မထိန်းထားနိုင်တဲ့ စိတ်လှုပ်ရှားမှု
Vol. 4 Ch. 46
"ဟေ့ရောင်တွေ... မင်းတို့ကို ငါပြောပြမယ်။ ငါကြားထားတဲ့ နောက်ဆုံးရသတင်းတွေအရဆိုရင် လင်းယွင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က သာမန်လူမဟုတ်ဘူးကွ။ တကယ်တမ်း သူကမကောင်းဆိုးဝါးအိုကြီးလို ကျင့်ကြံသူတစ်ယောက်ရဲ့ မျက်စိကျတာကို ခံထားရတာတဲ့"
"မင်းပြောတာ ပိုဖြစ်နိုင်ချေရှိတယ်ကွ။ လင်းယွင်ဂိုဏ်းဆိုတာ အရင်တုန်းက ဂိုဏ်းအသေးလေး မဟုတ်လား။ သူတို့ဂိုဏ်းချုပ်ဆိုရင် မကြာသေးခင်ကမှ ဟောက်ယွင်ဂိုဏ်းလက်ချက်နဲ့ ဒဏ်ရာရထားသေးတယ်။ ဒီလိုအချိန်တိုအတွင်း သူကဘယ်လိုလုပ်ပြီး ဒီလောက် စွမ်းအားကြီးသွားရတာလဲ"
"ကျွတ်... သူ့လက်ထဲမှာ ရတနာကောင်းတွေ ဘယ်လောက်တောင် ရှိနေမလဲ မသိဘူး။ သူ့တပည့်တွေဆိုရင် အင်မတန် စွမ်းအားကြီးတဲ့ ကျင့်စဉ်တွေ ရထားကြတယ်လို့ ငါကြားတယ်။ လင်းယွင်ဂိုဏ်း ရဲ့ တပည့်ဖြစ်ခွင့်ရတာ သူတို့တွေ ဘယ်လောက်တောင် ကံကောင်းလိုက်သလဲကွာ"
"ဟူး... သာမန်ဂိုဏ်းတစ်ခုကို ဝင်ချင်ရင်တောင် ကျင့်ကြံရေးပါရမီက အရေးကြီးနေတုန်းပဲကွာ။ ငါ့လိုလူမျိုးအတွက်တော့ စိတ်ကူးယဉ်နေယုံပဲရှိတာပေါ့"
ယဲ့ယွမ်ဖန်နှင့် ဟွမ်းချောင်ယုတို့သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။ မနေ့ကဖြစ်ခဲ့သော ကိစ္စရပ်များသည် အခုလိုကြီးမားတဲ့ သက်ရောက်မှုကြီး ရှိလိမ့်မယ်လို့ အခုမှသူတို့သိလိုက်ရသည်။
"ဂိုဏ်းတူညီမလေး... ငါတို့ဒီမှာ ကြာကြာမနေတာ အကောင်းဆုံးပဲ။ အခု ဆရာက ဆေးဖော်ဖို့အတွက် ဆေးဖက်ဝင်ပစ္စည်းတွေကို စောင့်နေတာ။ ငါတို့ မြန်မြန်ဝယ်ပြီး ချက်ချင်းပြန်ကြရအောင်"
ထိုကောလာဟလများကို နားထောင်ရင်း ယဲ့ယွမ်ဖန် သည် ဟွမ်းချောင်ယုရဲ့အင်္ကျီလက်စကို ဆွဲလိုက်ပြီး သူတို့ဆရာခိုင်းလိုက်တာများကို အမြန်ပြီးအောင် လုပ်ရန် အမူအရာပြလိုက်သည်။
"ဆိုင်ရှင်... ဒီစာရင်းထဲက ဆေးဖက်ဝင်ပစ္စည်းတွေ အကုန်လိုချင်တယ်" သူတို့နှစ်ယောက်က ဆေးအရောင်းဆိုင်တစ်ဆိုင်သို့ ဝင်သွားလိုက်ပြီး လိုအပ်တဲ့စာရင်းကို ပေးလိုက်သည်။
ဆိုင်ရှင်ဖြစ်သူ အဘိုးအိုက မတ်တတ်ရပ်လိုက်ပြီး ဆေးစာရင်းကို တစ်ချက်ကြည့်ပြီးနောက် အံ့သြသော မျက်နှာထားဖြင့် ခေါင်းမော့လာကာ "ဒီဆေးဖော်စပ်နည်းက သာမန်မဟုတ်ဘူး။ မင်းတို့နှစ်ယောက်က ဘယ်ကလာတာလဲ" ဟု မေးလိုက်သည်။
