← Chapters

ရှေးဟောင်းလမြို့တော်

Vol. 3 Ch. 31

ရှေးဟောင်းလမြို့တော်

Vol. 3 Ch. 31

ကျန်းယီမင်သည် ကောင်းကင်ကနေ ဆင်းလာပြီး ရှေးဟောင်းလမြို့ထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်ခဲ့သည်။ မြို့အတွင်းရှိ လမ်းများသည် စည်ကားသိုက်မြိုက်နေသည်။ ရှေးဟောင်းလမြို့သည် တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာရဲ့ စီမံခန့်ခွဲမှုအောက်ရှိ မြို့တစ်မြို့ဖြစ်သည်။ သို့သော် ဒီမြို့သည် တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာနှင့် ဟောက်ယွင်ဂိုဏ်းကြားရှိ နယ်စပ်တွင် တည်ရှိသည်။ ဤမြို့ငယ်လေးသည် တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာနှင့် ဟောက်ယွင်ဂိုဏ်းသို့ နေ့စဉ်သွားလာနေသော လူများဖြင့် ပြည့်နှက်နေသည်ဟု ဆိုနိုင်သည်။

ဤအစွန်အဖျားဒေသရှိ လူအများစုသည် သာမန်လူများဖြစ်သော်လည်း နှစ်ဖက်စလုံးမှ ကျင့်ကြံရေးပညာရှင်များလည်း ရှိသည်။ ကျန်းယီမင်သည် အစထဲကပင် ဒီမြို့ငယ်သို့ လာရောက်ရန် သူအကြံအစည်များ ရှိခဲ့သည်။ ယခုအခါ လင်းယွင်ဂိုဏ်းနှင့် ဟောက်ယွင်ဂိုဏ်းတို့သည် ကမ္ဘာမကြေ ရန်သူဖြစ်သွားပြီဖြစ်ရာ ဟောက်ယွင်ဂိုဏ်းက စီမံခန့်ခွဲမှုအတွင်းတွင် တပည့်များ စုဆောင်းရန် ခက်ခဲလာမည်ဖြစ်သည်။

အခြားတစ်ဖက်တွင် ဟွမ်းချောင်ယုနှင့် တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာကြားဆက်ဆံရေးသည်လည်း ရန်သူသဘောဆောင်သည်။ ထို့ကြောင့် ကျန်းယီမင်သည် တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာက အဓိကမြို့တော်များကိုလည်း မသွားရောက်နိုင်ပေ။ ထို့ကြောင့် သူသည် နှစ်ဦးနှစ်ဖက်စလုံး ဂရုမစိုက်သော ယခုကဲ့သို့သောနေရာကိုသာ မျှော်မှန်းနိုင်သည်။ ထိုသို့သောနေရာတစ်ခုကို အကောင်းနှင့် အဆိုးရောထွေးနေသောနေရာဟု သတ်မှတ်နိုင်သည်။

နှစ်ဖက်လုံးမှ ထွက်ပြေးနေသော အပြစ်သားများရှိသကဲ့သို့ အခြားတစ်ဖက်တွင် အခွင့်အလမ်းများ ရှာဖွေလိုသော ပါရမီရှင်များလည်း အများအပြားရှိသည်။ ပါရမီရှင်တစ်ဦးနှင့် တွေ့ဆုံနိုင်ခြေရှိမရှိမှာ နောက်ဆုံးတွင် ကံကြမ္မာအပေါ် မူတည်သည်။သို့သော် ကျန်းယီမင်သည် ထိုကံကို စမ်းကြည့်ရန် ဆန္ဒရှိခဲ့သည်။ ရှေးဟောင်းလမြို့သို့ ရောက်ရှိပြီးနောက် ကျန်းယီမင်သည် မြို့အတွင်းရှိ အစည်ကားဆုံးနေရာကို မြို့ခံတသ်ဦးကို မေးမြန်းခဲ့သည်။ ၎င်းသည် မြို့လယ်ရှိ ယွမ်လိုင်ဟုခေါ်သော စားသောက်ဆိုင်တစ်ခုဖြစ်သည်။

ကျန်းယီမင်သည် ထိုလူအား ကျေးဇူးတင်ပြီးနောက် တိုက်ရိုက် ယွမ်လိုင်စားသောက်ဆိုင်သို့ သွားရောက်ခဲ့သည်။ ထို့နောက် သူက ပြတင်းပေါက်ဘေးရှိ စားပွဲတစ်လုံးကို ရွေးချယ်ထိုင်ပြီး သေရည်အိုးအနည်းငယ်ကို မှာယူကာ တစ်ကိုယ်တည်း သောက်နေခဲ့လိုက်သည်။

