← Chapters

အခန်း (၂၃၈-၂၄၀)

Vol. 16 Ch. 238-240

အခန်း (၂၃၈-၂၄၀)

Vol. 16 Ch. 238-240

Chapter 238: ရွှေသရဖူ တည်ဆောက်ခြင်း

ညဉ့်နက်ချိန်တွင် တိတ်ဆိတ်မှုမှာ ပတ်ဝန်းကျင်ကို လွှမ်းခြုံထား၏။

မိုင်ဟေးဟီနှင့် ဟွမ်ပါရီတို့ လရောင်အောက်ရှိ ထိုင်ခုံများတွင် ထိုင်ကာ သေရည်သောက်လျက် ရှိသည်။

သူတို့ ရှန်မိုနေထိုင်သည့်အဆောင်ကြီးဆီသို့ လှမ်းကြည့်မိကြသည်။

မိုင်ဟေးဟီမှ

“ဦးလေးဟွမ် ကျွန်တော် အဲ့ဒါကို အခုထိ ခေါင်းထဲက မထုတ်နိုင်ဘူး… အကြီးအကဲရှန်က ငယ်လည်းငယ်တယ်… တော်လည်းတော်တယ်… တကယ် အံ့ဩစရာပဲ”

ဟွမ်ပါရီ ခေါင်းငြိမ့်ပြ၍

“ဟုတ်ပါ့… ညစာစားတုန်းက သတင်းကြားတာ အကြီးအကဲရှန်က သွေးစိတ်ဝိညာဉ်စေ့ ပေါင် (၇၀၀) တောင် ပေးခဲ့တာတဲ့… ငါတောင် စွံ့အသွားတယ်”

“ငါ့ဘဝမှာ တစ်ခါမှတောင် မတွေးဖူးဘူး”

မိုင်ဟေးဟီ ရယ်မော၍

“ကျွန်တော်တော့ နောက်လည်း ဒီလိုကိစ္စတွေ ခဏခဏ ထပ်ဖြစ်ဦးမယ်လို့ ခံစားမိတယ်… ဒီလောက်လေးနဲ့ အံ့ဩမနေနဲ့ဦး”

ဟွမ်ပါရီလည်း ရယ်လျက်

“ဟုတ်တယ်… အကြီးအကဲရှန်က သာမာန်လူမှ မဟုတ်တာ… သူနဲ့ ယဲ့ယန်က ကျောက်စိမ်းဂိုဏ်းရဲ့ ပါရမီရှင်တွေပဲ… သူတို့အနာဂတ်က အနည်းဆုံး နတ်ဘုရားပြောင်းလဲအဆင့်ပဲ”

မိုင်ဟေးဟီ သက်ပြင်းချကာ

“အမှန်အတိုင်းပြောရရင် အဲ့အချိန်တုန်းက ကျွန်တော် ဒီလိုဆုံးဖြတ်မိတာ အရမ်းကံကောင်းတယ်… အကြီးအကဲရှန်ရဲ့ခြေထောက်ကို ရအောင် ဖက်ထားလိုက်တာလေ… အဲ့ဒါကြောင့် ကျောက်စိမ်းဂိုဏ်းရဲ့ အလုပ်သမားဖြစ်ပြီး အလကား အလွတ်တန်းကျင့်ကြံသူ မဟုတ်တော့ဘူး”

“ဦးလေး သိလား… ကျွန်တော်နဲ့ ရာစုနှစ်ပေါင်းများစွာ ခင်ခဲ့တဲ့သူတွေအကုန် ဆုံးကုန်ပြီ… နတ်ဆိုးသားကောင်ဆီက အသတ်ခံရတာရော… အချင်းချင်း သတ်ဖြတ်ကြတာရောပဲ”

“သူတို့နဲ့ယှဉ်ရင် ကျွန်တော်က သက်တောင့်သက်သာ နေနေတာလေ… အရက်လေးသောက်လိုက်၊ အမြည်းလေးစားလိုက်နဲ့ ဘဝမှာ ဘာမှ ပူစရာမလိုဘူး”

ဟွမ်ပါရီ ရယ်မောကာ

“တစ်ခါတစ်လေ မင်းကံကို အားကျတယ်ကွာ… ဒီအတိုင်း သင်္ဘောပေါ်မှာ တွေ့ခဲ့တဲ့ လူငယ်လေးက ဒီလောက်ဖြစ်နေမယ်လို့ ဘယ်သူက ထင်မှာလဲ”

နှစ်ယောက်သား အတော်သောက်ပြီးနောက် မျက်နှာများ နီရဲကာ အိပ်ပျော်သွားကြတော့သည်။

ထိုအခါ အရိပ်ထဲမှ ဟွမ်ခွမ်ရင် ထွက်လာပြီး စောင်နှစ်ထည်ခြုံပေးလိုက်၏။

အဆောင်ထဲတွင် ရှန်မိုတစ်ယောက် ဟိုဟိုဒီဒီ တွေးတောနေသည်။

သူ သွေးစိတ်ဝိညာဉ်စေ့ (၃၀၀) သာသိမ်း၍ (၇၀၀) အား ဂိုဏ်းကို ပေးခဲ့သည်။

ထို့ကြောင့် လီကျန်ထောင်းမှ ဆုလာဘ်များစွာ ပြန်ပေးခဲ့သည်။ အမှတ်စီ (၁၇၅) မှတ်လည်း ရရှိ၏။

