← Chapters

ဟောက်ယွင်ဂိုဏ်းက ပါရမီရှင်ရန်မင်ဟွေ

Vol. 2 Ch. 20

ဟောက်ယွင်ဂိုဏ်းက ပါရမီရှင်ရန်မင်ဟွေ

Vol. 2 Ch. 20

လင်းယွင်ဂိုဏ်း အပြင်ဘက်တွင် လူစုတစ်စုက စုဝေးနေကြသည်။ ထိုသူများအားလုံးသည် အနီရောင်မီးတိမ်များဖြင့် ခြယ်ထားပြီး ရှည်လျားသည့် ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ ဝတ်စုံရင်ဘတ်နေရာတွင်လည်း စာလုံးကြီးနှစ်လုံးဖြစ်သည့် “ဟောက်ယွင်” ကို ရေးထိုးကြသည်။ ရောက်ရှိလာသူများသည် ဟောက်ယွင်ဂိုဏ်းမှ တပည့်များဖြစ်သည်။ ထိုလူစု၏ ခေါင်းဆောင်သည် ရှေ့တွင် ရပ်နေသော ချောမောသည့် လူငယ်တစ်ဦးဖြစ်သည်။ သူသည် ခေါင်းမော့ကာ လင်းယွင်ဂိုဏ်းကို ခပ်မဲ့မဲ့ အပြုံးဖြင့် ကြည့်နေသည်။

“ဒါက လင်းယွင်ဂိုဏ်းလား”

“ဟုတ်ပါတယ်၊ ဒီနေရာက လင်းယွင်ဂိုဏ်းပါ” ဟု သူ့ဘေးနားရှိ တပည့်တစ်ဦးက ရိုရိုသေသေ အမြန်ဖြေလိုက်သည်။

ထိုလူငယ်က ခေါင်းညိတ်ကာ “ဟောက်ယွင်ဂိုဏ်းမှာ လက်အောက်ခံပဉ္စမအဆင့်အင်အားစု လင်းယွင်ဂိုဏ်းတစ်ခုရှိတာကို ငါကြားဖူးပါတယ် ဒါလား” ဟု ဆက်မေးလိုက်သည်။

“ဟုတ်ပါတယ်၊ တကယ်တော့ ဒီဂိုဏ်းကို ပဉ္စမအဆင့်အင်အားစုလို့တောင် ပြောမရဘူး” ဟု ထိုတပည့်က “ဒီက ဂိုဏ်းချုပ်က အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်မှာသာရှိပြီး သူကို့ အရေးတယူလုပ် နေစရာတောင် မလိုဘူး၊လင်းယွင်ဂိုဏ်းလို နိမ့်ကျတဲ့ အင်အားစုက စီနီယာအကိုလိုလူက တကူးတကလာဖို့တောင် မထိုက်တန်ဘူး” ဟု မထီမဲ့မြင် အပြုံးဖြင့် ပြောလိုက်သည်။

သူပြောခဲ့တဲ့ စီနီယာအကိုသည် ထိုလူငယ် ရန်မင်ဟွေပင်ဖြစ်သည်။

ရန်မင်ဟွေက “လင်းယွင်ဂိုဏ်းကို ငါစိတ်မဝင်စားဘူး၊ ဒါပေမယ့် အခြေတည်စိတ်ဝိညာဥ်အဆင့် ကျင့်ကြံသူရဲ့ အမွေအနှစ်ကို ယူသွားတာက လင်းယွင်ဂိုဏ်းတပည့်ဆိုတာ မင်းသေချာလား” ဟု အရေးမထားသလို ပြောလိုက်သည်။

“စီနီယာအကို့ကို ကျွန်တော်မလှည့်စားရဲပါဘူး၊ အဲ့လူက သေချာပေါက် လင်းယွင်ဂိုဏ်းတပည့်ပဲ၊သူအဝတ်အစားကို ကျွန်တော်မမှားနိုင်ဘူး” ဟု ထိုတပည့်က ရိုသေစွာ အမြန်ဖြေလိုက်သည်။

ရန်မင်ဟွေက လင်းယွင်ဂိုဏ်း၏ တောင်ဝင်ဂိတ်ပေါက်ကို ဂရုမစိုက်ဘဲကြည့်ကာ သူ့မျက်လုံးထဲတွင် အန္တရာယ်အငွေ့အသက်များ ပေါ်လာခဲ့သည်။

