လက်ချောင်းတစ်ချောင်းထဲနဲ့ ဖိနှပ်ခြင်း
Vol. 2 Ch. 22
ရန်မင်ဟွေရဲ့ ကျန်းယီမင်ကို ကြည့်နေတဲ့ မျက်လုံးတွေက လုံးဝ အေးစက်သွားခဲ့သည်။
"ဂိုဏ်းချုပ်ကျန်း၊ မင်းရဲ့ နောက်ဆုံးရွေးချယ်မှုကို အခုပြောပါ"
"မင်းတို့တွေက စိတ်ကူးယဉ်နေကြတာပဲလို့ပဲ ငါပြောလိုက်မယ်" ကျန်းယီမင်က ဂရုမစိုက်သလို ခေါင်းခါရင်း မျက်နှာခပ်တည်တည်နဲ့ ပြောလိုက်သည်။
သူ့ရဲ့ အခုလို ဂရုမစိုက်တဲ့ပုံစံက ရန်မင်ဟွေကို ချက်ချင်းဆိုသလို အရမ်းဒေါသထွက်သွားစေခဲ့သည်။
သူက ဒေါသထွက်ပြီး အံ့ကြိတ်ကာ ပြောလိုက်သည် "ကောင်းပြီ၊ ကောင်းပြီ။ ရန်ဖေး၊ ဂိုဏ်းချုပ် ကျန်းက ငါတို့ ဟောက်ယွင်ဂိုဏ်းကို အထင်မကြီး မကြောက်လန့်ဘူးထင်တယ်။ ဘာလုပ်သင့်လဲဆိုတာ ပြောစမ်းပါဦး။"
ရန်ဖေးက ချက်ချင်းနားလည်သွားပြီး ၊ "ဘာထပ်လုပ်ရမလဲဗျ။ ကျွန်တော်တို့ကို မကြောက်တဲ့ကောင်တွေကို ပညာလေး ပြဖို့ပဲပေါ့ဗျာ"
"ဒါပေါ့။ မင်းတို့အားလုံး၊ ဂိုဏ်းချုပ်ကျန်းကို သင်ခန်းစာပေးလိုက်ကြစမ်း"
ဟောက်ယွင်ဂိုဏ်းသားတွေက သူ့ရဲ့ "မင်းတို့ အားလုံး" ဆိုတဲ့ စကားကို ကြားတဲ့အခါ သူဆိုလိုတာကို နားလည်သွားကြသည်။ အားလုံးက ချက်ချင်း ရှေ့ကိုတိုးလာခဲ့ကြသည်။ သူတို့ရဲ့ ဗျူဟာက လူအရေအတွက်နဲ့ ဖိနှိပ်ဖို့ဆိုတာ သေချာနေသည်။
ရန်ဖေးက ကျန်းယီမင်ကို ကြည့်ပြီး ခပ်ရွဲ့ရွဲ့ပြုံးကာ ပြောလိုက်သည်၊ "ဂိုဏ်းချုပ်ကျန်း၊ ငါတို့တွေကို သင်ကြားပေးပါဦး"
ကျန်းယီမင် စကားစပြောတော့မယ့်အချိန် ဟွမ်းချောင်ယုက ရှေ့ကိုထွက်လာပြီး ပြောလိုက်သည်။ "ဆရာ၊ ကြက်သတ်ဖို့ ဓားမကြီးကို ထုတ်သုံးစရာမလိုပါဘူး။ တပည့်ကိုသာ အပ်လိုက်ပါဆရာ"
"ကောင်းပြီလေ" ကျန်းယီမင်က မငြင်းလိုက်ပေ။
ဟွမ်းချောင်ယုရဲ့ တကယ့်စွမ်းရည်ကို သူလည်း ကြည့်ချင်နေသည်။ သူမရဲ့ ရန်သူတွေက များပြားနေပြီး အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့် ခုနစ်ယောက် ရှစ်ယောက်လောက်ရှိနေသည်။ သို့သော် ဟွမ်းချောင်ယုက စိမ်းမြကြာပန်းဖန်တီးခြင်းကျင့်စဥ်ကို လေ့ကျင့်ထားပြီး သူမရဲ့ စိတ်ဝိညာဥ်စွမ်းအင်က သာမန်သူတွေထက် အများကြီး ပိုပြီးအားကောင်းနေသည်။
ဘုံကိုးခွင်မြင့်မြတ်ဖီးနသ်ကျင့်စဥ်နဲ့ပါ ပေါင်းလိုက်ရင် အဆင့်မြင့်ကျင့်ကြံသူတွေကို ယှဉ်ပြိုင်တိုက်ခိုက်ဖို့ဆိုတာ သူမအတွက် မခက်ခဲပေ။
