စစ်မှန်တဲ့ပါရမီရှင်
Vol. 4 Ch. 49
ဆေးခန်းမက တံခါးကိုတွန်းဖွင့်လိုက်သည်။ ရှန့်ကွမ်းချင်ယန်သည် သူ့ဆရာကိုရှာရန် ဆေးခန်းမထဲ ဝင်လိုက်သည်။ အခုတော့သူက သူ့ကို လက်ခံရန် အလွန်စိတ်အားထက်သန်ခဲ့သော ဆရာ့ကို အပြည့်အဝ ယုံကြည်သွားခဲ့ပြီ ဖြစ်သည်။ သူ့ကြောင့် သူ့ဆရာ့ဆီ ရောက်လာနိုင်တဲ့ ပြဿနာများအကြောင်းကို ပြောပြရန် အချိန်ကျပြီ ဖြစ်သည်။ ညဉ့်နက်နေပြီ ဖြစ်ပေမယ့်လည်း ဆရာက ဆေးခန်းမထဲတွင် ရှိနေပြီး မအိပ်သေးကြောင်းကို ဂိုဏ်းတူအစ်ကိုက ပြောပြသဖြင့် သူလည်းအိပ်မပျော်နိုင်သည့်အဆုံး သူ့အခြေအနေကို ကျန်းယီမင်ကို ပြောပြရန် လာခဲ့ခြင်းဖြစ်သည်။
တံခါးကို တွန်းဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ဆေးခန်းမထဲတွင် ထိုင်နေသောဆရာကို တွေ့လိုက်ရသည်။ ဆရာ့မျက်နှာတွင် ချွေးများရွှဲနစ်နေပြီး ကြမ်းတမ်းရက်စက်တဲ့ အငွေ့အသက်များက ခန္ဓာကိုယ်မှ အဆက်မပြတ် ထွက်ပေါ်နေသည်။
ထိုအငွေ့အသက်များကြောင့် ဆေးခန်းမခေါင်မိုးပင် လွင့်ထွက်သွားတော့မတတ် ဖြစ်နေသည်။
ရှန့်ကွမ်းချင်ယန် လန့်သွားပြီး 'ဆရာများ ကျင့်ကြံအဆင့်တက်ဖို့ တားမြစ်ကျင့်စဉ်တစ်ခုခုကိုများ ကျင့်နေတာလား' ဟု တွေးလိုက်မိသည်။
သူ့မိသားစုစာကြည့်တိုက်ထဲက စာအုပ်တွေထဲမှာ အခုလိုအခြေအနေမျိုးအကြောင်းကို ဖတ်ဖူးခဲ့သည်။ တကယ်လို့ ပြင်ပအကူအညီနဲ့ အခုလိုအန္တရာယ်များတဲ့ အခြေအနေကနေ ချက်ချင်း ဆွဲမထုတ်ပေးနိုင်ရင် ဖြစ်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးများမှာ တွေးကြည့်လို့ပင် မရနိုင်ပေ။ ရှန့်ကွမ်းချင်ယန်က ခပ်မြန်မြန် ခြေလှမ်းကျဲကျဲလျှောက်ကာ သူ့ဆရာအနားကို ကပ်ရန် ကြိုးစားလိုက်သည်။ သို့သော် ခြေတစ်လှမ်းတိုးလိုက်တိုင်း သူ့ပခုံးပေါ်ကို ဖိအားကြီးတစ်ခု ထပ်တိုးလာသလို ခံစားနေရသည်။
"ရှန့်ကွမ်းချင်ယန်... ထွက်သွားစမ်း"
"ဆရာ... ကျွန်တော် ကူညီပါရစေ"
"ထွက်သွားစမ်း... မင်းကို ထွက်သွားလို့ ငါပြောနေတယ်"
ကျန်းယီမင်ရဲ့ဒေါသတကြီး အော်သံနှင့်အတူ လှိုင်းထန်နေသော စိတ်ဝိညာဉ်စွမ်းအင်များက သူ့ကို ဗဟိုပြုကာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားလေသည်။
ဘုန်း...!
