← Chapters

အခန်း (၂၂၆-၂၂၈)

Vol. 16 Ch. 226-228

အခန်း (၂၂၆-၂၂၈)

Vol. 16 Ch. 226-228

Chapter 226: အေးဆေးပေါ့ တစ်စေ့ ကျန်ပါသေးတယ်

ရှန်မို လိုဏ်ဂူအား လေ့လာကြည့်နေ၏။

ဝင်ပေါက်တွင် ချုံပုတ်လေးများရှိပြီး ပန်းဖြူဖြူများ ဝန်းရံထားသည်။

လေညင်းနုနုများမှာ ပန်းပွင့်များကို ယိမ်းနွဲ့ကခုန်စေ၏။

“ဒါ လသစ်ခွပန်း ဖြစ်ရမယ်”

ရှန်မို တွေးတောနေသည်။

“ဆိုးတာက တော်တော်များများ ပွင့်ချပ် (၂) ခုလောက်ပဲ… ဒီလိုကနေ ကျင့်ကြံရင်း အချိန်ကုန်တာပဲ အဖက်တင်လိမ့်မယ်”

သူ ပတ်ဝန်းကျင်ကို ထပ်ကြည့်သောအခါ ဘေးဘက်တွင် အစေ့များစွာပါသော ပန်း (၅) ပွင့်ကို ထပ်တွေ့ရ၏။

အစေ့များမှာ လက်မအရွယ်ခန့် ကြီးလေသည်။

ထိုစဉ် စီနီယာတစ်ဦး ရောက်လာပြီး အကြီးအကဲချုပ်အား အရိုအသေပေး၏။ သူ့အနောက်တွင် မြုတေဖွဲ့စည်းခြင်းအဆင့် အလုပ်သမား (၃) ဦးလည်း ပါလာသည်။

ထို (၄) ယောက်မှာ သွေးနွယ်လိုဏ်ဂူကို စောင့်ရှောက်သူများ ဖြစ်နိုင်၏။

“မင်္ဂလာပါ အကြီးအကဲချုပ်”

သူ ခေါင်းပြန်ငြိမ့်ပြ၍

“ကျန်းဖုန် ဒီနားမှာ ကင်းလှည့်ရင်း ထူးခြားတာ တွေ့သေးလား”

ကျန်းဖုန်မှ ခပ်အေးအေးဖြင့်

“အကြီးအကဲချုပ်ကတော့ နောက်နေပြန်ပါပြီ… သွေးနွယ်လိုဏ်ဂူဆိုတာ တားမြစ်နယ်မြေထဲ ပါတဲ့အထိမှ မဟုတ်တာ… ဘာပြဿနာမှ မရှိပါဘူး”

“ပုံမှန်အတိုင်း အဆင်ပြေပါတယ်”

“သွေးမြစ်နဂါးတွေလည်း မမွေးသေးပါဘူး”

“ပတ်ဝန်းကျင်အကာအကွယ်တွေလည်း (၃) ရက်တစ်ကြိမ် စစ်ဆေးတာမှာ အကုန် အစီအစဉ်အတိုင်းပဲ”

အကြီးအကဲချုပ် ကျေနပ်စွာဖြင့်

“ကောင်းပါပြီ”

ရှန်မိုမှာတော့ တစ်ချက်ရှုံ့သွားမိ၏။

သူသာ ကံကြမ္မာစနစ်ဖြင့် ကြိုမမြင်ထားလျှင် ကျန်းဖုန်စကားကို ယုံမိပေမည်။

“စိတ်ဝင်စားစရာပဲ… ကျန်းဖုန်က သူလျှိုလား”

“ဒါပေမဲ့ တခြားဂိုဏ်းကြီးတွေအတွက် မဟုတ်ဘဲ နတ်ဆိုးတစ်သောင်းနယ်မြေအတွက်တဲ့လား”

ရှန်မို အလွန်အံ့ဩနေမိသည်။

အကြီးအကဲချုပ်မှာ အကြီးအကဲများဘက် လှည့်ကြည့်၍

“အားလုံး ကိုယ်တိုင်အစေ့အဆံတွေယူပြီး ကျင့်ကြံကြပါ… တစ်ရက်ကျင့်ကြံပြီးရင် သွေးနွယ်လိုဏ်ဂူထဲ ဝင်လို့ရပါပြီ”

“ကျွန်တော်ကတော့ စည်းမျဉ်းထိန်းသိမ်းရေးအဆောင်မှာ အလုပ်လေးတွေ ရှိသေးလို့ ကြာကြ မနေတော့ပါဘူး”

အကြီးအကဲများကို နှုတ်ဆက်ကာ ပြန်ရန် ပြင်လိုက်သည်။

“ဂရုစိုက်သွားပါ အကြီးအကဲ”

အကြီးအကဲများမှလည်း ဦးညွှတ်နှုတ်ဆက်လိုက်ကြ၏။

ရှန်မို ပန်းပင်များကိုကြည့်ရင်း တတိယမြောက်အပင်ကိုသာ အာရုံစိုက်နေသည်။

“ရပြီ”

