ကြောက်မက်ဖွယ်ရာ
Vol. 4 Ch. 53
ကျန်းယီမင် တုံ့ပြန်ဖို့ အချိန်မရလိုက်ခင်မှာပဲ မြွေကြီးသည် ကျန်းယီမင်ကြောင့် နောက်တစ်ကြိမ် ဒေါသထွက်သွားပုံရသည်။ ခေါင်းကို ခါရမ်းလိုက်ရာ ကျန်းယီမင်က အောက်ကိုပြုတ်ကျသွားလိုက်သည်။ တကယ်လို့ သူသာ ထိပ်တိုက်ရင်ဆိုင်ဖို့ ရွေးချယ်လိုက်မည်ဆိုလျှင် ထိုမြွေကြီးကို အနိုင်ယူနိုင်မည့်နည်းလမ်း လုံးဝ ရှိလိိမ့်မည်မဟုတ်ပေ။ အရှိန်နဲ့ ပြုတ်ကျလာတဲ့ ကျန်းယီမင်သည် ထိုအကြပ်အတည်းမှ လွတ်မြောက်နိုင်မည့်နည်းလမ်းကို စိတ်ထဲတွင် မြန်မြန်ဆန်ဆန် အဖြေရှာလိုက်သည်။
'နေပါဦး... တကယ်လို့ ဒီကမ္ဘာငယ်က လူတစ်ယောက်ရဲ့ စိတ်ဆန္ဒအတိုင်း ဖန်တီးထားတာဆိုရင်၊ ငါလည်း ဒီကမ္ဘာငယ်ရဲ့ အရှင်သခင် ဖြစ်လာနိုင်တာပဲ မဟုတ်လား။'
ကျန်းယီမင်ရဲ့ မျက်လုံးများပွင့်လာပြီး သူ့ခန္ဓာကိုယ်သည် လေထဲတွင် လွှင့်မျောလာသည်။ သူ့အရှိန်အဝါများက ကမ္ဘာငယ်တစ်ခုလုံးကို ပြည့်နှက်သွားပြီဖြစ်ကြောင်း သူခံစားလိုက်ရသည်။ ထိုအချိန်တွင် သူက ဒီကမ္ဘာငယ်လေး၏ လည်ပတ်ပုံနည်းလမ်းများကို နားလည်သဘောပေါက်သွားသည်။
'ဒီကမ္ဘာရဲ့ လည်ပတ်မှုစည်းမျဉ်းတွေကို ငါပြောင်းလဲနိုင်တယ်ဆိုရင် ဒီကမ္ဘာထဲက သက်ရှိတွေကိုလည်း ငါထိန်းချုပ်နိုင်လိမ့်မယ်'
"ပျောက်ကွယ်သွားစမ်း"
အခြေအနေကို သဘောပေါက်သွားတဲ့ ကျန်းယီမင်သည် သူ့ရှေ့က ဧရာမမြွေကြီးကို မကြောက်တော့ပေ။ သူ့ရဲ့ မာန်ပါတဲ့ အော်ဟစ်သံသည် ကမ္ဘာငယ်တစ်ခုလုံး ဟိန်းထွက်သွားသည်။ ထိုအချိန်တွင် မြွေကြီးသည် သူ့ရဲ့ပါးစပ်ကြီးကို ဖွင့်လိုက်ကာ ကျန်းယီမင်ကို အသားတုံးကြီးတစ်ခုလို ဝါးမြိုရန် ပြင်လိုက်သည်။ သို့သော် ကျန်းယီမင်ဘေးပတ်လည်မှ စိတ်ဝိညာဥ်စွမ်းအင်များ မြင့်တက်လာသည်နှင့်အမျှ ထိုသွေးအေးသတ္တဝါရဲ့ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်လာသည်။
မြွေကြီးရဲ့ ပါးစပ်ပေါက်ကြီးထဲမှ သေမင်း အငွေ့အသက်ကို ကျန်းယီမင် ခံစားနေရသည်။ သို့သော် သူ့မျက်လုံးထဲတွင် ဒီကောင်သည် ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ပေ။ ကျန်းယီမင်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ညာဘက်လက်သီးဖြင့် ထိုးချလိုက်သည်။ သူ့လက်သီး ရောက်သွားလေရာ နေရာတိုင်းက လေဟာနယ်သည် ကြေမွပျက်စီးတော့မည့်အလား ဖြစ်နေသည်။ သူပစ်သွင်းလိုက်သော လက်သီးချက်တစ်ချက်သည် ဖျက်ဆီးခြင်းစွမ်းအားများနှင့်အတူ မြွေကြီးရဲ့လည်ချောင်းဆီသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားလိုက်သည်။
