ထပ်ရောက်လာပြန်တဲ့ အရှုပ်ထုပ်ကြီး
Vol. 4 Ch. 50
ကောင်းကင်ရွှယ်တင်ဖလှယ် ကျင့်စဥ်မှာ ဒီလိုအံ့သြစရာကောင်းတဲ့ အာနိသင်တွေ ရှိလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ကျန်းယီမင်သည် သူ့ရှေ့က ရှန့်ကွမ်းချင်ယန်ကို ကြည့်ကာ ပြုံးပြီး သက်ပြင်းချလိုက်သည်။
'ဒီကောင်လေးက တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ။ အစတုန်းကတော့ ဒီကျင့်စဥ်ကို နားလည်လာအောင် ကူညီပေးချင်ခဲ့ပေမဲ့ အခုတော့ သူ့စိုးရိမ်နေတာတွေ မလိုအပ်တော့ဘူးပဲ။ သူခန့်မှန်းထားရဆိုရင် ရှန့်ကွမ်းချင်ယန်တစ်ယောက် ကျင့်စဥ်ကို ကျွမ်းကျင်ပိုင်နိုင်ဖို့ အချိန်အတော်ကြာ ယူရလိမ့်မည်။ လက်တွေ့မှာတော့ သူထင်ထားတာထက် အများကြီး မြန်မြန်ဆန်ဆန် အောင်မြင်အောင် နားလည်နိုင်ခဲ့သည်။ ဒီလိုဆိုမှတော့ ရှန့်ကွမ်းချင်ယန်ရဲ့ ဆရာဖြစ်တဲ့ သူလည်း နောက်ကျကျန်နေခဲ့လို့ မဖြစ်ဘူးပဲ။'
ကျန်းယီမင်လည်း ကျုချီဆေးလုံးတစ်လုံးကို ထုတ်ယူပြီး မျိုချလိုက်သည်။ စိတ်ဝိညာဉ်စွမ်းအင်များသည် သူ့ခန္ဓာကိုယ်ထဲတွင် လျင်မြန်စွာ လည်ပတ်သွားသည်။ ဟွမ်ယွမ်ဆေးလုံး သောက်ပြီးပြီးချင်း ထွက်ပေါ်လာတဲ့ လူသတ်ချင်တဲ့ စွမ်းအင်အငွေ့အသက်များနဲ့တော့ ခံစားချက်ချင်း မတူညီပေ။ ကျုချီဆေးလုံးကို သောက်ပြီးနောက် နွေးထွေးတဲ့ စိတ်ဝိညာဉ်စွမ်းအင်များက သူ့သွေးကြောတွေထဲကို လျင်မြန်စွာ ပြည့်နှက်သွားသည်။ သူ့လက်ရှိ အခြေတည်စိတ်ဝိညာဥ်အဆင့် ကျင့်ကြံမှုနဲ့ဆိုရင် ဟောက်ယွင်ဂိုဏ်းအကြီးအကဲလောက်က တခြားတစ်ယောက်ကို တိုက်ရိုက်စိန်ခေါ်ဖို့ဆိုတာ ပြဿနာမရှိတော့ပေ။
အခုချိန်မှာ လင်းယွင်ဂိုဏ်းရဲ့သတင်းများသည်လည်း နေရာအနှံ့ကိုပျံ့နှံ့နေကာ ရှန့်ကွမ်းမိသားစုက လုပ်ကြံသတ်ဖြတ်သူများသည်လည်း မကြာမီ ရောက်လာလိမ့်မယ်လို့ သူ သေသေချာချာကြီးကို ခန့်မှန်းမိနေသည်။ တကယ်လို့ ထိုအချိန်ရောက်မှ သူ့ခွန်အားက သိသိသာသာ မတိုးတက်လာဘူးဆိုရင် ရှန့်ကွမ်းချင်ယန်ကို ကာကွယ်ပေးဖို့ သူ့မှာအရည်အချင်းမမီဘူး ဖြစ်သွားလိမ့်မည်။
[ဒင်း]
[အသိပေးချက်- အဓိကတာဝန် - ဆေးလုံးသန့်စင်ခြင်း (အခြေခံအဆင့်) ပြီးမြောက်ပါပြီ]
[အသိပေးချက်- တာဝန်ဆုလာဘ်များကို ပေးပို့လိုက်ပါပြီ။ ကျေးဇူးပြုပြီး လက်ခံရရှိကြောင်း စစ်ဆေးကြည့်ရှုပေးပါ]
[အသိပေးချက် - ကောင်းကင်ဘုရင်အဆင့် အထူးအခွင့်အရေးကြောင့် 'သံနက်ရောင်ဆေးအိုး' ကို 'အထွတ်အထိပ် ဥက္ကာခဲဆေးအိုး' အဖြစ် အဆင့်မြှင့်တင်လိုက်သည်။]
တာဝန် ပြီးမြောက်သွားပြီဖြစ်ကြောင်း မြင်လိုက်ရသဖြင့် ကျန်းယီမင်တစ်ယောက် တိတ်တဆိတ် ဝမ်းသာသွားခဲ့ရသည်။ အထွတ်အထိပ် ဥက္ကာခဲဆေးအိုး ရှိနေပြီဖြစ်လို့ နောင်တစ်ချိန်တွင် သူ့ဆေးဖော်စပ်ခြင်းကို သေချာပေါက် အလွယ်တကူ အဆင့်မြှင့်တင်နိုင်တော့မည်။
........
