အခန်း (၂၃၅-၂၃၇)
Vol. 16 Ch. 235-237
Chapter 235: ရှန်မို တတိယအဆင့် အကြီးအကဲအဖြစ် ရာထူးတိုးခြင်း
လီကျန်ထောင်းမှာ ဂိုဏ်းခေါင်းဆောင်တစ်ဦးအနေဖြင့် အကြီးအကဲ (၁၀) ဦးနှင့် ဆက်ဆံသောအခါ စိတ်ရင်းမှန်၊ ညီမျှမှုများဖြင့်သာ ဆက်ဆံတတ်သည်။
သို့သော် ဒုတိယအဆင့်အကြီးအကဲ လူငယ်တစ်ဦးအား ထိုလေသံဖြင့်ပြောခြင်းသည် အလွန်ထူးဆန်း၏။
ရှန်မို ပြုံးနေမိသည်။
ထိုအခြေအနေကို သူ ကြိုတွေးမိပြီးဖြစ်သော်လည်း လီကျန်ထောင်းမှာ ထင်ထားသည်ထက် ပို၍ စိတ်အားထက်သန်နေ၏။
“ခေါင်းဆောင်ရယ် ရပါတယ်… အေးဆေး ဆွေးနွေးတာပေါ့… ကျွန်တော်တစ်ယောက်တည်းလည်း မကုန်ပါဘူး”
လီကျန်ထောင်း ဝမ်းသာသွားကာ
“ကောင်းတယ် ကောင်းတယ်… ကျောက်စိမ်းဂိုဏ်းမှာ မင်းရှိတာ တကယ် ကံကောင်းတာပဲ”
“အကြီးအကဲယဲ့နဲ့ အဆောင်သခင်ဟီတို့ အပြင်ခဏ ထွက်ပေးကြပါဦး… အကြီးအကဲရှန်နဲ့ အရောင်းအဝယ် ဈေးကိစ္စလေး ပြောချင်လို့”
ယဲ့ယန် မျက်နှာပျက်ကာ ထွက်သွား၏။
ဟီထျန်းချောင်မှာတော့ သူ့အမူအရာအတိုင်း ခပ်အေးအေးပင် ဖြစ်သည်။
ရှန်မို ထူးချွန်သည်ကို သိထားသော်လည်း သွေးစိတ်ဝိညာဉ်စေ့များ ပေါင် (၁၀၀၀) အထိ ရလာမည်ဟုတော့ မထင်ထားချေ။
ခန်းမအပြင်ဘက်၌။
ဝမ်ဝူ ယဲ့ယန်နား ကပ်လာပြီး
“အကြီးအကဲယဲ့ ဘယ်လိုဖြစ်သွားပြီလဲ”
ယဲ့ယန်မှာ ဒေါသထွက်နေ၍ သူ့ကို အဖက်မလုပ်ဘဲ တောင်ထိပ်မကြီးဆီ ပျံသွားသည်။
ဟီထျန်းချောင် ရယ်မောကာ
“ဝမ်ဝူ… မင်းက အရင်လို အရိပ်အကဲမသိတတ်တုန်းပဲနော်… ယဲ့ယန် ဘယ်လောက် ဒေါသထွက်နေလဲ မသိဘူးလား”
ထိုသို့ပြော၍ သူလည်း တောင်ထိပ် (၃) ဆီ ပျံသွားလေသည်။
ဝမ်ဝူ ခေါင်းကုတ်ရင်း ကျန်ခဲ့၏။
“ဒေါသထွက်တာလား… ယဲ့ယန်က အမြဲအဲ့လို အေးတိအေးစက် အမူအရာပဲ မဟုတ်ဘူးလား”
မကြာမီ အင်အားကြီးအသံကြီး အစည်းအဝေးခန်းမဆီမှ ထွက်လာကာ တောင်တန်းတစ်ခုလုံးသို့ ပျံ့သွားသည်။
ခေါင်းဆောင် လီကျန်ထောင်းအသံ ဖြစ်၏။
“ဒီတစ်ခေါက် သွေးနွယ်ဂူဝင်တဲ့အခါမှာ အကြီးအကဲရှန်က သွေးစိတ်ဝိညာဉ်စေ့ ပေါင် (၃၀၀) ပေးခဲ့ပါတယ်”
“ဒါကြောင့် အခု ဆွေးနွေးပြီးတဲ့အခါမှာ တောင်ထိပ် (၁၀) က အကြီးအကဲရှန်မိုကို တတိယအဆင့်အကြီးအကဲအဖြစ် ရာထူးတိုးပေးလိုက်ပါပြီ”
ထိုကဲ့သို့ ထုတ်ပြန်မှုကြောင့် ကြားရသော အကြီးအကဲများ၊ အလုပ်သမားများ၊ တပည့်များအားလုံး တုန်လှုပ်သွားကြသည်။
သွေးစိတ်ဝိညာဉ်စေ့ ပေါင် (၃၀၀) လား။
ဘယ်လိုတောင်လဲ။
အကြီးအကဲ အယောက် (၃၀) ကျော်ရခဲ့သော ပမာဏထက်ပင် များသေး၏။
ရှန်မို ဘယ်လိုလုပ် အဲ့လောက်ရလာတာလဲ။
အမှန်တော့ တတိယနှင့် စတုတ္ထအဆင့် အကြီးအကဲအချို့မှာ ရှန်မို့ကို မည်သူမှန်းပင် မသိချေ။
ထို့ကြောင့် စုံစမ်းကြည့်သောအခါ ပို၍ မှင်တက်ကုန်၏။
ရှန်မိုတစ်ယောက် ကျောက်စိမ်းဂိုဏ်းသို့ရောက်သည်မှာ တစ်နှစ်သာ ရှိသေးသည်။
ထိုအချိန်တိုအတွင်း တတိယအဆင့် အကြီးအကဲ ဖြစ်နေလေပြီ။
ယဲ့ယန်၏ တိုးတက်မှုကို မြန်လှပြီ ထင်ခဲ့ကြသော်လည်း ထိုကဲ့သို့သောသူပင် ဒုတိယအဆင့်တက်ရန် (၃) နှစ် ကြာခဲ့၏။
