← Chapters

အခန်း (၁၁၃၆-၁၁၄၀)

Vol. 60 Ch. 1136-1140

အခန်း (၁၁၃၆-၁၁၄၀)

Vol. 60 Ch. 1136-1140

အပိုင်း ၁၁၃၆

စုန့်ကျူရှူးက လုယွီကို ဓါးဖြင့်ထိုးလိုက်သည်။ လုယွီက မျက်မှောင်ကြုတ်၏။ လုယွီကသာလျှင် တစ်ဖက်သတ် စွမ်းအားမကြီးနေလျှင် သူက သေသွားလောက်သည်။

ဖန်းရှီကျင်းကလည်း မျက်မှောင်ကြုတ်ကာ အော်သည်။

“စုန့်ကျူရှူး နင် ရူးသွားပြီလား၊ ဂိုဏ်းသားအချင်းချင်း ပြန်သတ်နေတာလား။”

စုန့်ကျူရှူးက လုယွီကို အေးစက်စွာကြည့်လျက်ပြောသည်။

“ပြောစမ်း မင်း အခု ဘယ်နေရာက ပြန်လာခဲ့တာလဲ။”

လုယွီက စိတ်ရှုပ်သွားသည်။ စုန့်ကျူရှူးက ရူးသွားသည်လား မသိချေ။

“တောင်တန်းရဲ့ အခြားတစ်ဖက်ခြမ်းက မိစ္ဆာအတတ်ကျင့်ကြံတဲ့သူတိုင်းကို သတ်ခဲ့ပြီး ပြန်လာခဲ့တာပဲ”

လုယွီက ပေါ့ပါးစွာပြောသည်။

ဂူထဲမှ ထွက်မလာခင်ကတည်းက လုယွီက အလောင်းတိုင်းကို စစ်ဆေးခဲ့ပြီးသားဖြစ်သည်။ သူတို့စိတ်ဝိဥာဥ် ကို ရှာဖွေနိုင်ခဲ့သည်။

စုန့်ကျူရှူးက နှာခေါင်းရှုံ့ကာ ပြောသည်။

“မင်းက သတ်ခဲ့ပြီးပြီလို့ပြောတိုင်း တကယ်သတ်ခဲ့ပြီးတာ ဟုတ်ပါ့မလား၊ အကြောင်းအရာပြောင်းဖို့ မစဉ်းစားနဲ့ မင်း ဘယ်နေရာကိုသွားခဲ့တာလဲ။”

လုယွီက မျက်မှောင်ကြုတ်သည်။

“ငါက ဘယ်နေရာကိုသွားသွား မင်းနဲ့ဘာဆိုင်လဲ။”

သူက ဂူထဲတွင် အရိုးဖြူယဇ်ပလ္လင်မှ အဆင့်လွန်အဆင့်တစ်ယောက်ကို ကယ်ခဲ့သည်ဟု ပြောလျင် စုန့်ကျူရှူးက မယုံလောက်ချေ။

“ဟား ဟား ဟား ဟား”

စုန့်ကျူရှူးက အော်ရယ်သည်။

“မင်းမပြောမှန်း ငါက သိနေတယ်၊ မင်းက ဒီအတိုင်း မိစ္ဆာအတတ်ကျင့်ကြံသူတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပြီး ငါတို့ရှိတဲ့နေရာကို ပြောပြလိုက်တာ မဟုတ်လား၊ မင်းက ဒီလိုကောင်မျိုးဖြစ်နေမယ်လို့ မထင်ထားမိဘူး။”

အခြားတပည့်ဂိုဏ်းသားများ၏ လုယွီကို ကြည့်သောအကြည့်များက ရန်လိုလာကြသည်။ သူတို့ကို မည်သည့်အတွက် ကြောင့် ရှာတွေ့သွားသနည်းဟု သူတို့က သိလိုက်သည်။

“သစ္စာဖောက်ကောင် ငါ့ရဲ့ဂိုဏ်းတူညီငယ်ရဲ့အသက်ကို ပြန်ပေးဆပ်ရမယ်။”

