← Chapters

အခန်း (၁၁၁၁-၁၁၁၅)

Vol. 59 Ch. 1111-1115

အခန်း (၁၁၁၁-၁၁၁၅)

Vol. 59 Ch. 1111-1115

အပိုင်း ၁၁၁၁

ရုတ်တရက်…

ထိုလူအိုကြီး၏ ခြေထောက်အောက်မှ ဝုန်းခနဲ ပေါက်ကွဲသံ ထွက်လာသည်။ ထိုလူအိုကြီးလည်း သူ၏ အောက်ဘက်ရှိ တစ်စုံတစ်ရာကတော့ဖြင့် လှုပ်ခါနေကြောင်း ခံစားလိုက်ရသည်။

“ အကြီးအကဲ တစ်ယောက်ယောက်များ အဆင့်တက်နေတာလား”

သူက ရေရွတ်သည်။

ရုတ်တရက် လူအိုကြီး၏ အရှေ့ တဖက်ခြမ်းတွင်ရှိသော နေရာရွေ့ပြောင်း ဝင်္ကပါ အခင်းအကျင်းက လင်းလက်လာပြီး လုယွီက ပေါ်လာသည်။ သူ ပေါ်လာသည်နှင့် သားရဲက ခုန်ဝင်သွားသည်။ သို့သော် လုယွီက ခေါင်းကို ရိုက်ချလိုက်ခြင်းဖြင့် သတ်ပစ်လိုက်သည်။

ထိုသို့ဖြင့်သည်အထပ်မှ စွမ်းအားများက သူ့ထံပြုံတိုးဝင်လာသည်။

“ မလုံလောက်သေးဘူး”

လုယွီက ရေရွတ်ပြီး ကြောင်အနေသည့် လူအိုကြီးကို ချန်ထားရစ်ကာ နောက်တစ်ဆင့် ထပ်တက်သွားသည်။

လူအိုကြီး၏ မျက်ဝန်းကမူ ကြောက်လန့်မှုဖြင့် လင်းလက်နေသည်။ သူက ပျောက်ပြယ်တော့မည့် သားရဲအလောင်းကို ကြည့်ပြီး တွေးသည်။

“ ဘယ်လောက်တောင် သန်မာတဲ့ ခန္ဓာကိုယ်လဲ”

ထိုလူအိုကြီးအနေနှင့် လုယွီက ဘာစွမ်းအားမျှ မသုံးခဲ့ကြောင်း မြင်နိုင်လေသည်။ သူက သည်အတိုင်း ခန္ဓာကိုယ်အား သက်သက်နှင့် တိုက်ခိုက်သွားခဲ့ခြင်းဖြစ်သည်။

“ ဒီကောင်လေးက ငယ်သေးတယ်။ သူက ဘယ်တောင်ထိပ်ကများလဲ၊ ငါ လိုက်ကြည့်ရမယ်”

ထိုသို့ဖြင့် လူအိုကြီးက လုယွီ၏ နောက်မှ လိုက်ကာ အထပ်တိုင်းကို ဆက်တက်ခဲ့သည်။

အထပ် နှစ်ရာ…. အထပ် သုံးရာ….

လူအိုကြီးက နောက်မှ လိုက်တက်ရင်းမှ အထပ်တိုင်းတွင် သားရဲအလောင်းများနှင့် ကုန်ဆုံးနေသည့် စွမ်းအင်များကို မြင်ခဲ့ရလေသည်။

“ သူ ဒီနေရာကို အဆင့်တက်ဖို့ ရောက်လာတာ မဟုတ်ဘူးလား”

သူဆိုလျင်ပင် အထပ်သုံးရာအထိသာ အများဆုံး တက်နိုင်ခဲ့သည်။

ဝုန်း

ရုတ်တရက် အထပ်သုံးရာမှ သားရဲကလည်း သေသွားသည်။ လုယွီက စွမ်းအင်များကို စုပ်ယူလိုက်၏။

“ အရင်ဘဝမှာ ငါ မသေခင်က စန်းရှန်းကျင်း ပေးခဲ့တဲ့ ဒဏ်ရာက အတော်ပြင်းခဲ့တာပဲ”

