အံ့သြလွန်းပြီး ဘာပြောရမှန်းမသိတဲ့ တပည့်ကျော်
Vol. 2 Ch. 19
သူ့ဒုတိယတပည့်ရဲ့ အံ့အားသင့်နေတဲ့ မျက်နှာအမူအရာကို ကြည့်ရင်း ကျန်းယီမင်က "ကောင်းပြီ၊ အခုထဲက အဲ့လောက်လည်း လန့်ဖျန့်မနေပါနဲ့၊ ဒီအိမ်က မင်းထင်သလို မရိုးရှင်းဘူး" ဟု ပြောကာ ရယ်မောလိုက်သည်။
ကျန်းယီမင်၏ လျှို့ဝှက်ဆန်းကြယ်သော စကားလုံးများသည် ယဲ့ယွမ်ဖန်ရဲ့ စူးစမ်းလိုစိတ်ကို ချက်ချင်း ဖြစ်လာစေခဲ့သည်။ ထို့ကြောင့် သူက "ဆရာ၊ ဒီအိမ်က တခြားထူးဆန်ယတဲ့ အရာတွေ ရှိနေသေးတာလား" ဟု မေးလိုက်သည်။
"ငါ့မေးမနေနဲ့တော့၊ တရားထိုင်ပြီး ဒီနေရာက စိတ်ဝိညာဉ်စွမ်းအင်ကို ခံစားကြည့်လိုက်" ဟု ကျန်းယီမင်က မှုန်ဝါးဝါးအပြုံးဖြင့် ပြောဆိုလိုက်သည်။
ယဲ့ယွမ်ဖန်သည် ချက်ချင်းပင် ပြောသလိုလုပ်လိုက်သည်။ သူက ခြေချင်းချိတ်ထိုင်ပြီး သူရဲ့ကျင့်ကြံမှုကို လှည့်ပတ်စေခဲ့သည်။ ခဏအတွင်းတွင် သူ့ကိုဗဟိုပြုကာ ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအင်သည် အကြွင်းမဲ့ လှုပ်ခတ်လာခဲ့သည်။ စိတ်ဝိညာဉ်စွမ်းအင်သည် ဒီရေလှိုင်းကဲ့သို့ ဖြစ်နေပြီး သူ့ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ်စီးဝင်နေသည်။ ကျယ်ပြန့်သော စိတ်ဝိညာဉ်စွမ်းအင်သည် သူ့ခန္ဓာကိုယ်အတွင်းရှိ သွေးကြောအားလုံးကို ဖြတ်သန်းစီးဆင်းကာ အချက်အချာနေရာ အားလုံးကို ဖြည့်တင်းပေးနေသည်။ ခဏအတွင်းတွင် ယဲ့ယွမ်ဖန် သူ့ကျင့်ကြံရေး ပိုကောင်းလာတာကို ခံစားလိုက်ရသည်။
"ဆရာ၊ ဘာတွေဖြစ်နေတာလဲ" ဟု ယဲ့ယွမ်ဖန်က မျက်လုံးဖွင့်ကာ အထိတ်တလန့် ပြောလိုက်သည်။ သူ့ရဲ့အံ့အားသင့်မှုများကို စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်ပေ။ လင်းယွင်ဂိုဏ်းသည် ရက်အနည်းငယ်အတွင်း ခန်းမတစ်ခုတည်ဆောက်ခဲ့သည်ကို သူမယုံနိုင်ဖြစ်နေတယ်လို့ ပြောပါက ဒီသိပ်သည်းလွန်းသော စိတ်ဝိညာဉ်စွမ်းအင်သည် သူ့နားလည်နိုင်စွမ်း အားလုံးကို ကျော်လွန်နေသည်။
"ဒုတိယအကို၊ ဘာလို့ အမြဲတမ်းရေးကြီးခွင်ကျယ်သလို လုပ်နေရတာလဲ" ဟု ဟွမ်းချောင်ယုက ပါးစပ်ကိုအုပ်ကာ ရယ်မောလိုက်သည်။ "ညီမရဲ့ လက်ရှိအဆင့်ကို အကိုသိရင် ပိုပြီးအံ့အားသင့်သွားမှာပဲ"
