အခန်း (၁၀၉၆-၁၁၀၀)
Vol. 58 Ch. 1096-1100
အပိုင်း ၁၀၉၆
အခြားတဖက်တွင်…
စားဖိုဆောင်မီးတောက် ခြံဝန်းမှ လူအုပ်ကို ရွှီရှန်းထျန်း၏ ကျွန်းသို့ ခေါ်သွားသည်။ လက်ရှိတွင် သူတို့အားလုံး ခြံဝန်းငယ်တစ်ခုတွင် ရှိနေကြလေသည်။
“ အားလုံးပဲ ရွှီရှန်းထျန်းက ငါတို့ကို ကတိပေးထားတယ်။ ဒီကိစ္စ ပြီးသွားရင် မင်းတို့အားလုံး ထိပေ့ထန်း ကျောင်းတော်ကို ဝင်နိုင်ပြီး ဒီနေရာမှာ ဆက်နေဖို့ မလိုတော့ဘူး”
ခေါင်းဆောင်က အပြုံးကြီးဖြင့် ပြောသည်။
ထိပေ့ထန်း ကျောင်းတော်က အပြင်စည်းဂိုဏ်းတွင် အရေးကြီးသော နေရာဖြစ်ကာ အရင်းအမြစ်လည်း ကောင်းသဖြင့် စားဖိုဆောင် မီးတောက်ခြံဝန်းထက် အဆများစွာ သာသည်။
နောက်တစ်ရက်တွင်….
စားဖိုဆောင်မီးတောက် ခြံဝန်းတွင် ကျန်နေရစ်ခဲ့သော အစေခံများအားလုံး အန္တရာယ်ကြား ရောက်နေလေသည်။
မနေ့ကတည်းက သတင်းရထားပြီးသဖြင့် သည်နေ့တွင် အားလုံး ဝမ်းနည်းနေကြလေသည်။ သို့ရာတွင် လုယွီကမူ တည်ငြိမ်နေသည်။ တစ်ညတာ စဉ်းစားပြီးသဖြင့် ဘာလုပ်ရမည်ဖြစ်ကြောင်း သူ သိနေလေပြီ။
“ ငါ ဒီမှာ ချက်ပြုတ်ဖို့ တာဝန်ယူတယ်။ မင်းတို့က ခန်းမမှာသာ ဧည့်ခံပါ”
သူက ပြောသည်။
ယန်ရွှင်းက ဝမ်းနည်းစွာ ပြောသည်။
“ အစ်ကိုဖန်း အစ်ကို ဝမ်းမနည်းနေပါဘူးနော်….”
ယခင်ဖန်းယွန်ဆိုလျင် ဝမ်းနည်းနေလောက်သည်၊ သို့သော် လက်ရှိတွင် သူက လုယွီဖြစ်နေသည်။
လုယွီက ခေါင်းခါသည်။
“ ငါ ဝမ်းနည်းဖို့ မအားဘူး၊ မင်းတို့သာ ထွက်သွားကြ”
ယန်ရွှင်းလည်း နားမလည်သော်လည်း အစေခံများကို ခေါ်ကာ ခန်းမသို့ ပြင်ဆင်ရန် ထွက်သွားလေသည်။
လုယွီက သူ၏ အရှေ့ရှိ စားစရာများကို ကြည့်ပြီး လက်ဖဝါးမှ ရွှေရောင်မီးတောက်ကို ထုတ်လွှတ်သည်။
“ တစ်ရက်မှာ အခြားသူတွေအတွက် ပြန်ချက်ပေးရလိမ့်မယ်လို့ မထင်ထားဘူး”
လုယွီက ခါးသီးစွာ ရယ်လျက် ခေါင်းခါသည်။
သူ၏ ယခင်ဘဝတွင် မီးဖိုချောင်အကူ လုပ်ခဲ့ဖူးသေးသည်။ထို့နောက် သူ၏ ထူးချွန်မှုကြောင့် လုယွီက အဓိက ဂိုဏ်းကြီးမှ ဆရာသခင်တစ်ယောက်၏ တပည့်အဖြစ် တက်လှမ်းနိုင်ခဲ့သည်။
သူ၏ စိတ်အတွင်း ဟင်းချက်အညွှန်းကို တွေးတောပြီးသည်နှင့် မီးတောက်ကို ဆင့်ခေါ်ကာ သန့်စင်လိုက်သည်။ သူက တိုက်ရိုက်သန့်စင်လိုက်ခြင်းဖြစ်သည်။ သည်လိုသန့်စင်ခြင်းက စိတ်စွမ်းအားအလွန်ကုန်ခမ်း စေသဖြင့် သာမန်ဘုန်းတော်ကြီးများဆိုလျင် တစ်နာရီ နှစ်နာရီခန့်သာ အများဆုံး လုပ်နိုင်ကြသည်။ သို့သော် လုယွီက သာမန်မဟုတ်ပေ။
လုယွီ၏ ပတ်ပတ်လည်ရှိ လေဟာနယ်ပြင်တွင် ချက်ပြုတ်သန့်စင်ပြီးသား ဟင်းများက လွင့်နေလေသည်။ သူတို့ကို ကောင်းကင်ဧကရာဇ်၏ မီးလျှံဖြင့် သန့်စင်ထားလေရာ အလွန်အမင်း ပြင်းထန်သည့် မွှေးရနံ့ကို ထုတ်လွှတ်နေတော့သည်။
………..
