နုပျိုဆေး (၂)
Vol. 4 Ch. 181
ပါရီမြို့ရဲ့လူရှုပ်တဲ့ လမ်းတွေပေါ်မှာ နာရီဝက်လောက် လမ်းလျှောက်ပြီးနောက်မှာ ပါစီဗယ်က စာအုပ်ဆိုင် တစ်ဆိုင်ရှေ့မှာရပ်လိုက်တယ်။ ရာသီဥတုက အေးစ ပြုလာပြီဖြစ်ပြီး နှင်းတွေစကျနေပြီ။
စာအုပ်ဆိုင်ရဲ့ရှေ့မျက်နှာစာက ကြမ်းပြင်ကနေ မျက်နှာကျက်အထိ ထွင်းဖောက်မြင်နိုင်တဲ့မှန်နဲ့ ကာထားပြီး သရေအဖုံးနဲ့ချုပ်ထားတဲ့ စာအုပ်တွေကို စီတန်းပြသထားပါတယ်။ “ပါရီဂရီမိုနီ” စာအုပ်အရောင်းဆိုင်လို့ သေသေရေးထားတယ်။
“ဒီဇိုင်းက မဆိုးဘူးပဲ။ ပြထားတဲ့ စာအုပ်တွေက ရှေးစတိုင် စာအုပ်တွေဖြစ်နေတာပဲဆိုးတာ။”
ကျွန်မက အထွန့်တက်လိုက်ပေမဲ့ ဘာပဲပြောပြော ဒီစာအုပ်ဆိုင်က အမှောင်ကျောင်းဌာနခွဲတစ်ခုရဲ့ ဟန်ပြစီးပွားရေးတစ်ခုပဲလေ။ ပါစီဗယ်က ရှေ့ကနေ ဝင်သွားတော့ ကျွန်မလည်းပဲ အချိန်ဆွဲမနေတော့ဘဲ နောက်ကနေလိုက်ခဲ့ပါတယ်။
အတွင်းပိုင်းကိုရောက်တော့ ဆိုင်အတွင်းထဲမှာ မီးကို လင်းထိန်နေအောင်ထွန်းထားပြီး မျက်နှာစာနဲ့မတူဘဲ ခေတ်ဆန်တဲ့အသွင်အပြင်ရှိပါတယ်။ တောက်ပ သန့်ရှင်းနေတဲ့ ကျိတ်သားစာအုပ်စင် ဒါဇင်များစွာကို စီတန်းထားပြီး လှပတဲ့ ဆိုင်းဘုတ်ပြားတွေနဲ့ ကဏ္ဍအလိုက် စာအုပ်တွေကို အစီအစဥ်တကျ ခွဲထားတယ်။ ဝတ္ထု၊ သမိုင်း၊ သိပ္ပံစအုပ်တွေက စပြီးတော့ အသစ်ထွက်တဲ့စာအုပ်တွေ၊ မဂ္ဂဇင်းတွေနဲ့ဂျာနယ်တွေအထိ အကုန်ရပါတယ်။
အမှောင်ကျောင်းတော်ကဟုတ်ပုံမပေါ်ဘဲ စာအုပ်တွေကိုလိုက်လံကြည့်ရှုနေတဲ့ လူတချို့ကိုလည်း တွေ့နိုင်ပြီး စာအုပ်ခေတ်မဟုတ်တဲ့ ဒီအချိန်မှာ ဒီလောက်ဝယ်သူရှိတာ အံ့ဩစရာကောင်းနေတယ်။
ပြီးတော့ ပစ္စည်းပို့သမားတချို့တောင်မှရှိနေပြီး အဝေးကစာအုပ်မှာတဲ့သူတွေအတွက် စာအုပ်တွေ ပို့ပေးနေသေးတာ။
“တကယ့် စီးပွားရေးတစ်ခုလိုပဲနော်....”