"မင်းရဲ့ အဆင့်" ယဲ့ယွမ်ဖန်သည် ရုတ်တရက် မကောင်းတဲ့ ခံစားချက်တစ်ခု ရရှိခဲ့သည်။
နောက်တစ်ခနအတွင်းတွင် ရယ်ရွှင်နေသော ဟွမ်းချောင်ယုသည် ရုတ်တရက် သူမစိတ်ဝိညာဥ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့် အစောပိုင်းရှိ သူမကျင့်ကြံမှုကို ထုတ်ရာတွင် ဘာတစ်ခုမှ မသိုဝှက်ဘဲ အစွမ်းကုန်ထုတ်သုံးလိုက်သည်။
ယဲ့ယွမ်ဖန်သည် ချီစုဆောင်းခြင်းနောက်ဆုံးအဆင့်တွင် ရှိနေပြီး သူက အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့် စွမ်းအားကို သူခံစားလိုက်ရသည်။ ဟွမ်းချောင်ယု စွမ်းအားထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့ခန္ဓာကိုယ်တစ်ခုလုံး လုံးဝထုံကျင်သွားခဲ့သည်။
သူက "အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ဟု အော်ဟစ်လိုက်သည်။
"ဘယ်လိုမဖြစ်နိုင်ရမှာလဲ" ဟု ဟွမ်းချောင်ယုသည် သူမအကိုရဲ့ အံ့အားသင့်နေတဲ့ အမူအရာကိုမြင်ပြီး သူမက ကိုယ့်ကိုယ်ကို အထင်ကြီးသွားပေမယ့် "ညီမလေးက အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်ကို ရောက်ခွင့်မရှိဘူးလား" ဟု စိတ်တိုသွားသလို ဟန်ဆောင်ကာ ပြောလိုက်သည်။
ထိုအချိန်မှသာ ယဲ့ယွမ်ဖန်က သူ့စကားမှားသွားတာကို သဘောပေါက်လိုက်ပြီး "မဟုတ်ဘူး၊ မဟုတ်ဘူး၊ အကိုက အဲ့လို ပြောတာမဟုတ်ဘူး။ ငါ ဂိုဏ်းကထွက်ခွာမသွားခင်က မင်းက ချီစုဆောင်းခြင်းအဆင့် အလယ်အလတ်မှာပဲရှိနေသေးတာလေ၊ မင်းက ဘယ်လိုလုပ်ပြီး အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်ကို ကျော်ဖြတ်နိုင်တာလဲ" ဟု အမြန်ရှင်းပြလိုက်သည်။
ယဲ့ယွမ်ဖန်သည် အဆုံးတွင် သူကစီနီယာပိုကျဖြစ်သည်။ မူလက ချီစု ယဆောင်းခြင်းအဆင့် နောက်ဆုံးအဆင့်တွင် ရှိပြီး ဟွမ်းချောင်ယုထက် တစ်ဆင့်ပိုသာခဲ့သည်။ သို့သော် ဒီတစ်ကြိမ်တွင် ခရီးမှ ပြန်လာပြီးနောက် သူ့ညီမက တစ်ဆက်တည်း နယ်ပယ်သုံးခုခုန်ကျော်ကာ သူ့ထက်သာလွန်သွားခဲ့သည်။ သူက ရှက်သလိုဖြစ်သွားခဲ့သည်။
"ဒါပေါ့ ဒါပေါ့၊ ပြောရရင် အကို့ညီမရဲ့ ပါရမီက သူများတွေထက် သာတယ်လေ" ဟု ဟွမ်းချောင်ယုက ကိုယ့်ကိုယ်ကို ဂုဏ်ယူမြှောင့်ပင့် ပြောလိုက်သည်။
