အခန်း (၁၀၈၆-၁၀၉၀)
Vol. 58 Ch. 1086-1090
အပိုင်း ၁၀၈၆
နှစ်ပေါင်းထောင်ကျော် တည်ရှိခဲ့သော ရေခဲကြာပန်း၏ နာမည်ကို ကြားသည့်အခါ ဖန်းရှီကျင်းက ရေခဲသားရဲ၏ အသိုက်ထံ ပြေးလေသည်။ ထိုနေရာတွင် အဖြူရောင် ရေခဲကြာပန်းကို မြင်လိုက်ရသည်။ ကြာပန်းမှ အလင်းတန်းများနှင့် ပြင်းထန်သော မွှေးရနံ့က ပျံ့လွင့်နေသည်။
“ တကယ် ရင့်မှည့်သွားပြီပဲ။ ကံကောင်းစွာနဲ့ ငါတို့ အချိန်မီသွားတယ်”
ဖန်းရှီကျင်း ပျော်သွားသည်။
နှစ်ထောင်ကျော် သက်တမ်းရှိသည့် ရေခဲကြာပန်းကို တိုက်ရိုက်မြိုချလိုက်မည်ဆိုလျင်ပင် ကိုယ်မှ ကြားခံနယ်မြေများကို အလွန်မာကြော ခိုင်မာစေသည့် သက်ရောက်မှုကို ရရှိစေမည်ဖြစ်လေရာ ကျင့်ကြံခြင်းအတွက် အလွန် အသုံးဝင်လေသည်။
သို့သော် ထိုအဆင့်က လုယွီအတွက် နိမ့်ကျလွန်းနေသည်။ ရေခဲသားရဲ၏ အကူအညီနှင့် လုယွီက ကျောက်တုံးနံရံတစ်ခုရှေ့ ရောက်သွားသည်။ ယခင်က ရေခဲသားရဲက ထိုနေရာတွင် ပုန်းနေခဲ့ခြင်းဖြစ်သည်။
လုယွီက လက်ဝါးကို မြောက်ပြီး ရိုက်ချလိုက်သည်။ နဂိုက ငြိမ်သက် မာကျောသည့် ကျောက်တုံးပြင်ကြီးက စတင်ကာ အက်ကွဲသွားသည်။ထို့နောက် ပြိုကျသွားကာ မီးခိုးလုံးများ ထွက်လာတော့သည်။ထိုသို့ဖြင့် အနောက်ဘက်မှ သီးသန့်ခန်းကို မြင်လိုက်ရလေသည်။
လုယွီက ခြေလှမ်းဝင်လိုက်သည်နှင့် အထဲတွင် လင်းရှီများအပြင် အမျိုုးမျိုးသော ရတနာများ၊ ဓားများ၊ လက်နက်များကို မြင်လိုက်ရလေသည်။ ဖန်းရှီကျင်းသည်လည်း အံ့သြသွားသည်။
“ အထဲမှာ နေရာ ရှိသေးတာပဲ”
သူမတို့ရထားသည့် သတင်းအရ သည်နေရာတွင် ရေခဲကြာပန်းရှိခြင်းကိုသာ သိထားသည်။ မမျော်လင့်ထားစွာပင် အထဲတွင် နောက်ထပ် ကောင်းကင်ဘုံ ရှိနေ၏။
သူမက ဓားတစ်ချောင်းကို ကောက်ကိုင်ကြည့်လိုက်သည်။ လက်ဖြင့် ပွတ်သပ်ကြည့်ရာ လင်းလက် တောက်ပလာလေသည်။ တချက်ကြည့်ရုံဖြင့်ပင် ထူးခြားသော ဓားမှန်း သိသာသည်။
ထိုအခိုက် အပြင်ဘက်မှ ဆူညံသံများ ထွက်လာသည်။
“ ဘာဖြစ်တာလဲ ရေခဲ သားရဲက အသတ်ခံလိုက်ရပြီလား”
“ ငါ အခုလေးတင် တိုက်ခိုက်နေသံကို ကြားလိုက်ပါသေးတယ်။ အခု ဘာလို့ ဘာအသံမှ မကြားရတော့တာလဲ”
ကြည့်ရသည်မှာ ထန်းယွီကျဲ့တို့ ဝင်လာဟန်ရသည်။ သူတို့ဝင်လာသည်နှင့် မြေတွင် လဲနေသော ရေခဲသားရဲ၏ အလောင်းကို မြင်လိုက်ရလေသည်။ထို့အပြင် ရေခဲကြာပန်းကလည်း ရှိနေသေးသဖြင့် သူတို့ စိတ်အေးသွားကြသည်။
