အခန်း (၁၁၀၆-၁၁၁၀)
Vol. 59 Ch. 1106-1110
အပိုင်း ၁၁၀၆
လင်းကျန်းဖန်းတွင် အုတ်မြစ်ကောင်းရှိကြောင်းမြင်သဖြင့် လုယွီက အကြံပေးလိုက်ခြင်းဖြစ်သည်။ ဒါက သူ့အတွက်အကျင့်ဖြစ်နေ၏။ လင်းကျန်းဖန်းပင်ဖြစ်စေ အခြားသော အကြီးအကဲများအတွက်ပင်ဖြစ်စေ လုယွီအတွက်မူ ထိုလူများအားလုံးက လူငယ်မျိုးဆက်သာဖြစ်နေသေးသည်။ သူ၏သာမန်မှတ်ချက်က အခြားသူကျင့်ကြံရန်အတွက် များစွာအကျိုးရှိသွားနိုင်၏။
လင်းကျန်းဖန်း၏မျက်ခုံးများက ဖြောင့်တန်းသွားသည်။ သူက တွေးတောနေဟန်ရ၏။ တစ်ခဏခန့်ကြာပြီးနောက် မျက်လုံးကိုပြန်ဖွင့်ကာ လုယွီကို ကြည့်သည်။
“ငါ တကယ်ဉာဏ်နည်းခဲ့တာပဲ၊ မင်းရဲ့စွမ်းအားက ငါ့ထက်သာတယ်။”
သူ၏လုပ်ဆောင်နိုင်မှုများအားလုံးက အကန့်အသတ်အထိ ရောက်ရှိခဲ့ပြီးသားဖြစ်သည်။ သူက ပြန်သွားလျှင် အဆင့်တက်ရန်ကြံစည်ထား၏။ သို့သော် လုယွီပြောလာမှသာ သူ ကျင့်ကြံချိန်တွင် သူ၏ကိုယ်အတွင်းမှ မရီဒါန်များက နာကျင်မှုကိုခံစားရကြောင်း သတိထားမိသွားသည်။ သူသာ ဆက်လက်၍အဆင့်တက်သွားလျှင် ဒုက္ခရောက်သွားနိုင်၏။ ထို့ကြောင့် လုယွီ ပြောသည့်အတိုင်း သတိထားရန်လိုအပ်သည်။
“ဒီလိုဆိုရင် ဆက်လက်ပြီး အကြံတောင်းပါရစေ။”
လင်းကျန်းဖန်းက လက်သီးဆုပ်လိုက်လျက် အခြားတစ်ဖက်ကို လက်ဝါးဓါးအဖြစ် ပြောင်းကာ လုယွီကို ခုတ်ပိုင်းရန် ကြံစည်လာသည်။
လေထဲတွင်ပင် အဖြူရောင်စက်ကွင်းတစ်ခုဖြစ်သွားခဲ့၏။ ထိုအလင်းတန်းက လုယွီထံ ချက်ချင်းတိုးဝင်မလာခဲ့ပေ။ သို့သော် ထိုတိုက်ကွက်က စွမ်းအားကြီးမားလွန်းနေသည်မှာ သေချာ၏။ လင်းကျန်းဖန်းက သူ အစွမ်းထက်ဆုံး သိုင်းကွက်ကို ထုတ်ဖော်လိုက်ခြင်းဖြစ်သည်။
“ဒါက နှင်းပျံဂိုဏ်းရဲ့နှင်းချိတ်ဓါးမဟုတ်လား။”
ကျောက်မင်ကျဲ့က သက်ပြင်းချသည်။
“သူက ဂိုဏ်းကိုဝင်ကာစပဲရှိသေးတယ်၊ ဒီလောက်အထိ လုပ်နိုင်နေပြီ။”
“ငါလည်း ဓါးသိုင်းတတ်တယ်၊ ဒါပေမယ့် မင်းကိုထုတ်ပြရင်တောင် မင်း နားလည်ဖို့အတွက် ကိုယ်ပိုင်အရည်အချင်းအပေါ် မူတည်လိမ့်မယ်။”
လုယွီက တစ်ဖက်၏ရည်ရွယ်ချက်ကို နားလည်သည်။ သူက မထိတ်လန့်သွားဘဲ အသိအမှတ်ပြုဟန်ဖြင့် ခေါင်းငြိမ့်လိုက်သေး၏။
ယခင်တွေ့ဆုံခဲ့သူများနှင့် ကွာခြားသည်မှာ လင်းကျန်းဖန်းက ပြင်းပြင်းထန်ထန် ကြိုးစားတတ်သူဖြစ်ကြောင်း သူ နားလည်နေခြင်းဖြစ်သည်။
“မြေအောက်လောကရဲ့နတ်ဘုရား”
တူညီစွာဖြင့်ပင် လုယွီက အာကာသလေဟာနယ်ပြင်အတွင်းသို့ အနက်ရောင်ချီစွမ်းအင်များကို တိုးဝင်သွားစေလိုက်သည်။
ဝုန်း
သူတို့နှစ်ယောက်၏ ရှေ့လေဟာနယ်ပြင်တွင် ကြွပ်ဆတ်သောအသံက ထွက်လာသည်။ သိပ်မကြာခင်အချိန်တွင် လင်းကျန်းဖန်း၏လက်ဝါးမှ စပြီး လက်မောင်းတစ်လျှောက် အဝတ်များက ပြတ်ကျသွားသည်။
အောက်ဘက်ရှိကြေးနီရောင်အသားအရည်တွင် ဖျော့တော့သည့်ဓါးအမှတ်ရာက ပေါ်လာ၏။ သို့တိုင်အောင် သွေးများက စိမ့်ထွက်လာသေးသည်။