လုယွီက ပြုံးသည်။

သူ၏ နှဖူးတွင် ရှစ်ခုမြောက် သင်္ကေတနှင့် ကိုးခုမြောက် သင်္ကေတက ဆက်တိုက်ပေါ်လာသည်။ သူ အဆင့်တက်သွားလေပြီ။ ကိုးခုမြောက် သင်္ကေတပေါ်လာလုနီးပါးဖြစ်နေသဖြင့် ဒါက အထွတ်အထိပ်အဆင့်သို့ ရောက်လုမတတ် ဖြစ်သွားသည်။

“ အရင်ဘဝမှာ ကိုးခုမြောက် သင်္ကေတကို ထွက်ပေါ်အောင် လုပ်ပြီးချိန်မှာတင် ရှန်းလင်ကျုံးနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ ငါက ပိုပြီး စွမ်းအားကြီးမားနေလိမ့်မယ်”

လုယွီက လက်သီးကို တင်းကျပ်စွာ ဆုပ်လျက် ခုန်ထွက်သွားသည်။

ဝင်သက်အနည်းငယ် ကြာပြီးနောက် လုယွီ ရပ်ခဲ့သည့် နေရာသို့ လူအိုကြီးက ရောက်လာသည်။

အပိုင်း ၁၁၁၂

“ ဒီကောင်လေးက ငါ့ရဲ့မှတ်တမ်းကို ချိုးသွားတာပဲ”

လူအိုကြီးက အပြုံးဖြင့် နောက်မှ လိုက်သည်။

သို့ရာတွင် အပေါ်သို့ တက်လေလေ သူ၏ မျက်နှာရှိ အပြုံးက ပျောက်လေလေ ဖြစ်လာသည်။ ထို့နောက် သူ၏ မျက်နှာက လေးနက်သွားတော့သည်။

အကြောင်းမူကား အပေါ်သို့ တက်လေလေ ရင်ဆိုင်ရမည့် သားရဲက စွမ်းအားကြီးလေလေဖြစ်သည်။ ထို့အပြင် စွမ်းအားကြီးသော ယှဉ်ပြိုင်သူဆိုလျင် ဝင်္ကပါ၏ ကန့်သတ်ချက်ကြောင့် ထိန်းချုပ်ခံရခြင်းက ပိုပြီး ပြင်းထန်ပေလိမ့်မည်။သို့ရာတွင် လုယွီက စတင် ဝင်ရောက်ကတည်းက ယခုအထိ အကောင်းဆုံး အခြေအနေတွင် ရှိနေသေးသည့်အပြင် သားရဲတစ်ကောင်ကို တစ်ချက် ရိုက်ရုံဖြင့် သတ်ဖြတ်နိုင်နေလေသည်။

ထို့ထက်ကြောက်မက်ဖွယ် ကောင်းသည်မှာ လုယွီက စွမ်းအင်တိုင်းကို လျင်မြန်စွာ စုပ်ယူနိုင်ခြင်းဖြစ်သည်။ ယခုနောက်ပိုင်းမှ အထပ်များတွင် ရှိသော စွမ်းအင်က အလွန် များပြားနေပြီဖြစ်သည်။ သို့သော် လုယွီကမူ အားလုံးကို တခဏချင်း စုပ်ယူနိုင်ပြန်သည်။

ထိုမျှများပြားစွာ စုပ်ယူထားသော်လည်း ဖိအားများဟန် မရှိပေ။ ထိုသို့ဖြင့် အထပ်ငါးရာသို့ ရောက်လာသည်။ ထိုနေရာရှိ စွမ်းအင်များကို ဝါးမြိုပြီးနောက် လုယွီက ရပ်တန့်လိုက်သည်။

“ ဒါက ထိပ်ဆုံးအထပ်ပဲ”

သူ စိတ်ပျက်သွားရသည်။ သို့သော် ပေးခဲ့ရသော သန်း၁၀၀နှင့် ယှဉ်သော် အကျိုးအမြတ်ရသေးလေသည်။ လုယွီက ခါးတံဆိပ် အဆောင်ကို ထုတ်သည်။ထိုအဆောင်က အလိုလို ခါးကတ် အဆောင်တံဆိပ်ပြားအဖြစ် ပြောင်းသွားသည်။

