အခန်း (၂၃၂-၂၃၄)
Vol. 16 Ch. 232-234
Chapter 232: ဘယ်သူ ရှင်းတာလဲ
ရှန်မိုမှာ သွေးမြစ်နဂါးကြီး၏ တုံ့ပြန်မှုအစအဆုံးကို သတိထား၍ ကြည့်နေခဲ့သည်။
လက်ရှိတွင် ဒေါသတကြီးဖြင့် သူ့ဆီ ပြေးလာနေပြီး သူ့အတွက်တော့ သတ်ဖြတ်ရှင်းလင်းရန် အလွယ်ကူဆုံး အနေအထား ဖြစ်လေသည်။
“ကွက်တိပဲ… နတ်ဆိုးချပ်ဝတ် ခေါင်းပိုင်းကို မွမ်းမံပြီးတည်းက သုံးဖို့နေရာ မရသေးဘူး… မင်းနဲ့ စမ်းကြည့်ရမှာပေါ့”
ရှန်မို ရေရွတ်လိုက်၏။
ထို့နောက် တစ်ချက်တွေးရုံဖြင့် ခရမ်းရင့်ရောင် ခေါင်းဆောင်းပေါ်လာပြီး မျက်လုံးမှလွဲ၍ တစ်ခေါင်းလုံးကို ဖုံးကွယ်ပေးထားသည်။
မကြာမီ ရင်ဘက်ပိုင်းနှင့် ညာဘက်လက်တွင်လည်း ချပ်ဝတ်များ ပေါ်လာကာ ခန္ဓာကိုယ်နှင့် အသားကျနေသည်။
သူ ချပ်ဝတ်ကိုမီးတောက်ငရဲလိုဏ်ဂူ၌ ရလာကာ မွမ်းမံပြီးသော်လည်း မြွေနဂါးတောင်တွင် အလုပ်ရှုပ်နေခဲ့၍ သုံးစရာအခြေအနေ မရှိခဲ့ပေ။
ယခုအခါ ချပ်ဝတ် (၃) ပိုင်းဖြင့် အင်အားပိုကြီးနေပြီ ဖြစ်၏။
သူ လက်ဖျောက်တစ်ချက်တီးရုံဖြင့် လက်ခေါက်ထဲမှ သွေးအိတ် (၃) အိတ်ပေါက်ကာ ချပ်ဝတ်များထဲ စီးဝင်သွားသည်။
ထိုအခါ သွေးစက် (၉) စက်အစွမ်းဖြင့် ချပ်ဝတ်များသည် အေးစက်သောအရှိန်အဝါရှိသည့် အပြာရောင်သို့ ပြောင်းသွားတော့၏။
“သေစမ်း”
ရင်ဘက်တွင် အင်အားများစု၍ အရပ်မျက်နှာတိုင်းကို ပျံ့နှံ့သွားသည်။
ဘုံး!
သွေးမြစ်နဂါးကြီးမှာ တစ်ဖက်မှစွမ်းအင်ကြောင့် ခံနိုင်ရည်မရှိဘဲ လဲကျသွားတော့၏။
သွေးအိုင်အလယ်တွင် အသက်မဲ့နေလေပြီ။
သွေးမြစ်နဂါးဘုရင်ဖြစ်လာမည့် အခွင့်အရေးကိုလည်း ဆုံးရှုံးလိုက်ရ၏။
ရှန်မို အသက်ကိုဝအောင်ရှူ၍ နတ်ဆိုးချပ်ဝတ်များကို ပြန်ဖုံးကွယ်လိုက်သည်။
ထို့နောက် နဂါးအလောင်းထံသွား၍ စစ်ဆေးကြည့်၏။
ထိုအခါ ထင်ထားသည့်အတိုင်း နဂါး၏ ရင်ဘက်ထဲတွင် အစိမ်းရောင်နွယ်ပင်ကို တွေ့ရလေသည်။ လူကြီး လက်တစ်ဖက်စာခန့် ရှည်၍ နူးညံ့သော်လည်း အစိမ်းဖျော့ဖျော့လင်းလျက် ပတ်ဝန်းကျင်ကို အင်အား ပြန်ဖြည့်နိုင်သကဲ့သို့ ခံစားရသည်။
ရှန်မို ခဏကိုင်ထားရင်းပင် မြေပြင်၌ ပြောင်းလဲသွား၏။
သူ ငုံ့ကြည့်လိုက်သောအခါ နွယ်ပင်များ၊ သစ်ပင်များသည် နဂါးနှစ်ကောင်တိုက်ခိုက်ထား၍ သွေးအိုင်နေသည့််အပေါ်မှ တိုးထွက်ပေါက်ရောက်ကာ လျင်မြန်စွာ ရှင်သန်လာသည်။
ထို့အပြင် ရှန်မို့လက်ဖဝါးအထိ နွယ်တက်လာ၏။
ရှန်မိုလည်း တုံ့ဆိုင်းမနေဘဲ သိုလှောင်လက်စွပ်ထဲ သိမ်းလိုက်သည်။
“ထင်တဲ့အတိုင်း ကောင်းကင်နွယ်ပင်ပဲ”
ရှန်မို ပို၍သေချာသွား၏။
ထို့နောက် နဂါးကြီးခန္ဓာကိုယ်တွင် ဆက်ရှာရင်း ယင်ပုလဲ (၃) လုံးနှင့် သွေးအမြစ်ဆီ (၅) ခုတို့ ထပ်ရသည်။
“နောက်ပြီး တောအုပ်ဓားသိုင်းရောလား”
ရှန်မို အံ့ဩသွား၏။
သူ ခဏစဉ်းစားပြီးနောက် ဘေးမှ အကောင်ပိုသေးသော နဂါးအလောင်းကို လှမ်းကြည့်မိသည်။