“ဒါဆိုရင် အပိုစကားပြောဖို့ မလိုအပ်တော့ဘူး၊ အခြေတည်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူရဲ့ အမွေအနှစ်ကို ငါရကိုရရမယ်လို့ ဆုံးဖြတ်ထားတယ်” ဟု သူ့အသံသည် သာမန်ဖြစ်နေပြီး မထီမဲ့မြင်အမှုအရာများ ပြည့်နှက်နေသည်။ ပဉ္စမအဆင့်အင်အားစုငယ်တစ်ခုသည် သူ့အတွက် ဘာမျှမဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် သူသည် ဟောက်ယွင်ဂိုဏ်းရဲ့ ပါရမီရှင် သုံးယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး သူ့ဖခင်သည် ဟောက်ယွင်ဂိုဏ်းရှိ အခြေတည်စိတ်ဝိညာဥ်အဆင့် အကြီးအကဲအနည်းငယ်ထဲမှ တစ်ဦးဖြစ်သောကြောင့်ဖြစ်သည်။ မူလက သူသည် မိန်းမချောလေးတွေကို ရှာဖွေရန် ဂိုဏ်းမှထွက်ခွာလာခြင်းသာဖြစ်သည်။ သို့သော် ဟောက်ယွင်ဂိုဏ်းတပည့်များဖြစ်သော ဒီလူစုနှင့် မျှော်လင့်မထားဘဲ တွေ့ဆုံခဲ့ရပြီး အခြေတည်စိတ်ဝိညာဥ်အဆင့် စွမ်းအားရှင်ရဲ့ အမွေအနှစ်အကြောင်းကို သိခဲ့ရသည်။

သူက ထိုအမွေအနှစ်များကို စိတ်ဝင်စားလာခဲ့သည်။ ထို့ကြောင့် ဒီလူများကို ဦးဆောင်ကာ ယဲ့ယွမ်ဖန် ရထားသောပစ္စည်းများကို တောင်းရနိ လင်းယွင်ဂိုဏ်းသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။ ဟောက်ယွင်ဂိုဏ်းတပည့်များသည် တောင်ဝင်ဂိတ်ပေါက်သို့ ခြေလှမ်းများချလိုက်သည်နှင့် ကျန်းယီမင်သည် လေထဲမှ လှစ်ခနဲထွက်လာခဲ့သည်။ ရန်မင်ဟွေနှင့် အခြားသူများသည် ခြေလှမ်းများရပ်ကာ ကျန်းယီမင်ကို စစ်ဆေးကြည့် နေကြသည်။

“မင်းက လင်းယွင်ဂိုဏ်းချုပ်လား” ဟု မေးလိုက်သည်မှာ ရန်မင်ဟွေဘေးနားရှိ ရန်ဖေးအမည်ရှိ တပည့်တစ်ဦးဖြစ်သည်။

ကျန်းယီမင်က ခေါင်းညိတ်ကာ “ဟုတ်တယ် ငါက လင်းယွင်ဂိုဏ်းချုပ် ကျန်းယီမင်ပဲ။ မင်းတို့ရဲ့အဝတ်အစားကို ကြည့်ရင် ဟောက်ယွင်ဂိုဏ်းရဲ့တပည့်တွေဖြစ်မယ်ထင်တယ်။ ဘာကိစ္စကြောင့် လင်းယွင်ဂိုဏ်းကို ရောက်လာရတာလဲ။ စိတ်ဝိညာဥ် ကျောက်တုံးပေးရမယ့် အချိန်မရောက်သေးဘူးမဟုတ်လား” ဟု အေးအေးဆေးဆေး ဆက်မေးလိုက်သည်။

သူ့စကားလုံးများကို ကြားပြီးရန်ဖေးနှင့် ကျန်တပည့်များသည် ချက်ချင်းပင် အကျယ်ကြီးရယ်မောလိုက်ကြသည်။ ရန်မင်ဟွေကလည်း ကျန်းယီမင်ကို မထီမဲ့မြင်အကြည့်နဲ့ ကြည့်လိုက်သည်။

