ်ကြည့်ပြီးနောက် မတတ်သာဟန်ဖြင့် ပြုံးလိုက်မိသည်။
“ကျစ်၊ ဒီနေရာက ဒီလောက်တောင် ခေါင်ခိုက်နေမယ်လို့ မထင်ထားဘူး”ဟု ကျန်းယီမင်က သက်ပြင်းချကာ ခေါင်းခါလိုက်သည်။
သူ့မှတ်ဉာဏ်များမှတစ်ဆင့် ဒီဂိုဏ်းနောက်ဖက်သည် မူလက တပည့်များရဲ့ နေအိမ်ဖြစ်ကြောင်း သူသိခဲ့ရသည်။ လင်းယွင်ဂိုဏ်း အထွတ်အထိပ်ရောက်ချိန်က ဂိုဏ်းအတွင်း တပည့်ပေါင်း တစ်ထောင်ကျော်ရှိခဲ့သည်။တောင်ကုန်း၏ နောက်ဖက်သည် တပည့်များ ပုံမှန်အနားယူကျင့်ကြံရာနေရာဖြစ်သည်။ ယခင်က ဒီနေရာတွင် အဆင့်ဆင့်သော အဆောက်အအုံများနှင့် ကျယ်ပြန့်သော ကျင့်ကြံရေးကွင်းများ ရှိခဲ့သည်။ တပည့်ငယ်ပေါင်း တစ်ထောင်ကျော်သည် ထိုနေရာတွင် ချွေးကျမတတ် အားထုတ်ကျင့်ကြံခဲ့ကြသည်။ သို့သော် ယခုအခါ အေးစက်သောမြူများသာ ကျန်ရစ်ခဲ့သည်။
ထိုအချိန်က မျှော်လင့်မထားသော ရုတ်တရက်ဖြစ်ရပ်သည် ညတစ်ညအတွင်း အရာများစွာကို ပြောင်းလဲစေခဲ့သည်။ တစ်ခါက စွမ်းအားကြီးပြီး အားကောင်းခဲ့သော စတုတ္ထမဆင့် လင်းယွင်ဂိုဏ်းသည် ယခုအခါ ပဥ္စအဆင့်တောင် မဝင်နိုင်တဲ့ ဂိုဏ်းဖြစ်သွားခဲ့ရသည်။
လင်းယွင်ဂိုဏ်းတစ်ခုလုံးတွင် တပည့်သုံးဦးသာ ကျန်ရှိတော့သည်။ ကျန်းယီမင်သည် အနာဂါတ်အကြောင်းတွေးမိကာ သက်ပြင်းချနေခြင်းသာဖြစ်ပြီး အတိတ်ကို အလွန်ဝမ်းနည်းနေခြင်းမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ယခုမှစ၍ လင်းယွင်ဂိုဏ်းသည် ယခင်ကထက် အဆပေါင်းတစ်ရာ ပိုမိုအားကောင်းလာမည်ကို သူသိရှိသောကြောင့်ဖြစ်သည်။
“ဒီနေရာပဲ” ဟု ကျန်းယီမင်က မြေပေါ်တွင် ရပ်တည်ကာ ခပ်တိုးတိုး ပြောလိုက်သည်။ ထို့နောက် သူသည် စနစ်ကိုဖွင့်လိုက်သည်။
[အသိပေးချက်- တည်ဆောက်နိုင်သော နေအိမ်သုံးမျိုးရှိသည်]
[ရွေးချယ်မှုတစ်- အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးများသုံးစွဲကာ ကျင့်ကြံရေးနေအိမ်ရှစ်လုံး တည်ဆောက်ပါ]
[ရွေးချယ်မှုနှစ်- အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးများသုံးစွဲကာ ကျင့်ကြံရေးနေအိမ် နှစ်ဆယ့်လေးလုံး တည်ဆောက်ပါ]
[ရွေးချယ်မှုသုံး- ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံးများသုံးစွဲကာ ကျင့်ကြံရေးနေအိမ် သုံးဆယ့်ခြောက်လုံး တည်ဆောက်ပါ]