ထို့အပြင် သူလျှိုဖမ်းမိခြင်းအတွက် အမှတ်ဘီတစ်မှတ်လည်း ပါသေးသည်။

လက်ရှိတွင် အဆင့်ဘီ (၂) မှတ်နှင့် အဆင့်စီ (၁၈၆) မှတ်တို့ ဖြစ်၏။

အချို့ အဆင့် (၄) အကြီးအကဲများထက်ပင် များလေသည်။

သူ အမှတ်များစွာ ရပြီးနောက် ရတနာတိုက်နှင့် စာကြည့်တိုက်သို့သွားကာ လိုအပ်သည်များကို စိတ်ကြိုက် လဲလှယ်ဝယ်ယူခဲ့သည်။

သူထွက်သွားပြီးနောက် အလုပ်သမားများပင် စွံ့အ၍ ကျန်ခဲ့၏။

အမှတ်များသော ကျင့်ကြံသူများ တွေ့ဖူးသော်လည်း ဤမျှ သုံးပစ်သည်ကို မတွေ့ဖူးချေ။

“ယင်ပုလဲ (၁၂) လုံးက အဆင့်စီ (၄) မှတ်”

“မြေအဆင့်မြင့် စိတ်ဝိညာဉ်လက်နက် မီးတောက်ဓားက အဆင့်စီ အမှတ် (၃၀)”

“အထူးအသွင်ပြောင်းဆေးရည် (၁၀) ပုလင်းက အဆင့်စီ (၁၀) မှတ်”

“မြေအဆင့် ထိပ်တန်း ခုခံရေးကျင့်စဉ် နဂါးဘုရင်လှုပ်ရှားကွက်က အဆင့်စီ အမှတ် (၅၀)”

“နောက်ပြီး ကျင်းနိုင်ငံတော်အကြောင်း၊ နတ်ဆိုးတစ်သောင်းနယ်မြေနဲ့ ယုကျောက် ထိပ်တန်း (၃) ဂိုဏ်းရဲ့ ရှေးသမိုင်းစာအုပ်နဲ့ အထောက်အထားစာအုပ် (၁၀၀) ကျော်က အဆင့်စီ (၁၀) မှတ် ကျတယ်”

ရှန်မို တာလီကိုကြည့်ရင်း ရယ်မောမိ၏။

စုစုပေါင်း အဆင့်စီ (၁၀၄) မှတ် သုံးပစ်ပြီးလေပြီ။

“အမှတ်တွေက ရတာလည်းမြန်ပေမဲ့ ကုန်တာက ပိုမြန်တ ပဲ”

“ဒါပေမဲ့ ပြန်ရမှာပဲကို… စိုးရိမ်စရာ မလိုပါဘူး”

သူ ခပ်ပြုံးပြုံးဖြင့် ယင်ပုလဲလုံးများအား စတင်ကျင့်ကြံရန် ပြင်လေသည်။

ခရမ်းရောင်သရဖူ ခြေတည်ဝိညာဉ််မှ ရွှေရောင်အဆင့် ပြောင်းရန် ယင်ပုလဲလုံးများစွာ လိုအပ်သည်။

အစက ယင်ပုလဲ (၈) လုံးဖြင့် လုံလောက်ပြီ ထင်ခဲ့သော်လည်း နဂါးကြီးများမှ ရသည့်ပုလဲ အားလုံးဖြင့်ပင် မထူးခြားခဲ့ချေ။

ထို့ကြောင့် ဂိုဏ်းမှ ယင်ပုလဲများ ထပ်ဝယ်ရ၏။

အချိန်မှာ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာခဲ့သည်။

တဖြည်းဖြည်း ခြေတည်ဝိညာဉ်သရဖူလည်း ပြောင်းလဲလာသည်။

(၃) ရက်ကြာပြီးနောက် လုံးဝ သိသိသာသာ ပြောင်းသွားတော့၏။

ခရမ်းရောင်များ လုံးဝ ပျောက်ကွယ်ကာ တောက်ပသော ရွှေရောင်များ တလက်လက် ဖြစ်လာသည်။

ထိုအချိန်တွင် ခြေတည်ဝိညာဉ်သရဖူမှာ အလွန်မြင့်မြတ် ခမ်းနားပြီး နတ်ဘုံမှ သရဖူဟုပင် ထင်ရ၏။

ရှန်မို တစ်ချက်တွေးလိုက်ရုံဖြင့် ရွှေရောင်သရဖူအား ခြေတည်ဝိညာဉ်၏ ခေါင်းပေါ်တွင် တင်ပြီးသား ဖြစ်သွားသည်။

ထိုအခါ ထိတွေ့မှုပျံ့နှံ့၍ တစ်ကိုယ်လုံးသို့ စီးဆင်းသွားလေ၏။

ထင်ထားသည့်အတိုင်း ခြေတည်ဝိညာဉ် ပြန်လည်ကောင်းမွန်ခြင်းအရှိန်လည်း အလွန် တိုးတက်နေသည်။

ရှန်မို ချက်ချင်း အဆောင်ထဲမှထွက်၍ မြွေနဂါးတောင်မှ လူရှင်းသော တောင်ထိပ်ထံ သွားလေ၏။

သူ့စိတ်ဝိညာဉ်စွမ်းအင်များ စုစည်းကာ မီးစွမ်းအင်ဖြင့် ဆက်သွယ်လိုက်သည်။

ချက်ချင်းပင် ကောင်းကင်အထိ ထိုးဖောက်နိုင်သည့် မီတာ (၃၀) ရှည်သော မီးဓားကြီး ပေါ်လာ၏။

ဓားထိပ်တွင်မူ နေရောင်ခြည်စွမ်းအင်ဖြင့် လင်းလက်စေသည်။

ဘုံး!

