← Chapters

အခန်း (၁၁၁၆-၁၁၂၀)

Vol. 59 Ch. 1116-1120

အခန်း (၁၁၁၆-၁၁၂၀)

Vol. 59 Ch. 1116-1120

အပိုင်း ၁၁၁၆

လုယွီက မထူးခြားနားစွာပြောသည်။

“ကောင်းပြီ၊ မင်း ငါ့ဆီက စိတ်ဝိဉာဉ်ကျောက်တုံး လိုချင်ခဲ့တာမဟုတ်လား၊ အခု မင်းက ငါ့ကိုသုံးဆပြန်ပေးရမယ်၊ စိတ်ဝိဉာဉ်ကျောက်တုံး သန်းကိုးဆယ်ထုတ်လိုက်၊ ဒီလိုဆိုရင် သွားနိုင်ပြီ။”

သူတောင်းလိုက်သည့်ပမာဏက စိတ်ဝိဉာဉ်ကျောက်တုံး သန်းကိုးဆယ်ဖြစ်သည်။ ဖန်းချင်၏နှလုံးသားက မသက်မသာဖြစ်သွားတော့၏။ အားလပ်ရက်များတွင် သူ အစားအသောက်ခန်းမသို့ လာရောက်ကာ စားသောက်မည်ဆိုလျှင်ပင် စိတ်ဝိဉာဉ်ကျောက်တုံး ဆယ်ဂဏန်းခန့်သာ ကုန်ဆုံးပေလိမ့်မည်။ ထို့အပြင် သူက သန်းကိုးဆယ်ကို ဆက်တိုက်ထုတ်ရအုံးမည်ဖြစ်၏။ ထိုမျှပမာဏကို သူ မတတ်နိုင်ပေ။

လီဟုန်က ဒေါသတကြီးအော်သည်။

“လာ ဒီကောင့်ကို ငါ့အတွက်ဖမ်းပေးစမ်း။”

အပြစ်ဒဏ်ခန်းမမှ လူများက ချက်ချင်းဆိုသလို လုယွီထံ ခုန်ဝင်ပြေးလာကြ၏။

လုယွီက မျက်မှောင်ကြုတ်သည်။ သူ၏လက်ချောင်းများက ရွေ့လျားလိုက်ချိန်တွင် ပေါက်ကွဲသံများနှင့်အတူ အပြစ်ဒဏ်ခန်းမမှ တပည့်ဂိုဏ်းသားတိုင်း နောက်သို့ လွင့်ထွက်သွားရသည်။ လီဟုန်က သူမ၏ဓါးကိုထုတ်ကာ မျက်မှောင်ကြုတ်သည်။

“နင် ဂိုဏ်းကနေ အနှင်ထုတ်ခံချင်နေပြီထင်တယ်။”

သူမက ဓါးကိုထုတ်လာသည်။ လုယွီကို သင်ခန်းစာပေးရန်ကြံစည်ထား၏။ လုယွီအနားသို့ မကပ်နိုင်ခင်မှာပင် ပြင်းထန်သည့်အားဖြင့် ဆောင့်တွန်းခံရသည်။

လုယွီက ခါးမှ တံဆိပ်ပြားကို ထုတ်လျက် လီဟုန်ကိုပြသည်။

“ငါ မှတ်မိတာမှန်မယ်ဆိုရင် အပြစ်ဒဏ်ခန်းမက အတွင်းစည်း တပည့်ဂိုဏ်းသားတွေကို ဘာမှမလုပ်နိုင်ဘူးထင်တယ်။”

ဝုန်း ဝုန်း

ထိုကျောက်စိမ်းခါးတံဆိပ်ပြားက မြေသို့ပြုတ်ကျသွားပြီး ကြွပ်ဆတ်သံ ထွက်ပေါ်လာသည်။ လီဟုန်က သတိလက်လွတ်ဖြင့် သွားကောက်လိုက်၏။ ထို့နောက် သူမ၏အခြေအနေကို ပြန်သတိထားမိသော် တုန်ယင်သွားသည်။

“ဘာလို့ ဒီမှာ အတွင်းစည်းတပည့်ဂိုဏ်းသားလို့ ရေးထားတာလဲ။”

သည်ဂိုဏ်းကြီးတွင် အတွင်းစည်းတပည့်ဂိုဏ်းသားများကသာ ဂိုဏ်းအတွင်းသို့ အစစ်အမှန် ခြေချနိုင်စွမ်းရှိသည်ဟု ဆိုနိုင်ကြသည်။ အပြင်စည်းတပည့်ဂိုဏ်းသားများကို ရွေးချယ်ခံသူများဟု သတ်မှတ်နိုင်၏။ ထို့ကြောင့် သည်ဂိုဏ်းဝင်နှစ်မျိုးက အဆင့်ချင်းမတူပေ။

ဖန်းချင်က မျက်ဝန်းထောင့်မှအလင်းနှင့်အတူ လီဟုန်၏လက်ထဲမှ ပြုတ်ကျလာသည့် တံဆိပ်ပြားကို ဖမ်းကိုင်လိုက်ပြီးအော်တော့သည်။

“မဖြစ်နိုင်တာ၊ လုံးဝမဖြစ်နိုင်ဘူး၊ တာအိုအရှင်က ပြောထားပြီးသား ဘယ်တပည့်ဂိုဏ်းသားကမှ မင်းကို သူတို့ရဲ့ ခါးတံဆိပ်ပြားတွေ ပေးမှာမဟုတ်ဘူး၊ ဒါက အတုပဲဖြစ်ရမယ်။”

ဖန်းချင်က လီဟုန်ကိုအော်သည်။

“သူ့ရဲ့တံဆိပ်ပြားကို ကြည့်လိုက်အုံး၊ သူက ဘယ်တောင်ထိပ်ကဆိုတဲ့ ပိုင်ဆိုင်မှုအမှတ်အသားမှ ရှိမနေတာ။”

အတွင်းစည်းတပည့်ဂိုဏ်းသားများက မျောလွင့်ခြင်းကျွန်းသို့ ဝင်ရောက်ပြီး နောက်တွင် သူတို့၏အကြီးအကဲခြံဝန်း သို့မဟုတ် တောင်ထိပ်များထံသို့ သွားရောက်ကာ ဂါဝရပြုရသည်။ ထိုအကြီးအကဲ၏ သဘောတူညီချက်ဖြင့် တံဆိပ်ပြားပေါ်တွင် ထိုတောင်ထိပ်မှဖြစ်ကြောင်း သင်္ကေတရေးထိုးပေးခံရခြင်းဖြစ်သည်။

လီဟုန်ကလည်း ခါးတံဆိပ်ပြားကို ချက်ချင်းပြန်ကြည့်ပြီးနောက် ထိုကဲ့သို့ရှိရမည့်သင်္ကေတနေရာတွင် ပြောင်ရှင်းနေကြောင်း မြင်လိုက်ရသည်။