ကန်းလန်နယ်မြေရှိ ရှန့်ကွမ်းမိသားစုအတွင်း...
"ဟိုအမှိုက်ကောင်ကို ရှာတွေ့ပြီလား"
ရှေးဟောင်းသစ်သားထိုင်ခုံပေါ်တွင် ထိုင်နေတဲ့ ရှန့်ကွမ်းလီက သူ့လက်ထဲမှ ဝိုင်ခွက်ကို ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်ချလိုက်သည်။ ထို့နောက် သူ့စိတ်ဝိညာဉ်စွမ်းအင်များကို ဓားအဖြစ် ပြောင်းလဲကာ သူ့ရှေ့ကအစေခံရဲ့ လည်ပင်းပေါ်ကို တိုက်ရိုက်ချိန်ထားလိုက်သည်။
" ချီစုဆောင်းခြင်းအဆင့်မှာပဲ ရှိတဲ့ဒုက္ခိတတစ်ကောင်ကို..။ ဒါပေမဲ့ ငါ့တို့မိသားစုထဲက လုပ်ကြံသူတွေအများကြီးကို သတ်နိုင်ခဲ့တယ်။ အခု မင်းပြောချင်တာ သူက ခြေရာလက်ရာမကျန် ပျောက်သွားတယ်ပေါ့လေ... ဟုတ်လား..."
"မဟုတ်... မဟုတ်ရပါဘူးခင်ဗျာ။ သခင်လေးရှန့်ကွမ်းက ချီစုဆောင်းခြင်းအဆင့်မှာ ရှိတာမှန်ပေမဲ့ ကျွန်တော်တို့ရဲ့ လုပ်ကြံသူတွေအများကြီးကို သတ်နိုင်ခဲ့တယ်။ သေချာပေါက် သူ့ကို နောက်ကွယ်ကနေ ကူညီနေတဲ့ သူတစ်ယောက် ရှိမှာပါ။ ကျွန်တော်တို့ ကန်းလန်နယ်မြေ တစ်ခုလုံးကို ရှာပြီးပါပြီ၊ ဒါပေမဲ့ သူ့ကို မတွေ့သေးပါဘူး"
"သတ္တိရှိနေပါလား"
ရှန့်ကွမ်းလီ အော်ဟစ်လိုက်သည်။ သူဓားနဲ့ ချိန်ထားတာကို အသာလေး ခုတ်လိုက်ရုံဖြင့် ခုနက စကားပြောနေတဲ့ အစေခံသည် သွေးအိုင်ထဲကို လဲကျသွားခဲ့သည်။
"သခင်လေးရှန့်ကွမ်း...ဟုတ်လား...။ ဒုက္ခိတတစ်ကောင်က ဘယ်လိုလုပ် ရှန့်ကွမ်းဆိုတဲ့ မျိုးရိုးနာမည်နဲ့ ထိုက်တန်မှာလဲ။ သူက မိသားစုအတွက် အရှက်ရစရာတစ်ကောင်သာသာပဲ"
ဘေးနားအစေခံမလေးက ရှန့်ကွမ်းလီအတွက် နောက်ထပ် ဝိုင်တစ်ခွက်ကို ခပ်မြန်မြန် ငှဲ့ပေးလိုက်ပေမယ့် သူကဝိုင်အိုးကို ကောက်ကိုင်လိုက်ကာ အစေခံမလေးရဲ့ ခေါင်းပေါ်သို့ ရိုက်ခွဲချလိုက်သည်။
"စောက်သုံးမကျတဲ့ကောင်တွေ။ အမှိုက်တွေ။ ငါ့အမြင်မှာတော့ မင်းတို့ကောင်တွေက ထွက်ပြေးသွားတဲ့ ဟိုအမှိုက်သစ္စာဖောက်ကောင်ထက်တောင် ပိုပြီး ငါတို့မိသားစုကို အရှက်ခွဲနေတာပဲ"
