အဓိပ္ပါယ်မရှိတာတွေ လာပြေနေကြတာပဲ
Vol. 2 Ch. 21
ရန်မင်ဟွေက ကျန်းယီမင်ကို လုံးဝအရေးမစိုက်ခဲ့ပေ။ ကျန်းယီမင်ရဲ့ ကျင့်ကြံရေးကို မမြင်နိုင်ခြင်းသည် ထူးဆန်းသော်လည်း ပဉ္စမအဆင့်အင်အားစုအတွက် အစွမ်းထက်ဆုံးသူသည် အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်တွင်သာ ရှိမည်ဖြစ်သည်။ ထို့ကြောင့် သူသည် အမှန်နှင့် အမှားကို ဂရုမစိုက်ဘဲ ကျန်းယီမင်စကားကို လုံးဝ အရေးမလုပ်ခဲ့ပေ။ သူလိုချင်တဲ့ အရာဖြစ်ပါက သူကမရမကယူမည်ဖြစ်သည်။
ရန်မင်ဟွေက ဘာမျှမပြောသော်လည်း သူ့ဘေးနားရှိ ရန်ဖေးသည် ကျန်းယီမင်နှင့် ငြင်းခုံရန် ရှေ့တက်လာခဲ့သည်။ "ဂိုဏ်းချုပ်ကျန်း၊ မင်းဒီလိုမပြောနဲ့၊ မင်းတပည့်ရဲ့ တစ်ဖက်သတ်စကားကို အခြေခံပြီး ဒီလိုဆုံးဖြတ်လို့မရဘူး။ အမှန်တော့ မင်းတပည့်က ငါတို့ပစ္စည်းတွေကို ခိုးယူခဲ့တာ။ သူက ငါ့တို့ရဲ့ ဂျူနီယာညီကိုတောင် ဒဏ်ရာဖြစ်အောင် လုပ်ခဲ့သေးတယ်။ မင်းမယုံပါရင် ငါ့ဂျုနီယာညီကို ခေါ်ပြီး မင်းကိုပြမယ်"
ပြောပြီးနောက် သူသည် သူနောက်မှ အမျိုးသားတပည့်တစ်ဦးကို ဆွဲထုတ်လိုက်သည်။ ထို့နောက် သူက ထိုတပည့်ရဲ့ လက်မောင်းကို ဆွဲထုတ်ကာ ထိုတပည့်လက်မောင်းပေါ်ရှိ အမာရွတ်တစ်ခုကို ပြလိုက်သည်။
ရန်ဖေးသည် အမာရွတ်ကိုပြကာ "ဂိုဏ်းချုပ်ကျန်း၊ ဒါကိုကြည့်ပါ။ ဒါက မင်းရဲ့ ဒုတိယတပည့် လက်ချက်ပဲ" ဟု အေးစက်သောအပြုံးဖြင့် ပြောလိုက်သည်။
"အဓိပ္ပာယ်မရှိတဲ့ ခွေးစကားတွေ။ သူ့အမာရွတ်က အနာတောင်ကျက်နေပြီ၊ အဲ့တာက အနာဟောင်းဆိုတာ သိသာနေတာ၊ အဲ့တာက ငါလုပ်တာမဟုတ်ဘူး" ဟု ယဲ့ယွမ်ဖန်သည် ချက်ချင်းပင် ဒေါသထွက်ကာ သူ့ခန္ဓာကိုယ်အတွင်းရှိ နာကျင်မှုကိုသည်းခံကာ ဆဲလိုက်သည်။
သို့သော် ဟောက်ယွင်ဂိုဏ်းမှ လူများသည် ထိုအရာကိုမြင်ပြီး ရယ်လိုက်ကြသည်။
