အခန်း (၁၀၇၆-၁၀၈၀)
Vol. 57 Ch. 1076-1080
အပိုင်း (၁၀၇၆)
ယွန်လော့တစ်မြို့လုံးနီးပါး ကျယ်လောင်သည့်ဗုံသံက ပဲ့တင်ထပ်လာသည်။ မြို့၏ အဓိကဝင်ပေါက်ဂိတ်ရှစ်ခုလုံးက ချက်ချင်းဆိုသလို ပိတ်သွားပြီး ကြီးမားသော အကာအကွယ်လွှာက တစ်မြို့လုံးကို လွှမ်းခြုံသွား၏။
“ဘာတွေဖြစ်နေတာလဲ။”
သုန့်ညီအစ်မနှစ်ယောက်လုံးက ချက်ချင်းဆိုသလို ကောင်းကင်သို့ ထိုးတက်လိုက်ကြသည်။
တစ်ချက်ကြည့်ရုံဖြင့်ပင် မြို့အရှင်စံအိမ်မှ အရှေ့ဘက်ဂိတ်ပေါက်သို့ တန်းမြင်လိုက်ရ၏။ ထိုနေရာတွင် အနက်ရောင်စစ်သည်တော်အဖွဲ့လိုက်က မြို့အရှင်စံအိမ်ရှိရာသို့ ရန်လိုသော အမူအရာဖြင့် ချဉ်းကပ်လာကြသည်။ သူတို့က မြို့အရှင်စံအိမ်တစ်အိမ်လုံးကို ပိတ်စို့ထားကြ၏။
သုန့်ဝမ်ကျင်းက ထိုစစ်သည်တော်များ၏အလံကို မြင်သော် မနေနိုင်ဘဲ အော်တော့သည်။
“နင်တို့မဟာတယွီစစ်တပ်က ဘာလုပ်တာလဲ၊ ဒီနေရာကမြို့အရှင်စံအိမ်နော်၊ နင်တို့ရဲ့ မာရှယ်ဝမ်ချန်းကစည်းမျဉ်းတွေ မသင်ပေးထားဘူးလား၊ အခုချက်ချင်း ထွက်သွားကြစမ်း။”
သူမက အဆင့်လွန်အဆင့်ဖြစ်သည်။ တစ်ခဏတွင် သူမ၏လေသံတွင် ရက်စက်လိုစိတ်က အပြည့်ပါလာ၏။ သို့ရာတွင် ထိုမဟာတယွီမှ စစ်သည်တော်များကမူ မလှုပ်ရှားကြပေ။
လော့ကျန်းက လူအုပ်ထဲမှ မဲမှောင်သောမျက်နှာထားဖြင့်ထွက်လာသည်။
“မာရှယ်ရဲ့အမိန့်အောက်မှာ မြို့အရှင်စံအိမ်မှာ ပုန်းနေတဲ့သူခိုးတွေကို ဖမ်းရမယ်၊ ဖီဆန်တဲ့လူတိုင်းကို သတ်လိုက်ကြ။”
“သတ် သတ်”
စစ်သည်တော်များအားလုံးကလည်း အတူတကွအော်သည်။ သူတို့၏ သတ်ဖြတ်လိုစိတ်က ကောင်းကင်ထိတိုင်ပျံ့နှံ့၏။
ကျောက်စိမ်းမိန်းမပျိုကျောင်းတော်၏ အစောင့်အကြပ်များစွာက နောက်ပြန် ဆုတ်လိုက်မိကြသည်။ သူတို့က အခြားစစ်သည်များနှင့် ရင်ဆိုင်ရရာတွင် မကြောက်လန့်လောက်သော်လည်း မဟာတယွီစစ်တပ်မှ လူများကိုမူ ကြောက်လန့်လေသည်။
သုန့်ဝမ်ယွဲ့က တုံ့ဆိုင်းစွာပြောသည်။
“နင်တို့မှာ ဘာသက်သေရှိလို့လဲ။”
“သူတို့မှာ ဘာသက်သေရှိမှာလဲ၊ ကျွန်မအထင် ဝမ်ချန်းက ရည်ရွယ်ချက်ရှိရှိနဲ့ ဒုက္ခပေးတာပဲဖြစ်ရမယ်။”
သုန့်ဝမ်ကျင်းက ဒေါသတကြီးရယ်သည်။ သူမက လက်ထဲမှ ဓါးရှည်ကို မြှောက်လိုက်၏။သုန့်ဝမ်ကျင်းက ရှေ့တက်လာကြောင်းမြင်သောအခါ လော့ကျန်းက အော်၏။
“သုန့်ဝမ်ကျင်းက အဆင့်လွန်အဆင့်ပဲ၊ မင်း ဝင်မပါဖို့မျှော်လင့်တယ်။”
“နင့်မှာ ဒီလိုပြောပိုင်ခွင့် ဘယ်နေရာက ရှိလာတာလဲ။”
သုန့်ဝမ်ကျင်းက ချက်ချင်းဆိုသလို ဓါးကိုလွှဲရမ်းကာ လော့ကျန်းကို ခုတ်ပိုင်းရန်ကြံစည်လေသည်။ အဆင့်လွန်အဆင့်နယ်မြေ၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် စစ်သည်တော်များအားလုံးက အကြောက်အလန့်မဲ့နေကြသေးသည်။
“ဂိတ်ကိုးပေါက် ရွှေရောင်ချိတ်စည်းဝင်္ကပါ ခင်းကျင်းကြ။”
စစ်သည်တော်များအားလုံးက ချက်ချင်းဆိုသလို ဝင်္ကပါကို ထုတ်ဖော်လိုက်ကြ၏။ သူတို့က သုန့်ဝမ်ကျင်းကို ပိတ်စို့လိုက်ကြ၏။
“သေချင်နေကြတာပဲ။”
သုန့်ဝမ်ကျင်းက ဓါးကိုမြှောက်ကာ ထိုဝင်္ကပါကို ခုတ်ပိုင်းသည်။ သို့ရာတွင် သူမ မည်မျှပင် ဓါးစိတ်ဝိဉာဉ်စွမ်းအားဖြင့် ခုတ်ပိုင်းစေကာမူ ဝင်္ကပါမှ မလွတ်မြောက်နိုင်တော့ပေ။ သူမ အထဲတွင် ပိတ်မိသွားသည်။ မရေမတွက်နိုင်သော ဓါးချီများစွာကို ထုတ်ဖော်နေသည့်တိုင်အောင် ဝါဂွမ်းကို လှီးဖြတ်ရသကဲ့သို့ ခံစားရသည့်တိုင်အောင် မည်သည့်သက်ရောက်မှုမှ ရှိမလာခဲ့ပေ။
