မင်းကအခြေတည်စိတ်ဝိညာဥ်အဆင့်ပဲ
Vol. 3 Ch. 27
ရန်ရူထျန်းသည် မီးလုံးကြီးသဖွယ် ကောင်းကင်ကို ပျံသန်းခဲ့သည်။
"ကောင်လေး၊ မင်းရဲ့ မောက်မာမှုနဲ့ မိုက်မဲမှုအတွက် ပြန်ပေးဆပ်စေရမယ်! ဒီနေ့ လင်းယွင်ဂိုဏ်းကို ငါက မြေလှန်ပစ်မယ်။ ဟောက်ယွင်ဂိုဏ်းကို စော်ကားရင် ဘယ်လိုတန်ကြေး ပေးရတယ်ဆိုတာ ကမ္ဘာပေါ်က လူတိုင်းကို ဥပမာပြပေးလိုက်မယ်" ဟု ရန်ရူထျန်းက ဟိန်းဟောက်ကာ ရယ်မောခဲ့သည်။သူ့အသံသည် လေထဲတွင် ပဲ့တင်ထပ်နေပြီး လူတိုင်းကို တုန်လှုပ်စေခဲ့သည်။
သူရဲ့ လှိုင်းထနေသော စိတ်ဝိညာဥ်စွမ်းအင်များသည် လေးဘက်လေးတန်မှ ထွက်လာပြီး ပတ်ဝန်းကျင်က ချက်ချင်း မှောင်မည်းသွားခဲ့သည်။ မဝေးလှတဲ့နေရာမှာ ရှိနေသည့် တပည့်သုံးဦး၏ရဲ့ မျက်နှာအမူအရာသည်လည်း ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ အထူးသဖြင့် ဂူလင်းဖေးဖြစ်သည်။ ထိုနေ့က ကျန်းယီမင်က လက်ချောင်းတစ်ချောင်းတည်းဖြင့် ရန်မင်ဟွေကို ချေမှုန်းလိုက်သည့် မြင်ကွင်းကို သူမမြင်တွေ့လိုက်ရပေ။ ကျန်းယီမင်ရဲ့ လက်ရှိအဆင့်ကိုလည်း သူမသိပေ။ သူ့အမြင်တွင် ကျန်းယီမင်သည် လွန်ခဲ့သော လအနည်းငယ်ကကဲ့သို့ပင် အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်တွင်သာ ရှိနေဆဲဖြစ်သည်။ အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်တစ်ဦးသည် အခြေတည်စိတ်ဝိညာဉ်အဆင့်တစ်ဦးနှင့် ရင်ဆိုင်ရလျှင် ရလဒ်တစ်ခုသာရှိသည်- ချက်ချင်းသေဆုံးခြင်း။
"မဖြစ်ဘူး၊ ငါဆရာ့ကို ကူညီရမယ်" ဟု ဂူလင်းဖေးက ပြောလိုက်သည်။
သို့သော် သူလုပ်တော့မည့်အချိန်တွင် ယွီရှန်ပိုင်က သူ့ကို ဆွဲခေါ်လိုက်ခဲ့သည်။
"စိုးရိမ်မနေနဲ့ ။ မင်းဆရာကို ကြည့်စမ်း။ သူက နည်းနည်းလေးတောင် စိတ်မပူနေဘူး။ သူ့မှာ လျှို့ဝှက်နည်းဗျူဟာတွေ ရှိနေလိမ့်မယ်။ မင်းအသက်ကို လွယ်လွယ်လေး ဆုံးရှုံးမခံချင်စမ်းပါနဲ့"
လူတိုင်းက ထိုစကားကို ကြားရသောအခါ သူတို့၏ အကြည့်များသည် ကျန်းယီမင်ဆီသို့ မြန်မြန်ဆန်ဆန် ရောက်သွားခဲ့သည်။ အမှန်စင်စစ် ကျန်းယီမင် မျက်နှာသည် အေးဆေးတည်ငြိမ်နေပြီး ခန္ဓာကိုယ်လည်း လုံးဝမတုန်လှုပ်ခဲ့ပေ။ ရှေ့မှာ ကြီးမားတဲ့ လှိုင်းတံပိုးတွေ ရှိနေရင်တောင် သူက ဘယ်တော့မှ မနစ်မြုပ်တဲ့ သင်္ဘောကြီးတစ်စင်းလို ဖြစ်နေခဲ့သည်။