ထို့နောက် သူ ပန်းပွင့်ကိုဖွင့်ကြည့်လိုက်ရာ အစေ့ (၃) ခု ရှိနေလေသည်။

ဟီထျန်းချောင် ထိုအခြေအနေကိုကြည့်၍ ရယ်မောကာ

“အကြီးအကဲရှန် တစ်ပွင့်ကို တစ်စေ့ပဲယူတာ ပိုကောင်းတယ်လို့ အကြံပေးချင်ပါတယ်”

“ဘာလို့လဲ”

ရှန်မိုပြုံး၍ ပြန်မေး၏။

ဟီထျန်းချောင် ယုံကြည်ချက်အပြည့်ဖြင့်

“ရွေးချယ်မှုအပေါ်မူတည်ပြီး အန္တရာယ် လျှော့ချနိုင်တယ်လေ”

“တစ်ပွင့်တည်းကနေ အစေ့ (၃) ခုယူတာက အကောင်းဆုံးလည်း ဖြစ်နိုင်တယ်… အဆိုးဆုံးလည်း ဖြစ်နိုင်တယ်”

“မဟုတ်ရင်တော့ တည်တည်ငြိမ်ငြိမ်နဲ့ မျှတတာပေါ့”

ရှန်မို ခေါင်းငြိမ့်ပြ၍

“အဆောင်သခင်ဟီ ပြောတာလည်း ဟုတ်ပါတယ်”

ဟီထျန်းချောင် ရင်ကိုကော့၍ ဂုဏ်ယူစွာဖြင့်

“ဒါပေါ့… ကျွန်တော် သွေးနွယ်လိုဏ်ဂူကို ဝင်တာ (၉) ခေါက်ရှိပြီလေ”

ရှန်မို ခေါင်းတငြိမ့်ငြိမ့်ဖြင့်

“ဒါပေမဲ့ ကျွန်တော်ကတော့ (၃) ခုလုံး တစ်ခါတည်း ရတာပဲ ကြိုက်တယ်… အကုန်မကောင်းရင်တော့ ကံပဲပေါ့”

ဟီထျန်းချောင် ရယ်မောကာ

“ကောင်းပါပြီဗျာ… ကျွန်တော့် လသစ်ခွပန်းတွေ ကောင်းရင်လည်း တစ်ပွင့်ပြန်ပေးမယ်လေ”

ရှန်မို ကျေးဇူးတင်ကြောင်း ဦးညွှတ်ပြလိုက်၏။ ထို့နောက် အစေ့များကို စိတ်ဝိညာဉ်စွမ်းအင်ဖြင့် စစ်ဆေးကြည့်သည်။

အခြားအကြီးအကဲများလည်း ကိုယ်တိုင် ရွေးချယ်ကြပြီး အပွင့်ငယ်များသာ ကျန်ခဲ့တော့သည်။

တစ်ဖက်တွင် ရှန်မိုလည်း အရောင်ပိုရင့်သောအစေ့ကို ချန်ကာ ကျန် (၂) ခုအား စ၍ စိတ်ဝိညာဉ်စွမ်းအင်များ စီးဆင်းစေသည်။

ထိုအခါ ခဏအတွင်း ကြီးထွားလာကြ၏။

ပွင့်ချပ် (၂) လွှာသာ ရှိကြသည်။

ပတ်ဝန်းကျင်တွင် အခြားအကြီးအကဲများမှာလည်း ပျော်ရွှင်မှု၊ ဒေါသ၊ စိတ်ပျက်မှုများစွာ ကြုံတွေ့နေလေသည်။

ဟီထျန်းချောင် စိတ်လှုပ်ရှားစွာဖြင့်

“ဟားဟား ပွင့်ချပ် (၆) လွှာ လသစ်ခွရပြီ… ဒီလောက် ကြာပြီဆိုတော့ နားလည်နေပြီလေ”

ပတ်ဝန်းကျင်မှ အကြီးအကဲများ အားကျစွာ လှမ်းကြည့်မိသည်။

ပွင့်ချပ် (၆) လွှာမျှမှာ အလွန်ရှားပါးလေသည်။

ထိုပန်း၏စွမ်းအင်ဖြင့် တော်ရုံသားကောင်များ တိုက်ခိုက်ရဲတော့မည် မဟုတ်ချေ။

အနီးတွင် ယဲ့ယန်လည်း သူ့ပထမဆုံးအစေ့ကို ကြိုးစားနေသည်။

သူ့ကံမှာ သာမာန်မျှဖြစ်ပြီး ပွင့်ချပ် (၃) လွှာ ရရှိ၏။

ထိုအချိန်တွင် ရှန်မို ဒုတိယအစေ့ကို ကြိုးစားရာ အရင်ထက်ပင် ပိုဆိုးသေးသည်။ ပွင့်ချပ်တစ်လွှာသာ ရှိ၏။

ဟီထျန်းချောင်ဘက်မှ ရယ်မောသံ ထပ်ကြားရလေသည်။

“ဒုတိယအစေ့ကနေ ပွင့်ချပ် (၄) လွှာ ရလာပြီ”

“တတိယအစေ့က ပွင့်ချပ် (၅) လွှာပဲ”