ဖန်းချင်က နှာခေါင်းရှုံ့သည်။

“ဒီကောင်က လွန်ခဲ့တဲ့ရက်အနည်းငယ်က အပြင်စည်းတပည့်ဂိုဏ်းသားပဲ၊ ဘယ်သူကမှ သူ့ကိုမထောက်ခံပေးလို့ သူက အတွင်းစည်းတပည့်ဂိုဏ်းသား ဖြစ်စရာအကြောင်းမရှိဘူး၊ ဒါကိုဘယ်လိုများ အတွင်းစည်းတပည့်ဂိုဏ်းသား ဖြစ်နေရမှာလဲ။”

သူ၏လူများကလည်း သည်အခွင့်အရေးကိုယူကာ အော်ကြတော့သည်။

သူတို့က လုယွီကို ဂိုဏ်းမှ နှင်ထုတ်ရန်ပင်အော်ကြသေး၏။ တပည့်ဂိုဏ်းသားများက အတွင်းစည်းတပည့်ဂိုဏ်းသားအဖြစ် ဟန်ဆောင်ရဲလျှင်မူ ဒါက ဆိုးယုတ်သည့်ပြစ်ချက် ဖြစ်သွားခဲ့လေပြီ။ ထို့ကြောင့် အမှားပြင်ဆင်ခွင့်မရှိဘဲ ဂိုဏ်းမှပင် တိုက်ရိုက်ထုတ်ပယ်ပိုင်ခွင့်ရှိ၏။

ဂိုဏ်းမှ အတွင်းစည်းဂိုဏ်း၏စည်းမျဉ်းများက အလွန်တင်းကြပ်ကာ အခြားလူများ အခွင့်ကောင်းမယူရန် တင်းကြပ်စွာ တားမြစ်ထားလေသည်။

“အတွင်းစည်းတပည့်ဂိုဏ်းသားအဖြစ် ဟန်ဆောင်ရဲတယ်၊ နင် ဒါကိုတောင် အပြစ်ရှိတယ်လို့ မခံစားရဘူးပဲ။”

လီဟုန်၏မျက်ခုံးများက ပင့်တက်သွားကာ ခါးတံဆိပ်ပြားကိုယူပြီး အကူအညီသွားတောင်ရန် ပြင်ဆင်လိုက်၏။

လုယွီက မျက်မှောင်ကြုတ်သည်။

“မင်း သေချာကြည့်ရင်ကောင်းမယ်၊ ဒါမှ အမှားမလုပ်မိမှာပေါ့”

“ဒါပေါ့ ငါ အမှားလုပ်မိစရာအကြောင်းကို မရှိတာ၊ နင့်ရဲ့လှည့်စားမှုတွေ လောက်ကို ငါတို့က နားမလည်ဘူးထင်နေလား။”

လီဟုန်က နှာခေါင်းရှုံ့လျက် လုယွီ၏ခါးတံဆိပ်ပြားကို မြေသို့ပစ်ချလိုက်သည်။

လုယွီက ရှင်းပြတော့မည့်အချိန်တွင်ပင် လေထဲမှ ပြင်းထန်သည့် အော်သံကို ကြားလိုက်ရ၏။

“ဘယ်သူက ငါ့ရဲ့စွန်းတောင်ထိပ်က တပည့်ကို နှင်ထုတ်ရဲလဲကြည့်မယ်။”

ပြင်းထန်သည့်အားလှိုင်းများက လိမ့်တက်လာပြီးနောက်တွင် ပတ်ဝန်းကျင်ရှိလူတိုင်းကို လွင့်ထွက်သွားစေတော့သည်။ လုယွီကသာလျှင် ကျန်ရစ်၏။

လီဟုန်က ခြေလှမ်းများစွာ ဆုတ်လိုက်ရပြီးနောက်တွင် ရောက်လာသူကိုမြင်သော် အမူအရာက ပြောင်းသွားသည်။

“အကြီးအကဲလဲ့ယန်ကို ဂါဝရပြုပါတယ်။”

အခြားသောတပည့်ဂိုဏ်းသားများအားလုံးကလည်း ချက်ချင်းဆိုသလို ဒူးထောက်ကြသည်။

အတွင်းစည်းဂိုဏ်းတွင် တောင်ထိပ် ၇၂ ခုရှိပြီး တောင်ထိပ်တစ်ခုချင်းစီတိုင်းတွင် အကြီးအကဲတစ်ယောက်စီရှိသည်။ ထိုလူများက နတ်ဘုရားစိတ်ဝိဉာဉ်နယ်မြေအထက် အဆင့်ရောက်နေသော စွမ်းအားကြီးသူများဖြစ်ကြ၏။ ထို့ကြောင့် သည်တပည့်ဂိုဏ်းသားများက သတိလက်လွတ်မပြုမူရဲကြပေ။

အပိုင်း ၁၁၁၇

ယခုရောက်လာသူက လုယွီနောက်မှလိုက်ကာ မ မျောလွင့်ခြင်းကျွန်းမှတစ်ဆင့် ဖြတ်သန်းလာသည့် ချင်လဲ့ယန်ဖြစ်သည်။

ချင်လဲ့ယန်က လီဟုန်ကိုကြည့်လျက် ရွံရှာစွာပြောသည်။

“ဒီအဖိုးကြီးအတွက် ခါးတံဆိပ်ပြားပြန်ပေးစမ်း။”

လီဟုန်က မတုံ့ဆိုင်းရဲဘဲ ခါးတံဆိပ်ပြားကိုပြန်ပေးသည်။

ချင်လဲ့ယန်က ခါးတံဆိပ်ပြားကိုကြည့်ပြီးနောက်တွင် ထိုပေါ်တွင် မီးတောက်သဏ္ဍာန်သင်္ကေတကို ချန်ရစ်ထားလျက်ပြောသည်။

“ငါ့ရဲ့တောင်ထိပ်ကလူကိုတောင် ဆုံးမဖို့ကြိုးစားရဲတယ်ဆိုတော့ မင်းရဲ့ အပြစ်ဒဏ်က ဖြေရှင်းဖို့တောင် မဖြစ်နိုင်တော့ဘူး၊ အဲ့ဒါအပြင် မင်းကို နောက်နှစ်မှာ အတွင်းစည်းတပည့်ဂိုဏ်းသားအဖြစ် ဝင်ရောက်ဖို့ ထောက်ခံပေးခံထားရတာကို ပယ်ဖျက်တယ်၊ ကိုယ့်ကိုယ်ကို သုံးသပ်ဖို့ကြိုးစားပါ။”

လီဟုန်၏ခြေထောက်များက ပျော့ခွေသွားလျက် အောက်သို့ပြုတ်ကျသွားသည်။ သူမ မြေပြင်တွင် ထိုင်လျက်ကျသွား၏။