သူ တစ်ချက်ခုတ်လွှဲရုံဖြင့် တောင်ထိပ်မှာ လုံးဝ တိခနဲ ပြတ်သွား၏။

ကျောက်တုံးများ၊ သစ်ပင်များ၊ မြက်များလည်း အပူရှိန်ကြောင့် အငွေ့ပျံပျောက်ကွယ်သွားကြသည်။

ရှန်မို ရလဒ်ကို စစ်ဆေးကြည့်နေ၏။

“ရွှေသရဖူက နေရောင်စွမ်းအင်သုံးနိုင်တဲ့အချိန်ကို လျှော့ပေးရုံတင်မကဘူး… အင်အားလည်း ကြီးစေတာပဲ”

သူ့လက်ရှိအခြေအနေကို အကြမ်းဖျင်း သဘောပေါက်သွား၏။

နေရောင်ခြည်စွမ်းအင်ကို တစ်ရက်တစ်ခါ ပြန်အသုံးပြုနိုင်လေပြီ။

“ထူးခြားတဲ့ကျင့်စဉ်တွေတောင် ရိုးရှင်းတဲ့ကျင့်စဉ်ရဲ့ နှစ်ဆအင်အားကို မယှဉ်နိုင်ဘူး”

သူ တောက်တစ်ချက်ခေါက်ကာ ကျေနပ်နေသည်။

ထို့နောက် ချက်ချင်း နေရာမှ ပြန်လာခဲ့လိုက်၏။

သူ ထွက်သွားပြီးမကြာမီ ကျောက်စိမ်းဂိုဏ်း တောင်ဘက်ဂိတ်မှ လူတစ်ယောက် ထိုနေရာကို ဖြတ်သွားရင်း ဆင်းသက်လာသည်။

အေးစက်သော လရောင်အောက်တွင် ချောမော၍ မထီမဲ့မြင်မျက်နှာမှာ ထင်ရှားနေ၏။

ယဲ့ယန်တစ်ယောက် ကန်ကျန်းမြစ်တွင် ရေစပါးကြီးမြွေ သွားရှာရန် ထွက်လာသည့်လမ်း၌ ဖြစ်သည်။

မီးလောင်ပြင်ကိုကြည့်ကာ စိတ်ဝင်တစား ရေရွတ်မိ၏။

“ဒီနားမှာ တောင်ထိပ်ရှိတယ်လို့ မှတ်မိတာပါ… အနည်းဆုံး မီတာ (၃၀၀) လောက် မြင့်တယ်လေ… ဘာလို့ အသံတစ်ချက်မထွက်ဘဲ ပျောက်သွားတာလဲ”

“အင်အားကြီး ကျင့်ကြံသူတစ်ယောက်ယောက် ဖျက်ဆီးလိုက်တာလား”

သူ အနံ့ခံကြည့်ရင်း ပို၍ လေးနက်လာသည်။

“အနည်းဆုံး ခြေတည်ဝိညာဉ်အဆင့် ထိပ်ဆုံးပဲ ဖြစ်မယ်… မီးစွမ်းအင်အခြေခံတဲ့ ကျင့်စဉ်ကိုလည်း သုံးထားတယ်”

“ထူးခြားတဲ့မီးတောက်ကို ထိန်းချုပ်နိုင်သူပဲ”

“ဒီလိုအခြေအနေဆိုရင် အနည်းဆုံး အဆင့် (၄) အကြီးအကဲထဲက ဖြစ်မှာ”

“ဒါပေမဲ့ ကျောက်စိမ်းဂိိုဏ်းမှာ ဒီလိုလူမျိုး မကြားဖူးပါဘူး”

“အလွတ်တန်းကျင့်ကြံသူများလား”

ယဲ့ယန် ပို၍ စိတ်ဝင်စားလာသည်။

သူသည် လုံလောက်သောအင်အား မရှိသေး၍ အရာရာ ဂရုစိုက်ရလိမ့်မည်။

“ရေစပါးကြီးမြွေကို မြန်မြန်ရှာပြီး မီးနဂါးရဲ့ ယုံကြည်မှုကို ယူထားနိုင်မှ ဖြစ်မယ်”

ယဲ့ယန် တွေဝေမနေတော့ဘဲ တောင်ဘက်ပိုင်းသို့ ဆက်ထွက်လာခဲ့သည်။

Chapter 239: နတ်ဘုရားဝိညာဉ်အဆင့်

မြွေနဂါးတောင်။

ရှန်မို့ နောက်ထပ်လှုပ်ရှားမှုကြောင့် ယဲ့ယန်တစ်ယောက် စိတ်အခြေအနေ မတည်ငြိမ်မှန်းကို မသိနိုင်ချေ။

သူ ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ သူ့လက်ထဲမှ ခြောက်သွေ့နေသော သစ်ကိုင်းကဲ့သို့အရာကို ကြည့်နေ၏။

ကောင်းကင်နွယ်ပင် ဖြစ်လေသည်။

ကံကြမ္မာစနစ်ထဲတွင် ထိုနာမည်ရေးထား၍သာ သိသော်လည်း သူ့အကြောင်း သေချာမသိပေ။

မသိသေးလျှင် သိအောင် လုပ်ရလိမ့်မည်။

ထိုပစ္စည်းကို အခြားသူများ သိသွား၍ တစ်ဆင့် တစ်ဆင့် ပျံ့သွားလျှင် နတ်ဆိုးမျိုးနွယ် အန္တရာယ်ရှိပါသည်။