ဂိုဏ်းသားတစ်ယောက်က ပြောလျက် လုယွီကို ဓါးဖြင့်ထိုးသည်။

သို့သော် ထိုဓါးက လုယွီ၏အနားသို့ မရောက်ခင်မှာတင် ဖန်ရှီကျင်းက ဆောင့်ကန်ထုတ်လိုက်သည်။

“စုန့်ကျူရှူး ဒီကိစ္စကို မရှင်းလင်းခင် နင်က အခြားသူကို သက်သေမရှိဘဲ စွပ်စွဲလို့မရဘူး၊ ဒါ့အပြင် နင်က ထျန်းရှင်းတောင်ထိပ်က တပည့်ဂိုဏ်းသားမဟုတ်တဲ့အတွက် အတွင်းစည်းတပည့်ဂိုဏ်းသားတွေကို ရင်ဆိုင်ခွင့်မရှိဘူး။”

ဖန်းရှီကျင်းက နှာခေါင်းရှုံ့သည်။

စုန့်ကျူရှူးကလည်း ပြန်ခံပြော၏။

“သူက သစ္စာဖောက်ဆိုတာ ရှင်းနေတာပဲ၊ ငါက သူ့ကိုပြန်ခေါ်သွားပြီး ထျန်းရှင်းတောင်ထိပ်ကို ဖြေရှင်းခိုင်းလိုက်မယ်၊ သူ ဘာပြောနိုင်မှာလဲ။”

ထိုအချိန်တွင် ပြင်းထန်သည့်လေပြင်းက တိုက်ခတ်လာသည်။ လေပြင်းက ဟိန်းဟောက်ပြီးသည်နှင့် အလင်းရောင်ဖျတ်ခနဲလက်ကာ အနက်ရောင်ဝတ်စုံဝတ်ထားသည့် လူတစ်အုပ်က သူတို့ကိုဝိုင်းလျက်ပေါ်လာသည်။ တပည့်ဂိုဏ်းသားတိုင်း အဝိုင်းခံလိုက်ရသည်။

“ငါက ထွက်သွားကာစရှိသေးတယ်၊ မင်းတို့ကောင်တွေ ငါတို့အသိုက်ဟောင်းကို ရှာတွေ့သွားမယ်လို့ မထင်ထားဘူး။”

ပြောလိုက်သူက အလွန်စွမ်းအားကြီးမားသူဖြစ်သည်။ ထိုလူ၏ကိုယ်တွင် အမာရွတ်များပြည့်နေ၏။ သူ၏အနောက်တွင် ဓါးရှည်ကိုလွယ်ထားကာ ရက်စက် ကြမ်းကြုတ်ပြီး စွမ်းအားကြီးမားမည့်ဟန်ရသည်။

“သူက ဓါးအရူးဆိုတဲ့ မိစ္ဆာအတတ်ကျင့်ကြံတဲ့ခေါင်းဆောင်ပဲ။”

ထိုလူ့ကိုမြင်သည်နှင့် တပည့်ဂိုဏ်းသားတိုင်း၏မျက်ဝန်းက စိတ်ပျက်အားငယ်သွားတော့သည်။ သူတို့ရရှိထားသော သတင်းများအရ ထိုလူက စိတ်ဝိဉာဉ်အဆင့်တွင် စွမ်းအားကြီးလွန်းသူ ဖြစ်သည်။ စိတ်ဝိဉာဉ် အလယ်အလတ်အဆင့်ဟုပင် ပြောနိုင်သေးလေသည်။

အကြီးအကဲများက ထိုနေရာသို့ ရောက်နေမည်ဆိုလျှင်ပင် သတိထားကာ ဆက်ဆံရမည့် အနေအထားဖြစ်လေရာ သူတို့ကဲ့သို့ တပည့်ဂိုဏ်းသားများက ရင်ဆိုင်နိုင်စရာအကြောင်းမရှိပေ။

“မြန်မြန် နှင်းပျံဂိုဏ်းက အကြီးအကဲကို သတင်းပို့လိုက်တော့”

ဖန်းရှီကျင်းက အလျင်အမြန် ကျောက်စိမ်းတံဆိပ်ပြားတစ်ခုကို ဖျက်ဆီးလိုက်သည်။

အဖြူရောင်အလင်းတန်းက ကျောက်စိမ်းတံဆိပ်ပြားမှတစ်ဆင့် ကောင်းကင်သို့ ထိုးတက်သွားကာ လေထဲတွင် ပေါက်ကွဲသွားသည်။