“အားလုံးပဲ အစေ့ကောင်းမရခဲ့ရင် ကျွန်တော့်ဆီက ပြန်လာဝယ်လို့ ရပါတယ်ဗျ”

ဟီထျန်းချောင် ပျော်ရွှင်ဝမ်းမြောက်စွာ လှမ်းပြောသည်။

အခြားအကြီးအကဲများမှာ အလွန် အားကျနေတော့သည်။

သူ့နည်းအတိုင်း အပွင့်မတူဘဲ မရွေးခဲ့မိ၍ နောင်တရမိသေး၏။

ထိုစဉ် ရုတ်တရက် အော်ဟစ်သံတစ်ခု ပေါ်လာသည်။

“ပွင့်ချပ် (၇) လွှာ လသစ်ခွပဲ… မဟုတ်သေးဘူး (၈) လွှာတောင်… ဘုရားရေ”

အကြီးအကဲများ လှည့်ကြည့်လိုက်သောအခါ ယဲ့ယန် လက်ထဲ၌ ပွင့်ချပ် (၈) လွှာလသစ်ခွပန်းကို တွေ့ရ၏။

ထင်ထားသည့်အတိုင်း သူ့ကံမှာ အရမ်းမဆိုးလှသေးပေ။

ဟီထျန်းချောင်ပဲ ပြန်၍ အားကျမိ၏။

နှစ် (၅၀) အတွင်း သူ ပွင့်ချပ် (၇) လွှာသာ အများဆုံး တွေ့ခဲ့ဖူးပါသည်။

ယခုတော့ ယဲ့ယန်မှ ကံကောင်းသွားသည်။

ထို့နောက် သူ ရှန်မို့ကို သတိရကာ လှမ်းကြည့်၍ သနားစိတ်ဖြင့် ရောက်လာ၏။

သားကောင်ထိန်းချုပ်ရေးတွင် ထူးချွန်သော်လည်း အတွေ့အကြုံမရှိ၍ လသစ်ခွပွင့် ရွေးချယ်ရာ၌ အားနည်းနေသည်ဟု တွေးမိ၏။

ဟီထျန်းချောင် ရယ်မောကာ

“အကြီးအကဲရှန် ပွင့်ချပ် (၆) လွှာကိုတော့ ကျွန်တော့်အတွက် သိမ်းထားရဦးမှာဆိုတော့ (၅) လွှာပန်းပွင့် ပေးမယ်လေ… ဘယ်လိုလဲ”

ဘေးပတ်ဝန်းကျင်မှ အကြီးအကဲများ အလွန် အံ့ဩသွားကြသည်။

ဟီထျန်းချောင်သည် ကပ်စေးနည်းလွန်းသည်ဟု နာမည်ကြီး၏။

သို့သော် ရှန်မို့အတွက် အလကားပေးနေလေသည်။

သို့သော် သူ့အပြုအမူကိုလည်း နားလည်ပါသည်။ ရှန်မိုကဲ့သို့ အနာဂတ်ခိုင်မာသူနှင့် ရင်းနှီးထားခြင်းက မမှားပေ။

ရှန်မိုမှာ ပြုံး၍

“အေးဆေးပေါ့… ကျွန်တော့်မှာ တစ်စေ့ကျန်ပါသေးတယ်”

Chapter 227: မထင်မှတ်ထားသော ပွင့်ချပ် (၉) လွှာ

ဟီထျန်းချောင် ရယ်မော၍ ခေါင်းယမ်းကာ

“အကြီးအကဲရှန် ကျွန်တော့်အထင်မမှားရင် ဒီအစေ့ (၃) ခုလုံး တစ်ပင်တည်းက ယူခဲ့တာမလား”

“ပထမ (၂) စေ့က ဒီလိုအားနည်းရင် နောက်ဆုံးအစေ့လည်း ပိုကောင်းစရာတော့ မရှိဘူး”

ရှန်မို ပြုံးလျက် နောက်ဆုံးအစေ့ကို စိတ်ဝိညာဉ်စွမ်းအင် စီးဆင်းစေ၏။

“ကောင်းကောင်း မကောင်းကောင်း အဖြေကို ကြည့်ရမှာပေါ့”

ဟီထျန်းချောင် မနိုင်သည့်အပြုံးဖြင့်

“အကြီးအကဲရှန်က လွယ်လွယ်အရှုံးမပေးတတ်ဘူးပဲ… ကောင်းပါပြီ… ကြည့်ကြည့်လေ”

“အဖြေကတော့ သိပ်ကွာမှာမဟုတ်…”

သူ့စကားမဆုံးမီပင် ရှန်မို့လက်ထဲ၌ အဖြူရောင်ပန်းပွင့်လေး ပေါ်လာ၏။

သူ့လက်ထဲတွင် ပွင့်ချပ်များ ကားစွင့်နေပြီး ဟီထျန်းချောင်လည်း မှင်တက်နေသည်။

အဖြူရောင်ပန်းပွင့်ကို စိုက်ကြည့်ရင်း လက်ညှိုးထိုး၍ ပွင့်ချပ်များကို ရေတွက်နေ၏။

၁၊ ၂၊ ၃၊ ၄၊ ၅၊…၊ ၉”