“ထူးဆန်းတဲ့ဝင်္ကပါပဲ။”
သုန့်ဝမ်ကျင်းက အံကြိတ်သည်။ သူမက ဓါးကိုလက်နှစ်ဖက်လုံးဖြင့်ကိုင်လျက် ပြင်းထန်သော စွမ်းအားများကိုအပြည့်ထည့်ကာ ခုတ်ပိုင်းလိုက်ပြန်၏။
သူမ၏လက်ထဲမှဓါးက ကျွတ်စီသောအသံများကို ထုတ်လွှတ်လာသည်။ ဖျတ်ခနဲလက်ပြီးသည်နှင့် မရေမတွက်နိုင်သောအလင်းတန်းများစွာကို ဓါးမှ ထုတ်လွှတ်လိုက်၏။ အလင်းတန်းများ ထွက်ပေါ်လာချိန်တွင် သုန့်ဝမ်ကျင်းက သူမ၏ဟန်ချက်ညီမှုကို ပြောင်းလဲလိုက်တော့သည်။ မည်သို့ပင်ဆိုစေ သူမက အဆင့်လွန်နယ်မြေအဆင့်ဖြစ်၏။ အဆင့်လွန်နယ်မြေဖြစ်နေသမျှ ကာလပတ်လုံး သူမ လက်ထဲရှိဓါးက လောကရှိအရာအားလုံးကို လှီးဖြတ်နိုင်စွမ်းရှိလေသည်။
သို့သော် စွမ်းအားများ အချိန်အတန်ကြာစုဆောင်းပြီးနောက်တွင် ဓါးချီများက ရုတ်တရက်ပေါက်ထွက်သွား၏။ ထိုအချိန်တွင် သုန့်ဝမ်ကျင်း၏အရှေ့သို့ ပုံရိပ်တစ်ခုက ပေါ်လာသည်။ သူကလက်ကိုမြှောက်ကာ ထိုဓါးချီစွမ်းအားအားလုံးကို အသာတား၏။
“ငါတို့က လူဖမ်းဖို့လာတာ တိုက်ခိုက်ဖို့မဟုတ်ဘူး။”
လုယွီက အမိန့်ပေးပြီးသည်နှင့် ဝင်္ကပါက ချက်ချင်းဆိုသလို ပြန်လည်ပြိုကျသွားသည်။
သုန့်ဝမ်ကျင်းက အံကိုကြိတ်ကာပြောသည်။
“ဝမ်ချန်း နင် မြို့အရှင်စံအိမ်ကို ဘာလို့ လူတွေနဲ့ ဝိုင်းခိုင်းထားတာလဲ၊ နင် ကောင်းကောင်းမရှင်းပြနိုင်ရင်တော့ ဒီနေ့ ထွက်သွားဖို့မစဉ်းစားနဲ့။”
“ငါ မသိဘူး။”
လုယွီက သုန့်ဝမ်ယွဲ့ကိုကြည့်သည်။
“မြို့အရှင်စံအိမ်ကို ဒီရက်ထဲမှာ သူစိမ်းတွေ လာတာရှိလား။”
သုန့်ဝမ်ယွဲ့က မျက်မှောင်ကြုတ်လျက်ပြောသည်။
“ငါတို့က အနောက်ဘက်ခြမ်းဝန်းမှာ နေတာပဲ၊ကိစ္စတွေတော်တော်များများငါ မသိဘူး၊ ဒါပေမယ့် ချုံးယွီကျုံးက လူတစ်ယောက်တော့ ရောက်လာတဲ့ပုံပဲ။”
လုယွီက ပြောသည်။
“ငါ တစ်ချက်သွားကြည့်ရမယ်။”
သို့ရာတွင် သူ စစ်တန်းလျားတွင်ရှိနေခဲ့ချိန်က မြို့အရှင်စံအိမ်ဘက်မှ ရှေးဟောင်းနတ်ဆိုးအရှိန်အဝါကို သူရလိုက်သည်။ ထိုဝင်သက်စွမ်းအားကို အခြားသူများ မခံစားရသော်လည်း သူက ရှင်းလင်းစွာသိ၏။
ရေခဲနယ်မြေတွင် နတ်ဆိုးဘိုးဘေးရှိကြောင်း သူ သိထားပြီးကတည်းက လုယွီက သတိလက်လွတ်မနေရဲပေ။ ရှေးဟောင်နတ်ဆိုးများ ခိုးဝင်လာခဲ့ကြောင်းကို သူ သတိထားမိသင့်သေး၏။
အပိုင်း ၁၀၇၇
လုယွီက ခြေလှမ်းများဖြင့် အထဲသို့ဝင်လာတော့မည့် အနေအထားဖြစ်ကြောင်း မြင်သောအခါ သုန့်ဝမ်ကျင်းက တားသည်။
“ဒီနေရာက နင့်အိမ်လို့ထင်နေလား၊ နင် ဝင်ချင်းတိုင်းဝင်လို့ရမယ်လို့ထင်လား။”
လုယွီက သူမကို အာရုံမစိုက်လိုပေ။ သူက အေးစက်စွာပြော၏။
“မင်း ထပ်ဆူနေရင် မင်းအစ်မကိုယ်စား ဆုံးမရလည်း ပြဿနာမရှိဘူး။”
သုန့်ဝမ်ကျင်းက အံကြိတ်သည်။ လုယွီ၏စကားထဲမှ ရက်စက်လိုစိတ်က အပြည့်ပါနေသည့်တိုင်အောင် သူမက မကြောက်ပေ။
“နင်က အဆင့်လွန်အဆင့်ဆိုတိုင်း ငါကလည်း တူညီတဲ့အဆင့်မှာရှိနေတာပဲ၊ ငါက ကြောက်မယ်ထင်လား။”
ထိုအချိန်တွင် သုန့်ပိုင်ယွဲ့က ပြော၏။
“ဆရာသခင်ဝမ်ချန်း နင် ငါ့ကို အကြောင်းပြချက်တော့ပေးရမယ်။”
လုယွီက ပေါ့ပါးစွာပြုံးသည်။
“အဲ့ဒီလူတွေကို မင်းမသိနိုင်ဘူး။”