“ ငါ့ရဲ့နောက်ခံက အလိုလို အတွင်းစည်း တပည့်ဂိုဏ်းသား ဖြစ်သွားပြီဆိုတော့ ငါ အတွင်းစည်း တပည့်ဂိုဏ်းသားတွေရဲ့ စမ်းသပ်ပွဲမှာ ဝင်ပြိုင်နိုင်လိမ့်မယ်။ ဒီလိုနဲ့ ငါက တော်ဝင်နယ်မြေကို ဝင်ရောက်နိုင်မယ်”

လုယွီက တွေးသည်။ထို့နောက် ထိပ်ဆုံးထပ်မှ ခုန်ချကာ ထွက်သွားသည်။

သိပ်မကြာခင်အချိန်တွင် ထိုနေရာသို့ လူအိုကြီးက ရောက်လာသည်။ သူက ပြောင်ရှင်းနေသော ကွင်းပြင်ကို ကြည့်ပြီး တအံ့တသြ ရေရွတ်သည်။

“ သူ…သူက ထိပ်ဆုံးထပ်ကိုတောင် ရှင်းသွားတာလား”

ထိုက်ရိဂိုဏ်း တည်ထောင်ပြီးကတည်းက တစ်ယောက်သာ ထိပ်ဆုံးထပ်အထိ ရောက်ခဲ့ဖူးသေးသည်။ ထိုသူက ထိုက်ရိဂိုဏ်းမှ ဘိုးဘေးဖြစ်သည်။ လက်ရှိခေါင်းဆောင်ပင် ထိုသို့ မလုပ်နိုင်ခဲ့ပေ။ လူအိုကြီးက ကျန်ရှိသည့် စွမ်းအင်များကို ကိုယ်အတွင်းသို့ ဆွဲစုပ်ယူသည်။

ရုတ်တရက် သူ၏ မျက်ဝန်းက တောက်ပသွားပြီး အောက်ဆုံးထပ်သို့ ပြန်ဆင်းလိုက်သည်။ သူက ဧည့်ကြိုခန်းမသို့ သွားလိုက်သည်။

“ ဒီနေရာကို ဝင်ပြီး ပြန်ထွက်သွားတဲ့ ကောင်လေးကိုသိလား၊ သူက ဘယ်သူလဲ”

ထိုနှစ်ယောက်က စကားပြောနေကြချိန်ဖြစ်သည်။ ရုတ်တရက် အသံကြားသော် စိတ်လှုပ်ရှားသွားကြ၏။

“ အကြီးအကဲကို ဂါရဝပြုပါတယ်”

လူအိုကြီးက လက်ခါသည်။

“ ငါ မေးတာကို ဖြေ၊ ဒီအထဲကို ဝင်လာတဲ့ကောင်လေးက ဘယ်သူလဲ”

ထိုစုံတွဲက အချင်းချင်း ကြည့်လိုက်ကြသည်။ အမျိုးသမီးက ခပ်တိုးတိုး ပြောသည်။

“ အခုလေးတင် လာသွားခဲ့တာကတော့ အပြင်စည်းဂိုဏ်းတပည့် တစ်ယောက်ပါပဲ။ ဒါပေမဲ့ သူ ထွက်သွားလောက်ပါပြီ”

သူတို့ စကားပြောနေခဲ့ကြသဖြင့် သတိမထားမိခဲ့ကြပေ။

“ အပြင်စည်း တပည့်ဂိုဏ်းသားဟုတ်လား”

လူအိုကြီးက မျက်မှောင်ကြုတ်သည်။

“ဟုတ်ပြီ မင်းတို့မှာ စာရင်းသွင်းထားတယ် မဟုတ်လား၊ ငါ့ကို ပြ”

အပိုင်း ၁၁၁၃

အမျိုးသမီး၏ ပခုံးက တုန်ခါလာသည်။

“ ဒါက.. အဲဒီအပြင်စည်း ဂိုဏ်းသားက အလောတကြီး ဝင်လာတော့ သူ့နာမည်ကို မှတ်ထားဖို့ အချိန်မရှိလိုက်ပါဘူး”

သူမ ထိုသို့သာ လုယွီအား လွှဲချရတော့မည်ဖြစ်သည်။

သို့သော် လူအိုကြီးက ရှင်သန်နေခဲ့သည်မှာ ကြာလှပြီဖြစ်သဖြင့် အခြေအနေကို တန်းကာ သိမြင်နိုင်လေသည်။ လူအိုကြီးက နံရံထောင့် တစ်နေရာသို့ သာမန်ဟန်ဖြင့် လျှောက်သွားလိုက်ကာ လက်ကို ရမ်းသည်။ထိုအခါ လုယွီ၏ မှတ်တမ်းပါသည့် အလင်းလုံးတစ်လုံးက ပေါ်လာသည်။

