ဂိုဏ်းအပြန်
Vol. 3 Ch. 36
ရက်အတန်ကြာပြီးနောက် လင်းယွင်ဂိုဏ်း တောင်တံခါးဝအပြင်ဘက်ရှိ တောင်ကြားလမ်းပေါ်တွင် ရှန့်ကွမ်းချင်ယန်သည် ကျန်းယီမင်ရဲ့ ခြေရာအတိုင်း ခပ်စိပ်စိပ်လိုက်နေသည်။
"စနစ်၊ စခရင်ကို ဖွင့်ပါ" ဟု ကျန်းယီမင်က စိတ်ထဲမှပြောလိုက်သည်နှင့် ရှန့်ကွမ်းချင်ယန်ရဲ့ အချက်အလက်များ သူ့စိတ်ထဲတွင် ပေါ်လာသည်။
[အမည် - ရှန့်ကွမ်းချင်ယန်]
[ကျင့်ကြံအဆင့် - ချီစုဆောင်းခြင်း အလယ်အလတ်အဆင့်]
[ဂိုဏ်း- လင်းယွင်ဂိုဏ်း]
[ကျင့်စဥ် - မရှိ]
[ကိုယ်ခန္ဓာ - နိုးကြားမှုမရှိသေး ]
[အသိပေးချက် - ခန္ဓာကိုယ်အတွင်းရှိ ချီလမ်းကြောင်းအားလုံး ကျိုးပျက်နေပြီး စိတ်ဝိညာဥ်စွမ်းအင်များ လှည့်ပတ်မှု မရှိသောကြောင့် ကျင့်ကြံမှုတိုးတက်ရန် ချီလမ်းကြောင်းများကို ပြန်လည်ဆက်သွယ်ရမည်။]
ကျန်းယီမင်သည် စိတ်တွင်းမှ ခေါင်းညိတ်လိုက်ပြီး တခြားစနစ် စခရင်ဆီသို့ အကြည့်ပြောင်းလိုက်သည်။
[တာဝန်အမျိုးအစား - အရံတာဝန်]
[တာဝန်အမည်] - ပြန်လည်မွေးဖွားခြင်း]
[တာဝန်လိုအပ်ချက် - သင်၏စတုတ္ထမြောက်တပည့် ရှန့်ကွမ်းချင်ယန်ရဲ့ ချီလမ်းကြောင်းများကို ပြုပြင်ရန်]
[တာဝန်ဆုလက်ဆောင် - ငှက်များရိုသေ ဖီးနစ် လှံတံကျင့်စဥ်]
ထိုအရာမှာ ရှန့်ကွမ်းချင်ယန်အား တပည့်အသစ်အဖြစ် စုဆောင်းခဲ့သည့်ညက သူ့ကိုထုတ်ပေးခဲ့သော အရံတာဝန်ဖြစ်သည်။ ဤတာဝန်ကို ပြီးမြောက်လိုပါက ပထမဦးစွာ ကောင်းကင်ရွှယ်တင်ပြောင်းလဲကျင့်စဥ်ကို ပြီးပြည့်စုံအဆင့်ထိ လေ့ကျင့်ရမည်ဖြစ်သည်။ ကျန်းယီမင်သည် ယခင်က ဆေးပညာကို မလေ့ကျင့်ဖူးသဖြင့် ယခုအခါ စိတ်ထဲကနေ မြန်မြန်ဆန်ဆန် လေ့ကျင့်လို့မရနိုင်ပေ။ ထို့သို့ စဉ်းစားပြီးနောက် ပထမဦးစွာ အဓိကတာဝန်ကို အမြန်ဆုံးပြီးမြောက်အောင် ဆောင်ရွက်ပြီး အခြေတည်စိတ်ဝိညာဥ်အဆင့်သို့ ရောက်ရှိကာ ဆေးပညာရပ်ဆိုင်ရာ ဌာနတစ်ခု တည်ဆောက်ရန် ဆုံးဖြတ်လိုက်သည်။
ဖြစ်နိုင်သည်မှာ တည်ဆောက်ရေးတာဝန် ပြီးမြောက်ပြီးနောက် ဆုအဖြစ်ရရှိလာမည့် ဆေးလုံးသုံးမျိုးထဲမှ တစ်ခုသည် သူ့အား ကောင်းကင်ရွှယ်တင်ပြောင်းလဲကျင့်စဥ်တွင် အရှိန်အဟုန်ဖြင့် တိုးတက်စေနိုင်မည်ဖြစ်သည်။