“ ဖန်းရှီကျင်းလည်း ရှိနေတာပဲ။ နေဦး အနောက်ကို ကြည့်လိုက်”
ထို့နောက် သူတို့က ဖန်းရှီကျင်းနှင့် လုယွီတို့ကို မြင်လိုက်ကြရသည်။ သူတို့၏ အနောက်တွင် အလင်းရောင်များ လင်းလက်နေသော ရတနာ အပုံလိုက် ရှိနေလေသည်။
“ ဟားဟား ရတနာတွေ ရှိနေသေးတာပဲ။ ငါ မထင်ထားဘူး”
ထန်းယွီကျဲ့ကအော်ရယ်လျက် ဝင်လာသည်။
အထဲသို့ ရောက်ပြီးနောက် ထန်းယွီကျဲ့ အလွန်ပျော်သွားသည်။ နေရာတိုင်းတွင် ရတနာများရှိနေသည်။ ထန်းယွီကျဲ့က သိုင်းတစ်ခုကို ကောက်ယူလိုက်ပြီး ကြည့်လိုက်ရာ ကောင်းကင်အဆင့်သိုင်းဖြစ်နေကြောင်း မြင်လိုက်ရလေသည်။
“ဟားဟား ဒါတွေနဲ့ဆိုရင် ငါ အဆင့်တက်ဖို့က ပြဿနာ မရှိတော့ဘူး “
ထန်းယွီကျဲ့က အော်ရယ်နေသည်။
အခြားသော ဘုန်းတော်ကြီးများကလည်း နောက်ကျမကျန်လိုသဖြင့် လိုက်ဝင်လာကြသည်။ ထိုအချိန်တွင် လုယွီက အေးစက်စွာ ပြောသည်။
“ မင်းတို့ ကိုင်ထားတာတွေကို ပြန်ချထားလိုက်စမ်း”
အားလုံး ကြောင်သွားကြသည်။ လုယွီက ဘာကြောင့် ထအော်မှန်း သူတို့ နားမလည်ကြပေ။
“ အပြင်မှာ ရေခဲကြာပန်းရှိတယ်။ မင်းတို့ ခွဲယူတာကို ငါ ဂရုမစိုက်ဘူး။ ဒါပေမဲ့ ဒီအခန်းကို ငါ ရှာတွေ့ထားတာ၊ ဒီထဲက အရာတိုင်းကို ငါ ပိုင်တယ်။ မင်းတို့ ယူဖို့ မစဉ်းစားနဲ့”
ထို့အပြင် အပြင်ဘက်ရှိ ရေခဲကြာပန်းက သူ့အတွက် အသုံးမဝင်ပေ။ သို့သော် ဒီအထဲတွင် သူ့အတွက် လိုအပ်သည်များ ရှိသည်။ ထို့အပြင် ရေခဲသားရဲကို သူနှင့် ဖန်းရှီကျင်းက သတ်ထားခြင်းဖြစ်သည်။
ဖန်းရှီကျင်းကလည်း ပြောသည်။
“ ဟုတ်တယ်။ ငါ အကူအညီလွှတ်တုန်းက ဘယ်သူမှ ဝင်မလာကြဘူး။ အခုမှ အကျိုးအမြတ် လာခွဲမယ်ဟုတ်လား၊ နောက်ပြီး ဒီအခန်းကို သူ ရှာတွေ့ထားတာ။ ဒီတော့ အရာအားလုံးက သူ့အပိုင်ပဲ”
ထန်းယွီကျဲ့က ရယ်သည်။
“ ဒီကောင့်လို အပြင်ဂိုဏ်းသားက ငါ့အတွက် ရတနာရှာပေးနိုင်တာကို ကျေးဇူးတင်ရမှာ မဟုတ်လား၊ ဒါကို ဒီကောင်က အတင့်ရဲပြီး အကုန်သိမ်းမယ်တဲ့လား”
အပိုင်း ၁၀၈၇
ဖန်းရှီကျင်းက ဒေါသတကြီး ပြောသည်။
“ ထန်းယွီကျဲ့ နင် မလွန်လာနဲ့”
ထို့နောက် သူမက ဓားရှည်ကို ဆွဲထုတ်ကာ ဓားဝင်္ကပါကို အသက်သွင်းသည်။ထန်းယွီကျဲ့က မျက်မှောင်ကြုတ်၏။ ဖန်းရှီကျင်းနည်းတူ သူသည်လည်း အတွင်းစည်း တပည့် ဂိုဏ်းသားဖြစ်သည်။ သူ၏ နောက်တွင်လည်း ဂိုဏ်းကြီးရှိသည်။ထို့ကြောင့် သူတို့ကြားရှိ အင်အားကွာခြားချက်က မကြီးပေ။
ထန်းယွီကျဲ့က ခပ်အေးအေး ပြောသည်။