အခြားတဖက်တွင်…..
လေ့ကျင့်ရေးကွင်းပြင်တွင် ထိုက်ရိတာအိုဂိုဏ်းနှင့် နှင်းပျံဂိုဏ်းမှ ဂိုဏ်းသားများ စုစည်းနေကြသည်။ ရုတ်တရက် စင်မြင့်ပေါ်မှတဆင့် ထိုက်ရိတာအိုဂိုဏ်းမှ ဂိုဏ်းသားတစ်ယောက်က လွင့်ထွက်သွားသည်။ စင်မြင့်ပေါ်တွင် ဆံပင်အနီနှင့် လူငယ်က ရယ်လျက် ရှိနေကာ ပြောသည်။
“ဒါက ထိုက်ရိဂိုဏ်းရဲ့ အပြင်စည်းတပည့်တွေရဲ့ အင်အားလား။ မင်းတို့ရဲ့ အပြင်စည်းဂိုဏ်းစာရင်းမှာ အဆင့်သုံးရတဲ့သူကတောင်မှ အသုံးမဝင်ပါလား”
အောက်ဘက်ရှိ နှင်းပျံဂိုဏ်းမှ လူတွေကမူ ကျေနပ်ဂုဏ်ယူစွာ ပြုံးနေကြလေသည်။
“ လင်းဟုန် လာ မင်း ခဏဆင်းပြီး နားလိုက်ပါဦး”
လူငယ်တစ်ယောက်က ပျော်ရွှင်စွာ ပြောသည်။
အနီရောင်နှင့် လူငယ်ကရယ်သည်။
“ ကိစ္စမရှိဘူး ဂိုဏ်းတူအစ်ကို၊ သူတို့အဆင့်လောက်က ကျွန်တော်နဲ့ ရတယ်”
အခြားသူများလည်း ဒေါသထွက်သွားကြတော့သည်။ ရုတ်တရက် ထိုက်ရိဂိုဏ်းမှ အဖြူရောင် လူငယ်တစ်ယောက်က စင်ပေါ် ခုန်တက်လာသည်။
“ လင်းဟုန် ဟုတ်လား၊ မင်းကို ငါ ရှင်းမယ်”
လင်းဟုန်က မျက်နှာမဲ့သည်။
“ အဆင့်သုံးတောင် ငါ့ကို မနိုင်တာ မင်းက ဘယ်သူလဲ”
“ ငါက အဆင့်ရှစ်၊ ဒါပေမဲ့ မင်းကို ရင်ဆိုင်ဖို့တော့ လုံလောက်တယ်”
သို့သော် ထိုအချိန်တွင် လင်းဟုန်က လက်ဝါးဖြင့် ရိုက်ချလာပြီဖြစ်သည်။ အဖြူရောင်ဝတ်စုံနှင့် လူငယ်မှာ ဖိအားများသွားသည်။ သူ အလျင်အမြန် ခုခံသော်လည်း နောက်ကျသွားလေပြီ။
ဝုန်း
သူက ကွင်းပြင်သို့ လွင့်ထွက်သွားပြီး အရိုးကျိုးသံများကိုပင် ကြားလိုက်ရလေသည်။ အခြားသူများက သူ့အား ဝိုင်းထူပေးကြရသည်။
အပြင်စည်းဂိုဏ်း အကြီးအကဲ ကျောက်မင်ကျဲ၏ မျက်နှာက မည်းမှောင်နေသည်။သူက ထိုအဖြူရောင်ဝတ်စုံနှင့် တပည့်ဂိုဏ်းသားကို အနည်းငယ် ညွှန်ပြဖူးလေသည်။ သို့သော် တကယ်တမ်း တိုက်ခိုက်သည့်အခါ ဒဏ်ရာ အနည်းငယ် လျော့ပါးသွားရုံလောက်သာ ရှိနေ၏။
သူက အေးစက်စွာ ပြောသည်။
“ နှင်းပျံဂိုဏ်းက တကယ် လွန်တာပဲ၊ ဒီရိုက်ချက်ကိုသာ အားထပ်ထည့်ထားရင် သူ ထပ် ကျင့်ကြံနိုင်တော့မယ် မထင်ဘူး”
“ အကြီးအကဲ မင်ကျဲ့ကတော့ နောက်နေပြန်ပါပြီနော်။ တို့တွေလည်း ရှင်တို့ ဂိုဏ်းသားတွေ ဒီလောက် ပျော့မယ် မထင်ထားဘူးလေ”
နှင်းပျံဂိုဏ်းမှ ခေါင်းဆောင်လာသည့် အကြီးအကဲက ရှောင်းရှုဟုခေါ်သည့် ဆွဲဆောင်မှုပြင်းသည့် အမျိုးသမီးဖြစ်သည်။
“ တို့ ကြားထားတဲ့ အတိုင်းဆိုရင် ရှင်တို့ရဲ့ အဆင့်တစ်နဲ့ နှစ်က မစ်ရှင်းလုပ်ဖို့ ထွက်သွားတယ်ဆိုပဲ။ ဆိုတော့ နှမြောစရာပေါ့ရှင်”
အပိုင်း ၁၀၉၇
ရှောင်းရှုက နှမြောစရာဟု ပြောနေသော်လည်း သူမ၏အမူအယာက တမျိုးဖြစ်နေသည်။