"ဒါက အနာဟောင်းလို့ မင်းပြောရင် ငါတို့ယုံမယ်လို့ ထင်နေတာလား၊ မင်းကသူ့ကိုဒဏ်ရာရအောင် လုပ်တယ်လို့ပြောနေတာ" ဟု ရန်ဖေးက သူ့ကိုယ်သူယုံကြည်ချက်အပြည့်နဲ့ ဆက်ပြီး "အခြေတည်စိတ်ဝိညာဥ်အမွေအနှစ်က အစထဲက ငါတို့ဟာကွ၊ မင်းက ငါတို့ပစ္စည်းတွေကို ခိုးခဲ့တာ! မင်းခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေက ငါတို့ကြောင့်ဆိုတာ ငါတို့မငြင်းဘူး၊ ဒါပေမယ့် ငါတို့က မင်းလိုသူခိုးကို သင်ခန်းစာပေးချင်လို့ကွ။ ငါတို့ ဘာမှမမှားခဲ့ဘူး"
သူတို့ရဲ့ လှည့်စားသောစကားလုံးများကို ကြားပြီး ယဲ့ယွမ်ဖန်သည် ပုံမှန် အေးဆေးတည်ငြိမ်တတ်ပေမယ့် အခုချိန်မှာတော့ စိတ်တိုကာ တစ်ကိုယ်လုံးပင် တုန်နေသည်။ "အခြေတည်စိတ်ဝိညာဥ်အမွေအနှစ်ရှိတဲ့ လိုဏ်ဂူကို ရှာဖွေတွေ့ခဲ့တာ ငါပဲ၊ အဲ့ပစ္စည်းတွေကို ပထမဆုံးရခဲ့တာလည်း ငါပဲ။ အမွေအနှစ်ကို လုယူတာ မင်းတို့ပဲ၊ ငါ့ကို ချုံခိုတိုက်ခိုက်ခဲ့ကြတာလည်း မင်းတို့ပဲ! ဆရာ၊ ကျွန်တော်ပြောသမျှအားလုံးက အမှန်တရားတွေပါ"
ယဲ့ယွမ်ဖန်သည် ကျန်းယီမင်ကို စိုးရိမ်စွာကြည့်ပြီး သူ့ကို မယုံကြည်မှာကို ကြောက်ရွံ့နေသည်။
ကျန်းယီမင်က အေးဆေးတည်ငြိမ်စွာ ခေါင်းညိတ်ပြီး"ယွမ်ဖန်၊ ဒီလိုဒေါသထွက်နေစရာမလိုပါဘူး၊ ငါအစထဲက ဘယ်ဟာ အမှန် အမှားလဲဆိုတာ သိပါတယ်" ဟု ပြောလိုက်သည်။
ထို့နောက် ကျန်းယီမင်သည် သူ့နောက်ကွယ်ရှိ ဟွမ်းချောင်ယုကို "ချောင်ယု၊ မင်း ဒုတိယအကိုနဲ့ သူတို့ရဲ့စကားကို နားထောင်ပြီးပြီ။ ဘယ်သူက အမှန်ပြောနေတယ်လို့ ထင်သလဲ" ဟု မေးလိုက်သည်။
ထိုစကားကြောင့် ဟွမ်းချောင်ယုသည် ယဲ့ယွမ်ဖန်နောက်မှ ထွက်လာခဲ့သည်။ သူမက ဟောက်ယွင်ဂိုဏ်းတပည့်များကို မျက်စောင်းထိုးကြည့်ကာ "တပည့်က ဒုတိယအကိုရဲ့ စရိုက်ကို အမြဲသိနေတာကြောင့် သူပြောတာကို ယုံကြည်ပါတယ်" ဟု သူတို့ကို ဂရုမစိုက်ဘဲ ပြောလိုက်သည်။
ကျန်းယီမင်က ခေါင်းညိတ်ကာ ရန်ဖေးနှင့် အခြားသူများကို ကြည့်လိုက်သည်။
သူက "မင်းတို့ကြားပြီလား။ ငါ့တပည့်က ဘယ်လိုလူမျိုးဆိုတာ ငါသိတယ်။ ဒီကိစ္စရဲ့ အကြောင်းရင်းနဲ့ အကျိုးဆက်ကို ငါတို့အားလုံး ရှင်းရှင်းလင်းလင်း သိတယ်။ မင်းတို့က အမွေအနှစ်တွေကို လုယူပြီး ငါ့တပည့်ရဲ့ အခွင့်အရေးကို ယူချင်တဲ့စိတ်က ပိုများနေတာ မဟုတ်ဘူးလား၊ မင်းတို့က ဒီမှာ အမှန်တရားကို လှည့်စားပြီး လာပြောနေတာ အရှက်မရှိကြဘူးလား" ဟု ပြောလိုက်သည်။