အပေါ်ယံမှာတော့ ယီမင်က တစ်ယောက်တည်း သောက်နေသော်လည်း သူ့အာရုံသည် တကယ်တမ်း ဘေးဘက်ရှိ စားသုံးသူများအပေါ်တွင် စူးစိုက်ထားသည်။ ယေဘုယျအားဖြင့် နေရာအနှံ့မှ ကျင့်ကြံသူများသည် ဒီဆိုင်ကဲ့သို့သော စည်ကားသောနေရာမျိုးတွင် သူတို့ဇာတ်လမ်းများကို ပြောပြရန် ပြန်နားထောင်ရန် စုဝေးလေ့ရှိကြသည်။ ကျန်းယီမင်သည် တပည့်အသစ်ကို လက်ခံလိုသည်သာမက ဟောက်ယွင်ဂိုဏ်းနှင့် တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာအကြောင်းကိုလည်း သူသိရှိလိုသည်။

အဲ့လိုရည်ရွယ်ချက်များအတွက် သွားစူးစမ်းရန် အကောင်းဆုံးနေရာမှာ ယခုကဲ့သို့သော စားသောက်ဆိုင်ပင် ဖြစ်သည်။ ကျန်းယီမင် စားသောက်ဆိုင်ထဲသို့ ဝင်ရောက်သည့်အချိန်မှစ၍ သူသည် သတင်းအမျိုးအစားအားလုံးကို ကြားခဲ့ရသည်။ ကံမကောင်းစွာပဲ၊ ထိုသတင်းများသည် အဓိကဂိုဏ်းကြီးနှစ်ခုနှင့် မသက်ဆိုင်သကဲ့သို့ မည်သည့်ပါရမီရှင်များရဲ့ သတင်းနှင့်လည်း မသက်ဆိုင်ပေ။ ကျန်းယီမင်သည် ခေါင်းကိုခါမိကာ အနည်းငယ် အပျင်းကြောဆွဲခဲ့ပြီး စိက်ပျက်သွားရသည်။

"အိုး ဟုတ်တယ်၊ မင်းတို့တွေ ဟောက်ယွင်ဂိုဏ်းမှာ မကြာသေးခင်က ဖြစ်ခဲ့တာတွေကို ကြားကြပြီလား" ဟု ထိုအခိုက်တွင် မုတ်ဆိတ်မွေးရှည်ရှည် ယောက်ျားတစ်ဦးက ရုတ်တရက် စကားထပြောလိုက်သည်။

သူနှင့်အတူတကွ ထိုင်နေကြသော စားသုံးသူများသည် ခဏတစ်ဖြုတ် အံ့အားသင့်သွားကာ "ဟောက်ယွင်ဂိုဏ်းမှာက ဘာဖြစ်သွားလို့လဲ" ဟု မေးမြန်းလိုက်ကြသည်။

သူတို့စကားကို ကြားရသောအခါ ကျန်းယီမင်ရဲ့ စိတ်ဝင်စားမှုသည် ချက်ချင်းပြန်လည် တက်လာခဲ့သည်။

မုတ်ဆိတ်မွေးရှည်ရှည်ယောက်ျားသည် ဆက်လက်ပြီး "မကြာသေးခင်တုန်းက သူတို့ရဲ့ အခြေတည်စိတ်ဝိညာဉ်အဆင့် အကြီးအကဲတစ်ယောက် သေသွားတယ်"

"ဘာကွ"

ထိုစကားလုံးများ ပြောလိုက်သောအခါ တည်ငြိမ်သောရေကန်ထဲသို့ ကျောက်တုံးကြီးတစ်တုံး ပစ်ချလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။

ပတ်ဝန်းကျင်ရှိ လူများသည် မုတ်ဆိတ်မွေးရှည်ရှည်ယောက်ျားကို ဝိုင်းရံကာ သူ့ကို စိုက်ကြည့်လိုက်ပြီး သိချင်စိတ်များ ပြည့်နှက်နေခဲ့ကြသည်။

"အခြေတည်စိတ်ဝိညာဉ်အဆင့် အကြီးအကဲသေတာက အလွန်အရေးကြီးတဲ့ ကိစ္စရပ်တစ်ခုပဲ။ ဘယ်လို ဖြစ်တာတဲ့လဲ? တစ်ယောက်ယောက်က ဟောက်ယွင်ဂိုဏ်းနဲ့ စစ်ပွဲစလိုက်တာလား? တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာကများလား" ဟု ချက်ချင်းဆိုသလို တခြားတစ်ဦးက မေးခဲ့သည်။