သူ့ခန္ဓာကိုယ်မှ အနီရောင်အရွက်လေးများပင် စပေါက်နေလေပြီ။
ရှန်မို သေချာ အနီးကပ်သွား၍ ခန္ဓာကိုယ်ထဲ ရှာကြည့်သောအခါ စာလုံးနက်နက်ဖြင့် ရေးထားသော စကားလုံးကို တွေ့ရ၏။
“အမြစ်”
စုတ်ချက်တိုင်းမှာ အားပြင်း၍ ထင်ရှားစူးရှလေသည်။
ထို့နောက် ထပ်ရှာကြည့်သောအခါ ယင်ပုလဲလုံး (၃) လုံးနှင့် သွေးအမြစ်ဆီ (၃) ခုတို့ ထပ်ရပြန်၏။
“ကောင်းလိုက်တာ… တောအုပ်ဓားသိုင်းလည်း ငါ့လက်ထဲ ရောက်လာပြီ”
ရှန်မို ကျေနပ်လွန်း၍ ပြုံးရွှင်နေသည်။
သွေးနွယ်ဂူမှ အဖိုးတန်ဆုံးရတနာများမှာ ရှန်မို့ပိုင်ဆိုင်မှု ဖြစ်လာလေပြီ။
ထို့ကြောင့် ဤခရီးမှာ အလွန်အဖိုးတန်၏။
“ဒီကတိုက်ခိုက်သံတွေ ကျင့်ကြံသူတွေဆီ ရောက်မှာပဲ… မြန်မြန်ပြန်မှ ဖြစ်မယ်”
ရှန်မို တွေး၍ လှည့်ပြန်လေသည်။
ဓားသိုင်းကိုသုံး၍ အပျက်အစီးများ၊ မီးဓားခြေရာလက်ရာများကို ဖျောက်ပစ်ခဲ့ပြီးမှ လေအဟုန်ဖြင့် ပျောက်ကွယ်သွားတော့၏။
သူ ထွက်သွားပြီး မကြာမှ လူအချို့ ခပ်သွက်သွက် ရောက်လာကြသည်။
ဦးဆောင်လာသူမှာ ယဲ့ယန်ဖြစ်ပြီး ဝမ်ဝူ၊ ဟီထျန်းချောင်နှင့် အခြားအကြီးအကဲများလည်း ကပ်ပါလာ၏။
ဝမ်ဝူသည် သွေးအိုင်များနှင့် သွေးမြစ်နဂါးကြီး (၂) ကောင်၏အလောင်းကိုကြည့်ကာ ပါးစပ်အဟောင်းသားဖြင့် စွံ့အနေသည်။
ဟီထျန်းချောင်လည်း မျက်လုံးပြူးလျက်
“ဒါ အရမ်းအင်အားကြီးတယ်ဆိုတဲ့ သွေးမြစ်နဂါး (၂) ကောင်ပဲ… ဟုတ်ပါတယ် ဒီလောက် အရွယ်အစားနဲ့ဆိုရင်”
“ဒါနဲ့ ဘာလို့ ဒီမှာ သေနေကြတာလဲ”
ယဲ့ယန် ပတ်ဝန်းကျင်ကို စူးရှစွာ လေ့လာကြည့်ကာ အလောင်းများမှ ဓားချက်များနှင့် လေထုထဲမှ ရေခဲအရှိန်အဝါကို ချက်ချင်း သတိထားမိသွားသည်။
“ရေခဲနည်းပညာနဲ့ ဓားသိုင်းကျွမ်းတဲ့တစ်ယောက်ယောက် လက်ချက်ပဲ”
သူ တည်ငြိမ်စွာပြော၏။
ဟီထျန်းချောင် မှင်တက်နေမိသည်။
ထိုကဲ့သို့ သွေးမြစ်နဂါး (၂) ကောင်ကို သတ်နိုင်သူမှာ ယဲ့ယန်ကို ယှဉ်နိုင်သည့်သဘော ဖြစ်၏။ သို့သော် ယနေ့ သွေးနွယ်ဂူထဲ ဝင်လာသူများတွင် ထိုကဲ့သို့အခြေအနေရှိသူကို မစဉ်းစားတတ်ပေ။
ဝမ်ဝူ ခပ်တိုးတိုးဖြင့်
“လူတွေ အထင်လွဲအောင် တစ်ယောက်ယောက်က တမင် ချန်ခဲ့တာလည်း ဖြစ်နိုင်တယ်”
ယဲ့ယန် ခေါင်းငြိမ့်ပြ၏။
“နှမျောစရာပဲ… ဒီနဂါးကြီးတွေမှာ ယင်ပုလဲနဲ့ သွေးအမြစ်ဆီတွေ ရှိမှာကို… အဲ့လူ အကုန် ယူသွားပြီ”
ဝမ်ဝူ စိတ်ပျက်လက်ပျက် ရေရွတ်၏။
ထို့နောက် အခြားအကြီးအကဲများလည်း ရောက်လာကြပြီး ဟီထျန်းချောင်တို့ကဲ့သို့ အံ့ဩသော အမူအရာဖြစ်နေကြပြန်သည်။
အချိန်အတော်ကြာအထိ တိတ်ဆိတ်နေကြ၏။
ရုတ်တရက် ဟီထျန်းချောင် စိတ်လှုပ်ရှားစွာဖြင့်
“အားလုံးပဲ… ဒီနဂါးကြီး (၂) ကောင်ထဲက သွေးမြစ်နဂါးဘုရင် ဖြစ်လာနိုင်ပါတယ်”
“အခု သူတို့သေပြီဆိုတော့ ပြဿနာလည်း ရှင်းသွားပြီ”
