← Chapters

အခန်း (၁၁၀၁-၁၁၀၅)

Vol. 58 Ch. 1101-1105

အခန်း (၁၁၀၁-၁၁၀၅)

Vol. 58 Ch. 1101-1105

အပိုင်း ၁၁၀၁

ကောင်းလင်းက လင်းဟုန်ကိုကြည့်ကာ ရုတ်တရက် ထူးဆန်းစွာပြုံး၏။

“လင်းဟုန် မင်းက တကယ်ကို ဆိုးရွားတဲ့ပုံစံနဲ့ပဲ၊ ငါ့ရဲ့ဂိုဏ်းတူညီငယ်တွေကို ဒီလိုပုံစံနဲ့ တိုက်ခိုက်လိုက်တာလား။”

ထိုအချိန်တွင် လင်းဟုန်က လုယွီ၏ နှစ်ခါပစ်ထုတ်ခြင်းကို ခံထားရသဖြင့် ခန္ဓာကိုယ်က စုတ်ပြတ်ရောင်ကိုင်းနေသည်။

လင်းဟုန်က အလွန်ဒေါသထွက်သွား၏။

“မင်းက အခုမှ ဘယ်နေရာက ရောက်လာတာလဲ။”

ကောင်းလင်းက ပြောသည်။

“ငါက မင်းနဲ့မတူဘူး၊ ငါက အခုတလော ဓါးသိုင်းကို လေ့ကျင့်ဖို့ပဲ အာရုံစိုက်ထားတာ၊ ငါ့ရဲ့ဓါးသိုင်းကသုံးဖို့ ကျင့်သားမရနေတာနဲ့ ပစ်မှတ်ကို ရှာတွေ့တာအတော်ပဲ။”

“ဘာကိုပေါက်ကရ လာပြောနေတာလဲ၊ နေ့လည်ခင်းကျရင် ကွင်းပြင်ဆီကို သွားရဲလား။”

ရုတ်တရက် လင်းဟုန်က လုယွီကို တွေးမိပြီး လုယွီကို လက်ညှိုးထိုးသည်။

“နေ့လည်ခင်းမှာ ဒီကောင့်ကို ခေါ်ရမယ်။”

“သူ့ကို ခေါ်ရမယ်ဟုတ်လား၊ သူက ဘယ်သူလဲ။”

ကောင်းလင်းက ပြောသည်။

“မင်းက ဘယ်သူလဲ။”

လုယွီက ဖြေသည်။

“စားဖိုဆောင်မီးတောက်ခြံဝန်းက ဖန်းယွန်”

“စားဖိုဆောင်မီးတောက်ခြံဝန်း ဟုတ်လား။”

ကောင်းလင်းက လင်းဟုန်ကိုကြည့်ကာ အထင်တသေးပြောသည်။

“ဒီကုန်လွန်ခဲ့တဲ့နှစ်တွေမှာ မင်းက ငကြောက်ဖြစ်သွားမယ်လို့ မထင်ထားဘူး။”

စားဖိုဆောင်ခြံဝန်းမှ လူများက ချက်ပြုတ်ရန်အတွက် သီးသန့်မဟုတ်သော်လည်း တိုက်ခိုက်ရာတွင် မတော်ကြပေ။ သူက ရုတ်တရက် သက်ပြင်းချ၏။

“ကောင်းပြီ၊ငါ တစ်ယောက်တည်းနဲ့လုံလောက်တယ်၊ မင်း ငါ့ကိုနိုင်ရင် ကျောင်းသားအယောက်သုံးထောင်ကို နိုင်သွားသလိုပဲ၊ စီနီယာဂိုဏ်းတူ အစ်ကိုကြီးကျန်းတောင်မှ ဝင်ပါဖို့လိုမယ်မထင်ဘူး။”

သူ့အနောက်တွင်ရှိသော ကျန်းကျန့်ပိုင်က ပို၍ ဂုဏ်ယူသွားဟန်ဖြင့် စကားတစ်ခွန်းမှ မဆိုလာခဲ့ပေ။ သူ့ရှေ့ရှိ သည်လူများက စကားထဲ ထည့်ပြောရန်ပင် အသုံးမဝင်ပေ။

လင်းဟုန်က လုယွီကိုသာ စိုက်ကြည့်လျက် အရှင်လတ်လတ် ဝါးမြိုချင်နေဟန်ရသည်။

ကျောက်မင်ကျဲ့က ရှောင်းရှု့ကိုကြည့်သည်။

“ရှောင်းအကြီးအကဲ မင်းတို့စားသောက်လို့ပြီးပြီဆိုမှတော့ နာရီဝက်နားရအောင်၊ ပြီးတာနဲ့ လေ့ကျင့်ရေးကွင်းပြင်မှာ ပြန်လည်တိုက်ခိုက်ကြမယ်။”

ရှောင်းရှု့က နှာခေါင်းရှုံ့သည်။

“ကောင်းတယ်၊ ရှင်တို့အပြင်စည်းဂိုဏ်းက ဘယ်လောက်အင်အားရှိသလဲ ကျွန်မ ကြည့်ပါရစေအုံး။”