အတွင်းစည်းဂိုဏ်းအတွင်းသို့ ဝင်ရောက်ရန်အတွက် ကျင့်ကြံခြင်းအဆင့် အရည်အချင်းပြည့်မှီသွားသည့်နောက်တွင် အခွင့်အရေးက ရောက်လာခဲ့ပြီဖြစ်သည်။ လီဟုန်၏ကျင့်ကြံခြင်းအဆင့််က အရည်အချင်းသတ်မှတ်ချက်နှင့် ပြည့်မီသွားခဲ့၏။ ကံဆိုးစွာဖြင့် အတွင်းစည်းဂိုဏ်းမှ အကြီးအကဲက သည်လိုပြောလိုက်ကတည်းက သူမ ဘာမှ မလုပ်နိုင်တော့ပေ။

လီဟုန်နှင့်အတူပါလာသော အပြစ်ဒဏ်ခန်းမမှ အဖွဲ့ဝင်များအားလုံးကလည်း စိတ်ပျက်အားငယ်စွာ ထွက်သွားကြသည်။

နောက်ဆုံးတွင် ဖန်းချင်ကသာလျှင် လုယွီ၏ကော်လံကို ဆွဲဆောင့်ခံထားရမှုကြောင့် ရှုံ့မဲ့နေသည့်မျက်နှာထားဖြင့် ကျန်ရစ်ခဲ့၏။ လုယွီက အတွင်းစည်းတပည့်ဂိုဏ်းသားတစ်ယောက် ဖြစ်လာလိမ့်မည်ဟု သူ မထင်ထားမိပေ။ ထို့အပြင် အကြီးအကဲတစ်ယောက်ကပင် ကိုယ်တိုင်ကိုယ်ကျ လာခေါ်ရခြင်းဖြစ်သည်။

“ဘာလို့လဲ၊ လွန်ခဲ့တဲ့ရက်အနည်းငယ်ကတင် ဖန်းယွန်က အရမ်းကိုနိမ့်ကျတဲ့ အဆင့်အတန်းရှိနေခဲ့တာကို ဘာလို့ ရုတ်တရက်ကြီး ဒီလောက်အထိ စွမ်းအားကြီးသွားတာလဲ။”

“မင်းရဲ့စိတ်ဝိဉာဉ်ကျောက်တုံးတွေကို ထုတ်လိုက်၊ ဒီလိုဆိုရင်သွားလို့ရပြီ။”

လုယွီက ပြောသည်။

ချင်လဲ့ယန်ကိုယ်တိုင် သည်နေရာတွင် ရှိနေလေရာ ဖန်းချင်က စိတ်ပိုင်းဆိုင်ရာအားဖြင့် ပြိုလဲကျပြီးဖြစ်လေသည်။ ထို့ကြောင့် သူက စိတ်ဝိဉာဉ်ကျောက်တုံး သန်းကိုးဆယ်ကို ထုတ်ပေးပြီးသည်နှင့် ချက်ချင်းဆိုသလို ထွက်ပြေးသွားတော့၏။

“ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

လုယွီက ပြောသည်။

သူက ချင်လဲ့ယန်၏ရည်ရွယ်ချက်ကို နားလည်သည်။ မျောလွင့်ခြင်းကျွန်း မတိုင်ခင်ကတည်းက လူတစ်ယောက်က နောက်မှလိုက်လာကြောင်း သူ ခံစားမိခဲ့၏။ သို့သော် ထိုလူ သူ့အား မသတ်ချင်ကြောင်း ခံစားမိကတည်းက လုယွီက လျစ်လျူရှုခဲ့သည်။ ထို့ကြောင့် အလောတကြီး သည်နေရာသို့ပြန်လာခဲ့ခြင်းလည်းဖြစ်၏။

ယခုမှသာ လိုက်လာခဲ့သူက ထိုအဖိုးကြီးချင်ဖြစ်ကြောင်း သိလိုက်ရလေသည်။

ချင်လဲ့ယန်က ပြောသည်။

“ငါက ဒီအတိုင်းဖြတ်သွားရုံပဲ၊ ဒီလူတွေက ပုရွတ်ဆိတ်အုပ်ပါပဲ၊ မင်း သူတို့ကို ရှင်းနိုင်တယ်။”

လုယွီက တစ်ဖက်မှ ကမ်းပေးနေသည့်ခါးတံဆိပ်ပြားကို ပြန်ယူလိုက်သည်။ ထိုနေရာတွင် မီးတောက်သင်္ကေတကို မြင်လိုက်ရ၏။

ချင်လဲ့ယန်က ချောင်းဟန့်သည်။

“ငါ မင်းအကြောင်းစုံစမ်းပြီးပြီ၊ မင်းက မျောလွင့်ခြင်းမျှော်စင်က အထပ်ငါးဆယ်ကို တစ်ပြိုင်တည်း ဖြေရှင်းနိုင်တဲ့အပြင် အထပ်ငါးရာကို ရောက်သွားခဲ့တယ်၊ ဒီတော့ မင်း အတွင်းစည်းတပည့်ဂိုဏ်းသားဖြစ်သွားပြီ၊ မင်း လဲ့ယန်တောင်ထိပ်ကို လာချင်တယ်မဟုတ်လား။”

ပတ်ဝန်းကျင်ရှိလူများက ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။ အတွင်းစည်း တပည့်ဂိုဏ်းသားအဖြစ် အဆင့်သတ်မှတ်တိုးမြှင့် ခံရပြီးသည့်နောက်တွင် အကြီးအကဲ တစ်ယောက်ချင်းစီတိုင်း၏ စစ်ဆေးခြင်းကိုခံရသည်။ သို့သော် သည်တစ်ကြိမ်တွင်မူ လုယွီက ကိုယ်တိုင်ကိုယ်ကျအကြီးအကဲက လာခေါ်ရခြင်းဖြစ်၏။

ထို့အပြင် လုယွီ၏ခါးတံဆိပ်ပြားကို ထိုအကြီးအကဲကပင် လုယွီ သဘောမတူမည်ကိုစိုးသဖြင့် ဦးစွာထွင်းထုခဲ့ခြင်းဖြစ်သည်။

လုယွီက ဖျော့တော့စွာပြောသည်။

“ငါက အတွင်းစည်းတပည့်ဂိုဏ်းသားတွေရဲ့ စမ်းသပ်ပွဲမှာ ပါဝင်ချင်တယ်။”

ချင်လဲ့ယန်က အပြုံးနှင့်ပြောသည်။

“မင်းက တော်ဝင်နယ်မြေကိုဝင်ချင်တာပဲ၊ ငါ စုံစမ်းပြီးသား၊ မင်း အချိန်အကြာကြီး အပြင်စည်းတပည့်ဂိုဏ်းသားအဖြစ် သီးခံခဲ့ရတယ်၊ မူလက စွန်းတောင်ထိပ်က လူဆယ်ယောက်ကို စေလွှတ်ဖို့ရည်ရွယ်ထားပြီးသားပဲ၊ အခု ကိုးယောက်ဖြစ်သွားပြီ၊ မင်း တစ်နေရာယူနိုင်တယ်။”