သူ့ရှေ့က ရှုပ်ပွသွားတဲ့ အခြေအနေကို ကြည့်ရင်း ဟွမ်ယွမ်ဆေးလုံးရဲ့ ဆေးအာနိသင်သည် အတော်လေး ကြောက်စရာကောင်းကြောင်း ကျန်းယီမင် တွေးလိုက်မိသည်။ သူ အစွမ်းကုန် ထိန်းချုပ်ခဲ့သော်လည်း အလုံးစုံတော့ သူမထိန်းချုပ်နိုင်ခဲ့ပေ။
'ကျစ်... ရှန့်ကွမ်းချင်ယန်များ တစ်ခုခုဖြစ်သွားသေးလား။'
"ဆရာ... ကျွန်တော် အဆင်ပြေပါတယ်။ ဆရာ... ဆရာ ဘာလုပ်နေတာလဲဟင်"
ရှန့်ကွမ်းချင်ယန်သည် တွန်းကန်ထွက်လာတဲ့ စွမ်းအင်များကိုခုခံရန် သူ့စိတ်ဝိညာဉ်စွမ်းအင် အကုန်လုံးကို အသုံးပြုလိုက်ရသည်။ အခုလိုခုခံနေတာနဲ့ကို သူ့စိတ်ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းသွားခဲ့ရသည်။ ကျန်းယီမင် အနည်းငယ် ရှက်မိသွားသည်။ သူ့တပည့်ရှေ့တွင် အခုလို အခြေအနေမျိုးနှင့် ကြုံတွေ့ရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။
"ဒါက ငါ့ကျင့်ကြံတာရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ခုနက ခဏလောက် ငါမထိန်းချုပ်နိုင်ဘဲ ဖြစ်သွားတာ။ မင်း ဘာကိစ္စနဲ့ ငါ့ဆီလာတာလဲ"
ရှန့်ကွမ်းချင်ယန်က သူ့ဆရာကို ကြည့်ပြီး သက်ပြင်းတစ်ချက် ဖွဖွမှုတ်ထုတ်လိုက်သည်။
"ဆရာ မှတ်မိလား... ကျွန်တော့်ကို တပည့်အဖြစ် လက်ခံဖို့ ဆရာ ဇွတ်ပြောတုန်းက၊ တကယ်လို့ ကျွန်တော့်ကို လက်ခံလိုက်ရင် ဆရာ သေချာပေါက် ကပ်ဘေးတစ်ခုနဲ့ ကြုံရလိမ့်မယ်လို့ ကျွန်တော် ပြောခဲ့တာလေ"
"အေး... မင်း ပြောခဲ့တာ ငါ မှတ်မိပါတယ်"
ရှန့်ကွမ်းချင်ယန်မျက်နှာထားသည်လည်း အနည်းငယ် ပျက်ယွင်းနေသည်။ သူစကားထစ်နေပြီး တစ်လုံးမှ ထွက်မလာခဲ့ဖြစ်နေသည်။
"ငါတို့က ဆရာ တပည့်တွေပဲ။ ငါ့ကို ဘာတွေ ဖုံးကွယ်ထားစရာ လိုလို့လဲ။ ပြောစရာရှိရင် တည့်သာပြောလိုက်ပါ"ဟု ကျန်းယီမင် ပြုံးကာ ပြောလိုက်သည်။
"မင်းက ငါ့တပည့်ဖြစ်နေပြီဆိုမှတော့ မင်းရဲ့ နောက်ကြောင်းရာဇဝင်ကို ငါမမေးတော့ပါဘူး။ ပြောရခက်တဲ့ကိစ္စဆိုရင်လည်း မပြောလို့ရတယ်"