ယဲ့ယွမ်ဖန်က မျက်မှောင်ကြုတ်သွားသည်။ ဂိုဏ်းနဲ့ပတ်သက်သော သတင်းများက တောမီးပမာ ပျံ့နှံ့နေသည်။ တကယ်လို့ ဒီအချိန်မှာသာ သူ့အထောက်အထားကို ထုတ်ပြောလိုက်ပါက မလိုအပ်တဲ့ ပြဿနာတွေ တက်လာနိုင်သည်။
"ကျုပ်တို့က ဘယ်ဂိုဏ်းနဲ့မှ မသက်ဆိုင်တဲ့ လေလွင့်ကျင့်ကြံသူတွေပါ။ တခြားတစ်ယောက်က အကူအညီတောင်းလို့ လာဝယ်ပေးရုံ သက်သက်ပါပဲ"
"ဟဲဟဲ... ရပါတယ်။ ရပါတယ်။ ကျင့်ကြံလောကရဲ့ စည်းမျဉ်းအရ စီးပွားရေးလုပ်တဲ့အခါ ဖောက်သည်တွေကို မေးခွန်းထုတ်တာမျိုး မလုပ်သင့်ဘူး။ ငါစကားမှားသွားတာပါ။ ဒါပေမဲ့ မင်းတို့ရဲ့ဆေးစာရင်းထဲက ဆေးဖက်ဝင်ပစ္စည်းတွေက အဆင့်သုံးဆေးလုံးတွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေချည်းပဲ။ ဒီဖီးနစ်နတ်ဘုရားနယ်မြေမှာ ဆေးပညာရှင်တစ်ချို့နဲ့ ဂိုဏ်းအနည်းငယ်လောက်ကပဲ အဆင့်သုံးဆေးလုံးတွေကို သန့်စင်နိုင်စွမ်းရှိကြတာ။ ဒီလိုပစ္စည်းမျိုးအတွက် ငါ့ဆီလာဝယ်တာ ငါ့အတွက် ဂုဏ်ယူစရာပါပဲ" ဆိုင်ရှင်အဘိုးအိုသည် ရယ်မောလိုက်ပြီး ဆေးဖက်ဝင်ပစ္စည်းများကို ပြင်ဆင်ပေးရန် လှည့်ထွက်သွားသည်။
............
လင်းယွင်ဂိုဏ်းဆေးခန်းမအတွင်း၌...
ဆေးလုံးသန့်စင်ခြင်းနည်းစနစ်သည် သည်းခံနိုင်စွမ်းကို အကြီးအကျယ် စမ်းသပ်ရုံသာမက ဆေးဖော်စပ်သူရဲ့ စိတ်ဝိညာဉ်စွမ်းအင် ထိန်းချုပ်နိုင်စွမ်းနဲ့ ကျင့်ကြံမှုအဆင့်ကိုပါ သေသေချာချာ စမ်းသပ်ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆေးအိုးထဲကို ဆေးဖော်စပ်သူက စိတ်ဝိညာဉ်စွမ်းအင်များကို အဆက်မပြတ် ထည့်သွင်းပေးနေရသောကြောင့် ဖြစ်သည်။ တကယ်လို့ ဆေးဖော်စပ်သူက အမြုတေဖွဲ့စည်းခြင်းအဆင့် (သို့မဟုတ်) အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်မှာသာ ရှိနေသေးပါက ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင်များသည် နှစ်နာရီအတွင်း လုံးဝ ကုန်ခမ်းသွားပေလိမ့်မည်။