ယခုအချိန်တွင် ထိုအကြောင်းလေ့လာရန် ဘေး၌ စာအုပ်များစွာ ရှိနေ၏။

ထိုစာအုပ်များထဲတွင် နတ်ဆိုးတစ်သောင်းနယ်မြေ၏ သမိုင်းကြောင်း ပါဝင်လေသည်။

သူ ကျောက်စိမ်းဂိုဏ်းစာကြည့်တိုက်မှ လဲလာခြင်းဖြစ်ကာ ဈေးလည်း ကြီး၏။

သူ စာအုပ်တစ်အုပ်ဖွင့်ကြည့်လိုက်၏။

“ကောင်းကင်နွယ်ပင် — ရှေးနတ်ဆိုးသားကောင်နှင့် ပတ်သက်သောအမည်”

“တိမ်ယံများပေါ် ထိုးဖောက်ပေါက်ရောက်၍ ပင်စည်သည် မိုင်ပေါင်းများစွာ ပျံ့ကာ တိမ်မည်းများအဖြစ် ထင်ရသည်။ နွယ်ပင်များ ပြန်ကျလာသောအချိန်၌ တစ်မြို့လုံးကို သိမ်းပိုက်နိုင်လေသည်”

ရှန်မို အနည်းငယ် အံ့ဩသွား၏။

ရှေးခေတ်က ထိုကဲ့သို့ကြောက်စရာ နတ်ဆိုးသားကောင်မျိုး ရှိခဲ့သည်ကို တွေးမိ၍ ဖြစ်သည်။

ထို့နောက် အခြားစာအုပ်များကိုပါ ဆက်၍ ဖတ်ကြည့်သည်။

နောက်တစ်အုပ်တွင်မူ

“နတ်ဆိုးတစ်သောင်းနယ်မြေကို ပထမဆုံး တည်ထောင်သူသည် နွယ်စိမ်းမှ ကျင့်ကြံခဲ့သော နတ်ဆိုး ဖြစ်သည်။”

“သူမှဆင်းသက်လာသော နတ်ဆိုးမျိုးနွယ်အား အမျိုးမျိုး အမည်ပေးကြ၏။ နွယ်စိမ်းဧကရာဇ်၊ နွယ်စိမ်းအရှင်၊ နွယ်ဘိုးဘေး”

“နွယ်စိမ်းနတ်ဆိုးဧကရာဇ်မှာ ကောင်းကင်နွယ်သွေး နိုးထ၍ နောက်ပိုင်းမျိုးနွယ်များကိုလည်း ထိုအမည် ဆက်ခံစေသည်။

ရှန်မို သဘောပေါက်လာ၏။

ဒါဆို ဒီသစ်ကိုင်းခြောက်က နွယ်စိမ်း နတ်ဆိုးဧကရာဇ်ရဲ့ အကြွင်းအကျန်ပေါ့။

“သူလျှိုတွေ အသည်းအသန် လိုချင်နေကြတာ မဆန်းပါဘူး”

“ဒီထဲမှာ သစ်သားစိတ်ဝိညာဉ်စွမ်းအင်တွေ အများကြီးပါတယ်… နှစ်ပေါင်းထောင်ချီပြီး ကြာနေတာတောင် စွမ်းအင်တွေက လျော့မသွားဘူး”

“လက်ရှိ နတ်ဆိုးဧကရာဇ်သာ ဒါကို ရသွားရင် သူတို့အတွက် အရမ်းအကျိုးရှိသွားလိမ့်မယ်”

သူ ခဏစဉ်းစားပြီးနောက် ရှေးပစ္စည်းတစ်ခုကို ထုတ်လိုက်သည်။

ဤသည်မှာ ကောင်းကင်အဆင့်မြင့် နတ်မိုးကြိုး နတ်ဆိုးနှိမ်နင်းမန္တန်ဖြစ်၏။

သူ့လက်ရှိကျင့်စဉ်မှာ ငရဲမီးဖျက်ဆီးရေးကျင့်စဉ်ဖြစ်ပြီး ခြေတည်ဝိညာဉ်အဆင့် ထိပ်ဆုံးအထိသာ သုံးနိုင်ပါသည်။ နတ်ဘုရားဝိညာဉ်အဆင့်အတွက် တိုးတက်နိုင်မည့်လမ်း မရှိချေ။

သို့သော် ယခု နတ်မိုးကြိုးနှိမ်နင်းဆူတျာမှာ မီးတောက်သခင်ကိုယ်တိုင် ရေးထား၍ သူ့ကျင့်စဉ်၏ အဆက် ဖြစ်လာနိုင်၏။

မီးတောက်သခင်မှ ကောင်းကင်အဆင့် နတ်ဘုရားဝိညာဉ် ဖန်တီးပုံများလည်း ပါဝင်သည်။ ထို့အပြင် ကောင်းကင်နွယ်ပင်နှင့်လည်း ဆက်စပ်နေ၏။

ရှန်မို နတ်မိုးကြိုး နတ်ဆိုးနှိမ်နင်းဆူတျာစာအုပ်ကို ဖွင့်ကြည့်လိုက်သည်။

ထိုအခါ မီးတောက်သခင်၏အသံ ထွက်ပေါ်လာသည်။

“ငါဟာ ငရဲမီးတောက် ဖျက်ဆီးရေးကျင့်စဉ်ရော၊ နတ်မိုးကြိုး နတ်ဆိုးနှိမ်နင်းဆူတျာ စတဲ့ ကောင်းကင်အဆင့် ကျင့်စဉ် (၂) ခုလုံး ဖန်တီးခဲ့ပေမဲ့ ကိုယ်တိုင်ကတော့ မြေအဆင့် နတ်ဘုရားဝိညာဉ်အထိပဲ ရောက်ခဲ့တယ်”