အမှန်စင်စစ် ကျန်းယီမင်သည် အခြေတည်စိတ်ဝိညာဉ်အစောပိုင်းအဆင့်တွင် ရှိနေတဲ့ ရန်ရူထျန်းကို အာရုံထဲပင် မထည့်ထားပေ။ အကယ်၍ သူသာ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကလို အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့်တွင် ရှိနေခဲ့ပါ သူကသတိထားပြီး ယှဥ်ဆိုင်ရပေမည်။ သို့သော် သူသည် အမြုတေဖွဲ့စည်းခြင်း ပြီးပြည့်အဆင့်သို့ ရောက်နေခဲ့ပြီး အခြေတည်စိတ်ဝိညာဉ်အဆင့်မှ တစ်ဆင့်သာ ကွာဟနေခဲ့သည်။
အခုလို အဆင့်ကြီးတစ်ဆင့်ကွာနေတာက အလွန်အန္တာရယ်များတာ မှန်ပေသည်။ သို့သော် ကျန်းယီမင်သည် စိမ်းမြကြာပန်း ဖန်တီးခြင်းကျင့်စဉ်ကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် သူသည် အဆင့်နိမ့်တစ်ခုစီကို တက်သွားသည့်အခါတိုင်း သူ့ခွန်အားတိုးတက်မှုသည် သာမန်လူတစ်ဦး၏ ခွန်အားထက် များစွာသာလွန်နေသည်။ ကျန်းယီမင်သည် အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့်မှ အမြုတေဖွဲ့စည်းခြင်း ပြီးပြည့်စုံအဆင့်သို့ တက်ခဲ့သော်လည်း အမှန်စင်စစ် သူ့ခွန်အားသည် ယခင်ထက် ဆယ်ဆ ပိုမိုအားကောင်းလာခဲ့သည်။
မီးလုံးသည် သူ့ဆီသို့ ရောက်လာမည့်အချိန်တွင် ကျန်းယီမင်သည် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်လိုက်သည်။ သူသည် လက်ဝါးနှစ်ဖက်ကို အတူရိုက်ထုတ်လိုက်ပြီး ချက်ချင်းဆိုသလို လေပြင်းတစ်ခုကို ဖွဲ့စည်းလိုက်သည်။ ထိုလေပြင်းများ စုစည်းလာကာ အဆုံးမရှိသော လေထုတစ်ခုထွက်ပေါ်လာပြီး ထိုအခိုက်တွင် မမြင်နိုင်တဲ့ လေဒိုင်းတစ်ခုအဖြစ် စုစည်းသွားခဲ့သည်။ မီးလုံးများသည် လေဒိုင်းနှင့် တိုက်မိသောအခါ ချက်ချင်းဆိုသလို အဆုံးမရှိသော မီးပွားများအဖြစ်သို့ ပြောင်သွားကာ ပြိုကျသွားခဲ့သည်။ လေထဲတွင် ရှိသော ကျန်းယီမင်နှင့် ရန်ရူထျန်းတို့သည် သူတို့တိုက်ကွက်နှစ်ခု တိုက်မိခြင်းရဲ့ နောက်ဆက်တွဲကြောင့် နောက်သို့တစ်လှမ်း ဆုတ်ခွာသွားခဲ့ရသည်။
ခန္ဓာကိုယ်ကို တည်ငြိမ်အောင်လုပ်လိုက်ပြီး ရန်ရူထျန်းသည် ရုတ်တရက် ခေါင်းမော့ကာ အံ့အားသင့်သော မျက်နှာအမူအရာဖြင့် ကျန်းယီမင်ကို ကြည့်ခဲ့သည်။ ကျန်းယီမင်သည် သူ့တိုက်ကွက်ကို တားဆီးနိုင်မယ်လို့ သူဘယ်တုန်းကမှ မထင်ထားခဲ့ပေ။ ထိုလှုပ်ရှားမှုတွင် သူက ခွန်အားအပြည့်အဝကို အသုံးမပြုခဲ့သော်လည်း အမြုတေဖွဲ့စည်းခြင်း ပြီးပြည့်စုံအဆင့်သို့ ရောက်ပြီးသူတစ်ဦးကို အလွယ်တကူ သတ်ရန် လုံလောက်သည်။ ထိုအချိန်တွင် ကျန်းယီမင်သည် ဘာကြောင့် သူ့သားအား ဒီလိုဆိုးရွားစွာ နှိပ်ကွက်နိုင်ခဲ့သည်ကို နောက်ဆုံးတွင် သူနားလည်သွားခဲ့သည်။ မျှော်လင့်မထားသော အရာတစ်ခုဖြစ်သွားတာက သူ့စိတ်ကို ရုတ်တရက် လေးလံသွားစေခဲ့သည်။