အချိန်က အရေးကြီးသည်။ ရှေးဟောင်းနတ်ဆိုးများ၏ မျက်နှာဖုံးကိုခွာရန် အရေးကြီးနေလေရာ ရှင်းပြ၍လည်းမဖြစ်နိုင်ပေ။ ရှင်းပြလျှင်ပင် ထိုညီအစ်မက ယုံကြည်မည်ဟု သူ မထင်ပေ။
ထို့နောက် တာယွီတပ်မဟာအပါအဝင် သူတို့အားလုံး မြို့အရှင်စံအိမ်ခန်းမထဲသို့ ဝင်သွားခဲ့ကြသည်။
အတွင်းဘက်ခြမ်းမှ ရိုးရှင်းကာ ကြည့်ကောင်းသော အမျိုးသမီးတစ်ယောက် ထွက်လာသည်။ သူမက ပေါ့ပါးစွာပြုံးသည်။
“အစ်မကြီးယွဲ့ ကျွန်မ အခုလေးတင်လာကြည့်မလို့ပဲ၊ ဘာတွေများ ဖြစ်နေကြတာလဲ။”
သုန့်ဝမ်ယွဲ့နှင့်သုန့်ဝမ်ကျင်းတို့ တိတ်ဆိတ်သွားကြ၏။
သုန့်ဝမ်ကျင်းက ဒေါသတကြီး လုယွီကို လက်ညှိုးထိုးလျက်ပြောသည်။
“သူပေါ့၊ ငါတို့မြို့အရှင်စံအိမ်ထဲကို သူခိုးဖမ်းမလို့ဆိုပြီးဝင်လာတယ်၊ သူ့ကိုယ်သူ ဘာလို့ထင်နေလားပဲ၊ ငါ သူ့ကို သေချာပေါက်တရားစွဲမယ်။”
ထိုအမျိုးသမီးက လုယွီကိုကြည့်လျက် ပေါ့ပါးစွာဖြင့်ပြောသည်။
“ကျွန်မက ကျိုးယွီထင်ပါ၊ ကျိုးယွီဂိုဏ်းရဲ့ခေါင်းဆောင်ပေါ့၊ အရှင့်ရဲ့ပါရမီနဲ့ ယှဉ်လိုက်ရင် ကျွန်မက နိမ့်ကျပါတယ်။”
လုယွီက ကျိုးယွီထင်၏ ကျောပြင်ကို တစ်ချက်ကြည့်လျက်ပြောသည်။
“မင်းနဲ့လိုက်လာတဲ့သူရှိလား။”
ကျိုးယွီထင်က ပြောသည်။
“ကျွန်မနဲ့လက်အောက်ငယ်သားအချို့ပဲပါပါတယ်၊ သူတို့အားလုံးက အနောက်လက်ခြံဝန်းမှာ အနားယူနေကြပါတယ်။”
“အစောင့်တွေအားလုံး ထွက်ပေါက် ပိတ်ထားကြ၊ တစ်ယောက်မှ ထွက်မသွားစေနဲ့။”
လုယွီက လက်ရမ်းပြပြီးသည်နှင့် စစ်သည်များအားလုံးက အနောက်ဘက်ခြံဝန်းထံသို့သွားသည်။ ကျိုးယွီထင်က အံ့ဩသွားကာပြောသည်။
“ဆရာသခင်ဝမ်ချန်း ဒါက ဧည့်သည်တွေကို ဆက်ဆံတဲ့နည်းလမ်းလား။”
သုန့်ဝမ်ယွဲ့နှင့်သုန့်ဝမ်ကျင်းတို့ကလည်း အံ့ဩသွားကြ၏။ မည်သို့ပင်ဆိုစေကာမူ ကျိုးယွီထင်က သူတို့၏ဧည့်သည်ဖြစ်သည်။ သူတို့၏ပိုင်နက်နယ်မြေတွင် သည်လိုဆက်ဆံခံလိုက်ရ၏။
လုယွီက ကျိုးယွီထင်ကို ဂရုတစိုက်ကြည့်သည်။ သုန့်ဝမ်ကျင်းက မနေနိုင်တော့ဘဲ ပြော၏။
“ဟမ့် မထင်ထားဘဲ အဂ္ဂိရက်ဆရာသခင်ဆိုတဲ့ ဘွဲ့တောင်မထောက်ဘဲ နင်က တကယ်အရှက်မရှိတဲ့ကောင်ပဲ။”
ကျိုးယွီထင်က အလွန်လှသည်။ သူမ၏ပုံပန်းသွင်ပြင်က နူးညံ့ဖျော့တော့ပြီး မြင်ရသူ သနားစိတ် ဝင်အောင် ဆွဲဆောင်မှုပြင်း၏။
သူမက စွမ်းအားကြီးမားနေခြင်းသာမရှိလျှင် လိုက်လံပိုးပန်းသူများကို မနည်းခါချရလောက်၏။
လုယွီက အေးစက်သောအသံဖြင့်ပြောသည်။
“ဟန်ဆောင်မနေနဲ့ မင်းရဲ့အစစ်အမှန်ကိုပြ။”
ကျိုးယွီထင်က မျက်မှောင်ကြုတ်ကာပြောသည်။
“ကျွန်မ နေရာမှားလာမိတဲ့ပုံပဲ နှုတ်ဆက်ပါတယ်။”
သူမက ထရပ်ပြီး ထွက်သွားရန်ကြံစည်၏။
“နင် ဘာလုပ်လိုက်လဲကြည့်စမ်း၊ ငါက ယွန်လော့မြို့ကို တပ်ကူတွေခေါ်နေတာ၊ နင်က ဘာလုပ်လိုက်လဲ နင် နားမလည်ဘူး။”
သုန့်ဝမ်ကျင်းက ခြေဆောင့်ကာ ကျိုးယွီထင်ထံသို့ ပြေးသွားလျက်ပြောသည်။
“ညီမကျိုး မသွားပါနဲ့၊ ကိစ္စတွေက ဆွေးနွေးလို့ရပါတယ်၊ ဒီအရူးကို ဂရုစိုက်မနေပါနဲ့။”
သူမက ကျိုးယွီထင်၏လက်ကို ဖမ်းကိုင်လိုက်ချိန်မှာပင် တုန်လှုပ်သွားတော့၏။ ကျိုးယွီထင်၏လက်က အလွန်အေးစက်နေကာ အပူချိန်ပင် မရှိသလောက်ထင်ရ၏။
“ထွက်သွားစမ်း။”