“ ကောင်းပြီလေ သူ ရှာတွေ့တာဆိုတော့လည်း ငါက အခွင့်အရေး ပေးလိုက်မယ်။ မင်း ကြိုက်တာ တစ်ခုယူသွား ပြီးရင် ထွက်သွားတော့””
“ ရေခဲကြာပန်းကတော့ ဖန်းရှီကျင်းက အမှားလုပ်မိတာပဲ။ ငါတို့တောင် ဒုက္ခရောက်မလို ဖြစ်သေးတယ်။ ဒီတော့ နည်းနည်းလေးတောင် မပေးနိုင်ဘူး”
ဖန်းရှီကျင်းက ဒေါသထွက်လာသည်။
“ ရေခဲသားရဲကို ငါ သတ်ထားတာ။ နင်က ငါ့ကိုတောင် မပေးတော့ဘူးလား”
ထိုသားရဲကို သူမကိုယ်တိုင် သတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုလူအုပ်က အပြင်ဘက်မှ ဝင်လာခဲ့ခြင်းပင် မရှိပေ။ သို့တိုင် သူမအား မပေးဟု ဆိုလာနေသည်။
ထန်းယွီကျဲ့က ပြောသည်။
“ မင်း ဘာသွားလုပ်လို့ ရေခဲသားရဲ နိုးသွားသလဲမှ မသိတာ။ ဒီတော့ မင်းပဲ တာဝန်ယူသင့်တယ်”
ထို့နောက် သူက အေးစက်စွာ စိုက်ကြည့်လာသည်။
“ မင်းကို ရတနာ တစ်ခု ပေးတာနဲ့တင် လုံလောက်နေပြီ”
ဝုန်း
ရုတ်တရက် လုယွီ၏ လက်မှ ပြင်းထန်သော စိတ်စွမ်းအားများ ထွက်လာပြီး ထန်းယွီကျဲ့၏ ကိုယ်ကို ရိုက်ချသည်။ ထန်းယွီကျဲ့က အော်ဟစ်လျက် ခြေဆယ်လှမ်း ဆုတ်လိုက်ရသည်။ သို့သော် အရှိန်မထိန်းနိုင်ဘဲ နံရံကို ရိုက်မိသွား၏။
“ ကောင်စုတ် မင်းက ငါ့ကို ချောင်းတိုက်ရဲတယ် ဟုတ်လား”
ထန်းယွီကျဲ့က ဒေါသထွက်သွားပြီး လုယွီကို ဓားဖြင့် ချိန်လျက် ခုန်ဝင်လာသည်။
လုယွီက နေရာမှပင် မရွေ့ပေ။ သူက လက်ဝါးကိုသာ အသာမြောက်လျက် ကာလိုက်သည်။ သို့သော် လက်ဝါးမှ အားက လေကိုပင် ပိုင်းဖြတ်နိုင်လေရာ ဓားကိုပင် နောက်သို့ ရွေ့သွားစေလေသည်။ အကွက်တစ်ဝက်ထဲနှင့်တင် ဓားက အတားခံရသည်။
ထို့နောက် ထန်းယွီကျဲ့၏ ဓားချီက ပေါက်ထွက်လာသည်။ လုယွီက ရှေ့တိုးလာသည်။ သူ ခြေတစ်လှမ်း လှမ်းရုံထဲနှင့် ထန်းယွီကျဲ့၏ ကော်လံကို ဆွဲကိုင်လိုက်နိုင်ကာ ကိုင်မြောက်ပစ်လိုက်သည်။
အခြားသော သူများအားလုံး ကြောင်အကုန်သည်။
‘ ဘာတွေဖြစ်နေတာလဲ’
ပြောရလျင် ထန်းယွီကျဲ့က အတွင်းစည်း တပည့် ဂိုဏ်းသား ဖြစ်ကတည်းက သူ၏ အဆင့်က မနိမ့်ပေ။ သို့သော် တဖက်ကမူ အပြင်ဂိုဏ်းသားဖြစ်သည့်အပြင် စားဖိုဆောင်မှသာ ဖြစ်သည်။
ထန်းယွီကျဲ့က သည်လူများအတွင်းတွင် အစွမ်းအထက်ဆုံးဖြစ်သည်။ သို့သော် လုယွီ၏ရှေ့တွင် လူကြီးရှေ့ရောက်နေသော သုံးနှစ်သားလောက်ပင် လုပ်နိုင်စွမ်း မရှိပေ။
“ ဒီကောင်က နတ်ဆိုးသိုင်း ကျင့်ထားတာ ဖြစ်မယ်။ ငါတို့ အားလုံး ပေါင်းပြီး သူကို သတ်ရမယ်”