"မင်းလည်း အခြေတည်စိတ်ဝိညာဉ်အဆင့်လား" ဟု ရန်ရူထျန်းက ကျန်းယီမင်အား မေးလိုက်သည်။
ကျန်းယီမင်က ခေါင်းခါကာ "မဟုတ်ဘူး၊ ငါ အမြုတေဖွဲ့စည်းခြင်း ပြီးပြည့်စုံအဆင့်ကိုပဲ ရောက်ထားတာ" ဟု ဖြေခဲ့သည်။
" သောက်အဓိပ္ပါယ်မရှိတာ။ တကယ်လို့ မင်းသာ အမြုတေဖွဲ့စည်းခြင်း ပြီးပြည့်စုံအဆင့်ကိုပဲ ရောက်ထားတာဆိုရင် ခုနကတိုက်ကွက်က မင်းကို မီးမြိုက်ပြီး ပြာပဲကျန်နေတော့မှာ။ မင်းက အားနည်းတဲ့သူလို ဟန်ဆောင်ဖို့ စီစဉ်ထားတာပဲ။ ဒါဆိုရင်တော့ မင်းက ငါ့ကို အထင်သေးနေတာပဲ" ဟု ရန်ရူထျန်းက ကျန်းယီမင်၏ လှည့်ကွက်များကို မြင်နေရသကဲ့သို့ အေးစက်စွာ ပြောခဲ့သည်။
"ငါက မျက်စိကန်းပြီး ဂရုမစိုက်တတ်တဲ့ လူမျိုးမဟုတ်ဘူး။ အခု ငါ့ရဲ့အသန်မာဆုံး တိုက်ကွက်ကို မင်းကို ခံစားခွင့်ပေးမယ်"
စကားပြောပြီးသည်နှင့် ရန်ရူထျန်းသည် တိုက်ကွက်စကားစုကို ရွတ်ဆိုရင်း လက်နှစ်ဖက်ဖြင့် လက်ပုံစံပုံစံတစ်ခု ပြုလုပ်လိုက်သည်။ ခဏအတွင်း ကောင်းကင်သည် ပိုမှောင်မည်းလာပြီး မြူများဆိုင်းလာကာ မီးတောက် မီးပွားများ ပျံ့နှံ့လာသည်။
ကျန်းယီမင်ကတော့ ဘာစကားမပြောခဲ့ပေ။ သူသည် အမှန်တရားကို ပြောနေခြင်းဖြစ်ပြီး အမြုတေဖွဲ့စည်းခြင်း ပြီးပြည့်စုံအဆင့်သို့ ရောက်သေးသည်။ရန်ရူထျန်းသည် သူ့က လှည့်စားခဲ့သည့်ပုံစံဖြင့် လုပ်နေတာ ဘာကြောင့်မှန်းလဲ သူလည်းမသိတော့ပေ။ ရန်ရူထျန်းသည် အခုလို ဒီလိုသန်မာတဲ့ တိုက်ကွက်ပုံစံတစ်ခုကို အသုံးပြုဖို့လုပ်နေပြီး ဒေါသထွက်နေတဲ့ အကြောင်းကို သူလည်းမခန့်မှန်းနိုင်ဖြစ်နေသည်။
ရန်ရူထျန်းက "မီးတောက်တစ်ထောင် ကောင်းကင်မီးရှို့ခြင်း" ဟု အော်ဟစ်လိုက်သည်။ ထိုအခိုက်တွင် ကောင်းကင်ရှိ မရေမတွက်နိုင်သော တိမ်တိုက်များသည် မရပ်မနား လှိမ့်တင်လာသည်။ ကြက်သွေးရောင်အလင်းတန်းတစ်ခုသည် ထိုတိမ်တိုက်များ ကြားကနေတစ်ဆင့် တောက်ပလာခဲ့သည်။ တိမ်တိုက်များပေါ်တွင် ချော်ရည်အမြောက်အမြား လှိမ့်ဆင်းလာသည်ကို မြင်တွေ့နိုင်သည်။ ထို့နောက် အဆုံးမရှိတဲ့ မီးလျှံများသည် တိမ်တိုက်များမှတစ်ဆင့် ကျဆင်းလာခဲ့သည်။ ၎င်းသည် ကောင်းကင်ဘုံမှ ပြစ်ဒဏ်ပေးလိုက်လို့ ဥက္ကာခဲများက တစ်လှိမ့်လှိမ့်ကျဆင်းလာသလို ဖြစ်နေသည်။ သည်းထန်စွာ ရွာသွန်းနေတဲ့မီးပင်လယ်သည် လင်းယွင်ဂိုဏ်းတစ်ခုလုံးကို မီးရှို့ပစ်လိုက်မလို ဖြစ်နေသည်။