ရှန့်ကွမ်းလီက မတ်တတ်ရပ်လိုက်ပြီး ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသော အစေခံများကို ပါးရိုက်လိုက်သည်။
"ခေါင်းဆောင်ကို တင်ပြပါရစေ။ ကျွန်တော်တို့ နေ့မနားညမနား ရှာဖွေနေတာတွေက လုံးဝအချည်းနှီးတော့ မဟုတ်ပါဘူး" ဟု အစေခံခေါင်းဆောင်က တုန်တုန်ယင်ယင်နဲ့ ပြောလိုက်သည်။
သူ့သွေးများက နေရာအနှံ့ ပျံ့ကျဲသွားပြီး အသက်ဆုံးရှုံးလိုက်ရမယ့် နောက်တစ်ယောက် သူဖြစ်လာမှာကို ကြောက်ရွံ့နေသည်။
"ကန်းလန်နယ်မြေ နယ်စပ်ဘေးနားမှာ တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာရှိပါတယ်။ တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာထဲမှာ လင်းယွင်ဂိုဏ်းဆိုတဲ့ ဂိုဏ်းတစ်ခု ရှိပါတယ်"
"လင်းယွင်ဂိုဏ်း ဟုတ်လား။ ငါတစ်ခါမှ မကြားဖူးဘူး။ ကန်းလန်နယ်မြေက အဆင့်၁နဲ့ အဆင့်၂အင်အားစုတွေကြားမှာ ဒီလင်းယွင်ဂိုဏ်းဆိုတာ ဘယ်တုန်းက ပေါ်လာတာလဲ"
"ဒီလင်းယွင်ဂိုဏ်းက အဆင့်၅ဂိုဏ်းလေး တစ်ခုပါပဲ။ ဒါပေမဲ့ မနေ့က အဆင့်၃အင်အားစုဖြစ်တဲ့ ဟောက်ယွင်ဂိုဏ်းရဲ့ ထိပ်တန်းကျင့်ကြံသူတွေ၊ သူတို့ရဲ့ မွေးဖွားခြင်းအဆင့် အကြီးအကဲအပါအဝင် အားလုံးကို သတ်ဖျက်ပစ်လိုက်ပါတယ်။ လင်းယွင်ဂိုဏ်းမှာ တပည့်နည်းနည်းလေးပဲ ရှိတာ။ သတင်းတွေကြားတာတော့... အမ်... ဟိုသစ္စာဖောက် ထွက်ပြေးပြီးပြီးချင်း သိပ်မကြာခင်မှာပဲ အဲ့ဒီဂိုဏ်းက သွေးကြောတွေ အကုန်ပျက်စီးနေတဲ့ တပည့်တစ်ယောက်ကို လက်ခံလိုက်တယ်တဲ့..."
"အမှိုက်ကောင်။ ဒါဆို မင်းကဘာလို့ ဒီမှာအဓိပ္ပာယ်မရှိတာတွေ လာပြောနေသေးတာလဲ။ မြန်မြန်သွားပြီး သူ့ကို ပြန်ခေါ်လာခဲ့။ အဆင့်၅ဂိုဏ်းလောက်ကို ငါ့ဆီ လာတင်ပြနေဖို့ လိုသေးလို့လား"ဟု ရှန့်ကွမ်းလီက ဒေါသတကြီး ပြောလိုက်သည်။
အဆင့်၅အင်အားစုလောက်ကများ ရှန့်ကွမ်းမိသားစုရဲ့ စွန့်ပစ်ခံကို ကာကွယ်ပေးရဲတယ်ပေါ့လေ။ သူတို့တွေ သေလမ်းရှာနေကြတာပဲ။
......
တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာ အတွင်းရှိ လင်းယွင်ဂိုဏ်း၌...
"မနက်ခင်းမှာ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ ကျင့်ကြံအားထုတ်တာက တစ်ဝက်အားစိုက်ရုံလေးနဲ့ နှစ်ဆခရီးရောက်တယ်လို့ ပြောလို့ရတယ်"
နောက်တစ်နေ့မနက်တွင် ကျန်းယီမင်က သူ့တပည့်တွေကို ကျုချီဆေးလုံးများကို ပေးလိုက်သည်။ ထို့ကြောင့် ဂိုဏ်းကာကွယ်ရေးအစီအရင်မှ စုပ်ယူထားသော စိတ်ဝိညာဉ်စွမ်းအင်များသည် သူတို့ရဲ့ ခန္ဓာကိုယ်ထဲသို့ ဖြည်းညင်းစွာ စီးဝင်သွားသည်။ သူ့ဘေးနားရှိ တပည့်များကလည်း သူတို့ရဲ့ သက်ဆိုင်ရာကျင့်စဉ်များကို လေ့ကျင့်နေကြကာ သူတို့ကျင့်ကြံရေးတွေကလည်း တရိပ်ရိပ်နဲ့ တိုးတက်လာနေသည်။
ကျင့်ကြံခြင်းမှာ အာရုံစိုက်ကာ ဝင်သက်ထွက်သက် မှတ်နေကြစဉ် လူတစ်ယောက်က ဓားပျံစီးကာ ရောက်လာခဲ့သည်။ ထိုအဘိုးအိုက သူ့ဓားလိုမျိုး တောက်ပြောင်ထက်မြက်ပြီး နတ်သားတစ်ပါးလိုမျိုး ရှိနေသည်။ မြေပြင်ပေါ်ကို ဆင်းသက်ပြီးနောက် လင်းယွင်ဂိုဏ်း တံခါးကို လှမ်းခေါက်လိုက်သည်။
"ဒီနှိမ့်ကျတဲ့အဘိုးကြီးက လင်းယွင်ဂိုဏ်းကို ဂါရဝပြုပါတယ်။ ကျွန်တော့်မှာ တကယ်ပဲ အရေးကြီးတဲ့ကိစ္စရှိနေလို့ နှောင့်ယှက်ပေးမိရင် ခွင့်လွှတ်ပေးကြပါခင်ဗျာ"
"အခုချိန်မနက်စောစောက ကျင့်ကြံဖို့ အကောင်းဆုံးအချိန်ပဲ။ ခင်ဗျားလည်း ကျင့်ကြံသူတစ်ယောက်ပဲ။ ဒီအချက်ကို နားမလည်ဘူးလား"
"ရပါတယ်၊ ရပါတယ်။ ကျွန်တော် ဒီမှာ ခဏစောင့်လိုက်ပါ့မယ်။ ဂိုဏ်းချုပ်ကို တွေ့ချင်ရုံပါပဲ"
ကျန်းယီမင်က မျက်မှောင်ကြုတ်လိုက်သည်။ 'ဒီလူ ဘယ်က ရောက်လာတာပါလိမ့်။'
"မင်းတို့တွေ ဆက်ကျင့်နေကြ။ ကျင့်ကြံတာကို မနှောင့်နှေးစေနဲ့"
ထို့နောက် သူက သူ့လက်ကို အသာလေး လှုပ်ယမ်းလိုက်ကာ ဂိုဏ်းတံခါး ပွင့်သွားခဲ့သည်။
"မိတ်ဆွေ... ခင်ဗျားက ငယ်ငယ်လေးရှိသေးတာပဲ။ ခင်ဗျားရဲ့ကျင့်ကြံမှုက တကယ်ကိုခန့်မှန်းလို့မရနိုင်လောက်အောင်ပါပဲ။ တကယ်ကို လေးစားစရာကောင်းလှပါတယ်။"
"ခင်ဗျားက ကျွန်တော့်ကို စည်းရုံးဖို့ ဒါမှမဟုတ် တစ်ခုခုလုပ်ဖို့ တိုက်တွန်းဖို့လာတာဆိုရင် ပြန်လိုက်တော့"