ထန်းယွီကျဲ့က အော်သည်။
အားလုံး အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့၏ မျက်ဝန်းများအတွင်း လောဘများကို မြင်နိုင်သည်။ သူတို့သာ လုယွီကို သတ်လိုက်သမျှ ကာလပတ်လုံး အခန်းထဲရှိ ပစ္စည်းတိုင်းက သူတို့အပိုင် ဖြစ်လာလိမ့်မည်။
“ နင် လုပ်ရဲလား”
ဖန်းရှီကျင်းက လုယွီ၏ အရှေ့တွင် ရပ်လျက် ဓားဖြင့် ကာသည်။ သူမ၏ မျက်နှာက ခက်ထန်နေ၏။
ထန်းယွီကျဲ့၏ မျက်နှာကလည်း အလားတူ မာတင်းလာသည်။
“ ခွေးမ ငါက မင်းကို ဒီအခြေအနေအထိ မျက်နှာသာ ပေးပြီးပြီ။ ဒါတောင် နားမလည်သေးဘူးဆိုမှတော့ ညီအစ်ကိုတို့ ငါတို့ ဝိုင်းပြီး ဆုံးမပေးလိုက်ရအောင်”
ထို့နောက် သူက ဦးဆောင်ကာ လက်နက်ကို ကိုင်စွဲလျက် ပြေးဝင်လာသည်။
သူတို့အားလုံးထဲတွင် သူမက စွမ်းအားကြီးသော်လည်း အဆင့်တူ လူအုပ်နှင့် တစ်ယောက် ရင်ဆိုင်ရရာတွင် သူမဘက်က အားသာလိမ့်မည် မဟုတ်ပေ။ ထိုအခိုက် သူမအပေါ် ကျရောက်လာသည့် ဖိအားက အလွန်များလာသည်။
ထန်းယွီကျဲ့က ရုတ်တရက် သူ့အား လက်သီးတစ်လုံးဖြင့် ထိုးလိုက်ကြောင်း ခံစားလိုက်ရသည်။ ဘာဖြစ်မှန်း မသိသေးခင်မှာတင် လွင့်ထွက်သွားပြီး သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။
ဝုန်း ဝုန်း ဝုန်း
ထို့နောက် ဆက်တိုက် ပေါက်ကွဲသံများကို ကြားလိုက်ရသည်။ နောက်မှ လူတိုင်းလည်း လွင့်ထွက်ကုန်သည်။ လုယွီက ရှေ့တက်လာကာ ထန်းယွီကျဲ့၏ ကိုယ်ကို တက်နင်းလျက် မြေထဲ နစ်ဝင်စေသည်။
“ ပစ္စည်းတွေ အကုန်ချပြီး ထွက်သွားလို့ ငါ ပြောခဲ့တယ်”
အပိုင်း ၁၀၈၈
လုယွီက ထန်းယွီကျဲ့၏ ကိုယ်ကို နင်းချေသည်။ ထိုအခိုက် သူ၏တစ်ကိုယ်လုံးမှ မှော်စွမ်းအားများ ထိုးထွက်နေသဖြင့် ပြင်းထန်သည့် ဖိအားက ထန်းယွီကျဲ့၏ကိုယ်ပေါ် စုံပုံကျရောက်ကုန်တော့သည်။
ထန်းယွီကျဲ့သည် တဖက်သူကသာ အားပိုထည့်လိုက်လျင် သူ ချက်ချင်း သေသွားနိုင်သည်ဟု ခံစားလိုက်ရသည်။
“ မင်းက စွမ်းအားကြီးတော့ ဘာဖြစ်လဲ၊ ငါ့အဖေက ယွန်ရှန်းဂိုဏ်းက အတွင်းစည်းအကြီးအကဲပဲ၊ ငါသာ အချက်ပြ စေလွှတ်လိုက်ရင်သူ ချက်ချင်း ရောက်လာလိမ့်မယ်။ အဲဒီအခါ မင်း ဘာဖြစ်မယ်ထင်လဲ”
ထန်းယွီကျဲ့က အားတင်းကာ ပြောသည်။
လုယွီ၏ မျက်ဝန်းက အေးစက်သွားလျက် သူ၏ လည်ပင်းကို လက်သီးဖြင့် ထိုးသည်။
“ မင်းယုံလား ငါ မင်းကို မင်းလူတွေ မလာခင် သတ်လိုက်လို့ရတယ်”