"သေလိုက်စမ်း၊ လင်းယွင်ဂိုဏ်းကလူတွေ" ဟု ရန်ရူထျန်းသည် ထိုမြင်ကွင်းကို မြင်ရသောအခါ အားပားတရ ရယ်မောလိုက်သည်။ ဤသည်မှာ သူရဲ့ဝှက်ဖဲဖြစ်သည်။ ဟောက်ယွင်ဂိုဏ်းတွင် အခြေတည်စိတ်ဝိညာဉ်အဆင့်အထက်က အကြီးအကဲ အနည်းငယ်ကသာ ဒီတိုက်ကွက်ကို အသုံးပြုနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ဒီတိုက်ကွက်ကို ကောင်းကင်နှင့် မြေကြီးကြားရှိ စိတ်စွမ်းအားကို အကူအညီဖြင့်သာ အသုံးပြုနိုင်ပြီး အသုံးပြုပြီးသည်နှင့် ဒီတိုက်ခိုက်မှုကို မတားဆီးနိုင်သောကြောင့်ဖြစ်သည်။
ကမ္ဘာမြေကို လှုပ်ခတ်စေသော စိတ်စွမ်းအားကို ခံစားရသောအခါ ကျန်းယီမင်သည် ပေါ့ပေါ့ဆဆ မနေတော့ချေ။ အကယ်၍ ဒီတိုက်ကွက်ကိုသာ ကျရောက်ခွင့်ပြုပါက မီးလျှံများသည် လင်းယွင်ဂိုဏ်းတစ်ခုလုံးကို သုတ်သင်ပစ်မည်မှာ သေချာသည်။ လင်းယွင်ဂိုဏ်းအတွင်းတွင် သူ့တပည့်များနှင့် စိတ်ဝိညာဉ်ကျောက်တုံးအမြောက်အမြား အကုန်အကျခံကာ တည်ဆောက်ခဲ့သော ခန်းမဆောင်နှင့် နေရာခြံဝန်းများလည်း ရှိသည်။ ထိုအရာအားလုံးကို ရန်ရူထျန်းအား ဖျက်ဆီးပစ်ခွင့်ကို သူက ဘယ်လိုလုပ်ခွင့်ပြုနိုင်မှာလဲ။
ကျန်းယီမင်သည် အသက်ခပ်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူ့အရင်ဘဝတွင် ကောင်းကင်ဘုရင်အဆင့်ကို ရောက်ခဲ့သူတစ်ဦးအနေဖြင့် အခြေတည်စိတ်ဝိညာဉ်အဆင့်က မည်သည့်အရာကို ကိုယ်စားပြုသည်ကို သူသိသည်။ လူတစ်ဦး၏ ခန္ဓာကိုယ်ကို ကောင်းကင်၊ မြေကြီးတို့နဲ့ ပေါင်းစပ်ကာ ကောင်းကင်နှင့် မြေကြီးတို့ရဲ့ စိတ်စွမ်းအားကို ငှားရမ်းခြင်းသည် အခြေတည်စိတ်ဝိညာဉ်အဆင့်၏ သင်္ကေတတစ်ခုဖြစ်သည်။ ရန်ရူထျန်း၏ မီးတောက်တစ်ထောင် ကောင်းကင်မီးရှို့ခြင်းသည် အခြေတည်စိတ်ဝိညာဉ်အဆင့်ကိုအပြည့်အဝ အသုံးချပြီး ဖော်ထုတ်လိုက်တဲ့ တိုက်ကွက်တစ်ခုဖြစ်သည်။
အမြုတေဖွဲ့စည်းခြင်း ပြီးပြည့်စုံအဆင့်သို့ ရောက်ရှိခြင်းသည် အခြေတည်စိတ်ဝိညာဉ်အဆင့်နဲ့ တစ်ဆင့်သာ ကွာခြားသော်လည်း ထိုတစ်ဆင့်တည်းကပင် ကျန်းယီမင်ကို ကောင်းကင်နှင့် မြေကြီးတို့ရဲ့ စိတ်စွမ်းအားအနည်းငယ်ကိုပင် ငှားရမ်းနိုင်အောင် လုပ်နိုင်စွမ်းမရှိပေ။ ထို့ကြောင့် ဒီတိုက်ကွက်ကို ရင်ဆိုင်ရာတွင် သူက ထိပ်တိုက်ရင်ဆိုင်ရန် လိုအပ်သည်။
"ကောင်းပြီလေ။ ကောင်းကင်ဖျက်စီးကျင့်စဉ်ရဲ့ တကယ့်စွမ်းအားစစ်စစ်ကို မင်းကို ခံစားခွင့်ပေးမယ်" ဟု ကျန်းယီမင်က မျက်လုံးကို ကျဉ်းသွားကာ ပြောလိုက်သည်။