“ခင်ဗျားက ဘာလိုချင်တာလဲ။”

လုယွီက မေးသည်။

သူတို့က အခွင့်အရေးကြုံသဖြင့် တွေ့ခဲ့ရခြင်းဖြစ်သည်။ သူတို့ကြား ဘာပတ်သက်မှုမှ မရှိပေ။ ထို့ကြောင့် လုယွီကို အလကားနေရင်း အခွင့်ကောင်းပေးနေခြင်းကို သူ နားမလည်နိုင်ပေ။

ချင်လဲ့ယန်က အပြုံးနှင့်ပြောသည်။

“အတွင်းစည်းတပည့်ဂိုဏ်းသားတွေက ကျင့်ကြံဖို့ပဲကြိုးစားရမယ်၊ မင်းမှာ ပြဿနာမရှိဘူးလို့ ငါ ထင်တယ်၊ ဒါ့အပြင် ငါ မင်းကိုလိုတယ်၊ အတွင်းစည်း တပည့်ဂိုဏ်းသား ရာထူးလောက်က မင်းကို မထိန်းထားနိုင်ဘူး၊ တကယ်လို့ မင်းကသာ အဆင့် ၁ နေရာကိုရခဲ့ရင် ငါလိုချင်တဲ့အရာကို ရတာပဲ၊ ဒါနဲ့ အရှင်သခင်နေရာကို ငါ ယှဉ်ပြိုင်လို့ရပြီ။”

ဒါက ချင်လဲ့ယန်၏ အဓိကရည်ရွယ်ချက်ဖြစ်သည်။ လက်ရှိသည်မျိုးဆက်မှ ခေါင်းဆောင်က အိုနေသဖြင့် အနားယူရ တော့မည်ဖြစ်၏။ ထို့ကြောင့် တောင်ထိပ်တိုင်းမှ အကြီးအကဲတိုင်းက သည်ခေါင်းဆောင်နေရာကိုရရန်အတွက် ပြင်ဆင်နေခဲ့ကြခြင်း ဖြစ်သည်။

ချင်လဲ့ယန်ကသာ အကန့်အသတ်မဲ့ပါရမီရှင်တစ်ယောက်ကို မွေးထုတ်နိုင်မည်ဆိုလျှင် လုပ်ဆောင်နိုင်စွမ်းက အကန့်အသတ်မဲ့ဖြစ်သွားပေလိမ့်မည်။

လုယွီက ပြောသည်။

“ကောင်းပြီ၊ ဒီလိုဆိုရင် ကျုပ် ခင်ဗျားနဲ့ပူးပေါင်းမယ်။”

နှစ်ဖက်လုံးက ရည်ရွယ်ချက်အသီးသီးရှိကြသည်။ ဒါက သဘောတူညီမှုဖြစ်၏။

အပိုင်း ၁၁၁၈

ဖန်းယွန်၏မှတ်ဉာဏ်က အပြင်စည်းတပည့်ဂိုဏ်းသားအဖြစ်ဖြင့်သာ ရပ်တန့်နေလေရာ အတွင်းစည်းအကြောင်း မရှင်းလင်းပေ။ သို့သော် ဒါက အရေးမကြီးပေ။ သူကသာ တော်ဝင်နယ်မြေပြိုင်ပွဲသို့ ဝင်ရောက်နိုင်စွမ်းရှိလျှင် တိရှားနတ်ဆိုးဘိုးဘေးကိုသွား၍ ရှာနိုင်လေသည်။

ချင်လဲ့ယန်က ပျော်သွား၏။

“ကောင်းပြီ သဘောတူညီမှုရသွားပြီ၊ မင်း ပြင်ဆင်ထားတာကောင်းမယ်၊ ဒီရက်ပိုင်းအတွင်းမှာ စွန်းတောင်ထိပ်ကို လာခဲ့ပါ။”

ချင်လဲ့ယန်ထွက်သွားပြီးနောက် ယန်ရွှင်းနှင့်အခြားသူများက အိပ်မက်မှ နိုးထလာသကဲ့သို့ ခံစားလာကြရသည်။

“အစ်ကိုဖန်း အစ်ကိုတကယ်ပဲ အတွင်းစည်းတပည့်ဂိုဏ်းသား ဖြစ်သွားပြီလား။”

“ဘယ်သူကမှ ဒီစိန်ခေါ်မှုကို မအောင်မြင်ခဲ့ကြဘူး၊ အစ်ကို ဘယ်လိုများ လုပ်လိုက်တာလဲ။”

အားလုံးက အံ့ဩနေကြသည်။ တစ်ချိန်တည်းတွင်ပင် လုယွီ၏ခွန်အားက မည်မျှနက်ရှိုင်းသွားကြောင်း သိချင်သွားကြ၏။ ယခင်က ဖန်းယွန်က သာမန်တပည့်ဂိုဏ်းသား တစ်ယောက်မျှသာဖြစ်ကြောင်း သူတို့သိခဲ့ကြသည်။ ထို့ကြောင့်သာလျှင် ထောင်ကျစ်တို့၏ ဖိနှိမ့်ခြင်းကိုခံခဲ့ရခြင်းဖြစ်၏။ ယခုမူ မည်သူကမျှ ထိုသို့မတွေးကြတော့ပေ။ အတွင်းစည်းတပည့်ဂိုဏ်းသား ဖြစ်သွားကတည်းက အရည်အချင်း ပြည့်မီနေ၍ဖြစ်ရပေမည်။

“ယန်ရွှင်း ဒီကိုလာ။”

လုယွီက သိုလှောင်အိတ်တစ်အိတ်ကို ပစ်ပေးသည်။

ယန်ရွှင်းက ဖွင့်ကြည့်လိုက်ပြီးနောက်တွင် အထဲတွင် မှော်လက်နက်များကို မြင်လိုက်ရ၏။ အားလုံးက တောက်ပနေကြသည်။

“ဒါက အကောင်းဆုံးအဆင့် မှော်လက်နက်တွေပဲ။”

ယန်ရွှင်းက ပြောသည်။

လုယွီက ပြော၏။

“ဒီမှော်လက်နက်တွေကို မင်းပဲ ခွဲဝေပေးလိုက်တော့၊ အခုကစပြီး မင်းက ခေါင်းဆောင်ဖြစ်သွားပြီ။”

သည်မှော်လက်နက်များကို ရေခဲသားရဲပုန်းအောင်းနေသည့် ဂူအတွင်းမှ သူ ရခဲ့ခြင်းဖြစ်သည်။ ထိုမှော်လက်နက်များက လုယွီအတွက်အသုံးမဝင်တော့ပေ။

ဖန်းချင်ပြန်လာပြီး ဖိနှိမ့်လိုလျှင် သည်မှော်လက်နက်များရှိပါက မည်သူကမျှ သူ့အား ဂရုစိုက်ရန်မလိုအပ်တော့ပေ။