"ဆရာ... ကျွန်တော့်ရဲ့ မျိုးရိုးနာမည်က ရှန့်ကွမ်း ပါ။ ကျွန်တော် ရှန့်ကွမ်း မိသားစုကနေ လာတာပါ။ ဆရာ ကြားဖူးမှာပါနော်"
"ဒါပေါ့... ကန်းလန်နယ်မြေထဲက အဆင့် ၂ အင်အားစုလေး တစ်ခုပဲလေ"
ကျန်းယီမင်က "အဆင့် ၂ အင်အားစုလေးတစ်ခု" ဆိုတဲ့ စကားလုံးကို အလွန်တည်ငြိမ်စွာပင် ပြောလိုက်သည်။ ရှန့်ကွမ်းချင်ယန်ခေါင်းကို ရုတ်တရက် မော့ကြည့်လိုက်မိသည်။ သူ့ဆရာက မွေးဖွားခြင်းအဆင့်တစ်ဦးကို သတ်ဖြတ်နိုင်စွမ်း ရှိတယ်ဆိုတာ မှန်ပါသည်။ သို့သော် အဆင့် ၂ အင်အားစုတစ်ခု ဆိုသည်မှာ မွေးဖွားခြင်းအဆင့်တစ်ယောက် နှစ်ယောက်လောက်ရဲ့ ကျောထောက်နောက်ခံလေးနဲ့ ရပ်တည်နေတာ မဟုတ်ပေ။ သို့သော်လည်း သူ့ဆရာတွင် အမြဲတမ်း ဝှက်ဖဲတစ်ခု ရှိနေတတ်ဆဲပင်။
'ထားလိုက်ပါတော့။ သူဆက်ပြီး မဟုတ်တာတွေးနေရင် ဆရာ့ကို မယုံကြည်သလို ဖြစ်နေလိမ့်မယ်။'
"ကျွန်တော်က ပထမမိန်းမရဲ့ သားဖြစ်ပြီး ပါရမီလည်း အတော်ရှိတယ်။ တကယ်လို့သာ ဘာမှမဖြစ်ခဲ့ဘူးဆိုရင် ကျွန်တော်က ပုံမှန်အတိုင်းကျင့်ကြံအားထုတ်ပြီး မိသားစုခေါင်းဆောင်နေရာကို ဆက်ခံနိုင်မှာ။ ဒါပေမဲ့ မိသားစုကအင်အားကြီးပြီး အတွင်းရေး ပဋိပက္ခတွေ အမြဲဖြစ်နေတယ်။ ကျွန်တော့်အဖေက တခြားလူတွေ ကြိုးဆွဲရာကတဲ့ ရုပ်သေးရုပ်တစ်ခုလို ဖြစ်နေတာ ကြာပြီ။ သူ့မှာ ခန္ဓာကိုယ် အခွံလွတ်ပဲ ကျန်တော့တာ။ အဲ့ဒီနောက်တော့ ကျွန်တော့်ဦးလေး၊ သွေးရင်းသားရင်း ဦးလေးအရင်းခေါက်ခေါက်က လူလွှတ်ပြီး ကျွန်တော့်ကို အဆိပ်ခတ်ခဲ့တယ်။ အဲ့ဒါကြောင့် သွေးကြောတွေ အကုန်ပြတ်တောက်သွားခဲ့ရတာ။ တစ်ချိန်ထဲမှာ ကျွန်တော့်အဖေလည်း နှိပ်စက်ခံရပြီး သေဆုံးသွားခဲ့တယ်"ဟုပြောကာ ရှန့်ကွမ်းချင်ယန်က သက်ပြင်းချလိုက်ပြီး မျက်ရည်များ ဝဲလာသည်။
