← Chapters

ဆေးခန်းမတည်ဆောက်ခြင်း

Vol. 4 Ch. 45

ဆေးခန်းမတည်ဆောက်ခြင်း

Vol. 4 Ch. 45

[ဒင်း! တာဝန်အသစ်စတင်ပါပြီ!]

[အသိပေးချက်- အမျိုးအစား - အဓိကတာဝန် ]

[အသိပေးချက်- တာဝန်အမည် - ဆေးလုံးသန့်စင်ခြင်း (အခြေခံအဆင့်)]

[အသိပေးချက်- တာဝန်လိုအပ်ချက် - “ဟွန်ယွမ်ဆေးလုံး”၊ “ကျုချီဆေးလုံး” နှင့် “သက်သာရေးဆေးလုံး” ဟူသော ဆေးလုံးသုံးမျိုးကို သန့်စင်ပြီးနောက် သင့်တပည့်များကို သောက်သုံးစေပါ။]

[အသိပေးချက်- ဆုလာဘ် - “သံနက်ရောင်ဆေးအိုး”]

တာဝန်အသစ်တစ်ခု ရောက်ရှိလာခဲ့ပြီ။ ရင်းနှီးနေသော တာဝန်အသိပေးချက်သံကို ကြားလိုက်ရသောအခါ ကျန်းယီမင်မျက်နှာသည် ပျော်ရွှင်လာခဲ့သည်။ ဒီကိစ္စကို အတတ်နိုင်ဆုံး အမြန်လုပ်ဆောင်ရမည်။ အခုအချိန်တွင် ဂူလင်းဖေးသည် ဒဏ်ရာများကို ကုသနေရပြီး ရှန့်ကွမ်းချင်ယန်ရဲ့ သွေးကြောများမှာလည်း လုံးဝပြတ်တောက်နေဆဲ ဖြစ်သည်။ ဒီအချိန်သည် သူတို့ခန္ဓာကိုယ်ကို သန့်စင်ရန်နှင့် ချီစွမ်းအင် စုဆောင်းရန်အတွက် ထိုဆေးလုံးများကို အလိုအပ်ဆုံးအချိန် ဖြစ်သည်။ ရှန်ကွမ်းချင်းယွင်ရဲ့ သွေးကြောများ ပြန်ကောင်းလာစေရန် ကူညီပေးနိုင်မည့် နည်းလမ်းတစ်ခုရှိလာပြီဖြစ်သော်လည်း သူရရှိထားသော ဆေးဖော်စပ်နည်းများကို တကယ်မလုပ်နိုင်စွမ်း မရှိသေးသည့်အချက်က သူ့ကို စိတ်ရှုပ်နေစေသည်။

ထို့ကြောင့် သူကကျင့်ကြံအဆင့်ကို ဦးစွာမြှင့်တင်လိုခြင်းဖြစ်သည်။ ကောင်းကင်နတ်ဆိုးကိုယ်ခန္ဓာသည် သူ့ဒဏ်ရာထက်ဝက်ကျော်ကို သက်သာပျောက်ကင်းအောင် ကူညီပေးပြီးဖြစ်ရာ ယခုအချိန်တွင် ဆေးဖော်စပ်နည်းကို ဦးစွာလေ့လာကြည့်ဖို့ သူဆုံးဖြတ်ချက်ချလိုက်သည်။ ကျန်းယီမင်က တင်ပျဉ်ခွေထိုင်လိုက်ပြီး ပုံရိပ်လွှာတစ်ခုသည် သူြ စိတ်အာရုံထဲတွင် ဖြည်းညင်းစွာ ထွက်ပေါ်လာလေသည်။

“ဟူး... ကျင့်စဉ်လမ်းညွှန်ထဲမှာ ဒီဆေးဖော်စပ်နည်းရဲ့ လုပ်ဆောင်ပုံလုပ်ဆောင်နည်းတွေကို ညွှန်ပြထားတယ်ဆိုပေမဲ့ ဘယ်လောက်ပဲ ဖတ်ဖတ် စာရွက်ပေါ်က အချက်အလက်သက်သက်ပဲ ရှိသေးတယ်”