အခြားတစ်ဖက်တွင် လုယွီက လက်တစ်ဖက်ကို နောက်ပစ်လျက် ခပ်တည်တည်ရပ်နေသည်။ သူ ဘာမှ မဖြစ်သွားခဲ့ပေ။
“ဘယ်လိုဖြစ်နိုင်မှာလဲ။”
ကျောက်မင်ကျဲ့က ထိတ်လန့်သွားသည်။
လင်းကျန်းဖန်းက စိတ်ဝိဉာဉ်ကိုခန္ဓာကိုယ်ပြင်ပသို့ ထုတ်လွှတ်နိုင်သည့် အဆင့်ဖြစ်ကြောင်း သေချာသည်။ သူ ကျောက်မင်ကျဲ့ပင် လင်းကျန်းဖန်းကို အလွယ်တကူရင်ဆိုင်နိုင်မည် မဟုတ်ပေ။ သို့သော် လုယွီကမူ လင်းကျန်းဖန်းကို အလွယ်တကူအသာအယာ လှုပ်ရှားလိုက်နိုင်ရုံဖြင့် နိုင်သွားသည်။
အပိုင်း ၁၁၀၇
လုယွီက ဖျော့တော့စွာပြောသည်။
“ငါ့ရဲ့စကားကိုမှတ်ထား မင်းရဲ့ အုတ်မြစ်က ကောင်းတယ်၊ မင်း အဆင့်လွန်အဆင့် ဒါမှမဟုတ် ဒီထက်မြင့်တဲ့အဆင့်အထိ ရောက်နိုင်တယ်။”
“ငါက ညံ့ဖျင်းပါသေးတယ်၊ အကြံပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။”
လင်းကျန်းဖန်းက လက်နှစ်ဖက်ကို ဆုပ်လျက် ဦးညွှတ်ကာပြောသည်။ လုယွီ အချိန်မီ ရပ်တန့်ခဲ့ကြောင်း သူ မြင်နိုင်၏။ မဟုတ်လျှင် ထိုဓါးချက်ကြောင့် သူ သေသွားနိုင်သည်။
စင်မြင့်ကွင်းပြင်၏အရှေ့တွင် ဂုဏ်ပြုစကားပြောသံ၊ အော်ဟစ်သံများက ပျံ့နှံ့လာ၏။
ဖန်းယွန်က မည်သူမျှ မဟုတ်ခဲ့သော်လည်း ယခုမူ အနိုင်ရသွားသည်။ အများအမြင်တွင် သူက ဂုဏ်ပြုအားထားရသူဖြစ်၏။ ထို့ကြောင့် ဂိုဏ်း၏သူရဲကောင်းဟု သတ်မှတ်သင့်လေသည်။
လုယွီက ကျောက်မင်ကျဲ့ကို လှည့်ကြည့်လျက်ပြောသည်။
“အခု ခင်ဗျား ကတိတည်မှာလား။”
ကျောက်မင်ကျဲ့က ကြောင်သွားပြီ၊ ယခုမှသာ သူ ကတိပေးခဲ့ကြောင်း သေချာသွား၏။ ထို့ကြောင့် ပြောလိုက်သည်။
“မင်းက အတွင်းစည်းတပည့်ဂိုဏ်းသားဖြစ်ဖို့ လုံလောက်တယ်။ မင်းအတွက် ထောက်ခံကြောင်း စာတင်ပေးမယ်။”
ထိုအချိန်တွင် အေးစက်သည့်အသံက ရုတ်တရက်ထွက်ပေါ်လာသည်။
“မရဘူး”
ထို့နောက် အလွန်အမင်းလှပကာ ကြော့ရှင်းကြည့်ကောင်းသည့် အမျိုးသမီးတစ်ယောက်က လူအုပ်ကိုခြံရံလျက် ဝင်လာသည်။
“ဒီကောင်က စိတ်ထားမကောင်းဘူး၊ သူက အတွင်းစည်းဂိုဏ်းကို ဝင်ဖို့မသင့်ဘူး၊ သူ့ကိုအပြင်မှာပဲ နှစ်အနည်းငယ်လောက် ဒုက္ခခံခိုင်းလိုက်ပါ။ သူသာ လိမ္မာသွားမယ်ဆိုရင် အတွင်းစည်းဂိုဏ်းကိုဝင်ဖို့ အခွင့်အရေးရှိလာနိုင်တယ်။”
ထိုမိန်းမက အေးဆေးစွာပြောသည်။ သူမက ကျန်းရိကျင်းဖြစ်သည်။
“မိန်းကလေးကျန်း”
ကျောက်မင်ကျဲ့က သူမအားမြင်သော် ဖားယားနေသည့်အနေအထားမျိုးဖြင့် အနားတိုးကပ်သွားသည်။
ကျန်းရိကျင်းက အတွင်းစည်းတပည့်ဂိုဏ်းသားမျှသာဖြစ်သော်လည်း ကျောက်မင်ကျဲ့က သူ့ ထက်သာသည့်တိုင်အာင် တာအိုအရှင် ရွှီရှန်းထျန်း၏မျက်နှာက ရှိသေးသည်။ တာအိုအရှင်ဆိုသည်မှာ အနာဂါတ်တွင် အဆင့်လွန်အဆင့်သို့မဟုတ် ခေါင်းဆောင်ပင်ဖြစ်နိုင်သည့် အနေအထားမျိုးတွင်ရှိလေသည်။