ထိုက်ရိဂိုဏ်းမှ လူတိုင်း၏အင်အားကို သူမက သိပြီးသားဖြစ်သည်။ ကောင်းလင်းနှင့်ကျန်းကျန့်ပိုင်တို့က လင်းဟုန်နှင့် ရင်ဆိုင်နိုင်လောက်သော်လည်း လင်းကျန်းဖန်းကို မယှဉ်နိုင်ကြပေ။

သို့ရာတွင် သူမ မသက်မသာခံစားနေရသေး၏။

“အခုလေးတင် လင်းဟုန်ကို ပစ်လွှတ်လိုက်တဲ့ အဲဒီကောင်လေးက တကယ်ပဲ စားဖိုဆောင်ကလား။”

ရှောင်းရှု့က မေးသည်။ သူမက လုယွီ မည်သို့လှုပ်ရှားလိုက်ကြောင်းကို မမြင်ခဲ့ရပေ။

လင်းဟုန်က အံကြိတ်ကာ ပြောသည်။

“ဒီကောင်က မှော်စွမ်းအား သုံးထားတာမဟုတ်ဘူး၊ ဒီကောင် ဘာလှည့်ကွက်တွေ သုံးထားသလဲမှ မသိတာ၊ ဒါပေမယ့် ကံကောင်းသွားတာပဲဖြစ်ရမယ်၊ နေ့လည်ခင်း ကွင်းပြင်ထဲကိုရောက်ရင်တော့ သူ့ကို သေချာပေါက်ဖြေရှင်းမယ်။”

ရှောင်းရှု့က စိတ်အေးသွားသည်။ ထိုသို့ဆိုလျှင် သူမ စိတ်သက်သာရာရလေသည်။ စားဖိုဆောင်ကလူတစ်ယောက်က ထိုမျှအထိ ခွန်အားရှိနေမည်ဟုလည်း သူမ မယုံပေ။

…

နေ့လည်ခင်း...

ထိုက်ရိဂိုဏ်းလေ့ကျင့်ရေးကွင်းပြင် …

ထိုနေရာတွင် လူပေါင်းများစွာ စုဝေးနေကြသည်။ ကျန်းကျန့်ပိုင်နှင့် ကောင်းလင်းတို့က အာရုံစိုက်အခံရဆုံးနေရာတွင် ရပ်နေ၏။

“ငါ ကြားထားတဲ့အတိုင်းဆိုရင် ငါတို့ အပြင်ရောက်နေတုန်း ဂိုဏ်းတူညီငယ်တွေ အားလုံး ဒုက္ခရောက်ထားတယ်ဆိုပဲ။”

ကောင်းလင်းက အော်သည်။

“အသုံးမကျတဲ့အမှိုက်တွေ၊ မင်းတို့က ငါတို့နှစ်ယောက်ရဲ့ကျော်ကြားမှုကိုပဲ မှီခိုပြီး ပျင်းနေကြတာလေ၊ တကယ့်အစစ်အမှန်ပွဲမှာ ဒါကြောင့် ဒုက္ခရောက်တာပဲ။”

ကောင်းလင်း၏အဆူခံရသဖြင့် ထိုက်ရိဂိုဏ်းမှ တပည့်ဂိုဏ်းသားများအားလုံးက တိတ်ဆိတ်နေကြသည်။ သူတို့ မနိုင်ကတည်းက သူတို့အမှားသာလျှင်ဖြစ်၏။ ကောင်းလင်းက လက်ညှိုးဆန့်ထုတ်ကာပြော၏။

“ဒီနေ့လည်ခင်းမှာ နှင်းပျံဂိုဏ်းနဲ့ ငါတို့ သဘောတူညီမှုလုပ်ထားတယ်၊ တစ်ဖက်ဆီက လူဆယ်ယောက်ကိုလွှတ်မယ်၊ တစ်ယောက်ချင်းစီတိုင်းက တစ်ဖက်က ဘယ်သူမှ မနိုင်တော့တဲ့အထိ တိုက်ခိုက်ရမယ်။

“အပြင်စည်းဂိုဏ်းစာရင်းက ထိပ်ဆုံးကိုးယောက်ထွက်လာကြ၊ မှတ်ထား ငါတို့နှစ်ယောက် မင်းတို့ကြောင့် ဂုဏ်ယူချင်တယ်။”

လူအုပ်ထဲမှ လူအချို့က ထွက်လာသည်။ ကောင်းလင်းက တစ်ချက်ကြည့်ပြီးနောက် လုယွီထံ အကြည့်ရောက်သွား၏။

“မင်း ထွက်လာခဲ့။”

ကောင်းလင်းက လုယွီကို လက်ညှိုးထိုးကာပြောသည်။

ထိုနည်းအားဖြင့် လူဆယ်ယောက်ဖြစ်သွား၏။ သည်ဆယ်ယောက်လုံးက အပြင်စည်းဂိုဏ်းစာရင်းမှ ထိပ်ဆုံးဆယ်ယောက်ဖြစ်ကြသည်။ ထို့ကြောင့် သံသယဝင်ရန် မလိုပေ။ သို့သော် လုယွီကိုမူ အခြားသူများက မသိသေးကြပေ။

“သူက ဘယ်သူလဲ။”

“ဂိုဏ်းတူ အစ်ကိုကောင်းလင်းကတောင် တိုက်ရိုက်ရွေးချယ်ထားတယ်ဆိုတော့ ထူးခြားတာရှိနေလို့ဖြစ်ရမယ်။”