“ပွင့်ချပ် (၉) လွှာလား”

“ဘာ…”

“ဘုရားသခင်… တကယ်ကြီလား”

“ရာစုနှစ်အတွင်း ပထမဆုံး တွေ့ဖူးတာပဲ”

“မယုံနိုင်စရာ… ရှန်မိုက ကျင့်ကြံနိုင်သွားပြီ… သူ့ကံက ကြောက်စရာကြီးပဲ”

“အကြီးအကဲရှန် ကျွန်တော်တို့ အနီးကပ် ကြည့်ကြည့်လို့ ရမလားဟင်”

ယဲ့ယန်၏ ပွင့်ချပ် (၈) လွှာကို အံ့ဩနေကြသော အကြီးအကဲများမှာ ဟီထျန်းချောင်အသံကြောင့် ချက်ချင်း လှည့်လာကြ၏။

ထို့နောက် ပွင့်ချပ် (၉) လွှာ လသစ်ခွပန်းကိုတွေ့ပြီး မယုံကြည်နိုင် ဖြစ်နေတော့သည်။

ပွင့်ချပ် (၈) လွှာဖြင့်ပင် အလွန်ရှားပါး အဖိုးတန်သည်ကို ယခုလို (၉) လွှာအထိ ပေါ်လာသည်။

ထို့ကြောင့် အနီးကပ်တွေ့ဖူးချင်သူ များနေ၏။

ယဲ့ယန်ဘေးတွင် ချက်ချင်း ရှင်းလင်းသွားပြီး တစ်ဦးစနှစ်ဦးစသာ ကျန်ခဲ့သည်။

သူတို့လည်း နေရခက်နေ၏။ အမှန်တော့ ထို ပွင့်ချပ် (၉) လွှာပန်းကို ကြည့်ချင်ပါသည်။

ယဲ့ယန်၏အပြုံးမှာ ချက်ချင်း အေးစက်သွား၏။

သူလည်း လူအများအာရုံစိုက်ခံချင်လွန်းသူ မဟုတ်ပါ… သို့သော် သူ အောင်ပွဲခံနေချိန် ယခုလို ပျောက်သွားကြ၍ ရင်ထဲတော့ခံမိ၏။

ခပ်လှမ်းလှမ်းတွင် ကျန်းဖုန်လည်း ရှန်မို့လက်ထဲမှ ပန်းပွင့်ကိုကြည့်ကာ အံ့ဩနေသည်။

သို့သော် ဘာမှမပြောဘဲ အားလုံးပြီးသည်အထိ စောင့်နေလေ၏။

ထို့နောက် သူ့အသံခပ်ကျယ်ကျယ်ဖြင့်

“အကြီးအကဲတို့ မသုံးမယ့် ပန်းပွင့်တွေ ပြန်လာပေးလို့ ရပါတယ်”

“ဒီလသစ်ခွပင်တွေက ဝင်ပေါက်မှာ စိုက်ထားရင် သွေးနွယ်ပင်တွေ အပြင်မရောက်အောင် ကာကွယ်ပေးနိုင်ပါတယ်”

အကြီးအကဲများ ဂိုဏ်းစည်းမျဉ်းအတိုင်း ကိုယ့်အတွက် တစ်ပွင့်သာယူ၍ ကျန်ပန်းပွင့်များကို ပြန်ပေးလိုက်သည်။

အချို့အကြီးအကဲများမှာ အချင်းချင်း လက်နက်များ၊ ရတနာများဖြင့် လဲလိုက်ကြ၏။

မကြာမီ အားလုံး ပန်းတစ်ပွင့်စီသာ ရှိကြတော့သည်။

“အားလုံးပဲ အထဲဝင်လို့ ရပါပြီ”

ကျန်းဖုန် ပြုံး၍ ပြောလိုက်၏။

ယဲ့ယန်သည် အမူအရာအေးအေးဖြင့် ရှေ့ဆုံးမှ ဝင်သွားသည်။

ဟီထျန်းချောင်တို့လည်း အနောက်မှ လိုက်သွားကြသည်။

ရှန်မိုမှာ အလယ်နားမှ ခပ်ဖြည်းဖြည်း သွား၏။

အကြီးအကဲများအားလုံး ဝင်သွားပြီးနောက် ကျန်းဖုန်၏ လေးစားရိုသေသော အမူအရာမှာ ချက်ချင်း ပျောက်ကွယ်သွားသည်။

သို့သော် မြုတေဖွဲ့စည်းခြင်း အလုပ်သမား (၃) ဦးအား နွေးထွေးစွာ ပြန်ပြုံးပြ၍

“ငါ့ဆီ လာခဲ့ဦးလေ… ဒီနားကမြို့မှာ စားစရာ ပြင်ထားတယ်”

“ကောင်းကောင်း အချိန်ဖြုန်းလိုက်ပါဦး”

ကျန်းဖုန် ရယ်မော၍ ပြောသောကြောင့် အလုပ်သမား (၃) ဦး ပျော်ရွှင်စွာ သဘောတူလိုက်ကြသည်။