ကျောက်မင်ကျဲ့က ယခုအခါတွင် စွမ်းအားကြီးမားနေသော်လည်း သူ၏ပါရမီက မမြင့်ပေ။ ထို့ကြောင့် သူ၏ဘဝတစ်ခုလုံး ခန္ဓာကိုယ်ပြင်ပသို့ စိတ်ဝိဉာဉ်ထုတ်လွှတ်သည့်အနေအထားမျိုးဖြင့်သာ တစ်သွားနိုင်သေး၏။ သည်ထက်ရာထူး မတိုးတော့သည်လည်း ဖြစ်နိုင်သည်။ တာအိုအရှင်သခင်ကသာ သူ့ကို သတိထားမိသွားပြီဆိုလျှင်သူ့အနေအထားက မြင့်မားသွားနိုင်လေသည်။
လုယွီက မျက်မှောင်ကြုတ်သည်။ ဖန်းယွန်၏မှတ်ဉာဏ်မှတစ်ဆင့် ကျန်းရိကျင်းအကြောင်း သူ သိလိုက်ရ၏။သည်အတိုင်းဆိုလျှင် ဖန်းယွန်က ချောက်မှ ခုန်ချကာ သေသွားမည်ဖြစ်သဖြင့် ကျန်းရိကျင်းနှင့်ဆုံတော့မည်မဟုတ်ပေ။
ကျန်းရိကျင်းအနားမှ တပည့်ဂိုဏ်းသားတစ်ယောက်က ကျောက်မင်ကျဲ့အနားသို့ကပ်သွားလျက် ခပ်တိုးတိုးပြောသည်။
“ငါ နားလည်ပြီ။”
ကျောက်မင်ကျဲ့က ခေါင်းငြိမ့်သည်။ ထို့နောက် အော်၏။
“ငါ ဒီတစ်ကြိမ်မှာ အတွင်းစည်းတပည့်ဂိုဏ်းသားအဖြစ် ကျန်းကျဲ့ပိုင်ကို ထောက်ခံပေးမယ်။
ထိုက်ရိဂိုဏ်းမှ တပည့်သိုင်းသားတိုင်း အော်ဟစ်ဆူပူကုန်တော့သည်။ အနိုင်ရသူက လုယွီဖြစ်၏။ သူတစ်ယောက်တည်းကပင် ပြိုင်ဘက်ဂိုဏ်းမှ ကျွမ်းကျင်ပညာရှင်နှစ်ယောက်ကို အနိုင်ပိုင်းသွားနိုင်သည်။ သို့သော် သည်အကြီးအကဲကမူ ကတိကိုမတည်ပေ။ အခြားတစ်ယောက်ကိုပင် နေရာပေးလိုက်သေး၏။
“ဒါက မမျှတတာပဲ။”
တစ်စုံတစ်ယောက်က အော်သည်။
အပိုင်း ၁၁၀၈
ကျောက်မင်ကျဲ့၏မျက်နှာက မဲမှောင်သွားလျက်ပြော၏။
“မင်းက ဘာပြောချင်လဲ၊ ငါ့ကို ပြန်ပြောရဲတာလား။”
ထိုသို့ပြောပြီးသည်နှင့် ဘာအသံမှ ထွက်မလာကြတော့ပေ။
“ဟား ဟား ဟား”
ကျန်းရိကျင်းက လုယွီကို အပြုံးနှင့်ကြည့်သည်။
“နင် သတ္တိရှိပြီး စားဖိုဆောင်က လူတွေကို တိုက်ခိုက်ရဲတာ မအံ့ဩတော့ပါဘူး၊ နင့်မှာ အကြံရှိနေတာပဲ၊ ဒါပေမယ့် ဒီလောက်ပဲ၊ ငါ နင့်ကိုခြေမွချင်ရင် နင်ဘယ်လိုမှ ကုန်းတက်နိုင်မယ်မထင်ဘူး”
ကျန်းရိကျင်းက နှာခေါင်းရှုံ့လျက် ထွက်သွားသည်။ ကျောက်မင်ကျဲ့က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လျက် မျက်မှောင်ကြုတ်သည်။
“ဖန်းယွန် မင်းလည်းကြားတာပဲ၊ မင်း စားဖိုဆောင်မီးတောက်ခြံဝန်းကို ပြန်သွားပြီး နှစ်အနည်းငယ်လောက် အတွေ့အကြုံယူတာ ပိုကောင်းမယ်။"
လုယွီက မျက်မှောင်ကြုတ်သည်။ သူ၏အကြံက ဖျက်စီးခံရ၏။ ပြောရလျှင် လုယွီ၏ခွန်အားအားလုံးက ပြန်လည်ပြည့်ဝသွားပြီ ဖြစ်ကာ ထိုက်ရိဂိုဏ်းက အကြီးအကဲများကပင် သူ့ကိုမယှဉ်နိုင်တော့ချေ။
သို့သော် သူက တိကျသေချာသည့် နောက်ခံတစ်ခုကို လိုချင်လျှင် စိတ်ရှည်မှရပေလိမ့်မည်။
သို့မှသာလျှင် ထိုတော်ဝင်ဘိုးဘေးထံသို့ ရောက်ပြီး ချောင်းတိုက်နိုင်မည်ဖြစ်၏။ ထို့ကြောင့် သူ တောင့်ခံရမည်။
နှင်းပျံဂိုဏ်းနှင့်အဖွဲ့သားများက မထွက်သွားသေးသည့်အတွက် သည်မြင်ကွင်းကို မြင်လိုက်ရသည်။ ရှောင်းရှု့က အော်၏။