လုယွီက အသာအယာလက်ရမ်းလိုက်ချိန်တွင် ဆေဘာ ချီစွမ်းအင်က ထွက်သွားသည်။ သူက ကျိုးယွီထင်ကို ခုတ်ပိုင်းပစ်လိုဟန်ရ၏။ ကျိုးယွီထင်က ချက်ခင်းဆိုသလို ခေါင်းလှည့်ကာ ထူးဆန်းစွာပြုံးသည်။ သူမက ရုတ်တရက် နောက်လှည့်ပြီးသည်နှင့် သုန့်ဝမ်ကျင်း၏ လည်တိုင်ကိုဖမ်းကိုင်လိုက်၏။
လုယွီ၏ ဆေဘာချီက နှစ်ယောက်ကြားကို ပွတ်တိုက်ဖြတ်သန်းသွားသည်။ သို့သော် ကျိုးယွီထင်အတွက် ဒဏ်ရာရရှိတော့မည်မဟုတ်ပေ။ တစ်ချိန်တည်းတွင်ပင် အနောက်ဘက်မှ သတ်ဖြတ်တိုက်ခိုက်သံများ ပေါ်ထွက်လာခဲ့၏။ မဟာတယွီစစ်တပ်က ရှေးဟောင်းနတ်ဆိုးများနှင့် စတင်တိုက်ခိုက်နေပြီဖြစ်သည်။
ကျိုးယွီထင်က အေးစက်စွာပြောသည်။
“နင် ငါ့ရဲ့ခန္ဓာကိုယ်အစစ်အမှန်ကို ဘယ်လိုမြင်နိုင်တာလဲ။”
“ငါက မိုင်ထောင်ကျော်အကွာကနေတောင် မင်းတို့ ရှေးဟောင်းနတ်ဆိုးတွေရဲ့ သတ်ဖြတ်လိုစိတ်ကို ရတယ်။”
အပိုင်း ၁၀၇၈
လုယွီက ချက်ချင်းဆိုသလို ရွေ့လျားလိုက်သည်။ သူ၏ သိုလှောင်အိတ်ထဲမှ ယို့ကျွင်းဓါးပျံက ထွက်လာခဲ့ပြီး ကျိုးယွီထင်ကိုတိုက်ခိုက်၏။
အရာအားလုံးက လျင်မြန်စွာဖြစ်ပျက်သွားခဲ့သည်။
လုယွီ စကားဆုံးသွားသည်နှင့် ဓါးပျံက ချက်ချင်းပျံသန်းထွက်သွားပြီဖြစ်၏။
စွက်ခနဲမြည်သံနှင့်အတူ ထိုဓါးက ကျိုးယွီထင်၏ခေါင်းကို တိုက်ရိုက်ထိမှန်သွားသည်။ ကျိုးယွီထင်က နေရာတွင်ပင်သေသွား၏။
သုန့်ဝမ်ကျင်းက ထိတ်လန့်သွားသည်။ သူမက အခြားတစ်ဖက်သို့ပြေး၏။ ထို့နောက် လုယွီကို လက်ညှိုးထိုးကာ အံကြိတ်လျက်ပြောသည်။
“ငါ အဲ့ဒီမှာရှိနေတာ နင် မမြင်ဘူးလား။”
ရှင်းလင်းစွာဖြင့်ပင် လုယွီက သူမအားကယ်ခဲ့ခြင်းဖြစ်၏။ သို့သော် သူမ၏နှလုံးသားထဲတွင်မူ လုယွီ၏ အလောတကြီးလုပ်ခြင်းက သူမကိုပင် ထိခိုက်သွားစေနိုင်၏။ လုယွီက သူမကို ကယ်ခဲ့သည့်တိုင်အောင် သုန့်ဝမ်ကျင်းက သူမ၏စိတ်ထဲတွင် မနာလိုမုန်းတီးမှုကို ထားနေခဲ့သေးသည်။
ထိုအချိန်တွင် ကျိုးယွီထင်က သေဆုံးသွားသည့်တိုင် ထိုကိုယ်မှ ဆွဲဆောင်မှုပြင်းသောပုံရိပ်တစ်ခုက ထွက်ပေါ်လာ၏။
“ဟား ဟား ငါကမြောက်ပိုင်းနယ်မြေက တပ်မဟာတွေကို ချုံခိုတိုက်ခိုက်နိုင်မယ်လို့ ထင်ထားတာ၊ မမျှော်လင့်ထားဘဲ နင့်မှာ စွမ်းအင်နည်းနည်းတော့ ရှိနေသားပဲ ”
ထိုဆွဲဆောင်မှုပြင်းသော အမျိုးသမီး၏အသံက လေထဲတွင် ပဲ့တင်ထွက်လာသည်။
လုယွီက နှာခေါင်းရှုံ့၏။
“မင်း ထွက်ပြေးနိုင်မယ်ထင်လား။”
ရုတ်တရက် သူ၏လက်ဖဝါးမှ ရွှေရောင်မီးတောက်က တောက်လောင်လာကာ ထိုဆွဲဆောင်မှုပြင်းသည့်မိန်းမပျိုကို ဝါးမြိုရန်ကြံစည်သည်။ ထိုမိန်းမပျိုက ခပ်မြန်မြန် မှော်စွမ်းအားအကာအကွယ်လွှာကို ထုတ်ဖော်လိုက်၏။
သို့ရာတွင် သူက အနက်ရောင်မြူထုကို ထုတ်လွှတ်လိုက်ပြီး ရွှေရောင်မီးတောက်နှင့် ထိပ်တိုက်တွေ့ဆုံသွားသောအခါ တကျစ်ကျစ်မြည်သံများနှင့် လောင်ကျွမ်းခံရတော့သည်။
“ဘာ ဘယ်လိုဖြစ်နိုင်မှာလဲ။”
ထိုအမျိုးသမီးက မယုံကြည်နိုင်တော့ပေ။
ရုတ်တရက် သူမက ပုံရိပ်ယောင်များစွာအဖြစ် ပြောင်းကာ အရပ်မျက်နှာအနှံ့ခွဲပြေးသည်။ သူမ နဂိုရှိရာနေရာသို့ ရွှေရောင်မီးတောက်ကျသွားသောအခါ လေထုကပင် လောင်ကျွမ်း၏။ ညှီစို့သောရနံ့က ပျံ့လွင့်လာသည်။
“ဒီမီးတောက်က သေမျိုးတွေ ပိုင်သင့်တဲ့အရာမဟုတ်ဘူး။”
သူမက အံကြိတ်ပြီးပြေးသည်။
သူမ၏အနောက်တွင် အေးစက်သောအသံက ပေါ်လာ၏။