ကျန်းယီမင်စကားလုံးများသည် အေးစက်နေသော်လည်း ရန်မင်ဟွေသည် ထိုစကားလုံးတစ်လုံးကိုမှ နားမယောင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဟွမ်းချောင်ယု ပေါ်လာသောအချိန်တွင် သူ့အကြည့်သည် သူမမှာသာ ကပ်နေသောကြောင့်ဖြစ်သည်။ သူသည် ဒီအကြိမ် တောင်အောက်ဆောင်းရခြင်းမှာ မိန်းမလှလေးတစ်ဦးကို ရှာဖွေရန်ဖြစ်သော်လည်း ဘာမှတောင် မလုပ်ရသေးခင် ဒီကိစ္စနှင့် ကြုံတွေ့ခဲ့ရသည်။ အခြေတည်စိတ်ဝိညာဥ်အဆင့် ကျင့်ကြံသူအမွေအနှစ်ကို အမြန်ယူပြီးနောက် ဆက်အပျော်ရှာဖို့ ကြံထားခဲ့သည်။ သို့သော် ရုတ်တရက် အလှမယ်တစ်ဦးကို ဒီမှာအခုလို မြင်တွေ့ရမည်ဟု မမျှော်လင့်ခဲ့ပေ။ သူ့စိတ်ဝိညာဉ်တစ်ခုလုံးသည် ဟွမ်းချောင်ယုကြောင့် ချက်ချင်းပင် ဆွဲငင်ခံလိုက်ရသလို ဖြစ်သွားသည်။
ရန်ဖေးနှင့် အခြားသူများသည် ထိုအရာများကို သတိမထားမိ။ သူတို့က ကျန်းယီမင်နှင့် ဆက်ငြင်းခုံရန်သာ လုပ်နေကြသည်။ သူတို့၏စကားလုံးများသည် အသုံးမဝင်ကြောင်း သိသော်လည်း အမှန်တရားကို ဝန်ခံရန် ငြင်းဆန်နေကြဆဲဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဒီကိစ္စသာ ဖော်ထုတ်ပါက ဟောက်ယွင်ဂိုဏ်းသည် အရှက်ရမည်ဖြစ်သည်။ ထိုအချိန်တွင် ဂိုဏ်းက သူတို့ကို အပြစ်တင်လာပါက သူတို့သည် ပြစ်ဒဏ်ကို ခံယူရန် သတ္တိမရှိကြပေ။
ဘေးနားရှိ ရန်မင်ဟွေက စိတ်မရှည်တော့ပဲ သူတို့ကို ကြားဖြတ်ပြီး ဝင်တားလိုက်သည်။ "တော်ပြီ၊ ငြင်းနေတာတွေ ရပ်လိုက်ကြတော့။ မင်းတို့တွေ တော်တော်စိတ်ရှုပ်စရာကောင်းတာပဲ"
ရန်ဖေးနှင့် အခြားသူများသည် ခဏတာတုန်လှုပ်သွားကြသည်။ ထိုအခိုက်တွင် ရန်မင်ဟွေရဲ့ ရည်ရွယ်ချက်ကို သူတို့နားမလည်နိုင်ကြပေ။ သူတို့အကိုက သူတို့ကို ကူညီသင့်တယ် မဟုတ်လား။ အဘယ်ကြောင့် အခုအခါ သူတို့ကို ပါးစပ်ပိတ်ခိုင်းနေရတာလဲ။ သို့သော် ရန်မင်ဟွေသည် သူတို့ကို ဂရုမစိုက်တော့ပေ။ သူသည် ဟွမ်းချောင်ယုကို တဏှာအကြည့်များနဲ့သာ စိုက်ကြည့်နေသည်။