ကျွန်မ ကောက်ချက်ချလိုက်ရင်း ပါးစပ်ကနေ ထုတ်ပြောမိလိုက်တယ်။ မကြာခင်မှာပဲ စည်းစနစ် ကျနတဲ့ ဒေါက်ဖိနပ်သံ ညီညီညာညာကိုကြားရပြီး ကျက်သရေရှိရင့်ကျက်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ စကားသံကို ကြားလိုက်ရတယ်။
“တကယ့်စီးပွားရေးလုပ်ငန်း တစ်ခုမလို့လေ။”
ကျွန်မ လှည့်ကြည့်လိုက်တော့ သစ်ချသီးရောင်ဆံပင်၊ ဖြူဖျော့လွန်းပေမဲ့ သဘာဝကျတဲ့အသားအရောင်ရှိပြီး သေသပ်လှပတဲ့ အနက်ရောင်စကပ်ရှည်နဲ့အဖြူရောင် ဘလောက်အင်္ကျီကို ဝတ်ဆင်ထားတဲ့ အသက်သုံးဆယ် အရွယ်အမျိုးသမီးကို မြင်လိုက်ရတယ်။ သူဝတ်ထားတဲ့ ပုံစံက မော်ဒန်ဗစ်တိုးရီးယားဖက်ရှင်လို့ ပြောရမလား။
အဲဒီအမျိုးသမီးက လက်ထဲမှာ စာအုပ်ထူထူတစ်အုပ်ကို ကိုင်ထားပြီးတော့ ကျွန်မကိုသေချာစိုက်ကြည့်နေတယ်။ ရင်းနှီးသလိုခံစားရပေမဲ့ ဘယ်သူမှန်းမသိဘူးရယ်။
“ဟိုလေ... ရှင်က....”
ကျွန်မသူ့ကို မမှတ်မိမှန်းသိတော့ အမျိုးသမီးရဲ့မျက်နှာ တစ်ချက်တွန့်သွားပြီး ခပ်ဟဟရယ်မောလိုက်တယ်။ သူ့အကြည့်တွေကတော့ အထင်သေးနေတဲ့ပုံပဲ။
“ဆံပင်အရောင်ဆိုးထားပြီး မိတ်ကပ်နည်းနည်း လိမ်းလိုက်ရုံနဲ့ ငါ့ကိုမမှတ်မိတော့ဘူးလား။”
ဒီတော့မှ ကျွန်မလည်း သတိထားမိသွားပြီးတော့ အဲဒီအမျိုးသမီးကို နောက်တစ်ခါထပ်ကြည့်လိုက်တယ်။ ဒီလောက်ကြော့ရှင်းပြီး စည်းစနစ်သေသပ်တဲ့ ကိုယ်နေဟန်ထားမျိုးရှိတာ မော်လီပဲ။
“အာ့... မော်လီလား၊ ရှင့်ပုံစံက တအားကွာခြားသွားလို့ မမှတ်မိလောက်အောင်ပဲ။”
ကျွန်မဘေးမှာရှိနေတဲ့ ပါစီဗယ်ကတော့ နားနားကပ်ပြီး ပြောလိုက်တယ်။ “ဆယ်ဗီ၊ ဒီပုံစံက မော်လီသာမန်လူ အဖြစ်နဲ့ရှိနေတုန်းက ပုံစံနဲ့အနီးစပ်ဆုံး တူအောင် လုပ်ထားတာဖြစ်နိုင်တယ်။ ဒါမှသာမန်လူတွေ သူ့ကိုဖုတ်ကောင်မှန်း သတိမထားမိမှာလေ။”
ဒါလည်းဟုတ်တာပဲလို့ ကျွန်မတွေးလိုက်မိတယ်။ ပါရီမြို့လယ်ခေါင်က စာအုပ်ဆိုင်ပိုင်ရှင်က ပြာနှမ်းနှမ်း အသားအရေနဲ့သံချေးရောင်ဆံပင်ရှိနေရင် သတင်းစာ ခေါင်းကြီးပိုင်းမှာ ပါလာတော့မှာ။
“ရောက်လက်စနဲ့တော့ ရုံးခန်းထဲဝင်ပြီး လက်ဖက်ရည် သောက်သွားကြပါဦးလား။”
ကျွန်မလည်း နာရီကိုငုံကြည့်လိုက်တယ်။ ညခုနစ်နာရီခွဲပဲရှိသေးတာမလို့ စောသေးတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်မော်လီနဲ့လိုက်သွားလိုက်တယ်။
...