သို့ရာတွင် ကြောက်မက်ဖွယ်ကောင်းသော ဓါးအရူးက နှာခေါင်းသာရှုံ့သည်။

အမွှေးတိုင်တစ်တိုင်စာကုန်သည်အထိ ဘာတုန့်ပြန်မှုမှ ရှိမလာခဲ့ပေ။ ဖန်းရှီကျင်းက အံ့ဩသွားကာပြောသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ၊ ဘာလို့နှင်းပျံဂိုဏ်းက အကြီးအကဲတွေက အကူအညီကို လက်မခံတာလဲ။”

သည်လိုအချက်ပေးခြင်းက ဖန်းယွန် ယခင်ကလုပ်ခဲ့သည်နှင့်တူသည်။ ရေခဲနယ်မြေဝန်းကျင်တွင်ရှိသမျှဂိုဏ်းတိုင်းက အချက်ပြခြင်းကို သတိထားမိသည်နှင့် ချက်ချင်းဆိုသလို အကူအညီလာပေးတတ်သည်။ သို့သော် ယခုမူ အချိန်အတန်ကြာသည်အထိ မည်သည့် တုန့်ပြန်မှုမှ ရှိမလာခဲ့ချေ။

အပိုင်း ၁၁၃၇

“ဒီပတ်ဝန်းကျင်တစ်ခုလုံးကို ငါက ဝင်္ကပါနဲ့ ဖုံးကာထားတယ်၊ဆိုတော့ မင်းတို့က သေဖို့ပဲရှိတယ်။”

ဓါးအရူးက သူ၏အရှိန်အဝါကို ပြင်းထန်စွာ ထုတ်လွှတ်လိုက်တော့သည်။

ထိုလူ၏ကိုယ်မှ ထွက်လာသည့် စိတ်ဝိဉာဉ်အဆင့် ပြင်းထန်သည့်စွမ်းအားများက လူအုပ်အပေါ် ဖိအားပေးလာခဲ့သည်။

တပည့်ဂိုဏ်းသားများက ဖိအားကိုတောင့်မခံနိုင်ဘဲ မြေပြင်သို့ လဲကျကုန်ကြသည်။

ဖန်းရှီကျင်းက အံကိုကြိတ်ကာပြောသည်။

“နင်က ငါတို့ကိုသတ်ရဲရင် ဂိုဏ်းက လွှတ်ပေးမှာမဟုတ်ဘူး။”

ထိုဓါးအရူးက ရယ်သည်။

“ငါက မသတ်ရင်လည်း မင်းတို့ မလွတ်ပါဘူး။”

ရုတ်တရက် သူက လက်ထဲမှ ဓါးရှည်ကိုမြှောက်လိုက်ကာ လူအုပ်ထံ ခုန်ဝင်လာသည်။ ဓါးမှ စိတ်ဝိဉာဉ် စွမ်းအားများက ပေါက်ထွက်လာ၏။

တပည့်ဂိုဏ်းသားအချို့က သတိလက်လွတ်ဖြစ်လျက် မြေပြင်သို့လဲကျကာ ဓါးချီ၏ခုတ်ပိုင်းခြင်းကို ခံလိုက်ရသည်။ သွေးများက မြေပြင်တွင်ပျံ့နှံ့သွားသည်။ လူတိုင်းက ထိတ်လန့်သွားကြသည်။ တပည့်ဂိုဏ်းသားများက ချက်ချင်းဆိုသလို အသတ်ခံလိုက်ရခြင်းဖြစ်ပြီး တုန့်ပြန် တိုက်ခိုက်နိုင်စွမ်းပင်မရှိချေ။

“လူစုခွဲမယ်”

ဖန်းရှီကျင်းက စိတ်ဆုံးဖြတ်ပြီးသည်နှင့် ထိပေ့တောင်ထိပ်မှ တပည့်ဂိုဏ်းသားများနှင့်အတူ ထွက်ခွာရန်ကြံစည်သည်။