“ငါ ရွေးချယ်မှုသုံးကို ရွေးတယ်” ဟု ပြောလိုက်သည်။ ကျန်းယီမင်သည် တတိယရွေးချယ်မှုကို ရွေးရန် နည်းနည်းတောင် မတွန့်ဆုတ်ခဲ့ပေ။ ဂိုဏ်းနေအိမ်များကို တည်ဆောက်ရန် သူအကောင်းတကာအကောင်းဆုံးထဲက အဆောက်အဦးများသာ သူဆောက်ချင်သည်။ မည်သို့ပင်ဖြစ်စေ သူသည် လက်ရှိအချိန်တွင် ချမ်းသာပြီး မဆုံးနိုင်သော စိတ်ဝိညာဉ်ကျောက်တုံးများ ရှိနေသည်။
[အသိပေးချက်- ကျင့်ကြံရေးနေအိမ် သုံးဆယ့်ခြောက်လုံး တည်ဆောက်ရန် ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၁၂,၀၀၀ သုံးစွဲရမည်]
[အသိပေးချက်- တည်ဆောက်မည့် ကျင့်ကြံရေးနေအိမ် သုံးဆယ့်ခြောက်လုံးတွင် ကောင်းကင်စိတ်ဝိညာဉ်စုဆောင်းခြင်း အစီအရင်ကို ဖွဲ့စည်းမည်။ ဤအစီအရင်သည် ကောင်းကင်နှင့်ကမ္ဘာမြေ စိတ်ဝိညာဉ်စွမ်းအင်ကို စုပ်ယူနိုင်သည်။ အစီအရင်အတွင်းရှိနေရင်ပင် အသက်ရှူတိုင်း ကျင့်ကြံမှုများတိုးတက်လာမည်]
[အသိပေးချက်- ကျင့်ကြံရေးနေအိမ် သုံးဆယ့်ခြောက်လုံး တည်ဆောက်ရန် ရက်ပေါင်း၄၅ရက် ကြာမည်]
စနစ်၏အသိပေးချက်များသည် သူ့စိတ်ထဲတွင် မြည်လာခဲ့သည်။ ထိုအသိပေးချက်များကို ကြားကြားချင်း ကျန်းယီမင် မတတ်သာဘဲ တုန်လှုပ်သွားခဲ့ရသည်။ သူသည် ကောင်းကင်စိတ်ဝိညာဉ်စုဆောင်းခြင်း အစီအရင်ကို သူ့ယခင်ဘဝ ဂိမ်းထဲတွင် ကြားဖူးခဲ့သည်။ စနစ်အသိပေးချက်ကပြောသကဲ့သို့ ဤသည်မှာ အလွန်စွမ်းအားကြီးမားသော စိတ်ဝိညာဉ်စုဆောင်းခြင်း အစီအရင်ဖြစ်သည်။ အစီအရင်ကို စတင်လိုက်သည်နှင့် မိုင်တစ်ထောင်ပတ်လည်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်အားလုံးသည် အစီအရင်အတွင်း၌ စုဝေးလာမည်ဖြစ်သည်။
အစီအရင်အတွင်းတွင် တရားထိုင် ကျင့်ကြံရန်ပင် မလိုအပ်ပေ။ အသက်ရှူယုံဖြင့်ပင် စိတ်ဝိညာဉ်စွမ်းအင်ကို စုပ်ယူနိုင်သည်။ ညအချိန် အိပ်ပျော်နေစဉ်တွင်ပင် ကျင့်ကြံမှုသည် ဆက်လက်တိုးတက်နေမည်ဖြစ်သည်။
“ဒီအစီအရင်သည် ကောင်းပေမယ့် ဆောက်တဲ့အချိန်က ကြာလွန်းတယ်”
ကျန်းယီမင်သည် ရွေးချယ်စရာမရှိသလို ခံစားလိုက်ရပြီး စနစ်မျက်နှာပြင်ကို ဖွင့်လိုက်သည်။
[အသိပေးချက်- နေအိမ်များ တည်ဆောက်မှုကို ချက်ချင်းပြီးစီးရန် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ၅,၀၀၀ သုံးစွဲလိုပါသလား]
“သုံးလိုက်”