"ကျေးဇူးပြု၍ မေးပါရစေ၊ မိန်းမလှလေး၊ မင်းနာမည်က ဘယ်လိုခေါ်ပါသလဲ"
သူရုတ်တရက် ပြောလာတာကို ဟွမ်းချောင်ယုက မျှော်လင့်မထားခဲ့ပေ။ သူမက မပြန်ဖြေဘဲ သူမရဲ့လှပသောမျက်နှာသည်လည်း ချက်ချင်းပင် အေးစက်သွားခဲ့သည်။ သူမသည် ရန်မင်ဟွေရဲ့ တဏှာအကြည့်ကို ခံစားရပြီး ရွံရှာနေသည်။ ထိုအရာကိုမြင်ပြီး ရန်ဖေးနှင့် အခြားသူများက ဘာဖြစ်သွားမှန်း သိသွားကြသည်။ အမျိုးသမီးငယ်များနှင့် နာမည်ကြီးသော သူတို့၏စီနီယာအကိုသည် ကျန်းယီမင်ရဲ့ပည့်ကို သဘောကျသွားမှန်း သဘောပေါက်သွားကြသည်။
သူတို့သည် ချက်ချင်းပင် ပါးစပ်ပိတ်ကာ နောက်ထပ်ထပ်မပြောရဲတော့ပေ။ ဟွမ်းချောင်ယုက မပြန်ဖြေတာကို မြင်ပြီး ရန်မင်ဟွေသည် ဒေါသမထွက်ဘဲ ကျန်းယီမင်ကို ကြည့်ကာ "ဂိုဏ်းချုပ်ကျန်း၊ ဒီအမျိုးသမီးငယ်သည်လည်း မင်းတပည့်လား" ဟု ပြောလိုက်သည်။
"ဟုတ်တယ်၊ သူမက ငါ့ရဲ့ တတိယတပည့်ပဲ" ဟု ကျန်းယီမင်က ဖြေကာ ရယ်လိုက်သည်။ ရန်မင်ဟွေ ဘာလုပ်နေတာလဲ ဆိုတာကို သူနားလည်သွားခဲ့သည်။
"သိပြီ၊ ကျေးဇူးပြု၍ မင်းတပည့်ရဲ့နာမည်ကို မေးပါရစေ"
"သူမက မင်းကိုမပြောချင်တာကြောင့် ငါလည်း မပြောတော့ဘူး။ ဂျုနီယာရန်၊ မကောင်းသောအတွေးတွေ မထားဖို့ ကျွန်တော်အကြံပေးပါရစေ" ဟု ကျန်းယီမင်က အေးအေးစက်စက် ပြောလိုက်သည်။
ရန်မင်ဟွေသည် သူ့သတိပေးချက်ကို လုံးဝစိတ်ထဲမထားခဲ့ပေ။
"ကျွန်တော်မှာ ဘယ်လိုမကောင်းတဲ့ရည်ရွယ်ချက်ရှိနိုင်မှာလဲ။ ဒီအမျိုးသမီးငယ်မှာ စွမ်းရည်တစ်ချို့ ရှိတယ်လို့ ကျွန်တော်ထင်နေတာ"
သူက လင်းယွင်ဂိုဏ်းကို မော့ကြည့်ကာ "ဒီလင်းယွင်ဂိုဏ်းက အရမ်းကျဆင်းနေပြီ။ ပဉ္စမအဆင့်အင်အားစုနဲ့တောင် မနှိုင်းယှဉ်နိုင်ဘူး။ ဒီလိုနေရာမျိုးက ဒီလိုလှပပြီး ပါရမီရှင်အမျိုးသမီးငယ်အတွက် မထိုက်တန်ဘူး။ ဒါပေမယ့် မင်းကို အခွင့်အရေးတစ်ခုပေးနိုင်တယ်" ဟု မထီမဲ့မြင် ပြောလိုက်သည်။