ကျောက်မင်ကျဲ့လည်း ဒေါသထွက်လာသည်။ သို့သော် သူ၏ တပည့်များက စွမ်းအား မလုံလောက်သည့်အခါ အားအင်မဲ့ရသည်။ ထိုမနက်တွင် တဖက်မှ လူသုံးထောင်ခေါ်လာပြီး ပွဲပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီးဖြစ်သည်။
သို့ရာတွင် ထိုက်ရိဂိုဏ်းမှ သုံးဆယ်ရာခိုင်နှုန်းသာ နိုင်ထားပြီး အရှက်ကွဲရသည်။
ကျောက်မင်ကျဲ့က ပြောသည်။
“ အကြီးအကဲရှောင်း ကောင်းလင်းနဲ့ ကျန်းကျန့်ပိုင်က အခု ဒီမှာ မရှိဘူး။ ဒါပေမဲ့ သူတို့ ပြန်လာတဲ့အခါ ထပ်တိုက်ခိုက်ခိုင်းကြမယ် ဘယ်လိုထင်လဲ”
ရှောင်းရှုက စိတ်ကောင်းဝင်နေသည်။ သူမက မျက်ခုံးကို ပင့်ကာ ပြောသည်။
“ အို သူတို့နဲ့ တိုက်ခိုက်ပြီး သူတို့ ထပ်ရှုံးသွားရင် ဘယ်လိုလုပ်ကြမလဲ နော်…. ရှင်တို့ဘက်က ယှဉ်နိုင်တဲ့သူ ရှိပါ့မလား”
အပြင်းအထန် တိုက်ခိုက်ပြီးသဖြင့် နှစ်ဘက်လုံး ပင်ပန်းနေကြလေပြီ။ ယခုကား နေ့လည်ဖြစ်သဖြင့် ပုံမှန်အတိုင်းဆိုလျင် အနားယူခိုင်းပြီး အစားအသောက်များ ဧည့်ခံရမည် ဖြစ်သည်။ ကျောက်မင်ကျဲ့က နှစ်ဖွဲ့လုံးကို အစားအသောက်ခန်းမသို့ ခေါ်လာသည်။
ထိုနေရာသို့ ရောက်ချိန်တွင် ယန်ရွှင်းတို့ကသာ ခင်းကျင်းပြင်ဆင်နေခြင်းကို မြင်ရသည်။သို့သော် အားလုံး စိတ်ဓာတ်ကျနေကြလေသည်။ စားပွဲပေါ်တွင်လည်း ဘာမှ ရှိမနေပေ။
ထိုအခြေအနေကို မြင်သော် ရှောင်းရှုက ရယ်သည်။
“ ကြည့်ရတာ ရှင်တို့ လူသုံးထောင်စာတောင် မပြင်ဆင်နိုင်ဘူး ထင်ပါတယ်။ အဆင်မပြေရင်လည်း ကျွန်မတို့ ပေးပါ့မယ်”
နှင်းပျံဂိုဏ်းသားများကလည်း ရယ်ကြသည်။ ကျောက်မင်ကျဲ့၏ မျက်နှာက မည်းမှောင်လာသည်။
“ စားစရာတွေက ဘယ်မှာလဲ။ မင်းတို့ စားဖိုဆောင်မီးတောက် ခြံဝန်းကို ငါ လူလွှတ်ပြီး အကြောင်းမကြားထားဘူးလား”
သူက အပြင်စည်းဂိုဏ်း အကြီးအကဲဖြစ်ပြီး ပြင်ပရေးရာကိုသာ တာဝန်ယူရသော်လည်း အတွင်းစည်းဂိုဏ်းမှ အထွေထွေ အကြီးအကဲများနှင့်ပင် အဆင့်တူလေသည်။ထို့ကြောင့် သူ၏ ကိုယ်မှ ထွက်လာသည့်ပြင်းထန်သည့် ဖိအားက ယန်ရွှင်းကို ချွေးပျံလာစေသည်။
“ အကြီးအကဲ စားဖိုဆောင်က ပြင်ဆင်နေကြပါပြီ။ သိပ်မကြာခင် ရတော့မှာပါ”
သို့သော် သူ အလွန် လန့်နေလေပြီ။ သည်နေ့ အပြစ်ဒဏ်မှ ပြေးလွတ်တော့မည် မထင်ပေ။ ရုတ်တရက် သူ၏ ပခုံးကို တစ်ယောက်က လာပုတ်သည်။
“ ဟင်းပွဲတွေက အသင့်ပဲ၊ သွားယူပြီး ခင်းကျင်းလိုက်တော့”
လုယွီက ပြောသည်။
ယန်ရွှင်းက အလျင်အမြန် ပြေးကာ ဟင်းပွဲများ သွားယူသည်။ထို့နောက် တပည့်ဂိုဏ်းသား တစ်ယောက်ဆီ၏ ရှေ့သို့ အဖုံးအုပ်ထားသည့် ဟင်းပွဲ တစ်ပွဲဆီ ချပေးသည်။
ရှောင်းရှုက ရယ်သည်။
“ တို့ တပည့်ဂိုဏ်းသားတွေကို ဧည့်ခံတာကလည်း နည်းလိုက်တာ။ ရှင်တို့ ဒီလောက် ဆင်းရဲမယ် မထင်ထားဘူး။ “