ထိုသို့ စဉ်းစားနေစဉ် ရှန့်ကွမ်းချင်ယန်အသံသည် ရုတ်တရက် သူ့နောက်မှ ကြားလာရသည်၊ "ဆရာ၊ ကျွန်တော်တို့ဂိုဏ်းကို ဘယ်လိုခေါ်သလဲ"
"လင်းယွင်ဂိုဏ်း" ဟု ကျန်းယီမင်က ခေါင်းပြန်မလှည့်ဘဲ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
"လင်းယွင်ဂိုဏ်းလား။ ဒီနာမည်က နည်းနည်းရင်းနှီးနေသလိုပဲ" ဟု ရှန့်ကွမ်းချင်ယန်က မေးရိုးကိုကိုင်ကာ မျက်ခုံးကျုံ့ပြီး တွေးနေသည်။
"ဟုတ်တယ်၊ မှတ်မိပြီ။ ကျွန်တော် ဒီနာမည်ကိုကြားဖူးတယ်။ ဆရာ၊ သိပ်မကြာခင်က နာမည်ကြီးလာတဲ့ လင်းယွင်ဂိုဏ်းကို ပြောတာလား" ဟု ရှန့်ကွမ်းချင်ယန်သည် မည်သည့်နေရာတွင် ကြားဖူးခဲ့ကြောင်း ရုတ်တရက်သတိရသွားပြီး ကျန်းယီမင်ဘေးသို့ မြန်မြန်လျှောက်လာသည်။
ကျန်းယီမင်က ခေါင်းညိတ်ကာ "မှန်တယ်၊ ဒါကအဲဒီ လင်းယွင်ဂိုဏ်းပဲ" ဟု အလေးမထားဟန်ဖြင့် ပြောလိုက်သည်။
ထိုအဖြေကိုရပြီးနောက် ရှန့်ကွမ်းချင်ယန်သည် ယိုင်လဲပြီး ခြေလှမ်းများမှားသွားသလိုပင် ဖြစ်သွားသည်။ သူသည် အချိန်တန်ကြာ လိုက်လံဖမ်းစီးမှုမှ ထွက်ပြေးနေခဲ့သော်လည်း သတင်းအချက်အလက်များကို အနည်းနှင့်အများ ကြားဖူးခဲ့သည်။ လင်းယွင်ဂိုဏ်းသည် ပဉ္စမအဆင့် အင်အားစုတစ်ခုမျှသာဖြစ်သည်။ ဂိုဏ်းခေါင်းဆောင်၌ အခြေတည်စိတ်ဝိညာဥ်အဆင့်ရှိသူကို သတ်နိုင်သည့် စွမ်းရည်ရှိသည်ဟု အဆိုရှိသော်လည်း၊ နောက်ဆုံးတွင်မူ ထိုအရာက လူတစ်ဦးတည်းရဲ့ စွမ်းရည်သာဖြစ်သည်။ ဂိုဏ်း စုစုပေါင်းစွမ်းရည်သည် စတုတ္ထအဆင့် အင်အားစုတစ်ခုနှင့်ပင် နှိုင်းယှဉ်၍ပင် မရနိုင်ပေ။
သူအစက ကျန်းယီမင်က သူ့ကို တပည့်အဖြစ် လက်ခံရန် ဝံ့ကြွားသည်မှာ အနည်းဆုံး ဒုတိယအဆင့် အင်အားစုတစ်ခု နောက်ကွယ်တွင် ရှိမယ်ဟု ထင်မှတ်ခဲ့သည်။ အဖြစ်မှန်သည် သူမျှော်လင့်ထားသည်နှင့် လုံးဝကွဲပြားနေသည်ကို မည်သူက ထင်မှတ်ထားမည်နည်း။ ထိုကဲ့သို့သော အင်အားစုတစ်ခုသည် သူ့မိသားစုမှ လက်ချောင်းတစ်ချောင်းသီးသန့်ဖြင့်ပင် ချက်ချင်းဖျက်ဆီးခံရမည်ဖြစ်သည်!