ပတ်ဝန်းကျင်တွင် မိစ္ဆာအတတ်ဖြင့်ပြုစားထားသည့် ကျိန်စာများစွာရှိသည့်တိုင်အောင် အတွင်းစည်းတပည့်ဂိုဏ်းသားများက လျင်မြန်စွာ တုန့်ပြန်နိုင်ကြလေရာ ဝင်သက်အနည်းငယ်အတွင်းတွင်ပင် အသက် ဘေးမှ လွတ်အောင် ကြိုးစား လိုက်နိုင်ကြသည်။

ဓါးအရူးက လက်ပိုက်လျက် ပြုံးရယ်ကာကြည့်နေသည်။ သူက ထိုလူများကို ဂရုမစိုက်ပေ။ ထိုလူများမလွတ်နိုင်ကြောင်း သူက သိနေသည်။

ရုတ်တရက် အတွင်းစည်းတပည့်ဂိုဏ်းသားအချို့က ထွက်ပြေးလွတ်မြောက်တော့မည့် အနေအထားမျိုးမှ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ သူတို့၏ခေါင်းများက တစ်စုံတစ်ရာနှင့် အထိုးခံလိုက်ရသကဲ့သို့ ခံစားလိုက်ရကာ အော်ဟစ်နေကြရသည်။

“ဓါးအရူး ငါ့ရဲ့ဝင်္ကပါကို စမ်းသပ်ဖို့ လူအနည်းငယ် လိုတယ်။”

ရုတ်တရက် အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်က ပေါ်လာသည်။ ထိုလူကိုမြင်သည်နှင့် ဓါးအရူးက မောက်မာမှုကိုသိမ်းလျက် ရိုကျိုးစွာပြောသည်။

“အရှင်သခင်ပဲ ၊အရှင်သခင်လိုချင်ရင် သူတို့အားလုံးကို ယူနိုင်ပါတယ်။”

ထိုလူက ပြုံးကာ ပြောသည်။

“ငါက ဒီဝင်္ကပါကို နှစ်ပေါင်းများစွာ လေ့ကျင့်ထားခဲ့တာ၊ ဒါပေမယ့် ဂိုဏ်းကြီးက တပည့်ဂိုဏ်းသားတွေနဲ့ တစ်ခါမှ မစမ်းသပ်ခဲ့ဖူးဘူး၊ ငါ့ရဲ့ဝင်္ကပါအတွက် စမ်းသပ်ကျောက်တုံးဖြစ်ပေးရတာ မင်းတို့ ဂုဏ်ယူသင့်တယ်။”

ထိုသို့ပြောပြီးသည်နှင့် သူက ထျန်းကျန်းတောင်ထိပ်မှ တပည့်ဂိုဏ်းသားတစ်ယောက်ကို လက်ညှိုးညွှန်ကာ ဖျော့တော့စွာပြောသည်။

“သူ့ကို ဝါးမြိုစမ်း။”

“ဘာ ဘာလို့လဲ။”

ထိုတပည့်ဂိုဏ်းသားက ကြောင်သွားသည်။

ရုတ်တရက် သူ၏ခြေထောက်များက သွေးလက်မောင်းများဖြင့် ဖမ်းကိုင်ခြင်းခံရကြောင်း သိလိုက်ရသည်။ ထိုလက်မောင်းများက မြေကြီးထဲမှ ထွက်လာခဲ့ခြင်းဖြစ်ပြီး ထိုတပည့်ဂိုဏ်းသား၏ ဝတ်ရုံထောင့်များကို ဆွဲကိုင်ကြကာ တိုက်ရိုက်ပင် မြေကြီးထဲသို့ ဆွဲခေါ်သွားသည်။

“ကယ်ကြပါ ဂိုဏ်းတူအစ်ကိုကြီး”

ထိုတပည့်ဂိုဏ်းသားက အော်ဟစ်သည်။

သို့သော် ချက်ချင်းဆိုသလို အသံက ပျောက်သွားသည်။

ထို့နောက် ထိုမြေနေရာမှ သွေးမြူကသာ လိမ့်တက်လာသည်။ ထိုဂိုဏ်းသားက အနက်ရောင်ဝတ်ရုံနှင့်လူ၏ ဝါးမြိုခြင်းခံလိုက်ရကြောင်း သေချာသွားသည်။