ရှန်မို့တိုးတက်မှုမှာ ယဲ့ယန်ထက်ပင် သာသေးသည်။
…
တောင်ထိပ် (၁၀)။
ရှန်မို ကျောက်ခုံကြီးပေါ်တွင် ထိုင်နေ၏။
ဝမ်မူရွှမ်၊ ကျောက်ယောင်လု၊ လုတုံရွှမ်တို့ သူ့ကို စိတ်ဝင်တစား ငေးကြည့်နေသည်။
ထိုအကြည့်များကြောင့် ရှန်မို နေရခက်လာ၏။
“ဘာလို့ အဲ့လိုကြီး ကြည့်နေကြတာလဲ”
လုတုံရွှမ် စိတ်လှုပ်ရှားစွာဖြင့်
“ငါတို့ တောင်ထိပ် (၁၀) မှာ ဒီလိုရွှေရောင်ရက်မျိုး ရောက်လာသေးတာပဲလို့”
ကျောက်ယောင်လုမှာ လက်ဖဝါးသေးသေးလေးများကို အချင်းချင်းပွတ်၍
“မင်းမှာ သွေးအမြစ်ဆီတွေ ရှိသေးတယ်လို့ ကြားတယ်နော်”
ဝမ်မူရွှမ်ကတော့ စူးရှစွာကြည့်၍
“ဟိုနဂါးကြီး (၂) ကောင်ကို မင်းသတ်လိုက်တာလား”
ရှန်မို ချောင်းဟန့်၍
“သွေးအမြစ်ဆီက ကျန်တော့ကျန်ပါသေးတယ်… ကျွန်တော်လိုချင်တာနဲ့ လဲမလို့လုပ်ထားတာ”
“နဂါးကြီး (၂) ကောင်ကိစ္စက သူတို့ ဘယ်လိုသေသွားလဲ ကျွန်တော်လည်း မသိပါဘူး”
ဝမ်မူရွှမ် နှာခေါင်းရှုံ့လျက်
“အပိုတွေ ပြောမနေနဲ့… မင်းမှာ အနန္တမီးတောက်ရှိမှန်း ငါသိတာ ကြာလှပြီ”
“သွေးမြစ်နဂါးတွေက အနန္တမီးတောက်နဲ့မှ နှိမ်နင်းနိုင်တာ”
“သွေးနွယ်ဂူထဲ ဝင်တဲ့ ကျင့်ကြံသူတွေထဲမှာ မင်းနဲ့ ယဲ့ယန်ပဲ ဒီနဂါးတွေကို သတ်နိုင်တာ ရှိတယ်… ဒါပေမဲ့ ယဲ့ယန်မှာ အနန္တမီးတောက် မရှိဘူး”
“အဲ့တော့ အဖြေက အစတည်းက ရှင်းနေပြီ”
ရှန်မို ရယ်မော၍
“သိပြီးသားဆိုလည်း ဘာလို့ မေးနေသေးတာလဲဗျာ”
ဝမ်မူရွှမ် ထိုအခါမှ အားရပါးရ ရယ်မောကာ
“ငါ့ခံစားချက် မှန်မမှန် တိုက်ရိုက်သိချင်လို့ပေါ့ကွာ”
“ဂျူနီယာလေး လာ လာ လာ… တစ်ပွဲလောက် ဆော့ကြမယ်”
ကျောက်ယောင်လု ရှန်မို့လက်ကိုဆွဲခေါ်နေ၏။
ရှန်မို ရယ်မော၍သာ တတ်နိုင်တော့သည်။
“ဟုတ်ကဲ့ပါ… ကျွန်တော့်လောင်းကြေးက သွေးအမြစ်ဆီ တစ်ခုနော်… စီနီယာ့ဘက်ကရော”
ကျောက်ယောင်လု ချက်ချင်း အထူးအသွင်ပြောင်းဆေး (၃) ပုလင်း ထုတ်ပေး၏။
“ဒီမှာ”
ရှန်မို သဘောတူကာ ခေါင်းငြိမ့်ပြ၏။
ထို့နောက် ကျောက်ယောင်လုကိုကြည့်ကာ ရုတ်တရက် တွေးမိသွား၏။
ကျောက်ယောင်လုမှာ နတ်ဆိုးဘုရင်၏ သမီးတော်ဖြစ်ပြီး ကျိန်စာသင့်ကံကြမ္မာနှင့် မွေးဖွားလာ၍ ကံဆိုးတတ်သည်။
ယခုလို အံစာတုံးလောင်းကစားမျိုး၌ သူ့ကို (၁၀) ပွဲတွင် (၉) ပွဲနိုင်အောင် ကစားနိုင်လောက်သော်လည်း အဘယ်ကြောင့် သူပဲ အမြဲနိုင်နေသနည်း။
တစ်ခုခုတော့ ထူးဆန်းသည်။
ရှန်မို သူ့ကံကြမ္မာကိုကြည့်ကာ ပြုံးသွား၏။
ဒါကြောင့်ကိုး။
“ဘာတွေ ပြုံးနေတာလဲ… လူဆိုးလိုပဲ”
ကျောက်ယောင်လု နားမလည်နိုင် ဖြစ်နေသည်။
ရှန်မို ပြုံးလျက်ပင်
“ဘာမှမဟုတ်ပါဘူး… အံစာပစ်လိုက်တော့လေ”
လုတုံရွှမ် ရှန်မို့ကို အမြန်လှမ်းဆွဲကာ
“မလုပ်နဲ့နော်… စီနီယာက ဒီအပိုင်းမှာ အရမ်းတော်တာ… မင်း နောင်တရလိမ့်မယ်”
“ငါက အတွေ့အကြုံရှိလို့ ပြောတာ… လွန်ခဲ့တဲ့ (၅) နှစ်က ငါ့ပိုင်ဆိုင်မှုအကုန် ကုန်တော့မလို့ပဲ… အဲ့တည်းက သူနဲ့ ထပ်မလောင်းတော့ဘူးလို့ ကျိန်ခဲ့တာ”