“ဒါက နင်တို့ပါရမီရှင်ကို ဆက်ဆံတဲ့ပုံလား၊ ဒီလိုပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်ကို စားဖိုဆောင်မီးတောက်ခြံဝန်းမှာ ထပ်ပြီးဒုက္ခခံခိုင်းအုံးမယ်ပေါ့။ ပိုဆိုးတာက နင်က အခြားသူကိုတောင် ထောက်ခံ လိုက်သေးတယ်။”
ကျောက်မင်ကျဲ့၏မျက်နှာက နီရဲသွားကာ ဒေါသတကြီးပြောသည်။
“ဒါက ဂိုဏ်းရဲ့ကိစ္စပါ၊ မင်းတို့ ဝင်စွက်ဖက်ဖို့မသင့်ဘူး။”
“”ဟင်း ဟင်း ငါ နင့်ကို တစ်ကယ်စိတ်ပျက်မိတယ်၊ သူ့လိုလူမျိုးသာ ငါတို့ဂိုဏ်းမှာရှိရင် ချက်ချင်းဆိုသလို တာအိုပညာရှင်တစ်ယောက်အဖြစ် ပြုစုပျိုးထောင်ပေးအုံးမှာပဲ၊ နင်က ပါရမီရှင်ကိုသတ်နေတာပဲ။"
ရှောင်းရှုက လုယွီကိုကြည့်သည်။
“ဖန်းယွန် နင် ထိုက်ရိဂိုဏ်းမှာ မနေချင်ရင် ငါတို့ဂိုဏ်းက အမြဲတမ်း ကြိုဆိုနေတယ်။”
ကျောက်မင်ကျဲ့က သည်အခြေအနေကို ဒေါသထွက်လာသည်။
“မင်းတို့ ငါ့မျက်နှာကိုမှမထောက် ငါ့ရဲ့တပည့်ဂိဏ်းသားကို ငါ့ရဲ့အရှေ့မှာ ဆွဲဆောင်သိမ်းသွင်းနေတာပဲ။”
“ငါ ဒီနေရာမှာ မရှိတော့ဘူးလို့ ထင်နေတာလား။”
ရှောင်းရှု့က သူ့ကိုဂရုမစိုက်ဘဲ အေးစက်စွာပြော၏။
“နှင့်မှာ မျက်နှာရှိတယ်လို့ကို ငါ မထင်တာ၊ ဒီလောက်ထူးချွန်တဲ့ တပည့်ဂိုဏ်းသားက မမျှော်လင့်ထားဘဲ မီးဖိုခြံဝန်းမှာ မြှုပ်နှံခံရတော့မယ်။”
“နင်က ပါရမီရှင်တွေကို ဘာယ်လိုဆက်ဆံရကောင်းမလဲ မသိဘူး၊ ငါတို့ နှင်းပျံဂိုဏ်းကို ဝင်ခိုင်းလိုက်တာက ပိုမကောင်းဘူးလား”
နှင်းပျံဂိုဏ်းမှ လူအများစုက နှာခေါင်းရှုံ့ကြသည်။ လုယွီထံတွင် ရှုံးသွားသူများကပင် ဒါက မဖြစ်သင့်ကြောင်း လက်ခံကြ၏။
သို့ရာတွင် ကျောက်မင်ကျဲ့က သည်လိုမတွေးပေ။ လုယွီက ပါရမီရှီသော်လည်း ပါရမီရှိရုံသာဖြစ်နေသေး၏။ အနာဂါတ်က ဝေးသေးသည်။ သို့သော် တာအိုပညာရှင်ကမူ လက်ရှိတာအိုပညာရှင်ဖြစ်နေ၏။ ထို့ကြောင့် အရေးကြီးသည်ကို သူ သိမှ ရပေလိမ့်မည်။
“ဟမ့် မင်းတို့က သေချာနားမလည်ပါဘူး။”
ရှောင်းရှု့က ခေါင်းခါသည်။
“ငါ ပြန်သွားရင် အကြီးအကဲကို ရှင်းပြလိုက်မယ်၊ အနာဂါတ်မှာ ငါတို့ဂိုဏ်းနှစ်ဂိုဏ်း သိုင်းပညာဖလှယ်ဖို့ မလိုတော့ဘူး။”
တပည့်ဂိုဏ်းသားများအားလုံးက ရုတ်တရက် အုတ်အော်သောင်းနင်း ဖြစ်သွားသည်။ ပုံမှန်အတိုင်းဆိုလျှင် သည်ပွဲမှတစ်ဆင့် သူတို့အချင်းချင်း သိုင်းပညာ ဖလှယ်နိုင်ကြ၏။ ထို့ကြောင့် အရေးကြီးသည်။ သို့ရာတွင် နောက်ပိုင်းတွင် ထိုက်ရိဂိုဏ်းက အချင်းချင်းသာ ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။
ကျောက်မင်ကျဲ့ကလည်း သဘောမတူပေ။
“ငါတို့ ဒီလိုသိုင်းပြိုင်ရင်လည်း ငါတို့ဂိုဏ်းက ဘာမှ အကျိုးအမြတ်ရမှာမှ မဟုတ်တာ၊ ဂရုမစိုက်ဘူး။”
ရှောင်းရှု့က နှာခေါင်းရှုံ့လျက် လူများကိုခေါ်ကာ ထွက်သွားတော့သည်။
သည်လေ့ကျင့်ရေးကွင်းပြင်တွင် ထိုက်ရိဂိုဏ်းမှ လူများသာလျှင် ကျန်ရစ်တော့သည်။ ကျောက်မင်ကျဲ့က အေးစက်စွာပြော၏။
“အားလုံး ဘာလုပ်နေကြတာလဲ ပြန်ကြတော့။”