သေမျိုး စစ်သည်တော်များက နေ့တိုင်းလိုလို ပမာဏများစွာ စားသောက်မှသာ သွေးအဆီအနှစ် ပြည့်ဝလေသည်။ထို့ကြောင့် သူတို့စားသည့် ပမာဏက အလွန်များသည်။ယခုမူ တစ်ပွဲဆီသာ ချပေးထားရာ သူတောင်းစားကို ကျွေးသလို ဖြစ်နေလေသည်။
ကျောက်မင်ကျဲ့က လုယွီကို ကြည့်သည်။
“ မင်းက ဒီနေ့ တာဝန်ကျတဲ့ သူလား”
သူက သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ကြည့်သော်လည်း လုယွီက ခပ်အေးအေးသာ ရှိနေသည်။
“ ဟုတ်တယ်၊ အများကြီးစားရင် သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်အတွက် မကောင်းဘူး”
အပိုင်း ၁၀၉၈
‘ ဒီပန်းကန် သေးသေးလေးကိုသူတို့ မကုန်မှာ စိုးရိမ်နေတာလား’
လင်းဟုန်က ထိုက်ရိဂိုဏ်းမှ တပည့်များစွာကို အနိုင်ပိုင်းပြီးကာစဖြစ်သည်။
“ ထိုက်ရိဂိုဏ်းက ဆင်းရဲမှတော့ သူတို့ကို မျက်နှာသာ နည်းနည်းပေးလိုက်ရအောင်။ ဒါစားပြီးရင် တောင်အောက်ဆင်းပြီး အရသာရှိတာတွေ အပြည့် မှာစားကြစို့။ ငါတို့အတွက် အောင်ပွဲခံတဲ့ အထိန်းအမှတ်နဲ့ပေါ့”
ကျောက်မင်ကျဲ့၏ မျက်နှာက မည်းမှောင်လာသည်။ နေ့တဝက်တာ တိုက်ခိုက်ရန် ကျန်သေးသော်လည်း အားလုံးက သူတို့ နိုင်သွားသည့်အလား ပြောနေသည်မှာ သူ၏ အပြင်စည်းဂိုဏ်းကို ဂရုမစိုက်မှန်း သိသာသည်။ နဂိုကတည်းက တိုက်ပွဲကြောင့် ဒေါသထွက်နေသည့်သူက ယခုကိစ္စကြောင့် အခြေအနေ ပိုဆိုးသွားတော့သည်။
“ ကောင်းပြီ အခုကစပြီး မင်းက စားဖိုဆောင်က လူမဟုတ်တော့ဘူး၊ ငါ ပြန်လာရင် မင်းကို ကိုင်တွယ်မယ်”
ရုတ်တရက် ထောင့်တစ်နေရာမှ အော်သံ ထွက်လာသည်။ ကျောက်မင်ကျဲ့ အလျင်အမြန် ကြည့်လိုက်ချိန်တွင် လင်းဟုန်ကို မြင်လိုက်ရသည်။ယခင်ကလို အထင်တသေး အမူအယာ မရှိတော့ဘဲ အံ့သြနေဟန် ဖြစ်နေသည်။
သူ၏ အရှေ့တွင်ဟင်းတစ်ပွဲရှိနေသည်။သို့သော် ဒါက အဓိက အချက်မဟုတ်ပေ။ ထိုဟင်းပွဲပေါ်တွင် အပြာဖျော့ရောင် ဖီးနစ်က တောင်ပံခတ်နေသည့် ပုံရိပ်ကို မြင်လိုက်ရလေသည်။
လင်းဟုန်၏ မျက်လုံးများက တောက်ပလာသည်။
“ ဒီထဲမှာ စိတ်စွမ်းအား ပါနေတာလား”
အားလုံး အံ့သြသွားကြသည်။ အခြားသူများကလည်း ဟင်းပွဲများကို ဖွင့်ကြည့်လိုက်ရာ အမျိုးမျိုးသော ရုပ်ပုံများကို မြင်လိုက်ကြရသည်။ အရှိန်အဝါကလည်း ပြင်းထန်သည်။ ထိုသို့သော စိတ်စွမ်းအား အရှိန်အဝါက တုပနိုင်ခြင်းမရှိပေ။
အားလုံး အသက်ပြင်းပြင်း ရှူလိုက်ကြသည်။ထိုသို့ရှုလိုက်ရုံနှင့်တင် စွမ်းအားပြည့်သွားသလို ခံစားလိုက်ကြရလေသည်။
ရှောင်းရှုက အံ့သြတကြီး သူမ၏ ပန်းကန်ကို လှန်ကြည့်လိုက်သည်။ သူမက ပြော၏။
“ တို့ စကားပြင်ပြောမယ်။ ရှင်တို့ ဂိုဏ်းက တို့ဂိုဏ်းကို အရမ်း အလေးထားလွန်းတယ်”
ကျောက်မင်ကျဲ့လည်း အံ့သြနေသည်။ သူက လုယွီကို ကြည့်ကာ ပြောသည်။