ရုံးခန်းထဲရောက်တော့ မော်လီက ကျွန်မတို့အတွက် ခါတိုင်းလိုပဲ ညနေခင်းလက်ဖက်ရည်ဖျော်ပေးတယ်။ အဖော်အနေနဲ့တော့ မော်လီကိုယ်တိုင်လုပ်ထားပုံရတဲ့ ခွက်ကိတ်ကလေးတွေ။ အတွင်းမှာထည့်ထားတဲ့ယိုက စတော်ဘယ်ရီတစ်မျိုးတည်းပဲဆိုပေမဲ့ မုန့်သားက နူးညံ့တယ်။
စာရင်းစားရင်းနဲ့ လာရင်းကိစ္စကို မေ့လုနီးပါး ဖြစ်လာတဲ့အတွက်ကြောင့် ကျွန်မနောက်မှာရပ်နေတဲ့ ပါစီဗယ်က နားနားကိုကပ်ပြီး...
“မဒမ်မူဆဲဆယ်ဗီ၊ ဒီကိုလာတာ AC&B အကြောင်း စုံစမ်းဖို့မဟုတ်ဘူးလား။ မုန့်ချည်းပဲ စားမနေနဲ့ဦးလေ။”
“အဟွက်... အဟွက်...” ဒီတော့မှ ကျွန်မလည်း ပြန်သတိရပြီး ပါးစပ်ထဲအပြည့်ဖြစ်နေတဲ့ မုန့်တွေကို ပြန်ထွေးထုတ်မိလို့နီးနီးပဲ။
မော်လီကတော့ ရုံးခန်းကခုံမှာထိုင်ရင်း ကျွန်မကို မျက်နှာသေနဲ့ကြည့်လို့နေပါတယ်။ ဒါနဲ့ကျွန်မလည်း ကြုံခဲ့ရတဲ့ အဖြစ်အပျက်အကြောင်းအစုံအလင်ကို ပြောပြခဲ့ဖြစ်တာပေါ့။
“အကြမ်းဖျင်းအားဖြင့်၊ ဘန်နီဆိုတဲ့ နတ်တစ်ပိုင်းက ပါရီမြို့ထဲမှာ တားမြစ်ဆေးတွေရောင်းနေတဲ့ကိစ္စကို ငါ့ကိုကိုင်တွယ်စေချင်တာပေါ့။ ငါငြင်းတယ်။”
“ဘယ်လိုဘယ်လို....” မျှော်လင့်မထားတဲ့အဖြေကို ကျွန်မကြားလိုက်ရတဲ့အတွက် အံ့ဩသွားခဲ့ပါတယ်။ အရင်ကဆိုရင် မော်လီက နက်ဆန်နဲ့အတူတူ မကောင်းမှုတွေကို လိုက်လံနှိမ်နင်းနေကျလေ။ ဒါပေမဲ့အခုကျတော့ ဝင်ပါရမှာ စိတ်မပါသလိုပဲ။
“ပါရီမှာငါတာဝန်ကျတယ်ဆိုပေမဲ့ ဆီနိတ်တာတွေရဲ့ အဓိကအလုပ်က ကိုယ့်ကျောင်းတော်အဖွဲ့သားတွေကို ထိန်းသိမ်းဖို့နဲ့ ကျောင်းတော်ရဲ့အကျိုးစီးပွားကို ဆောင်ရွက်ဖို့ပဲ။ သဘာဝလွန်ကိစ္စတွေကို စုံစမ်းတာလည်းပါပေမဲ့ အဲဒါကကျောင်းတော်ကို ထိခိုက်စေမှ လှုပ်ရှားဖို့လိုတာ။ သခင်ကတော့ သာမန်လူတွေကို ကာကွယ်ဖို့အတွက် လိုက်လံဖြေရှင်းပေးလေ့ရှိပေမဲ့ပေါ့။”
မော်လီရဲ့အဖြေက လုံးဝကျေနပ်စရာမကောင်းဘူး။ ဒါကြောင့် ကျွန်မစိတ်ထဲ ထောင်းခနဲဖြစ်လာတာနဲ့ ထိုင်နေရာကနေထရပ်လိုက်ပြီး မော်လီကိုအော်မိတော့တာပဲ။
“ဒါဆိုရင် ရှင်က လူတွေသေနေတာကို ဒီအတိုင်း လက်ပိုက်ကြည့်နေတော့မှာလား။”
မော်လီကတော့ ကျွန်မပြောတာကို ဂရုမစိုက်ဘဲ စာအုပ်ကိုဖွင့်ပြီး စာကြည့်မျက်မှန်တပ် စာဆက်ဖတ် နေလိုက်တယ်။ ပြီးတော့ပျင်းရိနေတဲ့ပုံစံနဲ့...