အခြားသူများအားလုံးက လုယွီ၏နောက်ခံကိုသိလိုကြ၏။

ကောင်းလင်းက ချောင်းဟန့်ကာပြော၏။

“သူက စားဖိုဆောင်မီးတောက်ခြံဝန်းကပဲ၊ ဒါပေမယ့် သူ့ကို နှင်းပျံဂိုဏ်းက လင်းဟုန်ကိုယ်တိုင်က စိန်ခေါ်ခဲ့တာ။”

“လင်းဟုန်က ရှုံးမှာကြောက်နေလို့ တမင်သက်သက်ရည်ရွယ်ချက်ရှိရှိ အသုံးမကျတဲ့လူကို ဆွဲခေါ်တာဖြစ်ရမယ်၊ ကိစ္စမရှိဘူး သူတို့အားလုံးကို ငါ တစ်ယောက်တည်းနဲ့နိုင်တယ်။”

အပိုင်း ၁၁၀၂

“ လတ်စသတ်တော့ ဒီလိုကြောင့်ကိုး….”

“ ဟမ့် လင်းဟုန်ကို ဒီလိုလူမျိုးဖြစ်နေမယ်လို့ မထင်ထားဘူး။ သူက အားနည်းတဲ့သူတွေကိုတောင် အနိုင်ကျင့်တတ်တဲ့လူမျိုးပဲ”

ထိုက်ရိဂိုဏ်းမှ တပည့်ဂိုဏ်းသားများ၏ မျက်နှာတွင် အထင်သေးသော အမူအယာများ ပေါ်လာသည်။ သူတို့ရှုံးရန်အတွက် စားဖိုဆောင်မှ လူကို ထည့်ခြင်းက ကောင်းသောစရိုက်မဟုတ်ပေ။

တခဏခန့်ကြာပြီးနောက် နှင်းပျံဂိုဏ်းမှလူများ လေ့ကျင့်ရေးကွင်းအတွင်းသို့ ဝင်လာသည်။ ကောင်းလင်းက ပြောသည်။

“ မင်းတို့ထဲက ဘယ်ကောင် အရင်ထွက်ချင်လဲ”

နှင်းပျံဂိုဏ်းမှ လူများက အပိုစကားမဆိုကြဘဲ လင်းကျန်းဖန်းကိုသာ ကြည့်သည်။လင်းကျန်းဖန်းက ခပ်အေးအေး ပြော၏။

“ ဘယ်သူမှ အရင်ထွက်စရာ မလိုဘူး၊ ငါ တစ်ယောက်ထဲနဲ့တင် လုံလောက်တယ်”

ကောင်းလင်းလည်း အလွန် ဒေါသထွက်သွားသည်။ သူက အော်၏။

“ မင်းက ဘာကောင်လဲ”

လုယွီက မျက်ခုံးပင့်သည်။ ကောင်းလင်းက လင်းကျန်းဖန်းကို မသိပေ။

လင်းဟုန်က ပြောသည်။

“ သူက ငါတို့ရဲ့ အသစ်ရောက်လာတဲ့ ဂိုဏ်းတူ အစ်ကိုကြီးပဲ။ သူက ငါတို့အားလုံးထက် အဆင့်မြင့်တယ်။ စကားကို ရိုရိုသေသေ ပြောစမ်း”

“ လင်းဟုန် မင်းက ငါ့ကိုစိတ်ပျက်စေတာပဲ၊ မင်းက ငါ့ညီငယ်တွေကို ရိုက်နှက်ထားပြီး မင်းအလှည့်ကျ ဂိုဏ်းတူ အစ်ကိုအကြီးဆုံး နေရာကို ရှုံးထားရုံတင်မကဘူး ငါ့ကိုတောင် ရင်မဆိုင်ရဲတော့တာပါလား။ မင်းလိုကောင်က ငါနဲ့ တော်ဝင်နယ်မြေအတွက် ယှဉ်ပြိုင်ဖို့ အဆင့်မီရဲ့လား”

လင်းဟုန်က အလွန် ဒေါသထွက်သွားသည်။ သူက နောက်လှည့်ကြည့်ပြီး ပြော၏။

“ ဂိုဏ်းတူ အစ်ကိုကြီး ကျွန်တော့်ကို အရင် ထွက်ခွင့်ပြုပါ”

လင်းကျန်းဖန်းက လုယွီကို တချက်ကြည့်ပြီးနောက် အကြည့်ပြန်လွှဲကာ ပြောသည်။

“ ကောင်းပြီ “

လင်းဟုန်က အသက်ပြင်းပြင်းရှူပြီး နောက်ပြန်လှည့်ကာ စင်ပေါ် ခုန်တက်သည်။ကောင်းလင်းက ပြောသည်။

“ မင်းတို့က နှစ်ယောက်ပဲလား၊ လူ ထပ်လွှတ်ဖို့ မလိုဘူးလား”

လင်းကျန်းဖန်းက ခပ်တည်တည် ပြောသည်။

“ မလိုဘူး။ သူက ရှင်းလိမ့်မယ်”

“ ဘဝင်လေဟပ်နေတာပဲ”