“ ဒါတွေကို မင်း ချက်ထားတာလား”
“ မဟုတ်ရင် ခင်များ ချက်တာလား”
လုယွီက ပြန်ဖြေသည်။
အားလုံး တိတ်ဆိတ်ကုန်တော့သည်။သည်လိုဟင်းပွဲမျိုးကို သူတို့ စာအုပ်ထဲတွင်သာ ဖတ်ဖူးကြလေသည်။ တစ်ခါမှ မမြင်ဖူးကြချေ။
အပိုင်း ၁၀၉၉
ဒဏ္ဍာရီအရ စိတ်စွမ်းအားအဆင့်ဟင်းလျာများကို ဖန်တီးနိုင်စွမ်း ရှိသူများအားလုံးက အဂ္ဂိရက်နယ်ပယ်တွင် နှစ်ပေါင်းများစွာ လေ့လာထားခဲ့သော ကျွမ်းကျင်ပညာရှင်များဖြစ်ကြသည်။ ထိုလူများကသာလျှင် အပူမီးအရှိန် ထိန်းခြင်း နှင့် အမျိုးမျိုးသော ဟင်းလျာအညွှန်းများကို နားလည်ထားကြသည့်အတွက် ရင်းနှီးစွာဖန်တီးနိုင်စွမ်း ရှိကြခြင်းဖြစ်သည်။
ရှောင်းရှု့က အခြေအနေကို နားလည်သွားသည်။
“ကျောက်မင်ကျဲ့ ရှင်က စားဖိုဆောင်ကနေ ဒီမောင်ငယ်လေးကို နှင်ထုတ်လိုက်မှတော့ ငါတို့ဘက်က လက်ခံလိုက်တာ မကောင်းဘူးလား။”
သူမက တိုက်ရိုက်ပြောသည်။
စိတ်စွမ်းအင်ဟင်းလျာများကို လုပ်နိုင်စွမ်းရှိသူများကိုသာ ခေါ်ဆောင်နိုင်မည်ဆိုလျှင် သူမအတွက်အကျိုးအမြတ်ရပေလိမ့်မည်။
ကျောက်မင်ကျဲ့၏မျက်နှာက နီရဲသွားသည်။ သူကလည်း သည်လိုဖြစ်လာမည်ဟု မထင်ထားမိပေ။
လုယွီက ခေါင်းခါသည်။
“မလိုဘူး။”
သူ၏နှလုံးသားထဲတွင် ရှင်းလင်းပြီးသားဖြစ်သည်။ တစ်ဖက်က သာမန်အတိုင်း ပြောလိုက်ခြင်းမျှသာဖြစ်၏။ သူကသာ သည်လိုကိစ္စကြောင့် သည်နေရာကို သစ္စာဖောက်လိုက်လျှင် သူ၏ လက်ရှိအဆင့်အတန်းနှင့် ဝင်ခွင့်နေရာမရတော့မည်ကို စိုးရိမ်ရသည်။
“ကောင်းလိုက်တာ၊ ငါ ဒါကို စားပြီးသွားရင် စိတ်စွမ်းအားတွေ တိုးတက်သွားတော့မယ်လို့ ခံစားနေရတယ်။”
လင်းဟုန်က ထရပ်လျက် လုယွီကို လက်ညှိုးထိုးကာပြောသည်။
“ကောင်လေး သွား ငါ့အတွက် တစ်ပွဲသွားပြင်လိုက် မဟုတ်ဘူး၊ ဆယ်ပွဲပြင်လိုက်၊ ငါ ထုတ်ပြီး ယူသွားရမယ်။”
လုယွီက မျက်မှောင်ကြုတ်ကာ ပြောသည်။
“ဒီဟင်းလျာတစ်ပွဲမှာပါတဲ့ စွမ်းအင်တွေက မင်းရဲ့စွမ်းအားတွေကို ဖြည့်တင်းဖို့လုံလောက်တယ်၊ မင်း ဘယ်လောက်ထပ်စားစား ထပ်ပြည့်သွားမှာ မဟုတ်တော့ဘူး၊ ဒီတော့ အလကားဖြုန်းတီးတာဖြစ်သွားလိမ့်မယ်။”
သူ ချက်ပြုတ်ထားခဲ့သည့် သည်ဟင်းလျာတိုင်းတွင် တူညီသည့် စိတ်စွမ်းအင် အာနိသင်ပါပြီးသားဖြစ်သည်။ သူ့အရှေ့ရှိ လင်းဟုန်က အဆင့်နိမ့်မျှသာဖြစ်လေရာ ဟင်းလျာတစ်ပွဲကပင် သူ့အတွက် ရက်ပေါင်းများစွာ အချိန်ယူ ရမည်ဖြစ်သည်။
လင်းဟုန်က အေးစက်သောလေသံဖြင့်ပြောသည်။
“မင်းလို အပြင်စည်း တပည့်ဂိုဏ်းသားတစ်ယောက်လောက်က ငါ့ကို စကားတစ်ခွန်းကို ပြန်ပြောခိုင်းနေတာလား။”
ကျောက်မင်ကျဲ့ကလည်း လုယွီကို ကြည့်သည်။
“ဟင်းလျာနည်းနည်း သွားပြင်လိုက်။”