အားလုံးက ဒေါသကြီးနေကြသော်လည်း လုယွီအတွက် မမျှတသလို ခံစားနေရသည့်တိုင်အောင် ကျောက်မင်ကျဲ့က အကြီးအကဲဖြစ်နေသည့်အတွက် ဘာမှ မလုပ်နိုင်ကြတော့ပေ။ မည်သူကမျှ ဘာမှ မပြောရဲကြပေ။ လူစုကွဲသွားပြီးနောက် ကျောက်မင်ကျဲ့က လုယွီကိုကြည့်သည်။
“မင်းလည်း စားဖိုဆောင်ခြံဝန်းကို ပြန်တော့၊ ကိုယ့်အမှားကိုသုံးသပ်၊ ဒါမှ မင်း အတွင်းစည်းဂိုဏ်းကို ဝင်နိုင်လိမ့်မယ်။”
“ခင်ဗျားသာ နောင်တမရစေနဲ့။”
လုယွီက ထိုသို့ပြောပြီး ခေါင်းလှည့်ကာ ထွက်သွားသည်။
လုယွီ၏ကျောပြင်ကိုကြည့်ရင်းမှ ကျောက်မင်ကျဲ့ကလည်း တစ်စုံတစ်ရာ မှားယွင်းသလို ခံစားလိုက်ရ၏။ သို့ရာတွင် ဘာကမှားမှန်း မသိပေ။
“ဟမ့် လျှို့ဝှက်ဆန်းကြယ်သလို ဟန်ဆောင်နေသေးတယ်။”
ကျောက်မင်ကျဲ့က နှာခေါင်းရှုံ့သည်။
အပိုင်း ၁၁၀၉
လုယွီတွင် ပါရမီရှိလျှင်ပင် ထောင်ကျစ်ထက်သာရန် မဖြစ်နိုင်ပေ။
…
လုယွီက စားဖိုဆောင်မီးတောက်ခြံဝန်းအတွင်းသို့ ရောက်သွားပြီးနောက် ယခင်ခြံဝန်းမှ ခေါင်းဆောင်နှင့် ထွက်သွားသောလူအများစုက ထိပေ့ထန်းကျောင်းတော်သို့ အပို့ခံလိုက်ရကြောင်း သိလိုက်ရသည်။ ထို့ကြောင့် လက်ရှိ ခေါင်းဆောင်က လုယွီဖြစ်သွား၏။
လုယွီက သည်ပြိုင်ပွဲပြီးနောက်တွင် အလွန်အမင်းကျော်ကြားသွားခဲ့လေရာ တပည့်ဂိုဏ်းသားအများစုက စားဖိုဆောင် မီးတောက်ခြံဝန်းသို့ ဝင်ရောက်ခဲ့ကြသည်။
အချိန်တစ်ခုကြာသည်အထိ သည်မီးတောက်ခြံဝန်းက အမြဲလိုလို လူစည်ကားနေလေ့ရှိ၏။
“မင်းရဲ့ပြဿနာက ဒီသိုင်းမဟုတ်ဘူး၊ မင်း အရင်ကျင့်ထားတဲ့ လျှို့ဝှက်သိုင်းက ဖြစ်နေတာပဲ၊ ဒီလျှို့ဝှက်သိုင်းကို ယာယီအားဖြင့် ကျင့်ကြံတာ ရပ်တန့်ထားလိုက်မယ်ဆိုရင် မင်းအတွက် အဆင်ပြေသွားလိမ့်မယ်၊ ငါ မင်းကို ဒီတစ်ခု ပေးလိုက်မယ်၊ ဒီသိုင်းကို ပြောင်းကျင့်လိုက်။”
လုယွီက သူ့ရှေ့ရှိ တပည့်ဂိုဏ်းသားတစ်ယောက်ကို လက်ညှိုးညွှန်ပြသည်။
ထိုတပည့်ဂိုဏ်းသားက အံ့ဩသွားသောအမူအရာမျိုးဖြင့် လုယွီကို ခပ်မြန်မြန်ကျေးဇူးတင်သည်။
သည်ရက်အတောအတွင်းတွင် လုယွီက တစ်ယောက်တည်း ကျင့်ကြံရုံသာမကလေဘဲ လူငယ်မျိုးဆက်များကိုလည်း လမ်းညွှန်ပြသသေးသည်။ အကြံဉာဏ်တောင်းလိုလျှင် သူက ပေးလိုက်မည်သာဖြစ်၏။
ကျန်သည့်အချိန်တွင် သူက စားဖိုဆောင်ခြံဝန်းမှ အလုပ်တာဝန်ကိုလည်း ကောင်းမွန်စွာလုပ်ကိုင်လေသည်။
တစ်ရက်တွင် ယန်ရွှင်းက လုယွီကို လာရှာသည်။
“အစ်ကိုဖန်း ကျွန်တော် အစ်ကို စုဆောင်းခိုင်းထားတဲ့ သတင်းရလာပြီ။”
ယန်ရွှင်းက အံ့အားတကြီးပြောသည်။
“နောက်လမှာ အတွင်းစည်းတပည့်ဂိုဏ်းသားတွေအတွက် စမ်းသပ်ပွဲကို ကျင်းပလိမ့်မယ်၊ အဲ့ဒီပွဲမှာ အနိုင်ရတဲ့သူတွေက တော်ဝင်နယ်မြေကို ဝင်ရောက်ခွင့်ရဖို့ ရွေးချယ်ခံရမှာပါ။”
ယန်ရွှင်းက လုယွီကို သူ သိထားသမျှပြောပြသည်။
“အတွင်းစည်းတပည့်ဂိုဏ်းသားတွေပဲ ဝင်နိုင်တာလား။”