ထိုအလင်းလုံးထဲတွင် ခန်းမအတွင်းရှိ အဖြစ်အပျက်တိုင်းကို မှတ်တမ်းတင်ထားလေသည်။ လူအိုကြီးက လုယွီ၏ပုံရိပ်ကိုသာ အဓိက ထားကြည့်သည်။ထို့နောက် အလင်းလုံးကို ပြန်လွှတ်လိုက်၏။

သူက ပြောသည်။

“ အခုကစပြီး မင်းတို့နှစ်ယောက် ဒီနေရာမှာ အလုပ်လုပ်စရာမ လိုတော့ဘူး၊ ထွက်သွားနိုင်ပြီ”

ထိုနှစ်ယောက်လုံး ဖြူဖျော့သွားကြသည်။ သူတို့က အပြင်လောကတွင် ဆင်းရဲလွန်းလေရာ သည်နေရာမှ အလုပ်သာပြုတ်သွားခဲ့ပါက ဘဝက ဆိုးရွားတော့မည် ဖြစ်သည်။သို့သော်လည်း သူတို့တွင် ရွေးချယ်စရာ မရှိတော့ပေ။ သူတို့အား ပြောသွားသူမှာ အတွင်းစည်း အကြီးအကဲ ဖြစ်နေလေသည်။

လုယွီက အထပ်ငါးရာမြောက်ကို ကျော်ဖြတ်ပြီးနောက် နေရာရွေ့ပြောင်း အခင်းအကျင်းထဲသို့ ခုန်ဝင်ခဲ့ခြင်းဖြစ်သည်။ထိုသို့ဖြင့် သူက မျောလွင့်ခြင်း ကျွန်းသို့ ရောက်သွားသည်။အထပ်ငါးဆယ် ပြီးလျင် ဝင်နိုင်သော်လည်း သူက ဆက်တက်ခဲ့ခြင်းဖြစ်သည်။ ပြောရလျင် ထို့နောက်ပိုင်းအထပ်တိုင်းတွင် ဝင်္ကပါရှိနေခြင်းဖြစ်သည်။

“ ဒီနေရာက စိတ်ဝိဉာဉ်စွမ်းအင်တွေ တကယ် များတာပဲ။ ကျင့်ကြံလို့ တကယ်ကောင်းတဲ့ နေရာ”

လုယွီက ကျေနပ်စွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်သည်။ ရုတ်တရက် ခါးတံဆိပ်က တုန်ခါလာသည်။ လုယွီက ဖြုတ်ကြည့်လိုက်ရာ ယန်ရွှင်းက အကြောင်းကြားလာခြင်းဖြစ်ကြောင်း မြင်လိုက်ရလေသည်။ စားဖိုဆောင်တွင် အရေးကြီးကိစ္စရှိသဖြင့် အလျင်အမြန် ပြန်လာနိုင်မလားဟု မေးမြန်းထားသည်။

လုယွီကလည်း မျက်မှောင်ကြုတ်ပြီးသည်နှင့် စားဖိုဆောင် မီးတောက် ခြံဝန်းသို့ ချက်ချင်း သွားရတော့သည်။

ထိုအချိန်တွင် စားဖိုဆောင်မီးတောက် ခြံဝန်းကို လူတစ်အုပ်က ဝိုင်းထားသည်။ ယန်ရွှင်းတို့ အဖွဲ့နှင့် လူတစ်အုပ်က ကတောက်ကဆဖြစ်နေဟန်ရသည်။

“ ဂိုဏ်းတူ အစ်ကိုကြီးဖန်း လာပြီ”

လုယွီ ပြန်ရောက်လာကြောင်းမြင်သည်နှင့် ယန်ရွှင်းတို့က လမ်းဖယ်ပေးကြသည်။

“ အစ်ကိုကြီးဖန်း ဖန်းချင်က ပြဿနာ လာရှာနေပါတယ်။ သူက ကျွန်တော်တို့ ပြင်ဆင်ပေးတာတွေက အရသာမရှိဘူးဆိုပြီး ဟင်းပွဲတွေကို ရိုက်ခွဲခဲ့တဲ့အပြင် အခြားသူတွေကိုလည်း မစားရဘူးလို့ ပြောနေပါတယ်”