ယဲ့ယွမ်ဖန်သည် ထိုအချိန်တွင် စိတ်ရှုပ်ထွေးသွားခဲ့သည်။ ဟွမ်းချောင်ယုသည် အမှန်တကယ်ပင် အလွန်ထူးချွန်သော ပါရမီရှင်ဖြစ်သည်ကို သူသိသော်လည်း လူတစ်ယောက်က ဘယ်လောက်ပင်ထူးခြားစေကာမူ ရက်အနည်းငယ်အတွင်း နယ်ပယ်သုံးခုခုန်ကျော်ရန် ရိုးရိုးရှင်းရှင်းမဖြစ်နိုင်ပေ။
အဲ့တာကြောင့် ခနလောက် ယဲ့ယွမ်ဖန်က စိတ်တွေ ရှုပ်ပြီး သူ့ညီမကို ဘာပြောရမှန်း မသိဖြစ်နေသည်။ သူက တစ်ခုခု ပြောလိုသော်လည်း မပြောနိုင်ဘဲ စကားများပျောက်ဆုံးနေခဲ့သည်။ ဟွမ်းချောင်ယုသည် သူမအကိုရဲ့ တုံ့ပြန်မှုကို အလွန်ကျေနပ်နေသည်။
ထို့ကြောင့် သူမက သူမအကိုကို ထပ်စမနေတော့ဘဲ လည်ချောင်းရှင်းကာ "ညီမရဲ့ပါရမီက ထူးချွန်တယ်ဆိုပေမယ့် အရေးအကြီးဆုံးကတော့ ဆရာရဲ့ကူညီမှုပါပဲ။ တကယ်တော့ အခုလိုရက်အနည်းငယ်အတွင်း အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်ကို ချိုးဖြတ်နိုင်ခဲ့တာက ဆရာ့ကျေးဇူးကြောင့်ပါ" ဟု ပြောလိုက်သည်။
ထို့နောက် ဟွမ်းချောင်ယုက သူ့စကားကို ရပ်ကာ ကျန်းယီမင်အား ပျော်ရွှင်နေတဲ့ မျက်လုံးများဖြင့် ကြည့်ကာ "စကားမစပ် အကို၊ ဆရာက အခု အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖြတ်ပြီးပြီဆိုတာ အကိုမသိသေးဘူးမလား" ဟု ဆက်လက်ပြောလိုက်သည်။
"ဘာ......" ဟု ထိုစကားကိုကြားကြားချင်း ယဲ့ယွမ်ဖန်က သူ့တည်ငြိမ်မှုတွေ အားလုံးပျောက်ဆုံးသွားခဲ့ရသည်။ သူက ချက်ချင်းထရပ်လိုက်ပြီး သူ့ခန္ဓာကိုယ်က နာနေတာတွေကို လျစ်လျူရှုလိုက်သည်။
"ဆရာ၊ ညီမလေးပြောတာ ဟုတ်လား"
ကျန်းယီမင်က ဘာမှမပြောဘဲ အေးဆေးတည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။ သို့သော် ယဲ့ယွမ်ဖန်သည် မည်သို့အေးဆေးတည်ငြိမ်နိုင်မည်နည်း။
သူ့မျက်လုံးများက တောက်ပနေပြီး "မိုက်လိုက်တာ၊တကယ်ကို မိုက်တယ်! ဆရာ၊ အခုဆရာက အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ကျော်ဖြတ်ပြီးပြီဆိုတော့ လင်းယွင်ဂိုဏ်းက စတုတ္ထအဆင့်အင်အားစုဖြစ်လာဖို့ အခွင့်အရေးရှိပြီ။ အငယ်တန်းညီမလေးကလည်း အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်ကို ကျော်ဖြတ်ပြီးတဲ့အပြင် ဂိုဏ်းကလည်း အဆောက်အဦးအသစ်တွေနဲ့ ပြောင်းလဲသွားပြီ... ဆရာ့ရဲ့ ဦးဆောင်မှုအောက်မှာ လင်းယွင်ဂိုဏ်းက ခပ်မြန်မြန် ပြန်လည် တောက်ပလာနိုင်မယ်လို့ ကျွန်တော်ယုံကြည်တယ်" ဟု စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ယဲ့ယွမ်ဖန်က ပြေမရအောင် စိတ်လှုပ်ရှားနေပြီး သူ့ပါးစပ်မှ တံတွေးများကတောင် ကျန်းယီမင်မျက်နှာပေါ်သို့ ကျလာမယ့်အသွင် ဖြစ်နေသည်။ ကျန်းယီမင်က မြန်မြန်ဆန်ဆန် ခြေလှမ်းအနည်းငယ်ခွာကာ သူ့စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ ယဲ့ယွမ်ဖန်ရဲ့ အခုစိတ်လှုပ်ရှားမှု အပြည့်နဲ့ အော်ဟစ်သံများက မသိရင် ယဲ့ယွမ်ဖန်ကပဲ လင်းယွင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်ပြီး ယီမင်က သူကပဲ ဂိုဏ်းသားဖြစ်သွားသလို ခံစားလိုက်ရသည်။ တကယ်တမ်းတော့ ဂိုဏ်းချုပ် အစစ်က ယီမင်ကိုယ်တိုင်မဟုတ်ပါလား။
"ကောင်းပြီ ယွမ်ဖန်၊ အဲ့လောက်ကြီး ပျော်ပြီး စိန်လှုပ်ရှားမနေနဲ့" ဟု ကျန်းယီမင်က သူ့လက်ဖြင့်တားလိုက်ကာ "မင်းမှာ ဒဏ်ရာတွေရှိနေသေးတယ်။ မင်းပိုပြီးအနားယူသင့်တယ်။ မင်းပြန်ပြီး သက်သာသွားရင် မင်းကို ကျင့်စဥ်အသစ်တစ်ခု သင်ပေးမယ်။ အဲ့အချိန်ကျရင် မင်းရဲ့ကျင့်ကြံမှုကလည်း မင်းညီမအောက် ရောက်နေမှာမဟုတ်တော့ဘူး" ဟု ပြောလိုက်သည်။
"ဆရာပြောတာ တကယ်လား" ဟု ယဲ့ယွမ်ဖန်က ထိုစကားကိုကြားပြီး ချက်ချင်း ငြိမ်ကျသွားခဲ့သည်။
သူက သူ့ညီမငယ်ထက် မဖြစ်မနေ သာရမယ်လို့ သူမခံစားရပေ၊ သူသာ အားကောင်းလာပါက ဂိုဏ်းကို ကာကွယ်ရမယ့် ဖိအားများက သူ့ဆရာတစ်ဦးတည်းအပေါ်သို့ ကျရောက်မယ်မဟုတ်တာကို သူသိနေသည်။
"သေချာပေါက် ဟုတ်တာပေါ့၊ မင်းကို ဘာလို့ ငါကလှည့်စားရမှာလဲ"
ကျန်းယီမင်က သူ့တပည့်ကို စကားပြောပြီးတာနဲ့ ရုတ်တရက် ခံစားချက်တစ်ခုရလိုက်သည်။ အဆုံးစွန်သောစိတ်ဝိညာဉ်စုဆောင်းခြင်း အစီအရင်ကို ထားပြီးနောက် လင်းယွင်ဂိုဏ်းသို့ ချဉ်းကပ်လာသည့်အရာမှန်တမျှ သူ့အာရုံခံစားမှုမှ မလွတ်မြောက်နိုင်တော့ပေ။ ထိုအချိန်တွင် လင်းယွင်ဂိုဏ်းအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော အားကောင်းသည့် စွမ်းအားများရှိနေသည်ကို သူခံစားမိပြီးဖြစ်သည်။