ယန်ရွှင်းက ကျေးဇူးတင်သွားသည်။

“ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုဖန်း”

လုယွီက လက်ကာပြသည်။

“မင်းသာ ကိစ္စတွေကို ကောင်းကောင်းကိုင်တွယ်ပါ၊ ဖန်းချင်က ပြဿနာထပ်လာရှာရင် မင်းငါ့ကို အတွင်းစည်းဂိုဏ်းမှာ လာရှာနိုင်တယ်။”

နောက်တစ်ရက်တွင် စားဖိုဆောင်မီးတောက်ခြံဝန်းမှကိစ္စများကို ကိုင်တွယ်ပြီးနောက် လုယွီက ထကာ မျောလွင့်ခြင်းကျွန်းသို့ သွားသည်။

စွန်းတောင်ထိပ် …

ထိုနေရာက မြောလွင့်ခြင်းကျွန်းမှ အရှေ့ဘက်အကျဆုံးအပိုင်းတွင်ရှိသည်။ သည်တောင်ထိပ်တစ်ခုလုံးက တိမ်အတွင်းသို့ ထိုးတက်နေသည့်အလား အလွန်မြင့်မားပြီး ထူးဆန်းသောအရှိန်အဝါများဖြင့် လွှမ်းခြုံနေလေရာ မြင့်မြတ်သည့်နယ်မြေတစ်ခုကဲ့သို့ ထင်ရသည်။

အတွင်းစည်းဂိုဏ်းတွင် တောင်ထိပ် ၇၂ ခုရှိပြီး အကြီးအကဲ ၇၂ ယောက်ရှိသည်။ ထိုထဲတွင် ချင်လဲ့ယန်က ခေါင်းဆောင်ဖြစ်ရန်အတွက် အကျော်ကြားဆုံးသူများထဲမှ တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူနေသည့် တောင်ထိပ်ကလည်း အခြားအကြီးအကဲများနေသည်ထက် ပို၍ကောင်း၏။

ခါးတံဆိပ်ပြားကိုပြပြီးသည်နှင့် အစောင့်များအားလုံးက လုယွီကို သံသယအပြည့်ဖြင့် ကြည့်ကြသည်။

“ပြဿနာရှိလား။”

လုယွီက မေးသည်။

တောင်မှ အစောင့်တပည့်ဂိုဏ်းသားလျန်က ပြောသည်။

“မရှိပါဘူး ဂိုဏ်းတူညီငယ်ဖန်း ငါ့နောက်ကို လိုက်ခဲ့ပါ။”

ထိုတပည့်ဂိုဏ်းသားက လုယွီကို တောင်ငယ်ပေါင်းများစွာကို ကျော်ဖြတ်ပြီး စွန်းတောင်ထိပ်ထံသို့ခေါ်သွားသည်။ နောက်ဆုံးတွင် ချိုင့်ဝှမ်းတစ်ခုကို ဦးတည်နေသည့် သီးသန့်နေရာတစ်ခုသို့ ရောက်သွား၏။ ထိုနေရာ၏ဝန်းကျင်တွင် ဝါးတောလေးရှိသည်။

ဝါးတောအနားတွင် ငြိမ်သက်စွာရှိနေသော ခမ်းနားသည့်စံအိမ်ငယ်တစ်ခုလည်း ရှိနေသေး၏။ ထိုနေရာတွင် ထွက်နေသည့်အရှိန်အဝါများက သိပ်သည်းလွန်းလှရာ တိမ်စိုင်များအဖြစ်ပင် ဘေးပတ်ဝန်းကျင်တွင် လွင့်မြောနေလေသည်။

ထိုတပည့်ဂိုဏ်းသားက မနာလိုမှုအပြည့်ဖြင့် လုယွီကို သော့တစ်ချောင်း ပေးအပ်သည်။

“ဒါက သိပ်မကြာခင်ကမှ ဆောက်ထားတဲ့ ဟန်ကျူးစံအိမ်ပဲ၊ ဂိုဏ်းတူညီငယ်က ဆရာသခင်ဆီကနေ ကိုယ်တိုင်ကိုယ်ကျချီးမြှင့်ခံရတဲ့အတွက် ဂုဏ်ယူပါတယ်။”

“ချီးမြှင့်ခံရတယ်ဟုတ်လား။”

လုယွီက သံသယဝင်သွားသည်။

“ဒါက အကြီးအကဲချင်လဲ့ယန်ဆီကလား။”

ထိုတပည့်ဂိုဏ်းသားက ခေါင်းငြိမ့်သည်။

“အရင်က ဆရာသခင်က ဒီနေရာကို ဂိုဏ်းတူအစ်ကိုမုရုန်အတွက် ပြင်ဆင်ဖို့ အမိန့်ထုတ်ထားခဲ့တာ၊ နောက်တော့ ရုတ်တရက် မင်းကိုပေးလိုက်တာပဲ။”

လုယွီက ချင်လဲ့ယန်က သူ လေ့ကျင့်ရန်အတွက် သေချာပြင်ဆင်ပေးခြင်းဖြစ်ကြောင်း နားလည်လိုက်သည်။ ထို့ကြောင့် မငြင်းပေ။

“အကြီးအကဲကို ငါ့အစား ကျေးဇူးတင်ပေးပါ။”

အပိုင်း ၁၁၁၉

လုယွီက သော့ကိုယူပြီးသည်နှင့် အထဲသို့ဝင်သည်။ လုယွီ ဝင်သွားသည်နှင့် အကန့်အသတ်မဲ့ပြင်းထန်သည့် အရှိန်အဝါများ၏လွှမ်းမိုးမှုကို ခံလိုက်ရသည်။

လုယွီ၏မျက်ဝန်းများက တောက်ပသွား၏။ သူ၏စိတ်ဝိဉာဉ်က ပို၍ ကြည်လင်သွားသလို ခံစားလိုက်ရသည်။ ထို့အပြင် အိမ်အလယ်ဗဟိုနေရာမှ စီးကျနေသည့် စမ်းရေစီးသံကို ကြားလိုက်ရသည်။ ဒါက စိတ်ဝိဉာဉ်စမ်းရေကန်ဖြစ်သည်။ အကန့်အသတ်မဲ့ စွမ်းရည်များက ထိုးထွက်လာ၏။

“ချင်လဲ့ယန်ကိုငါ အကြွေးတင်သွားပြီ။”

လုယွီက တွေးသည်။ သူက တိတ်ဆိတ်စွာဖြင့် မှတ်သားထားလိုက်၏။

သည်ဟန်ကျူးစံအိမ်ရှိအရာအားလုံးက ပြီးပြည့်စုံလွန်းသည်။ စိတ်ဝိဉာဉ်စုဆောင်းခြင်းဝင်္ကပါရှိနေသည့်အတွက် ပတ်ဝန်းကျင်မှ စိတ်ဝိဉာဉ်စွမ်းအင်တိုင်းကို သည်နေရာသို့ ဆွဲစုပ်ယူနေသည်။