မြွေကြီးရဲ့ ဟစ်သံနှင့်အတူ သူ့ဧရာမခေါင်းကြီးသည် တမုတ်ချင်း အပိုင်းပိုင်းအစစ ဖြစ်သွားပြီး၊ အဆုံးမမြင်နိုင်အောင် ရှည်လျားတဲ့ သူ့ခန္ဓာကိုယ်ကြီးသည်လည်း တစ်လက်မချင်းစီ ကြေမွပျက်စီးသွားလေသည်။ ကျန်းယီမင်သည် မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ဆင်းသက်လိုက်သည်။ သို့သော် တစ်ချိန်ထဲမှာပဲ သူကချွေးစေးများပြန်လာသည်အထိ လန့်ဖျပ်သွားခဲ့ရသည်။
ဒီကမ္ဘာကို ဖန်တီးခဲ့တဲ့ကျင့်ကြံရှင်က ဘယ်လို ကျင့်ကြံရေးအဆင့်မျိုးကိုများ ရောက်နေတာလဲ။
အကယ်၍ မြေပုံထဲကသဲလွန်စသာ သူ့ကိုဒီကမ္ဘာငယ်ရဲ့ စည်းမျဉ်းတွေကို နားလည်အောင် မကူညီပေးခဲ့ဘူးဆိုရင် သူသေချာပေါက် ဒီမြွေကြီးရဲ့ ဗိုက်ထဲ ရောက်နေလောက်သည်။ ကြောက်ရွံ့မှုက အရှိန်မသေသေးခင်မှာပဲ သူ့ဘေးပတ်လည်က လေဟာနယ်သည် နောက်တစ်ကြိမ် ပြိုကျပျက်စီးသွားပြန်သည်။
သူ မျက်လုံးပြန်ဖွင့်လိုက်သောအခါ သွေးအိုင်တစ်ခုထဲတွင် ရပ်နေမိသည်။ ကျန်းယီမင်သည် သူ့စိတ်ဝိညာဉ်စွမ်းအင်ကို စစ်ဆေးရန် ခေါင်းကို အလျင်အမြန် ငုံ့ကြည့်လိုက်သည်။ သူ့စိတ်ဝိညာဥ်စွမ်းအားသည် ချိတ်ပိတ်ခံထားရတဲ့ အခြေအနေတွင်သာ ရှိနေသေးသည်။ သူ့ဘေးပတ်ပတ်လည်က စိတ်ဝိညာဥ်စွမ်းအင်များသည်လည်း လုံးဝ ကုန်ခမ်းပျောက်ကွယ်သွားပြီ ဖြစ်သည်။ သူ ဒီနေရာကို ပထမဆုံး စဝင်လာတုန်းက ခံစားချက်အတိုင်း ပြန်ဖြစ်သွားသည်။
လှမ်းကြည့်လိုက်သောအခါ သွေးလမ်းမကြီးရဲ့အဆုံးတွင် နန်းတော်တစ်ဆောင် ရှိနေတာကို တွေ့လိုက်ရသည်။ ထိုအရာမှလွဲ၍ တခြားဘာမှမရှိပေ။ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ရင် အဆုံးမရှိတဲ့ အမှောင်ထုသာ ရှိနေသည်။ သို့သော် ထိုအဆုံးမရှိတဲ့ အမှောင်ထုထဲတွင် ဇာစ်မြစ်မသိရသေးတဲ့ အလင်းရောင်တစ်ခုက သူ့ခြေထောက်အောက်ရှိ လမ်းကို တိတ်တဆိတ် လင်းလက်လာစေသည်။
ဘာတွေဖြစ်နေလဲလို့ ကျန်းယီမင်စဉ်းစားနေစဉ်မှာပင် မရေမတွက်နိုင်သော လက်များသည် လမ်းကျဥ်းလေးရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှ ကုတ်ချီပြီး ထွက်လာကြသည်။