ယန်ရွှင်းက တဖက်လူအုပ်ကို လက်ညိုးထိုးလျက် ပြောသည်။

ဦးဆောင်လာသူက သူ ပြောသည့် ဖန်းချင်ဖြစ်သည်။ ဖန်းချင်သည် စားဖိုဆောင်မီးတောက်ခြံဝန်းမှ ခေါင်းဆောင်ဆိုသူ ဖြစ်သည်။

သူ၏ အနောက်ဘက်မှ လူအုပ်သည် ယခင်ရက်က ထိပေ့ထန်းသို့ ပြောင်းသွားသော လူများဖြစ်လေသည်။

“ ဖန်းယွန် မင်းက ခေါင်းဆောင်ဖြစ်သွားတယ်လို့ ငါကြားတယ်။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေစမ်းနဲ့၊ ကြည့်စမ်းပါဦး မင်းတို့ ပြင်ဆင်ထားတာတွေကို ခွေးတောင် မစားဘူး”

သူက ထိုသို့ပြောပြီးသည်နှင့် အရွက်ကြော်များ ထည့်ထားသည့် ကြီးမားသော ဒယ်အိုးကြီးအား ဆောင့်ကန်သည်။ အိုးက ပြုတ်ကျပြီး ကွဲသွားရာ အရွက်များက မြေတွင် ပြန့်ကုန်သည်။

လုယွီက မေးစေ့ကို ပွတ်သည်။

“ ခင်များရမယ့် အမှတ်တွေ လာပေးတာလား”

ဖန်းချင်က အော်ရယ်သည်။

“ မင်းက သောက်ရူးပဲ၊ ငါက ဘာလို့ မင်းကို အမှတ်တွေ ပေးရမှာလဲ၊ မင်း လိုချင်လဲ ဒူးထောက် တောင်းပန်လေ”

သူ၏ အနောက်မှ လူအုပ်က ဝိုင်းရယ်ကြသည်။

အပိုင်း ၁၁၁၄

ယန်ရွှင်းက ဒေါသထွက်သွားသည်။

“ ဖန်းချင် ခင်များက စားဖိုဆောင်မီးတောက်ခြံဝန်းရဲ့ တရားဝင် ခေါင်းဆောင် မဟုတ်တော့ဘူး။ ခင်များ သောက်ပေါက်ကရ ထပ်ပြောရဲရင် ယုံချင်ယုံ မယုံရင်နေ ကျုပ် ခင်များကို လေးဘက်ထောက် ထွက်ရအောင် လုပ်ပေးမယ်”

ပတ်ဝန်းကျင်ရှိ စားဖိုဆောင်မီးတောက်ခြံဝန်းမှ တပည့်ဂိုဏ်းသားများက သူတို့အား ဝိုင်းလိုက်ကြသည်။

ဖန်းချင်က နှာခေါင်းရှုံ့သည်။

“ မင်းက သေချင်တာလား။ ငါက လက်ရှိမှာ ထိပေ့ထန်းရဲ့ ခေါင်းဆောင်ပဲ။ မင်း မှော်လက်နက်တွေ မလိုချင်တော့တာလား”

ထိပေ့ထန်းက မှော်လက်နက်များ ထုတ်ပေးရာ နေရာဖြစ်သည်။ အထူးသဖြင့် အပြင်စည်းဂိုဏ်းသားများအတွက် ဖြစ်သည်။ အပြင်စည်းဂိုဏ်းသားများက မှော်လက်နက်များ မပိုင်ကြပေ။ သူတို့က အပြင်သို့ ထွက်ကာတာဝန်များ လုပ်ဆောင်ပြီးမှသာ ရရှိလာသည့် အကျိုးပြုအမှတ်များနှင့် မှော်လက်နက်ကို လဲလှယ်ရခြင်းဖြစ်သည်။