ထိုဟင်းလျာများကို လုယွီကိုယ်တိုင် လုပ်သည်လား သူ သိလိုသည်။ သို့သော် လုယွီက ခေါင်းခါပြီးပြော၏။
“ဒီနေ့ ငါ ဒီဟင်းပွဲတွေပဲ လုပ်မယ်၊ ဒါက သူတို့ကို ဧည့်ခံဖို့လုံလောက်ပြီ။”
ကျောက်မင်ကျဲ့က မျက်မှောင်ကြုတ်သည်။ သည်အပြင်စည်း တပည့်ဂိုဏ်းသားက သူ၏ အမိန့်ကိုမနာခံပေ။
“အကြီးအကဲကျောက် ဒီကောင်လေးက ဒီဟင်းလျာတွေကို သူကိုယ်တိုင် လုပ်ထားတာဖြစ်ရမယ်၊ ဒီလိုလုပ်နိုင်တာနဲ့ပဲ အကြီးအကဲရဲ့စကားကို နားမထောင်တော့ဘူး၊ သူ့ကိုမှ သင်ခန်းစာမပေးရင် ဘယ်သူက အနာဂါတ်မှာ နားထောင်တော့မှာလဲ။”
လင်းဟုန်က မတ်တပ်ထရပ်ပြီးနောက် လုယွီထံသို့ တိုက်ရိုက်ခုန်ဝင်သွားကာ အင်္ကျီကော်လံကိုဆွဲသည်။
“မြန်မြန်သွားလုပ်၊ ငါတို့ အနည်းဆုံးတစ်ပွဲလောက် ထပ်ထည့်ရမယ်။”
သို့ရာတွင် လုယွီက မလှုပ်ပေ။
“မင်းက ငြင်းချင်တာလား။”
လင်းဟုန်က ဒေါသထွက်လာကာ လက်မောင်းကို ရမ်းခါရန် ကြံစည်လိုက်၏။ သို့ရာတွင် လုယွီက ကျောက်တောင်တစ်ခုလား ရပ်နေရာ ရွေ့လျားအောင် လုပ်နိုင်စွမ်းပင်မရှိပေ။
သည်အရှုပ်အထွေးကိုမြင်သည့် ကျောက်မင်ကျဲ့က ချက်ချင်းဆိုသလို တားကာပြောသည်။
“မင်း နှင်းပျံဂိုဏ်းကလူတွေကို မြန်မြန်တောင်းပန်ပြီး ဟင်းတစ်ပွဲသွားလုပ်လိုက်။”
သူက သည်ကိစ္စကိုမကြီးစေချင်ပေ။ မည်သို့ပင်ဆိုစေ သည်ကိစ္စငယ်တစ်ခု လောက်က သူတို့ဂိုဏ်းနှစ်ခုကြား က တောက်ကဆဖြစ်သွားစေပေလိမ့်မည်။
လင်းဟုန်က နှင်းပျံဂိုဏ်း အပြင်စည်းဂိုဏ်းမှ အဆင့် ၂ ဝင်သူဖြစ်ပြီး အလွန်စွမ်းအားကြီးမားကာ အတွင်းစည်းဂိုဏ်း တပည့်ဂိုဏ်းသားဖြစ်ရန် အလားအလာရှိသည်။ ထို့ကြောင့် လုယွီက တောင်းပန်ရန်လိုအပ်၏။
လုယွီက ခေါင်းခါသည်။
“ဒါက ခင်ဗျားကိစ္စတွေကို ဖြေရှင်းတဲ့နည်းလမ်းလား၊ ငါ ဘယ်လိုပြောပြော ငါက ထိုက်ရိဂိုဏ်းက တပည့်ဂိုဏ်းသားဖြစ်နေဆဲပဲ၊ ဒါတောင်မှ ငါ့ကို တောင်းပန်ခိုင်းတာလား။”
ကျောက်မင်ကျဲ့၏လေသံက မကောင်းတော့ပေ။ သူကလည်း ဒေါသထွက်လာ၏။
“မင်း ဘာသိလဲ၊ မင်းက စားဖိုဆောင်က ချက်ပြုတ်ရတဲ့သူအဆင့်လောက်ပဲ၊ ငါက ဒီအခြေအနေတစ်ခုလုံးကို ဖြေရှင်းဖို့ကြိုးစားနေတာ၊ မင်း မတောင်းပန်ရင် ဂိုဏ်းနှစ်ခုကြားက ဆက်ဆံရေးကို ထိခိုက်လိမ့်မယ်၊ မင်းက ဒါကို တာဝန်ယူနိုင်သလား။”
တစ်ဖက်တွင် လင်းဟုန်က လုယွီကို အပြင်သို့ ကော်လံမှ ဆွဲကာ လွင့်ပစ်ရန်ကြိုးစားပြန်သည်။
“မင်းရဲ့လက်ကို လွှတ်လိုက်”
လုယွီက သူ့ကို တစ်ချက်ကြည့်လာသည်။ ထို့နောက် သူ၏လက်ကိုဖမ်းကိုင်၏။
လင်းဟုန်က နှာခေါင်းရှုံ့သည်။
“ငါ ပြောနေတာ မကြားဘူးလား၊ ကန်းနေလား။”
ထိုတစ်ကြိမ်တွင် သူ၏လက်မောင်းမှ မှော်စွမ်းအားများစွာက ထိုးထွက်လာကာ လုယွီကို အပြင်သို့ လွင့်ပစ်ရန် ကြံစည်တော့၏။
“ငါ တစ်ကြိမ်ပဲ ထပ်ပြောမယ်။”