လုယွီ၏ အေးစက်သော အကြည့်အောက်တွင် ထန်းယွီကျဲ့ တုန်ယင်သွားလေသည်။ သူ ဘာမှဆက်မလုပ်ရဲတော့ပေ။
သူက နောက်ခံသုံးကာ လေကြီးရဲသူဖြစ်ပြီး လုယွီကမူ အစစ်အမှန် စွမ်းအားကြီးသူဖြစ်သည်။ တဖက်မှ အကူများ မလာခင် သူ သေသွားလျင် နောက်ပိုင်း ကလဲ့စားချေပေးမည်ဆိုလျင်ပင် သူ့အတွက် ဘာအကျိုးအမြတ်မှ မရှိတော့ပေ။
“ ငါက ဉာဏ်နည်းပြီး ထိုက်တောင်ကို မြင့်မှန်း မသိဖြစ်ခဲ့ပါတယ်။ ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ”
ထန်းယွီကျဲ့က အံကြိတ်လျက် ပြောသည်။ သူက ဂါရဝပြုရန် ကိုယ်ကို ငုံ့ကိုင်းလိုက်၏။ သူသာ သည်နာကျင်မှုကို တောင့်ထားနိုင်လျင် နောက်ပိုင်း ကလဲ့စားချေနိုင်လိမ့်မည်။
လုယွီက ဖျော့တော့စွာ ပြောသည်။
“ မင်းက ငါ့ပစ္စည်းတွေ ယူဖို့ကြံရဲတော့ ငါက သင်ခန်းစာ ပေးရမယ်။ မင်းရဲ့အိတ်ကို ထားခဲ့ပြီး သွားတော့”
ထန်းယွီကျဲ့လည်း မနာခံဘဲ မနေရဲပေ။ သူက အိတ်ကို ချလိုက်ရသည်။ အိတ်ကို ထားခဲ့ရချိန်တွင် သူ၏ နှလုံးသားက သွေးစိမ်းရှင်ရှင် ထွက်လေသည်။ ထိုအိတ်ထဲတွင် သူ သိုလှောင်ထားသမျှ ရတနာတိုင်း ရှိနေသည်။
လုယွီက အိတ်ကို အလေးချိန် ချိန်မကြည့်သည်။ ထို့နောက် အခြားသူများကိုလည်း အိတ်များ ထားခဲ့ခိုင်းသည်။
ထိုသူများကလည်း ထန်းယွီကျဲ့၏ အဖြစ်ကို မြင်ပြီးဖြစ်လေရာ မတုန့်ဆိုင်းရဲတော့ဘဲ ထားခဲ့ကြလေသည်။
“ ဒါက သင်ခန်းစာပေးတာပဲ။ ဒါကိုမှ လက်မခံဘဲ ထပ်ပြဿနာရှာရဲရင် မင်းတို့ရဲ့ အသက်ကို ပေးရမယ်”
ထို့နောက် အားလုံး အပြင်ထွက်သွားကြသည်။ အပြင်ရောက်မှသာ သူတို့ အသက်၀၀ ရှူရဲကြသည်။ ဂူအတွင်းတွင် သူတို့၏ ကိုယ်က လေးပင်နေပြီး ကောင်းကောင်းပင် အသက်မရှူရဲကြပေ။ လုယွီ၏ ဖိအားက ကြီးလွန်းသည်။
“ သခင်လေးထန်း ဒီကောင်က ဘယ်သူလဲ၊ သူက ဘာလို့ ဒီလောက် စွမ်းအားကြီးနေတာလဲ”
လူတစ်ယောက်က အံကြိတ်ကာ ပြောသည်။ အားလုံး အံကြိတ်ထားကြသည်။
ထိုသိုလှောင်အိတ်က သူတို့၏ အမွေအနှစ်ဖြစ်သည်။ ထိုအိတ်ပါသွားခြင်းကို သူတို့ လက်မခံလိုကြပေ။
ထန်းယွီကျဲ့က အံကြိတ်ကာ ပြောသည်။
“ မမေ့နဲ့ တော်ဝင်ဘိုးဘေးရဲ့ အမွေဆက်ခံသူကို ရွေးချယ်တော့မှာလေ”
အခြားသူများ အံ့သြသွားကြသည်။
“ အခုတလော အရှုပ်အထွေးတွေ ဖြစ်နေတယ်။ စွမ်းအားကြီးပုဂ္ဂိုလ်တွေ အများကြီး ထွက်လာနေတာက ဒီကိစ္စကြောင့်လား”
“ ဟမ်း ဒီကောင်က ကိုယ့်အဆင့်ကို မသိတာပဲ။ ငါက ဒါမျိုးကို လွှတ်ပေးမတဲ့လား”
……
ဂူအတွင်းတွင်….