"ဟုတ်ကဲ့"
ခွင့်ပြုချက်ရပြီးတဲ့နောက် ဟွမ်းချောင်ယုက မတွန့်ဆုတ်ခဲ့ဘဲ ရန်ဖေးကို ရုတ်တရက် လက်ဝါးချက်တစ်ချက်နဲ့ စတင်တိုက်ခိုက်လိုက်သည်။ ရန်ဖေးက သူ့ကို လှောင်ပြောင်ဖို့ စဉ်းစားထားပေမယ့် ဟွမ်းချောင်ယုက ရုတ်တရက် တိုက်ခိုက်လာမယ်လို့ သူမမျှော်လင့်ခဲ့ပေ။ အရမ်းအားပြင်းတဲ့ စွမ်းအားအတက်အကျကို ခံစားလိုက်ရတော့ ရန်ဖေးက သူမကို ပေါ့ပေါ့ဆဆ မထားဘဲ တန်ပြန်တိုက်ဖို့ လုပ်လိုက်သည်။ သူ့ရဲ့ စိတ်ဝိညာဥ်စွမ်းအင်ကို ချက်ချင်းလှုံ့ဆော်ပြီး ခုခံလိုက်သည်။ ဒါပေမယ့်လည်း လက်ဝါးချက်ကို ရင်ဆိုင်ရတဲ့အချိန်တွင် စိတ်ဝိညာဥ်စွမ်းအင်တစ်ခုက ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်ထဲကို တိုးစီးဝင်လာခဲ့သည်။
တောင်ကြီးတစ်ခုက ရုတ်တရက် သူ့ကိုယ်အပေါ် ကျလာသလိုမျိုး ဖြစ်သွားကာ ရန်ဖေးကထိတ်လန့်ပြီး ဖြူဖျော့သွားခဲ့သည်။ သူ့တွင် ဟွမ်ချောင်ယုကို တုံ့ပြန်ဖို့တောင် အချိန်မရခဲ့ချေ။ ထိုလက်ဝါးချက်တစ်ချက်နဲ့တင် သူလွှင့်ထွက်သွားခဲ့သည်။ ထိုအရာများ အားလုံးက မျက်စိတစ်မှိတ်စာအတွင်း ဖြစ်သွားခဲ့သည်။ အခြားသူတွေ သတိထားမိချိန်မှာတော့ ရန်ဖေးက မလှုပ်ရှားတော့ဘဲ ငြိမ်ကျသွားခဲ့သည်။ သူတို့အားလုံးရဲ့ မျက်နှာအမူအရာတွေက ချက်ချင်းဆိုသလို ပြောင်းလဲသွားသည်။ ဟွမ်းချောင်ယုကို ကြည့်လိုက်ရင်း သူတို့ရဲ့ မျက်လုံးတွေမှာ အံ့အားသင့်တဲ့ အရိပ်အယောင်တွေနဲ့ ပြည့်နှက်နေသည်။ ဟွမ်းချောင်ယုက တောင်ပေါ်ကနေ အမဲလိုက်ရင် ဆင်းလာတဲ့ ကျားကြီးတစ်ကောင်လို ဖြစ်နေသည်။ သူမက ထပ်ပြီး လူအုပ်ဆီကို ရဲရဲဝံ့ဝံ့စတင် ထပ်ပြီးတိုက်လိုက်သည်။ သူမရဲ့ ရန်သူတွေက ရုတ်တရက် စိတ်ရှုပ်သွားခဲ့ကြသည်။ ထို့နောက် သူမကို ခုခံရန် မြန်မြန်ဆန်ဆန် လှုပ်ရှားလိုက်ကြသည်။
သို့သော် သူတို့တွေသည် ဟွမ်းချောင်ယုနဲ့ ဘယ်လိုမှကို မယှဉ်နိုင်တဲ့ အခြေအနေ ဖြစ်နေကြသည်။ ချက်ချင်းဆိုသလို အရှုံးပေးရတဲ့ အနေအထားရောက်သွားကြသည်။
တိုက်ပွဲကို ကြည့်နေတဲ့ ရန်မင်ဟွေက ထိုအရာကိုမြင်တော့ ဟွမ်းချောင်ယုအပေါ် ပိုပြီး စိတ်ဝင်စားလာသည်။ သူမက အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်သာ ရှိပေမယ့်၊အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့် ခုနစ်ယောက် ရှစ်ယောက်ကို တစ်ချိန်တည်း တိုက်ခိုက်နိုင်ခဲ့သည်။