ထိုအခါ အခြားအကြီးအကဲများပါ တွေးမိပြီး ဝမ်းသာသွားကြသည်။
အမှန်ပင်။
သွေးမြစ်နဂါးဘုရင်၏ အန္တရာယ်မရှိလျှင် အားလုံး စုပေါင်း၍ အပြင်ထွက်နိုင်လေပြီ။
အကြီးအကဲတစ်ဦးမှာ သက်ပြင်းချ၍
“ဒီနဂါး (၂) ကောင်ကို သတ်တာ ဘယ်သူဖြစ်ဖြစ် ငါတို့အသက်ကို ကယ်လိုက်တဲ့သဘောပဲ”
ခပ်ချောချော အမျိုးသမီးအကြီးအကဲမှာ အသံခပ်ချွဲချွဲဖြင့် ဝင်စနောက်၏။
“ဘယ်သူလဲ သိလို့ကတော့ သေချာကို ကျေးဇူးဆပ်ရဦးမယ်… (၃) ရက်လောက် အခန်းထဲက မထွက်စေရဘူး”
သူ့စကားကြောင့် ဆူညံသံများ ရုတ်တရက် ပေါ်လာသည်။
“ကျွန်တော်ပါ ကျွန်တော် သတ်လိုက်တာ”
“အာ… ကျွန်တော် မကြွားချင်ပေမဲ့ မတတ်နိုင်ဘူး… ဝန်ခံပါတယ် ကျွန်တော်ပါ”
အမျိုးသမီးအကြီးအကဲမှာ နှာခေါင်းရှုံ့၍
“ဆက်သာ ဟန်ဆောင်နေလိုက်ကြ… ရှင်တို့အခြေအနေနဲ့တော့ အိပ်မက်ပဲ မက်လို့ရမယ်”
အခြားအကြီးအကဲများ ရယ်မောမိကြလေသည်။
ဟီထျန်းချောင်လည်း ရယ်မော၍ ခေါင်းယမ်းကာ
“သွားရအောင်… သွေးမြစ်နဂါးတွေ ဆက်ဖမ်းရဦးမယ်… အားလုံးပြီးရင် အတူတူ ပြန်ကြတာပေါ့”
ယဲ့ယန်လည်း ထိုနေရာတွင် ဆက်မနေချင်တော့ပေ။
အလောင်းများထဲတွင် ရတနာမရှိ၍ ဆက်နေလည်း အကျိုးမထူးပါ။
ထို့နောက် အားလုံး လူစုခွဲ၍ ထွက်သွားကြလေ၏။
မကြာမီ ခပ်ချောချော လူငယ်လေးတစ်ဦး သတိကြီးကြီးဖြင့် ရောက်လာသည်။
ရှောင်ဖန်ဖြစ်၏။
နဂါးကြီးများ၏အလောင်းကိုတွေ့သောအခါ သူလည်း မှင်တက်နေသည်။
လွန်ခဲ့သော (၁၀) ရက်ခန့်ကမှ သူ့ကိုတိုက်ခိုက်၍ အသည်းအသန်ပြေးခဲ့ရပြီး ထိုနဂါးများ ယခု သေကုန်လေပြီ။
“ဘယ်သူ ရှင်းလိုက်တာလဲ… ဒီလောက် အင်အားဆိုရင်…”
သူ မျက်မှောင်ကြုတ်ကာ တွေးနေမိ၏။
Chapter 233: ငါတို့အသက်ရှင်တာ အံ့ဩနေမှာပဲ
ရှောင်ဖန်စိတ်ထဲမှ တန်ဟီ၏ အံ့ဩနေသောအသံကို ကြားရသည်။
“ဒီနဂါးတွေကို သတ်နိုင်တယ်ဆိုတော့ တကယ် အင်အားကြီးတာပဲ”
“ကြည့်လိုက်ဦး… အကောင်သေးကတော့ အချင်းချင်း တိုက်ခိုက်ပြီး သေတာဖြစ်မယ်… ဟိုလူသတ်တာ မဟုတ်ဘူး”
“ပိုကြီးတဲ့အကောင်ကတော့ ဓားချက်နည်းနည်း ရှိပေမဲ့ သေစေလောက်တဲ့အထိ မဟုတ်ဘူး”
“ငါ့အမြင်တော့ အဲ့လူက တစ်ချက်တည်းနဲ့ အပြီးတိုက်ခိုက်လိုက်တာပဲ”
တန်ဟီ လေးစားစွာ ပြော၏။
“ရှောင်ဖန် မင်း သူနဲ့ ထိပ်တိုက်တွေ့ရင် မြုတေဖွဲ့စည်းခြင်းသိုင်းနဲ့ အသက်ကိုရင်းရင်တောင်၊ ငါ့ဝိညာဉ် အင်အားကုန်တဲ့အထိ ကူညီပေးရင်တောင် ၃၀% ပဲ ရှိလိမ့်မယ်”
ရှောင်ဖန် မျက်မှောင်ကြုတ်ကာ
“၃၀% လား”
တန်ဟီ သက်ပြင်းချ၍
“ငါတို့ရှုံးမှာ သေချာသလောက်ပေါ့”
ရှောင်ဖန် မျက်မှောင်ပိုကြုတ်သွား၏။
တန်ဟီသည် ဗဟုသုတကြွယ်ဝသည့် ရှေးဝိညာဉ် ဖြစ်သောကြောင့် သူပြောလျှင် ယုံကြည်ရသည်။
“ပုံမှန်တော့ သွေးနွယ်ဂူကိုဝင်တာ ပထမနဲ့ ဒုတိယအဆင့် အကြီးအကဲတွေပဲလေ… အင်အားတော်တော် ကြီးတာဆိုလို့ ယဲ့ယန်နဲ့ ရှန်မိုပဲ ကြားဖူးတယ်”