လုယွီက မျက်မှောင်ကြုတ်သည်။
ယန်ရွှင်းက ပြော၏။
“အတွင်းစည်းတပည့်ဂိုဏ်းသားဖြစ်ဖို့ စမ်းသပ်ပွဲက နောက်နှစ်မှာ ကျင်းပမှာပါ။ အပြင်လောကတစ်ခုလုံးက နောက်နှစ်မှာကျင်းပမယ့် ဒီအခွင့်အရေးကို စောင့်မျှော်နေကြတာပါ။”
“နောက်နှစ်မှ ဟုတ်လား။”
လုယွီက ခေါင်းခါသည်။ သူ့တွင် ထိုမျှအချိန်မရှိပေ။ အချိန်ကြာလေလေ အခွင့်အရေးက လျော့သွားလေလေ ဖြစ်ပေလိမ့်မည်။ ထို့အပြင် သူသည်လည်း မသက်မသာခံစားရ၏။
ရုတ်တရက် ယန်ရွှင်းက တစ်စုံတစ်ရာကို သတိရသွားဟန်ဖြင့်ပြောသည်။
“အတွင်းစည်းတပည့်ဂိုဏ်းသားဖြစ်ဖို့ အကြီးအကဲတွေ ထောက်ပံ့ပေးတာနဲ့ စမ်းသပ်ပွဲမဟုတ်ရင် နည်းလမ်းတစ်ခုတော့ရှိတယ်၊ အဲ့ဒါက မျောလွင့်ခြင်းမျှော်စင်ပဲ။”
လုယွီ၏မျက်ဝန်းက တောက်ပသွားသည်။ ဖန်းယွန်၏မှတ်ဉာဏ်မှတစ်ဆင့် သူ သိလိုက်ရ၏။ ထိုက်ရိတာအိုဂိုဏ်းသည် ကျွန်းတစ်ကျွန်းပေါ်တွင် တည်ရှိသည့်အပြင် အပြင်စည်းဂိုဏ်းက ကျွန်းအပြင်ဘက်တွင် ခွဲထွက်နေသည့် ကျွန်းငယ်များ တွင်ရှိခြင်းဖြစ်ပြီး အတွင်းစည်းဂိုဏ်းက ကျွန်းအလယ်တွင်တည်ရှိသည်။ သို့သော် သည်ကြားတစ်နေရာတွင် မျောလွင့်နေသည့် မျှော်စင်တစ်ခုရှိ၏။
ထိုက်ရိဂိုဏ်းမှ မည့်သည့်တပည့်ဂိုဏ်းသားမဆို ထိုမျှော်စင်သို့ ဝင်ရောက်နိုင်စွမ်းရှိလေသည်။ အစောင့်အရှောက်သားရဲကို နိုင်သမျှကာလပတ်လုံး အတွေ့အကြုံရအောင် လေ့ကျင့်နိုင်စွမ်းရှိ၏။
ယန်ရွှင်းက ပြောသည်။
“အစ်ကိုဖန်းသာ မျောလွင့်ခြင်းမျှော်စင်က အထပ်ငါးဆယ်လုံးကို ကျော်ဖြတ်နိုင်မယ်ဆိုရင် အလိုအလျောက် အတွင်းစည်းတပည့်ဂိုဏ်းသားဖြစ်သွားမှာပဲ။”
သူက ရုတ်တရက်သက်ပြင်းချသည်။
“ဒါပေမယ့် အဲ့ဒီကို တစ်ခါသွားတိုင်းမှာ အဆင့်မြင့်စိတ်ဝိဉာဉ်ကျောက်တုံး သန်းတစ်ရာပေးရတယ်၊ အဲ့ဒီက အစောင့်အရှောက်သားရဲက ကြောက်ဖို့ကောင်းတာကိုလည်း မမေ့ထားသင့်ဘူး၊ ဒါပေမယ့် အများစုကတေ့ာ စိတ်ဝိဉာဉ်ကျောက်တုံးနဲ့တင် မတတ်နိုင်ကြတာပါပဲ။”
ယန်ရွှင်းက သိုလှောင်အိတ်ထဲမှ အိတ်တစ်အိတ်ကိုထုတ်ကာ လုယွီကိုပေးသည်။ လုယွီက မျက်မှောင်ကြုတ်၏။
“ဒါက ဘာလဲ။”
“ဒါက ကျွန်တော် ဒီနှစ်တွေအတွင်းမှာ စုဆောင်းခဲ့တာပါ၊ တစ်သန်းကျော်လောက်ရှိပါတယ်၊ အစ်ကိုက ဒီတစ်လောမှာ စားဖိုဆောင်မီးတောက်ခြံဝန်းမှာပဲ ဒုက္ခခံနေခဲ့ရတယ်၊ အခုတော့ အခွင့်အရေးရောက်လာပြီ။ ကျေးဇူးပြုပြီး ဒီအခွင့်အရေးကိုယူပြီး ကောင်းကင်ကို ပျံတက်သွားပါ၊ အစ်ကိုသာ တာအိုပညာရှင်ဖြစ်လာရင် ကျွန်တော်တို့ကို မမေ့ဖို့ပဲ မျှော်လင့်မိပါတယ်။”
“ဒါက ကိုယ်တိုင်ရဲ့အခွင့်အရေးပါပဲ မင်းပိုက်ဆံက မင်းစုထားတာ၊ မင်းပဲ ယူထားလိုက်၊ နောက်ပြီး ငါ့မှာ လုံလုံလောက်လောက် ရှိတယ်။”
လုယွီက ခါးသီးစွာပြုံးသည်။ သူက စိတ်ဝိဉာဉ်ကျောက်တုံးများကို ပြန်ပေးလိုက်၏။