"စိတ်ဝင်စားစရာ၊ ပျော်စရာ အံ့အားသင့်စရာတွေ ယူဆောင်လာနိုင်တဲ့ မိန်းကလေးချောလေးပဲ"
ဟွမ်းချောင်ယု တောက်လျှောက်ဆိုသလို တိုက်ခိုက်ပြီးနောက် သူမစိတ်ဓါတ်များ ပိုပြီးတက်ကြွလာခဲ့သည်။ သူက လက်ဝှေ့ချက်တစ်ချက်နဲ့တင် ရန်သူတစ်ယောက်ကို လဲကျအောင်လုပ်နေနိုင်သည်။
သူမသည် ထိုဟောက်ယွင်ဂိုဏ်းက လူတွေ တိုက်ခိုက်လို့မရနိုင်တဲ့ တောင်ကြီးတစ်ခုလို ရပ်တည်နေခဲ့သည်။ သိပ်မကြာခင်မှာပဲ ဟောက်ယွင်ဂိုဏ်းက လူအားလုံး မြေပြင်ပေါ် လဲကျသွားခဲ့ကြသည်။
"အမှိုက်တွေချည်းပဲ" ရန်မင်ဟွေက အေးစက်စွာ ပြောလိုက်တယ်။
ထို့နောက် ဟောက်ယွင်ဂိုဏ်းက လူတွေကို မကြည့်တော့ဘဲ ဟွမ်းချောင်ယုကို စိတ်ထက်သန်စွာနဲ့ စိုက်ကြည့်ရင်း "မင်းက တကယ်မဆိုးဘူး။ မင်းကိုကြည့်ရင်း ငါပိုကျေနပ်လာတယ်၊ ငါနဲ့အတူ ဟောက်ယွင်ဂိုဏ်းကို လိုက်ခဲ့ပါ။ မင်းကို ပိုပြီး သန်မာလာအောင် ငါလုပ်ပေးနိုင်တယ်" ဟု ပြောလိုက်သည်။
"အိပ်မက်သာ မက်နေလိုက်။ငါ့ကိုဆက်ပြီး အခုလိုအကြည့်နဲ့ ကြည့်နေလို့ကတော့ နင့်ပါအသာမထားဘူး" ဟွမ်းချောင်ယုက ရွံရှာစွာနဲ့ ရန်မင်ဟွေကိုကြည့်ပြီး အေးစက်နေတဲ့ အသံနဲ့ ပြောလိုက်သည်။
"ငါ့ကို အသာမထားဘူး? အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်က မင်းလိုတစ်ယောက်က အမြုတေဖွဲ့စည်းခြင်းအဆင့်က ငါ့လိုလူကို ဘယ်လိုတိုက်ခိုက်မလဲ ကြည့်ချင်မိတယ်" ဟု ထိုစကားပြောပြီးတာနဲ့ ရန်မင်ဟွေရဲ့ ခန္ဓာကိုယ်က သူရပ်နေတဲ့နေရာကနေ ပျောက်ကွယ်သွားခဲ့သည်။ သူက မုန်တိုင်းသဖွယ် အရှိန်နဲ့ ဟွမ်းချောင်ယုထံသို့ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်လိုက်သည်။
"ငါ့တပည့်ကို တိုက်တယ်ပေါ့?မဟုတ်လွဲရော ငါမရှိဘူးလို့ ထင်နေတာလား?" ဘေးမှာရပ်နေတဲ့ ကျန်းယီမင်က ရုတ်တရက်ပြောလိုက်သည်။ ထိုအချိန်မှာပဲ သူက ရန်မင်ဟွေဆီကို လက်ဝါးတစ်ချက်နဲ့ တိုက်ခိုက်သည်။
ရန်မင်ဟွေသည် ဘေးကနေ ဝင်ရောက်လာတဲ့ ဖိအားကို ခံစားရတော့ ချက်ချင်း မျက်ခုံးကျုံ့လိုက်သည်။ထို့နောက် သူ့ရဲ့ စိတ်ဝိညာဥ်စွမ်းအင်ကို လှုံ့ဆော်လိုက်ပြီး သူ့လက်သီးနဲ့ ပြန်ကာထိုးလိုက်သည်။
"ဘုန်း......"