“သခင်က ငါ့ကို တာဝန်တစ်ခုပေးထားသေးတယ်။ အဲဒီတာဝန် မပြီးသေးခင် တခြားကိစ္စတွေကို ဂရုစိုက်နိုင်မှာဦးမဟုတ်ဘူး။ တကယ်လို့ နင်မကျေနပ်ရင် နင့်ဘာသာလိုက်ဖြေရှင်းလေ။ နင်လည်းဆီနိတ်တာပဲ မဟုတ်ဘူးလား။”
“အဲဒီအလုပ်က ထွက်လိုက်ပြီလို့...” ကျွန်မ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး မော်လီကိုထထိုးမယ်လုပ်တော့ နောက်ကနေ ပါစီဗယ်ကဆွဲထားရတယ်။
“ဆယ်... ဆယ်ဗီ၊ မှား... မှားမယ်နော်။ မိန်းမလှလေးက သူများကိုအရင် လက်သီးနဲ့ထိုးတယ်ဆိုရင် ကျော်မကောင်း ကြားမကောင်းဖြစ်လိမ့်မယ်နော်။”
မော်လီကတော့ ကျွန်မစိတ်ဆိုးနေတာကို သဘောကျနေတဲ့ပုံနဲ့ကြည့်ရင်း... “ဆီနိတ်တာဆိုတာ ဆဲလ်ဆာကောင်စီကခန့်ထားတာ။ သခင့်သူနာပြု အဖြစ်ကနေ နုတ်ထွက်လိုက်တိုင်း ဆီနိတ်တာမဟုတ်တော့တာမဟုတ်ဘူး။ ထုံးတမ်းအရဆို ဆဲလ်ဆာကောင်စီခေါ်ပြီး နုတ်ထွက်ခွင့်တောင်းရမှာ။ နင်အဲဒီလိုလုပ်ထားလို့လား။”
“......” ထုံးတမ်းစဥ်လာတွေအကြောင်းမသိတဲ့ ကျွန်မအတွက်တော့ ဒီအကြောင်းကို ပထမဆုံး ကြားဖူးတာပဲ။ ဒီလိုမှန်းသိရင် နက်ဆန်ပြောတုန်းက ကျွန်မလက်မခံပါဘူး။
“အား.... အဲဒီသောက်အဒေါ်ကြီးကတော့.. ဒေါသ ဖြစ်စရာကောင်းလိုက်တာ။” စာအုပ်ဆိုင်အပြင်ကို ရောက်တဲ့အခါမှာတော့ ကျွန်မဒေါသထွက်လွန်းလို့ ဆွေ့ဆွေ့ခုန်မိတဲ့အထိပဲ။ နောက်တော့ ကျွန်မက ပါစီဗယ်ကို ကြည့်လိုက်ပြီး...
“ပါစီဗယ်၊ ငါဆုံးဖြတ်လိုက်ပြီ။ ဒီကိစ္စကို ငါတို့ဘာသာ စုံစမ်းကြမယ်။”
....
စာအုပ်ဆိုင်ရုံးခန်းထဲမှာတော့ မော်လီက စာအုပ်ကို ချထားလိုက်ပြီး ပြတင်းပေါက်လိုက်ကာကိုဖယ်ကာ အပြင်ဘက်မှာ ယုန်လိုခုန်ပေါက်နေတဲ့ ဆယ်ဗီကို ချောင်းကြည့်လိုက်တယ်။
“ဒီလောက်ဆို ဒီကောင်မလေး သဘာဝလွန် ပြဿနာတွေကို လစ်လျူရှုတော့မှာမဟုတ်ဘူး။ ဒီလိုနဲ့ဆီနိတ်တာ တကယ်ဖြစ်လာလိမ့်မယ်။ သခင့်အားထုတ်မှုတွေလည်း အလကားမဖြစ်တော့ဘူးပေါ့။”
....