တစ်ခနအတွင်းတွင် မမြင်နိုက်ရတဲ့ အလင်းတန်းများက မြေကြီးထဲမှ ရုတ်တရက်ပေါက်ကွဲထွက်လာခဲ့သည်။ လေပြင်းများ တဟုန်ဟုန်တိုက်ခတ်လာပြီး ပတ်ဝန်းကျင်ရှိ ပေါင်းပင်များသည် ချက်ချင်းရှင်းလင်းသွားခဲ့သည်။ မြေပေါ်တွင် မဆုံးနိုင်သော အက်ကြောင်းများ ရုတ်တရက်ပေါ်လာပြီး တောင်ကုန်းနောက်ဘက် တစ်ခြမ်းလုံး အပြင်းအထန် တုန်ခါသွားခဲ့သည်။
ကျန်းယီမင်ရဲ့ အကြည့်အောက်မှာပဲ နေအိမ်သုံးဆယ့်ခြောက်လုံးသည် မြေကြီးထဲမှ ထ့က်ေပာ်လာခဲ့သည်။ မျက်စိစူးစေသော အလင်းရောင်များသည် ပတ်ဝန်းကျင်တစ်ခုလုံးမှာ မျက်စိကြိမ်းကာ ကန်းသွားမတတ် ထွက်ပေါ်နေသည်။
နေအိမ်သုံးဆယ့်ခြောက်လုံးကို အစီအစဉ်ဖြင့် ခင်းကျင်းထားသည်။ နေအိမ်များပတ်ဝန်းကျင်တွင် ထူထပ်သောမိုးတိမ်များ မြင့်တက်လာပြီး ဝန်းရံနေသည်။ တောင်ကုန်းနောက်ဘက်တစ်ခြမ်းလုံးသည် ခဏအတွင်း ကမ္ဘာမြေပေါ်ရှိ နတ်ဘုံနတ်နန်း ဖြစ်လာသည်ဟု ထင်ရသည်။
ကျန်းယီမင်သည် ဒီနေရာရှိ ကောင်းကင်နှင့်ကမ္ဘာမြေမှ စိတ်ဝိညာဉ်စွမ်းအင်သည် ချက်ချင်းပင် အဆပေါင်းများစွာ သိပ်သည်းလာသည်ကို ခံစားလိုက်ရသည်။ အလွယ်တကူရှူရှိုက်လိုက်ရုံဖြင့် မဆုံးနိုင်သော စိတ်ဝိညာဉ်စွမ်းအင်သည် အကြွင်းမဲ့ သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်လာခဲ့သည်။ ထိုအရာက သူရဲ့ မူလက ကျယ်ပြန့်သော စိတ်ဝိညာဉ်စွမ်းအင်ကို ရုတ်တရက် မြင့်တက်လာသည့် လက္ခဏာများကို ပြသစေခဲ့သည်။
“ကောင်းကင်စိတ်ဝိညာဉ်စုဆောင်းခြင်း အစီအရင်ဟု မျှော်လင့်ထားသလိုပဲ၊ ဒီနေရာမှာ ရိုးရိုးလေး နေယုံနဲ့ ချောင်ယုနှင့် တခြားသူတွေရဲ့ ကျင့်ကြံမှုအရှိန်သည် ပိုမြန်ဆန်လာမယ်လို့ ငါယုံတယ်”
ကျန်းယီမင်သည် သူ့ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်ပြောင်းလဲမှုများကို ခံစားရင်း အံ့အားသင့်သံဖြင့် သက်ပြင်းချလိုက်သည်။ ဂိုဏ်းတစ်ခု ကြီးထွားလိုပါက အရင်းအမြစ်များနှင့် ပါရမီရှင်များ မရှိမဖြစ်လိုအပ်သည်။ ယခုအခါ သူ့တွင် စနစ်ရှိနေသောကြောင့် အရင်းအမြစ်များအတွက် စိုးရိမ်စရာမလိုတော့ပေ။
နေ့စဉ်ဝင်ရောက်ခြင်းနှင့် စနစ်မှထုတ်ပြန်သော တာဝန်များကို ပြီးအောင်လုပ်ခြင်းဖြင့် ရှားပါးသော အရင်းအမြစ်အမျိုးမျိုးကို သူအလွယ်တကူ ရရှိနိုင်မည်ဖြစ်သည်။ သို့သော် စနစ်သည် လင်းယွင်ဂိုဏ်းသို့ တပည့်များကို မပို့ပေးနိုင်ပေ။ သူကိုယ်တိုင် တပည့်ရဖို့ ကြိုစားရမည်။