လုယွီက လက်ကို အသာမြှောက်သည်။ လင်းဟုန်၏လက်ကောက်ဝတ်ကို အသာဖမ်းကိုင်လျက် အပြင်သို့ လွင့်ထုတ်လိုက်၏။
အပိုင်း ၁၁၀၀
လင်းဟုန်၏ကိုယ်က အောက်ဖက်တွင် ခင်းကျင်းထားသည့်စားပွဲနှင့် ကုလားထိုင်များပေါ်သို့ ပြုတ်ကျသွားကာ အပျက်အစီးပုံအတွင်း ရောက်သွား၏။
သူက လက်တစ်ဖက်တည်းနှင့် ထိုသို့လုပ်လိုက်နိုင်သည်။
လုယွီ၏လက်ကောက်ဝတ်ကို သေချာကြည့်မည်ဆိုလျှင် ဘာအတွင်းအားမျှ မသုံးထားကြောင်း မြင်ရနိုင်၏။
နှင်းပျံဂိုဏ်းမှ တပည့််ဂိုဏ်းသားများက ချက်ချင်းထရပ်ကာ လုယွီကို ကြည့်ကြသည်။
“ဒီထိုက်ရိဂိုဏ်းက တပည့်ဂိုဏ်းသားက ဘာမှားနေတာလဲ။”
“အား အား အား ငါ မင်းကို အရေခွံစုတ်ပြမယ်။”
လင်းဟုန်က ထခုန်ကာ ခုန်ဝင်လာပြန်သည်။
ဝုန်း
လုယွီက သူ့အားကန်ထုတ်ပြန်၏။
လင်းဟုန်က ပြန်ပြုတ်ကျသွားသောနေရာရှိ မြေနေရာတွင် သူ၏တစ်ကိုယ်စာ တွင်းချိုင့်ရာပင် ပေါ်လာခဲ့သေးသည်။
“ငါ အမိန့်ရထားတဲ့အတိုင်း တစ်ပွဲစီပဲ ပြင်ပေးနိုင်မယ်၊ မင်းတို့ ဆက်စားချင်ရန်တန်ကြေးပေးရမယ်။”
လုယွီက ပေါ့ပါးစွာပြောသည်။
“စိတ်ဝင်စားစရာပဲ။”
မြောက်မြားလှသော တပည့်ဂိုဏ်းသားများ၏အနောက်မှ အသံတစ်သံ ထွက်လာသည်။ နှင်းပျံဂိုဏ်းဘက်မှ ဖြစ်၏။ သူက ရွှေရောင်ပိုးသားဝတ်စုံကို ဝတ်ထားပြီး စားပွဲတွင် ခပ်ငြိမ်ငြိမ်ထိုင်ကာ စားသောက်နေသည့် လူငယ်တစ်ယောက်ဖြစ်သည်။
သူက ပါးစပ်ကို ပိုးသားအဝတ်ဖြင့်သုတ်ပြီးနောက် လုယွီကို စိတ်ဝင်တစားကြည့်သည်။
လင်းဟုန်က ထရပ်ရန် ရုန်းကန်ပြီးနောက် အော်သည်။
“ကောင်လေး မင်း ငါနဲ့ယှဉ်ဖို့သတ္တိရှိရင် မင်းသေမလား၊ ငါ သေမလားကြည့်ကြမယ်။”
သူ၏နှလုံးသားက အလျင်စလိုဖြစ်လာသည်။ သူက လူအများရှေ့တွင် လွင့်ထုတ်ခံရ၏။ ထိုသို့နှစ်ကြိမ်ဖြစ်သွားကတည်းက လင်းဟုန်၏ မောက်မာမှုက ဖျက်ဆီးခံရတော့သည်။
“မင်း တိုက်ခိုက်ချင်ရင် ငါ စားပြီးတဲ့အထိစောင့်”
ရွှေရောင်ဝတ်စုံနှင့်လူငယ်က ပြော၏။
လင်းဟုန်က ထိုလူငယ်ကိုမြင်သော် အလျင်စလို ပြန်တောင်းပန်သည်။
“ဂိုဏ်းတူအစ်ကိုကြီး ကျွန်တော် ဒီကောင့်ကိုအရင်ရှင်းရမယ်။”
“ဘယ်သူက ဘယ်သူ့ကိုရှင်းမှာလဲ၊ သူက မင်းထက်သာတာ အသိသာကြီးပဲ၊ ရှုံးတာကို လက်မခံနိုင်ဘူးလား။”
ထိုလူငယ်က သတိပေးပြီးနောက်တွင် လင်းဟုန်ကို အာရုံစိုက်ရမည့်အစား လုယွီကို ကြည့်သည်။
“မင်းက တန်ကြေးပေးရမယ်လို့ပြောတယ်၊ ပြောပါအုံး၊ တန်ကြေးက ဘယ်လောက်လဲ။”
လုယွီကလည်း ကြည့်သည်။
“ဘာမှ အပိုထပ်မထည့်ချင်ဘူးဆိုရင် ဒီတစ်ပွဲစာကို လင်းရှီ သန်းသုံးဆယ်ပဲ။”
သန်းသုံးဆယ်ဆိုသည့်ပမာဏက အလွန်များသည်။ လင်းဟုန်က အော်၏။
“မင်းက ပိုက်ဆံလုနေတာပဲ။”
ထိုလင်းရှီသန်းသုံးဆယ်နှင့် ဟင်းလျာတစ်ပွဲကို စားခြင်းက မတန်ပေ။