လုယွီက အခန်းတွင်းမှ စိတ်ဝိဉာဉ်ကျောက်တုံးများနှင့် ဆေးပင်များကို ယူသည်။
“ ကျန်တာကို မင်းယူနိုင်တယ်။ ငါ့အတွက် မလိုဘူး။ နောက်ပြီး အပြင်က ရေခဲကြာပန်းလည်း မင်း ယူနိုင်တယ်။ ငါ့အတွက် အသုံးမဝင်ဘူး”
ဖန်းရှီကျင်းက အံ့သြမှုမှ မသက်သာသေးချေ။ လုယွီ၏ စကားကို ကြားသော် သူမက ချက်ချင်းလိုလို ပစ္စည်းများကို ယူသည်။ထို့နောက် ပြော၏။
“ စားဖိုဆောင်က အပြင်ဂိုဏ်းလို့သတ်မှတ်ပေမဲ့ သူတို့လည်း ရှင်သန်ဖို့ အရင်းအမြစ်လိုတာပဲလေ။ နင် လက်ဆောင်ကောင်းမပြနိုင်ရင် နင့်ရဲ့နေရာက ဘယ်တိုးတက်မှာလဲ”
သူမက မျက်တောင် တဖျက်ဖျက် ခတ်လျက် မေးသည်။
အပိုင်း ၁၀၈၉
လုယွီပင် မဖြေရသေးခင်မှာတင် ဖန်းရှီကျင်းက သတိရသွားဟန်ဖြင့် ပြောသည်။
“ ငါ နားလည်ပြီ၊ နင်က တော်ဝင်ဘိုးဘေးရဲ့ အမွေဆက်ခံပွဲကို ဝင်ပြိုင်မလို့ မဟုတ်လား”
လုယွီက တိတ်သွားသည်။ ပြောရလျင် ထိုအကြောင်းကို ဖန်းယွန်၏ မှတ်ဉာဏ်အတွင်း သူ တွေ့ခဲ့သည်။ မူလဖန်းယွန်က အပြင်ဂိုဏ်းသားသာ ဖြစ်ရာ ဘာမှသေချာ မသိပေ။
လုယွီက တိတ်နေကြောင်း မြင်သော် ဖန်းရှီကျင်းက သေချာသွားဟန်ဖြင့် ဆက်ပြောလာသည်။
“ တော်ဝင်ဘိုးဘေးရဲ့ အမွေအနှစ်ကို ရလိုက်ရင် နင်က သူ့ရဲ့အဆင့်လွန်အဆင့် စွမ်းအားတွေကို တိုက်ရိုက် ဆက်ခံနိုင်မှာပဲ။ ဒီလိုဆိုရင် တစ်ခါတည်း အဆင့်တွေ အများကြီး တက်သွားလိမ့်မယ်။ “’
‘ တော်ဝင်ဘိုးဘေးတဲ့လား’
လုယွီ၏ နှလုံးသားက တစ်ချက် ဆောင့်ခုန်သွားသည်။ သူက ပြောသည်။
“ ကျေးဇူးပြုပြီး ငါ့ကို ပြောပြပါ။ ငါက အပြင်စည်းတပည့် ဂိုဏ်းသားဆိုတော့ သေချာ မသိဘူး”
ဖန်းရှီကျင်းက ပတ်ဝန်းကျင်ကို တချက်ကြည့်သည်။
“ ပြောရရင် ထန်းယွီကျဲ့က ယွန်ရှန်းဂိုဏ်းကို ပြန်ပြီး ဆရာကို သွားခေါ်လိမ့်မယ်။ ငါတို့ လမ်းလျှောက်ရင်း ပြောတာပေါ့”
လမ်းတွင် ဖန်းရှီကျင်းက သူမ သိထားသမျှကို ပြောပြသည်။
သူမ၏ ပြောစကားအရ ထိုအခမ်းအနားက ရေခဲနယ်မြေတွင် ဆယ်နှစ်တစ်ကြိမ် ကျင်းပသည့် အလွန်ခမ်းနားသော ပွဲကြီးဖြစ်သည်။ အသက်သုံးဆယ် အောက်မှ ဘိုးဘေးအဆင့်ရောက်သူ တိုင်း ဝင်ပါနိုင်ကြသည်။ သူတို့က ယှဉ်ပြိုင်ရင်း ဘိုးဘေးရဲ့ အမွေအနှစ်ကို ရရှိနိုင်စွမ်းရှိသည်။