ရှန်မိုရယ်မော၍ တစ်ခုခုပြောရန် ပြင်လိုက်စဉ် ကျောက်ယောင်လု စားပွဲပေါ်မှ ခုန်ဆင်း၍ လုတုံရွှမ်အား နားရွက်လိမ်ဆွဲလေသည်။
“တိတ်စမ်း… ငါနဲ့ ဂျူနီယာလေးရဲ့အချိန်ကို လာမနှောင့်ယှက်နဲ့”
လုတုံရွှမ် မျက်နှာငယ်ဖြင့် ဘေးတွင် သွားရပ်နေရသည်။
ကျောက်ယောင်လု ဝါးဘူးကိုထုတ်၍ အံစာ (၃) တုံးထည့်ကာ အားမာန်အပြည့်ဖြင့် လှုပ်ယမ်းလိုက်သည်။
ထို့နောက် ကျောက်စားပွဲပေါ်သို့ ဒုန်းခနဲ ထုချလိုက်သည်။
“အကြီးလား အသေးလား”
ရှန်မို ချက်ချင်း မဖြေဘဲ ပြန်မေးလိုက်သည်။
“စီနီယာရော ဘယ်လိုထင်လဲ”
ကျောက်ယောင်လုမှ မတုံ့မဆိုင်း ပြန်ဖြေ၏။
“ငါတော့ အသေးလို့ ထင်တယ်”
ရှန်မို ခေါင်းငြိမ့်ပြကာ
“ကောင်းပြီ ဒါဆို ကျွန်တော် အကြီးဘက်က လောင်းမယ်”
ကျောက်ယောင်လု စွံ့အသွားသည်။
ထို့နောက် ဝမ််မူရွှမ်ဘက်လှည့်၍ ဒေါသတကြီးဖြင့်
“အဘိုးကြီး မင်းပြောလိုက်တာလား”
ဝမ်မူရွှမ် ကြောင်အမ်းအမ်းဖြင့်
“ဘာကိုပြောရမှာလဲ”
ကျောက်ယောင်လု အံကြိတ်ကာ
“ငါအမြဲနိုင်နေတဲ့ လျှို့ဝှက်ချက်လေ”
ဝမ်မူရွှမ် ရှန်မို့ကို လှမ်းကြည့်သောအခါ မျက်စိတစ်ဖက် မှိတ်ပြသည်ကို တွေ့ရ၏။
ဝမ်မူရွှမ် ရယ်မော၍
“ငါ ရှန်မို့ကို ဘာမှမပြောခဲ့တာ သေချာပါတယ်ဟာ”
လုတုံရွှမ်မှာ ကြားထဲမှ နားမလည်နိုင်စွာဖြင့်
“ဘာလျှို့ဝှက်ချက်လဲဟင်”
ကျောက်ယောင်လု ရှက်သွားပြီး ဆေးပုလင်း (၃) လုံး ပစ်ပေးလိုက်၏။
“ကောင်းပြီလေ… အရှုံးပေးတယ်… မင်းနဲ့ နောက်လည်း ဘယ်တော့မှ မဆော့တော့ဘူး”
လုတုံရွှမ် ခေါင်းကုတ်၍ ဝါးဘူးကို သွားဖွင့်ကြည့်လိုက်၏။
၆၊ ၄၊ ၆ ဖြစ်လေသည်။
“ဘယ်လိုလုပ်…”
လုတုံရွှမ် ကြောင်အအဖြင့် ရေရွတ်မိ၏။
ဝမ်မူရွှမ် ချောင်းဟန့်ကာ
“ရှန်မို မင်း ဒီလောက်ပါးနပ်လိမ့်မယ်လို့ မထင်ထားဘူး… အစောကြီး သိသွားတာပဲ”
ရှန်မို ပြုံးကာ
“ဒီအတိုင်း ခန့်မှန်းလိုက်တာပါ”
ကျောက်ယောင်လုမှာ ကံဆိုးသူဖြစ်၍ သူထင်သည်နှင့် ပြောင်းပြန်ကို ကိုယ်တိုင် အမြဲပြန်လောင်းရင်း အနိုင်ရလာခြင်း ဖြစ်သည်။
ရှန်မို ထိုအရာကို သူ့စနစ်ကံကြမ္မာမှ သိခဲ့ခြင်း ဖြစ်လေ၏။
ဝမ်မူရွှမ် သူ့ပုခုံးကိုပုတ်၍
“ကောင်းပြီ… ငါ သွားလိုက်ဦးမယ်… ဒီမနက်ပိုင်းကို ကောင်မလေး (၂) ယောက်နဲ့ သောက်ဖို့ ချိန်းထားတယ်… နောက်တစ်ယောက်က နေ့လယ်ပိုင်း လည်ဖို့ရှိတယ်… ပြီးရင် ညပိုင်း သီချင်းသွားဆိုကြမယ်… အလုပ်အရမ်း ရှုပ်တာ”
ထို့နောက် ကောင်းကင်ပေါ်သို့ ပျံတက်ကာ ပျောက်ကွယ်သွားတော့၏။
လုတုံရွှမ်မှာ ပို၍ပင် နားမလည်နိုင် ဖြစ်နေသည်။
“ဘာသိတာလဲ… ဘာခန့်မှန်းတာလဲ… ဘာတွေဖြစ်နေတာလဲ”
ရှန်မို သူ့ပုခုံးကိုပုတ်၍
“စီနီယာလု မမေးသင့်တာကို မမေးပါနဲ့တော့… ကျွန်တော်လည်း မြွေနဂါးတောင် ပြန်လိုက်ဦးမယ်… နောက်မှ တွေ့တာပေါ့”
ထို့နောက် ပျောက်ကွယ်သွားပြီး လုတုံရွှမ်သာ ပါးစပ်အဟောင်းသားဖြင့် ကျန်ခဲ့တော့သည်။
Chapter 236: ထပ်ပြီး ရှန်မိုပဲ