အခြေတည်စိတ်ဝိညာဥ်အဆင့်ကို ရောက်နေပြီဖြစ်တဲ့ ကျန်းယီမင်တောင် အချိန်အကြာကြီး ဆေးလုံးသန့်စင်ပြီးနောက် ဆက်လက်သန့်စင်ရန် မဖြစ်နိုင်တော့တာကို ခံစားနေရသည်။ သူ ခဏအနားယူရန် လိုအပ်နေပြီ ဖြစ်သည်။ တကယ်လို့ သူ့စိတ်ဝိညာဉ်စွမ်းအင်က မတည်မငြိမ်ဖြစ်နေတုန်း ဆက်ပြီးဆေးဖော်စပ်နေခြင်းသည် ဆေးဖက်ဝင်ပစ္စည်းများကို အလာဟသ ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။ ကျန်းယီမင်က ဆေးခန်းမထဲမှ ထွက်ထွက်လာချင်းမှာပဲ ယဲ့ယွမ်ဖန်နှင့်ဟွမ်းချောင်ယုတို့ ဂိုဏ်းတံခါးဝသို့ ဝင်ရောက်လာသည်ကို မြင်လိုက်ရသည်။
"ဆရာ... ဆရာနောက်ဆုံးတော့ ထွက်လာပြီပေါ့။ ဆရာ မသိလို့၊ တောင်အောက်ဈေးတစ်ခုလုံးက လင်းယွင်ဂိုဏ်းအကြောင်း ကောလာဟလတွေနဲ့ ပြည့်နှက်နေတာပဲ"
"ဟင်... ဟုတ်လား" ကျန်းယီမင် မျက်ခုံးပင့်လိုက်သည်။ မနေ့က တိုက်ပွဲဖြစ်ပြီးနောက် သူကခဏသာ အနားယူပြီး ဆေးခန်းမထဲသို့ တန်းဝင်သွားခဲ့ခြင်း ဖြစ်သည်။ ကောလာဟလများ ထွက်ပေါ်လာနိုင်တာကို သူထည့်မတွေးလိုက်မိပေ။ သို့သော်လည်း ဖြစ်သင့်ပေသည်။ တဖက်လူ သူ့ရန်သူမှာ မွေးဖွားခြင်းအဆင့်ကို ရောက်ခါစဖြစ်ပြီး အုတ်မြစ်မခိုင်မာသေးဘူး ဆိုပေမယ့်လည်း သူမနေ့က မွေးဖွားခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်ခဲ့သည် မဟုတ်ပါလား။ ဒီကမ္ဘာတွင် အခြေတည်စိတ်ဝိညာဥ်အဆင့်လူက မွေးဖွားခြင်းအဆင့်ကျင့်ကြံသူတစ်ဦးကို စိန်ခေါ်ရဲသည့်သူမှာ သူ့အပြင် နောက်ထပ် ရှိလိမ့်မည် မဟုတ်ပေ။
"ဆရာ... လူတိုင်းနီးပါးလိုလို ကျွန်တော်တို့ဂိုဏ်းကို ဝင်ချင်နေကြပြီ။ ကျွန်တော်တို့ဂိုဏ်းက သိပ်မကြာခင် အရင်ကလို ပြန်စည်ကားလာနိုင်လောက်တယ်"
'အရင်ကလို ပြန်ပြီး စည်ကားလာမယ်?' ထိုစကားကို ကြားလိုက်ရသောအခါ ကျန်းယီမင်ခေါင်းငုံ့ပြီး စဉ်းစားလိုက်သည်။ မနေ့က သူအဆင့်သုံးဂိုဏ်းဖြစ်သော ဟောက်ယွင်ဂိုဏ်းက ရာထူးမြင့်သန်မာတဲ့ ခေါင်းဆောင်ပိုင်းအားလုံးကို သုတ်သင်ရှင်းလင်းခဲ့ပြီး ဖြစ်သည်။ စနစ်အကူအညီနဲ့ ပင်မခန်းမဆောင်၊ ဆေးခန်းမနှင့် ဂိုဏ်းကာကွယ်ရေး ယအစီအရင် အားလုံးလည်း အဆင်သင့်ရှိနေသည်။
လူအင်အား နည်းပါးနေတာကလွဲပြီး လင်းယွင်ဂိုဏ်း သည် ယခင်ကလို ကျဆင်းနေတဲ့ အဆင့်ငါးဂိုဏ်းတစ်ဂိုဏ်း လုံးဝမဟုတ်တော့ပေ။ သို့သော် လောလောဆယ်တွင် သူ့အတွက် အဓိကဦးစားပေးမှာ တပည့်များရဲ့ ခွန်အားကို အမြန်ဆုံး မြှင့်တင်ပေးရန်ဖြစ်သည်။ တကယ်လို့ သူ့တပည့်တွေအားလုံး အခြေတည်စိတ်ဝိညာဥ်အဆင့်ကို ရောက်သွားကြရင် သူ့ဆီကနေ ပညာကုန်သင်ယူပြီးသွားပြီလို့ သတ်မှတ်နိုင်သည်။ ထိုအချိန်ကျမှ တပည့်သစ်တွေ လက်ခံရင်လည်း နောက်ကျမှာ မဟုတ်ပေ။