ထိုအခါ မင်သက်ကုန်သည့် စားဖိုဆောင်မှ လူများက ယန်ရွှင်းကို အံကြိတ်လျက် ကြည့်ကြသည်။

ဖန်းချင်က ဂုဏ်ယူသွားဟန်ဖြင့် ဆက်ပြောသည်။

“ ဒီရက်တွေမှာ စားဖိုဆောင်က လူတွေရဲ့ လက်ရာက ဆိုးသထက် ဆိုးလာတယ်ကြားတယ်။ ဒါပေမဲ့ ဖန်းယွန်ရဲ့ လက်ရာကတော့ ထိပ်တန်းလို့ ပြောကြတယ်။ ငါလည်း မြည်းစမ်းကြည့်ရမယ်”

ဖန်းချင်၏ လူများက လေချွန်ကြသည်။ ဖန်းချင်၏ မျက်ဝန်းက တောက်ပလာပြန်သည်။

“ ငါ ကြားထားတဲ့အတိုင်းဆိုရင် မင်းက နှင်းပျံဂိုဏ်းကနေ စိတ်ဝိဉာဉ်ကျောက်တုံး သန်းသုံးဆယ် ရထားတယ်၊ဒီစိတ်ဝိဉာဉ်ကျောက်တုံးတွေက မင်း မပိုင်ဘူး၊ ငါ့ကို အပ်ထားလိုက်ရင် ကောင်းမယ်။ ငါ မင်းအတွက် သိမ်းပေးထားမယ်”

လုယွီက မလှုပ်ကြောင်း မြင်သော် ဖန်းချင်က မျက်မှောင်ကြုတ်သည်။

“ မင်း မကြားဘူးလား။ ကန်းနေလား”

ဖန်းချင်က ကျယ်လောင်စွာ အော်သည်။

လုယွီက ခေါင်းခါသည်။

“ ကျုပ် ခင်များကို ကျင့်သားရအောင် လုပ်ပေးရမှာပဲ”

သူက တဖြေးဖြေးချင်း ရှေ့တက်လာကာ ဖန်းချင်၏ မျက်နှာကို ဖြတ်ရိုက်သည်။ ဖန်းချင်၏ ပါးအား ပြင်းထန်သည့် အားက ပွတ်တိုက်မိသွားကာ နာကျင်ကျိန်းစက်ပြီး ချက်ချင်း ဖောင်းတက် ယောင်ကိုင်းလာသည်။ သူ၏ ကိုယ်ကလည်း ပြင်းထန်သည့် အားအတိုင်း လေထဲ နှစ်ပတ်ခန့် လည်ပြီးမှ အောက်သို့ တုံးလုံး ပြန်ပြုတ်ကျသည်။

လုယွီက ဖန်းချင်၏ အင်္ကျီကော်လံကို ကိုင်ပြီး ပြုတ်ကျထားသည့် အရွက်များထဲ ခေါင်းနှစ်သည်။

“ ခင်များ ဒါတွေ ပြောင်အောင်ရှင်းမှ သွားနိုင်မယ်”

ပြုတ်ကျထားသည့် ပမာဏက အလွန်များသည်။ထို့အပြင် အညစ်အကြေးများနှင့် ပေကျံနေသဖြင့် အနံ့ကလည်း မကောင်းတော့ပေ။

“ ဖယ်စမ်း”

ဖန်းချင်က အလွန်ဒေါသထွက်သွားသည်။ သူက အတွင်းအားများစုစည်းကာ မတ်တပ်ထရပ်ရန် ကြိုးစားသည်။သို့သော် လုယွီက သူ၏ ပခုံးပေါ် လက် အသာတင်လိုက်ရုံဖြင့် ထိုက်တောင်ကြီး ပိလာသလို ခံစားရကာ လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။

“ အမှိုက်ကောင် သေချင်လို့လား”

ဖန်းချင်၏ နောက်လိုက် လူအုပ်က ချက်ချင်းခုန်ဝင်လာကြသည်။

လုယွီက မျက်နှာ မပျက်ပေ။ သူက ဘေးတွင် ကျနေသည့် အိုးအကွဲကြီးကို အသာမလျက် ပစ်လိုက်သည်။ သူ လှည့်ကြည့်စရာ မလိုသော်လည်း ရှေ့ဆုံးမှ လူကို တိုက်ရိုက်ထိသွားသည်။

ထိုလူက နှစ်ပတ်ခန့် လည်ပြီးနောက် လွင့်ထွက်သွားသည်။ထိုသို့လွင့်သွားချိန်တွင် နောက်တွင် ဆက်တိုက်လာနေသည့် လူအုပ်ကိုပါ တွန်းတိုက်မိလျက် လဲကျသွားစေ၏။