သွေးနွယ်လိုဏ်ဂူကိစ္စမှာ မကြာမီ ယုကျောက်ရှိ အင်အားကြီး ဂိုဏ်း (၃) ခုသို့ ပျံ့နှံ့သွား၏။
သန့်စင်ခြင်းဂိုဏ်း။
ခေါင်းဆောင် မိုလင်းရှောင်သည် တည်ငြိမ်စွာ ထိုင်နေပြီး အရှေ့တွင် အစေခံတစ်ဦး ဒူးထောက်၍ အသေးစိတ် တင်ပြနေသည်။
မိုလင်းရှောင် သူ့ဘေးမှ သက်လတ်ပိုင်းလူတစ်ဦးကို လှည့်ကြည့်၍ ပြုံးမိ၏။
“ပိုင်ဖုန် ကြားလား… ကျောက်စိမ်းဂိုဏ်းက တစ်နေ့ထက်တစ်နေ့ အင်အားပိုနည်းလာပြီ… သွေးနွယ်ဂူလေးထဲ ဝင်တာကို ခြေတည်ဝိညာဉ်အဆင့် အကြီးအကဲ (၂၁) ယောက်တောင် ဆုံးရှုံးသွားတယ်”
“ဒီဂူကို ငါတို့သန့်စင်ခြင်းဂိုဏ်းကသာ ထိန်းချုပ်ထားရင် ဒီလိုဖြစ်လာမှာ မဟုတ်ဘူး”
စုပိုင်ဖုန် ခေါင်းငြိမ့်ပြ၍ ပြုံးကာ
“အမှန်ပဲ… ကျောက်စိမ်းဂိုဏ်းက ဒီလို တိုက်ခိုက်စွမ်းရည် မကောင်းဘူး… နှစ်တိုင်း တဖြည်းဖြည်း ကျဆင်းလာတာပါပဲ”
“ဒီပုံအတိုင်းဆို ယုကျောက်ရဲ့ ထိပ်တန်း (၃) ဂိုဏ်းထဲမှာ အောက်ဆုံး ဖြစ်သွားတော့မယ်”
မိုလင်းရှောင် ရယ်မော၍
“အခုတော့ ခြေတည်ဝိညာဉ် အကြီးအကဲတွေ အများကြီး ဆုံးရှုံးလိုက်ရတာဆိုတော့ သွေးစိတ်ဝိညာဉ်စေ့လည်း နည်းမှာပဲ… ဒီအခွင့်အရေးမှာ တစ်ခါတည်း အရင်းအမြစ်တွေ ဖြတ်ထားလိုက်ရင် ကောင်းမယ်”
ဒူးထောက်လျက်ရှိသော အစေခံမှ ခဏတုံ့ဆိုင်းနေပြီးနောက်
“ခေါင်းဆောင် သွေးစိတ်ဝိညာဉ်စေ့ ရတာကတော့… အရင်နှစ်တွေနဲ့ သိပ်မကွာဘူးတဲ့”
မိုလင်းရှောင် မျက်မှောင်ကြုတ်၍
“ပြောတော့ အကြီးအကဲ (၂၁) ယောက် အသတ်ခံရတယ်ဆို”
အစေခံလေးမှ အမြန်ပြန်ရှင်းပြ၏။
“ဟုတ်ပါတယ် ဒါပေမဲ့ ရှန်မိုဆိုတဲ့ လူငယ်အကြီးအကဲ တစ်ယောက် ရှိတာ… သူတစ်ယောက်တည်းနဲ့ ပေါင် (၇၀၀) လောက် ပေးခဲ့ပါတယ်”
“အဲ့လိုနဲ့ သူ့ကို ခေါင်းဆောင် လီကျန်ထောင်း ကိုယ်တိုင်က တတိယအဆင့်အကြီးအကဲရာထူး ပေးလိုက်ပါပြီ”
“ကျွန်တော် စုံစမ်းမိသလောက်တော့ ဒီရှန်မိုဆိုတာက ရွှမ်ကျန်းဒေသက လာပြီး အသက် (၂၀) ဝန်းကျင်မှ ကျောက်စိမ်းဂိုဏ်းကို ရောက်တာပါ… အခုဆိုရင် (၃) နှစ်တောင် မပြည့်သေးပါဘူး”
မိုလင်းရှောင် မျက်မှောင်ကြုတ်၍
“ဘာ… ကျောက်စိမ်းဂိုဏ်းမှာ အဲ့လို လူငယ်ပါရမီရှင် ရှိတာလား… ငါလည်း တစ်ခါမှ မကြားဖူးပါဘူး”
ထိုနာမည်ကြားသောအခါ စုပိုင်ဖုန် တစ်ခုခုကို သတိရသွားပြီး
“ခေါင်းဆောင် ကျွန်တော် မှတ်မိပြီ”
“ရွှမ်ကျန်းဒေသက နတ်ဓားဂိုဏ်းဆိုတာ သိတယ်မလား”
မိုလင်းရှောင် ခဏစဉ်းစားပြီးနောက် ခေါင်းငြိမ့်ပြ၏။
“သိတယ်လေ… သူတို့ရဲ့ ခေါင်းဆောင်ဟောင်းက ခြေတည်ဝိညာဉ်အဆင့် ရောက်သွားလို့ မင်းတောင် ငါ့ကို ပြောပြသေးတယ်မလား… အဲ့ဒါ ဘာဖြစ်လို့လဲ”
စုပိုင်ဖုန် အစေခံအား ထွက်သွားရန် အချက်ပြပြီးမှ ဆက်ပြောသည်။
“ခေါင်းဆောင် အဲ့အဆင့်တက်သွားတဲ့သူက ယောက်ယွန်းလောင်လို့ ခေါ်ပါတယ်… ကျွန်တော့်တူ စုချန်ချင်းက သူ့ကို သန့်စင်ခြင်းဂိုဏ်းဆီ ခေါ်လာဖို့ လုပ်သေးတယ်”
“ယောက်ယွန်းလောင် အဆင့်တက်တဲ့ ဂုဏ်ပြုပွဲမှာတင် အသတ်ခံရတာ… အဲ့ဒါ အဆင့်တက်နေပြီးတဲ့ ရှန်မို့လက်ချက်တဲ့”