မုတ်ဆိတ်မွေးရှည်ရှည်ယောက်ျားက ခေါင်းခါကာ "မဟုတ်ဘူး။ တစ်စုံတစ်ယောက်က ဟောက်ယွင်ဂိုဏ်းနဲ့ စစ်ပွဲစတင်တယ်ဆိုတာ အမှန်ပဲ။ ဒါပေမယ့် အဲ့တာက လင်းယွင်ဂိုဏ်းလို့ခေါ်တဲ့ ဂိုဏ်းလေးတစ်ခုကပဲ" ဟု ပြောလိုက်သည်။

"လင်းယွင်ဂိုဏ်း? ငါမကြားဖူးဘူး။ မင်းကြားဖူးလား"

လူများစွာက ခေါင်းခါခဲ့ကြသည်။

"ဘာဖြစ်တာလဲ? ငါတို့ကို စိတ်မရှည်အောင် လုပ်မနေနဲ့။ မြန်မြန် ပြောပြစမ်းပါ"

"ဟုတ်တယ်။ မင်းအခုမပြောရင် ငါစိတ်ဝင်စားလို့ သေတော့မလို့ပဲ ပြောစမ်းပါဟ"

လူအုပ်က စပ်စုလိုစိတ်အပြည့် မျက်နှာအမူအရာဖြင့် ကြည့်ရင်း အော်ဟစ်နေသဖြင့် မုတ်ဆိတ်မွေးရှည်ရှည်ယောက်ျားက ရယ်မောကာ "ဒီလင်းယွင်ဂိုဏ်းက အစတုန်းက ဟောက်ယွင်ဂိုဏ်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ ပဉ္စမအဆင့် အင်အားစုတစ်ခုလေးသပ်သပ်ပဲကွ။ ဒါပေမယ့် သိပ်မကြာခင်ကပဲ ဘာကြောင့်မသိ လင်းယွင်ဂိုဏ်းမှာ တအားအစွမ်းထက်တဲ့ ဂိုဏ်းချုပ်တစ်ယောက် ပေါ်လာတယ်။ အဲ့ဂိုဏ်းချုပ်က ဟောက်ယွင်ဂိုဏ်းကို ဆက်ပြီး စိတ်ဝိညာဥ်ကျောက်တုံး ပေးဖို့ ငြင်းရုံမကသေးဘူး သူက ဟောက်ယွင်ဂိုဏ်းက တပည့်တစ်ဖွဲ့ကိုလည်း သတ်ပစ်လိုက်သေးတယ်။ ပြီးတော့ သိပ်မကြာခင်ပဲ ဟောက်ယွင်ဂိုဏ်းက စုံစမ်းလိုက်ဖို့ စေလွှတ်လိုက်တဲ့ အခြေတည်စိတ်ဝိညာဉ်အဆင့် အကြီးအကဲတစ်ယောက်ကိုတောင် သတ်ပစ်လိုက်သေးတယ်ကွ" ဟု ဖြည်းဖြည်းချင်း ပြောဆိုခဲ့သည်။

ထိုစကားများ ပြောလိုက်သောအခါ စားသောက်ဆိုင်တစ်ခုလုံးသည် ချက်ချင်း ဆူညံသံများဖြင့် ပေါက်ကွဲထွက်သွားခဲ့သည်။

"ဘာကွ? ပဉ္စမအဆင့် အင်အားစုတစ်ခုမှာ ဒီလိုအဆင့်မြင့်သူတွေ ရှိတာလား? ဒါက ကောလာဟလကြီးသပ်သပ် မဖြစ်နိုင်ဘူးလား"

"ကောလာဟလမဟုတ်ဘူး။ ဒီကိစ္စကို ငါလည်းသိတယ်၊ ဟောက်ယွင်ဂိုဏ်း နယ်မြေအတွင်းက ဂိုဏ်းတွေအများကြီးကလည်း သိကြတယ်"

"ဒါဆိုရင် လင်းယွင်ဂိုဏ်းက ဘယ်လောက်တောင် သတ္တိရှိလိုက်သလဲ? သူတို့က ဟောက်ယွင်ဂိုဏ်းလို သန်မာတဲ့ ဂိုဏ်းတောင် ရန်ရှာရဲတယ်ဟ"