ကျန်းယီမင်သည် မတ်တတ်ရပ်ကာ ကိုယ်လက်ဆန့်တန်းလိုက်သည်။ သူ့ရှေ့က ဆေးဖော်စပ်နည်းပညာမှာ ထင်သလောက် မလွယ်ကူလှပေ။ ဆေးခန်းမထဲတွင် ဆေးဖက်ဝင်ပစ္စည်းများကို သူ့အတွက် အသင့်ပြင်ဆင်ထားပြီးဖြစ်ရာ ကျန်းယီမင် အနေဖြင့် သွားရောက်စမ်းသပ်ရန် မစောင့်နိုင်တော့ချေ။ တကယ်လို့သူသာ ဆေးဖော်စပ်နည်းကို နားလည်သဘောပေါက်သွားပါက ရရှိလာမည့် အကျိုးကျေးဇူးများမှာ တွေးကြည့်၍ပင် ရနိုင်မည်မဟုတ်ပေ။

ကျန်းယီမင်က ဆေးခန်းမဆီသို့ အလျင်အမြန် လျှောက်သွားလိုက်သည်။ ဆေးအိုးတစ်အိုးကို သူ့ရှေ့တွင် ချထားလိုက်သည်။ ဆေးနည်းအချို့ကို မှတ်ဉာဏ်ထဲတွင် စွဲမြဲသွားအောင် မှတ်သားထားလိုက်ပြီးနောက် ဆေးအိုးရှေ့တွင် ထိုင်ကာ အသက်ခပ်ပြင်းပြင်း ရှူသွင်းလိုက်သည်။

ဆေးလုံးသန့်စင်ခြင်းသည် ဆေးဖက်ဝင်ပစ္စည်းအချို့ကို ရောစပ်လိုက်ရုံသာဖြစ်ပြီး လွယ်ကူတယ်လို့ ထင်ရသော်လည်း လက်တွေ့မှာ တကယ်လုပ်ဆောင်ရတာက အလွန်ရှုပ်ထွေးလှသည်။

ပထမဦးစွာ ဆေးဖက်ဝင်ပစ္စည်း တစ်ခုချင်းစီရဲ့ အလေးချိန်, အချိုးအစားသည် အလွန်တိကျရမည်။ဆေးဖက်ဝင်ပစ္စည်းတစ်ခုစီရဲ့ အလေးချိန်သည် လိုအပ်တာထက် အနည်းငယ်ပိုသွားပြီး အခြားပစ္စည်းများနှင့် မျှခြေပျက်စီးသွားသည်နှင့် ရရှိလာသော ဆေးလုံးများက အဆိပ်များပင် ဖြစ်သွားနိုင်သည်။ ဆေးအာနိသင် လုံးဝဆုံးရှုံးသွားရုံသာမက ပိုအရေးကြီးတာက ဆေးဖက်ဝင်ပစ္စည်းတစ်ခုချင်းစီရဲ့ ရှိနေတဲ့အဆိပ်များတောင် လှုံ့ဆော်သလိုဖြစ်သွားလိမ့်မည်။

ဒုတိယအနေဖြင့် ဆေးဖက်ဝင်ပစ္စည်း တစ်ခုချင်းစီကို သူတို့ရဲ့ ဆေးအနှစ်သာရအစိတ်အပိုင်းသာ ကျန်တော့တဲ့အထိ သန့်စင်ရမည်ဖြစ်သည်။ ထိုလုပ်ငန်းစဉ်အတွင်း ပစ္စည်းတစ်ခုချင်းစီအတွက် လိုအပ်သော အပူချိန်မှာ တစ်ခုနဲ့တစ်ခုက လုံးဝကွာခြားသည်။ အချို့သော “နူးညံ့သော” ဆေးဖက်ဝင်ပစ္စည်းများသည် သဘာဝအလျောက် ပျက်စီးလွယ်ပြီး အမှားအယွင်း အနည်းငယ်တောင် ခံနိုင်ရည်မရှိကြပေ။ မီးအပူချိန် အနည်းငယ် မြင့်သွားသည်ဖြစ်စေ၊ နိမ့်သွားသည်ဖြစ်စေ တစ်ခဏလေးအတွင်းမှာပင် ထိုပစ္စည်းများရဲ့ ဆေးအာနိသင်ကို ပျက်စီးသွားစေနိုင်သည်။