"အလောတကြီးမလိုပါဘူး။ ငါတို့ရဲ့ ကျင့်ကြံရေး အခြေခံမခိုင်မာဘဲ အမြန်နှုန်းကိုပဲ လိုက်နေရင် ကောင်းကျိုးထက် ဆိုးကျိုးပဲ များလာလိမ့်မယ်"
ကျန်းယီမင်က ပြုံးလိုက်ပြီး ဂိုဏ်းကာကွယ်ရေး အစီအရင် အတွင်း၌ တင်ပျဉ်ခွေထိုင်လိုက်သည်။အသက်ရှူ လေ့ကျင့်လိုက်တာနှင့် ဆေးဖော်စပ်တုန်းက ကုန်ဆုံးသွားသော စိတ်ဝိညာဉ်စွမ်းအင်များသည် အလျင်အမြန် ပြန်လည် ပြည့်လာခဲ့သည်။
"ဆရာ... ဆရာ့ကို တွေ့ချင်လို့တဲ့၊ လူတစ်ယောက် ရောက်နေပါတယ်"ဟု ရှန့်ကွမ်းချင်ယန် အသံ ထွက်ပေါ်လာခဲ့သည်။
"ဂိုဏ်းဝင်ဖို့လာတာဆိုရင် ပြန်လွှတ်လိုက်။ ဒီရက်ပိုင်းအတွင်း ငါ ဘယ်တပည့်မှ လက်မခံဘူး"
"အဲ့လူက တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာရဲ့ နိုင်ငံတော်အတိုင်ပင်ခံအမတ်လို့ ပြောနေတဲ့အဘိုးကြီးတစ်ယောက်ပါ"
ကျန်းယီမင်က မျက်မှောင်ကြုတ်လိုက်သည်။ အဲ့တာဆို လာခဲ့သည့်သူက သိပ်မကြာသေးခင်ကမှ သူတွေ့ခဲ့ရသော ဟွမ်းထျန်းချီ ဖြစ်လောက်သည်။ ဟွမ်းချောင်ယုကို နန်းတော်ကို ပြန်ခေါ်သွားမယ့်ကိစ္စကို ဆွေးနွေးရန် ထပ်လာခြင်းများလား။ မနေ့က ဒီနေရာမှာ ဘာဖြစ်ခဲ့သလဲဆိုတာကို သူတို့လုံးဝမသိဘဲတော့ မနေလောက်ဘူး။ တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာဆိုသည်မှာလည်း ဟောက်ယွင်ဂိုဏ်းလို အဆင့် သုံးအင်အားစုတစ်ခုသာ ဖြစ်သည်။
"ဟွမ်းချောင်ယုက ပြန်မလိုက်ချင်ဘူးလို့ သူ့ကိုပြောလိုက်ပြီး ပြန်လွှတ်လိုက်ပါ"
"ဆရာ... သူပြောတာက ဒီနေ့လာတာ မင်းသမီးကိစ္စအတွက် မဟုတ်ပါဘူးတဲ့။ တခြားအရေးကြီးကိစ္စ ဆွေးနွေးစရာ ရှိလို့ပါတဲ့"
'ဟမ်... တခြားအရေးကြီးကိစ္စ ဘာများလဲ'ဟု ကျန်းယီမင်သိချင်သွားသည်။
"ဒါဆိုရင်လည်း သူ့ကိုဝင်ခွင့်ပေးလိုက်ပါ"ဟု ကျန်းယီမင် ခေါင်းညိတ်လိုက်ပြီး ဧည့်သည်ကို ဝင်ခွင့်ပြုရန် ရှန့်ကွမ်းချင်ယန် အား အချက်ပြလိုက်သည်။
ကျန်းယီမင်က အစီအရင်အတွင်းမှာပဲ ဆက်တရားထိုင်နေသည်။ အခြေတည်စိတ်ဝိညာဥ်အဆင့်က အငွေ့အသက်တစ်ခု ချဉ်းကပ်လာတာကို သူခံစားလိုက်ရသောအခါ သူဖြေးဖြေးလေးပြောလိုက်သည်။