“ငါ့ဘဝတစ်လျှောက်လုံး ကျင်းနိုင်ငံတော် တော်ဝင်မိသားစုရဲ့ နဂါး (၉) ကောင်သိုင်းနဲ့ နတ်ဆိုးတစ်သောင်းနယ်မြေက ကောင်းကင်အဆင့် ကျင့်စဉ် (၃) ခုကို လေ့လာခွင့် ရခဲ့တယ်… ဒါပေမဲ့ ကျင့်စဉ် (၄) ခုလုံး ငါ့အဆင့်ကို မတိုးတက်စေခဲ့ဘူး”

“နတ်ဆိုးပင်လယ်ကို သွားတဲ့အခါမှာတော့ နတ်မိုးကြိုးကိုတွေ့ပြီး ရုတ်တရက် နားလည်သွားတယ်”

“အဆင့်တက်ဖို့ဆိုရင် ရတနာ (၃) ခု လိုတယ်”

“ပထမဆုံးက ခြေတည်ဝိညာဉ်အဆင့်ကို ချိုးဖျက်နိုင်မယ့် ပစ္စည်း… ကျင်းနိုင်ငံ တော်ဝင်မိသားစုရဲ့ ရေကန်လွတ်နဲ့ နတ်ဆိုးတစ်သောင်းနယ်မြေက ဝိညာဉ်ဖမ်းတုတ်တွေက အရေးကြီးတယ်”

“ဒုတိယက နတ်ဘုရားဝိညာဉ် အားဖြည့်ဖို့ပဲ… နွယ်စိမ်းနတ်ဆိုး ဧကရာဇ်ရဲ့ အကြွင်းအကျန် ကောင်းကင်နွယ်လို့လည်း သိကြတယ်… အဲ့ဒါက အဓိက… တခြားရွေးစရာဆိုရင် သက်ရှည်မက်မွန်သီးနဲ့ နတ်ဖန်ဆင်းပန်း”

“ဒီနှစ်ခုကတော့ ကျင့်စဉ်တော်တော်များများမှာ ပါလို့ အသေးစိတ် ထပ်မပြောတော့ဘူး”

“တတိယပစ္စည်းက ခန္ဓာကိုယ်နဲ့ နတ်ဘုရားဝိညာဉ် ချိတ်ဆက်ဖို့ပဲ”

“ကျင့်စဉ် တော်တော်များများမှာ နဂါး (၉) ကောင်ကျင့်စဉ်က ပါတတ်ပါတယ်… ဝိညာဉ်နဲ့ ခန္ဓာကို တစ်ခုတည်းဖြစ်အောင် တွဲရမှာပေါ့”

“ဒါပေမဲ့ နတ်ဆိုးပင်လယ်ထဲ နတ်မိုးကြိုးကို ရှာတဲ့အခါ အနန္တမီးတောက်ကလည်း သက်ရောက်မှု တူတယ်”

“ငါ့ရဲ့ တွက်ချက်မှုအရတော့ နတ်မိုးကြိုးက ထူးခြားတယ်… သာမာန်လျှပ်စီးလို မဟုတ်ဘူး”

“ဒါ ပြောပြနိုင်တာ အကုန်ပဲ… အနာဂတ် ကျင့်ကြံသူအနေနဲ့ ဂရုစိုက်ပြီး လုပ်ဆောင်ပါ”

ရှန်မို အားလုံး ဖတ်ပြီးနောက် အတော်လေး သဘောပေါက်သွား၏။

ထို့နောက် ကျောက်စိမ်းဘူးထဲမှ ကောင်းကင်နွယ်ကို သေချာကြည့်ကာ သိုလှောင်လက်စွပ်ထဲ သိမ်းထားလိုက်သည်။

လိုအပ်သော ရတနာ (၃) ခု၌ တစ်ခု ပိုင်ဆိုင်ထားလေပြီ။

နောက် (၂) ခုမှာလည်း အလွယ်တကူ ရလာနိုင်၏။

“ဒီနေ့တော့ နားလိုက်တော့မယ်… မနက်ဖြန်မှ မီးနဂါးကြီးဆီ သွားတာပေါ့”

ရှန်မို မျက်လုံးမှိတ်ကာ တိတ်တဆိတ် ကျင့်ကြံလေသည်။

နောက်တစ်နေ့။

နေရောင်ခြည်များ တိမ်ယံကို ထိုးဖောက်၍ ကျဆင်းလာပြီး မြွေနဂါးတောင်၌ ကျေးငှက်သံများ ဆူညံနေ၏။

ရှန်မို၏ ပထမဆုံးအလုပ်မှာ မြွေနဂါးတောင်အောက်မှ မီးနဂါးဥအား စစ်ဆေးရန် ဖြစ်၏။

သူရောက်သွားသောအခါ ဥထဲမှ နှလုံးခုန်သံနုနုကို ခံစားရလေသည်။

“ငါကျွေးတာတွေ များတော့ မြန်မြန်ပေါက်လာတော့မယ် ထင်တယ်”

“အလွန်ဆုံး နောက် (၂) နှစ်လောက်ပဲ စောင့်ရတော့မှာ”

ရှန်မို ကျေနပ်သွား၏။ ထို့နောက် အကာအကွယ်အင်းများကို စစ်ဆေးကာ အမြန် ပြန်လာခဲ့သည်။

တောင်ပေါ်ရောက်သောအခါ မိုင်ဟေးဟီနှင့် ဟွမ်ပါရီအား သူ့နည်းလမ်းအတိုင်း ဆေးရွက်များ ကြိတ်ရန် သင်ပေးလေ၏။