“မင်းရဲ့အဆင့်ကမနိမ့်ဘူး၊ ငါ့ကိုပြောစမ်း၊ မင်းရဲ့တိရှားဘိုးဘေး ဘယ်နေရာမှာ ပုန်းနေလဲ။”
ထိုစကားကိုကြားသော် ထိုဆွဲဆောင်မှုပြင်းသောအမျိုးသမီး၏ နှလုံးသားက အံ့ဩမှုများဖြင့် ပြည့်နှက်သွားသည်။ သူမက ခေါင်းလှည့်ပြီးမေးသည်။
“နင်က ဘယ်သူလဲ။”
ထိုအမျိုးသမီးက ရှေးဟောင်းနတ်ဆိုးဖြစ်သည်။ သို့သော် သည်ကိစ္စကို သည်လောကတွင် သိသူနည်း၏။
“ဒီကောင်က ဘာလို့ သိနေတာလဲ။”
လုယွီက ဖြေလိမ့်မည်မဟုတ်ပေ။ သူမ၏ နောက်ခံရှေးဟောင်းနတ်ဆိုးဆိုသည့် အရာကို ဖော်ထုတ်ပြီးကတည်းက သူမကို လျစ်လျူရှုထား၍မရတော့ပေ။
လက်ဖြင့်တစ်စုံတစ်ရာကို ဖမ်းကိုင်လိုက်ဟန်လုပ်ပြီးနောက် မီးနဂါးတစ်ကောင်က ပေါ်ထွက်လာခဲ့ကာ ထိုအမျိုးသမီးထံ ပြေးဝင်သွားလျက် ဝါးမြိုရန်ကြံစည်တော့၏။
ဆွဲဆောင်မှုပြင်းသော အမျိုးသမီးကလည်း အလကားနေလိမ့်မည်မဟုတ်ပေ။ သူမက ချက်ချင်းဆိုသလို မှော်စွမ်းအားအကာအကွယ်လွှာများကို ထုတ်ဖော်လိုက်ကာ လုယွီကိုတိုက်ခိုက်၏။ သို့သော် ပုံရိပ်ယောင်များစွာရှိနေလေရာ တိုက်ကွက်က များပြားသွားတော့သည်။
နှစ်ယောက်က တိုက်ခိုက်ချိန်တွင် လုယွီက ရုတ်တရက် အံ့ဩသွားရ၏။ သူ့အရှေ့ရှိ ထိုအမျိုးသမီးက အဆင့်လွန်နှောင်းပိုင်းအဆင့် စွမ်းအားများကို ပိုင်ဆိုင်ထားလေသည်။ ထိုကဲ့သိုသော စွမ်းအားမျိုးက လုမိသားစုဂိုဏ်းခွဲခေါင်းဆောင် စွမ်းအားနှင့်ပင် ညီမျှနေသေး၏။ ရှေးဟောင်းနတ်ဆိုးများတွင်ပင် အဆင့်မြင့် သူတော်စင်အဆင့်ဟု သတ်မှတ်နိုင်စွမ်းရှိလေသည်။ သည်နေရာတွင် သည်လိုလူတစ်ယောက်ကို မြင်ရမည်ဟု သူ မထင်ထားမိပေ။
ခြိမ်း ခြိမ်း ခြိမ်း
နှစ်ဖက်လုံးမှ တိုက်ခိုက်သည့်စွမ်းအားများက ကောင်းကင်တွင် ပေါက်ကွဲသွားသည်။ ကောင်းကင်တွင် ပွက်လောရိုက်သံများက တစ်မြို့လုံးကို ဖုံးလွှမ်းနေတော့၏။
သုန့်ညီအစ်မ၏မျက်နှာက ဖြူဖျော့သွားပြီးနောက် အနောက်သို့ဆုတ်ရသည်။ သည်အဆင့်တိုက်ပွဲအားက သူတို့ကဲ့သို့လူများပင် လက်လှမ်းမမှီနိုင်သောအဆင့်ဖြစ်၏။
“ဝမ်ချန်းက ဘာလို့ ဒီလောက်အထိ စွမ်းအားကြီးနေတာလဲ၊ သူ ဒီလောက်အထိ ငယ်နေသေးတာပဲ။”
သုန့်ဝမ်ကျင်းက အံကိုကြိတ်သည်။ သူမက အမြဲလိုလို အတိုက်အခိုက်လုပ်နေသည့်တိုင်အောင် လုယွီ၏ပါရမီက သူများထက်များစွာ မြင့်မားကြောင်း ဝန်ခံရမည်ပေ။
အပိုင်း ၁၀၇၉
“ဘယ်လောက်တောင်ထူးဆန်တဲ့ မီးတောက်လည်း ဒီအကြောင်းကို တော်ဝင်ဘိုးဘေးကို ကြောင်းကြားရမယ်။”
ဆွဲဆောင်မှုပြင်းသောအမျိုးသမီးက ချက်ချင်းဆိုသလို ထိတ်လန့်တုန်လှုပ်လာလျက် ထွက်ပြေးရန်ကြံစည်သည်။
အခြားတစ်ဖက်၏နယ်မြေက သူမလောက် အဆင့်မမြင့်ကြောင်း သူမ သိ၏။ သို့သော် သည်နည်းလမ်းတစ်ခုတည်းနှင့်ပင် သူမ၏စွမ်းအားကို ကန့်သတ်နိုင်စွမ်းရှိလေသည်။
ထိုအမျိုးသမီးက ဆွဲဆောင်မှုပြင်းထန်စွာပြောသည်။
“ကောင်လေး ဒီအစ်မကြီးအားတဲ့အားတဲ့အချိန် လာကစားဖို့ စောင့်နေလိုက်ပါ။”
ထိုသို့ပြောပြီးသည်နှင့် ခရမ်းရောင်လေထုက လိမ်တွန့်လာခဲ့သည်။ သည်နည်းအားဖြင့် လုယွီ၏မြင်နိုင်စွမ်းအားကို ကန့်သတ်တော့၏။
ထိုမြူထုများက အမြင်အာရုံကို ပိတ်နိုင်စွမ်းရှိရုံသာမကလေဘဲ နားထဲတွင်လည်း ညှို့ငင်နိုင်စွမ်းပြင်းထန်သော ကလူမြူသံများကိုကြားရစေသည်။ ထိုအသံများကြောင့် မြို့သူမြို့သားများအားလုံး၏ လည်ချောင်းက ခြောက်ကပ်ကာ မျက်နှာက နီရဲလာကြသည်။ လုယွီက ထိုမြူထုကိုဖောက်ဖျက်လျက် သူ၏ တော်ဝင်စိတ်ဆန္ဒကို ပေါက်ထွက်သွားစေလိုက်သည်။