ယခုအခါ နေအိမ်များကို တည်ဆောက်ပြီးဖြစ်သောကြောင့် လက်ရှိအရေးအကြီးဆုံးမှာ သူ့တပည့်သုံးဦးအား ပြောင်းရွှေ့နေထိုင်စေရန်ဖြစ်သည်။ နောက်တစ်ဆင့်မှာ လင်းယွင်ဂိုဏ်းအတွက် တပည့်သစ်များ ရှာဖွေရန်ဖြစ်သည်။ သို့သော် တပည့်များကို စုဆောင်းဖို့အတွက် လုပ်ရမယ့်ဟာတွေကို စဉ်းစားမိသောအခါ ကျန်းယီမင်သည် နောက်ထပ်ခေါင်းကိုက်လာသလို ခံစားလိုပ်ရသည်။
“ကောင်းပြီ၊ အရင်ဆုံး ပထမဆုံး တာဝန်ဆုလက်ဆောင်ကို လက်ခံတာပေါ့”
[ဒင်း]
[အသိပေးချက်- အဓိကတာဝန် “ကောင်းကင်ဘုံ နေထိုင်ရာ” ပြီးဆုံးပါပြီ]
[အသိပေးချက်- တာဝန်ပြီးဆုံးမှုဆုလက်ဆောင်မှာ ပီတဖြာ ဆေးတစ်ပုလင်း ဖြစ်သည်]
[အသိပေးချက်- ကောင်းကင်ဘုရင်အဆင့် အခွင့်ထူးကောင်းချီးကြောင့် ပီတိဖြာ ဆေးလုံးများကို ပီတိဖြာပြန်လည်ထူထောင်ရေးဆေးများအဖြစ် အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးပါပြီ]
[အသိပေးချက်- တာဝန်ဆုလက်ဆောင်ကို ကစားသမားသိုလှောင်အိတ်ထဲသို့ ထည့်သွင်းပြီးပါပြီ။ ကျေးဇူးပြု၍ လက်ခံရရှိကြောင်း စစ်ဆေးကြည့်ပါ]
စနစ်အသိပေးချက်များ ဆက်တိုက်မြည်လာခဲ့သည်။ ကျန်းယီမင်သည် သူ့သိုလှောင်အိတ်ကိုဖွင့်ကာ ဆေးပုလင်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ထိုအမည်ကိုကြားရုံမျှဖြင့် ပီတိဖြာပြန်လည်ထူထောင်ရေးဆေး၏ သက်ရောက်မှုများကို အကြမ်းဖျင်းခန့်မှန်းနိုင်သည်။ ယခင်ဘဝဂိမ်းထဲက ကောင်းကင်ဘုရင်အဖြစ် ကျန်းယီမင်သည် ဒီဆေးတစ်ပုလင်း၏ အဓိပ္ပာယ်ကို ပိုနားလည်ခဲ့သည်။ဒီဆေးသည် သေသူကိုပင် အသက်ပြန်သွင်းပေးနိုင်ပြီး ဒဏ်ရာအားလုံးကို ပျောက်ကင်းစေနိုင်သည်။ နှစ်နာရီအတွင်းသာ သေဆုံးသူဖြစ်ပါက ဒီဆေးကိုသောက်သုံးယုံဖြင့် ငရဲတံခါးမှ ပြန်ရောက်ရှိနိုင်သည်။
ဤသည်မှာ သေသူကို အမှန်တကယ်အသက်ပြန်သွင်းနိုင်သော ဆေးတစ်မျိုးပင်ဖြစ်သည်။ ကျန်းယီမင်သည် ဆေးများကို စစ်ဆေးကြည့်မည်ဟု လုပ်လိုက်သောအခါ စနစ်၏ အေးစက်သော အသံသည် ထပ်မံမြည်လာခဲ့သည်။
[ဒင်း - တာဝန်အသစ်ဖြစ်ပေါ်သည်]
[အမျိုးအစား- အဓိကတာဝန်]
[တာဝန်အမည်- အမည်ဂုဏ်သည် ကောင်းကင် မြေကြီးတစ်ခွင်]
[တာဝန်လိုအပ်ချက်များ- ဂိုဏ်းကို ပြန်လည်တည်ဆောက်ပြီးဖြစ်သော်လည်း ကျင့်ကြံရေးကမ္ဘာမှသူများသည် ဂိုဏ်းဂုဏ်သတင်းကို မသိကြသေးပါ။ ကျေးဇူးပြု၍ ဂိုဏ်းသတင်းကို အမြန်ဆုံးမြှင့်တင်ပါ]
[တာဝန်ဆုလက်ဆောင်- ဂိုဏ်းကာကွယ်ရေးအစီအရင်၊ လေးမျိုးသင်္ကေတအစီအရင်]