ကျန်းဖုန် အမြဲ ထိုကဲ့သို့ ဆက်ဆံနေကျဖြစ်၍ ယနေ့မှ ထူးခြားနေသည်တော့ မဟုတ်ပါ။

ထို့နောက် အခန်းကျယ်ကြီးတစ်ခုဆီ ရောက်သွားကြသည်။

အထဲရောက်သည်နှင့် တံခါးကို သော့ပိတ်၍ ကျန်းဖုန် အမူအရာလည်း အေးစက်သွား၏။

စက္ကန့်ပိုင်းအတွင်း ထုရိုက်သံအချို့ ကြားရပြီး ကျန်းဖုန် တံခါးပြန်ဖွင့်လိုက်သောအခါ အလုပ်သမား (၃) ဦးသည် အသက်မဲ့သောအလောင်းများ ဖြစ်နေလေပြီ။

သူတို့ကိုယ်တိုင်ပင် အဘယ်ကြောင့် အသတ်ခံရမှန်း သိမည် မဟုတ်ပါ။

ကျန်းဖုန် ဆက်သွယ်ရေး ကျောက်စိမ်းပြားထုတ်၍

“ကျောက်စိမ်းဂိုဏ်း အကြီးအကဲတွေ သွေးနွယ်လိုဏ်ဂူထဲ ဝင်သွားပါပြီ။ ကျွန်တော်လည်း အလုပ်သမား (၃) ယောက်ကို ရှင်းပြီးပြီမို့လို့ လုပ်ငန်းစလို့ ရပါပြီ”

“နားလည်ပြီ”

တစ်ဖက်မှ အသံပြန်ထွက်လာ၏။

မကြာမီ လူ (၃) ယောက် သွေးနွယ်လိုဏ်ဂူနား ရောက်လာကြသည်။

ထို (၃) ဦး၏ အရှိန်အဝါအရ ခြေတည်ဝိညာဉ်အဆင့် ရှိမှန်း သိသာ၏။

ဦးဆောင်လာသူမှာ သူ့ကို ဦးညွှတ်၍

“အစ်ကိုကျန်း ဘာများခိုင်းမလို့ပါလဲ”

ကျန်းဖုန်ပြုံးကာ

“ဘာမှ ထွေထွေထူးထူး လုပ်စရာမလိုဘူး… ဒီမှာ စောင့်နေရုံပဲ”

“ဟင်… ဘာလို့လဲ”

“အမှန်အတိုင်းပြောရရင် လွန်ခဲ့တဲ့ (၄) နှစ်က ဒီလိုဏ်ဂူထဲမှာ သွေးမြစ်နဂါး ပေါ်လာခဲ့တယ်… ဒါပေမဲ့ ဒီအတိုင်း ကြီးထွားစေပြီး ကျောက်စိမ်းဂိုဏ်းကို မပြောခဲ့ဘူး”

“အခုတစ်လောမှ စစ်ဆေးကြည့်တော့ အရေအတွက်က (၃) လအတွင်း တော်တော်များနေပြီ… သွေးမြစ်နဂါး ဘုရင်အထိ ရှိတယ်”

“အခု ဒီမှာပဲ စောင့်နေကြ… သွေးမြစ်နဂါးဘုရင်က အထဲမှာ အကြီးအကဲ တော်တော်များများကို သတ်ပစ်လိမ့်မယ်”

“ငါတို့အလုပ်က ရိုးရိုးပဲ… ဒီမှာစောင့်ပြီး လွတ်လာတဲ့သူတွေကို ထပ်ရှင်းရမှာ”

ကျင့်ကြံသူ (၃) ဦး ပြုံးရွှင်၍

“အစ်ကိုကျန်းက တော်လိုက်တာ… နတ်ဆိုးဧကရာဇ်တော့ တကယ် သဘောကျမှာပဲ”

ကျန်းဖုန် တောင်ဘက်သို့လှည့်ကာ ဒူးထောက်၍

“ကျွန်တော် နတ်ဆိုးတစ်သောင်းနယ်မြေကို ရောက်ရင်း နတ်ဆိုးဧကရာဇ်ရဲ့ထူးခြားတဲ့ အင်အားကို တွေ့ခဲ့ရပါတယ်”

“လူသားမျိုးနွယ်ထက် အင်အားကြီးတာမို့လို့ ကျင်းနိုင်ငံတော်ဟာ မကြာခင် ကျဆုံးမှာပါ”

“ကျွန်တော် ကောင်းကင်သွေးနွယ်ပင်ရရင် နတ်ဆိုးခန္ဓာကိုယ်အတွက် ကူညီပေးပါမယ်”

ထိုအခါ အနောက်မှ ကျင့်ကြံသူ (၃) ဦးလည်း ဒူးထောက်၍

“ကျွန်တော်တို့လည်း ကူညီပါမယ်”

…

သွေးနွယ်လိုဏ်ဂူထဲတွင်။

အကြီးအကဲများ လိုဏ်ဂူထဲ ရောက်သည်နှင့် အနီရောင်နွယ်ပင်များ ခုန်ပေါက်လှုပ်ရှားနေသည်ကို တွေ့ရသည်။