"ကျွန်တော်အခုလာတာ အဲ့ဒါကြောင့် မဟုတ်ပါဘူး။ ကျွန်တော်နာမည်က စီမာကျန်းပါ။ ဂိုဏ်းချုပ်ကို တစ်ခုလောက် မေးချင်လို့ပါ"
စီမာကျန်းရဲ့ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
"သူ့ရှေ့မှ လူငယ်လေးရဲ့ ကျင့်ကြံမှုအဆင့်ကို သူအကဲဖြတ်လို့ မရဖြစ်နေခဲ့သည်။ ဒီဂိုဏ်းချုပ်မှာ သူ့ရဲ့အရှိန်အဝါကို ဖုံးကွယ်ထားနိုင်တဲ့ မှော်ရတနာတစ်ခုခုများ ရှိနေလို့လား။ လင်းယွင်ဂိုဏ်းက တကယ်ရိုးရှင်းပုံမရဘူးပဲ။'
"ကျွန်တော် မေးခွန်းတစ်ခုလောက် မေးပါရစေ။ ဂိုဏ်းကမကြာသေးခင်ကမှ တပည့်သစ်တွေ လက်ခံထားတာ ရှိပါသလား"
"လူတစ်ယောက် လက်ခံထားတာတော့ ရှိတယ်။ ဘာဖြစ်လို့လဲ"
ကျန်းယီမင် မျက်မှောင်ကြုတ်လိုက်သည်။ တစ်စုံတစ်ယောက်က ဒီလောက်မြန်မြန်ဆန်ဆန် သူတို့တံခါးဝကို ရောက်လာသညွ။ လင်းယွင်ဂိုဏ်းရဲ့ ဂုဏ်သတင်းက ကန်းလန်နယ်မြေအထိ ပျံ့နှံ့သွားပြီလား။
"ဒါဆိုရင် ဆက်မေးပါရစေ။ ရှန့်ကွမ်းချင်ယန်လို့ခေါ်တဲ့ လူတစ်ယောက်ကို တွေ့ဖူးပါသလား"
အဘိုးအိုရဲ့ ဘေးပတ်လည်က စိတ်ဝိညာဉ်စွမ်းအင်များက ရုတ်တရက် တုန်ခါလာသည်။ ထိုအရာက အခြေတည်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ယောက် လုပ်နိုင်တဲ့ စွမ်းအားမျိုး လုံးဝမဟုတ်ပေ။
"ခင်ဗျားရဲ့ ခွန်အားက မွေးဖွားခြင်းအဆင့်ဆိုတာ ကျွန်တော် သိတယ်။ ဒါပေမဲ့ ကျွန်တော်ကလည်း သာမန်လူတစ်ယောက် မဟုတ်ဘူး။ ခင်ဗျားမသိရင် ပြောပြမယ်၊ ရှန့်ကွမ်းချင်ယန် ဆိုတာက..."
"အပိုတွေ ပြောမနေနဲ့။ ကျွန်တော်သူ့ကို ထုတ်ပေးမှာ မဟုတ်ဘူး။ ကျွန်တော့်ဆီကနေ သူ့ကို လုယူနိုင်မယ်လို့ ထင်ရင် ခင်ဗျားစမ်းကြည့်လိုက်လေ"
ကျန်းယီမင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း သူ့စကားများတွင် သတ်ဖြတ်လိုစိတ်နှင့် ပြတ်သားမှုတို့ ပြည့်နှက်နေသည်။
"ဟေး... ဂိုဏ်းချုပ်ကြီး။ ဒီလောကကြီးမှာ မဖြစ်နိုင်တဲ့ အပေးအယူဆိုတာ မရှိဘူး။ ညှိနှိုင်းတဲ့အရာတွေပေါ် ကျေနပ်မှုရှိမရှိဆိုတာပဲ ရှိတယ်။ ရှန့်ကွမ်းချင်ယန်ဆိုတာ အဆင့်၂အင်အားစုဖြစ်တဲ့ ရှန့်ကွမ်းမိသားစုက လိုချင်နေတဲ့သူပဲ။ ခင်ဗျားမှာ တောင်းဆိုစရာရှိရင် လွတ်လွတ်လပ်လပ်သာ ပြောလိုက်ပါ။ ကျွန်တော်တို့တွေ အကောင်းဆုံး ဖြည့်ဆည်းပေးမယ်"