ကောင်းလင်းက အံကိုကြိတ်သည်။ထိုလူနှစ်ယောက်ကို သူ ရှင်းရမည်ဟု တွေးထား၏။

သူက ဓားသိုင်းကို တစ်နှစ်ကျော် လေ့ကျင့်ပြီးနောက် ယခင်ကကဲ့သို့ လူညံ့ မဟုတ်တော့ပေ။ သူက ပြောသည်။

“ မင်းတို့ အမှိုက်တွေရဲ့ အလှည့်ကို မရောက်နိုင်ပေမဲ့ အရံသင့် စောင့်နေလိုက်”

ထိုသို့ပြောပြီး သူက စင်ပေါ် ခုန်တက်သွားသည်။ စင်ပေါ်ရောက်သည်နှင့် အစွမ်းအထက်ဆုံး ဓားသိုင်းကွက်ကို ထုတ်လျက် တိုက်ခိုက်သည်။

နှင်းပျံဂိုဏ်းမှ ဂိုဏ်းသားများက ကျိန်ဆဲကြသည်။ ပုံမှန်စည်းမျဉ်းအရ စင်ပေါ်ရောက်ပြီးလျင် နာမည်နှင့်အဆင့်စသဖြင့် မိတ်ဆက်ရသည်။ သို့သော် ကောင်းလင်းက စည်းမျဉ်း ဖောက်ဖျက်လိုက်၏။

“ ဘာလဲ မင်းတို့လိုအမှိုက်တွေကို ဂရုစိုက်နေစရာလား”

သူ၏ ဓားက လင်းဟုန်ထံ ထိုးဝင်သွားသည့်တိုင် နံရံတစ်ခုကို ရိုက်မိသွားသလိုသာ ခံစားလိုက်ရပြီး ဓားက သူ၏ မျက်နှာကို ပြန်ကန်လာသည်။

“ ဒါက မင်းရဲ့ တစ်နှစ်ကျော် ကျင့်ထားတယ်ဆိုတဲ့ သိုင်းကွက်လား”

လင်းဟုန်၏ ကိုယ်ကို မြေသားဝါရောင် အလင်းလှိုင်းများက လွှမ်းခြုံထားသည်။

ကောင်းလင်းက တစ်ကွက်ရှုံးသွားသော်လည်း စိတ်မပျက်ဘဲ ရယ်သည်။

“ ဘာလဲ မင်းမှာ ခုခံအားသိုင်းကွက် ပိုင်ထားတာနဲ့ပဲ ငါက ဂရုစိုက်ရမှာလား။ မင်းက အရည်အချင်းရှိရင် ငါကလည်း သိုင်းကွက်အစစ် ထုတ်သုံးပေးရမှာပေါ့”

“ အပိုတွေ မပြောနဲ့၊ မင်းမှာ ရှိတဲ့ သိုင်းကွက်တွေ ထုတ်လိုက်၊ အချိန်ကုန်တယ်”

ကောင်းလင်းက အသက်ရှူခြင်းကို ထိန်းချုပ်လိုက်သည်။ ရုတ်တရက် သူက သူ၏ ဓားထိပ်မှ လှပသော ဓားပန်းပွင့် တစ်ပွင့်ကို ထုတ်လွှတ်လိုက်သည်။ထိုပန်းပွင့်မှ မရေမတွက်နိုင်သော ဓားချီများအဖြစ် ပြောင်းကာ လင်းဟုန်ကို ထိမှန်သွားသည်။

“ ဒူးထောက်ပြီး တောင်းပန်ရင် တောင်းပန် မဟုတ်ရင် သေလိုက်တော့”

ကောင်းလင်းက ရက်စက်စွာ ပြောသည်။

သို့သော်လည်းကိစ္စတိုင်းက တွေးထားသလို မဖြစ်ချေ။ သူ၏ ဓားချီက လင်းဟုန်ကို ထိမှန်တော့မည့်အချိန်တွင် လင်းဟုန်က လက်ရမ်းလျက် ဖျက်ဆီးလိုက်သည်။ထို့နောက် အနက်ရောင် အရိပ်အဖြစ်ပြောင်းပြီး ကောင်းလင်းထံ ခုန်ဝင်လာသည်။

သူက ကောင်းလင်းအား မြေသို့ ဆောင့်ကန်ချကာ ပြောသည်။

“ သောက်သုံးမကျတဲ့ အကွက်နဲ့ ငါ့ရှေ့ လာကြွားနေတာလား။ ဆင်းသွားစမ်း”

အပိုင်း ၁၁၀၃

ကောင်းလင်းက မြေသို့ကန်ချခံရပြီး ရွံ့များဖြင့် ပေကျံသွားကာ အရှက်ရသွားသည်။ သို့ရာတွင် သူက မတ်တပ်ထရပ်ပြီး အံကိုကြိတ်ကာ ပြောသည်။

“ ကြည့်ရတာ ဒီနှစ် မင်းက တိုးတက်လာခဲ့တဲ့ပုံပဲ”

လင်းဟုန်က နှာမှုတ်သံသာ ပေးသည်။

လွန်ခဲ့သော တစ်နှစ်ခန့်က ကောင်းလင်းက လင်းဟုန်၏ ခြေထောက်အောက်တွင် ပြားပြားဝပ်ခဲ့ရသည်။ တစ်နှစ်ကြာသွားသော်လည်း အလားတူသာလျင် ဖြစ်သည်။