“နောက်ပြီး အဲ့ပွဲမှာ ကျောက်စိမ်းဂိုဏ်းက လုတုံရွှမ်လည်း ရှိတယ်… အဲ့ဒါကြောင့် စုချန်ချင်း ဘာမှ မလှုပ်ရှားဘဲ ထားခဲ့လိုက်ရတာတဲ့”
“ယောက်ယွန်းလောင်က ကျွန်တော်တို့ဂိုဏ်းမှာ တရားဝင်လည်း မဟုတ်သေးဘူးဆိုတော့ ထပ်မတင်ပြဖြစ်တာပါ”
ထို့နောက် သူ ခေါင်းငုံ့၍ စိတ်ပျက်လက်ပျက်ဖြင့်
“ခေါင်းဆောင် ဒီသတင်းသာ ပျံ့သွားရင် သန့်စင်ခြင်းဂိုဏ်းအတွက် ဂုဏ်သိက္ခာကျနိုင်ပါတယ်… ကျွန်တော့်အပြစ်တွေပါ”
မိုလင်းရှောင် လက်ယမ်းပြ၍
“ခြေတည်ဝိညာဉ်အဆင့် အစပိုင်းတစ်ယောက် သေတော့လည်း သေပါစေပေါ့… မင်းက အရေးပါတဲ့ အဆင့် (၁၀) အကြီးအကဲပဲ… ဘယ်လိုလုပ် အပြစ်ပေးမှာလဲ”
“ဒါပေမဲ့ ဒီရှန်မိုက… ငါတို့ဂိုဏ်းနဲ့ ပတ်သက်တဲ့သူကို ရာရာစစ သတ်ရဲတာလား”
“အင်း… ငါ့အထင်မမှားရင် သူ့ကို လုတုံရွှမ်ပဲ ခေါ်သွားတာ ဖြစ်မယ်”
စုပိုင်ဖုန် ခေါင်းငြိမ့်ပြ၏။
“အသေအချာပဲပေါ့”
“သူ့ကို သေချာဆက်စောင့်ကြည့်ထား”
“သူက ယဲ့ယန်နဲ့တောင် ယှဉ်နိုင်မယ့် ပါရမီရှင်ပဲ… အရင်ဆုံး ငါတို့ဆီ ခေါ်လို့ရမလား ကြိုးစားကြည့်… မဟုတ်ရင်တော့ ရှင်းပစ်ဖို့ လုပ်လိုက်… ဒီလို အလားအလာကောင်းတဲ့ ခြိမ်းခြောက်မှုကို ပစ်ထားလို့ မဖြစ်ဘူး”
“နားလည်ပါပြီ”
…
ဆေးမြစ်ဂိုဏ်း။
ခမ်းနားလှပသော ရေကန်ကြီးထဲတွင် ခေါင်းဆောင် ဟိုင်ချန်းခွန်မှာ ရေစိမ်နေလျက် ရှိသည်။ သူ့ဘေးပတ်လည်၌ အဝတ်ပြေလျော့လျော့ ဝတ်ဆင်ထားသည့် မိန်းကလေးများမှ ဝိုင်းပြုစုပေးနေသည်။
ထိုစဉ် အစေခံတစ်ဦး ပြေးဝင်လာပြီး ကျောက်စိမ်းဂိုဏ်းအကြောင်း တင်ပြလိုက်၏။
ဟိုင်ချန်းခွန်မှာ ပျင်းရိပျင်းတွဲဖြင့် ပါးစပ်ဟလိုက်သောအခါ ဘယ်ဘက်မှ မိန်းကလေးသည် အလိုက်တသိဖြင့် အရည်ရွှမ်းသော စပျစ်သီးတစ်လုံး ခွံ့ကျွေးလိုက်၏။
သူ စပျစ်သီးကို ခပ်ဖြည်းဖြည်းဝါးရင်း ဂရုမစိုက်သလိုဖြင့်
“ခြေတည်ဝိညာဉ်အဆင့် အကြီးအကဲ (၂၁) ယောက် သေသွားတာလား”
“ကျောက်စိမ်းဂိုဏ်းက ဘာလို့ ရုံးတော်ကို အဲ့လောက် ဆန့်ကျင်နေလဲ နားမလည်နိုင်တော့ဘူး… သူတို့ကိုယ်သူတို့ ဟိုးအရငိကလို ယုကျောက်ရဲ့ အင်အာားအကြီးဆုံးဂိုဏ်းများ မှတ်နေသေးလား မသိဘူး”
“သွားတော့… ဒီကိစ္စလောက်နဲ့ လာမနှောင့်ယှက်နဲ့”
“ဟုတ်ကဲ့ပါ ခေါင်းဆောင်”
အစေခံလေး ဦးညွှတ်နှုတ်ဆက်ကာ ထွက်သွားလေသည်။
…
မြို့စားမင်း ရုံးတော်။
အရပ်ရှည်ရှည်၊ ဆံပင်ဖြူဖြူနှင့် အကြီးအကဲမှာ ရေကန်အစွန်းတွင်ထိုင်၍ မျက်စိမှိတ်ကာ ငါးမျှားနေ၏။
ထူးဆန်းစွာဖြင့် သူ့ငါးမျှားတံတွင် အစာလည်းမပါ၊ ချိတ်လည်းမပါချေ… ဒီအတိုင်း ကြိုးစကိုသာ ရေထဲ ချထားခြင်းဖြစ်သည်။
သူ့အနောက်၌ ခြေသံအချို့ ကြားရ၏။
ယုံကြည်ရသော စစ်သူကြီး ဝူရန်ယင်ဖြစ်သည်။
“တင်ပြစရာရှိလို့ပါ အရှင်”
ဝူရန်ယင် ဦးညွှတ်ကာ ပြောလိုက်သည်။
“သွေးနွယ်လိုဏ်ဂူကိစ္စ သတင်းထူးပါပါတယ်”
မြို့စားမင်းမှာ မျက်လုံးများ မှိတ်လျက်ပင်
“အသေးစိတ် မပြောနဲ့… ဘယ်လောက် သေသွားလဲပဲ တန်းပြော”