ရန်ဖေးက “လင်းယွင်ဂိုဏ်းက စိတ်ဝိညာဥ်ကျောက်တုံးတွေတောင် မပေးနိုင်တော့ဘူးလို့ ငါကြားထားတာပါ။ လင်းယွင်ဂိုဏ်းက အရင်ထဲက ကျဆင်းသွားပြီ။ ဒီလိုခန်းမကြီးဆောက်ပြီး ဂုဏ်သိက္ခာကို ထိန်းဖို့ ဟန်ဆောင်နေရသေးလား” ဟု ပြောင်ပြီး ပြောလိုက်သည်။

“လင်းယွင်ဂိုဏ်းက ဘယ်လိုခန်းမမျိုးဆောက်ဆိုတာ ဟောက်ယွင်ဂိုဏ်းနဲ့ ဘာမှမဆိုင်ပါဘူး” ဟု ကျန်းယီမင်က သူ့အားကြည့်ကာ “မင်းတို့ ဒီလိုအဓိပ္ပာယ်မရှိတဲ့စကားတွေပြောဖို့အတွက် လာခဲ့တာမဟုတ်ဘူးမလား” ဟု ပြောလိုက်သည်။

“မင်းစကားပြောရင် သတိထားပြောစမ်း” ဟု ရန်ဖေးက မျက်မှောင်ကျုံ့ကာ ရန်မင်ဟွေကိုညွှန်ပြသည်။ “ဒါက ဟောက်ယွင်ဂိုဏ်းရဲ့ ပါရမီသုံးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ စီနီယာအကို ရန်မင်ဟွေပဲ။ မင်းကို ပိုယဉ်ကျေးဖို့ အကြံပေးတယ်။ အကိုရန်က မင်းစော်ကားလို့ရတဲ့ သူမဟုတ်ဘူးကွ။ အကိုရန်ကို ထပ်ပြီးစော်ကားရင် ငါတို့တွေမယဉ်ကျေးဘူးလို့ မင်းအပြစ်မတင်နဲ့”

ကျန်းယီမင် အကြည့်သည် ထိုဟောက်ယွင်ဂိုဏ်းတပည့်များကို ဖြတ်သွားပြီး ချက်ချင်းပင် သူတို့ အကြောင်းကို သိသွားခဲ့သည်။ ရန်မင်ဟွေသည် အမှန်တကယ်ပင် သာမန်မဟုတ်ပေ။ သူ့ကျင့်ကြံမှုသည်ပင် အမြုတေဖွဲ့စည်းခြင်းအဆင့် အစောပိုင်းတွင်ရှိသည်။ ရန်ဖေးမှာလည်း အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့် နှောင်းပိုင်းသို့ ရောက်နေသည်။ အခြားသူများမှာတော့ အနည်းငယ်နိမ့်ကျသည်။ သူတို့သည် အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့် အလယ်အလတ်တွင် သို့မဟုတ် ချီစုဆောင်းခြင်းအဆင့်တွင် ရှိနေကြသည်။

တကယ်တမ်း ဒီလူစုကပင် အတန်ငယ် အားကောင်းတယ်လို့ ဆိုနိုင်သည်။ အားနည်းသော စတုတ္ထအဆင့် အင်အားစုများနှင့်ပင် နှိုင်းယှဉ်နိုင်သည်။ ထို့အပြင် သူတို့သည် ဟောက်ယွင်ဂိုဏ်းတပည့်များရဲ့ အနည်းငယ်သာရှိသေးသည်။

အဲ့တာကြောင့်ပဲ အဆင့်နိမ့်အင်အားစုများသည် မြင့်မားသောအဆင့်ရှိသည့် အင်အားစုများရဲ့ ကာကွယ်မှုကို ရှာဖွေရခြင်းအကြောင်းရင်းလည်းဖြစ်သည်။ အဘယ်ကြောင့်ဆို အဆင့်တစ်ခုကွာခြားမှုရှိပါက စွမ်းအားချင်းကွာခြားမှုသည် မိုင်ပေါင်းများစွာကွာခြားနိုင်သောကြောင့်ဖြစ်သည်။ ယခင်က လင်းယွင်ဂိုဏ်းဖြစ်ခဲ့ပါက သူတို့သည် ဒီလူများကို ဘယ်လိုနည်းနဲ့မှ မစော်ကားရဲပေ။ သို့သော် ယခုအခါတွင် ကျန်းယီမင်သည် သူတို့ကို စိတ်ထဲပင် မထားခဲ့ပေ။ ကျန်းယီမင် ခဏတာတိတ်ဆိတ်နေတာကို ကြည့်ပြီး ရန်မင်ဟွေသည် ထိုအရာက သူ့ကိုကြောက်ရွံ့နေသည်ဟု ယူဆလိုက်သည်။