အဆင့်မြင့်တာအိုစွမ်းအားက သည်လိုဆွဲဆောင်ခြင်းကို သဘာဝအလျောက် ဖျက်ဆီးနိုင်စွမ်းရှိ၏။ ထို့ကြောင့် ဝင်သက်အကြိမ်အနည်းငယ်မှာပင် လုယွီ၏အမြင်အာရုံက ကြည်လင်သွားသည်။ ဘာကိုမှ သက်ရောက်မှုမခံရတော့ပေ။
လုယွီက ချက်ချင်းဆိုသလို ဖနောင့်ပေါက်ပြီးသည်နှင့် အလင်းတန်းအဖြစ် ပြောင်းလဲကာအနောက်မှ လိုက်၏။ ယွန်လော့မြို့နှင့်၁၀ မိုင်အကွာသို့ ရောက်သွားသည်။ လုယွီက ပြင်းထန်သောအရှိန်အဝါကို ထုတ်ဖော်လိုက်ကာ ထိုအမျိုးသမီးထံသို့ ချဉ်းကပ်သွားတော့၏။
“တာအိုမှော်စွမ်းအား”
လုယွီပေါ်မှ အဖြူရောင်အလင်းတန်းများကိုမြင်ချိန်တွင် ထိုအမျိုးသမီးက သေလုအောင် ကြောက်လန့်သွားပြီဖြစ်သည်။
သူမက ရှေးဟောင်းနတ်ဆိုးဖြစ်ကတည်းက တာအိုစွမ်းအားကို ကြောက်လန့်ရသည်က ပုံမှန်သာလျှင်ဖြစ်သည်။
ကောင်းကင်တွင် ကျင့်ကြံခြင်းအဆင့်မြင့်မားသော ထိုအမျိုးသားက နတ်ဆိုးပေါင်းများစွာကို အမှုန့်အဖြစ် ပြောင်းလဲနိုင်စွမ်းရှိ၏။ သည်လိုတာအိုမှော်စွမ်းအားက နတ်ဆိုးဝိဉာဉ်များကို ဖိနှိမ့်နိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ နတ်ဆိုးတိုင်း နားလည်ထားကြသည့်အမှန်တရားဖြစ်သည်။
“ကောင်လေး နင် ငါ့ကိုသတ်ရဲရင် နတ်ဆိုးဘိုးဘေးက နင့်ကို လွှတ်ပေးမှာမဟုတ်ဘူး။”
ထိုအမျိုးသမီးက ရုတ်တရက်အော်သည်။ သူမက ခရမ်းရောင်လိပ်ပြာများအဖြစ် ပြောင်းကာ လုယွီထံ ခုန်ဝင်လာခဲ့၏။
ထိုတစ်ခဏတွင် ပုံရိပ်ယောင်များစွာက လုယွီအရှေ့တွင် ပေါ်လာခဲ့သည်။ အားလုံးက လူတစ်ယောက်၏ စိတ်ဆန္ဒကို ထုတ်ဖော်လျက် နှလုံးသားထဲမှ မကောင်းစိတ်ကို အသက်သွင်းလိုခြင်းဖြစ်၏။ သို့ရာတွင် လုယွီ၏စိတ်ဆန္ဒတွင် ထိုကဲ့သို့သော လှိုက်လှဲရှာဖွေစရာမရှိနေခဲ့ပေ။
ထိုလိပ်ပြာများစွာက နဂိုက ဝရုန်းသုန်းကားအနေအထားမျိုးဖြင့် စိတ်ကိုခြောက်ခြားအောင် လုပ်နိုင်စွမ်းအားရှိသော်လည်း အခြေအနေ မတူပေ။ ရုတ်တရက် အရာအားလုံးက မြင်ကွင်းတစ်ခုကို ဖြတ်သန်းမြင်သွား၏။ ပလ္လင်ပေါ်တွင်ထိုင်နေသော ပုံရိပ်တစ်ခုကို လိပ်ပြာများက မြင်လိုက်ရသည်။ အောက်ဘက်တွင် လူထောင်ပေါင်းများစွာ၏ လေးစားကိုးကွယ်လိုသော အကြည့်များက ပြည့်နှက်နေတော့၏။ ဒါက လုယွီ၏ယခင်ဘဝ ယို့မင်ထောင်ကျွင်းဖြစ်သည်။
(T/N ယို့မင်ထောင်ကျွင်းဆိုတာက လုယွီရဲ့ လောကသိ အမည်ပါ)
ခြိမ်း
ပေါက်ကွဲသံနှင့်အတူ ထိုနယ်မြေတစ်ခုလုံးက အပိုင်းပိုင်းအစစဖြစ်သွား၏။
“မဖြစ်နိုင်ဘူး၊ နင့်ရဲ့စိတ်ဝိဉာဉ်က အဲ့လောက်အထိ စွမ်းအားကြီးနေရတာလဲ။”
ထိုအမျိုးသမီးက မနေနိုင်ဘဲ အော်ဟစ်ကာ ထွက်ပြေးရပြန်သည်။ သူမ၏ပုံရိပ်ယောင်သိုင်းက လူ့နှလုံးသားထဲမှ အနက်ရှိုင်းဆုံးစိတ်ဆန္ဒကိုနှိုးဆွနိုင်သည်။ သည်နည်းအားဖြင့် အားနည်းချက်ကို သိသွားပြီး သူမ ဖြေရှင်းနိုင်မည်ဖြစ်၏။ သို့ရာတွင် လုယွီက စွမ်းအားကြီးမားလွန်းနေခဲ့သေး၏။
“မြို့”
လုယွီက လေထဲတွင် စကားတစ်လုံးကို ရေးလိုက်သည်။ ထို့နောက် လူများစွာထံသို့ မြို့တစ်မြို့လောက်ကြီးမားသည့် အားအင်တစ်ခုက ပြိုကျသွားတော့၏။ သည်အလင်းတန်းစကားလုံး ပြိုကျသွားသည်နှင့် ထိုက်တောင်တန်းကဲ့သို့ လေးလံလှသည့်စွမ်းအားက ဖိချလာတော့ကာ ထိုအမျိုးသမီး၏ လိပ်ပြာပေါင်းများစွာက ပေါက်ကွဲထွက်သွားရ၏။