ထိုအဆင့်နှစ်ဆင့် ပြီးပြီးနောက် နောက်ဆုံးအဆင့်မှာ ဆေးဖက်ဝင်ပစ္စည်းများကို ဆေးလုံးအဖြစ် သိပ်သည်းခြင်းဖြစ်သည်။ ဒီအဆင့်သည် ဆေးဖော်စပ်သူတစ်ယောက်ရဲ့ သည်းခံနိုင်စွမ်းကို စမ်းသပ်တဲ့အဆင့်လည်း ဖြစ်သည်။ ဆေးလုံးသိပ်သည်းတဲ့ လုပ်ငန်းစဉ်အတွင်း မိမိအာရုံကို ၁၂၀ရာခိုင်နှုန်းလောက်ထိပါ အာရုံစိုက်ထားမှ ဆေးလုံးများအရည်အသွေးကို ကောင်းမွန်မယ်လို့ အာမခံနိုင်မည်ဖြစ်သည်။ ထိုအချိန်တွင်မှ ကျန်းယီမင်က သူလျှောက်လှမ်းရမည့်လမ်းမှာ ဝေးကွာလွန်းနေသေးကြောင်း ခံစားလိုက်ရသည်။

“ထားလိုက်ပါတော့။ အများကြီး ထိုင်တွေးနေလို့လည်း အလကားပဲ။ မြန်မြန်စမ်းသပ်ကြည့်တာက ပိုကောင်းလိမ့်မယ်။”

ကံကောင်းထောက်မစွာပင် စနစ်သည် သူ့အတွက်အလွန်စဉ်းစားတွေးခေါ်တတ်ပြီး ဆေးလုံးအမျိုးအစားများအတွက် လိုအပ်သော ဆေးဖက်ဝင်ပစ္စည်းများကို အချိုးအစားအလိုက် ပြင်ဆင်ပေးထားပြီး ဖြစ်သည်။ အဲ့တာကြောင့်ပဲ ဆေးဖက်ဝင်ပစ္စည်းများကို လိုက်လံခွဲနေရသောဒုက္ခမှ သူကင်းဝေးသွားခဲ့သည်။ ဒီနေ့တိုက်ပွဲတွင် ဂူလင်းဖေးက ဒဏ်ရာရထားသည့်အတွက် ပြန်လည်သက်သာဆေးလုံးကို အရင်ဆုံး စမ်းသပ်သန့်စင်ကြည့်ရပေမည်။

တဖြေးဖြေးနဲ့ ညဉ့်နက်လာခဲ့သည်။ ဆေးခန်းမထဲတွင် ကျန်းယီမင်နှင့်ဆေးအိုးမှ ထွက်ပေါ်နေသော မှိန်ဖျဖျအလင်းရောင်သာ ကျန်တော့သည်။ မီးအပူချိန်ကို ပိုပြီးသေသေချာချာ အာရုံခံနိုင်ရန်အတွက် ကျန်းယီမင်သည် မီးခွက်တောင်မထွန်းတော့ဘဲ ဒီမှိန်ဖျဖျအလင်းရောင်ဖြင့်သာ ဆေးလုံးသန့်စင်ရန် ပြင်ဆင်လိုက်သည်။

“ပထမဆုံးလိုတဲ့ ဆေးဖက်ဝင်ပစ္စည်းက ဝိညာဉ်ပြန်ခေါ်မြက်ပဲ”

ဆေးဖော်စပ်နည်းကျင့်စဉ်က နည်းလမ်းအတိုင်း ကျန်းယီမင်သည် လက်ထဲက နုနယ်သောမြက်ပင်လေးကို ဆေးအိုးထဲသို့ ဂရုတစိုက် ထည့်လိုက်သည်။ အမှားအယွင်းမရှိစေရန် ကျန်းယီမင်သည် ဝိညာဉ်ပြန်ခေါ်မြက်ကို သူ့ကိုယ်ပိုင်စိတ်ဝိညာဉ်စွမ်းအင်ဖြင့် သေချာလေး ဖုံးထားလိုက်ပြီး လိုအပ်သော အပူချိန်ရောက်သည်အထိ စောင့်ဆိုင်းကာ ညင်သာစွာ ထည့်လိုက်ခြင်း ဖြစ်သည်။ ဆေးအိုးထဲမှ ဆေးပင်ရနံ့များ သင်းပျံ့စွာ ထွက်လာခဲ့သည်။