ရှန်မို ဖတ်ဖူးသလောက် လသစ်ခွပန်းမှာ သွေးနွယ်ပင်အစွမ်းကို လျော့စေရုံသာဖြစ်ပြီး လုံးဝ မဖယ်ရှားနိုင်ပေ။

သို့သော် ပွင့်ချပ် (၉) လွှာပန်းမှာတော့ အနည်းငယ် ပိုထူးခြား၏။ နွယ်ပင်များ သူ့ကို ကြောက်သကဲ့သို့ ရှောင်ရှားကြလေသည်။

အချို့ကံဆိုးသော အကြီးအကဲများမှာတော့ သိပ်မကြာလိုက်ဘဲ တိုက်ခိုက်ခံရ၏။

ထိုအချိန်တွင် အချင်းချင်းလည်း မကူညီနိုင်ဘဲ အဝေးဆုံးသို့ အမြန်ပြေးကြရသည်။

သွေးနွယ်လိုဏ်ဂူထဲ၌ ပထမဆုံးစည်းမျဉ်းမှာ မိမိကိုယ်ကိုယ် ကာကွယ်ရန် ဖြစ်သည်။

ဤသို့ဖြင့် အုပ်စုလိုက် ဆက်လျှောက်လာကြ၏။

ရှန်မိုနှင့် ယဲ့ယန်မှာ အမြန်ဆုံးဖြစ်ပြီး အုပ်စု၏ ခေါင်းဆောင်ကဲ့သို့ ဖြစ်နေသည်။

တောက်လျှောက်မနားဘဲ ဆက်သွားကြလေသည်။

အတွင်းဂူထဲ အမြန်ရောက်မှ ရှားပါးရတနာများကို တွေ့ရမည်ဖြစ်၏။ အပြင်ဂူတွင် တွေ့ရသည်မှာ ပါမွှားမျှ ဖြစ်သည်။

ထို့ကြောင့် အချိန်ကုန်မခံဘဲ အတွင်းဂူသို့ တွန်း၍ သွားကြလေ၏။

Chapter 228: ရှန်မို အကုန်လုံးတော့ မယူနိုင်ဘူးမလား

ထိုအချိန်တွင် ပြင်းထန်သော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာ၏။

သွေးနွယ်ကိုင်းတစ်ခုမှာ ယဲ့ယန်အား တိုက်ခိုက်ရန် ညွတ်ကျလာသည်။

သို့သော် ယဲ့ယန် မျက်မှောင်ကြုတ်၍ လျင်မြန်စွာဖြင့် ဓားနှင့်ခုတ်ပိုင်းလိုက်၏။

ရှန်မိုမှာတော့ အတော်ဝေးဝေးသို့ ဆက်လျှောက်သွားကာ နှစ်ယောက်သား အလှမ်းဝေးသွားကြသည်။

ဂူအတွင်းထဲ ရောက်လေ နွယ်ပင်များမှာ ပိုမိုတုတ်ခိုင်၍ လူကြီးတစ်ဦးခါးတစ်ပတ်စာခန့် ရှိလေသည်။ ပုံစံမှာ နွယ်ပင်ထက် မြွေကြီးများနှင့် ပိုတူနေ၏။

ပွင့်ချပ် (၈) လွှာနှင့် (၉) လွှာ၏ ကွာခြားမှုပင် အတော် ကြီးလေသည်။

နွယ်ပင်များမှာ ရှန်မို့ကို မထိရဲသလောက်ဖြစ်ပြီး ယဲ့ယန်ကိုသာ တိုက်ခိုက်ကြ၏။

ရှန်မိုမှာလည်း အရပ် (၈) မျက်နှာ မိုးကြိုးလှုပ်ရှားမှုဖြင့် လျင်မြန်စွာသွားနေ၍ ယဲ့ယန်နှင့် တော်တော် ဝေးသွားလေပြီ။

မကြာမီ ပတ်ဝန်းကျင်မှအသံများ တိတ်ဆိတ်ကာ ရှန်မိုတစ်ယောက်တည်း ဖြစ်သွား၏။

သွေးနွယ်ပင်များမှာ ရှန်မိုရောက်လာသည်ကို ခံစားမိသော်လည်း ပွင့်ချပ် (၉) လွှာပန်းကြောင့် မတိုက်ခိုက်ရဲကြပေ။

(၁၀) ရက်ကြာပြီးနောက် ရှန်မို လမ်းငယ်လေးတစ်ခုကို တွေ့ရတော့သည်။

သူ အလွန်ပျော်သွား၏။

“အတွင်းလိုဏ်ဂူ”