“ဒီဝင်္ကပါက အကြမ်းထည်ဆန်လွန်းတယ်၊ အနည်းငယ်တော့ ပြင်လို့ရသေးတယ်။”

လုယွီက လက်ဆန့်ထုတ်ပြီးသည်နှင့် ဝင်္ကပါကို အကြိမ်းအနည်းငယ် ပြင်ဆင်လိုက်သည်။ ဟိုတို့ သည်တို့လုပ်လိုက်ရုံမျှဖြင့်ပင် ရုတ်တရက် သည်စံအိမ်ရှိရာ ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံထားသည့်ဝင်္ကပါက ဖျော့တော့သည့် အပြာရောင်အလင်းတန်းကို လွှတ်ထုတ်လာခဲ့၏။

ကောင်းကင်မှ စွမ်းအင်များစွာ ကျဆင်းလာကာ ဝင်္ကပါအတွင်းရောက်ရှိလာတော့သည်။ ထိုစွမ်းအင်များက လုယွီ၏ကိုယ်အတွင်းသို့ ဝင်ရောက်၏။

ပြောင်းလဲမှုအနည်းငယ် ဖြစ်သွားပြီးနောက်တွင် သည်နေရာ၏အရှိန်အဝါက ယခင်ထက် အဆများစွာမြင့်မားသွားတော့သည်။ အနည်းဆုံးဆယ်ဆခန့်ရှိနိုင်၏။

လုယွီက ထျန်းကျန်းရုပ်သေးရုပ်ကို သိုလှောင်အိတ်ထဲမှ ထုတ်ပြီးနောက် အပြင်တွင် စောင့်ဆိုင်းခိုင်းထားလိုက်သည်။ ထို့နောက် သူက ဝင်္ကပါအတွင်းသို့ ဝင်လိုက်၏။

တင်ပလ္လင်ခွေထိုင်ပြီးသည်နှင့် လုယွီက စတင်ကျင့်ကြံတော့သည်။ သူ၏နဖူးတွင် သင်္ကေတတစ်ခုက ထွက်ပေါ်လာပြန်၏။

သည်သင်္ကေတ၏အထက်တွင် ကောင်းကင်သို့မော့ကြည့်ကာ ဟိန်းဟောက်နေသည့် အနက်ရောင်နဂါးပုံသဏ္ဍာန်ကို မြင်ရမည်ဖြစ်သည်။

လုယွီက သင်္ကေတကိုးခုလုံးကို အပြည့်အဝ သိပ်သည်းခဲ့ပြီးလေပြီ။ ယခင်ဘဝတွင် လုယွီက ထိုသင်္ကေတကိုးခုကို သွန်းလုပ်ပြီးချိန်ဟာ နှောင်းပိုင်းမင်မင်းဆက်အဆင့်စွမ်းအားကို ပိုင်ဆိုင်နေချိန် ဖြစ်သည်။ ယခုမူ လုယွီ၏ကျင့်ကြံခြင်းအဆင့်က သင်္ကေတထွင်းထုခြင်း အလယ်အလတ်အဆင့်မျှသာ ရှိနေခဲ့သေးလေသည်။

“ငါ့ရဲ့လုပ်နိုင်စွမ်းအားအကန့်အသတ်က ဒီထက်ပိုတယ်ဆိုတာ ခံစားမိနေတယ်။”

လုယွီက တွေးတောပြီးနောက် ဆက်လက်ကျင့်ကြံပြန်သည်။

လုယွီက ကျင့်ကြံနေချိန်တွင် တောင်ထဲကို ဓါးပေါင်းများစွာက ဖြတ်သန်းသွားသည်။

ခရမ်းရောင်ဝတ်စုံဝတ်ထားသည့် လူငယ်တစ်ယောက်က ဓါးပျံများကို ဦးဆောင် လျက်ရောက်လာ၏။ သူ၏အနောက်တွင် လူငယ်တပည့်ဂိုဏ်းသားများ ပါသည်။ အားလုံးက ပုန်ကန်လိုသည့် မျက်နှာထားများဖြင့်ဖြစ်၏။

ထိုအခြေအနေကိုမြင်သော်တောင်ကို စောင့်ကြပ်နေသည့်တပည့်ဂိုဏ်းသားက သွားရောက်ကြိုဆိုသည်။

“ဂိုဏ်းတူအစ်ကိုမုရုန် ပြန်လာပြီလား။”

ထိုလူငယ်က ခေါင်းငြိမ့်သည်။ သူက ဂိုဏ်းတူအစ်ကိုအကြီးဆုံးဟု သတ်မှတ်ရမည့် မုရုန်ရွှမ်းဖြစ်သည်။ မုရုန်ရွှမ်းက အသက် ၂၆ နှစ်သာလျှင် ရှိနေသော်လည်း စိတ်ဝိဉာဉ်ကို ခန္ဓာကိုယ်ပြင်ပသို့ ထုတ်လွှတ်နိုင်သည့်အဆင့်အထိ ရောက်ရှိနေပြီဖြစ်သည်။ ကောလဟာလအရ သူက ထောင်ကျစ်နေရာကိုပင် ယူနိုင်စွမ်းရှိသည်ဟု ဆိုနေကြ၏။ သို့ရာတွင် သည်အနေအထားမျိုးကြောင့် သူ့ကိုဖားလိုသည့် အတွင်းအစည်းတပည့်ဂိုဏ်းသား များပြားနေခြင်းလည်းဖြစ်သည်။

“ဂိုဏ်းတူအစ်ကိုကြီးက ဒီတာဝန်ကိုပြီးဖို့ မခက်ခဲခဲ့ဘူး၊ ဒီသားရဲဘုရင်အဆင့်က စွမ်းအားကြီးတာမှန်ပေမယ့် ဂိုဏ်းတူအစ်ကိုကြီးကို ဘယ်ယှဉ်နိုင်ပါ့မလဲ၊ ဂိုဏ်းတူအစ်ကိုကြီး ဘယ်လိုလုပ်နိုင်ခဲ့သလဲ မင်းမသိခဲ့ဘူးလား၊ လူငယ်မျိုးဆက်ထဲမှာ ဂိုဏ်းတူအစ်ကိုကြီးကပဲ အလားအလာအမြင့်ဆုံးပဲ။”

ပတ်ဝန်းကျင်မှ ချီးကျူးသမျှကို နားထောင်ပြီးနောက် မုရုန်ရွှမ်း၏မျက်နှာထားက ပို၍ပင် တောက်ပလာကာ မောက်မာလာသည်။ သူက ရုတ်တရက်မေး၏။

“ငါ့အတွက် အအေး ဝါးစံအိမ်ပြင်ဆင်ပြီးသွားပြီလား။”

“အဲ့ဒါက ဆောက်ပြီးပါပြီ၊ ဒါပေမယ့် …”