“ ကြည့်ရတာ ငါကပဲ မင်းကို ထိန်းနိုင်တော့မယ် ထင်တယ်”

ယခုထိ စကားတစ်ခွန်းမှ မပြောသေးသော ကျန်းကျန့်ပိုင်က ပြောသည်။ သူက ဓားကို ကျောတွင်လွယ်လျက် ကောင်းကင်မှ ဆင်းသက်လာသော ထာဝရရှင်သန်သူဟန်ဖြင့် စင်ပေါ် တက်လာသည်။

လင်းဟုန်က သက်ပြင်းချသည်။

“ ငါ့ရည်ရွယ်ချက်က မင်းတို့နှစ်ကောင် မဟုတ်ဘူး၊ မြန်မြန် လာစမ်းပါ အချိန်ကုန်သက်သာအောင် လုပ်ကြစမ်း”

သူက ကျန်းကျန့်ပိုင်ကို စိတ်ထဲပင် မထားပေ။ ကျန်းကျန့်ပိုင်က မျက်မှောင်ကြုတ်သည်။

“ မင်း သေချာ အာရုံစိုက်သင့်တယ်။ ငါ့ရဲ့ဓားက ကောင်းလင်းလို မဟုတ်ဘူး”

“ လာစမ်းပါ၊ ငါ မင်းရဲ့ဓားကို မနှစ်က မြည်းစမ်းခဲ့ပြီးသား။ “

သူက ကောင်းလင်းထက်သာသည်မှာ မှန်သော်လည်း လင်းဟုန်ကလည်း ကောင်းလင်းကို နိုင်ပြီးသူ ဖြစ်သည်။

“ ကောင်းပြီ မင်းရဲ့ဆန္ဒအတိုင်းပဲ”

ကျန်းကျန့်ပိုင်က ရုတ်တရက် အော်သည်။

“ ဓားတစ်သောင်းကျော် မွေးထုတ်ပေးတဲ့ တာအိုအရှင်….”

သူက ဓားကို လက်ထဲတွင် ကခုန်စေလျက် ဓားအစင်းပေါင်း တစ်သောင်းနှင့် တစ်ထောင်ကျော်ကို ထုတ်လွှတ်လိုက်ကာ လင်းဟုန်ထံ တိုးဝင်သွားသည်။

ထိုဓားများအထဲတွင် တာအိုစွမ်းအားများ ပါသည်။ ဓားများတွင် စိတ်ဝိဉာဉ်များရှိနေသည့်အတိုင်းခံ စားရပြီး သတိမထားမိသည်နှင့် ချက်ချင်း သေသွားနိုင်ချေရှိသည်။

လင်းဟုန်ကမူ နှာခေါင်းသာ ရှုံ့သည်။ သူက ကိုယ်မှ အတွင်းအားများကို လွှတ်ထုတ်လိုက်ကာ ဟိန်းဟောက်သည်။

“ အား…..”

ဝုန်း

ထိုဓားများက လင်းဟုန်နှင့် မီတာတဝက်ခန့် အကွာသို့ ရောက်သော် ရှေ့ဆက်မတိုးနိုင်တော့ချေ။

“ ဖောက်ထွက်”

ကျန်းကျန့်ပိုင်က အော်သည်။

ဓားများက သေးငယ်သော အမျှင်များအဖြစ် ပြောင်းလျက် ရှေ့ဆက်တိုးသည်။ လင်းဟုန်လည်း နောက်ဆုတ်လိုက်ရ၏။ သူက ရယ်သည်။

“ သြော် မင်းက ကောင်းလင်းထက် သာတာပဲ”

“ ဒါပေမဲ့ ဒီလောက်ပဲ”

လင်းဟုန်က ခုခံနေခြင်းကို ရပ်တန့်လိုက်ကာ အရိပ်အဖြစ်ပြောင်းလျက် ကျန်းကျန့်ပိုင်၏ အနားသို့ ရောက်လာသည်။ထို့နောက် လက်ဝါးဖြင့် ဖြတ်ရိုက်၏။

ကျန်းကျန့်ပိုင်က အလျင်စလို ဓားဖြင့်ကာပါသော်လည်း ပြင်းထန်သည့် အရှိန်အားကြောင့် လွင့်ထွက်သွားလေသည်။ ကံကောင်းစွာဖြင့် စင်မြင့်၏ အစွန်းတစ်နေရာတွင် ရပ်လျက် တည်ငြိမ်သွားသည်။ သူက အနောက်ဘက်သို့ ဓားဖြင့် ထောက်ကာ ပြုတ်မကျရန် ထိန်းသေးသည်။ သို့သော် လင်းဟုန်က သူ့အား ထိုအခွင့်အရေး ပေးလိမ့်မည် မဟုတ်ပေ။

ဖြန်း

လင်းဟုန်က လက်ဝါးဖြင့် ထပ်ရိုက်လိုက်ရာ ကျန်းကျန့်ပိုင်လည်း စင်ပေါ်မှ ပြုတ်ကျသွားတော့သည်။

“ မင်းလည်း ကောင်းလင်းနဲ့ အတူတူပဲ၊ မနှစ်ကလိုပဲ ပါးစပ်ပြောပဲရှိတယ် တကယ် မလုပ်နိုင်ဘူး”