စိတ်ဝိညာဥ်စွမ်းအင်နှစ်ခု ထိသွားလိုက်တဲ့အခါ ပြင်းထန်တဲ့ လေပြင်းတစ်ခုက ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။ ရန်မင်ဟွေက သူ့ခန္ဓာကိုယ်အရှိန်ကို မထိန်းချုပ်နိုင်တော့ဘဲ ခြေလှမ်းဆယ်လှမ်း ကျော်လောက် နောက်ပြန်ဆုတ်သွားရသည်။ ကျန်းယီမင်ကတော့ တောင်ကြီးတစ်ခုလို မလှုပ်မယှက်ဘဲ တည်ငြိမ်စွာ ရပ်နေသည်။
"အမြုတေဖွဲ့စည်းခြင်းအဆင့်?" သူ့ခန္ဓာကိုယ် တည်ငြိမ်သွားတဲ့အခါ ရန်မင်ဟွေက ခေါင်းမော့လိုက်ပြီး ကျန်းယီမင်ကို အံ့အားသင့်စွာနဲ့ ကြည့်လိုက်သည်။ ကျန်းယီမင်ရဲ့ မျက်နှာက အေးဆေးတည်ငြိမ်နေသာ်။ သူက ဘာကိုမှ မငြင်းဆိုခဲ့သလို ဘာမှလည်း မဝန်ခံခဲ့ပေ။
ယီမင်ရဲ့ မျက်နှာအမူအရာကို မြင်တော့ ရန်မင်ဟွေက ရုတ်တရက် စိတ်လှုပ်ရှားနေတဲ့ အသံဖြင့် ရယ်လိုက်သည်။ "ငါမျှော်လင့်မထားခဲ့ဘူး၊ ဒီလိုယိုယွင်းပျက်စီးနေတဲ့ ဂိုဏ်းမှာ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူရှိနေမယ်လို့။ ကောင်းတယ်။ ဒါဆို ငါ့အစွမ်းကို အပြည့်အဝပြလို့ရသွားပြီပေါ့။ မင်းက ငါ့ကို အရမ်းစိတ်ပျက်မသွားစေဖို့ မျှော်လင့်ပါတယ်"
ရန်မင်ဟွေရဲ့ အသံက ရုတ်တရက် စိတ်လှုပ်ရှားမှုများနဲ့ ပြည့်နှက်သွားသည်။ ထို့နောက် သူက လက်နှစ်ဖက်ကို ပေါင်းလိုက်ပြီး "အသင်္ချေမီး လောင်ကျွမ်းခြင်း" ဟု ခပ်တိုးတိုး အော်လိုက်သည်။ချက်ချင်းဆိုသလို ရန်မင်ဟွေရဲ့ ရှေ့မှာ မီးလုံးကြီး မြောက်များစွာ ပေါ်ပေါက်လာခဲ့သည်။ ပတ်ဝန်းကျင်က အပူချိန်က ချက်ချင်းဆိုသလို မြင့်တက်သွားပြီး လူတိုင်းက မီးပင်လယ်ထဲမှာ ရောက်နေသလို ခံစားလိုက်ရသည်။ မီးလုံးတွေက လှည့်ပတ်နေပြီး ကျန်းယီမင်ထံသိို့ လွှင့်ထုတ်ရန် မီးလုံးကြီးတစ်လုံးအဖြစ် စုစည်းသွားလိုက်သည်။
"ဒါက ဟောက်ယွင်ဂိုဏ်းရဲ့ ထူးခြားတဲ့ လျှို့ဝှက်ချက် ကျင့်စဥ်တစ်ခုပဲ၊ အသင်္ချေမီး လောင်ကျွမ်းခြင်း၊ ဒီကျင့်စဥ်အစွမ်းကြောင့် သေရတာက မင်းရဲ့ ဂုဏ်ယူစရာတစ်ခုပဲ" ရန်မင်ဟွေက အေးစက်စွာ ပြုံးလိုက်ရင်း ပြောလိုက်သည်။