ထိုအစောင့်က ရုတ်တရက် လုယွီကိုတွေးတောမိပြီးနောက် မုရုန်ရှန်းကို ပြောပြလိုသည်။ ထိုအကြောင်းကို ပြောပြရန်ပြင်ရုံနှင့်တင် သူက ဘေးသို့တွန်းဖယ်ခံရ၏။

“မင်းရဲ့ ကိစ္စမရှိဘူး ထွက်သွားတော့။”

ပတ်ဝန်းကျင်ရှိ တပည့်ဂိုဏ်းသားများကလည်း စိတ်မရှည်စွာပြောကြသည်။

သည်နေရာတွင် စောင့်ကြပ်နေသည့်အစောင့်က တောင်ထိပ်ချင်းစီတိုင်းတွင် အနိမ့်ကျဆုံး အရည်အချင်းရှိသူများသာဖြစ်ကြ၏။

မုရုန်ရွှမ်း၏ ဝန်းကျင်တွင် ရှိသမျှသောလူတိုင်းက ပါရမီရှိသူများဖြစ်ကြလေရာ အလွန်မောက်မာကြလေသည်။ ထို့ကြောင့် သည်လိုတောင်အစောင့်နှင့် စကားပြောရန် အချိန်မရှိပေ။

“ဂိုဏ်းတူအစ်ကိုကြီး အစ်ကို့ရဲ့စံအိမ်အသစ်ကို သွားကြည့်ရအောင်။”

တစ်စုံတစ်ယောက်က အကြံပေးသည်။

အခြားသူများက အစောင့်၏စကားကို ဖြတ်ပြောလိုက်ကြသဖြင့် အခြေအနေကို နားမလည်ကြတော့ပေ။

မုရုန်ရွှမ်းက နှာခေါင်းရှုံ့လျက် လက်ကာပြသည်။

“ကောင်းပြီ၊ ဒီတစ်ကြိမ် မင်းတို့ မျက်စိပွင့်နားပွင့်ဖြစ်သွားအောင် လိုက်ပြမယ်။”

ကောလဟာလအရ ထိုစံအိမ်နေရာတွင် စိတ်ဝိဉာဉ်စမ်းရေကန်ရှိသည်ဟု ဆိုသည်။ ထိုနေရာကို အကြီးအကဲကိုယ်တိုင်က သူ့အတွက် တည်ဆောက်ထားပေးခြင်းဖြစ်လေရာ အပိုစကားဆိုရန် မလိုအပ်တော့ပေ။

အားလုံးကလည်း သည်တောင်ထိပ်က မုရုန်ရွှမ်းလွဲပြီး မည်သူကမျှ ထို နေရာတွင် နေရန်အရည်အချင်း မပြည့်မှီကြောင်းသိကြ၏။ ထို့ကြောင့် သူတို့က ထိုနေရာကို မြင်ဖူးလိုကြလေသည်။

ထိုသို့ဖြင့် သူတို့အားလုံးက ထိုအအေးဝါးစံအိမ်သို့ သွားလိုက်ကြသည်။ သို့ရာတွင် စံအိမ်ရှိရာခြံဝန်းနေရာသို့ ဝင်တော့မည့်အချိန်တွင်ပင် လူအုပ်က အော်သည်။

“ဘယ်လောက်ပြင်းထန်တဲ့အရှိန်အဝါတွေလဲ။”

မုရုန်ရွှမ်း၏မျက်နှာတွင်လည်း အံ့ဩမှုက တောက်ပလာသည်။ သူက ခပ်မြန်မြန်တံခါးကို တွန်းဖွင့်လိုက်ချိန်တွင် အရှိန်အဝါက ပို၍ပင် သိပ်သည်းသွားကြောင်း မြင်လိုက်ရ၏။ အရှိန်အဝါက စွမ်းအင်ရေစက်များအဖြစ်ပင် ပြောင်းလဲနေလေသည်။

“ဒီနေရာက အကြီးအကဲစံအိမ်နဲ့တောင် ယှဉ်လို့ရတယ်။”

“အကြီးအကဲက ဒီနေရာကို အစ်ကိုမုရုန်ကို ပေးမယ်လို့မထင်ထားဘူး။”

အားလုံး၏အသံများက တုန်ယင်နေကြသည်။ မုရုန်ရွှမ်းက ပို၍ပင် သဘောတကျ စိတ်လှုပ်ရှားလာ၏။

သူက ခြံဝန်းထဲသို့ ဆက်တိုက်တိုးဝင်သွားပြီးနောက်တွင် ကြီးမားသည့် စိတ်ဝိဉာဉ်စုဆောင်းခြင်းဝင်္ကပါ အခင်းအကျင်းကို မြင်လိုက်ရသည်။ ထိုနေရာတွင် စိတ်ဝိဉာဉ်စွမ်းအင်များပြားနေခြင်းက သည်ဝင်္ကပါကြောင့်ဖြစ်သည်။

“ဒီနေရာက ဘယ်နေရာလဲ၊ဘာလို့ ဒီနေရာကပိုပြီး စိတ်ဝိဉာဉ်စွမ်းအင်တွေ များနေတယ်လို့ ခံစားမိတာလဲ။”

“ဂိုဏ်းတူအစ်ကိုကြီးကတော့ ကံကောင်းတာပါပဲ၊ နောက်နှစ်ဆိုရင် နောက်ထပ်အဆင့်တက်သွားမှာတောင် စိုးရိမ်ရတယ်။”

အားလုံးက မုရုန်ရွှမ်းကို ချီးကျူးနေကြသည်။ သူတို့အားလုံး အံ့ဩနေကြ၏။

“ဒီနေရာက ကျင့်ကြံလို့ကောင်းတဲ့နေရာပဲ၊ မင်းတို့ကို ငါတစ်ရက်ကျင့်ကြံခိုင်းမယ်။"

မုရုန်ရွှမ်းက သဘောထားကြီးစွာပြောသည်။

ထိုအခါ အားလုံး၏မျက်ဝန်းများက တောက်ပသွားကြတော့၏။ ဒါက သူတို့အတွက် အခွင့်ကောင်းလည်းဖြစ်သည်။

မုရုန်ရွှမ်းက အလယ်ဗဟိုနေရာသို့သွားကာ ကျင့်ကြံချင်သည်။

အလယ်တွင်ထိုင်နေသော လုယွီက မျက်လုံးကို ရုတ်တရက်ဖွင့်လိုက်၏။ သူက အရှိန်အဝါတစ်ခုကို ခံစားလိုက်မိသည်။ပြင်းထန်သည့်ဆွဲစုပ် အားကိုလည်း ခံစားလိုက်ရ၏။ သူ စုပ်ယူနေသည့်စွမ်းအားများစွာကို အခြားသူများက စုပ်ယူသွားကြောင်းကို ခံစားသိမိလိုက်သည်။