“ဟင်... ဒါပဲလားဟ” သူထင်ထားတာက ဒီထက်အများကြီး ပိုခက်ခဲမယ်လို့ ထင်ထားခဲ့တာ။ ကျန်းယီမင်က သူ့စိတ်အာရုံ လွင့်သွားသည်နှင့် တူးနံ့တစ်ခုက သူ့နှာခေါင်းထဲမှာ ရလိုက်တော့သည်။

“ဆေးဖော်တဲ့နေရာမှာ စိတ်နှစ်ခွဖြစ်တာက အကြီးမားဆုံး အမှားပဲ။ သေစမ်း၊ မှတ်ထားစမ်း၊ ကျန်းယီမင်”

ဒုတိယမြောက်အပင်။

တတိယမြောက်အပင်။

စတုတ္ထမြောက်အပင်။

ဆယ့်နှစ်ကြိမ်မြောက်အပင်။

ဆေးပေါင်းအိုးထဲတွင် ကျန်ရစ်ခဲ့သော ဝိညာဉ်ပြန်ခေါ်မြက် အရည်အိုင်ကလေးကို ကြည့်ရင်း ကျန်းယီမင် တကယ်ပင် ငိုချင်သွားမိသည်။ နောက်ထပ် ဆေးဖက်ဝင်ပစ္စည်းမှာ ရှေးဟောင်းသစ်မြစ် ဖြစ်သည်။ မရေမတွက်နိုင်အောင် စမ်းသပ်ပြီးနောက် သက်သာရေးဆေးလုံးအတွက် လိုအပ်သော ဆေးဖက်ဝင်ပစ္စည်း ၁၂ မျိုးကို အောင်မြင်စွာ ပြင်ဆင်နိုင်ခဲ့လေသည်။ ထို့နောက် နောက်တစ်ဆင့်က ဆေးလုံးသိပ်သည်းခြင်း ဖြစ်သည်။

ကျန်းယီမင်က သူ့စိတ်ဝိညာဉ်စွမ်းအင်ကို လည်ပတ်လိုက်ပြီး ဆေးအိုးထဲသို့ သွင်းလိုက်သည်။ စိတ်ဝိညာဉ်စွမ်းအင်သည် အိုးထဲက ဆေးဖက်ဝင်ပစ္စည်း ၁၂ မျိုးကို ဖြည်းညင်းစွာ လွှမ်းခြုံလိုက်ပြီး တစ်ခုနှင့်တစ်ခု နီးကပ်လာအောင် ဖြည်းဖြည်းချင်း ဆွဲယူလိုက်သည်။ အချိန်အတော်ကြာပြီးနောက် ကျန်းယီမင်သည် ဆေးဖော်စပ်တဲ့နည်းစနစ်နဲ့ တဖြည်းဖြည်းချင်း ရင်းနှီးလာခဲ့သည်။

ယဲ့ယွမ်ဖန်နဲ့ ဟွမ်းချောင်ယုတို့က ဆေးခန်းမတံခါးကို ဖွင့်လိုက်သောအခါ ချွေးများရွှဲနစ်နေသော ကျန်းယီမင်နဲ့အတူ ကြမ်းပြင်အပြည့် ပြန့်ကျဲနေသော အမည်းရောင် အလုံးများကို တွေ့လိုက်ရသည်။

“ဝါး... ဆရာ... ဒီလိုခန်းမမျိုးကို ဘယ်တုန်းက ဆောက်လိုက်ပြန်တာလဲ”

“ဝါး... ဒါကြီးက ဆေးခန်းမ မဟုတ်ဘူးလား။ ဆေးခန်းမပိုင်တဲ့ အဆင့်ငါးဂိုဏ်းဆိုလို့ ဒီ ဖီးနစ်နတ်ဘုရားနယ်မြေမှာ ကျွန်တော်တို့ဂိုဏ်းပဲ ရှိမယ်ထင်တယ်”

ထူးဆန်းသော အနံ့အသက်မျိုးစုံက လေထဲတွင် ရောထွေးနေလေသည်။

“ဆ-ဆရာ... ဆရာ... ဆေးလုံး သန့်စင်နေတာလား”