"ကျွန်တော် အဆိပ်ခပ်ထားတဲ့ ဝိုင်တွေကို အတင်းသောက်ခိုင်းပြီးတဲ့နောက် ကျွန်တော့်ကို သွေးမျိုးဆက်မသန့်စင်ဘူး၊ တခြားကျင့်စဉ်တွေကို ခိုးကျင့်တယ်ဆိုပြီး စွပ်စွဲခံခဲ့ရတယ်။ ဒါကြောင့် မိသားစုကနေ ထွက်ပြေးခဲ့လိုက်ရတယ်။ အဲ့ဒါက ကျွန်တော့်ကို အပြစ်ရှိလို့ ထွက်ပြေးသွားတဲ့ သစ္စာဖောက်တစ်ယောက်လို ဖြစ်သွားစေပြီး အပြစ်တွေကို ပိုကြီးသွားစေခဲ့တယ်။ အခုတော့ ရှန့်ကွမ်းမိသားစုရဲ့ မိသားစုခေါင်းဆောင်က ကျွန်တော့်ဦးလေးဖြစ်နေပြီ။ ကျွန်တော့်မှာ အိမ်အကျယ်ချုပ် ကျနေတဲ့ ညီမလေးတစ်ယောက် ရှိသေးတယ်။ အခု သူတို့က ကျွန်တော့်ကို အသည်းအသန် လိုက်ရှာနေကြတယ်။ တကယ်လို့ ကျွန်တော့်ကို၊ ဒါမှမဟုတ် ကျွန်တော့်အလောင်းကို မိသားစုက ရှာတွေ့သွားမယ်ဆို ကျွန်တော့်ညီမလေးကိုလည်း အခုလို ကျွန်တော့်လိုအတင်းစွပ်စွဲပြီး ညီမလေးပါ အလွတ်ပေးကြမှာမဟုတ်ဘူး" ရှန့်ကွမ်းချင်ယန် သက်ပြင်းချကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
"ကိစ္စသေးလေးပါကွာ။ မင်းလုံးဝ မျက်ရည်မကျမိစေနဲ့။ လင်းယွင်ဂိုဏ်းက ဘယ်တော့မှ သူရဲဘောကြောင်တဲ့သူတွေကို လက်မခံဘူး"ဟု ကျန်းယီမင် ပြုံးကာ ပြောလိုက်သည်။
"ရှန့်ကွမ်းမိသားစုက အဆင့် ၂ အင်အားစုတစ်ခုပါ။ ကျွန်တော်တို့ဆီမှာ မွေးဖွားခြင်းအဆင့် အကြီးအကဲ တွေ အများကြီးရှိတယ်။ တံခါးပိတ်ကျင့်ကြံနေပြီး အပြင်မထွက်သေးတဲ့ ပေါင်းစည်းခြင်းအဆင့် ဘိုးဘေးတစ်ယောက်တောင် ရှိတယ်လို့ ကြားဖူးတယ်"
"ဒီကိစ္စအတွက် မင်းစိတ်ပူစရာမလိုဘူး။ ဘယ်သူပဲလာလာ ငါဖြေရှင်းပေးမယ်။ အခု မင်းလုပ်ရမှာက ပြတ်နေတဲ့ သွေးကြောတွေကို ပြန်ဆက်ပြီး ဆက်လက်ကျင့်ကြံအားထုတ်ဖို့ပဲ"
ကျန်းယီမင်က သူဒီနေ့သန့်စင်ထားတဲ့ ဆေးလုံးကို ထုတ်လိုက်ပြီး ရှန့်ကွမ်းချင်ယန်ကို ပေးလိုက်သည်။
"ဒါ...ဒါက...ကျုချီဆေးလုံးလား"
"ဒီဆေးလုံးက အဆင့်နည်းနည်းနိမ့်ပေမဲ့ မင်းအတွက်တော့ ကွက်တိပဲ"
'ဘယ်လိုလုပ် "ကွက်တိ" ဖြစ်ရတာလဲ။ သူသွေးကြောများအားလုံး ပြတ်နေပြီး၊ ချီစုဆောင်းခြင်းအလယ်အလတ်အဆင့်မှာသာရှိတဲ့ ဒုက္ခိတတစ်ယောက်လေ။ အဆင့် ၁ ဆေးလုံးဆိုရင်တောင် သူ့အတွက် စုပ်ယူရန် လုံလောက်တာထက် ပိုနေပြီဖြစ်သည်။ သူ့ကို ဒီလိုအဆင့် ၃ ဆေးလုံး ပေးလိုက်တာက ဖြုန်းတီးရာ မရောက်လွန်းဘူးလား။'