နှင်းပျံဂိုဏ်းသားများက အော်ရယ်ကြသည်။ ထိုက်ရိတာအိုဂိုဏ်းမှ အဆင့်တစ်နှင့် နှစ်က ထိုမျှသာ တတ်နိုင်၏။

အပိုင်း ၁၁၀၄

လင်းဟုန်၏ လက်တွင် သူတို့၏ အဆင့်တစ်နှင့်နှစ်က အမွှေးတိုင် တစ်တိုင်စာပင် မနေနိုင်ခဲ့ပေ။ တစ်ယောက်ပြီး တစ်ယောက် ရှုံးသွားသည်။

ကျန်းကျန့်ပိုင်က ထိုအခြေအနေကို လက်မခံနိုင်ပေ။

“ မဟုတ်ဘူး ငါ မယုံဘူး၊ မင်း ဆေးတစ်မျိုုး မျိုး စားထားတာ ဖြစ်ရမယ်။ မဟုတ်ရင် မင်း ငါ့ကို မယှဉ်နိုင်သင့်ဘူး”

လင်းဟုန်က သူ့အား မကြည့်ပေ။သူ ဂရုစိုက်ရန် ပျင်းနေလေပြီ။

“ ကျန်တဲ့သူတွေ အကုန်ပေါင်းလာကြ၊ တစ်ယောက်ချင်းဆိုရင် ငါ ပျင်းတယ်”

လင်းဟုန်က ပြောသည်။

လုယွီမှလွဲပြီး အခြားသူများက အချင်းချင်း ကြည့်လိုက်ကြသည်။ ကျန်းကျန့်ပိုင်က လှမ်းအော်သည်။

“ ဘာကြောင်နေတာလဲ သူ ပြောတဲ့အတိုင်း ဝိုင်းတိုက်ကြလေ”

လုယွီက မလှုပ်ပေ။ အခြားခုနှစ်ယောက်က အချင်းချင်းကြည့်သည်။

“ သွားစို့ ငါတို့ အစွမ်းအထက်ဆုံး သိုင်းကွက်တွေနဲ့ တိုက်ကြမယ်”

လင်းဟုန်က ဂရုမစိုက်ပေ။

“ အသုံးမကျတဲ့ အမှိုက်တွေ”

ဘယ်သူမှ ဘာမှမလုပ်နိုင်ခင်မှာတင် အနက်ရောင် အရိပ်မည်းက အားလုံးကို လွှမ်းသွားသည်။ထို့နောက် သတိလက်လွတ်ဖြစ်နေသော လူခုနှစ်ယောက်က အောက်သို့ လွင့်စင်လျက် ပြုတ်ကျတော့သည်။

“ ဟားဟားဟား သောက်သုံးမကျတဲ့ အမှိုက်တွေ၊ ငါ့ကိုတောင် မယှဉ်နိုင်ဘူး ။ ဒါတောင် ဂိုဏ်းတူ အစ်ကိုကြီးကို တိုက်ခိုက်ချင်တာတဲ့လား”

လင်းဟုန်က အော်ရယ်နေသည်။

ထိုက်ရိဂိုဏ်းမှ လူများ၏ မျက်နှာက မည်းမှောင်ကုန်သည်။ ကျောက်မင်ကျဲ့ဆိုလျင် ပြာနှမ်းနေ၏။ သူတို့၏အဆင့်တစ်နှင့်နှစ်ကပင် တတ်နိုင်စွမ်းအား မဲ့မည်ဟု မထင်ထားမိပေ။

ရုတ်တရက် သူ၏ အကြည့်က လုယွီထံ ရောက်သွားသည်။

“ မင်း စမ်းကြည့်”

ကျောက်မင်ကျဲ့က ပြောသည်။

ယခင်က ခန်းမတွင် လုယွီက လင်းဟုန်ကို လွင့်ပစ်နိုင်ခဲ့သည်။ လုယွီက လှည့်ကွက်သုံးခဲ့သောကြောင့်ဖြစ်ကြောင်း သူ သိသော်လည်း နှင်းပျံဂိုဏ်းကို အရှက်ခွဲနိုင်လျင် သူ ကျေနပ်သည်။

“ ဟားဟား လာစမ်း ငါ ခန်းမထဲကလို သတိလက်လွတ်နေတော့မှာ မဟုတ်ဘူး ။ ဒီတစ်ခါ ငါမင်းကို ဘယ်လို ရိုက်နှက်မလဲ စောင့်ကြည့်လိုက်”

လင်းဟုန်က အော်ရယ်နေသည်။

လုယွီက သူ့အား လျစ်လျူရှုလျက် ကျောက်မင်ကျဲ့ကို ကြည့်သည်။

“ နိုင်ရင် ဆုလာဘ်ရှိလား”

“ ရှိတယ်။ မင်း နိုင်ရင် သိုင်းကျမ်းဆောင်က ကြိုက်တဲ့သိုင်း ယူနိုင်တယ်”

“ ငါ သိုင်းတွေ စိတ်မဝင်စားဘူး။ ငါ နိုင်ရင် အတွင်းစည်း တပည့်ဂိုဏ်းသားဖြစ်ဖို့ ခင်များ ထောက်ခံပေးရမယ်”