မျက်လုံးစိမ်းစပါးကြီးမြွေအား သွေးစွမ်းအင် ပိုသန့်စင်စေရန် ဖြစ်သည်။

သူတို့အလုပ်စသည်နှင့် ရှန်မိုတစ်ယောက် ကျောက်စိမ်းဂိုဏ်း အဓိက ဂိတ်ပေါက်ဆီ ထွက်လာခဲ့သည်။ အရှိန်အလွန်မြန်သောကြောင့် တစ်ခဏအတွင်း ရောက်သွား၏။

အစေခံများ၊ တပည့်များ၊ အဆင့်ငယ် အကြီးအကဲများ သူ့ကိုတွေ့သည်နှင့် ဦးညွှတ်နှုတ်ဆက်ကြလေသည်။

ပါးနပ်သူများမှာ သူ့ကို ချက်ချင်းသတိထားမိ၏။

ရှန်မိုလည်း ခေါင်းငြိမ့်ပြရင်းသာ နှုတ်ဆက်၍ အနီးအနားရှိ ဂူတစ်ခုဆီ လျှောက်လာသည်။

လမ်းတစ်လျှောက် အဆင့်ငယ်အကြီးအကဲများနှင့် ထပ်တွေ့ကာ နွေးထွေးစွာ နှုတ်ဆက်ကြ၏။

အကြောင်းမှာ သူရောင်းပေးသည့် သွေးအမြစ်ဆီသည် အလွန်ရှားပါးသော ရတနာဖြစ်ကာ အကျိုးရှိလွန်းလေသည်။

ရှန်မိုလည်း အရင်အတိုင်း ခေါင်းငြိမ့်ပြုံးပြကာ နှုတ်ဆက်ရင်း ဂူကြီးတစ်ခုဆီ ရောက်လာသည်။

ဝင်ပေါက်၌ ခြေတည်အဆင့် အလုပ်သမား (၂) ဦး စောင့်နေ၏။

သေချာကြည့်လျှင် မျက်တွင်းများကျ၍ လုံးဝ မနားရသေးကြောင်း ထင်ရှားသည်။

“ဂါး ဂါး ဂါး”

ကြောက်စရာဟိန်းဟောက်သံကြီး ထွက်လာ၏။

သာမာန်ပြည်သူဆိုလျှင် ကြောက်လန့်လွန်း၍ နေရာ၌ပင် သတိလစ်နိုင်သည်။

အလုပ်သမားများမှာတော့ နားအကာအကွယ်များဖြင့် မသိချင်ယောင်ဆောင်နေ၏။

ရှန်မိုကိုတွေ့သောအခါ

“ဘယ်အကြီးအကဲလဲဗျ… တိုကင်မပါရင် ဖြတ်ခွင့်မရှိပါဘူး”

အစောင့်တစ်ဦးမှ ပင်ပန်းနေသော်လည်း တာဝန်ကျေစွာ မေးလိုက်သည်။

ရှန်မိုလည်း သူ့တိုကင်ပြားကို ထုတ်ပြမှ အစောင့်များ လန့်ကာ လမ်းဖယ်ပေးလိုက်သည်။

Chapter 240: ကျွန်တော့်မှာ နည်းလမ်းရှိတယ်

ရှန်မို ခေါင်းငြိမ့်ပြ၍ ဂူထဲဝင်သွားလိုက်သည်။

ဂူထဲတွင် ဝါးလုံးများ၊ ကျောက်တုံးများ အပိုင်းပိုင်း ပြန့်ကျဲ၍ ရှုပ်ထွေးနေ၏။

ဂူအလယ်တွင်မူ နက်ရှိုင်းသော ချောက်တစ်ခုရှိပြီး မည်မျှနက်သည်ကို မသိနိုင်ပါ။

သူ အံ့ဩသွား၏။

မီးနဂါးကြီးက ဘယ်မှာလဲ။

လှမ်းခေါ်ရမှာလား။

သူ တွေးနေစဉ် အရှေ့၌ အရိပ်တစ်ခု ပေါ်လာ၏။

ချက်ချင်းပင် ကောင်းကင်သို့ ထိုးဖောက်တော့မလို ထင်ရသည်။

ထို့နောက် သတ္တဝါကြီး၏ နှာမှုတ်သံမှာ အလွန် ပြင်းထန်ပြီး ရှန်မိုအား လွင့်ထွက်မတတ် ဖြစ်နေ၏။

နှာခေါင်းအောက်ဘက်တွင် ချွန်ထက်သော နဂါးသွားများ ရှိသော်လည်း ဝါကျင့်၍ အသားများ ကပ်ကာ ရွံစရာဖြစ်နေလေသည်။

“ကောင်လေး ဒီနေရာက မင်းအတွက် မဟုတ်ဘူး… သွားစမ်း”

မီးနဂါးကြီးမှ ပြော၏။

ရှန်မိုပြုံးလျက်

“အစောင့်အရှောက်… ကျွန်တော့်မှာ တိုကင်ရှိပါတယ်… ခေါင်းဆောင်က ခင်ဗျား မျိုးပွါးတဲ့ကိစ္စ ကူညီပေးဖို့ လွှတ်လိုက်တာ”