လုယွီက ဖန်းချင်ကို ပြောသည်။

“ ခင်များက ကျုပ်စကားကို နားမလည်ဘူးလား”

ဖန်းချင်လည်း ချွေးပျံနေလေပြီ။ သူက ထိပေ့ထန်းမှ ခေါင်းဆောင်ဖြစ်သည်။ သူက အပြင်စည်းဂိုဏ်းသားများအတွက် မှော်လက်နက်များထုတ်ပေးရန် တာဝန်ယူရသူ ဖြစ်သည်။ သို့သော် လုယွီက သူ့အား တိုက်ခိုက်ရဲလေသည်။

လုယွီက နှာခေါင်းရှုံ့သည်။

“ ယန်ရွှင်း လူတစ်ယောက် ခေါ်ပြီး သူ့ကို စောင့်ကြည့်ခိုင်းလိုက်။ ဒီလူ ကုန်အောင် စားလို့မပြီးမချင်း ထွက်မသွားစေနဲ့ “

ယန်ရွှင်းက ပျော်ရွှင်စွာ ခေါင်းညိတ်သည်။

“ နားလည်ပါပြီ အစ်ကိုကြီး”

ထို့နောက် လုယွီက လှည့်ထွက်သွားရန် ကြံစည်သည်။

“ရပ်စမ်း၊ ဖန်းယွန် ငါတို့ထိပေ့ထန်းနဲ့ အပြစ်ဒဏ်ခန်းမက ရင်းနှီးတာ မင်း နားမလည်ဘူးလား”

ဖန်းချင်း၏ နောက်လိုက်တစ်ယောက်က လှမ်းအော်သည်။

လုယွီက နှာခေါင်းရှုံ့သည်။

အပိုင်း ၁၁၁၅

အပြစ်ဒဏ်ခန်းမသည် အပြင်စည်း တပည့်ဂိုဏ်းသားများအတွက် အဓိက တာဝန်ယူသည်။ စည်းမျဉ်းမလိုက်နာသည့် အပြင်စည်း တပည့်ဂိုဏ်းသားရှိလျင် အပြစ်ပေးပိုင်ခွင့်ရှိသည်။ သို့ရာတွင် ဒါက ဂိုဏ်းမှ စည်းမျဉ်းများအတွက်သာ ဖြစ်သည်။

ထို့အပြင် လုယွီက သည်နေ့တွင် အတွင်းစည်း ဂိုဏ်းသားအဖြစ် အဆင့်တိုးပြီးဖြစ်သည်။

“ သူတို့ ဒီနေရာကို လာဖို့ဆိုရင် ပင်ပန်းစေမှာပဲ”

လုယွီက ခေါင်းခါသည်။

သူ သည်လူများကို သင်ခန်းစာပေးရမည်။ မဟုတ်လျင် နောက်ပိုင်း ပြဿနာ တက်ပေလိမ့်မည်။

“ ဟုတ်တယ်။ ဘယ်ကောင်က ပြဿနာရှာနေလဲ ငါ ကြည့်မယ်”

ရုတ်တရက် အေးစက်သော အသံ ထွက်လာသည်။

အနီရောင် ဝတ်စုံဝတ်ထားသည့် အမျိုးသမီးတစ်ယောက်နှင့် ထိုအမျိုးသမီးကို ဝန်းရံလျက် ရောက်လာသည့် အနီရောင်ဝတ်စုံဝတ် လူငယ်များကို မြင်လိုက်ရသည်။

ထိုလူအုပ်ကို မြင်သော စားဖိုဆောင်မှ လူအုပ်က ဘေးသို့ ဖယ်ပေးကြသည်။ သူတို့၏မျက်ဝန်းအတွင်း ထိတ်လန့်မှုကို မြင်နိုင်သည်။ အကြောင်းမူကား ထိုလူများသည် အပြစ်ဒဏ်ခန်းမမှ တပည့်ဂိုဏ်းသားများ ဖြစ်နေသောကြောင့်ဖြစ်သည်။