"သွားပြီ၊ ငါလှည့်စားခံလိုက်ရတာလား" ဟု ရှန့်ကွမ်းချင်ယန်က ခေါင်းခါကာ သက်ပြင်းချလိုက်သည်။
ထိုစကားလုံးများသည် ကျန်းယီမင်နားထဲကနေ လွှတ်မြောက်သွားခြင်း မရှိပေ။ ထိုစကားကို ကြားရသောအခါ ကျန်းယီမင်သည် စိတ်ထဲ၌ ထိန်းမရအောင် ရယ်မောလိုက်သည်။
'ရှန့်ကွမ်းချင်ယန် ငါ့ 'လှည့်စားမှု' ထဲသို့ ဝင်ရောက်ပြီးမှတော့ ထွက်ပြေးဖို့ မစဉ်းစားနဲ့တော့!'
...
ဂိုဏ်းအတွင်းသို့ သူတို့နှစ်ဦးဝင်ရောက်လာသောအခါ တပည့်သုံးယောက် လေ့ကျင့်ရေးကွင်းတွင် ကျင့်ကြံနေသည်ကို တွေ့လိုက်ရသည်။ ယဲ့ယွမ်ဖန်နှင့် ဟွမ်းချောင်ယုတို့က ဂူလင်းဖေးအား နှစ်ဦးတွဲတိုက်ခိုက်နေခြင်းဖြစ်သည်။ ထိုနှစ်ဦးရဲ့ ခွန်အားသည် ပိုမိုကောင်းမွန်လာခဲ့သည်။
ယဲ့ယွမ်ဖန်ရဲ့ လွင့်မျောတိမ်တိုက်ကျိုးပဲ့လဓားကျင့်စဥ်ကျွမ်းကျင်မှုနှင့် ဟွမ်းချောင်ယုရဲ့ ဘုံကိုးခွင် မြင့်မြတ်ဖီးနစ်ကျင့်စဥ် ကျွမ်းကျင်မှုတို့မှာ ချောမွေ့ပြီး ပြီးပြည့်စုံနေသည်။ သူတို့ ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဥ်စွမ်းအင်မှာ ကျယ်ပြန့်ပြီး အားကောင်းကာ လေထုကိုပင် လှုပ်ခတ်စေပြီး မဝေးလှသော နေရာရှိ အလံများမှာ လှိုင်းတံပွားများသဖွယ် တလူလူ လှုပ်ရှားစေသည်။ ပိုချီးကျူးထိုက်သည်မှာ သူတို့နှစ်ဦးရဲ့ ပူးပေါင်းတိုက်ခိုက်မှုပုံစံဖြစ်ပြီး ထိုးသိမ်းခြင်းနှင့် ကာကွယ်ခြင်း ပေါင်းစပ်ထားသည့်ပုံစံပင် ဖြစ်သည်။ သူတို့ ပြိုင်ဘက်သည် သာမန် အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူဖြစ်ပါက သူတို့သည် အရင်ထဲက အသာလေး အနိုင်ရခဲ့ပြီးဖြစ်သည်။
ဘာလို့ဆို ကျန်းယီမင်က သင်ကြားပေးခဲ့သော လေ့ကျင့်မှုကျင့်စဥ်မှာ အကောင်းဆုံးဟု ဆိုနိုင်သောကြောင့်ဖြစ်သည်။ ကျန်းယီမင်ဘေးရှိ ရှန့်ကွမ်းချင်ယန်သည် ထိုအရာကို မြင်တွေ့ရသောအခါ အနည်းငယ် အံ့အားသင့်သွားသည်။ ဒီလူများသည် သူ့ထက် အသက်အရွယ်အားဖြင့် သိပ်မကွာခြားဟန်ရှိသော်လည်း သူတို့ရဲ့ခွန်အားမှာ သူနှိုင်းယှဉ်၍မရနိုင်အောင်ပင် ကွာခြားလှသည်။ ခဏတာအတွင်း သူသည် အားကျရမလား၊ နိမ့်ကျမှုကို ခံစားရမလား မသေချာတော့ပေ။ ထိုအချိန်တွင် ကွင်းပြင်ပေါ်ရှိ သုံးဦးသည် ကျန်းယီမင်အား သတိထားမိသွားပြီး ချက်ချင်းရပ်တန့်သွားသည်။
"ဆရာ!"