“ခြေတည်ဝိညာဉ်အဆင့် (၂၁) ယောက်ပါ”
ထိုအခါမှ မြို့စားမင်းမှာ မျက်မှောင်ကြုတ်လျက် မျက်လုံးဖွင့်ကြည့်သည်။
“(၂၁) ယောက်တည်းလား… အနည်းဆုံး (၅၀) လောက် ထင်ထားတာကို”
“ဘာတွေ ဖြစ်ကုန်တာလဲ… သေချာပြောစမ်း”
ဝူရန်ယင်မှ
“သတင်းရတာတော့ အင်အားကြီး သွေးမြစ်နဂါးတွေ အသတ်ခံရလို့ သွေးမြစ်နဂါးဘုရင် မပေါ်ခဲ့ပါဘူးတဲ့”
“ဘာလို့လဲ… နတ်ဆိုးတစ်သောင်းနယ်မြေက ဒီလောက်တော့ လုပ်နိုင်မယ်ထင်တာ… အရမ်း အထင်ကြီးခဲ့မိတာပဲ”
ထို့နောက် ခေါင်းယမ်းကာ
“ဒါပေမဲ့ (၂၁) ယောက်သေလည်း ကျောက်စိမ်းဂိုဏ်းအတွက် ထိခိုက်တာပါပဲ”
“သူတို့ သွေးစိတ်ဝိညာဉ်စေ့တွေလည်း သိပ်မရခဲ့ဘူးမလား”
“အဲ့ဒါက… အရင်နှစ်တွေနဲ့ သိပ်မကွာဘူးလို့ သတင်းရပါတယ်”
“ဘာ”
“ရှန်မိုဆိုတဲ့ လူငယ်အကြီးအကဲက ပေါင် (၇၀၀) လောက် ပေးခဲ့တယ်တဲ့”
“လီကျန်ထောင်းဆို အရမ်းပျော်ပြီး သူ့ကို စံပြလို့ သဘောထားခိုင်းနေတာ”
မြို့စားမင်း တွေးရင်း ရေရွတ်မိသည်။
“ထပ်ပြီး ရှန်မိုပဲလား… ဒီကောင်လေးက ထူးခြားတာပဲ”
“သူ့ကို စောင့်ကြည့်ထား… သူလုပ်သမျှ ပြောသမျှကို အသေးစိတ် သိချင်တယ်”
“ဟုတ်ကဲ့ပါ”
မြို့စားမင်း ခဏစဉ်းစား၍
“နတ်ဆိုးတစ်သောင်းနယ်မြေက လူသား သစ္စာဖောက်သူတွေ ရှိတယ်မလား”
“ဟုတ်ပါတယ်… အခု သွေးနွယ်ဂူကိစ္စမှာတော့ ဝင််မပါဘဲ မီးနဂါးကြီးကို ဖျက်ဆီးဖို့ အဓိက လုပ်နေပါတယ်”
“ကောင်းပြီ… မင်းလည်း နားလိုက်ဦး”
“ဟုတ်ကဲ့ သွားလိုက်ပါဦးမယ် မြို့စားမင်း”
Chapter 237: ဂိုဏ်းအတွက် တိုးတက်အောင် လုပ်ပေးခဲ့တယ်
ကျောက်စိမ်းဂိုဏ်း၊ တောင်ထိပ် (၂)။
ယဲ့ယန်မှာ တင်ပျဉ်ခွေထိုင်၍ တိတ်ဆိတ်စွာ ကျင့်ကြံနေသည်။
သို့သော် မည်မျှကြိုးစားပါစေ စိတ်ကိုတည်ငြိမ်အောင် မထိန်းနိုင်ချေ။
သူ မျက်လုံးမှိတ်လိုက်တိုင်း ထိုမျက်နှာကိုသာ မြင်ယောင်လာ၏။
ရှပ် ရှပ်!
ရင်းနှီးသော ခြေသံအချို့ကို ကြားရ၍ ယဲ့ယန် မျက်လုံး ဖွင့်ကြည့်လိုက်သည်။
အရပ်ရှည်ရှည် အဘိုးအိုမှာ သူ့ရှေ့တွင်ရပ်နေသည်ကို တွေ့ရ၏။
ထို့နောက် နှစ်ယောက်သား မျက်နှာချင်းဆိုင် ဝင်ထိုင်လိုက်ကြသည်။
ယန်ချီယဲ့ သက်ပြင်းချ၍
“မင်းစိတ်တွေ မငြိမ်သေးဘူးပဲ… အဲ့လိုဆို ဘယ်လောက် ကျင့်ကြံကျင့်ကြံ အဆင့်တက်နိုင်မှာ မဟုတ်ဘူး”
ယဲ့ယန် တိတ်ဆိတ်၍သာ ငြိမ်နေသည်။
ဆယ်စုနှစ်တစ်ခုလုံး သူ လွယ်ကူချောမွေ့စွာ ကျင့်ကြံခဲ့ပြီး အောင်မြင်မှုများ ဆက်တိုက်ရရှိခဲ့သည်။
သူ့ကို ဒုက္ခပေးမည့်သူ၊ ယှဉ်နိုင်သူဟူ၍ မရှိခဲ့ပေ။
ယခုမှ ပထမဆုံး ပေါ်လာလေပြီ။
ထို့ကြောင့် ထိုလူကိုသာ တစ်ချိန်လုံး အားမရစွာ တွေးနေမိသည်။
“သူ့ထက်ကျော်ရမယ်… မဟုတ်ရင် ငါ့စိတ်တွေ ဘယ်တော့မှ ပြန်တည်ငြိမ်မှာ မဟုတ်ဘူး… ငါ့ကျင့်ကြံမှု ထိခိုက်လာလိမ့်မယ်”
ယဲ့ယန် တွေးနေရင်း ယန်ချီယဲ့အား မော့ကြည့်၏။
ယန်ချီယဲ့ ခေါင်းငြိမ့်ပြ၍
“ကောင်းပြီ… မင်းဆီမှာ စိတ်ဓာတ်ကျတဲ့ပုံတော့ မတွေ့ပါဘူး… တောက်ပတဲ့ တိုက်ခိုက်လိုစိတ်ပဲ မြင်ရတယ်”