"ဆေးအာနိသင်ကို အရမ်းမပြင်းအောင် ငါအနည်းလေး လျှော့ချထားပေးတယ်။ စိတ်မပူနဲ့"
ရှန့်ကွမ်းချင်ယန်က ဆေးလုံးကို မျိုချလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်ထဲက သနားစဖွယ် နည်းနည်းလေးပဲရှိနေတဲ့ စိတ်ဝိညာဉ်စွမ်းအင်ပမာဏက ချက်ချင်းပင် လှုပ်ရှားလာတာကို သူခံစားလိုက်ရသည်။ ခန္ဓာကိုယ်ထဲတွင် ပျော်ဝင်သွားတဲ့ ဆေးလုံးမှ ဆေးအာနိသင်ချီစွမ်းအင်များက အဆက်မပြတ်စီးဆင်းထွက်ပေါ်လာခဲ့သည်။ ဆေးအာနိသင်ချီစွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲရှိ ထောင်ပေါင်းများစွာသော စိတ်ဝိညာဉ်စွမ်းအင်မျှင်များနှင့် ပေါင်းစပ်သွားပြီး သူ့ခန္ဓာကိုယ်အနှံ့ကို လည်ပတ်သွားသည်။
သူ့ဘေးနားတွင် ရပ်နေတဲ့ ကျန်းယီမင်သည် ရှန့်ကွမ်းချင်ယန်ရဲ့ ကျင့်ကြံမှုအဆင့် တိုးတက်လာတာကို ရှင်းလင်းစွာ သူခံစားနေရသည်။
"ငါအခု မင်းကို ကျင့်စဥ်တစ်ခု သင်ပေးမယ်။ စိတ်အာရုံ မလွင့်စေနဲ့။ လွတ်လွတ်လပ်လပ် အသက်ရှူပြီး မင်းရဲ့စိတ်ထဲမှာ ကောင်းကင်နဲ့ မြေကြီးကို ထည့်သွင်းထားလိုက်"
ကျုချီဆေးလုံးရဲ့ အကူအညီဖြင့် ရှန့်ကွမ်းချင်ယန်ခန္ဓာကိုယ်အတွင်းက စိတ်ဝိညာဉ်စွမ်းအင်များသည် အဆက်မပြတ် စုဝေးလာသည်။ သို့သော် သွေးကြောများ ပြတ်တောက်နေသောကြောင့် စိတ်ဝိညာဉ်စွမ်းအင်များက သူ့ခန္ဓာကိုယ်အနှံ့သို့ မရောက်ရှိနိုင်ဖြစ်နေသည်။
ကောင်းကင်ရွှယ်တင်ဖလှယ်ကျင့်စဥ်ကို အသုံးပြုရမယ့်အချိန် ရောက်ပြီ။ ရှန့်ကွမ်းချင်ယန်က သူ့မျက်လုံးများကို တင်းတင်းကျပ် မှိတ်ထားလိုက်ပြီး ခန္ဓာကိုယ်ထဲက ပြောင်းလဲမှုများကို ခံစားနေသည်။ သူ့ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်စွမ်းအင်များသည် အရင်ကဒီလောက် မများခဲ့ပေ။ တစ်ချိန်တည်းမှာပင် သူ့ဆရာသင်ပေးလိုက်သော ကျင့်စဥ်ကို သူဖြည်းဖြည်းချင်း နားလည်သဘောပေါက်လာခဲ့သည်။