"မှန်တယ်။ အခုဆိုရင် ဟောက်ယွင်ဂိုဏ်းကို မကျေမနပ်ဖြစ်နေတဲ့ အင်အားစုတွေပါ ပိုပိုများနေပြီ၊ အခုတော့ သူတို့ကို ရန်ရှာရဲတဲ့သူ ဦးဆောင်ရှိနေပြီဆိုတော့ အဲ့ဂိုဏ်းသေးသေးလေးတွေကလည်း ပြသနာရှာချင်နေကြပြီ။ ဟောက်ယွင်ဂိုဏ်းကသာ အားအပြည့်နဲ့ ထွက်လာပြီး သူတို့ကို လာချေမှုန်းသွားမှာပဲ ငါစိတ်ပူမိတယ်"

"ဒါဆိုရင်တော့ လင်းယွင်ဂိုဏ်းက ပျက်စီးရတော့မှာပဲ။ တကယ်တမ်းဆို ဟောက်ယွင်ဂိုဏ်းမှာ မွေးဖွားခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရှိတယ်တဲ့"

"ဟုတ်တယ်၊ ဟုတ်တယ်၊ မင်းပြောတာမှန်တယ်။ လင်းယွင်ဂိုဏ်းကနေ ဝေးဝေးနေကြရအောင်။ ငါတို့ကိုယ်ငါတို့ ပြသနာမရှာတာကောင်းတယ်"

...

ကျန်းယီမင်သည် သူတို့ဆွေးနွေးမှုများကို နားထောင်ရင်း ခေါင်းကိုက်လာသလိုပါ ခံစားလိုက်ရသည်။ လင်းယွင်ဂိုဏ်းသည် ယခုအခါ နာမည်ကြီးနေသော်လည်း ၎င်းသည် ကောင်းသောနာမည်မဟုတ်ပေ။ ဟောက်ယွင်ဂိုဏ်းသည် လူတိုင်းကို ဖိစီးနိုင်သော ဧရာမတောင်ကြီးတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။ မည်သူကမျှ ဟောက်ယွင်ဂိုဏ်းကို စော်ကားရန် မဝံ့မရဲဖြစ်နေကြသကဲ့သို့ လင်းယွင်ဂိုဏ်းနှင့် နီးစပ်ရန်လည်း မဝံ့မရဲဖြစ်နေကြသည်။

လတ်တလော လာရောက်လည်ပတ်ခဲ့ကြသော ဂိုဏ်းများသည် လင်းယွင်ဂိုဏ်းက ဟောက်ယွင်ဂိုဏ်းကို တိုက်ခိုက်ရာတွင် ရှေ့ကနေ ဦးဆောင်ရန် လိုလားပြီး သူတို့က နောက်မှလိုက်ကာ အခြေအနေမကောင်းရင် လင်းယွင်ဂိုဏ်းသည် ပထမဆုံး မီးစာဖြစ်သွားမှာကို မျှော်မှန်းထားကြသည်။ ဤသို့ဖြင့် ကျန်းယီမင်သည် အရာအားလုံးကို နောက်ဆုံးတွင် ရှင်းရှင်းလင်းလင်း သိသွားခဲ့သည်။ သို့သော် ထိုသို့ဆိုလျှင် သူ့အတွက် တပည့်အသစ်စုဆောင်းရန် မလွယ်ကူတော့ပေ။

အဘယ့်ကြောင့်ဆိုသော် အပြင်လူရဲ့ ရှုထောင့်မှ ကြည့်လျှင် လင်းယွင်ဂိုဏ်းသည် ပျက်စီးတော့မည်ဖြစ်သည်။ မည်သူက ပျက်စီးတော့မယ့် အင်အားစုတစ်ခုထဲသို့ ဝင်ရောက်ချင်မလဲ? တကယ်လို့သာ အဲ့လူသည် အသက်ရှည်ရှည်မနေချင်သူ ဆိုရင်ပေါ့။

ကျန်းယီမင် သေသေချာချာ တွေးနေစဉ် စားသောက်ဆိုင်တွင် ဆူညံသံများ ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။

ဆံပင်ရှုပ်ပွပြီး ပေတေနေတဲ့ လူငယ်တစ်ဦးသည် စိုးရိမ်တကြီးဖြင့် စားသောက်ဆိုင်ထဲသို့ ဝင်ရောက်ပုန်းအောင်းလာသည်။ သူ့နောက်တွင် အနက်ရောင်ဝတ်စုံဝတ်ထားသည့် ယောက်ျားများက လိုက်လံတိုက်ခိုက် ဖမ်းဆီးရမ် ကြိုးစားနေကြသည်။ ထိုင်နေတဲ့လူများသည် ထိုမြင်ကွင်းကို မြင်သောအခါ မီးစာမဖြစ်ရန် မြန်မြန်ဆန်ဆန် ဘေးသို့ရွေ့လိုက်ကြသည်။