သူက ဟွမ်းချောင်ယုကို ထပ်ကြည့်ကာ သူ့မျက်လုံးများကလည်း စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ "ဂိုဏ်းချုပ်ကျန်း၊ မင်းက ဒီအမျိုးသမီးငယ်လေးကို ဟောက်ယွင်ဂိုဏ်းသို့ ဝင်ခွင့်ပြုပြီး ကျွန်တော့် ညီမအဖြစ် ခွင့်ပြုရင် ကျွန်တော်က လင်းယွင်ဂိုဏ်းကို ကျွန်တော့်နာမည်နဲ့ ကာကွယ်ပေးမယ်၊ ပြီးရင် လင်းယွင်ဂိုဏ်း ကြီးထွားလာဖို့ အရင်းအမြစ်အချို့ကိုပါ ပေးနိုင်တယ်။ လင်းယွင်ဂိုဏ်းက ငါးနှစ်ကြာ လက်ဆောင်ဆက်သခြင်းကိုလည်း ကင်းလွတ်ခွင့်ပေးနိုင်တယ်။ သေချာပေါက်၊ အခြေတည်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူ အမွေအနှစ်ကို မင်းသာခွင့်ပြုရင် အဲ့တာကို ဒီနေရာမှာဘဲ လက်လျော့ပြီး ဘာမှမဖြစ်သလို လုပ်ပေးနိုင်တယ်၊ မင်းဘယ်လိုထင်သလဲ"
သူ့စကားလုံးများကို ကြားပြီး ကျန်းယီမင် မထိန်းနိုင်တော့ဘဲ အကျယ်ကြီးရယ်လိုက်သည်။
သူက ဟွမ်းချောင်ယုကို ကြည့်ကာ "ချောင်ယု၊ ဒီမှာရှိတဲ့ ဂျုနီယာရန်ပြောတဲ့စကားကို မင်းကြားတယ်မလား၊ မင်းဘယ်လိုထင်သလဲ" ဟု အပြုံးဖြင့် မေးလိုက်သည်။
"ဆရာရယ်၊ တပည့်ကို မစပါနဲ့။ တော်ဝင်ဖီးနစ်အင်ပါယာကိုတောင် မပြန်တာ၊ သူ့လို ဟောက်ယွင်ဂိုဏ်းဆို ပြောနေစရာတောင် မလိုဘူး" ဟု ဟွမ်းချောင်ယုက ခေါင်းခါကာ ရယ်မောလိုက်သည်။
ရန်မင်ဟွေရဲ့ရည်ရွယ်ချက်ကို သူမ ဘယ်လိုမမြင်ဘဲ နေမလဲ။ ကျန်းယီမင်က ခေါင်းညိတ်ကာ ရန်မင်ဟွေကို ကြည့်လိုက်သည်။
သူသည် "မင်းကြားတဲ့ အတိုင်းပဲနော်။ ငါတို့ကို လာနောက်နေတာကို ရပ်လိုက်ပါတော့" ဟု ခပ်ပြောင်ပြောင်လေသံဖြင့် ပြောလိုက်သည်။
"ကျွန်တော် နောက်နေတယ်လို့ ထင်နေတာလား" ဟု ရန်မင်ဟွေက ဒေါသထွက်လာပြီး ထိုစကားကိုကြားကာ သူ့မျက်နှာတစ်ခုလုံး ချက်ချင်းမည်းမှောင်သွားခဲ့သည်။
"ကျွန်တော်က အမြဲတမ်း ကတိအတိုင်း လုပ်တတ်တဲ့သူပဲ။ ကျွန်တော့်စကားက ဂိုဏ်းရဲ့အမိန့်ပဲ၊ မင်းကိုယ်မင်း ဒုက္ခရောက်အောင် မလုပ်ဖို့ အကြံပေးလိုက်မယ်"
ရန်မင်ဟွေ စကားပြောပြီးသည်နှင့် အမြုတေဖွဲ့စည်းခြင်းအဆင့် သူ့ကျင့်ကြံမှုစွမ်းအားကို ဖြည်းဖြည်းချင်း ထုတ်လိုက်သည်။ မမြင်ရသောဖိအားတစ်ခုသည် ပြန့်နှံ့သွားကာ လူတိုင်းရဲ့ ဝတ်စုံများကို လွင့်ခါသွားခဲ့သည်။