သူ့တွင် အချိန်မရှိပေ။ သူက အပြင်ဂိုဏ်းတွင် အချိန်မဖြုန်းနိုင်ပေ။

ကျောက်မင်ကျဲ့က မျက်မှောင်ကြုတ်သည်။ သူကလည်း ငါးနှစ်တစ်ကြိမ် လူတစ်ယောက် ထောက်ခံပေးပိုင်ခွင့်ရှိသည်။.သို့သော် သေချာ တွေးရန် လိုအပ်၏။

ထို့နောက် သူက ခေါင်းညိတ်သည်။

“ကောင်းပြီ မင်းနိုင်ရင် ငါ ထောက်ခံပေးမယ်”

ထိုက်ရိဂိုဏ်းသားများက ရယ်ကြသည်။ သူတို့ပင် နှင်းပျံဂိုဏ်းကို မနိုင်ပေ။ ဖန်းယွန်ကဲ့သို့ စားဖိုဆောင်မှ လူက ပိုမဖြစ်နိုင်ပေ။

လုယွီက ခေါင်းညိတ်သည်။ ထို့နောက် စင်ပေါ်တက်ကာ လက်ဖျောက်တီးသည်။

“ ဘာလဲ ဒါက မင်းရဲ့ အစွမ်းအထက်ဆုံး အကွက်လား”

လင်းဟုန်က ရယ်သည်။

ရုတ်တရက် သူ မျက်နှာပျက်သွားသည်။ လေထဲတွင် ပြင်းထန်သည့် အားတစ်ခုက ထွက်ပေါ်လာသည်။ထိုအားက လေဟာနယ်ကို ကျော်ဖြတ်လျက် လင်းဟုန်ထံ တိုးဝင်လာသည်။

လင်းဟုန်က အလောတကြီး အတွင်းအားတိုင်းကို စုထုတ်လျက် ရှေ့တွင် ကာသည်။ သို့သော် တဖက်မှ ပြ င်းထန်သည့် အားက ဝင်ဆောင့်တိုးလာချိန်တွင် သူက အားအင်မဲ့စွာ စင်ပေါ်မှ လွင့်ကျသည်။ စင်နှင့် မီတာ လေးဆယ်၊ငါးဆယ်ခန့် အကွာသို့ ရောက်မှသာ ရပ်သွား၏။

သူ၏ အနေအထားက စုတ်ပြတ်နေကာ အဝတ်များက ပြဲထွက်နေသည်။ နှုတ်ခမ်းမှလည်း သွေးများ စီးကျနေ၏။

အပိုင်း ၁၁၀၅

နှစ်ယောက်၏ တိုက်ပွဲ ကြာချိန်က အလင်းတစ်မှုန် လက်ချိန်လောက်ပင် မကြာပေ။ လူအုပ်က တုန့်ပြန်နိုင်ချိန်တွင် လင်းဟုန်က စင်မြင့်၏ တဖက်အဝေးသို့ ရောက်သွားပြီး ဖြစ်ကာ အသေကောင်လို လဲနေလေပြီ။

ရှောင်းရှုက အလောတကြီး ပြေးသွားကာ စစ်ဆေးကြည့်သည်။ လင်းဟုန်က ပြင်ပ ဒဏ်ရာသာ ရထားကြောင်း မြင်သော် စိတ်အေးသွားသည်။

“ အကြီးအကဲကျောက် ထိုက်ရိဂိုဏ်းမှာ နဂါးနဲ့ ကျားတွေ ပုန်းကွယ်နေတာပဲ။ စားဖိုဆောင်က လူတစ်ယောက်ကတောင် ဒီလောက်အထိ စွမ်းအားကြီးနေတယ်”

ရှောင်းရှုက ပြောသည်။

ကျောက်မင်ကျဲ့ကိုယ်တိုင်လည်း ကြောင်နေသည်။ ယခင်က လုယွီက လင်းဟုန်ကို လွင့်ပျံအောင် လုပ်ခဲ့သော်လည်း လှည့်ကွက်သုံးထားသည်ဟု ထင်ခဲ့သည်။ ယခုမူ လူတိုင်း၏ရှေ့မှောက်တွင် စွမ်းအားအစစ်ဖြင့် ရိုက်ပြသွားခြင်းဖြစ်သည်။

ရုတ်တရက် ထိုက်ရိဂိုဏ်းသားများက အော်ဟစ်အားပေးကြသည်။ ယခင်က ထိုအကောင်ကြောင့် သူတို့ ဆိုးဆိုးရွားရွား အရိုက်ခံထားရသည်။ ယခုမူ ထိုအကောင်လင်းဟုန်က ဆိုးဆိုးရွားရွား ပြန်အရိုက်ခံရလေပြီ။ သူတို့ ကျေနပ်သွားကြ၏။

“ ကောင်းပြီ ဒီဂိုဏ်းတူ ညီငယ်က ကံကောင်းပြီး နိုင်သွားတယ်”

ကောင်းလင်းက ဝင်ပြောသည်။

“ လင်းဟုန်ကို သူ အလွယ်တကူ နိုင်သွားတာက လင်းဟုန်ကလည်း အတွင်းအားတွေ ဆုံးရှုံးထားလို့ဖြစ်လိမ့်မယ်။ ဒီကောင်လေးရဲ့ လက်ဝါးက နူးညံ့ပြီး ပျော့ပျောင်းနေတာ လင်းဟုန်ကို အလွယ်တကူ ဘယ်နိုင်မှာလဲ”