ရန်မင်ဟွေက “ဂိုဏ်းချုပ်ကျန်း၊ ငါတို့က ဒီနေ့ လင်းယွင်ဂိုဏ်းသို့ လက်ဆောင်တွေ လာတောင်းတာ မဟုတ်ဘူး တကယ်တော့...” ဟု ရယ်ကာ ပြောလိုက်သည်။

သူပြောနေတုန်းမှာပဲ ယဲ့ယွမ်ဖန်သည် ဟွမ်းချောင်ယုရဲ့ အကူအညီဖြင့် ရောက်ရှိလာခဲ့သည်။ ရန်ဖေးသည် သူ့ကိုမြင်လျှင် လက်ညိုးထိုးကာ “အကိုရန်၊ ကျွန်တော်တို့ရဲ့ အခြေတည်စိတ်ဝိညာဥ်အမွေကို ယူသွားတဲ့သူက ဒီလူပါ” ဟု ပြောလိုက်သည်။

ရန်မင်ဟွေသည် သူ့စကားကြားဖြတ်ခံရသောအခါ စိတ်တိုသွာ့သော်လည်း နောက်စကားကိုကြားပြီး ချက်ချင်း စိတ်လှုပ်ရှားသွားသည်။

သူသည် ယဲ့ယွမ်ဖန်ကို မျက်လုံး ခပ်မှေးမှေးဖြင့် ကြည့်ကာ “သေချာလား ဒီလူဆိုတာ” ဟု အေးစက်စွာ ပြောလိုက်သည်။

“သေချာပါတယ်။ ဒီမှာရှိတဲ့ ညီအစ်ကိုတွေ သက်သေထူလို့ရတယ်။ ဒီလူက အခြေတည်စိတ်ဝိညာဥ်အမွေကို ယူသွားတဲ့သူပါ” ဟု ရန်ဖေးက ခိုင်မာစွာပြောပြီးနောက် သူ့နောက်ရှိ တခြားဟောက်ယွင်ဂိုဏ်းတပည့်များကလည်း သူ့စကားကို ပြန်ထောက်ခံလာကြသည်။

ထိုစကားကိုကြားပြီး နဂိုထဲက မျက်နှာပျက်နေတဲ့ ယဲ့ယွမ်ဖန်က ပိုဒေါသထွက်လာခဲ့သည်။ ဒီလူစုသည် သူ့ပစ္စည်းများကို လုယူရုံသာမက သူ့အားသူခိုးလို့ပင် လာစွပ်စွဲနေသေးသည်။

ရန်မင်ဟွေသည် ယဲ့ယွမ်ဖန် အမှန်တကယ်သူခိုးဟုတ်မဟုတ်ကို စိတ်မဝင်စားတော့ပဲ ကျန်းယီမင်အား “ဂိုဏ်းချုပ်ကျန်း၊ အဲ့လူက မင်းတပည့်လား” ဟု တိုက်ရိုက်ပြောလိုက်သည်။

“ဟုတ်တယ်၊ သူက ငါ့ဒုတိယတပည့်ပဲ”

ကျန်းယီမင်သည် ဟောက်ယွင်ဂိုဏ်းတပည့်ရဲ့ စကားများနှင့် ယဲ့ယွမ်ဖန် အရင်က ပြောတာများကို ပေါင်းစပ်ကာ ဖြစ်ပျက်ခဲ့သမျှကို နားလည်သွားခဲ့သည်။ သူတို့က အမှန်တရားကို လှည့်စားနေတာကို အသာထား ယဲ့ယွမ်ဖန်သည် တကယ် သူတို့ပစ္စည်းများကို ယူခဲ့သည်ဖြစ်စေ သူက သူ့တပည့်ကို ကာကွယ်ရန် သေချာပေါက် ဆုံးဖြတ်ထားသည်။