ကျန်းယီမင်သည် မတ်တပ်ထရပ်လိုက်ပြီး သူ့ချွေးများကို သုတ်လိုက်သည်။ ထို့နောက် စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ ဖြူစင်ဝင်းပသော ဆေးလုံးတစ်လုံးကို ဖြည်းညင်းစွာ မြှောက်တင်လိုက်သည်။

သူ့ကြိုးစားအားထုတ်မှု အရာထင်ခဲ့ပြီ။ သူတစ်ညလုံး မနားမနေ ကြိုးစားခဲ့ရကျိုးနပ်ခဲ့သည်။

ဟွမ်းချောင်ယုသည် တော်ဝင်မျိုးနွယ်မှ ဆင်းသက်လာသူဖြစ်တာမလို့ တခြားသူများ ဆေးဖော်တာကို မြင်ဖူးထားသူ ဖြစ်သည်။

“ဆရာ... ဒီဆေးဖော်တဲ့ပညာကို မနေ့ညကမှ စလေ့လာတာ မဟုတ်ဘူးလား”

ထိုမေးခွန်းမှာ သရော်လိုက်ခြင်းမဟုတ်ဘဲ ဆေးဖော်ခြင်းသည် လွယ်ကူသော အလုပ်တစ်ခုမဟုတ်သည့်အတွက် မေးလိုက်ခြင်း ဖြစ်သည်။ သို့သော် သူမဆရာက တစ်ညတည်းနဲ့ တတ်မြောက်သွားတယ်တဲ့လား။ ဟွမ်းချောင်ယုက သူမရှေ့မှ ဆေးလုံးကို ကြည့်လိုက်သည်။ အရောင်အဆင်းဖြစ်စေ၊ အနံ့ဖြစ်စေ ဒီဆေးလုံးသည် အရည်အသွေးမနိမ့်ကြောင်း ပြနေသည်။

“ဟုတ်တယ်။ ဆေးဖော်လိုက်ရတာ တော်တော်လေး ခက်ခဲပြီးမလွယ်ကူခဲ့ပေမဲ့ အနည်းဆုံးတော့ ဆေးတစ်လုံးရလိုက်တယ်။ ဆေးလုံးတစ်လုံးတည်းပဲကွာ၊ အဲ့လောက်လည်း အထင်ကြီးစရာမလိုပါဘူး။ မင်းတို့နှစ်ယောက် ငါ့အတွက် ဆေးဖက်ဝင်ပစ္စည်းတချို့ သွားဝယ်ပေးကြဦး။ နောက်ကျဒီဆေးလုံးက အသုံးဝင်မယ့်နေရာတွေ အများကြီးရှိလာလိမ့်မယ်”

ဒီဆေးလုံးတစ်လုံး ရရန်အတွက် ကျန်းယီမင်သည် ဆေးခန်းမထဲရှိ သက်သာရေးဆေးလုံးအတွက် လိုအပ်တဲ့ ဆေးဖက်ဝင်ပစ္စည်းအားလုံးကို သုံးစွဲလိုက်ရသည်။ နောက်တစ်ဆင့် သူလုပ်ရမှာက ဆေးဖော်စပ်ခြင်း ကျွမ်းကျင်မှုကို ဆက်လက်မြှင့်တင်ရန်ဖြစ်သည်။

သူတို့ဆရာ စကားကို ကြားလိုက်သောအခါ တပည့်နှစ်ယောက်မှာ မျက်နှာပေါ်က ဝမ်းသာနေမှုကို ဖုံးကွယ်မထားနိုင်ကြတော့ပေ။ ဆေးလုံးမျိုးစုံပံ့ပိုးမှုဖြင့် သူတို့ကျင့်ကြံမှုလမ်းကြောင်းတွင် တစ်ဝက်အားစိုက်ရုံဖြင့် ရလဒ်နှစ်ဆကို ရနိုင်တော့မည် ဖြစ်သည်။ သိပ်မကြာမီတွင် လင်းယွင်ဂိုဏ်းသည် နေရာတိုင်း၌ တပည့်များနှင့် အစွမ်းထက်သူများ ပေါများခဲ့သော ဂုဏ်ယူဖွယ်ရာ အတိတ်မြင်ကွင်းကို ပြန်လည်ဖန်တီးနိုင်တော့မည် ဖြစ်သည်။