“ရှန်မိုက မတွေ့ဖူးတော့ သေချာတော့ မပြောတတ်ဘူး… ဒါပေမဲ့ ယဲ့ယန်နဲ့က အရင်တစ်ခါ တွေ့ဖူးတယ်လေ… သူက အင်အားကြီးပြီး ခန္ဓာကိုယ်တည်ဆောက်ပုံလည်း ကောင်းတယ်… ကံကြမ္မာလည်း မြင့်တယ်… သူပဲ ဖြစ်မှာ”
ရှောင်ဖန် သက်ပြင်းချလျက်
“အဲ့ဒါဆို ကျွန်တော့်ကျင့်စဉ်လည်း သူ့ဆီ ရောက်သွားပြီပေါ့နော်”
တန်ဟီ လေသံပျော့ပျော့ဖြင့်
“မစိုးရိမ်ပါနဲ့… ငါသိသလောက်တော့ ကောင်းကင်ဖမ်းဆုပ်ဓားသိုင်းရဲ့ အင်အားအကြီးဆုံးက ကောင်းကင်လောင်ကျွမ်းဓားသိုင်းနဲ့ မြေမီးတောက် ဓားသိုင်းပဲ”
“အဲ့ (၂) ရွက် ရရင်ပဲ ရပြီ… ကျန်တာတွေက အရေးမကြီးဘူး… ရှုံးတာနိုင်တာတွေ အရမ်း မခံစားနဲ့”
ရှောင်ဖန် ခေါင်းငြိမ့်ပြ၍ စိတ်တည်ငြိမ်အောင် ထိန်းကာ
“တန်ဟီပြောတာ မှန်တယ်… ကျွန်တော် အရမ်းတွေးမိသွားတယ်”
“သူ ဘယ်လောက်အင်အားကြီးကြီး ဖြည်းဖြည်းချင်း အနိုင်ယူနိုင်တာပဲ”
ရှောင်ဖန် စိတ်ဓာတ်ခိုင်မာစွာဖြင့်
“ရှန်မိုကတော့ ငါ အင်အားကြီးလာမှ မကြာခင် အကြွေးဆပ်တာပေါ့”
“ဟုတ်ပါပြီ”
တန်ဟီမှ ထောက်ခံ၏။
“နောက်ပြီး ဒီခရီးက အလဟဿတော့ မဟုတ်ဘူးလေ.. ယင်ပုလဲလုံးနဲ့ သွေးအမြစ်ဆီတွေဆိုတာ ရှားပါးရတနာပဲ”
“ခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ ဂူကိုလည်း သိတယ်… သူက နတ်ဆိုးကျင့်စဉ် ကျင့်ကြံပြီး ခြေတည်ဝိညာဉ် ကျင့်ကြံသူတွေကို ပြန်သတ်တာလေ”
“အဲ့လိုကနေ ယင်ပုလဲနဲ့ နတ်ဆိုးသိုင်းတွေ ဖန်တီးပြီး နောက်မျိုးဆက်အတွက် ချန်ဖို့လုပ်တာ”
“ဒါပေမဲ့ ခရီးတစ်ခုသွားရင်း အရှေ့ပင်လယ်က ကျွန်းတစ်ခုမှာ ပုံမှန်ကျင့်ကြံသူတစ်ယောက် သတ်တာ ခံလိုက်ရတယ်”
“အဲ့ဒီလိုဏ်ဂူကို အခုထိ ဘယ်သူမှ မတွေ့ကြသေးဘူး”
ရှောင်ဖန် ဝမ်းသာသွားကာ
“ဘယ်မှာရှိတာလဲ သိလားဟင်”
တန်ဟီပြုံး၍ ဂုဏ်ယူစွာဖြင့်
“သိတာပေါ့… မင်းကို ခေါ်သွားပေးမယ်”
“အဲ့နေရာက ယင်ပုလဲနဲ့ မင်းရထားတဲ့ သွေးမြစ်နဂါးတို့ ပေါင်းလိုက်ရင် ရွှေသရဖူ မွမ်းမံနိုင်ပြီ”
ရှောင်ဖန်မျက်နှာ ဝင်းပသွားကာ
“ကောင်းတာပေါ့… အချိန်မဖြုန်းတော့ဘူး… အခု သွားကြမယ်”
…
အချိန်မှာ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာ၏။
မျက်စိတစ်မှိတ်အတွင်း (၆) လ ပြည့်သွားသည်။
သွေးနွယ်ဂူပိတ်ရန် တစ်ရက်သာ လိုတော့၏။
ထိုအချိန်တွင် ဂူအပြင်ဘက်၌ ကျန်းဖုန်နှင့် ခြေတည်ဝိညာဉ်အဆင့် (၃) ဦးတို့ တိတ်တဆိတ် ရပ်စောင့်နေသည်။
အကြီးအကဲအဆောင်တွင် တင်ပြရန် ထွက်ပြေးလာသော အကြီးအကဲ (၄) ဦးအား သတ်ပစ်ပြီးလေပြီ။
“အခုချိန်လောက်ဆို ဂူထဲမှာ အလောင်းတွေပြည့်နေမှာ သေချာတယ်”
“သွေးမြစ်နဂါးဘုရင် အကုန်လုံးကို ရှင်းလိုက်လောက်ပြီ”
ကျန်းဖုန် ရယ်မော၍ ပြော၏။
ဘေးမှ ကျင့်ကြံသူများကလည်း ဦးညွှတ်လျက်
“အစ်ကိုကျန်းရဲ့ ဉာဏ်ပညာကို လေးစားမိပါတယ်”