“သူ့ကို ကုလို့မရတော့ဘူးဆိုတာ ဘာသဘောလဲ။”
နက်ဆန်က အေးစက်ပြီး တိုးညှင်းတဲ့လေသံနဲ့ မေးလိုက်တယ်။ အိုလီရာနာကတော့ တစ်ကိုယ်လုံး တုန်ယင်နေပြီး နက်ဆန်ရဲ့အကြည့်တွေကို ရင်မဆိုင်ရဲဘူးဖြစ်နေတယ်။ အိပ်ရာပေါ်မှာတော့ အေးစက်တောင့်တင်းနေပြီး လူသေတစ်ယောက်လို ဖြစ်နေတဲ့ မိုနီကာရှိနေတယ်။ သူ့ရဲ့တည်ရှိမှုက မှေးမှိန်လွန်းပြီး အချိန်မရွေးပြာအဖြစ်ပြောင်းသွား တော့မလိုပါပဲ။
“သူ့ခန္ဓာကိုယ်ထဲက အသက်ဓာတ်က တအားထိခိုက်နေပြီ။ နဂိုကတည်းက အသက်ဓာတ်လျော့နည်းနေတာကို ထပ်မဖြည့်ဘဲ စွမ်းအားတွေအလွန်အကျွံသုံးစွဲနေခဲ့တာကြောင့် စွမ်းအင်ဗဟိုချက်တွေအားလုံး အက်ကွဲပြီး မရဏသစ်မြစ်နဲ့တောင် ကုသဖို့မဖြစ်နိုင်တော့ဘူး။ စွမ်းအားတွေ ဖြည့်ပေးနေရင်တောင်မှ ယိုပေါက်တွေကနေ စိမ့်ထွက်နေဦးမှာ။ သခင်၊ ကျွန်မလုပ်နိုင်တာဆိုလို့ အချိန်ဆွဲနေရုံပဲရှိတာ။”
“ငါ...” နက်ဆန်က ဒေါသတကြီးနဲ့ စားပွဲခုံကို တွန်းလှဲ လိုက်မိပါတယ်။ နောက်တော့ နံရံကိုလက်နဲ့ထောက် မျက်နှာကိုအပ်ထားရင်းနဲ့...
“ဒါတွေအကုန်လုံးက ငါ့ကြောင့်ဖြစ်ခဲ့တာတွေ မဟုတ်လား။ ငါက တစ်ချိန်လုံးသူ့အတွက် ဝန်ထုတ်ဝန်ပိုးတစ်ခုလို ဖြစ်နေခဲ့တာပဲ။”
နက်ဆန်က သူဒဏ်ရာရပြီး သေမလိုဖြစ်နေခဲ့တဲ့ အချိန်တွေကို ပြန်ပြောင်းတွေးမိတယ်။ မိုနီကာသာ သူ့ကိုကူညီမပေးခဲ့ရင် နတ်ဘုရားခန္ဓာကိုယ်ပြိုကွဲပြီး သေနေလောက်ပါပြီ။ မိုနီကာက ကိုယ့်အသက်ကိုယ် ပေးဆပ်ရမယ့်ကိစ္စတစ်ခုကို လုပ်ခဲ့ပေမဲ့ နက်ဆန်ဆီက ဘာမှပြန်မတောင်းခဲ့ပါဘူး။
အဲဒီကိစ္စအပြီးမှာလည်း မိုနီကာက သူ့ကိုကူညီဖို့ အတွက်နဲ့ မှော်စွမ်းအားတွေဆက်တိုက် သုံးနေခဲ့တာ။ သူ့အသက်ဓာတ်ကို ပြန်ဖြည့်ဖို့အတွက် နည်းလမ်းက မရှိလုနီးပါးဖြစ်နေတာတောင်မှပေါ့။
“ကျွန်မက... အဆင်ပြေပါတယ်...”ဖြူဖျော့ပြီး ကျုံဝင်နေတဲ့ မိုနီကာရဲ့နှုတ်ခမ်းတွေက လှုပ်ရှား လာခဲ့တယ်။ မနည်းအားစိုက်ပြီးမှ နားထောင်လို့ရမယ့် လေသံမျိုးနဲ့ ပြောလိုက်တယ်။
“ဒါလင်... ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့... ကျွန်မရဲ့ကံကြမ္မာကိုက... သတ်မှတ်ထားပြီးသား...”