ထို့နောက် သူ့ခန္ဓာကိုယ်သည် ရုတ်တရက် ပုံရိပ်ယောက်တစ်ခုလို ဝါးသွားခဲ့သည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများမှတစ်ဆင့် စီးဆင်းနေသော အပြာရောင် စိတ်ဝိညာဥ်စွမ်းအင်ကို မြင်တွေ့နိုင်သည်။ ကျယ်ပြန့်ပြီး အားကောင်းတဲ့ စိတ်စွမ်းအင်သည် နောက်ဆုံးတွင် သူ့ညာဘက်လက်က လက်ညှိုးပေါ်တွင် စုဝေးသွားခဲ့သည်။
"ကောင်းကင်ဖျက်စီးလက်ချောင်း" ဟု ခပ်တိုးတိုး အသံဖြင့် အော်ဟစ်ကာ ကျန်းယီမင်သည် မျက်စိကို ဖွင့်လိုက်သည်။
အဆုံးမရှိသော စိတ်စွမ်းအားများသည် ချက်ချင်းဆိုသလို ကောင်းကင်နှင့် မြေကြီးကိုပင် ဖုံးလွှမ်းသွားခဲ့သည်။ တစ်ကမ္ဘာလုံးသည် ခဏအတွင်း ပျက်စီးသွားတယ်လို ခံစားလိုက်ရသည်။ အတောမသတ်နိုင်တဲ့ ဖိအားများ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။ တောင်တန်းကြီးသဖွယ် ကြီးမားနေတဲ့ မီးခိုးရောင် လက်ချောင်းတစ်ချောင်းသည် မြေကြီးမှ ဖြည်းဖြည်းချင်း မြင့်တက်လာခဲ့သည်။ ထိုလက်ချောင်းသည် ကောင်းကင်ကနေ ကျလာတဲ့ မဆုံးနိုင်သော မီးလျှံများနှင့် တိုက်မိသွားခဲ့သည်။
ဒီလက်ချောင်းတိုက်ကွက်ကို အသုံးပြုသောအခါ ကျန်းယီမင်မှလွဲ၍ လူတိုင်းရဲ့ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။ မယုံနိုင်စရာကောင်းလောက်တဲ့ အံ့အားသင့်ဖွယ် ဤမြင်ကွင်းကို သူတို့မျက်လုံးများ ပြူးလာကာ အလန့်တကြား ကြည့်နေမိကြသည်။
ရန်ရူထျန်းနှင့် ယွီရှန်ပိုင်တို့က ပို၍ပင် အံ့အားသင့်သွားခဲ့ကြသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် ဒီလက်ချောင်းမှ သေလောက်သည့် အန္တရာယ် အငွေ့အသက်ကို ခံစားမိသောကြောင့်ဖြစ်သည်။
................
မိုင်ပေါင်းရာချီက တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာမှ တိုင်းပြည်အကြံပေးသည်ပင် အံ့အားသင့်သော မျက်နှာအမူအရာဖြင့် ခေါင်းကို ရုတ်တရက် မော့လိုက်သည်။
'ဒါ အခြေတည်စိတ်ဝိညာဉ်အဆင့်က စွမ်းအားရှင်တွေကြား တိုက်ပွဲပဲ။ ဘာလို့ အဲ့လိုကျင့်ကြံဆင့်ကလူတွေ တိုက်ခိုက်နေကြတာလဲ? မကောင်းတော့ဘူး၊ ဒီအရှိန်အဝါက လင်းယွင်ဂိုဏ်းဖက်ကပဲ။ သူတို့က မင်းသမီးကို ပစ်မှတ်ထားနေကြတာလား'
ထိုအချက်ကို တွေးမိသောအခါ တိုင်းပြည်အကြံပေးမျက်နှာသည် ချက်ချင်း မှောင်မည်းသွားခဲ့သည်။
"ဒါမဖြစ်ဘူး၊ မင်းသမီး တစ်ခုခု ဖြစ်သွားလို့မရဘူး"
တစ်ယောက်ထဲ ရေရွှတ်ပြီးနောက် သူက မြန်မြန်ဆန်ဆန် အရှိန်တင်လိုက်ပြီး သူ့ခန္ဓာကိုယ်သည် ချက်ချင်းဆိုသလို ကောင်းကင်မှာ ပျံသန်းနေတဲ့ အလင်းတန်းတစ်ခု ဖြစ်လာခဲ့သည်။