ထိုလက်များပေါ် ပါးစပ်ပေါက်များက ကျန်းယီမင်ရဲ့ ခန္ဓာကိုယ်အနံ့ကြောင့် ဆွဲဆောင်ခံလိုက်ခံရသကဲ့သို့ ကြက်သီးထဖွယ် တီးတိုးတီးတိုးသံများကို ရေရွှတ်နေကြသည်။ သူဒီနေရာကို သူတော်စင်ရဲ့ ရုပ်ကြွင်းကို လာရှာခြင်းဖြစ်သည်။ သူ့ခရီးလမ်းကို ပိတ်ဆို့ဖို့ တားဆီးနေတဲ့ ဒီအဆင့်နိမ့်ကောင်တွေက သေချင်နေမှတော့ သူတို့ကို ခရီးဆုံးထိပို့ပေးဖို့ ကျန်းယီမင် ဝန်လေးနေမှာ မဟုတ်ပေ။ ကျန်းယီမင်က သူ့လက်သီးကိုဆုပ်ပြီး ထိုးချလိုက်ရာ သူ့လက်သီးနှင့်ထိတွေ့မိတဲ့ လက်များက ညစ်ပတ်နံစော်နေတဲ့ သွေးအိုင်များအဖြစ် ပြောင်းလဲသွားကြသည်။
"အို... ကောင်းကင်နတ်ဆိုးကိုယ်ခန္ဓာပါလား။ ဟားဟားဟားဟား... ငါဒီမှာ စောင့်နေရတာ အလကား မဖြစ်တော့ဘူးပဲ။ နှစ်ပေါင်းထောင်ချီကြာပြီးမှ ဒီတိုက်ကြီးက ကောင်းကင်နတ်ဆိုးကိုယ်ခန္ဓာတစ်ခုကို မွေးထုတ်ပေးနိုင်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"
ကြောက်မက်ဖွယ် အသံတစ်သံက ကျန်းယီမင်ရဲ့ ခေါင်းထက်အဆုံးမရှိတဲ့ အမှောင်ထုကြီးထဲမှ ထွက်ပေါ်လာခဲ့သည်။ ထိုစကားများအဆိုရ ကျန်းယီမင်ရဲ့ ကောင်းကင်နတ်ဆိုးကိုယ်ခန္ဓာကို သူဖောက်ထိုး မြင်မိသွားမှန်း သိသာနေသည်။
"အခြေတည်စိတ်ဝိညာဥ်အဆင့် ကောင်လေးတစ်ယောက်က ကျောက်တုံးကမ္ဘာရဲ့ အခွင့်အလမ်းကို သဘောပေါက်နိုင်လိမ့်မယ်လို့ ငါထင်မထားဘူး။ မင်းရဲ့ ကျင့်ကြံမှုအဆင့်က တော်တော်နိမ့်ပေမဲ့ မင်းက သေချာပေါက် ပါရမီပါပြီး ထက်မြက်တဲ့သူပဲ။ ဟိုးအရင်တုန်းက ငါက နတ်ဘရားအဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲလိုတော့တာ။ လမ်းမှားလိုက်မိပြီး ဒီမိစ္ဆာကျင့်စဉ်ကို ကျင့်ကြံမိလို့ ဘေးထွက်ဆိုးကျိုး ခံစားရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ကံကောင်းစွာနဲ့ပဲ ငါ့ရဲ့ နှလုံးသားကျင့်စဉ်နဲ့ ဒီကမ္ဘာကို ဖန်တီးခဲ့ပြီး ငါ့ရဲ့မူလစိတ်ဝိညာဉ်ကို အပိုင်းစလေးတစ်ခုအဖြစ် ချန်ထားခဲ့ရပြီး တစ်ယောက်ထဲ ခါးသီးစွာ ကျင့်ကြံနေခဲ့ရတာ။ အခုတော့ကောင်းကင်နတ်ဆိုးကိုယ်ခန္ဓာပိုင်ရှင်က ငါ့တံခါးဝထိ တံခါးလာခေါက်နေပါရောလား။ ကောင်းတယ်... သိပ်ကောင်းတယ်"
"စီနီယာ နားလည်မှုလွဲနေပြီထင်တယ်။ ကျွန်တော်က ဒီကို ရတနာရှာဖို့ပဲ လာခဲ့တာပါ။ စီနီယာရဲ့ တောင်းဆိုမှုကိုတော့ ကျွန်တော်လိုက်လျောပေးနိုင်မယ် မထင်ဘူး" ဟု ကျန်းယီမင်က လက်သီးဆုပ် အရိုအသေပြုရင်း ပြောလိုက်သည်။
ထို့နောက် ပုံရိပ်ယောင် ခန္ဓာကိုယ်တစ်ခုသည် ကျန်းယီမင်ရဲ့ရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာပြီး လှောင်ပြောင်ရိပ်သန်းနေတဲ့ မျက်လုံးများဖြင့် ပြောလိုက်သည်။