နက်ဆန်က မိုနီကာကိုကြည့်လိုက်တယ်။ သူ့ပုံစံက မိုနီကာပြောတဲ့စကားတွေကို နားမလည်နိုင်တဲ့ပုံစံမျိုးနဲ့။ ဒါပေမဲ့ သူက သွေးသွယ်လှတဲ့မိန်းကလေးရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး
“ကိုယ်ကတိပေးတယ်... မင်းကိုကယ်ဖို့အတွက် နည်းလမ်းတစ်ခုခုရှိမှာပါ။”
“မိန်းကလေးနှစ်ယောက်လုံးကို... ကတိကြီးတွေပေးတာ... လေးလံလွန်းတယ်လို့... မထင်ဘူးလား... ဒါလင်....”
နောက်တော့ မိုနီကာထပ်အိပ်ပျော်သွားပြန်ပါတယ်။ ဆက်နိုးနေဖို့အတွက် ခွန်အားမရှိတော့ပုံပဲ။ နက်ဆန်နဲ့ အိုလီရာနာတို့နှစ်ယောက်သာ ငြိမ်သက်စွာနဲ့ မိုနီကာကို စောင့်ကြည့်နေကြတယ်။
တီ... တီ... တီ...
အဲဒီအချိန်မှာပဲ နက်ဆန်ရဲ့ဖုန်းက မြည်လာတယ်။ နက်ဆန်ဖုန်းကိုင်လိုက်တော့ တစ်ဖက်ကနေ နာတာရှာရဲ့နားဝင်ချိုတဲ့နှုတ်ဆက်သံကို ချက်ချင်းကြားရတယ်။
“မင်္ဂလာညချမ်းပါ၊ သခင်။ သခင်ကျွန်မကို စုံစမ်းခိုင်းထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပြောချင်တာရှိလို့ပါ။”
...
ကွန်စတန်တီနိုပယ်မှာရှိတဲ့ အမှောင်ကျောင်းတော် ဌာနခွဲစံအိမ်ကြီးထဲမှာတော့ မိုနီကာက ရုံးခန်းစားပွဲပေါ် တက်ထိုင်ပြီး စတော့ကင်ဝတ်ပေါင်တံရှည်တွေကို လွှဲယမ်းနေရင်း စာဖိုင်တစ်ဖိုင်ကို ဖတ်နေပါတယ်။
တခြားလက်တစ်ဖက်ကတော့ ရုံးခန်းစားပွဲမှာ တပ်ဆင်ထားတဲ့ ခေတ်ဟောင်းပုံစံကြိုးဖုန်းကို ကိုင်လို့။ ဖုန်းလက်ကိုင်နဲ့ခုံကို ဆက်သွယ်ထားတဲ့ ကြိုးက နာတာရှာရဲ့ကိုယ်ကို တစ်ပတ်ရစ်ပတ်ထားတယ်။
“AC&B ဆိုတာက ပေါ်တာသိပ်မကြာသေးတဲ့ ဗြိတိသျှအခြေစိုက် နိုင်ငံတကာ သဘာဝလွန်ရာဇဝတ်အဖွဲ့ Alice, Cath and Bunny LLC ကိုအတိုကောက်ခေါ်တာ။ ငွေရဖို့အတွက်ဆိုရင် ဘာမဆိုလုပ်တဲ့အဖွဲ့ပဲ။
ပြီးခဲ့တဲ့နှစ်က ဗြိတိန်နာရီစင်(The Clock Tower)ကလူတွေ သူတို့ကိုနှိမ်နင်းဖို့လုပ်ပေမဲ့ ထိပ်သီးအဖွဲ့ဝင်တချို့ သေဆုံးသွားရုံကလွဲလို့ ဘာမှမဖြစ်ခဲ့ဘူး။ အခုတော့ ဥရောပကုန်းမကြီးအထိ ခြေဆန့်ချင်နေတဲ့ပုံပဲ။”
“နားလည်ပြီ။ သူတို့ အခုဘယ်မှာရှိနေလဲ ဆက်စုံစမ်းပေးထား။” နက်ဆန်ရဲ့မျက်လုံးတွေက ဒေါသကြောင့်တောက်ပလို့ နေခဲ့တယ်။