ဂူမှာ ဘူးသီးပုံဖြစ်ပြီး အတွင်းဘက်တွင် ပိုကျဉ်းသွား၏။

ရှန်မို အရှိန်မြှင့်၍ အမြန်ဆက်သွားသည်။

ထူးဆန်းသောလောကကြီးတစ်ခု အမြင်အာရုံထဲ ရောက်လာ၏။

အနီ အနီ အနီ။

သစ်ပင်များလည်း အနီ၊ မြက်ခင်းများလည်း အနီ၊ မြေကြီးများပင် အနီဖြစ်သည်။

ကောင်းကင်ပြာသာ မရှိတော့လျှင် အခြားကမ္ဘာတစ်ခု ရောက်သွားသည်ဟုပင် ထင်ရလောက်၏။

သို့သော် ထိုနေရာမှ သွေးနွယ်များမှာတော့ ထူးခြားစွာ အသက်မဲ့နေကြသည်။

အပြင်တွင်ရှိသော နွယ်ပင်များထက် ပိုတုတ်ခိုင်သော်လည်း မြေပြင်တွင်ဝပ်ကာ ငြိမ်သက်နေ၏။

ရှန်မို မတော်တဆ တက်နင်းမိလျှင်ပင် တုံ့ပြန်မှု မရှိချေ။

သူ အသက်ပြင်းပြင်း ရှူကြည့်လိုက်သောအခါ ရင်းနှီးနေသောအနံ့ကို ရ၏။

မကြာမီ ပစ်မှတ်ကို ရှာတွေ့သွားလေပြီ။

သွေးစိတ်ဝိညာဉ်ပင်။

အပင်အားလုံး အစေ့အဆံကြီးထွား၍ ချက်ချင်း ပွင့်တော့မည်ဟု ထင်ရသည်။

ရှန်မို အလွန် ပြုံးပျော်နေ၏။

သို့သော် မလောဘဲ အနီးအနားရှိ သွေးအမြစ်များကို လှမ်းကြည့်လိုက်သည်။

အနီးကပ်ကြည့်မိသောအခါ အမြစ်များသည် အသက်ရှင်နေသေး၏။

“ဒါ သွေးမြစ်နဂါးတွေလား”

သူ သေချာကြည့်သော်လည်း အန္တရာယ်ရှိသည့် အရိပ်အယောင်မျိုး မတွေ့ရချေ။

သူနှင့် မယှဉ်နိုင်သောအဆင့်ဖြစ်၏။

ရှန်မို စိတ်ဝိညာဉ်စွမ်းအင်များ စုစည်း၍ လက်ဖဝါးထဲတွင် မီးတောက်များ ပေါ်လာသည်။

ထို့နောက် အားပြင်းပြင်း ရိုက်ချလိုက်သောအခါ အမြစ်များ၏ မျက်နှာပြင်ကို ထိခိုက်သွားလေသည်။

ဘုံး!

မီးတောက်များ လောင်ကျွမ်းသောအခါ သွေးအမြစ်များ ချက်ချင်းရှင်သန်၍ အော်ဟစ်လာ၏။

ရှန်မို နှာခေါင်းရှုံ့၍

“စိတ်ဝိညာဉ်ဂူနောက်မှာပုန်းပြီး ငါ့ကို အလစ်တိုက်ဖို့ ကြံနေသေးတယ်”

သူ နောက်ထပ် တိုက်ခိုက်ရန် ပြင်လိုက်သည်။

နေမင်း (၉) သွယ် နတ်ဇာမဏီကျင့်စဉ်။

သွေးမြစ်နဂါးမှာ ရှန်မို ဒုတိယတိုက်ကွက်ကို ခံနိုင်ရည် မရှိတော့ပေ။

အချိန်တိုအတွင်း တစ်ကိုယ်လုံး ပြာကျသွား၏။

“မီးစိတ်ဝိညာဉ်စွမ်းအင်က သူတို့ကို သဘာဝအတိုင်း တိုက်ခိုက်နိုင်တာပဲ”

“ပိုပြင်းတဲ့မီးတောက်ဆိုရင် သက်ရောက်မှုပိုကြီးဦးမယ်”

ရှန်မိုတွေးရင်း ဝမ်းသာနေသည်။

သူ လက်တစ်ချက်ယမ်းလိုက်ရုံဖြင့် သွေးစိတ်ဝိညာဉ်ပင်အားလုံး ရိတ်သိမ်းပြီးဖြစ်ကာ သိုလှောင်လက်စွပ်ထဲ သိမ်းထားလိုက်၏။

ရှန်မို ပြန်ရန် ပြင်လိုက်ပြီးမှ ပြာပုံထဲတွင် လင်းလက်နေသော အရာ (၂) ခုကို တွေ့လိုက်သည်။

သူ လှမ်းယူ၍ စိတ်ဝိညာဉ်စွမ်းအင် စီးဆင်းစေလိုက်လေ၏။

တစ်ခုမှာ မီးခိုးရောင်ပုတီးလုံးဖြစ်ပြီး အနီးကပ်နားထောင်ကြည့်လျှင် အော်ဟစ်သံခပ်သေးသေးကို ကြားရသည်။

ဒုတိယပစ္စည်းသည် ထူးခြားသော အနီရောင်ကျောက်မျက်လေးဖြစ်ပြီး အသွင်အပြင်လည်း ဆန်းသည်။

ဤသည်မှာ အခြားမဟုတ်… ယင်ပုလဲလုံးနှင့် သွေးမြစ်ကျောက်တို့ ဖြစ်လေ၏။

ယင်ပုလဲလုံးမှာ ပုံမှန်အတိုင်း ကျင့်စဉ်များကို အားကောင်းစေပြီး သွေးမြစ်ကျောက်မှာတော့ ခန္ဓာကိုယ်အင်အားကို တိုးတက်စေသည်။