မီးနဂါးကြီး ခဏမှင်တက်နေပြီးမှ ဒေါသထွက်ကာ

“လွန်ခဲ့တဲ့ နှစ်တစ်ရာအတွင်း အကြီးအကဲ (၈) ယောက် လာပြီးသွားပြီ… တစ်ယောက်မှ သုံးစားမရဘူး… အခု မင်းလို လူငယ်လေးကရော တစ်ခုခုပြောင်းလဲနိုင်မယ် ထင်နေတာလား… သွားစမ်းပါကွာ… မင်းကို စားမပစ်ခင် ငါ့မျက်စိရှေ့က မြန်မြန်သွား”

ရှန်မို သူ့စနစ်ကံကြမ္မာကို လှမ်းကြည့်ကာ အမူအရာပြောင်းသွား၏။

“မင်းမသွားသေးဘူးလား… မင်းဟာမင်း ဘာဖြစ်ဖြစ် စိတ်မဝင်စားဘူး… စားချင်စားမှာပဲနော်”

မီးနဂါးကြီးမှ စိတ်မရှည်စွာ ပြောသည်။

ရှန်မို ချောင်းဟန့်၍

“အစောင့်အရှောက်… ကျွန်တော် ရိုင်းသွားမိရင် ခွင့်လွှတ်ပေးပါ… ဒါနဲ့ ခင်ဗျား အင်အားမရှိတော့တာလား”

မီးနဂါးမှာ ခဏစွံ့အနေသည်။

ထို့နောက် ချက်ချင်း ရှက်သွားကာ

“ကောင်လေး မဟုတ်တာတွေ ပြောမနေနဲ့… ငါ အင်အားရှိသေးတယ်”

သူ့အသံမှာ ဒေါသသံရောနေသည်။

ရှန်မိုကတော့ အားလုံး သိထားသလို ပြုံးလိုက်သည်။

မီးနဂါး၏ ဘဝကံကြမ္မာကိုလည်း မြင်ယောင်လာ၏။

[အမည်: အောင်းယန်]

[အဆင့်: အဆင့် (၆) ထိပ်ဆုံး]

[ကံကြမ္မာ: ဥမှပေါက်သော သားကောင်၊ အရှိန်မြင့်၊ မီးနဂါးသွေး၊ နတ်ဆိုးအဆက်]

ရှန်မို ကံကြမ္မာကို အသေးစိတ် သေချာကြည့်ဖြစ်၏။

[အနာဂတ်: အဆင့် (၆) ထိပ်ဆုံးတွင် ရပ်တည်နေမည်။ အောင်းဟွမ်၏ တတိယအဆက်ဖြစ်မည်]

[မကြာမီအဖြစ်အပျက် (၁): (၅) ရက်အကြာတွင် မိတ်ဖက်မရှိခြင်းအား ဒေါသထွက်သည့်အရှိန် ထိပ်ဆုံး ရောက်ရှိပြီး အော်ဟစ်ဟိန်းဟောက်သံကြောင့် အစောင့် (၂) ဦး သေဆုံးမည်။ ထိုအတွက် အပြစ်ရှိစိတ်ဖြင့် နောင်တရကာ ကျင့်ကြံမှုပို၍ နိမ့်ကျမည်]

[မကြာမီအဖြစ်အပျက် (၂): လဝက်အကြာတွင် ယဲ့ယန်မှ ရေစပါးကြီးမြွေကို မိတ်လိုက်ရန် ခေါ်လာမည်။ ဥမချနိုင်၍ ပိုဒေါသထွက်စေမည်။ သို့သော် ယဲ့ယန်အပေါ် ပိုယုံကြည်လာမည်]

[မကြာမီအဖြစ်အပျက် (၃): တစ်လအကြာတွင် အစောင့်အသစ် (၂) ယောက်ထံမှ နတ်ဆိုးဧကရာဇ်သွေး ရရှိပြီးနောက် ကျောက်စိမ်းဂိုဏ်းမှ ထွက်သွားရန် ဆုံးဖြတ်ကာ နတ်ဆိုးတစ်သောင်းနယ်မြေအား ပူးပေါင်းမည်]

ရှန်မို သူ့ကံကြမ္မာကို ကြည့်ပြီးနောက် ရှုံ့မဲ့နေသော မီးနဂါးကြီးအား ပြန်ကြည့်လိုက်သည်။

“အစောင့်အရှောက် အောင်းယန် ခင်ဗျားမျက်နှာမှာ လိမ်လို့ မရဘူး… ကျွန်တော့်ကို ကူညီစေချင်လား”

ရှန်မို ပြုံး၍ မေး၏။

မီးနဂါးကြီး နှာခေါင်းရှုံ့မိသော်လည်း တိတ်ဆိတ်ကာ အနည်းငယ်လည်း နေရခက်သည်။

ရှန်မို အနည်းငယ်တော့ အံ့ဩမိပါသည်။

မီးနဂါးကြီးသည် နတ်ဆိုးမျိုးနွယ်နဲ့ ဆက်ယှက်နေမည်ဟု မထင်ထားချေ။

သူ့စိတ်ထဲတွင် အောင်းဝူအား ရုတ်တရက် တွေးမိသွားသည်။

သူ ရွှမ်ကျန်းဒေသမှ ထွက်သောအခါ အောင်းဝူအား ခေါ်ခဲ့ရန် တွေးမိသေးသည်။

အောင်းဝူအား အချိန်အတော်ကြာကြာ အစာကျွေးခဲ့ရင်း သံယောဇဉ် ဖြစ်နေလေပြီ။

သို့သော် မမြင်ရသော အန္တရာယ်များ ရှိလာလျှင် ကာကွယ်စေရန် ထားခဲ့လိုက်သည်။

“ဟေ့ကောင် သွားကွာ… သွားတော့ သွား”