လုယွီက မျက်မှောင်ကြုတ်လျက် ထိုနေရာမှ ထွက်လာခဲ့လိုက်၏။

အပိုင်း ၁၁၂၀

လုယွီက ထိုနေရာမှ ထွက်လာသည်နှင့် သူတို့၏ကိုယ်ကို ဝိုင်းပတ်နေသည့် စိတ်ဝိဉာဉ်စွမ်းအင်များက ချက်ချင်းလိုလို ပျောက်ကွယ်သွားလေသည်။ သို့သော် လုယွီ၏ကိုယ်ထံသို့ တိုးဝင်သွားခြင်းဖြစ်သည်။ သူ့ကို မြင်သည်နှင့် အားလုံး ကြောင်အသွားတော့သည်။

‘ ဘာလို့ ဒီမှာ လူရှိနေတာလဲ’

ထို့နောက် တစ်ယောက်က သတိဝင်ပြီး အော်သည်။

“ မင်းက ဘယ်သူလဲ၊ ဘာလို့ ဒီနေရာမှာ ရှိနေတာလဲ”

‘ ဒါက ဂိုဏ်းတူ အစ်ကိုမုရုန်ရဲ့ အိမ်လေ။ ဘာလို့ သူစိမ်းတစ်ယောက်က ရောက်နေတာလဲ’

လုယွီက ခပ်အေးအေး ပြောသည်။

“ ငါ့ရဲ့ အိမ်ကို ဖောက်ဝင်လာတာကိုတောင် ငါ ဘာမှ မပြောရသေးဘူး၊ မင်းတို့က ငါ့ကို ပြန်မေးနေတာလား”

‘ ဘာ သူ့အိမ်ဟုတ်လား’

ဂိုဏ်းသားများက ရယ်ကြသည်။

“ ဟားဟား ငါတို့ ဂိုဏ်းတူ အစ်ကိုကြီးနဲ့ အတူ ထွက်သွားတာ ဘယ်လောက်ကြာသေးလို့ ဒီအရူးက ရောက်နေတာလဲ”

“ မင်း ကိုယ့်ရုပ်ကို ပြန်မကြည့်ဘူးလား၊ ကိုယ့်ကိုယ်ကိုယ် ဘာထင်နေတာလဲ”

မုရုန်ရွှမ်းကလည်း လက်နောက်ပစ်လျက် သဘောထားကြီးဟန်ဖြင့် ပြောသည်။

“ ဂိုဏ်းတူ ညီငယ် မင်း ဒီနေရာမှာ လေ့ကျင့်ချင်တာဆိုရင် ကိစ္စမရှိဘူး။ ငါလည်း ဒီနေ့မှ ပြန်ရောက်တာပဲ မင်းဒီနေရာမှာ တစ်ရက် ကျင့်ကြံနိုင်တယ်။ ပြီးရင်တော့ ထွက်သွားတော့”

ထိုအခါ ပတ်ဝန်းကျင်ရှိ ဂိုဏ်းသားများက သူ၏ သဘောထားကြီးမှုကို ချီးကျူးကြလေသည်။

လုယွီက မျက်မှောင်ကြုတ်သည်။

“ မင်းတို့ငါ ပြောတာကို နားမလည်ဘူးလား”

“ အပြင်ကို ပြန်ပို့လိုက်”

လုယွီက ထိုသို့အသာပြောလိုက်ရုံနှင့်တင် အနက်ရောင် အရိပ်တစ်ခုက ထွက်လာပြီး မုရုန်ရွှမ်းထံ တိုးဝင်သွားလေသည်။ မုရုန်ရွှမ်းက ချက်ချင်းလိုလို ဓားထုတ်ကာ တားသော်လည်း သူက လုယွီအား ယှဉ်နိုင်စရာ မရှိပေ။

ထို့ကြောင့် ခြံဝန်းအပြင်သို့ လွင့်ထွက်သွားလေသည်။ အခြားသော ဂိုဏ်းသားများကမူ ရုပ်သေးကိုပင် ယှဉ်နိုင်ခြင်းမရှိလေရာ အပြင်သို့ လွင့်ထွက်ကုန်ကြတော့သည်။

မုရုန်ရွှမ်း၏ မျက်နှာက မည်းမှောင်နေသည်။ လူအများ၏ ရှေ့တွင် နှင်ထုတ်ခံရခြင်းဖြစ်ရာ သူ သိက္ခာကျရသည်။

“ ကောင်လေး မင်းက ဘယ်တောင်ထိပ်ကဖြစ်ဖြစ် ငါ့ရဲ့အိမ်ကို သိမ်းယူတဲ့ကိစ္စကို ငါ အလွတ်မပေးဘူး”

ရုတ်တရက် တပည့်ဂိုဏ်းသားတစ်ယောက်က ထရပ်ကာ ပြောသည်။

“ ဟုတ်တယ်၊ ဒီနေရာက စွန်းတောင်ထိပ်ပဲ၊ အကြီးအကဲ လဲ့ယွန်ရှိတဲ့နေရာပဲ။ သူ မဟုတ်တာ လုပ်လို့ မရဘူး”

“ ဟုတ်တယ်၊ ကောင်လေး မင်းက ဘာလှည့်ကွက်ကို သုံးလိုက်သလဲ မသိပေမဲ့ ငါတို့ကတော့ မတရားခံမှာ မဟုတ်ဘူး”

“ ဟုတ်တယ်။ ဒီနေရာက မင်း လာအနိုင်ကျင့်လို့ရတဲ့ နေရာမဟုတ်ဘူး”

လုယွီက မျက်မှောင်ကြုတ်သည်။

“ ငါ နောက်ဆုံးတစ်ကြိမ် ထပ်ပြောမယ်။ ဒါ ငါ့အိမ်ပဲ။ မင်းတို့ ထပ် ဝင်လာရဲရင် လွှင့်ပစ်တာလောက် မရိုးရှင်းတော့ဘူး”

ဝင်ပေါက်တွင် ရုပ်သေးက ရပ်လိုက်ရာ အားလုံး နောက်ရွံ့ကုန်ကြလေသည်။

ထိုအခိုက် ဝတုတ်လေး တစ်ယောက်က အပြေးရောက်လာသည်။ သူ၏ အနောက်တွင် ကြီးမားသည့် အ ထုပ်ကြီးကို လွယ်ထားသေး၏။

“ ဘာလို့ လူတွေအများကြီး မြေကြီးပေါ် လှဲနေကြတာလဲ”

သူက ကြောင်တောင်တောင် မေးသည်။

သူ့အားမြင်သော် မုရုန်ရွှမ်း၏ မျက်ဝန်းက တောက်ပသွားသည်။

“ ဂိုဏ်းတူ အစ်ကိုကြီး ဟော့ထုံ သူက အအေးဝါးစံအိမ်ကို သိမ်းယူထားတဲ့အပြင် ညီငယ်တွေကိုလည်း ရိုက်နှက်ခဲ့တယ်”

All Chapters