အပြစ်ဒဏ်ခန်းမက အပြင်စည်း တပည့်ဂိုဏ်းသားများကို အပြစ်ပေးပိုင်ခွင့်ရှိသဖြင့် သူတို့၏ လုပ်ရပ်များက လွန်ကျူး ရက်စက်သည်။ ထို့ကြောင့် အပြင်စည်း တပည့်ဂိုဏ်းသားများက သူတို့ကို မြင်သည်နှင့် ရှောင်ပြေးလေ့ရှိသည်။

“ လီဟုန် ယွမ့်ကျန်း ငါ့ကို ကယ်ပါဦး”

ထိုအဖွဲ့ကိုမြင်သည်နှင့် ဖန်းချင်၏ မျက်ဝန်းများက တောက်ပသွားပြီး အော်သည်။

“ ငါ ခုနက အပြင်ဘက်မှာ ကြားလိုက်ရတဲ့စကားကို နင်ပြောတာလား”

လီဟုန်က မျက်ခုံးကိုပင့်လျက် လုယွီကို ကြည့်ကာ မေးသည်။

လုယွီကလည်း ခေါင်းညိတ်သည်။

“ ဟုတ်တယ်၊ ငါ ပြောတာပဲ”

လီဟုန်က ဒေါသတကြီး ရယ်သည်။

“ အပြစ်ဒဏ်ခန်းမက လူတွေရှေ့မှာ နင်က ထိပေ့ထန်းက လူတွေကို ရိုက်နှက်တယ်။ ငါတို့ကို မရှိတော့ဘူးလို့ သတ်မှတ်တာလား”

‘ ရိုက်နှက်တယ် ဟုတ်လား။ ‘

လုယွီက အပြစ်ပေးလိုက်ရုံသာ ရှိသည်။ သူက ပြောသည်။

“ ဒီလူက အရင် ဒီနေရာကို လာပြီး အစားအသောက်တွေကို ဖျက်ဆီးတယ်။ ငါ့ဆီက စိတ်ဝိဉာဉ်ကျောက်တုံးတွေ တောင်းတယ်။ ငါက ခေါင်းဆောင် တစ်ယောက်အနေနဲ့ ဘယ်လောက်ချက်ထားရင် ဘယ်လောက်ကုန်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ကို လိုက်နာတဲ့သူပဲ။ ဆိုတော့ သူသာဒါတွေ ကုန်အောင် စားရင် ငါ ခွင့်လွတ်တယ်”

လီဟုန်က မျက်နှာမဲ့သည်။

“ ဖန်းချင် သူပြောတာ ဟုတ်လား”

ဖန်းချင်က ဝန်ခံလိမ့်မည် မဟုတ်ပေ။

“ မဟုတ်ရပါဘူး လီဟုန်ယွမ့်ကျန်းရယ်။ ကျွန်တော်က အရင်က ဒီနေရာရဲ့ ခေါင်းဆောင်ပါ။ ကျွန်တော့်ရဲ့ အရင်နေရာလေးကို လာကြည့်ချင်ခဲ့ရုံလေးပါပဲ။ ဒါပေမဲ့ မတော်တဆ အိုးလေး ခွဲမိရုံနဲ့ သူတို့က ကျွန်တော်တို့ကို ရိုက်နှက်ကြတယ်။ လီဟုန်ယွမ့်ကျန်း မင်း ကျွန်တော်တို့အတွက် တရားမျှတမှု ယူပေးရမယ်”

စားဖိုဆောင်မှ လူများ၏ မျက်နှာက ပျက်ယွင်းကုန်သည်။ ဖန်းချင်က မျက်စိရှေ့တင် လိမ်ညာနေသည်။

လီဟုန်က လက်ပိုက်သည်။

“ စိတ်မပူနဲ့ ငါ ရှိတယ်”

ထို့နောက် သူမက လုယွီကို လက်ညိုးထိုးသည်။

“ နင် အခုချက်ချင်း ဒူးထောက်ပြီး မတောင်းပန်သေးဘူးလား”

လုယွီက သက်ပြင်းချသည်။ သူ သည်မိန်းမနှင့် ပြိုင်မငြင်းသင့်ပေ။

လုယွီက ဖန်းချင်၏ အင်္ကျီကော်လံကိုသာ တိုက်ရိုက်ဆွဲမလျက် ပြောသည်။

“ ခင်များကို ခွေးစာ စားခိုင်တာ ပိုကောင်းမယ်”

All Chapters