မီးနဂါးကြီး ဒေါသပြန်ထွက်လာပြီး မောင်းထုတ်လေသည်။

ရှန်မိုကတော့ ရယ်မော၍

“ကျွန်တော် ဒီကို မလာခင်တုန်းက အစောင့်အရှောက်မှာ ရုပ်ပိုင်းဆိုင်ရာဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာဖြစ်ဖြစ် ပြဿနာရှိမယ် ထင်ထားတာ… ဒါပေမဲ့ အခုတော့ အဲ့ဒါက အရေးမကြီးဘူးပဲ”

“အမှန်က အစောင့်အရှောက် အောင်းယန်က တစ်သက်မှာတစ်ခါပဲ မျိုးဆက်ချနိုင်မှာ… ဟိုးအရင်တည်းက မျိုးဆက်ဖြစ်တဲ့ ဥတစ်လုံး ရှိပြီးပြီ”

မီးနဂါးမှာ သူ့ကိုစိုက်ကြည့်၍

“မင်း ငါ့ကို လာလှောင်နေတာလား”

“မဖြစ်နိုင်တာ… ငါ မျိုးထပ်ပွါးနိုင်သေးတယ်… ငါ…”

ရှန်မို ပြုံး၍

“အစောင့်အရှောက်က အားနည်းပြီး မွေးဖွားလာပေမဲ့ မိန်းမတွေအပေါ် အရမ်းစိတ်ဝင်စားသေးတယ်မလား”

မီးနဂါးကြီး မှင်တက်နေပြီးမှ မယုံနိုင်စွာဖြင့် ဒေါသတကြီး ထအော်၏။

“မင်းက အဲ့ဒါ ဘယ်လိုသိလဲ”

ရှန်မို တည်ငြိမ်စွာဖြင့်

“အဲ့လို မစွမ်းဆောင်နိုင်ဘဲ မျိုးပွါးဖို့ ထပ်တွေးနေတာလဲ”

ကျောက်စိမ်းဂိုဏ်းမှ မီးနဂါးအား မျက်နှာသာရရန် မြွေမများ ရှာပေးနေခဲ့ခြင်းသာ ဖြစ်သည်။

ရှန်မို့စကားကြောင့် မီးနဂါးကြီးမျက်လုံးများ အေးစက်၍ ချက်ချင်း ဝါးမျိုတော့မလို ကြည့်နေလေ၏။

သို့သော် ရှန်မိုမှာ တစ်ချက်မှမလှုပ်ဘဲ ခပ်တည်တည် ရပ်ကြည့်နေဆဲပင်။

သူ မီးနဂါးကြီး၏ ဒေါသကို ကောင်းကောင်းသိပါသည်။

အပြင်ပန်း၌ ကြမ်းတမ်းပြီး စားပစ်မည်ဟု အမြဲခြိမ်းခြောက်သော်လည်း သူ့ကံကြမ္မာအရ စိတ်မထိန်းနိုင်ဘဲ မတော်တဆ သတ်မိသည့် အစောင့် (၂) ယောက်ကြောင့်ပင် ကျင့်ကြံမှုထိခိုက်သည်အထိ ခံစားတတ်၏။

ထိုကဲ့သို့ သတ္တဝါမှာ သူ့ကိုလည်း ထိခိုက်အောင် ပြုလုပ်မည်မဟုတ်ချေ။

ထင်ထားသည့်အတိုင်း ရှန်မို ငြိမ်နေသောအခါ သူလည်း နောက်ဆုတ်သွားသည်။

“တကယ်ပါပဲ…”

“မင်းက လီကျန်ထောင်းတို့၊ ယဲ့ယန်တို့၊ အရင်သခင်တို့လိုပဲ… အကုန် အတူတူပဲ”

“ငါ အစွယ်ဖြဲပြပြ၊ လက်သည်းထုတ်ပြပြ ဘယ်သူမှ တုတ်တုတ်တောင် မလှုပ်ဘူး”

“ဒါပေမဲ့ မင်းက လီကျန်ထောင်းနဲ့ ယဲ့ယန်ထက်တော့ သတ္တိရှိတယ်”

မီးနဂါးကြီးမှာ အရှိန်အဝါများ လျှော့ချ၍ ခပ်အေးအေး ပြော၏။

သူ့ပုံစံမှာ ခမ်းနားမြင့်မြတ်သော နဂါးကြီးထက် သနားစရာ သတ္တဝါနှင့် ပိုတူသည်။

ရှန်မို တင်ပျဉ်ခွေထိုင်ချကာ သူ့ကိုကြည့်နေသည်။

“အစောင့်အရှောက်… အဲ့လိုစိတ်ဓာတ်ကျစရာ မလိုပါဘူး… ခင်ဗျား ပျောက်သွားတဲ့ဥလည်း တစ်နေ့ ပြန်ရရင် ရမှာပေါ့”

ထိုစကားကြောင့် သူ ပိုစိတ်ညစ်သွားကာ

“မဖြစ်နိုင်ပါဘူးကွာ… နှစ်ပေါင်းရာနဲ့ချီနေပြီ… တွေ့မယ်ဆို အရင်တည်းက တွေ့မှာပေါ့… ဒီအချိန်ထိ ဘယ်ပုန်းနေမလဲ”

သူ ဝမ်းနည်းစွာဖြင့်

“ငါက မျိုးဆက်မချန်နိုင်တဲ့ နဂါးဖြစ်နေပါပြီ”

ရှန်မို ပြုံးကာ

“ဒီဥပြန်ယူဖို့ ကျွန်တော့်မှာ နည်းလမ်းရှိတယ်ဆိုရင်ရော”

All Chapters