[တာဝန်အချိန်ကာလ- ၁၅ ရက်]
စနစ်မှထုတ်ပြန်သော တာဝန်အသစ်ကို ကြားလျှင် ကျန်းယီမင် မတတ်သာဘဲ စိတ်လှုပ်ရှားသွားသည်။
“ဂိုဏ်းသတင်းအတွက် စံသတ်မှတ်ချက်မရှိပါဘူး။ ဂိုဏ်းသတင်းကို မြှင့်တင်ဖို့ ဆိုတာ ဘာကိုပြောချင်တာလဲဟ၊ မြို့ထဲသို့သွားပြီး အော်ဟစ်ပြီး ဂိုဏ်းအကြောင်းကို လိုက်ပြောလို့လည်းမရ” ဟု ကျန်းယီမင်က စိတ်ညစ်ကာ ခေါင်းကုတ်လိုက်သည်။
ဂိုဏ်းသတင်းကို မြှင့်တင်ခြင်းသည် အမှန်တကယ်ပင် ကျန်းယီမင် လုပ်ကိုလုပ်ရမည့် အရာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တပည့်များကို စုဆောင်းလိုပါက လင်းယွင်ဂိုဏ်းအမည်ကို အရင်ကျော်ကြားအောင်ပြုလုပ်ရမည်ဖြစ်သည်။ သို့သော် စနစ်သည် မည်သည့်စံသတ်မှတ်ချက်မျ မပေးထားပေ။ တာဝန်ပြီးမြောက်တာကို ဘယ်သို့သတ်မှတ်မလဲ ပြောရန်ခက်ခဲသည်။ ကျန်းယီမင် စဉ်းစားနေစဉ် ဟွမ်းချောင်ယုသည် အမြန်ပြေးလာပြီး ထပ်မံရောက်လာခဲ့သည်။
“ဆရာ၊ မကောင်းတော့ဘူး”
ဟွမ်းချောင်ယုမျက်နှာသည် စိုးရိမ်မှုဖြင့် ပြည့်နှက်နေသော်လည်း သူမခေါင်းမော့လိုက်သောအခါ သူမမျက်နှာပေါ်ရှိ စိုးရိမ်မှုသည် အံ့အားသင့်မှုဖြင့် အစားထိုးခံလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် သိပ်သည်းသောစိတ်ဝိညာဉ်စွမ်းအင်ဖြင့် ပြည့်နှက်နေသော နေအိမ်သုံးဆယ့်ခြောက်လုံးရဲ့ မြင်ကွင်းကို မြင်လိုက်ရသောကြောင့်ဖြစ်သည်။ သူမသည် တောင်ကုန်းနောက်ဘက်သို့ အကြိမ်ပေါင်းမ ရေနိုင်အောင်ပင် လာခဲ့ဖူးသည်။ ဘာလို့ အခုမှ ရုတ်တရက် ဒီလောက်နေအိမ်များ ရှိလာရသနည်း။ ပို၍အံ့အားသင့်စရာမှာ ထိုနေအိမ်များသည် အတန်ငယ်ဆန်းကြယ်နေပြီး ရိုးရှင်းနေတဲ့ ပုံများမပေါ်နေပေ။
“ဆရာ၊ ဒါတွေက...” ဟွမ်းချောင်ယုသည် အံ့အားသင့်မှုကြောင့် ပါးစပ်မှ မှေးရိုးများ ပြုတ်ကျမတတ်ကြုံနေရသည်။
ကျန်းယီမင်က “ဘာမှမဟုတ်ပါဘူး၊ ဒါတွေက မင်းတို့ရဲ့နေအိမ်ဖြစ်လိမ့်မယ်။ မင်းကြည့်ရတာ ရေးကြီးသုတ်ပြာနဲ့၊ မင်းပြောချင်တဲ့ အကြောင်းကဘာလဲ” ဟု သာမန်အမူအရာဖြင့် ပြောလိုက်သည်။
“အရေးကြီးအကြောင်း”ဟု သူမဆရာမှ ပြန်ပြောသောအခါ ဟွမ်းချောင်ယုသည် သူမဆရာထံသို့ လာရတဲ့ကိစ္စကို သတိရလိုက်သည်။ သူမမျက်နှာတစ်ခုလုံး ချက်ချင်းပင် စိုးရိမ်နေတဲ့ အမူအရာများဖြင့် ပြည့်နှက်သွားသည်။
“ဆရာ၊ ဒုတိယစီနီယာအကို ဒုက္ခရောက်နေပြီ”