ကောင်းကင်ကနေ ကျလာတဲ့ မီးလုံးကို ရင်ဆိုင်ရင်း ကျန်းယီမင်ရဲ့ မျက်နှာက အေးဆေးတည်ငြိမ်နေသည်။
"အရေးမပါတဲ့ အပေါစား ကျင့်စဥ်လေးတစ်ခုကို၊ ဘာတွေများ ဂုဏ်ယူစရာရှိလို့လဲ"ဟု ပြုံးပြီး ပြောရင်း ကျန်းယီမင်က ကောင်းကင်ကနေ ကျလာတဲ့ မီးလုံးကို ကြည့်ကာ ဖြည်းဖြည်းချင်း သူ့လက်ချောင်းကို ညွှန်လိုက်သည်။ ထိုအခိုက်အတန့် ကမ္ဘာကြီးက တိုတောင်းတဲ့အချိန် ခဏလောက် ရပ်တန့်သွားသလို ခံစားလိုက်ရသည်။ အထီးကျန်ဆန်ပြီး အေးစက်ကာ ရှုပ်ထွေးနေတဲ့ ခံစားချက်များက လူတိုင်းကို ချက်ချင်းဆိုသလို ဖုံးလွှမ်းသွားခဲ့သည်။ မကုန်မခမ်းနိုင်တဲ့ စိတ်ဝိညာဥ်စွမ်းအင်တွေက မြစ်တစ်ရာကပေါင်းစည်းကာ ဆုံသွားသလို ထိုလက်ချောင်းထဲကို အရူးအမူးနဲ့ စီးဝင်လာခဲ့သည်။
"ဖျက်စီးခြင်း လက်ချောင်း"
ထိုလက်ချောင်းက မီးလုံးပေါ်ကို ဖြည်းဖြည်းချင်း ထိသွားလိုက်တဲ့အခါ လေပြင်းများက ကမ္ဘာတစ်ခုလုံးကိုပင် ချက်ချင်းဆိုသလို တိုက်ခတ်သွားသလို ဖြစ်သွားခဲ့သည်။ စိတ်ဝိညာဥ်စွမ်းအင်က ပြင်းထန်လွန်းတဲ့ မုန်တိုင်းကြီးတစ်ခုလို မီးလုံးကြီးကို ချက်ချင်းဆိုသလို မျိုချပစ်လိုက်သည်။ ထိုအခြေအနေကို မြင်တော့ ရန်မင်ဟွေရဲ့ မျက်နှာအမူအရာက ချက်ချင်းဆိုသလို ဆိုးရွားပြီး အကျည်းတန်သွားခဲ့သည်။ အန္တာရယ်အငွေ့အသက်များက သူ့တစ်ကိုယ်လုံးကို ပြန့်သွားပြီး တုန်ယင်လာခဲ့သည်။ တုံ့ပြန်ဖို့ အချိန်မရလိုက်ခင်မှာပဲ လက်ချောင်းတိုက်ခိုက်မှုရဲ့ နောက်ဆက်တွဲ လှုပ်ခတ်မှုက သူ့ကို မြေပြင်ပေါ် ဖိနှိပ်ပြီးသား ဖြစ်နေသည်။
"မဖြစ်နိုင်ဘူး၊ ဒါ မဖြစ်နိုင်ဘူး" ရန်မင်ဟွေရဲ့ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပြီး သူ့မျက်နှာတစ်လျှောက်မှာ အံ့အားသင့်မှုများနဲ့ ပြည့်နေသည်။ သူ့နှုတ်ခမ်းထောင့်ကနေ သွေးများက စီးကျလာပြီး သူ့ဝတ်စုံကလည်း ရှုပ်ပွသွားခဲ့သည်။ သူ့ရဲ့ အရင်ကက သိမ်မွေ့ပြီး သပ်ရပ်ယဉ်ကျေးတဲ့ ပုံစံပျောက်သွားခဲ့သည်။