ထိုအကြောင်းကို တွေးမိရင်း ယဲ့ယွမ်ဖန် နှင့် ဟွမ်းချောင်ယုတို့နှစ်ဦးလုံး တံတွေးမြိုချလိုက်မိကြပြီး ဈေးသို့ အလျင်အမြန် ထွက်သွားလိုက်ကြသည်။

ယနေ့ ဈေးသည် ခါတိုင်းနဲ့မတူ အနည်းငယ် ထူးခြားနေသည်။ လူတိုင်းသည် သူတို့ဂိုဏ်းဖြစ်သော လင်းယွင်ဂိုဏ်းအကြောင်း ပြောဆိုဆွေးနွေးနေကြသည်။

“ဟေ့.... ဟေ့.... ကြားပြီးကြပြီလား။ လင်းယွင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကလည်း မွေးဖွားခြင်းအဆင့်တစ်ယောက်တဲ့”

“ယွမ်ဟုန်ခုန်အကြောင်း ကြွားနေတာရပ်ပြီး သွားကျင့်ကြံစမ်းပါ။ ကောလဟာလအတင်းတွေ လိုက်ပြောမနေနဲ့”

“ဟေ့ကောင်... ငါကဘာလို့ ဒီလိုကိစ္စတွေကို ကြွားပြောနေရမှာလဲ။ ဟောက်ယွင်ဂိုဏ်းရဲ့ မဟာအကြီးအကဲက မွေးဖွားခြင်းအဆင့်ကို ရောက်သွားတယ်ဆိုတဲ့ သတင်းက လူတိုင်းသိပြီးသား မဟုတ်လား။ အခုသူ့မူလစိတ်ဝိညာဉ်ပါ တိုက်ရိုက်ဖျက်စီးခံလိုက်ရတယ်လို့ ပြောနေကြတယ်”

“မွေးဖွားခြင်းအဆင့်တစ်ယောက်ရဲ့ မူလဝိညာဉ်ကိုတောင် ဖျက်ဆီးနိုင်တယ်ဆိုတော့ လင်းယွင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဘယ်အဆင့်မှာများ ရှိနေတာလဲ။ ဟောက်ယွင်ဂိုဏ်းမဟာအကြီးအကဲက မွေးဖွားခြင်းအဆင့်ကို ခုမှရောက်တာဆိုတော့၊ လင်းယွင်ဂိုဏ်း ဂိုဏ်းချုပ်က မွေးဖွားခြင်းအလယ်အလတ်အဆင့်များ ရောက်နေတာလား”

“ဒါပေါ့ကွ... ဒါ့အပြင် လင်းယွင်ဂိုဏ်းက အဆင့်နှစ်ဒါမှမဟုတ် အဆင့်တစ်လို ဂိုဏ်းတွေဆီကနေ အကူအညီတွေ အများကြီးရထားတာ ဖြစ်ရမယ်လို့ ပြောနေကြတယ်။ သူတို့ဂိုဏ်းကာကွယ်ရေး အစီအရင်က ဖျက်ဆီးလို့တောင် မရနိုင်ဘူးလို့ ကောလာဟလတွေ ထွက်နေတယ်။ ဟောက်ယွင်ဂိုဏ်းအကြီးအကဲသာ ကိုယ့်ကိုကိုယ် မဖောက်ခွဲပစ်ခဲ့ရင် လင်းယွင်ဂိုဏ်းကလူတွေ ထိခိုက်ဒဏ်ရာတောင် ရမှာမဟုတ်ဘူးတဲ့”

“လင်းယွင်ဂိုဏ်းချုပ်က တပည့်အသစ်တွေ လက်ခံနေတုန်းလား မသိဘူး။ လက်ခံနေရင် ငါသွားပြီး ကံစမ်းကြည့်လိုက်ရမလား”

“သူ့ကြည့်တော့ ချီစုဆောင်းခြင်းအဆင့်တောင် မကျော်နိုင်သေးဘဲနဲ့၊ သူကဘာကိစ္စ မင်းကို တပည့်လက်ခံရမှာလဲ။ ကိုယ့်ဟာကိုယ်သာ သွားကျင့်ကြံနေစမ်းပါကွာ”

All Chapters