“မြှောက်လွန်းနေပါပြီကွာ… ငါက နည်းနည်း ရင်းထားရုံပါပဲ”
ကျန်းဖုန် ပြုံးလျက်
“လာကွာ… သွေးနွယ်ဂူထဲဝင်ပြီး ကောင်းကင်နွယ်ပင်တွေ ကိုယ်တိုင် ယူကြတာပေါ့”
ကျင့်ကြံသူများ ခေါင်းငြိမ့်၍ နောက်မှ လိုက်သွားကြ၏။
ကျောက်စိမ်းဂိုဏ်းအကြီးအကဲများမှာ သွေးမြစ်နဂါးကို မယှဉ်နိုင်သော်လည်း သူတို့ကိုယ်တိုင်တော့ မကြောက်ကြချေ။
ခရီးမစခင်တည်းက နတ်ဆိုးဧကရာဇ်ကိုယ်တိုင် ပေးထားသော ရတနာရှိ၏။
ထိုအကြေးခွံမှာ အလွန်အင်အားကြီးပြီး သွေးမြစ်နဂါးကဲ့သို့ နတ်ဆိုးသားကောင်ကြီးများကို နှိမ်နင်းနိုင်ပါသည်။
ကျန်ကျင့်ကြံသူများမှာတော့ ပွင့်ချပ် (၅) လွှာ လသစ်ခွပင်များကိုင်၍ လိုက်လာကြ၏။
သို့ရာတွင် သူတို့ဝင်ရန် ပြင်နေစဉ် ဂူထဲမှ တိုက်ခိုက်အော်ဟစ်သံများ ပဲ့တင်ထပ်လာသည်။
“သတ်ပစ်”
“ရှင်းလိုက်”
ပတ်ဝန်းကျင်က သွေးနွယ်ပင်တွေကို ဂရုမစိုက်နဲ့… ရှေ့ကိုသာသွား”
အုပ်စုကြီးတစ်ခုမှာခပ်သွက်သွက်ခြေသံများဖြင့် ထွက်လာ၏။
ကျန်းဖုန်တို့ လန့်သွားသည်။
သူတို့ ကြောင်အမ်းနေစဉ်ပင် ရှန်မို၊ ယဲ့ယန်တို့ ဦးဆောင်သော ခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူများ ပြေးထွက်လာကြ၏။
သူတို့နောက်တွင် မြွေကဲ့သို့ သွေးနွယ်ပင်များ လိုက်လာကြသည်။
သို့သော် လိုဏ်ဂူဝင်ပေါက်တွင် လသစ်ခွပင်များ ဝန်းရံထား၍ သွေးနွယ်ပင်များ ဆက်မလိုက်နိုင်ဘဲ နောက်ပြန်ဆုတ်သွားကြသည်။
ကျန်းဖုန်တို့အဖွဲ့မှာ မယုံနိုင်စွာ ငေးကြည့်နေမိ၏။
ရှန်မိုမှ ကျန်းဖုန်တို့ကိုကြည့်၍ ပြုံးကာ
“ကျန်းဖုန် ငါတို့ဘာလို့ မသေလဲ အံ့ဩနေမှာပေါ့”
ကျန်းဖုန် တုန်လှုပ်၍ စွံ့အနေသည်။
ယဲ့ယန်၏ အေးစက်စက်အသံ ထွက်လာ၏။
“သူတို့ကို ဖမ်းလိုက်ကြ”
အကြီးအကဲများ ရှေ့တိုးလာပြီး ဝိုင်းထားကြသည်။
ထို့နောက် အလွယ်တကူ ဖမ်းလိုက်ကြ၏။
“ဥပဒေအဖွဲ့ကို ချက်ချင်းပို့လိုက်… ငါကိုယ်တိုင် လိုက်ကြည့်မယ်”
ယဲ့ယန် အမိန့်ထပ်ပေးလိုက်သည်။
ရှန်မိုမှာ ပြုံး၍
“အဆောင်သခင်ဟီ ကျွန်တော်တို့လည်း ဒီအတိုင်း ပြန်ကြမလား… တစ်ရက်စောထွက်လာတော့ ဘယ်သူမှ လာကြိုမယ့်သူတောင် မရှိဘူး”
ဟီထျန်းချောင် ရယ်မောကာ
“ဟုတ်ပါ့ဗျာ… ဂိုဏ်းကိုပဲ ပြန်ပြီး သွေးနွယ်ဂူထဲကအကြောင်းတွေ တင်ပြကြတာပေါ့”
အကြီးအကဲများအားလုံး ကျောက်စိမ်းဂိုဏ်းသို့ အသီးသီး ပြန်သွားကြလေသည်။
လွန်ခဲ့သော (၆) လက သွေးနွယ်ဂူထဲသို့ အကြီးအကဲ (၇၀) ကျော် ဝင်ခဲ့သော်လည်း ယခုတော့ (၅၀) ဝန်းကျင်သာ ကျန်တော့သည်။
ထို (၆) လအတွင်း ခြေတည်ဝိညာဉ်အကြီးအကဲ (၂၁) ယောက် ပျက်စီးခဲ့၍ ဂိုဏ်းအတွက်လည်း ဆုံးရှုံးမှုကြီး ဖြစ်၏။
ထိုသတင်းသာ ပျံ့သွားလျှင် ပတ်ဝန်းကျင်မှ ဂိုဏ်းများအတွက် ဝမ်းသာစရာဖြစ်လိမ့်မည်။
သို့သော် ထိုအခြေအနေမျှကို ခေါင်းဆောင်နှင့် အကြီးအကဲများ ကိုင်တွယ်နိုင်ပါသည်။
…