"ကြိုဆိုပါတယ် အတိုင်ပင်ခံအမတ်ကြီး။ သိပ်ပြီး ခမ်းခမ်းနားနား မကြိုဆိုနိုင်တာကို ခွင့်လွှတ်ပါ။ ပြီးခဲ့တဲ့တစ်ခေါက်ကတည်းက ကျုပ်ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးသားပါ။ ရှောင်ယုက ကျုပ်ရဲ့တပည့်ဖြစ်တဲ့အတွက် သူ မလုပ်ချင်တဲ့အလုပ်ကိုလုပ်ဖို့ ကျုပ်ကို ကျော်ပြီး ဘယ်သူမှ အတင်းအကျပ် ဖိအားပေးလို့ မရပါဘူး"
တဖက်လူက ဟွမ်းချောင်ယုကို ခေါ်ရန်လာတာ မဟုတ်ကြောင်း ရှင်းလင်းစွာ ပြောထားသဖြင့် သူ့ရည်ရွယ်ချက်မှာ လျှို့ဝှက်ချက်တစ်ခု ဖြစ်နေသည်။
"ကျုပ် နန်းတော်ကို ပြန်ရောက်တုန်းက မင်းသမီးရဲ့ အခြေအနေကို မင်းကြီးဆီ တင်ပြပြီးပါပြီ။ မင်းကြီးက သူ့သမီးတော်ကို လွမ်းဆွတ်နေပေမဲ့ မင်းသမီးက ဒီနေရာမှာ ကျင့်ကြံတာ တိုးတက်မှုတွေ ရှိနေတယ်ဆိုတာ သိရတဲ့အတွက် ဒီကိစ္စကို ထပ်မပြောတော့ပါဘူး"
"အော်... ဒါဆို ခင်ဗျားက ရှောင်ယုရဲ့ အခြေအနေကို လာကြည့်ရုံ သက်သက်ပဲလား။ အဲ့ဒါဆိုရင်လည်း အလောတကြီး ပြန်စရာမလိုပါဘူး။ နောက်ထပ် ရက်နည်းနည်းလောက် ဆက်နေသွားလည်း ဘာမှမဖြစ်ပါဘူး"
နိုင်ငံတော်အတိုင်ပင်ခံအမတ် ရောက်လာရခြင်းမှာ သူ့ကိုစည်းရုံးရန်လာကြောင်း ထင်ရှားနေသည်။ ယခုအခါ ဟောက်ယွင်ဂိုဏ်းက အခြေခံအားဖြင့် ပျက်စီးသွားပြီဖြစ်ပြီး အဆင့်ငါးအင်အားစုတစ်ခုအဖြစ် တိုက်ရိုက် လျှောကျသွားရာ လင်းယွင်ဂိုဏ်း အနေဖြင့် ဟောက်ယွင်ဂိုဏ်းနေရာတွင် အစားထိုး ဝင်ရောက်နိုင်ပြီ ဖြစ်သည်။
တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာရဲ့ အစီအစဉ်မှာ မဆိုးလှပေ။ သူတို့က ရှောင်ယုကို အဓိကသော့ချက်အဖြစ် အသုံးပြုပြီး ဆက်ဆံရေး ပိုမိုခိုင်မာအောင် လုပ်ဆောင်ကာ၊ လင်းယွင်ဂိုဏ်းက တပည့်အများကြီး လက်မခံသေးသည့် အချက်ကို အခွင့်ကောင်းယူပြီး သူ့ကိုကူညီပေးတယ်လို့ ခေါင်းစဉ်တပ်ပြီး တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာက လူတွေကို လင်းယွင်ဂိုဏ်းကို ထည့်ရန်ကြံစည်နေခြင်း ဖြစ်သည်။
ကျောက်ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင်ပစ်မယ့် သဘောဖြစ်သည်။ တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာရဲ့ အာဏာကို ခိုင်မာစေနိုင်ရုံသာမက လင်းယွင်ဂိုဏ်းကိုလည်း လျှို့ဝှက်ထိန်းချုပ်နိုင်မှာလည်း ဖြစ်သည်။ ကျန်းယီမင် အနည်းငယ် ပြုံးလိုက်သည်။ ဟွမ်းထျန်ချီ ဘာပြောမလဲ ဆိုတာကိုပဲ စောင့်ကြည့်ရတော့မည်။