“ဒါမှ ငါသိတဲ့ယဲ့ယန်… ငါ့တပည့် ပီသမှာပေါ့ကွ”
ထို့နောက် သိုလှောင်လက်စွပ်ထဲမှ စာရွက်တစ်ရွက်ထုတ်ကာ ယဲ့ယန်အား ပေးလိုက်သည်။
ယဲ့ယန် အံ့ဩစွာ လှမ်းယူ၍
“ဒါက…”
ယန်ချီယဲ့ပြုံးလျက်
“ဒါ ရုံးတော်ကနေ ဈေးကြီးပေးပြီး ရလာတဲ့အချက်အလက်ပဲ”
“ဟိုးအရင်နှစ်တွေတုန်းက ဂိုဏ်းတည်ထောင်သူဟာ မီးနဂါးကြီးကို ရေစပါးအုံးမြွေကြီးနဲ့ သားဖောက်ပေးဖူးတယ်”
“ရေစပါးကြီးမြွေက အရမ်းထူးခြားတာတော့ မဟုတ်ပေမဲ့ အကြမ်းခံပြီး အမြီးက ပြန်ရှင်သန်နိုင်တယ်”
“အရင်အကောင်တွေက မီးနဂါးကြီးရဲ့အင်အားကို ခံနိုင်ရည်မရှိဘူးလေ”
“မင်းလည်း ရှားပါးသားကောင်တွေအထိ ရှာပေးခဲ့ပေမဲ့ ဘယ်လိုမှ မျိုးမပွါးပေးနိုင်ဘူး”
“ငါ့အထင်တော့ မီးနဂါးကြီးမှာ ပြဿနာမဟုတ်ဘဲ သူ့အဖော်တွေက ဖြစ်နေတာပဲ”
“ငါတို့သာ နောက်ထပ် ရေစပါးကြီးမြွေမျိုး ရှာနိုင်ရင် မီးနဂါးကြီး မျိုးပွါးဖို့ ကူပေးနိုင်ပြီ”
ယဲ့ယန် ချက်ချင်း သဘောပေါက်သွား၏။
“ဒီထဲမှာ ရေစပါးကြီးမြွေရဲ့ အချက်အလက်တွေ ပါတာလား”
“အမှန်ပဲပေါ့”
ယန်ချီယဲ့ ပြုံးရွှင်၍ ပြောလိုက်သည်။
“ဒါရုံးတော်က ရှာတွေ့ထားတာတွေ… ဘယ်သူမှ မသိသေးဘူး”
“မင်းသာ ဖမ်းပြီးယူလာနိုင်ရင် မျိုးပွါးတဲ့နေရာမှာ ကူပေးရင်း ဂိုဏ်းထဲမှာ မင်းအတွက် ဂုဏ်ပြန်တက်ပြီ”
ယဲ့ယန်အမူအရာမှာ တည်ငြိမ်လှသော်လည်း ရင်ထဲ၌ လှိုင်းထ၍ ဗလောင်ဆူနေ၏။
ယန်ချီယဲ့ပြောသည့်အတိုင်း သူ အောင်မြင်သွားလျှင် မီးနဂါးနှင့် ဆက်ဆံရေးပိုတိုးတက်လာလိမ့်မည်။ ထိုအခြေအနေမှာ ပိုအဖိုးတန်လေ၏။
ယဲ့ယန် စိတ်ဓာတ်ခိုင်မာစွာဖြင့်
“ကောင်းပါပြီ… ကျွန်တော် အခုပဲ သွားလိုက်ပါမယ်… ရေစပါးကြီးမြွေကို မထိခိုက်စေဘဲ ခေါ်လာပါ့မယ်”
“သွားတော့… သတင်းကောင်း စောင့်နေပါမယ်”
ယန်ချီယဲ့ ပြုံးကာ နှုတ်ဆက်လိုက်သည်။
…
မြွေနဂါးတောင်။
(၆) လကြာပြီးသော်လည်း တောင်တန်းမှာ အရင်လို စိမ်းလန်းနေဆဲပင်။
ရှန်မို တောင်လယ်နားရှိ အိမ်အနီးသို့ ဆင်းသက်လိုက်၏။
ဟွမ်ခွမ်ရင်မှာ အသားကင်နေရင်း သူ့ကိုတွေ့သောအခါ အလွန်ပျော်ရွှင်စွာ ထအော်လေသည်။
“အကြီးအကဲပဲ… အကြီးအကဲ ပြန်လာပြီ”
“ဒီမှာ ခွမ်ရင်ကင်ထားတဲ့ ဝက်ခြေထောက်… စားကြည့်… ကောင်းတယ်မလား”
မိုင်ဟေးဟီနှင့် ဟွမ်ပါရီတို့လည်း အခြားအစေခံများနှင့်အတူ ရောက်လာသည်။
ရှန်မို လှမ်းကြည့်လိုက်သောအခါ အလုပ်သမားများ အရင် (၆) လထက် ပိုများလာသည်ကို တွေ့ရ၏။
ထိုထဲတွင် အချို့မှာ နေရခက်နေပုံပေါ်သည်။
ဟွမ်ခွမ်ရင်ထံမှ ဝက်ခြေထောက်ကို လှမ်းယူ၍ တစ်ကိုက် ကိုက်လိုက်၏။
ထို့နောက် ခွမ်ရင့်ခေါင်းလေးအား ပုတ်ကာ ပြုံးလျက်
“မဆိုးပါဘူး… မင်းဟင်းချက်လက်ရာက အရင် (၆) လထက် ကောင်းလာတာပဲ”
ခွမ်ရင် ကျေနပ်စွာ ပြုံးရွှင်နေသည်။
“သွားထပ်ကင်လိုက်ဦး… ထပ်စားဖို့ စောင့်နေမယ်နော်”
“ဟုတ်ကဲ့ပါ အကြီးအကဲ”
ဟွမ်ခွမ်ရင် ထွက်သွားသောအခါ ရှန်မို တည်ငြိမ်စွာဖြင့်
“ကျွန်တော်မရှိတဲ့ (၆) လအတွင်း မြွေနဂါးတောင်မှာ တစ်ခုခု ဖြစ်ခဲ့ပုံပဲ”