သုံးယောက်လုံးက တပြိုင်နက်တည်း အားရပါးရအော်ဟစ်ကာ ကျန်းယီမင်ထံသို့ ပြေးဝင်လာကြသည်။
ဟွမ်းချောင်ယုက ဦးစွာ "ဆရာ၊ နောက်ဆုံးတော့ ပြန်ရောက်လာပြီ။ တပည့် ဆရာ့ကို အရမ်းလွမ်းနေတာ" ဟုပြောလိုက်သည်
"ဟားဟား၊ အပိုတွေပြောနေပြီ။ ရက်အနည်းငယ်လောက်ပဲ ခွဲခွာရသေးတာကို"
"တစ်ရက်က သုံးနှစ်လိုပဲ။ ညီလေးနဲ့ကျွန်တော်တို့လည်း ဆရာ့ကို အရမ်းလွမ်းတယ်" ဟု ဂူလင်းဖေးက မနေနိုင်ဘဲ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
ယဲ့ယွမ်ဖန်လည်း မြန်မြန်ခေါင်းညိတ်လိုက်သည်။
ထိုအရာကို ကြားရသောအခါ ကျန်းယီမင်က ပြုံးရင်းပြောလိုက်သည် "ယွမ်ဖန်နဲ့ ရှောင်ယုတို့ ဒီလိုပြောရင် အဆင်ပြေပေမယ့် မင်းပြောတော့ ခပ်စိမ်းစိမ်းကြီးဖြစ်နေသလိုပဲ။ အရင်က မင်းခရီးသွားတုန်းက လပေါင်းများစွာ ကြာခဲ့တာ။ အဲ့တုန်းက မင်းဆရာ ငါ့ကို ဒီလောက်လွမ်းတယ်ဆိုတာ ငါမမြင်ခဲ့ရပါဘူး"
ထိုစကားကို ကြားရသောအခါ ယဲ့ယွမ်ဖန်နှင့် ဟွမ်းချောင်ယုတို့က မထိန်းနိုင်ဘဲ ရယ်မောလိုက်ကြသည်။ ဂူလင်းဖေး မျက်နှာသည် ချက်ချင်းနီမြန်းသွားပြီး သူ့ကိုယ်သူရှင်းပြရန် လုပ်လိုက်သည်။
ကျန်းယီမင်က လက်ဟန်ပြကာ "ကောင်းပြီ ကောင်းပြီ၊ စတာတွေတော်ပြီ။ မင်းတို့အားလုံး ငါ့ကိုလွမ်းတယ်ဆိုတာ ငါသိတယ်။ ဟုတ်ပြီလား၊ ဒီတစ်ခါ အပြင်ထွက်တော့ တပည့်အသစ်တစ်ယောက် ရလာခဲ့တယ်"
ထို့နောက် ရှန့်ကွမ်းချင်ယန်ပခုံးကို ပုတ်လိုက်သည်။
ရှန့်ကွမ်းချင်ယန်သည် ချက်ချင်းနားလည်သွားပြီး သုံးဦးထံသို့ အရိုသေပြုကာ "ကျွန်တော်က ရှန့်ကွမ်းချင်ယန်။ ဂိုဏ်းတူအကိုကြီးတွေနဲ့ အမတို့ကို နှုတ်ဆက်ပါတယ်" ဟု ပြောလိုက်သည်။
ထိာစကားကို ကြားသောအခါ ဂူလင်းဖေးနှင့် အခြားနှစ်ဦးသည် ချက်ချင်းအံ့အားသင့်သွားသည်။ သူတို့၏ ဆရာသည် ရက်အနည်းငယ်မျှ အပြင်ထွက်ပြီးနောက် တပည့်အသစ်ကို ရလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြပေ၊ အထူးသဖြင့် လက်ရှိ လင်းယွင်ဂိုဏ်း၏ အခြေအနေမှာ သိပ်မကောင်းလှသောကြောင့်ဖြစ်သည်။ သို့သော် ကျန်းယီမင်သည် မဆင်မခြင် လုပ်တတ်သူမျိုးမဟုတ်ကြောင်းလည်း သူတို့သိထားသည်။ ယခုအခါ သူသည် တပည့်အသစ်ကို ခေါ်လာခြင်းသည် သေချာစဉ်းစားဆင်ခြင်ပြီး ခေါ်လာတာဖြစ်သည်ဟု ယုံကြည်လိုက်သည်။ ထိုအတွေးများတွေးကာ သူတို့စိတ်ထဲရှိ သံသယများသည်လည်း လုံးဝပျောက်ကွယ်သွားခဲ့သည်။