“သွေးမြစ်ကျောက်ကို ကြားဖူးပေမဲ့ သာမာန်ကျင့်ကြံသူတွေရဖို့ဆိုတာ တော်တော် ခက်တယ်… ဒီနေ့တော့ ငါရလိုက်ပြီပေါ့”

ရှန်မို စိတ်လှုပ်ရှားသွား၏။

ထိူ့နောက် ဖတ်ဖူးသောစာအုပ်ထဲမှ အချက်အလက်များအား ပြန်တွေးနေမိသည်။

တစ်သက်တွင် (၅) ကြိမ်သာ မွမ်းမံနိုင်ပြီး ထို့ထက် ကျော်လွန်ပါက အကျိုးမထူးတော့ပေ။

“သွေးမြစ်ကျောက်က ငါသုံးဖို့ ထားပြီး ကျန်တဲ့အမြစ်တွေတော့ လိုတဲ့ပစ္စည်းတွေနဲ့ ပြန်လဲတာပေါ့”

ရှန်မို့မျက်နှာ၌ အပြုံးတစ်ခု ပေါ်လာသည်။

အတွင်းဂူအလယ်တွင် နားစရာနေရာများရှိသည်ကို သိထား၏။

ထိုနေရာ၌ သွားစောင့်ပြီး အကြီးအကဲများ ရောက်လာသောအခါ လိုအပ်သောအရင်းအမြစ်များနှင့် လဲနိုင်သည်။

သူ ဆက်သွားရင်း လမ်းတွင်ရှိသမျှ သွေးစိတ်ဝိညာဉ်ပင်များကို ရိတ်သိမ်းသွား၏။ ပထမဆုံးဝင်သူဖြစ်၍ အခွင့်အရေးကို အဆုံးရှုံးမခံနိုင်ပေ။

တစ်ဖက်တွင် ယဲ့ယန်မှာတော့ အတော် ဒုက္ခရောက်နေ၏။

သူလည်း အတွင်းဂူထဲ ရောက်လာသော်လည်း သွေးစိတ်ဝိညာဉ်ပင် မရဘဲ သွေးမြစ်နဂါးများ တိုက်ခိုက်မှုကိုသာ ခံရသည်။

“ရှန်မိုပဲ ဖြစ်ရမယ်…”

“သူ့ရဲ့ ပွင့်ချပ် (၉) လွှာနဲ့ ငါ့ထက် အဝေးကြီး ရောက်နေပြီ”

“သူ့အနောက်ကလိုက်ရတာ ဘာရတနာမှလည်း မရတော့ဘူး”

ယဲ့ယန် အံကြိတ်ကာ တွေးနေမိသည်။

သူ တစ််ခါမှ လူတစ်ယောက်ကို မမုန်းဖူးချေ။

ဟင်း…

ယဲ့ယန် သက်ပြင်းချကာ စိတ်ကို တည်ငြိမ်အောင် ထိန်း၍ ပတ်ဝန်းကျင်အား ဆန်းစစ်ကြည့်သည်။

“သွေးမြစ်နဂါးတွေက ဘာလို့ ပေါ်လာတာလဲ… ဟိုးအရင်တည်းက မျိုးတုန်းသွားပြီ မဟုတ်ဘူးလား”

“စောင့်ကြည့်တဲ့ အကြီးအကဲ ပြောတာတော့ ထပ်မပေါ်လာတော့ဘူးဆို”

ယဲ့ယန် မျက်မှောင်ကြုတ်ကာ တွေးတောနေမိသည်။

မည်မျှကြာကြာတည်းက ပေါက်နေမှန်းလည်း မသိနိုင်ပါ။ (၅) နှစ်တာလုံး ရှိခဲ့ပါက ယခုအချိန်တွင် သွေးမြစ်နဂါးဘုရင် မွေးဖွားပြီးလောက်ပြီ။

သူ ထိုသို့ တစ်ယောက်ချင်း တိုက်ခိုက်ရပါက မယှဉ်နိုင်ကြောင်း ကောင်းကောင်း သိပါသည်။

“ဆက်သွယ်ရေးကျောက်စိမ်းပြားလည်း သုံးလို့မရ၊ ချက်ချင်း ထွက်ပြေးလို့လည်း မရဘူးဆိုတော့ ဖြည်းဖြည်းချင်း ဆက်သွားရမှာပဲ”

ယဲ့ယန် အကြည့်များ ပိုအေးစက်လာ၏။

သွေးနွယ်ဂူထဲဝင်၍ ဘာမှမရသည့်အပြင် ဒဏ်ရာများဖြင့် ထွက်လာပါက အလွန်ရှက်စရာကောင်းလိမ့်မည်။

“ရှန်မို အကုန်လုံးတော့ မယူနိုင်လောက်ပါဘူး… သူ ကျန်တာလေးတွေ ရှိဦးမှာပါ”

ယဲ့ယန် အားပေးရေရွတ်ရင်း ဆက်လျှောက်လာခဲ့သည်။

All Chapters