"မဖြစ်နိုင်ဘူး? မဖြစ်နိုင်ဘူးဆိုတာတွေ ထပ်လာဖို့ ရှိသေးတယ်" ကျန်းယီမင်ရဲ့ နှုတ်ခမ်းထောင့်က တွန့်ကာပြုံးလိုက်ပြီး ရန်မင်ဟွေဆီကို ဖြည်းဖြည်းချင်း လျှောက်သွားတယ်။
ရန်မင်ဟွေက ရေခဲရေနဲ့ လောင်းချခံရသလို ခံစားလိုက်ရပြီး သူ့ခေါင်းထဲမှာ ဘာမှတွေးမရအောင် ယောက်ရက်ခတ်နေသည်။ သူက ကျန်းယီမင်ကို ကြောက်ရွံ့မှု၊ မကျေမနပ်ဖြစ်မှု၊ ဒေါသထွက်မှုတွေနဲ့ ကြည့်လိုက်သည်။
ထို့နောက် အံ့ကြိတ်ပြီး ပြောလိုက်သည်။ "မင်းကိုယ်မင်း အထင်ကြီးမနေနဲ့ ၊ငါ့ကိုစောင့်နေ"
ကျန်းယီမင် ဘာမှပြန်မပြောခင်မှာပဲ ရန်မင်ဟွေက သူ့လက်မောင်းအောက်ကနေ တည်နေရာပြောင်း အဆောင်တစ်ခုကို ထုတ်လိုက်သည်။ ထို့နောက် ရန်မင်ဟွေက ချက်ချင်းဆိုသလို အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး ပျောက်သွားခဲ့သည်။ သူ့ရဲ့ ရန်လိုတဲ့စကားတွေ ပြောပြီးတဲ့နောက် ချက်ချင်း ထွက်ပြေးသွားတာကို မြင်လိုက်ရတော့ လူတိုင်းက အံ့အားသင့်သွားခဲ့ကြသည်။
သတိရနေတဲ့ ဟောက်ယွင်ဂိုဏ်းသားတွေက ရန်မင်ဟွေကို ဆဲချင်သွားကြသည်။ ဒါပေမယ့် ကျန်းယီမင်က သူတို့ဘေးမှာရှိနေတယ်ဆိုတာ ရုတ်တရက် သတိရသွားကြပြီး အော်ဟစ်ဆဲချင်တဲ့ အတွေးကို မြန်မြန်ဆန်ဆန် ဖိနှိပ်လိုက်ကြသည်။ သူတို့မှာ အခုတော့ ဆန္ဒတစ်ခုပဲရှိသည်။ ကျန်းယီမင်က သူတို့ကို သတိမထားဘဲ မေ့သွားဖို့ဖြစ်သည်။
"ဆရာ၊ ဒီလူတွေကို ဘယ်လိုလုပ်မလဲ" အဲ့အချိန်မှာ ဟွမ်းချောင်ယုက ရုတ်တရက်ပြောလိုက်သည်။
ထိုစကားများကို ကြားတော့ ဟောက်ယွင်ဂိုဏ်းသားတွေက သူတို့ရဲ့နှလုံးက ချက်ချင်းဆိုသလို လည်ချောင်းထိပ်မှာ တစ်သွားသလို ခံစားလိုက်ရသည်။ ကျန်းယီမင်ရဲ့ သူတို့ကို စစ်ဆေးကြည့်နေတဲ့ အကြည့်ကို ရင်ဆိုင်လိုက်ရတဲ့အခါ သူတို့က ငုံးငှက်လေးတွေလို မြန်မြန်ဆန်ဆန် ခေါင်းငုံ့လိုက်ကြသည်။
"အားလုံးကို သတ်ပစ်လိုက်" ကျန်းယီမင်ရဲ့ နူးညံ့တဲ့ အသံက သာသာယာယာ ထွက်ပေါ်လာပေမယ့် သူတို့ရဲ့ နှလုံးသားကတော့ တူကြီးနဲ့ ရိုက်နှက်နေသလို ခံစားလိုက်ရသည်။
အကြောက်လွန်သွားတဲ့သူတချို့က ချက်ချင်းဆိုသလိုပင် သတိပာလစ်သွားကြသည်။