အခြားသူများကလည်း နားလည်သလို ခေါင်းညိတ်သည်။ သို့သော် မျက်နှာ မကောင်းကြပေ။ သူတို့ လူအများနှင့် ဝင်တိုက်ခိုက်ခဲ့သည့်တိုင် အတွင်းအား ကုန်ဆုံးနေသည့် လင်းဟုန်ကို မနိုင်ပေ။ ထို့အပြင် လင်းဟုန်က ခုခံရာတွင် ကျော်ကြားသည်။ သို့သော် ရုတ်တရက် ရှုံးသွား၏။ အခြေအနေကို သူတို့ မသုံးသပ်နိုင်ကြတော့ပေ။

“ စိတ်ဝင်စားစရာပဲ၊ မင်းက ငါ့ပြိုင်ဘက်ဖြစ်ဖို့ အဆင့်မီတယ်”

လင်းကျန်းဖန်းက ပြုံးလျက် စင်ပေါ် တက်လာသည်။

သူ၏ ကိုယ်မှ ကြောက်မက်ဖွယ်စွမ်းအားများ ပေါက်ထွက်ကာ ဝိုင်းပတ်လာသည်။ သို့သော် မှတ်ချက်ချရသည်မှာ သူ၏ အနောက်တွင် ကြီးမားသည့် စိတ်ဝိဉာဉ်သဏ္ဍာန်ကြီးတစ်ခု ပေါ်လာခြင်းဖြစ်သည်။

“ စိတ်ဝိဉာဉ်ကို အပြင်ကို ထုတ်လွှတ်နိုင်တဲ့အဆင့်တောင် ရောက်နေပြီလား”

ကျောက်မင်ကျဲ့လည်း အံ့သြသွားသည်။

ထိုကဲ့သို့ အလားအလာကြီးသူက တာအိုပညာရှင်ဖြစ်ရန်ပင် အရည်အချင်းပြည့်မီသည်။သည်နေရာတွင် မရှိနေသင့်ပေ။ ရှောင်းရှုက ပြုံးသည်။

“ အာ ရှင့်ကို ပြောဖို့ တို့မေ့သွားတာ။ တကယ်တော့ လင်းကျန်းဖန်းက ဒီနှစ်မှ ဂိုဏ်းထဲဝင်လာတာလေ။ ဒါပေမဲ့ အခုပွဲပြီးရင် သူ့ကို အတွင်းစည်း တပည့်ဂိုဏ်းသားအဖြစ် ထောက်ခံပေးဖို့ တွေးထားတယ်”

ကျောက်မင်ကျဲ့၏ မျက်နှာက ပျက်ယွင်းနေသည်။

ထိုအခိုက် လင်းကျန်းဖန်းက လုယွီကို တစ်ချက်ကြည့်ပြီး စင်အောက်မှ ကောင်းလင်းကို တစ်ချက်ကြည့်သည်။

“ မင်းပဲ ငါ့ကို ဆုံးမမယ်လို့ ပြောခဲ့တာ မဟုတ်လား၊ အခု တက်လာလို့ရပြီ”

ကောင်းလင်းးက ကြောက်လန့်စွာ နောက်ဆုတ်သည်။

“ ငါ ဒဏ်ရာ ရထားတယ်။ ငါ သက်သာမှ မင်းကို မှတ်လောက်အောင် ဆုံးမမယ်”

ပတ်ဝန်းကျင်ရှိ လူများက သူ့အား ရွံရှာစွာ ကြည့်ကြသည်။ သူက လေကြီးသော်လည်း သတ္တိမရှိပေ။ စားဖိုဆောင်က လူကပင် သူ့ထက် အရာရာသာ၏။

လင်းကျန်းဖန်းက ပြုံးသည်။ သူက လုယွီကိုသာ ကြည့်၏။

“ မင်းရဲ့ စွမ်းအား ဘယ်လောက်ရှိသလဲဆိုတာ ငါ ကြည့်မယ်”

သူက လုယွီကိုမူ စိတ်ဝင်စားသည်။ ထို့ကြောင့် မောက်မာစွာ မပြောပေ။

လုယွီကလည်း ခေါင်းညိတ်သည်။

“ အင်း မင်းက အုတ်မြစ် ခိုင်တယ်။ ဒါပေမဲ့ မင်း အဆင့်တက်ဖို့ လုပ်ချိန်မှာ လျို့ဝှက်သိုင်းကို သုံးထားလို့ ခန္ဒာကိုယ်က ထိခိုက်ထားတယ်”

“ မင်း ဘယ်လိုသိလဲ”

လင်းကျန်းဖန်း လန့်သွားသည်။ ဒါက သူတစ်ယောက်သာ သိသော လျိုု့ဝှက်ချက်ဖြစ်သည်။

“ ငါ အကြံပေးရရင် အခုတလော အဆင့်တက်ဖို့ မကြိုးစားနဲ့၊ မဟုတ်ရင် ဝင်ပူးခံရနိုင်တယ်။ မင်း နှလုံးသား ဆူထရာ ဒါမှမဟုတ် ရေအခြေပြုသိုင်းတစ်ခုခု ကျင့်သင့်တယ်”

လုယွီက လမ်းညွှန်ပေးသည်။

Thank For Reading.

All Chapters