ထိုသို့သော လိုက်လံတိုက်ခိုက်မှုမျိုးသည် ကျင့်ကြံသူများ၏ ကမ္ဘာတွင် အစဥ်ဖြစ်လေ့ရှိသည်။ သူတို့က ထိုအရာကို ကျင့်သားရသွားသည်။ သူတို့အား ဒုက္ခလာမသေးသ၍ မည်သူမှန်သည် မည်သူမှားသည်ကို သူတို့ဂရုမစိုက်ကြပေ။

ထို့ကြောင့် လူငယ်လေးရဲ့ ပြေးလမ်းသည် သူ့ကိုလိုက်လံသူများထံ ပေါ်သွားခဲ့သည်။

"သခင်လေး၊ မပြေးပါနဲ့တော့။ မင်း ထွက်မပြေးနိုင်တော့ဘူး" ဟု ထိုလိုက်လံသူများရဲ့ ခေါင်းဆောင်က လမ်းဖယ်သွားကြတဲ့ လူအုပ်ကို ကြည့်ကာ ရယ်မောပြီး အော်ပြောလိုက်သည်။

ထိုလူငယ်ရဲ့ မျက်နှာအမူအရာသည် အလွန်ဆိုးရွားနေသည်။ သူသည် ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်သည်။ ကျန်းယီမင်မှလွဲ၍ အခြားသူအားလုံးသည် ဘေးဘက်သို့ ဆုတ်ခွာသွားကြပြီး ဤကိစ္စတွင် ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက်မရှိကြောင်း သိသာထင်ရှားနေသည်။

ထိုအချက်ကို မြင်ရသောအခါ ထိုလူငယ်ရဲ့မျက်နှာသည် အေးစက်သွားကာ " ဆုတောင်းနေစမ်း။ မင်းတို့ သစ္စာဖောက်ကောင်တွေ၊ ငါအဖမ်းခံရမယ့်အစား မင်းတို့ပါ သတ်ပြီး အသေခံလိုက်မယ်" ဟု ပြောဆလိုက်သည်။

"မင်းတစ်ယောက်တည်းနဲ့ပေါ့" ဟု ခေါင်းဆောင်က အရွဲ့တိုက်ရယ်ကာ ပြောလိုက်သည်။။

ထိုအခိုက်တွင် ထိုခေါင်းဆောင်သည် ရုတ်တရက် တိုက်ခိုက်လိုက်သည်။ မမြင်ရသော စိတ်ဝိညာဥ်ဓားပျံတစ်ခုသည် လူငယ်ထံသို့ ပြေးလွှားသွားခဲ့သည်။လူငယ်ရဲ့ နှလုံးသားသည် တုန်လှုပ်သွားပြီး မြန်မြန်ဆန်ဆန် ရှောင်တိမ်းလိုက်သည်။

ထို့ကြောင့် ထိုစိတ်ဝိညာဥ်ဓားပျံသည် သူ့နောက်ကွယ်ရှိ ကျန်းယီမင်ဆီသို့ ဆက်ပြီးပျံသွားခဲ့သည်။

"သတိထား" ဟု လူငယ်က ထိုမြင်ကွင်းကို မြင်ရသောအခါ မြန်မြန်ဆန်ဆန် အော်ဟစ်လိုက်သည်။ သူသည် စိတ်ဝိညာဥ်ဓားပျံကို တားဆီးလိုသော်လည်း အချိန်နောက်ကျသွားခဲ့သည်။

နောက်တစ်စက္ကန့်အတွင်း ဓားပျံသည် ကျန်းယီမင်ရဲ့ကျောပြင်ကိုပါ ထိုးဖောက်တော့မယ့်အချိန်တွင် သူသည် ရုတ်တရက် လှုပ်ရှားလိုက်သည်။ ဓားပျံသည် စားပွဲကို နှစ်ပိုင်းပိုင်းသွားသည်။

အကယ်၍ ကျန်းယီမင်သာ သာမန်လူတစ်ဦးသာဖြစ်နေပါက သူလည်း ခုံနဲ့အတူ နှစ်ပိုင်းပိုင်းခံရမည်ဖြစ်သည်။ ကျန်းယီမင် ဘာမှမဖြစ်တာကို မြင်ရသောအခါ လူငယ်သည် ချက်ချင်း စိတ်သက်သာရာရသွားခဲ့သည်။ သို့သော် အနက်ရောင်ဝတ်စုံဝတ်ထားသည့် လူအုပ်စုသည် မျက်ခုံးကြုတ်ကာ ရုတ်တရက် အန္တရာယ် အငွေ့အသက်ကို ခံစားရလိုက်သည်။

All Chapters