ကျောက်စိမ်းဂိုဏ်း တောင်တန်းဂိတ်။
ခေါင်းလောင်းသံမှာ မြည်ဟည်းနေ၏။
ဂိုဏ်းအနီးအနားတွင် ရှိသော အကြီးအကဲများလည်း အမြန် ပြန်လာကြသည်။
ရှန်မို၊ ယဲ့ယန်နှင့် ဟီထျန်းချောင်တို့ အစည်းအဝေးခန်းထဲ ဝင်လာ၏။
ဟီထျန်းချောင် ရှန်မိုနှင့် ယဲ့ယန်ကို လှည့်ကြည့်သောအခါ တိတ်ဆိတ်နေကြ၍ သက်ပြင်းချကာ သူကိုယ်တိုင်ပင် တင်ပြလိုက်ရသည်။
လီကျန်ထောင်း မျက်မှောင်ကြုတ်လျက်
“သွေးမြစ်နဂါး ပေါ်လာတာလား… အဲ့မှာ တာဝန်ကျတာ ဘယ်သူလဲ… ဒီအကြောင်း ဘာလို့မပြောတာလဲ”
အကြီးအကဲတစ်ဦးမှ မတ်တပ်ထရပ်၍
“ကျန်းဖုန် ဘယ်မှာလဲ… သူ နှစ်တိုင်း ဒီဂူကို ထိန်းသိမ်းလာတာလေ… သွေးမြစ်နဂါးတွေ ပေါက်လာတာ မသိဘူးလား”
ရှန်မိုမှ တည်ငြိမ်စွာဖြင့်
“ကျန်းဖုန်နဲ့ သူ့တပည့် (၃) ယောက်ကို ဖမ်းထားပြီးပါပြီ”
“နောက်လိုက် (၃) ယောက်က နတ်ဆိုးတစ်သောင်း နယ်မြေက ကျင့်စဉ်တွေကို ကျင့်ကြံပြီး ဝူဒေသိယစကားသံနဲ့ ပြောကြပါတယ်… ကြည့်ရတာ နတ်ဆိုးတစ်သောင်းနယ်မြေက လွှတ်လိုက်တဲ့ သူလျှိုတွေ ဖြစ်မှာပါ”
အကြီးအကဲများ မျက်လုံးပြူးကာ မယုံကြည်နိုင်ဖြစ်သွား၏။
“ဘာ နတ်ဆိုးတစ်သောင်းနယ်မြေက သူလျှိုတွေလား”
“ယုကျောက်ထဲ ခိုးဝင်ပြီး သွေးနွယ်ဂူအထိ ရောက်လာတာ ငါတို့နယ်မြေကို ကျူးကျော်တာပဲ”
Chapter 234: အကြီးအကဲရှန် လိုချင်တာ ပြောပါ
အကြီးအကဲ (၅) မှ အလန့်တကြားဖြင့်
“ဒါနဲ့ သွေးမြစ်နဂါးဘုရင်ရော ပေါ်နေပြီလား… အကြီးအကဲတွေ ဘယ်လောက် ထိခိုက်သွားလဲ”
အခြားအကြီးအကဲများလည်း ထိုအဖြေကို စိတ်ဝင်စားနေကြသည်။
ဟီထျန်းချောင် ခေါင်းယမ်းကာ
“သွေးမြစ်နဂါးကြီး (၂) ကောင် တွေ့ပါတယ်… အချင်းချင်းတိုက်ခိုက်ရင်း တစ်ကောင်ကျန်ရင် ဘုရင်ဖြစ်လာမှာပေမဲ့ အခုက (၂) ကောင်လုံး အသတ်ခံလိုက်ရပါတယ်”
ထိုအခါ ယန်ချီယဲ့ အားရပါးရ ရယ်မော၍
“ကောင်းတယ်… အရမ်းတော်တယ်… ယန်လေး မင်းတော်တယ်”
“ငါ့တပည့်ပီသလိုက်တာ… အားလုံးကို ကယ်တင်ခဲ့တာပဲ”
ယဲ့ယန်မှာ ထိုစကားများကြောင့် နေရခက်နေ၏။
ဟီထျန်းချောင်တို့မှာ ပို၍ မျက်နှာပျက်နေလေသည်။
ယန်ချီယဲ့ မျက်မှောင်ကြုတ်လျက်
“ဘာလို့လဲ… နဂါးတွေကိုသတ်တာ မင်းမဟုတ်ဘူးလား”
ယဲ့ယန် ပြန်မဖြေဘဲ ငြိမ်နေသည်။
ဟီထျန်းချောင် ချောင်းဟန့်၍
“အကြီးအကဲယဲ့ သတ်တာမဟုတ်ပါဘူး… ဒါပေမဲ့ ဘယ်သူသတ်မှန်းလည်း မသိပါဘူး”
“ကျွန်တော်တို့ရောက်တဲ့အချိန်မှာ နဂါးကြီး (၂) ကောင်လုံး သေပြီးနေပါပြီ”
လီကျန်ထောင်းနှင့် အကြီးအကဲများ စိတ်ရှုပ်ထွေးကုန်၏။
ဘယ်သူလဲ။
ပထမနဲ့ ဒုတိယအဆင့် အကြီးအကဲတွေထဲမှာ အဲ့လောက် အင်အားကြီးတာ ရှိလို့လား။
ဟီထျန်းချောင်မှ ဆက်ကာ
“ကျွန်တော် လေ့လာမိသလောက်တော့ သွေးနွယ်ဂူ ပတ်ဝန်းကျင်က အကာအကွယ်မှာ အပေါက်ဖြစ်နေပါတယ်”
“အပြင်လူတစ်ယောက်ယောက် ဝင်လာပြီး သတ်သွားတာပဲ ဖြစ်နိုင်တယ်”