သို့သော် လူတိုင်းဟု သတ်မှတ်နိုင်ခြင်းမရှိပေ။ ဝင်ပြိုင်လိုလျင် အင်အားစုကြီး တစ်ခု၏ ထောက်ခံမှု လိုအပ်သည်။သို့မှသာ ဝင်ပြိုင်နိုင်မည် ဖြစ်သည်။ ထို့အပြင် လုယွီက တော်ဝင်ဘိုးဘေး၏ အကြောင်းကိုလည်း သိလိုက်ရသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာ အကြာက ရေခဲနယ်မြေက ပျက်စီးပြီး နေရာအနှံ့ တိုက်ပွဲများစွာ ဖြစ်လျက် သွေးကွဲနေခဲ့သည်။ သို့သော် ထိုအချိန်တွင် လူတစ်ယောက် မွေးဖွားလာသည်။ သူက ရေခဲနယ်မြေကို ပြန်လည် စုစည်းပြီး ပြင်းထန်သော စွမ်းအားများဖြင့် အုပ်ချုပ်သည်။ သူ့အား တော်ဝင်ဘိုးဘေးဟု ခေါ်ကြသည်။
မည်သူကမျှ သူ၏ ရုပ်ရည်အစစ်အမှန်ကို မသိကြပေ။ သို့သော် အဆင့်လွန် ပညာရှင်များကပင် သူ့အား သစ္စာခံကြကြောင်းကို လူတိုင်း သိသည်။ ကောလဟာလအရ သူက အဆင့်လွန်ပညာရှင်များကိုပင် သင်ကြားပြသပေးသည်ဟု ဆိုသည်။
‘ တိရှား ဘိုးဘေးက အဲဒီမှာ ပုန်းနေတာပဲ’
လုယွီ၏ မျက်ဝန်းက အေးစက်လာသည်။
သူ့အား လိုက်သတ်ကြသည်မှာ သူက မြောက်ပိုင်းနယ်မြေတွင် ကျော်ကြားလာသောကြောင့် ဖြစ်နိုင်သည်။ သူကသာ ယို့မင်ထောင်ကျွင်းဖြစ်ကြောင်း သိသွားကြလျင် ငယ်သားများကို စေလွှတ်မည့်အစား ကိုယ်တိုင် လာသတ်လောက်သည်။
ထို့နောက် သူတို့နှစ်ယောက်က မြောက်ပိုင်းနယ်မြေကို ကျော်ဖြတ်ကာ ထိုက်ရိဂိုဏ်းသို့ ပြန်ကြသည်။တောင်တန်းတစ်ခုလုံးက ကြီးမားသော ကျွန်းကြီးပေါ်တွင် တည်ရှိသည်။ ကျွန်းပတ်ပတ်လည်ကို ကောင်းကင်သို့ ထိုးတက်နေသည့် အလင်းတိုင်များက ဝိုင်းထားသည်။ ဒါက အကာအကွယ်လွှာ ဝင်္ကပါကြီးဖြစ်သည်။
ကျွန်းပေါ်တွင် မြောက်များလှသော အဆောင်များရှိသည်။ ထိုနေရာတွင် အလွန်ပြင်းထန်သော အရှိန်အဝါတစ်ခုရှိနေပြီး လူအများကို စိတ်အေးချမ်းစေသည်။ သူတို့နှစ်ယောက်က တံဆိပ်ပြားများ ပြပြီး အထဲသို့ ဝင်သည်။
“ ငါ့ကို ဒီမှာ ခဏစောင့်”
ထို့နောက် ဖန်းရှီကျင်းက အဝေးသို့ ပျံသန်းသွားသည်။ သူမ ပြန်လာချိန်တွင် လုယွီကို တံဆိပ်ပြား တောင်းသည်။ထို့နောက် ပြန်ပေး၏။ထိုအချိန်တွင် လုယွီ၏ တံဆိပ်ပြားတွင် အမှတ် တစ်သောင်းဆိုသည့် ဂဏန်းက ပေါ်နေလေသည်။
ဂိုဏ်းတိုင်းတွင် သည်လို အကျိုးအမြတ် အမှတ်များက လိုအပ်သည့် ပစ္စည်းများနှင့် လဲလှယ်နိုင်ကြသည်။ ယခုလည်း အလားတူသာ ဖြစ်သည်။
“ နင့်ကြောင့်နဲ့ ငါ ပစ္စည်းကောင်းတွေ အများကြီး ရလိုက်တယ်။ ဒါပေမဲ့ အမှတ်ကိုတော့ ငါ ဒီလောက်ပဲ ပြန်ပေးနိုင်တယ်”
ဖန်းရှီကျင်းက ပြုံးသည်။
အပိုင်း ၁၀၉၀
လုယွီက ခါးတံဆိပ်ပြားကို ကောက်ကိုင်လျက် ပြောသည်။
“ ကျေးဇူးအများကြီး တင်ပါတယ်”
ဖန်းရှီကျင်းက တခစ်ခစ် ရယ်သည်။