တဖြည်းဖြည်းနှင့် ရှန့်ကွမ်းချင်ယန်ရဲ့ ဘေးပတ်လည်က စိတ်ဝိညာဉ်စွမ်းအင်များသည် အပ်ချောင်းများအဖြစ် ပြောင်းလဲသွားပြီး သူ့သွေးကြောမကြီး ၈ ခုပေါ်ကို ခွဲပြီးကျရောက်သွားခဲ့သည်။
'တော်လိုက်တဲ့ကလေး။ သူ ချီစုဆောင်းခြင်းအဆင့် မှာပဲ ရှိသေးပေမဲ့ ဒီကျင့်စဥ်ကို စတင်လေ့လာတဲ့ ပထမအကြိမ်မှာတင် အပ်ချောင်း ၈ ချောင်း ဖန်တီးပြီး သွေးကြောကြီး ၈ ခုကို ကုသနိုင်နေပြီပဲ။ ဒီကောင်လေးက သေချာပေါက် ရှားပါးပါးရမီရှင်တစ်ယောက် ဖြစ်ရမယ်။'
ထိုအချိန်တွင် ရှန့်ကွမ်းချင်ယန်ရဲ့ စိတ်ထဲတွင် ကျင့်စဥ်ကို သူပိုရှင်းလင်းစွာ မြင်လာရသည်။
"ပါးစပ်ပိတ်ပြီး လျှာကိုလိပ်ထား။ နှာခေါင်းကနေ အသက်ရှူလိုက်ပြီး ရှူလိုက်တဲ့ လေတိုင်းကို ချီပင်လယ်ထဲကို ရောက်အောင်ပို့။ အသက်ရှူနှုန်းက တဖြေးဖြေး လုံလောက်သွားရင် စိတ်ဝိညာဉ်စွမ်းအားက အလိုလို ပြည့်လာလိမ့်မယ်"ဟု ရှန့်ကွမ်းချင်ယန် တစ်ကိုယ်တည်း ရေရွတ်နေစဉ်မှာပင် စိတ်ဝိညာဉ်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော အပ် ၈ ချောင်းက သူ့ခန္ဓာကိုယ်ကို စတင်ထိုးစိုက်လာခဲ့သည်။
ဒါကဘယ်လိုခံစားချက်ကြီးလဲ။ အပ်ပါးပါးလေးက သူ့ကိုစိုက်ဝင်လာတာနှင့်အမျှ မူလက ပြတ်တောက်နေတဲ့ သွေးကြောများ ဖြည်းဖြည်းချင်း ပြန်လည်ကြီးထွားလာတာကို သူ ခံစားလိုက်ရသည်။ ဆိုးရွားရွား ပြတ်တောက်နေခဲ့တဲ့ သူ့သွေးကြောများက တကယ်ပင် တစ်စတစ်စ ပြန်ဆက်လာနေပြီ ဖြစ်သည်။ ခန္ဓာကိုယ်ထဲက ပြည့်လျှံနေတဲ့ စိတ်ဝိညာဉ်စွမ်းအင်များသည် ခုနကမှ ပြန်ဆက်သွားသော သွေးကြောနေရာလွတ်များကို မြန်မြန်ဆန်ဆန် ဖြည့်တင်းလိုက်သည်။ သူ့ခန္ဓာကိုယ်က အချိန်ကြာမြင့်စွာ ရေငတ်နေပြီးနောက် နောက်ဆုံးမှာတော့ ရေလောင်းခံလိုက်ရတဲ့ သစ်ပင်ခြောက်ကြီးတစ်ပင်လို ဖြစ်နေပြီး အမြစ်များအားလုံး တရစပ် ထိန်းမရအောင် ကြီးထွားလာခဲ့သည်။