ထိုအမျိုးသမီး၏ကိုယ်ပေါ်မှ အဝတ်များက စုတ်ပြတ်သပ်၍ အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သွားသည်။သို့ရာတွင် ဆွဲဆောင်မှု့ပြင်းသော အသားအရေက ပေါ်ထွက်လာရမည့်အစား သွေးလွှမ်းသော အရိုးပြင်ကသာ အက်ကွဲလာ၏။
ဝေါင်း
ထိုအမျိုးသမီးက ရှေးဟောင်းနတ်ဆိုးများအဖြစ် ပြောင်းလဲသွားပြန်သည်။
နဂိုက လှပဆွဲဆောင်မှုပြင်းသောမျက်နှာတွင် အသွေးအသားများက ပဲ့ကြွေကျလာခဲ့ကာ ဆိုးယုတ်သည့်အရိုးစုပုံသဏ္ဍန်က ပေါ်လာခဲ့၏။ ကြောက်မက်ဖွယ်ကောင်းလွန်းသော အနက်ရောင်အရိုးစုကြီးဖြစ်သည်။
“ငါ့ကိုပြော တိရှားဘိုးဘေးဘယ်မှာလဲ။”
လုယွီက ဆက်လက်ပြီးလေထဲတွင် ရပ်လျက် ထိုရှေးဟောင်းနတ်ဆိုးများထံသို့ ကျရောက်သွားစေခဲ့သည်။
သည်လိုဖြောင့်မတ်မှန်ကန်သော စာအလင်းတန်းအောက်တွင် ရှေးဟောင်းနတ်ဆိုးများအားလုံးက ပျက်စီးရသည်။ သူမက ကျယ်လောင်စွာ အော် ၏။
“ငါသေရင်တောင်မှ သူတော်စင်ဘိုးဘေးက ချက်ချင်းရောက်လာမှာပဲ၊ ငါက တစ်ဖန်ပြန်ရှင်နိုင်အုံးမှာပဲ၊ ငါ ဂရုမစိုက်ဘူး။”
“ရမ်းကားတယ်။”
လုယွီက စိတ်ဝိဉာဉ်ကို ရှာဖွေရန်ကြံစည်နေသည်။
“နင် လုပ်လို့ရမယ်လို့ တွေးမနေနဲ့။"
သူမက လုယွီ၏အတွေးကို သိနေသည့်အလား ရှေးဟောင်းနတ်ဆိုးက ချက်ချင်းဆိုသလို မျက်လုံးကိုဖွင့်ကာ ဒွါရခုနှစ်ပေါက်လုံးမှ သွေးများကို ထုတ်လွှတ်လိုက်တော့၏။
လုယွီက မျက်မှောင်ကြုတ်ကာ အလင်စလိုစစ်ဆေးလိုက်ချိန်တွင် စိတ်ဝိဉာဉ်ကပင် ပျက်စီးသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူ ဘာကိုမျှ မရှာဖွေနိုင်တော့ပေ။
“ဒီလိုဆုံးဖြတ်ရဲတယ်။”
လုယွီက သက်ပြင်းချသည်။ သဲလွန်စက ပျောက်သွားပြန်၏။
ရုတ်တရက် လုယွီက မော့ကြည့်လိုက်ပြီးသည့်နောက် ပတ်ဝန်းကျင်ကို ရှာဖွေလိုက်သည်။ သူ၏စိတ်ဝိဉာဉ်အာရုံခံမှုအောက်တွင် ပြင်းထန်သည့်စွမ်းအား ငါးမျိုးက မတူကွဲပြားရာအရပ်များမှ သူ့ထံလာနေကြောင်းမြင် လိုက်ရ၏။ တစ်ခုချင်းစီတိုင်းက ထိုမိန်းမထက် အားမနည်းပေ။
“ဟမ် တုံ့ဆိုင်းစရာကိုမရှိဘူး။”
လုယွီက ချက်ချင်းဆိုသလို မြောက်ဘက်ပိုင်းသို့ပြေးသည်။
အပိုင်း ၁၀၈၀
မိုင်သုံးဆယ်၊ လေးဆယ်ခန့် သွားပြီးနောက် လုယွီက ရုတ်တရက် ရပ်လိုက်သည်။
သူ၏နောက်သို့ လိုက်နေသူများက ကျွမ်းကျင်ရုံသာ မကလေဘဲ အချင်းချင်းနားလည်မှု မြင့်ကြသည်။ ထို့ကြောင့် သူ့အားဝိုင်းထားပြီးလေပြီ။
ယခုအခါ လူငါးယောက်က ဘက်တစ်ခုဆီမှ ပိတ်ဆို့ထားလေရာ သူ မည်သည့်ဘက်သို့ ပြေးစေကာမူ ရင်ဆိုင်ကြုံတွေ့တော့မည် ဖြစ်သည်။
ထို့ကြောင့် ရိုးရှင်းစွာဖြင့်ပင် လုယွီက နေရာတွင်ရပ်ကာ ဝင်္ကပါခင်းလျက် စောင့်နေလိုက်သည်။
“ ဟားဟား မင်းက မပြေးနိုင်တော့ လက်မှိုင်ချသွားပြီပေါ့လေ”
လုယွီ၏ အနောက်တွင် အေးစက်သော ရယ်သံက ထွက်လာသည်။ ချက်ချင်းလိုလို လူငါးယောက် ထွက်ပေါ်လာ၏။ ထိုငါးယောက်က သူ့အား ဝိုင်းလျက်အနေအထားဖြင့် ပေါ်လာခြင်းဖြစ်ပြီး အားလုံးက ရေခဲနယ်မြေမှ ဘိုးဘေးအဆင့် များဖြစ်ကြသည်။ ထို့အပြင် အားလုံးက နှောင်းပိုင်းအဆင့်များဖြစ်နေကြသေးသည်။