“ ဂျူနီယာ ဂိုဏ်းတူမောင်လေးက နောက်နေပြန်ပါပြီ။ ဒီတစ်ကြိမ်က နင်ကိုယ်တိုင် လုပ်နိုင်စွမ်းရှိလို့ ရတာပဲလေ။ နင့်ရဲ့ လက်ရှိစွမ်းအားနဲ့ဆိုရင် အတွင်းစည်းတပည့်ဂိုဏ်းသားဖြစ်ဖို့တောင် ပြဿနာ မရှိနိုင်ဘူး။ အပြင်လောကကို သွားတဲ့အခါ ငါ နင့်ကိုပဲ မှီခိုရလောက်တယ်”
ဖန်းရှီကျင်းက ထွက်သွားတော့မည့်အချိန်တွင် လုယွီကို သတင်းပို့ပင်ကွင်းတစ်ကောင် ပေးလာသည်။ သူ လိုအပ်လျင် သူမအား ဆက်သွယ်နိုင်သည်ဟု ဆို၏။
ကြီးမားသော ထိုက်ရိဂိုဏ်းကို ကြည့်လိုက်ချိန်တွင် လုယွီ၏ မျက်ဝန်းက အေးစက်လာသည်။
‘တိရှားဘိုးဘေး ခင်များ ငါနဲ့မတွေ့ခင်တော့ အသက်ရှင်အောင် ဆက်ထိန်းထားပါဦး’
လုယွီက ပြုံးသည်။ ဖန်းရှီကျင်း၏ စကားအရ အဆင့်လွန်အဆင့်များပင် တိရှားဘိုးဘေး၏ တည်နေရာကို မသိပေ။
ပုံမှန်အားဖြင့် တော်ဝင်ဖခင်ဆိုသူ၏ အကြောင်းကြားချက်ဖြင့် ဆုံတွေ့မည့်နေရာကို အဆင့်လွန်အဆင့်များက သွားတွေ့ရခြင်းဖြစ်သည်။ သူသာ အနိုင်ရလျင် တော်ဝင်ဘိုးဘေးနှင့် တွေ့ဆုံရနိုင်ချေရှိသည်။
လုယွီ၏ အဆင့်တက်နှုန်းက မြန်သော်လည်း တိရှားဘိုးဘေးကို ဝါးမြိုလျင် ပိုမြန်သွားပေလိမ့်မည်။ တဖက်သူ၏ သတင်းစကိုလည်း ရပြီးဖြစ်လေရာ သူ အခွင့်ကောင်းကို လက်ခံပေးသင့်၏။
စာဖိုဆောင် မီးတောက် စံအိမ်….
ထိုက်ရိဂိုဏ်းကို အဓိက၊အတွင်းနှင့် အပြင် ဂိုဏ်းများဟု ခွဲထားသည်။ ဖန်းယွန်က မူလက အပြင်စည်းဂိုဏ်းမှ စားဖိုဆောင်ခြံဝန်း၏ နိမ့်ကျသော တပည့်ဂိုဏ်းသား တစ်ယောက်မျှသာ ဖြစ်သည်။
သူတို့က အပြင်ဂိုဏ်းတွင် ဖြစ်လေရာ အချိန်တစ်ခုကြာပြီး လုပ်နိုင်စွမ်းအားမြင့်လျင် နေရာမြင့်လာပေလိမ့်မည်။ ထူးခြားသော ဖိအားမရှိပေ။
‘ဒါပေမဲ့ ဒီကောင်က အဆင့်အတော်နိမ့်တယ်’
လုယွီက စားဖိုဆောင် မီးတောက် စံအိမ်သို့ ခြေလှမ်းဝင်လိုက်သည်နှင့် မှတ်ဉာဏ်များက သူ့ထံ ပြုံတိုးဝင်လာသည်။ဒါက ဖန်းယွန်၏ မှတ်ဉာဏ်များ ဖြစ်သည်။
ဖန်းယွန်က အလုပ်သမားအဆင့်တွင် တောင်အောက်သို့ ဆင်းကာ ရေထမ်းရသည်။ထိုအချိန်တွင် မတော်တဆ ရေကန်တစ်ခုအတွင်းပြုတ်ကျသွားခဲ့ပြီး ရေချိုးနေသော အတွင်းစည်း တပည့်ဂိုဏ်းသူတစ်ယောက်ကို မြင်လိုက်ရသည်။
ဒါက မတော်တဆဖြစ်သော်လည်း ထိုအမျိုးသမီးက ဒေါသထွက်ပြီး ဖန်းယွန်ကို ရိုက်နှက်ခဲ့သည်။ ကံကောင်းစွာဖြင့် အကြီးအကဲတစ်ယောက် ရောက်လာပြီး ဖြန်ဖျေပေးခဲ့သည်။ အမျိုးသမီးကလည်း သိက္ခာမကျလိုသဖြင့် လက်လျှော့လိုက်၏။
သို့သော် ထိုအမျိုုးသမီး၏ တာအို အပေါင်းအဖော်က တာအိုဆရာသခင်တစ်ယောက် ဖြစ်နေခဲ့သည်။ သူ၏ အဆင့်က အတွင်းစည်း အကြီးအကဲများနှင့် ယှဉ်နိုင်သည်။