"အခုမင်းက ငါ့ပိုင်နက်ထဲ ရောက်နေမှတော့ ငါချန်ထားခဲ့တဲ့ ရတနာတွေကိုယူပြီး အကောင်းပကတိအတိုင်း ပြန်ထွက်သွားနိုင်မယ်လို့ ထင်နေတာလား။ ဟားဟားဟား... ရယ်စရာပဲ... မင်းက ရယ်စရာကောင်းတယ်ကွာ။ ကောင်လေး... မင်းက ကောင်းကင်နတ်ဆိုးကိုယ်ခန္ဓာရဲ့ အစွမ်းအစဆယ်ပုံတစ်ပုံလောက်ပဲ ထုတ်သုံးနိုင်သေးပုံရတယ်။ အခု ငါ့ရဲ့ မူလစိတ်ဝိညာဉ်က မင်းခန္ဓာကိုယ်ကို သိမ်းယူလိုက်တာက မင်းအတွက် ဂုဏ်ယူစရာတစ်ခုပဲကွ"
ထိုသို့ပြောပြီးသည်နှင့် ကျန်းယီမင်ရှေ့မှ ခန္ဓာကိုယ်သည် ရုတ်တရက် လှုပ်ရှားလိုက်သည်။ စိတ်ဝိညာဉ်စွမ်းအင်များက သူ့လက်ဖဝါးပေါ်တွင် စုစည်းသွားပြီး လေတိုးသံများ ထွက်ပေါ်လာသည်အထိ အရှိန်အဟုန်ဖြင့် ကျန်းယီမင်ဆီကို ရိုက်ချလိုက်သည်။
"ဟမ့်... အဖိုးကြီး။ ခင်ဗျားဘာလို့ ငါ့ကိုဒီလောက် စကားတွေ လေကြောရှည်နေလဲဆိုတာ ငါသိပြီ"
ကျန်းယီမင်က မထီမဲ့မြင် ပြုံးလိုက်ပြီး တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။ တဖက်လူက စိတ်ဝိညာဉ်စွမ်းအင်ကို ထုတ်သုံးလိုက်သည်နှင့် တစ်ပြိုင်နက် ကျန်းယီမင်ရဲ့ ပိတ်လှောင်ခံထားရတဲ့ စိတ်ဝိညာဉ်စွမ်းအင်များသည်လည်း ချက်ချင်းပင် လှိုင်းထန်စွာ ထွက်ပေါ်လာသည်။
တကယ်လို့ ထိုမိစ္ဆာအဘိုးကြီးက သူ့ကိုတိုက်ခိုက်ရန် စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုလိုရင် ကျန်းယီမင်ရဲ့ ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ်စွမ်းအင်များကို ဆက်လက်ချိတ်ပိတ်ထားနိုင်တော့မည် မဟုတ်ပေ။
ထိုကျင့်ကြံရှင်ရဲ့ မူလစိတ်ဝိညာဉ်က အစအနလေးတစ်ခုသာ ကျန်ရှိတော့ပေမယ့်လည်း သူတစ်ခါမှ မခံစားဖူးတဲ့ စိတ်ဝိညာဥ်စွမ်းအင်ပမာဏများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
"အဲ့ဒီတော့ ဘာဖြစ်လဲ။ ငါ့အထွတ်အထိပ်တုန်းက အချိန်ကို ထားလိုက်၊ အခု ငါ့မူလစိတ်ဝိညာဉ် အစအနလေးပဲ ကျန်တော့ရင်တောင် မင်းရဲ့ကျင့်ကြံမှုကို ဖျက်ဆီးပစ်ဖို့ဆိုတာ ငါ့အိတ်ကပ်ထဲက ပစ္စည်းကို နှိုက်ယူလိုက်သလောက်ပဲ ရှိတယ်"
သူ့ရှေ့မှ အဖိုးကြီးသည် ဒေါသအမျက်ခြောင်းခြောင်းထွက်နေပြီး ဒီကစဥ့်ကလျား လေဟာနယ်ထဲတွင် အရာအားလုံးကို သူက ထိန်းချုပ်ထားသည်။ တစ်ခဏအတွင်းမှာပင် အဖိုးကြီးရဲ့ခန္ဓာကိုယ်သည် အဆပေါင်းများစွာကြီးထွားလာပြီး ကျန်းယီမင်ရဲ့ ရှေ့တွင် ရပ်နေလိုက်သည်။ လမ်းမလေးရဲ့ ဘေးတစ်ဖက်တစ်ချက်က အောက်ခြေမရှိနေတဲ့ ချောက်နက်ထဲမှ သွေးပင်လယ်ကြီးက ပွက်ပွက်ဆူလာသည်။
"မောက်မာတဲ့ကောင်... မြန်မြန်သေလိုက်စမ်း"