ရန်မင်ဟွေသည် ကျန်းယီမင်ထံမှ အတည်ပြုချက်ရပြီးနောက် သူ့မျက်နှာက ကျေနပ်တဲ့ အရိပ်ယောင်များ ပေါ်လာခဲ့သည်။

“ဒါဆိုရင် ဂိုဏ်းချုပ်ကျန်း၊ ကျေးဇူးပြု၍ မင်းတပည့်ကို ငါ့တို့ဆီ လက်လွှဲလိုက်ပါ”

“ငါ့တပည့်ကို လက်လွှဲရမယ်၊ ဘာလို့လဲ”

ကျန်းယီမင်သည် ရန်မင်ဟွေ ပြန်မပြောတာကို စောင့်ဆိုင်းမနေဘဲ ခေါင်းလှည့်ကာ ယဲ့ယွမ်ဖန်ကို ကြည့်လိုက်သည်။

သူက “ယွမ်ဖန်၊ သူတို့က မင်းကိုဒဏ်ရာရစေခဲ့တာလား” ဟု နူးညံ့နေတဲ့အသံဖြင့် မေးလိုက်သည်။

ယွမ်ဖန်သည် ပထမဆုံး တုန်လှုပ်သွားခဲ့ပြီး ထို့နောက် ခေါင်းညိတ်ကာ “ဆရာ့ကို အစီရင်ခံပါတယ်၊ သူတို့ပါ” ဟု ပြောလိုက်သည်။

ယွမ်ဖန်သည် ရန်မင်ဟွေကို ကြည့်ကာ သူ့အားညွှန်လိုက်သည်။ “ဒီလူတော့ မပါဘူး။ တခြားသူတွေက ကျွန်တော် မတော်တဆ အခြေတည်စိတ်ဝိညာဥ်အမွေတစ်ခုရတာကိုမြင်ပြီး လုယူချင်ကြတယ်။ ကျွန်တော်က လူအားနည်းတာကို အခွင့်ကောင်းယူပြီး ဝိုင်းတိုက်ကြတယ်၊ အခုလည်း သူတို့က လင်းယွင်ဂိုဏ်းအထိ လိုက်လာကြတယ်” ဟု ဆက်ပြောလိုက်သည်။

ယဲ့ယွမ်ဖန် ထိုစကားကိုပြောပြီးနောက် သူ့စိတ်အခြေအနေက ပိုလေးလံလာခဲ့သည်။ ကျန်းယီမင်သည် လက်အမူအရာဖြင့် သူ့ကိုယ်သူအပြစ်တင်ရန် မလိုအပ်ကြောင်း ဟန်ပြလိုက်သည်။ တကယ်ဆိုရင် ယဲ့ယွမ်ဖန်က ချီစုဆောင်းခြင်းအဆင့်နှောင်းပိုင်း သူ့ကျင့်ကြံမှုဖြင့် ထိုလူအများအပြားရဲ့ လိုက်ပြီးဖမ်းတာကနေ လွတ်မြောက်နိုင်ခဲ့သည်မှာ အလွန်ချီးကျူးဖွယ်ရာဖြစ်သည်။ ကျန်းယီမင်သည် ဟောက်ယွင်ဂိုဏ်းတပည့်များကို ထပ်မံကြည့်သောအခါ သူတို့အားလုံးက အရင်က သူတို့၏လုပ်ရပ်များကို လုံးဝအရေးမစိုက်ကြောင်း ဖော်ပြနေတဲ့ မျက်နှာထားများ ရှိနေတာကို တွေ့လိုက်ရသည်။

ယီမင်က ချက်ချင်းဆိုသလို သူ့မျက်နှာက ခက်ထန်အေးစက်လာကာ “မင်းတို့က ငါ့တပည့်ကို ဒဏ်ရာရစေပြီး အခုလည်း သူ့ကိုလာတောင်းဖို့ အရှက်ရှိသေးတယ်ပေါ့” ဟု အေးစက်စွာဖြင့် ပြောလိုက်သည်။

All Chapters