လုယွီ၏မျက်နှာက မပြောင်းပေ။
“ငါ လုပ်နိုင်သလို ဟင်းပွဲကို မင်း ဘယ်နေရာမှာ စားလို့ရသလဲ၊ ဒါက ဈေးကြီးလွန်းတယ်ထင်ရင် မစားနဲ့။”
ရွှေရောင်ဝတ်စုံနှင့်လူက သိုလှောင်အိတ်ကိုထုတ်ကာ လုယွီထံ လင်းရှီသန်းသုံးဆယ်ပါသည့်အိတ်ကို ပစ်ပေးလိုက်သည်။ သူက ပြုံးကာပြော၏။
“မင်းက စိတ်ဝင်စားဖို့ကောင်းတယ်၊ ငါက လင်းကျန်းဖန်းပါ၊ မင်းရဲ့နာမည်ကို ပြောရဲလား။”
လုယွီက သိုလှောင်အိတ်ကို အလေးချိန် ချိန်ဆကြည့်ပြီးနောက်ပြောသည်။
“ဖန်းယွန်”
လင်းရှီက လုံလောက်သည်။ လုယွီက ကျောက်မင်ကျဲ့ကို လျစ်လျူရှုလျက် ပြန်ဝင်သွား၏။ သိပ်မကြာခင်မှာပင် ဟင်းလျာတစ်ပွဲကို သယ်ဆောင်လျက် လင်းကျန်းဖန်းထံသို့ ချပေးသည်။
သည်တစ်ကြိမ်တွင် ထမင်းစားခန်းမမှ တပည့်ဂိုဏ်းသားများအားလုံးက စားသောက်ပြီးလေပြီ။ သူတို့အားလုံးက လင်းကျန်းဖန်းတစ်ယောက်တည်း စားသောက်နေသည်ကို စောင့်ဆိုင်းနေ၏။ မည်သူကမျှ စကားမပြောရဲကြပေ။
ဒါကိုကြည့်ရုံနှင့်ပင် ထိုသူ၏အဆင့်အတန်းကို သိနိုင်သည်။ သို့ရာတွင် လုယွီကမူ သာမန်အတိုင်းသာနေ၏။ သူက တစ်ဖက်၏အစစ်အမှန်စွမ်းအားကို မြင်နိုင်လေသည်။
လင်းကျန်းဖန်း၏ခွန်အားက ခန္ဓာကိုယ်မှ စိတ်ဝိဉာဉ်ကို ပြင်ပသို့ ထုတ်လွှတ်နိုင်သည့် အလယ်အလတ်အဆင့်မျှသာဖြစ်သည်။ သူ့ထက်လည်း မြင့်နိုင်ရုံမျှသာရှိ၏။
လူနည်းစုကသာလျှင် သည်အရွယ်တွင် ထိုအဆင့်သို့ ရောက်နိုင်ကြလေသည်။ ထိုသူက ငယ်သေးသည်။ သို့သော် သူ၏အလားအလာက မြင့်မား၏။
ဟင်းတစ်ပွဲက လျင်မြန်စွာ ကုန်ဆုံးသွားသည်။ လင်းကျန်းဖန်းက ခန္ဓာကိုယ်မှထွက်လာသည့် အရှိန်အဝါများကို ငြိမ်သက်အောင်ထိန်းလျက် မျက်လုံးကို ပြန်ဖွင့်ကာပြောသည်။
“တကယ်ကောင်းတယ်၊ သန်းသုံးဆယ်က တန်တယ်။”
ကျောက်မင်ကျဲ့၏မျက်နှာက နီရဲနေပြီဖြစ်သည်။ သူက လုယွီကို သင်ခန်းစာပေးနေကာစရှိ သေး၏။ မမျှော်လင့်ထားစွာပင် နှင်းပျံဂိုဏ်းမှ လူက သူ့အားမျက်နှာပင် မထောက်ဘဲ ထိုသို့ ပြုမူလာခဲ့သည်။ သန်းသုံးဆယ်ကိုပင်ပေးကာ စားခဲ့သေးသည်။
ထိုသန်းသုံးဆယ်ဆိုသော ပမာဏက အပြင်စည်းဂိုဏ်းအကြီးအကဲပင် မပိုင်ဆိုင်သည့်ပမာဏမျိုးဖြစ်သည်။
“လင်းဟုန် ငါ ကြားထားတဲ့အတိုင်းဆိုရင် ငါ့ရဲ့ဂိုဏ်းတူညီငယ်တွေကို ဆိုးဆိုးရွားရွား ရိုက်နှက်ထားတာ မင်းဆိုပဲ၊ မင်းက ငါတို့ကို ဂရုမစိုက်ဘူးလား။”
ထိုအချိန်တွင် အပြင်ဘက်မှ လူငယ်နှစ်ယောက်က ဝင်လာသည်။
ထိုနှစ်ယောက်ကိုမြင်သော် ကျောက်မင်ကျဲ့၏မျက်နှာက တောက်ပ သွားသည်။
“ကောင်းလင်း၊ ကျန်းကျန့်ပိုင် မင်းတို့ ရောက်လာကြပြီပဲ။”
ထိုနှစ်ယောက်က အပြင်စည်းဂိုဏ်းစာရင်း အဆင့်သတ်မှတ်ချက်တွင် အဆင့် ၁ နှင့် ၂ ဖြစ်ကြသည်။