“အပေါက်ဟုတ်လား… အဲ့ဒါလည်း ကျန်းဖုန် ချထားတဲ့အကာအကွယ်ပဲ”
အကြီးအကဲချုပ်မှ ပြောသည်။
“အမှန်ပဲ”
လီကျန်ထောင်းမှ
“အဆောင်သခင်ဟီ ဘယ်လောက်တောင် ထိခိုက်သွားကြလဲ”
အခန်းတစ်ခုလုံး ငြိမ်သက်သွားပြီး အဖြေကို စောင့်နေ၏။
ခြေတည်ဝိညာဉ်အဆင့်မှာ ဂိုဏ်းတစ်ခု၏ ကျောရိုးဖြစ်သည်။
သူတို့များစွာ ထိခိုက်ဆုံးရှုံးပါက ဂိုဏ်း၏ တိုးတက်ရေးအတွက် အနှောင့်အယှက် ဖြစ်နိုင်သည်။
ဟီထျန်းချောင် ငြိမ်နေသည်။
အရေအတွက်မှာ ထိတ်လန့်စရာဖြစ်၍ ပြောပြရန် မဝံ့မရဲ ဖြစ်နေ၏။
“ပြောပါ… ဒီကိစ္စက မင်းအပြစ်မှ မဟုတ်တာ”
လီကျန်ထောင်း တည်ငြိမ်စွာ မေးလိုက်၏။
“ခေါင်းဆောင်… အားလုံးပေါင်း (၂၁) ယောက် ဆုံးရှုံးသွားပါတယ်”
သူ အံကြိတ်ကာ ပြောလိုက်လေသည်။
“(၂၁) ယောက်လား”
လီကျန်ထောင်း စိတ်ထိန်းထားသော်လည်း ထိတ်လန့်လွန်း၍ မျက်နှာပျက်သွား၏။
ခြေတည်ဝိညာဉ်အဆင့် (၂၁) ယောက်။
ထိုအရေအတွက်မှာ ဂိုဏ်းအတွက် ဆုံးရှုံးမှုကြီးလွန်းသည်။
ဝမ်မူရွှမ်ကဲ့သို့ အကြီးအကဲများပင် မျက်မှောင်ကြုတ်လျက် စိတ်ထဲတွင် ရှုပ်ထွေးနေ၏။
ယန်ချီယဲ့မှာ ကြောင်တောင်တောင်ဖြစ်နေပြီး ပျော်ရွှင်၊ ဝမ်းနည်းမှုဟူ၍ မမြင်ရပေ။
လီကျန်ထောင်း သက်ပြင်းချကာ
“သတင်းကောင်းရော ဘာမှမရှိဘူးလား”
“သွေးစိတ်ဝိညာဉ်ပင်တွေရော”
ဟီထျန်းချောင် တုံ့ဆိုင်းဆိုင်းဖြင့်
“သွေးမြစ်နဂါးတွေ တော်တော်များများ ရှိနေလို့ သိပ်မရလာခဲ့ပါဘူး”
လီကျန်ထောင်း နားလည်ပါသည်။
“အဆောင်သခင်ဟီ ဘယ်လောက်ရလာလဲ”
သူ အားလျော့သောအသံဖြင့်
“(၁၂) ပေါင်ပဲ ရလာပါတယ်”
“တခြားအကြီးအကဲတွေလည်း (၁၀) ပေါင်စီ ရပါတယ်”
လီကျန်ထောင်း မူးလဲမလို ဖြစ်သွား၏။
သွေးစိတ်ဝိညာဉ်ပင်မှာ ကျောက်စိမ်းဂိုဏ်း၏ ထူးခြားသော အရင်းအမြစ်ဖြစ်သည်။
ရှန်ချန်းနှင့် ထန်းဟီဂိုဏ်းတို့တွင်လည်း ထိုကဲ့သို့ စိတ်ဝိညာဉ်ပင်များ ရှိသော်လည်း သူတို့ကို မမှီပေ။
လွန်ခဲ့သောနှစ်များက (၅) နှစ်တစ်ကြိမ် သွေးနွယ်ဂူထဲ ဝင်ကြတိုင်း အနည်းဆုံး ပေါင် (၂၀၀၀) အထိ ရလာတတ်ကြ၏။
“မင်းတို့ (၂) ယောက်ရော”
လီကျန်ထောင်းမှ ရှန်မိုနှင့် ယဲ့ယန်အား မျှော်လင့်တကြီး လှမ်းကြည့်သည်။
ယဲ့ယန် ခဏငြိမ်နေပြီးမှ သိုလှောင်လက်စွပ်တစ်ကွင်း လှမ်းပေးသည်။
“ကျွန်တော်ကတော့ ပေါင် (၉၀) လောက် ရလာပါတယ်… ဒါတွေအားလုံး ဂိုဏ်းကိုပဲ ပြန်ပေးပါ့မယ်”
လီကျန်ထောင်း ဝမ်းသာသွားကာ
“ကောင်းတယ် ကောင်းတယ်… ပေါင် (၉၀) ဆို မဆိုးပါဘူး”
“အကြီးအကဲယဲ့ရဲ့ အနစ်နာခံမှုကို ကျေးဇူးတင်ပါတယ်”
သို့သော် ယဲ့ယန်မျက်နှာမှာ သုန်မှုန်နေသည်။
သွေးနွယ်ဂူထဲ မဝင်မီက ယန်ချီယဲ့ကို ပေါင် (၁၀၀) ယူလာမည်ဟု ပြောထားပြီး ယခုလို မပြည့်မှီသောကြောင့် အလွန်ရှက်နေမိကာ ဟန်ဆောင်၍ပင် မပြုံးနိုင်ချေ။
ယန်ချီယဲ့မှာတော့ ဒီလောက်နှင့်ပင် ကျေနပ်ပါသည်။