"အော်... ရှန့်ကွမ်းမိသားစုက လူတွေကို ပစ္စည်းတွေလို သဘောထားပြီး အရောင်းအဝယ်လုပ်တာ ဝါသနာပါတာကိုး။ ဒါဆို ခင်ဗျားကရော တန်ဖိုးဘယ်လောက်ရှိလဲ။ ကျွန်တော့်ဂိုဏ်းမှာလည်း အရင်းအမြစ်တချို့တော့ ရှိပါတယ်။ ပြောစမ်းပါဦး၊ ခင်ဗျားအသက်နဲ့ လဲဖို့ ခင်ဗျား ဘာတောင်းဆိုချင်လဲ"
"ဟား... ဟား... ကျွန်တော် မမှားဘူးဆိုရင် ခင်ဗျားရဲ့ခွန်အားက မွေးဖွားခြင်းအဆင့်ကို ခုမှရောက်ခါစ ကျင့်ကြံသူတစ်ယောက်ကို အနိုင်ယူနိုင်ရုံလောက်ပဲ ရှိတယ်။ ခင်ဗျားရဲ့ကျင့်ကြံရေး ခရီးလမ်းက မလွယ်ကူခဲ့တာကို မြင်နေရတဲ့အတွက် ရှန့်ကွမ်းမိသားစုက ခင်ဗျားကို အလဲအလှယ်အနေနဲ့ အဆင့် ၅ ဆေးလုံးတစ်လုံး ပေးမယ်..."
"အပိုတွေ ပြောမနေနဲ့။ ခင်ဗျား တိုက်မှာလား မတိုက်ဘူးလား။ မတိုက်ဘူးဆိုရင် ကျွန်တော့်ကျင့်ကြံ နေတာကို လာမနှောင့်ယှက်နဲ့"
ကျန်းယီမင်သည် ဟွမ်ယွမ်ဆေးလုံးတစ်လုံးကို သူ့အင်္ကျီလက်ထဲတွင် ဝှက်ထားလိုက်သည်။ တကယ်တမ်း တိုက်ခိုက်ရမယ်ဆိုရင် အနည်းဆုံး မွေးဖွားခြင်းအလယ်အလတ်အဆင့်လောက် ရှိနေတဲ့ သူ့ရှေ့က အဘိုးကြီးကို အနိုင်ယူနိုင်ရန် ကျန်းယီမင်က လုံးဝယုံကြည်ချက်မရှိပေ။
တကယ်တမ်း တိုက်ခိုက်ရင် ဟွမ်ယွမ်ဆေးလုံးကသာ သူ့ကို ကူညီနိုင်လိမ့်မယလို့သာ သူမျှော်လင့်ထားရသည်။
"ကောင်းပြီ၊ ကောင်းပြီလေ။ ခင်ဗျားက ညှိနှိုင်းဖို့ ငြင်းဆန်နေမှတော့ ကျွန်တော်တို့တွေ နည်းလမ်းကြမ်းကြမ်းပဲ သုံးရတော့မှာပေါ့။ ခင်ဗျားက ကျွန်တော် ငယ်ငယ်တုန်းကနဲ့ တူသား။ ကောင်းတယ်... သိပ်ကောင်းတယ်"
အဘိုးအိုက ဒေါသမထွက်ဘဲ ပြုံးလျက် စာရွက်တစ်ရွက်ကို ကမ်းပေးလိုက်ပြီး ပြောလိုက်သည်။
"ခင်ဗျား တကယ်လို့ စိတ်ပြောင်းသွားရင် ကျွန်တော့်ကို လာရှာလိုက်။ ခင်ဗျားမှာ အချိန်သိပ်မကျန်တော့ဘူးနော်"
ကျန်းယီမင်က အဘိုးအိုစကားဆုံးသည်အထိ မစောင့်တော့ပေ။ သူ့လက်ကို ယမ်းကာ စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုလိုက်ပြီး ဂိုဏ်းတံခါးကို ပိတ်လိုက်သည်။
"စိတ်ဝင်စားစရာပဲ၊ ပြဿနာက ဒီလောက်မြန်မြန် ရောက်လာတာကိုး။"