ထိုအသံသည် ကစဥ့်ကလျား လေဟာနယ်ထဲတွင် ပဲ့တင်ထပ်သွားပြီး မရေမတွက်နိုင်တဲ့ လတ်ဆတ်သည့် သွေးများက လေထဲတွင် ဦးခေါင်းခွံပုံသဏ္ဌာန်အဖြစ် စုစည်းသွားကာ ကျန်းယီမင်ထံသို့ တည့်တည့် တိုးဝင်လာသည်။ ကျန်းယီမင်သည် အခုလိုခွန်အားကြီးတဲ့ ဖိအားမျိုးကို တစ်ခါမှ သူမခံစားခဲ့ဖူးပေ။
ထိုကျင့်ကြံရှင်က မူလစိတ်ဝိညာဉ် အစအနလေးတစ်ခုသာ ကျန်ရှိတော့ခြင်း ဖြစ်သည်။ ဒီနေရာတွင် အခုလောက် ဂယက်ရိုက်ခတ်အောင် ဖန်တီးနိုင်သည်ဆိုလျှင် ထိုအဖိုးကြီးသည် မသေဆုံးမီက အနည်းဆုံး မွေးဖွားခြင်းအဆင့်ကို ရောက်ခဲ့သူ ဖြစ်ရပေမည်။
ကျန်းယီမင်သည် ဂါထာတစ်ပုဒ်ကို ရေရွတ်လိုက်ရာ ဧရာမလက်ချောင်းကြီးတစ်ချောင်းက သူ့နောက်ကျောဘက်မှ ထွက်လာခဲ့သည်။
"ပျက်စီးခြင်းလက်ချောင်း"
ထိုဧရာမလက်ချောင်းကြီးသည် ဦးခေါင်းခွံကြီးနှင့် အရွယ်အစားတူညီသည်။ ထိုတိုက်ကွက်နှစ်ခု ထိပ်တိုက်တွေ့မိသောအခါ အလွန်အမင်း ကြောက်မက်စရာ သွေးစွမ်းအားနှင့် ဖျက်ဆီးခြင်းစွမ်းအားတို့ ထိပ်တိုက်တွေ့ဆုံလိုက်ကြသည်။
ဘုန်း...!
သူဖော်ထုတ်လိုက်တဲ့ ဧရာမလက်ချောင်းကြီးက တစ်ခဏသာ ခံနိုင်လိုက်ပြီး ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ သူထင်ထားသည့်အတိုင်းပင် သူ့လက်ရှိခွန်အားဖြင့် ထိုအဖိုးကြီးကို ယှဉ်ပြိုင်တိုက်ခိုက်ရန် အလွန်ခက်ခဲနေသည်။
"ဟမ့်... ငါနဲ့မင်းကြားက ကွာခြားချက်ကို အခုသိပြီလား"
ကျန်းယီမင်က သူ့ခန္ဓာကိုယ်ကို ငြိမ်သွားအောင် ထိန်းလိုက်သည်။ သူ့ရှေ့က ဧရာမဦးခေါင်းခွံကြီးသည် သူ့ဆီကို ချဥ်းကပ်လာနေပြီ ဖြစ်သည်။ အကယ်၍ အခုချက်ချင်း အရေးပေါ်အစီအစဉ်တစ်ခု မလုပ်နိုင်ဘူးဆိုရင် သူသေချာပေါက် ဒီသွေးပင်လယ်ထဲတွင် မြှုပ်နှံခံရတော့မည် ဖြစ်သည်။
သူ့ဘယ်လက်ကို ယမ်းလိုက်ရာ ဆေးလုံးတစ်လုံးက သူ့လက်ဖဝါးတွင် ပေါ်လာခဲ့သည်။ ထိုဆေးလုံးက သူ့ခွန်အားကို လျင်လျင်မြန်မြန် မြှင့်တင်ပေးနိုင်တဲ့ ဟွမ်ယွမ်ဆေးလုံးပဲ ဖြစ်သည်။ ကျန်းယီမင်သည် ဆေးလုံးကို ချက်ချင်းမျိုချလိုက်ပြီး သူ့ခန္ဓာကိုယ်အတွင်းက စိတ်ဝိညာဉ်စွမ်းအင်များ မြင့်တက်လာတာကို သူခံစားလိုက်ရသည်။ အရင်တစ်ခေါက်က ဒီဆေးလုံးကို သောက်ခဲ့တုန်းက စ်တ်ဝိညာဥ်စွမ်းအင်များနှင့် သတ်ဖြတ်စိတ်များကို ထုတ်လွှတ်စရာနေရာမရှိသဖြင့် သူဒုက္ခရောက်ခဲ့ရသည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ သေရေးရှင်ရေးအခြေအနေ ဖြစ်နေသည်။