“ အရှင်က မင်းကိုသတ်ဖို့ အမိန့်ထုတ်ထားတယ်။ ညီအစ်ကိုတို့ သတ်ကြ”
လုယွီက မတုန့်ပြန်နိုင်ခင်မှာတင် သူတို့က စတင် တိုက်ခိုက်ကြသည်။
“ ငရဲဟိန်းသံ”
လုယွီက လေဟာနယ်ပြင်သို့ ခြေချသည်။သူ၏ရှေ့ လေဟာနယ်မှ မြေအောက် နတ်ဘုရား တစ်ပါးက ရုတ်တရက် ထွက်ပေါ်လာသည်။သူ၏ ကိုယ်ကို အပြာရောင် အလင်းများက လွှမ်းနေ၏။
လူအများက စတင် ပူးပေါင်းကာ တိုက်ခိုက်ကြသည်နှင့် လုယွီဘက်က အားနည်းသွားသည်။
ထိုလူများက ကြိုတင်ပြင်ဆင်ထားဟန်ဖြင့် အနီးကပ် တိုက်ခိုက်ကြလေရာ လုယွီ ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးပင် မရချေ။
“ ဝံပုလွေ ကုတ်ချက်”
ဘိုးဘေးအဆင့် တစ်ပါး၏ လက်သီးက လက်သည်းအဖြစ် ပြောင်းကာ လုယွီကို ကုတ်ဆွဲသည်။ လုယွီက ညာလက်ဖြင့် ခံလိုက်ရာ ထိုနေရာရှိ အဝတ်က စုတ်ဖြဲခံရသည်။ အရေပြားတွင် နီရဲသော အစင်းရာများ ပေါ်လာသည်။
“ ဒီကောင်က တကယ်နှေးတာပဲ။ သူသေချင်နေပြီ”
ဘိုးဘေး တစ်ဉီးက ရယ်သည်။
ထိုငါးယောက်လုံးက လုယွီကို အထင်မသေးရဲသဖြင့် စွမ်းအားအပြည့် ထုတ်ကာ နောက်ဆုံး တိုက်ကွက်ကို ထုတ်ဖော်ကြသည်။
“ ခမ်းလုံ ရှောင်ထျန်း”
လုယွီက အသာဝေ့ဝဲကြည့်လျက် မြေပြင်ကို ဖနောင့်နှင့် ပေါက်သည်။ထိုအခါ မြေထဲမှ နဂါး တစ်ကောင် ထွက်လာပြီး ထို ငါးယောက်ထံ တိုးဝင်သွား၏။
သတိလက်လွတ်ဖြစ်သွားသော ဘိုးဘေးအဆင့် ပုဂ္ဂိုလ် များက မြေနဂါးနှင့် ဆောင့်တိုးမိသွားကြပြီး လွင့်ထွက်ကုန်သည်။
“ ဒီကောင်လေးက ရည်ရွယ်ချက်ရှိရှိ စောင့်နေတာပဲဖြစ်ရမယ်။ သူက ဝင်္ကပါကို ကြိုပြင်ထားပြီးသား”
“ နှမြောစရာက ဒီဝင်္ကပါလောက်က အသုံးမဝင်တာပဲ။ သူက ဒီနေ့ သေရမယ်”
ထိုငါးယောက်က နှာခေါင်းရှုံ့လျက် ထပ်မံ တိုက်ခိုက်ရန် ပြင်ဆင်ကြသည်။
လုယွီက လက်ချောင်းလေးများကို ပွတ်သပ်ဟန် လှုပ်ရှားလိုက်သည်။
“ ပေါက်ကွဲလိုက်တော့”
ဝုန်း
ပေါက်ကွဲမှုက ပြင်းထန်လွန်းသဖြင့် ထိုငါးယောက်လုံး နောက်ဆုတ်လိုက်ရသည်။ သူတို့ကလည်း အားလှိုင်းများဖြင့် ထိမှန်ခံရသေးသည်။ထိုအချိန်တွင် လုယွီက မှော်လက်နက်ကို စီးနင်းကာ မြောက်ဘက်ပိုင်းသို့ ထွက်ပြေးသည်။
တခဏကြာပြီးနောက် ထိုငါးယောက်က နောက်မှ လိုက်သည်။ သို့သော် လုယွီက ကွေ့ပတ်သွားကာ ရှောင်တိမ်းရင်းဖြင့် မျက်ခြေဖျတ်လိုက်နိုင်သည်။
လက်ရှိတွင် လုယွီက စိမ်းစိုသော တောအုပ်အတွင်းရောက်နေသည်။
“ သူတို့က ဘယ်လိုတောင် လုပ်ရဲကြတာလဲ၊ ငါ့ကို သတ်ချင်နေတာက ဘယ်သူလဲ”
လုယွီက ရေရွတ်သည်။ ရှေးဟောင်းနတ်ဆိုးမကို သတ်ရုံနှင့် ထိုလူများက အလွန်ဒေါသကြီးနေကြသည်။
ရုတ်တရက် လုယွီက အမူအယာပြောင်းကာ အနားရှိ စိမ်းစိုသော သစ်ပင်ကို လက်ဝါးဖြင့် ရိုက်ချသည်။သို့သော် သူပင် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရလေသည်။ ထိုသစ်ပင်မှတဆင့် ခါးကုန်း လူအိုကြီးတစ်ယောက်က ပေါ်လာသည်။
စင်စစ် ထိုလူအိုကြီးက လက်ဝါးတစ်ချက် ပြန်ရိုက်ချခဲ့သဖြင့် လုယွီက နောက်ဆုတ်လိုက်ရခြင်းဖြစ်သည်။
ထိုလူအိုကြီးက ကြည့်မကောင်းပေ။ သို့သော် သူ၏ လက်ဝါးများက အလွန်ကြီးသည်။ သူက လုယွီကို ပြင်းထန်စွာ ရိုက်ချလိုက်ခြင်းဖြစ်၏။
“ ဟင် မသေသေးတာလား။ ဧကရာဇ်က ဘာကြောင့် မင်းကို သတ်ခိုင်းမှန်း မသိပေမဲ့ ငါ ကိုယ်တိုင် ရောက်လာကတည်းက မင်း သေသင့်ပြီ”