"ချောင်ယု၊ ဒီမှာနေပြီး မင်းအကိုကို ဂရုစိုက်ပေးလိုက်ပါ။ ငါ ချက်ချင်းပြန်လာမယ်" ဟု ကျန်းယီမင်က အမိန့်ပေးလိုက်သည်။ သူတို့နှစ်ဦးမှ ဘာမှ ပြန်မပြောမီ အခန်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။
"ဆရာ" ယဲ့ယွမ်ဖန်သည် ကျန်းယီမင်ကို တားလိုသော်လည်း နောက်ကျသွားခဲ့သည်။
"ညီမလေး၊ ဆရာက ဘာဖြစ်သွားတာလဲ"
"မသိဘူး။ တစ်ယောက်ယောက်က လင်းယွင်ဂိုဏ်းထဲကို ချိုးဖျက် ဝင်ရောက်လာတာများလား" ဟု ဟွမ်းချောင်ယုလည်း စပ်စုလိုစိတ်ဖြင့် ပြောလိုက်သည်။
သူမစကားကိုကြားခြင်း ယဲ့ယွမ်ဖန်က ချက်ချင်းပင် ထိတ်လန့်သွားခဲ့သည်။ ထိုသူများသည် သူ့အားရှာဖွေရန် ရောက်လာခဲ့ခြင်းဖြစ်နိုင်သည်။ စိုးရိမ်စိတ်များက ချက်ချင်း သူ့မျက်နှာတွင် ပေါ်လာခဲ့သည်။
သူက "ညီမလေး၊ မင်းသွားကြည့်ကြည့် လိုက်ပါလား" ဟု စိုးရိမ်နေတဲ့ အသံဖြင့် ပြောလိုက်သည်။
"ဒါပေမယ့် ဆရာက ညီမ အကို့ကိုဂရုစိုက်ထားဖို့ ပြောထားတယ်လေ အကို"
"ငါက ဒီမှာ ဘာဖြစ်နိုင်မှာလဲ။ မြန်မြန်သွားကြည့်လိုက်ပါ။ မဟုတ်ရင် ငါတို့နှစ်ယောက်လုံး ဆရာ့ကို စိတ်ပူနေရလိမ့်မယ်"
ယဲ့ယွမ်ဖန်စကားကိုကြားပြီး ဟွမ်းချောင်ယုက တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေသည်။ သူမလည်း ဘာဖြစ်နေလဲ သိချင်ပေမယ့် သူမဆရာရဲ့ စကားကို နားမထောင်ဘဲ မနေရဲပေ။ အနည်းငယ်တွန့်ဆုတ်ပြီးနောက် သူမက ဆုံးဖြတ်ချက်ချလိုက်သည်။
"အဲ့တာဆို အကိုကိုယ့်ဟာကိုယ် ဂရုစိုက်လိုက်ဦးနော်၊ ညီမက ဘာဖြစ်နေလဲဆိုတာကို သွားကြည့်လိုက်ဦးမယ်"
"အကို ဘာမှမဖြစ်ပါဘူး ညီမလေးသာ ဂရုစိုက်ဦးနော်"
ဟွမ်းချောင်ယုက ခေါင်းညိတ်ကာ ထွက်သွားခဲ့သည်။ သူ့ညီမ ထွက်သွားတဲ့ ပုံရိပ်ကို ကြည့်ရင်း ယဲ့ယွမ်ဖန်သည် သူ့စိတ်ထဲကနေ ဆုတောင်းနေခဲ့သည်။ မကြာမီတွင် ဟွမ်းချောင်ယု ပြန်ရောက်လာခဲ့သည်။
ယဲ့ယွမ်ဖန်သည် သူမရဲ့ဆိုးရွားနေတဲ့ မျက်နှာအမူအရာကိုမြင်ပြီး ရုတ်တရက် တစ်ခုမူမှန်တာကို သိလိုက်ရသည်။
"ညီမလေး၊ ဘာဖြစ်နေတာလဲ"
"ဟောက်ယွင်ဂိုဏ်းက၊ ဟောက်ယွင်ဂိုဏ်းကလူတွေ ရောက်လာပြီ"
"ဘာ....။ သူတို့က ငါတို့ကို ဒီလိုတောင် အကြပ်ကိုင်နေကြပြီလား" ဟု ဟွမ်းချောင်ယုစကားကိုကြားပြီး ယဲ့ယွမ်ဖန် ချက်ချင်းပင် ဒေါသထွက်ကာ ပြောလိုက်သည်။