စားဖိုဆောင် မီးတောက်ခြံဝန်းမှ ထွက်သွားပြီးနောက် လုယွီက ေမျာလွင့်ခြင်း မျော်စင် ထံသို့ တိုက်ရိုက်သွားသည်။ အဝေးတွင် ခမ်းနားသည့် အဆောက်အဦးတစ်ခုကို မြင်ရ၏။
“ဒီနေရာက အရှိန်အဝါတွေအပြည့်တွေပဲ၊ နေရာမမှားတာ သေချာတယ်။”
လုယွီက ခေါင်းငြိမ့်သည်။
သူ၏ဒဏ်ရာများက အပြည့်အဝသက်သာသွားပြီး ဖြစ်လေသည်။ သူသာမ သက်သာသေးလျှင် သည်နေရာက လေ့ကျင့်ရန် သင့်တော်၏။
ေမျှာ်စင်၏ရှေ့တွင် ဧည့်လက်ခံခန်းမတစ်ခုရှိသည်။ ထို့နောက် အံ့အားသင့်စရာကောင်းအောင် လူရှင်းနေ၏။ သို့သော် ရုတ်တရက် လူငယ်စုံတွဲ တပည့်ဂိုဏ်းသားနှစ်ယောက်ကို တွေ့လိုက်ရသည်။ သူတို့က ရယ်မောနေကြ၏။
“စိတ်မရှိပါနဲ့၊ ေမျာလွင့်ခြင်းမျှော်စင်ကို စိန်ခေါ်ချင်ရင် ငါ ဘယ်လိုစာရင်းသွင်းရမလဲ။”
လုယွီက မေးသည်။
အမျိုးသမီးတပည့်ဂိုဏ်းသူက လုယွီကို မျက်ဖြူလှန်ပြသည်။ သူမက ဂရုမစိုက်ဘဲ အမျိုးသားကို သာ ရယ်ပြနေ၏။ လုယွီက မျက်မှောင်ကြုတ်သည်။
“ငါ ပြောနေတယ်။”
အမျိုးသားက မျက်မှောင်ကြုတ်ကာ ပြောသည်။
“မင်းကန်းမနေရင် ဒီအထဲကိုဝင်ဖို့ အဆင့်မြင့်အဆင့် စိတ်ဝိဉာဉ်ကျောက်တုံး သန်းတစ်ရာ ပေးရမယ်ဆိုတာ နားလည်သင့်တယ်။”
အမျိုးသမီးကလည်း လုယွီကို နှာခေါင်းရှုံ့ကာကြည့်လျက် ပြော၏။
“နင့်ကိုယ်နင်ကြည့်အုံး ဆင်းရဲနေတာပဲ၊ နင့်မှာ စိတ်ဝိဉာဉ်ကျောက်တုံးမရှိရင် ဒီနေရာက ထွက်သွားလိုက်၊ နေ့တိုင်းလိုလို လူဆင်းရဲတွေ ဘယ်လောက်လာပြီး ဒုက္ခရှာနေကြသလဲ ဒါက ငါ့ရဲ့စိတ်အခြေအနေကို ဆိုးရွားစေတယ်။”
လုယွီက သာမန်ရိုးရှင်းသည့်ဝတ်စုံကိုသာ ဝတ်ဆင်ထားပြီး မှော်လက်နက်ကိုပင် ကိုင်ဆောင်ထားခြင်းမရှိပေ။
ထို့ကြောင့် သတိလက်လွတ် လုယွီက နိမ့်ကျသောလူတစ်ယောက်ဟု သူတို့က ထင်လိုက်ခြင်းဖြစ်သည်။
အပိုင်း ၁၁၁၀
လုယွီက ထိုအပြုအမူများကို ဂရုမစိုက်ပေ။ သူက အင်္ကျီလက်ကြားမှ သိုလှောင်အိတ်ငယ် တစ်အိတ်ကို ဆွဲထုတ်ယူလိုက်ပြီး အမျိုးသမီး တပည့်ဂိုဏ်းသားထံ ပေးလိုက်သည်။
“ရေလိုက်”
ထိုအမျိုးသမီးက အံ့သြသွားသည်။
“ နင့်မှာ တကယ်ရှိတာလား”
သူမက ရေတွက်ကြည့်လိုက်ရာ မှန်ကန်နေကြောင်း တွေ့လိုက်ရလေသည်။
“ ဒီလို လူမျိုး မတွေ့ရတာ အချိန်အတော်ကြာပြီပဲ၊ ကောင်းပြီ နင် ဝင်နိုင်ပြီ”
လုယွီက မျက်မှောင်ကြုတ်သည်။
“ စာရင်းမသွင်းရဘူးလား”
“ ဘာပဲဖြစ်ဖြစ် နင်ခဏနေ ပြန်ထွက်လာရမှာပဲလေ”
စာရင်း မသွင်းရသဖြင့် အချိန်ကုန်သက်သာသွားသည်။ လုယွီ ကျေနပ်သွား၏။
လုယွီက အထဲသို့ဝင်သွားကြောင်းမြင်သောအခါ လူငယ်က နှာခေါင်းရှုံ့လျက် ပြောသည်။
“ငါ ဒီလိုလူမျိုးတွေ အများကြီး မြင်ဖူးတယ်။ ပိုက်ဆံ သန်းတစ်ရာ အကုန်ခံပြီး စမ်းသပ်ချင်ကြတာလေ။ တခဏနေမှ အစောင့်အရှောက်သားရဲတွေက ဘယ်လောက်ကြောက်ဖို့ကောင်းလဲ သိသွားပြီး ပြန်ထွက်လာလိမ့်မယ်”
အမျိုးသမီးကမူ ဂရုပင်မစိုက်ပေ။
‘ ဟင်း ခဏနေ ပြန်ထွက်လာရမှာပဲ’
….