အခြားအကြီးအကဲများ (၁၀) ပေါင်ကျော်သာ ရလာချိန်တွင် တပည့်ဖြစ်သူသည် အလွန်ကွာခြားနေ၏။
လီကျန်ထောင်း ရှန်မိုဘက်လှည့်ကာ
“အကြီးအကဲရှန်ကရော”
သူ ရှန်မို့နောက်ခံကို စုံစမ်းကြည့်ထားသလောက် သူ့အလားအလာမှာလည်း ယဲ့ယန်ထက် မလျော့ပေ။
ထို့ကြောင့် သူ့ကိုလည်း အများကြီး မျှော်လင့်ထားမိသည်။
ရှန်မိုသာ ပေါင် (၇၀) ဝန်းကျင်မျှ ရလာလျှင်ပင် ကျေနပ်လေပြီ။
ရှန်မိုမှ သိုလှောင်လက်စွပ် ထုတ်ပေး၍
“ကျွန်တော်ကတော့ ဂိုဏ်းရဲ့စည်းမျဉ်းအတိုင်း လိုက်နာပြီး ကျွန်တော့်အတွက် ၇၀% နဲ့ ဂိုဏ်းကို ၃၀% ပြန်ပေးပါမယ်”
“ခေါင်းဆောင် ဒီထဲမှာ ၃၀% ထည့်ထားပြီးသားပါ”
သူ့စကားကြောင့် ခေါင်းဆောင်ရော အကြီးအကဲများပါ မှင်တက်သွားကြ၏။
ယဲ့ယန်မှာ ဂိုဏ်းအတွက် အားလုံးပြန်ပေးချိန်တွင် ရှန်မိုတစ်ယောက် အဘယ်ကြောင့် ထိုသို့ မတွေးပေးသနည်း။
၃၀% ပဲ ပေးမယ်တဲ့လား။ ဘာလို့လဲ။
လီကျန်ထောင်း မဲ့ပြုံးပြုံးမိသည်။
ထိုစည်းမျဉ်းကို ခေါင်းတည်ထောင်ခဲ့သူမှ ချမှတ်သွားသောကြောင့် သူ လွယ်လွယ် မပယ်ဖျက်နိုင်ပေ။
လီကျန်ထောင်း သိုလှောင်လက်စွပ်ကို လှမ်းယူ၍ ဖွင့်ကြည့်လိုက်၏။
အလွန်ဆုံး ပေါင် (၅၀) မျှသာ ရှိမည်ဟုတွေးကာ အရမ်း မမျှော်လင့်တော့ပေ။
သို့သော် သေချာကြည့်ရင်း မှင်တက်နေတော့သည်။
သွေးစိတ်ဝိညာဉ်စေ့များ (၃၀၀) အနည်းဆုံး ရှိ၏။
ဒါဆိုရင်…
လီကျန်ထောင်းအမူအရာကိုကြည့်ကာ ယန်ချီယဲ့ အထင်လွဲသွားပြီး လှောင်ရယ်ရယ်လေသည်။
ဝမ်မူရွှမ်၊ အကြီးအကဲချုပ်တို့မှာတော့ တစ်ခုခု ထူးခြားသည်ကို ခံစားမိ၏။
လီကျန်ထောင်း ရှန်မို့ကိုကြည့်၍ တုန်ရီ စိတ်လှုပ်ရှားစွာဖြင့်
“အကြီးအကဲရှန် တကယ်ပဲ ဒါ မင်းရဲ့ ၃၀% လား”
“သွေးစိတ်ဝိညာဉ်စေ့ (၃၀၀) ကလေ”
ရှန်မို ခေါင်းငြိမ့်ပြ၏။
“ဟုတ်ပါတယ်”
ဘုရားရေ…
တစ်ခန်းလုံး ဆူညံသွားကြသည်။
“ဘာ ပေါင် (၃၀၀) လား”
“ဒါတောင် ၃၀% ပဲလား… ဒါဆို ရှန်မိုက အားလုံးပေါင်း ပေါင် (၁၀၀၀) ရလာတာပေါ့”
အကြီးအကဲ (၈) မျက်လုံးအရောင်လက်၍
“ခေါင်းဆောင် တကယ်လား… တကယ်ပဲ ပေါင် (၃၀၀) လား”
လီကျန်ထောင်း လေးနက်စွာ ခေါင်းငြိမ့်ပြသည်။
“အမှန်ပါပဲ”
သူ ရှန်မို့ကို နွေးထွေးစွာကြည့်၍
“အကြီးအကဲရှန် ဂိုဏ်းရဲ့စည်းမျဉ်းအရ (၅) ပေါင်ကို အမှတ်စီ တစ်မှတ်ပေးပါတယ်… အခု ပေါင် (၃၀၀) ဆိုတော့ အမှတ်စီ (၆၀) ဆုချီးမြှင့်ပါမယ်”
“နောက်ပြီး ဂိုဏ်းရဲ့စံချိန်ကိုပါ ကျော်သွားတာမို့လို့ အမှတိဘီအပိုတစ်မှတ် ထပ်ပေးပါမယ်”
သူ ပြုံးရွှင်စွာ ကြည့်၍
“နောက်ဆုံးအနေနဲ့ တစ်ခုလောက်မေးချင်လို့ပါ… မင်းရဲ့ ကျန်တဲ့ ပေါင် (၇၀၀) ကိုရော ပြန်ရောင်းချင်သေးလား”
“ဈေးနှိမ်မှာတော့ မစိုးရိမ်ပါနဲ့… အဆင်ပြေအောင် မင်းလိုချင်တာ ပေးပါမယ်”
အားလုံး ရှန်မို့ကိုသာ ငေးကြည့်ရင်း တိတ်ဆိတ်နေကြလေ၏။