မိုင်ဟေးဟီမှ ရှင်းပြလေသည်။
“အကြီးအကဲ ထွက်သွားပြီးတော့ အကြီးအကဲ (၁)၊ (၂)၊ (၃)၊ (၆) နဲ့ (၇) တို့က အလုပ်သမားတွေကို မြွေနဂါးတောင်ဆီ သွားဖို့ပဲ ပြောကြပါတယ်… အဲ့လိုနဲ့ အရင်ထက် (၁၂) ယောက် ပိုနေတာပါ”
“ကျွန်တော်နဲ့ ဦးလေးဟွမ်လည်း သူတို့အမိန့်ဆိုတော့ မဆန့်ကျင်ရဲတာနဲ့ လတ်တလောတော့ လက်ခံထားရပါတယ်”
“ဒီကြားထဲတော့ ဘာပြဿနာမှ မဖြစ်ကြပါဘူး”
ရှန်မို အလုပ်သမားများဘက် ဝေ့ကြည့်လိုက်၏။
“သူတို့က ညွှန်းတာလား”
မြွေနဂါးတောင်အကြောင်း စုံစမ်းခိုင်းမည့် သုလျှိုများနှင့် ပိုတူပါသည်။
ရာစုနှစ် (၃) ခုကြာ ကျိန်စာသင့်နေသောမြေ၌ သူ၏ စွမ်းဆောင်မှုကြောင့် အောင်မြင်ခြင်းမှာ စိတ်ဝင်စားစရာပင်။
ရှန်မို လူသစ်များကို လှမ်းကြည့်၍
“ဘာလို့ နေရခက်တဲ့ပုံ ဖြစ်နေကြတာလဲ… ငါ့ကို ကြောက်လို့လား”
အလုပ်သမားများ အချင်းချင်းကြည့်ကာ ခေါင်းငုံ့၍ မဝံ့မရဲပြောလေ၏။
“အကြီးအကဲရှန် ကျွန်တော်က အကြီးအကဲ (၃) လက်အောက်ကပါ… အခုက ကြောက်လို့မဟုတ်ဘဲ အမှားလုပ်မိထားလို့ပါ… တောင်ထိပ် (၃) ကို ပြန်လာဖို့လည်း အမိန့်ရထားပါတယ်”
သူ့စကားဆုံးသည်နှင့် အခြား အလုပ်သမား (၂) ဦးမှလည်း ရှေ့ထွက်ကာ
“ဟုတ်တယ် ဟုတ်တယ်… ကျွန်တော်တို့လည်း အမှားလုပ်မိပါတယ်… ဖေးယွန်သားကောင်ကို အစာကျွေးတုန်းက အခြောက်ထားဖို့ မေ့သွားတာပါ… ဂိုဏ်းကိုလည်း တင်ပြပြီးပါပြီ… ဒီနေ့လယ်ပဲ မြွေနဂါးတောင်ကနေ ထွက်သွားပါမယ်”
ရှန်မို မျက်ခုံးပင့်၍
“နောက်ထပ် ပြန်ဖို့ပြင်ထားတဲ့သူ ရှိသေးလား”
(၆) ယောက် ထပ်တိုးလာ၏။
အကြောင်းပြချက်အမျိုးမျိုးဖြစ်သော်လည်း ရှန်မို ပြန်ရောက်ပြီးမှ အလွဠ်တကူထွက်သွားရန် တွေးထားပုံပင်။
“ကောင်းပြီလေ… ငါ လိုက်မပို့တော့ဘူးနော်”
ရှန်မို ခပ်အေးအေး ပြော၏။
“ဟုတ်ကဲ့ပါ အကြီးအကဲ အခုပဲ ပြန်လိုက်ပါမယ်”
အလုပ်သမားများ အချိန်မဆွဲဘဲ ချက်ချင်း ပြန်ကြ၏။
ထိုစဉ် ဟွမ်ခွမ်ရင် ဝက်ကောင်လုံးကင် ယူလာပြီး နားမလည်နိုင်စွာဖြင့်
“ခုနလေးတင် အလုပ်သမားတွေ အများကြီးကို… ဘယ်ရောက်ကုန်တာလဲ”
ရှန်မို ရယ်မော၍
“သူတို့က အမှားလုပ်မိလို့ ပြန်သွားကြပြီ”
“ဪ…”
ဟွမ်ခွမ်ရင် ဆက်မတွေးတော့ဘဲ ဝက်ကင်ကိုပြ၍
“အကြီးအကဲ အနံ့ခံကြည့်ပါဦး… မမိုက်ဘူးလား”
ခွမ်ရင်မှာ ဖြူစင်သောကလေးပီပီ ချီးကျူးခံရန် စောင့်နေ၏။
“မိုက်တာပေါ့… ခွမ်ရင်က ပိုပိုပြီး တော်လာတာပဲ… ငါတော့ အေးဆေးဖြစ်ပြီ”
သူ ဝမ်းသာသွားပြီး
“အကြီးအကဲကြိုက်ရင် အမြဲချက်ကျွေးမှာပေါ့”
ထို့နောက် ပန်းကန်ချပေး၍ ရှက်ကာပြေးထွက်သွားလေသည်။
မိုင်ဟေးဟီတို့သာ နားမလည်နိုင်စွာဖြင့်
“အကြီးအကဲ သူတို့က ဘာလို့ အလောတကြီး ပြန်သွားကြတာလဲ”
ရှန်မိုပြုံးကာ
“ဂိုဏိးအတွက် တိုးတက်အောင် နည်းနည်း လုပ်ပေးလိုက်တယ်လေ”
“အကြီးအကဲတွေလည်း မတတ်သာဘဲ လေးစားပြရတော့မှာပေါ့”
“တိုးတက်အောင်လား”
မိုင်ဟေးဟီနှင့် ဟွမ်ပါရီတို့ အချင်းချင်း ကြည့်မိကြလေ၏။