မျောလွင့်ခြင်း မျှော်စင် အတွင်းတွင် လုယွီက သူ၏ရှေ့မှ ပျောက်ကွယ်သွားသော သားရဲအလောင်းကို ကြည့်သည်။ သူက လက်ကောက်ဝတ်ကို တစ်ချက် ခါလျက် ပြောသည်။
“ အားနည်းလိုက်တာ”
လုယွီက ခန်းမထဲသို့ ဝင်လိုက်ချိန်မှာတင် အနောက်ဘက်မှ လေပြင်းဖြတ်တိုက်လာသလို ခံစားခဲ့ရသဖြင့် သတိလက်လွတ် လက်သီးဖြင့် ထိုးလိုက်မိလေသည်။ သို့သော် ဒါက သားရဲကို ထိသွားပြီး ပြာဖြစ်သွားစေခဲ့၏။ထို့နောက် ဖျော့တော့သော အရှိန်အဝါတစ်ခုက သူ့ထံ တိုးဝင်လာခြင်းအား ခံစားလိုက်ရသည်။
“ ဒီနေရာက စားဖိုဆောင်ထက် စွမ်းအင် ပိုများတာပဲ”
လုယွီက တွေးသည်။ အပြင်လောကထက်စာလျင် သည်နေရာက ကောင်းကင်နှင့်မြေကြီး၏ စွမ်းအား သိပ်သည်းစွာ တည်ရှိနေသည်။ သို့သော် လုယွီအတွက် မလုံလောက်သေးပေ။
“ စွမ်းအင်တွေကို ဖြန်းလို့မဖြစ်ဘူး”
လုယွီက နောက်ထပ် တစ်ဆင့်သို့ ဆက်တက်သည်။
မျော့လွင့်ခြင်း မျှော်စင်က အတွင်းစည်း ဂိုဏ်း၏ မျောလွင့်ခြင်း ကျွန်းနှင့် ဆက်နေသည်။ သည်နေရာမှ အထပ်ငါးဆယ်ထိ တက်ပြီးလျင် အတွင်းဘက်သို့ တန်းရောက်မည်ဖြစ်သည်။
ထို့ကြောင့် ထိုက်ရိဂိုဏ်းက သည်မျှော်စင်မှ အထပ်ငါးဆယ်သို့ ကျော်ဖြတ်နိုင်သည်နှင့် အတွင်းစည်းဂိုဏ်း တပည့်ဂိုဏ်းသားဖြစ်ပြီဟု ဆိုထားခြင်းဖြစ်သည်။
ထိုစည်းမျဉ်းရှိပါသော်လည်း သည်နည်းလမ်းဖြင့် အတွင်းစည်းတပည့် ဂိုဏ်းသားဖြစ်သွားသူက နည်းသည်။ အကြောင်းမူကား အစောင့်အရှောက်သားရဲများက အတွင်းစည်းတပည့်ဂိုဏ်းသားများ လက်ခံနိုင်သည်ထက်ပင် စွမ်းအားကြီးနေသောကြောင့်ဖြစ်သည်။
ထိုက်ရိဂိုဏ်း စတင်တည်ထောင်ပြီးကတည်းက လူဆယ်ယောက်ခန့်ကသာ ကျော်ဖြတ်နိုင်ခဲ့ကြသည်။ထိုလူများအားလုံးက အတွင်းစည်းဂိုဏ်း အကြီးအကဲများ ဖြစ်နေကြလေပြီ။
လက်ရှိတွင် အထပ်တစ်ရာမြောက်တွင် အကြီးအကဲတစ်ယောက်က ကျင့်ကြံနေသည်။သူ၏ အရှေ့တွင် ကြောက်မက်ဖွယ်သားရဲကြီးက သူ့အား စိုက်ကြည့်လျက်ရှိနေသည်။
သားရဲ၏ မျက်လုံးက သွေးဆာမှုဖြင့် တောက်ပနီရဲနေသည်။ သို့သော်လည်း သူက ထိုလူကို ကြောက်သဖြင့် ဘာမှမလုပ်ရဲပြန်ပေ။
“ မစိုးရိမ်ပါနဲ့ ငါ နောက်တစ်နာရီ ကျင့်ကြံပြီးရင် ထွက်သွားမှာပါ”
ထိုလူက ပြုံးသည်။