ဟွမ်းချောင်ယုမှာ စိတ်လှုပ်ရှားနေပြီး " မောင်လေး၊ ငါက မင်းရဲ့ တတိယမြောက်အမ ဟွမ်းချောင်ယုပါ" ဟု ပြုံးရင်းပြောလိုက်သည်။
ကျန်းယီမင်က ပြုံးလိုက်သည်။ သူမအဘယ်ကြောင့် အခုလိုပျော်ရွှင်နေရသည်ကို သိသည်။ သူမသည် ယခုအခါ နောက်ဆုံးတွင် ဂိုဏ်းတူအမဟု အသိအမှတ်ပြုခံရကာ အရင်လို အငယ်ဆုံးမဟုတ်တော့ပေ။ ဟွမ်းချောင်ယုသည် စိတ်ထဲတွင် အတန်ငယ် ပြိုင်ဆိုင်လိုစိတ်ရှိသူဖြစ်သည်။ ဂူလင်းဖေးနှင့် ယဲ့ယွမ်ဖန်တို့သည် တစ်ဦးနှင့်တစ်ဦး မျက်လုံးချင်းဆိုင်ပြုံးကြည့်ကာ တစ်လှည့်စီ ပြောလိုက်ကြသည်။
"ညီလေး၊ မင်းရဲ့ ပထမအကိုကြီး ဂူလင်းဖေးပါ"
"ဒုတိယအကို ယဲ့ယွမ်ဖန်"
ရှန့်ကွမ်းချင်ယန်သည် မယဉ်ကျေးမှုမပြုဝံ့ဘဲ "အကိုကြီးဂူ၊ အကိုယဲ့၊ အမဟွမ်း တို့ကို နှုတ်ဆက်သပါတယ်" ဟု မြန်မြန်ပြောလိုက်သည်။
'အမ' ဟူသော စကားလုံးကို ကြားရသောအခါ ဟွမ်းချောင်ယုသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
သူမသည် တခြားတစ်ခုခုပြောလိုသေးသော်လည်း ကျန်းယီမင်က "ကောင်းပြီ၊ အခုတော့ မင်းတို့တစ်ယောက်ကိုတစ်ယောက် သိပြီးပြီ။ ရင်းနှီးကျွမ်းဝင်ဖို့ကိစ္စတွေကိုတော့ နောက်မှလုပ်တာပေါ့။ အခုလောလောဆယ် မင်းတို့သုံးယောက်က ရှန့်ကွမ်းချင်ယန်ကို ခေါ်ပြီး ဂိုဏ်းကို ရင်းနှီးအောင်လုပ်ပေးလိုက်ကြ။ ငါအဆင့်တက်ဖို့ ချက်ချင်းပြင်ဆင် လိုအပ်တယ်လို့ ခံစားရတယ်၊ ခဏလောက် တံခါးပိတ်ကျင့်ကြံဖို့ လိုတယ်" ဟု ပြောလိုက်သည်။
"ဟုတ်ကဲ့ ဆရာ!"
လေးဦးလုံးက ရိုသေစွာဖြင့် ပြောလိုက်ကြသည်။ ကျန်းယီမင်သည် နောက်ထပ်မတုံ့ဆိုင်းဘဲ ထွက်သွားခဲ့သည်။ စိတ်ဝိညာဥ်စုဆောင်းခြင်း အစီအရင်၏ ကျေးဇူးကြောင့်လားမသိ၊ ဂိုဏ်းသို့ ပြန်ရောက်သည်နှင့် သူသည် အဆင့်တက်မလို ခံစားချက်ကို ခံစားနေရသည်။ ထိုအရာသည်မှာ လွန်ခဲ့သောရက်အနည်းငယ်အတွင်း ပထမဆုံးအကြိမ် ပေါ်ပေါက်လာသော ခံစားချက်ဖြစ်သည်။ သူသည် အခြေတည်စိတ်ဝိညာဥ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်တော့မည်။ ခနလောက် ကျန်းယီမင်သည် အတန်ငယ် စိတ်လှုပ်ရှားမိနေသည်။