“ဂိုဏ်းကြီးတစ်ခုရဲ့တပည့်ဂိုဏ်းသားလို့မပြောရဘူး၊ သူတို့ရဲ့အသွေးအသားကတောင် ပုံမှန်ထက်အရသာပိုရှိနေတာပဲ၊ နှမြောစရာက လူနည်းနေတာပဲ။”

အပိုင်း ၁၁၃၈

အနက်ရောင်ဝတ်ရုံနှင့်လူက ကျေနပ်စွာပြုံးသည်။ အတွင်းစည်း တပည့်ဂိုဏ်းသားများအားလုံး ကျောချမ်းသွားကြသည်။ ထိုလူက အရှင်လတ်လတ် စားသောက်ခြင်းဖြစ်သည်။

မူလက သန်မာသော စိတ်ဝိဉာဉ်အဆင့်ရှိ စွမ်းအားကြီးမားသောဓါးအရူးကတင် သူတို့ကို စိတ်ပျက်အားငယ်စေရန် လုံလောက် နေခဲ့ပြီဖြစ်သည်။ ယခုထပ်ရောက်လာသည့်လူက ပို၍ပင် ကြောက်မက်ဖွယ်ကောင်းနေသေးသည်။သည်တစ်ကြိမ်တွင် သူတို့အတွက် ရှင်သန်ရန် မဖြစ်နိုင်လောက်တော့ချေ။

မတိုင်မီက မြေနေရာမှ ထွက်လာသည့်သွေးမြူများက အခြားနေရာသို့ ပျံ့နှံ့သွားသည်။ ထိုနေရာကိုထိတွေ့မိသည့် တပည့်ဂိုဏ်းသားအားလုံး၏ အတွင်းအားများက ခြောက်ကပ်သွားကာ ငယ်သံပါအောင်အော်ဟစ်လျက် သေဆုံးသွားကြသည်။

ဖန်းရှီကျင်းက အံကိုကြိတ်ကာပြောသည်။

“ငါတို့ သေရမှာခြင်း အတူတူ အဆုံးထိ တိုက်ခိုက်ကြမယ်”

ထိပေ့တောင်ထိပ်မှ တပည့်ဂိုဏ်းသားများအားလုံးကလည်း ဓါးဝင်္ကပါကို ထုတ်ဖော်ကာ သွေးမြူများကို ခုခံရန်ကြံစည်ကြလေသည်။

အခြားတစ်ဖက်တွင် ထျန်းကျန်းတောင်ထိပ်မှ လူများကမူ အမိန့်ပေးမှု မရှိသည့်အတွက် ဝရုန်းသုန်းကားဖြစ်နေကြသည်။

ရုတ်တရက် စုန့်ကျူရှူးက မြေတွင်ဒူးထောက်ကာ အော်သည်။

“ကျွန်တော့်ကို မသတ်ပါနဲ့ ကျွန်တော်က အညံ့ခံပါတယ်။”

အနက်ရောင်ဝတ်ရုံနှင့်လူက ထိုလူကိုကြည့်ကာပြောသည်။

“မင်းကို ချမ်းသာပေးရအောင် မင်းက ဘာပေးနိုင်လဲ။”

စုန့်ကျူရှူးက ပြောသည်။

“ကျွန်တော့်မှာ ထူးခြားတဲ့အကူအညီကို တောင်းခံနိုင်တဲ့ အဆောင်လက်ဖွဲ့ရှိပါတယ်၊ ကျွန်တော်သာ အဲ့ဒါကိုလွှတ်လိုက်ရင် ထိုက်ရိဂိုဏ်းက အခြားတပည့်ဂိုဏ်းသားတိုင်း ရောက်လာပါလိမ့်မယ်၊ ဒီလိုဆိုရင် ခင်ဗျားအတွက် စိတ်ကျေနပ်သလောက် အသွေးအသားတွေ ဝါးမြိုလို့ရပါပြီ။”

အနက်ရောင်ဝတ်ရုံနှင့်လူ၏ မျက်နှာတွင်အပြုံးက ပေါ်လာသည်။

“ကောင်းပြီ၊ မင်းက လူခေါ် နိုင်တယ်၊ ဒါပေမဲ့ လှည့်စားဖို့တော့မကြံနဲ့။”

“ကျွန်တော်က ဘယ်တော့မှ မလုပ်ရဲပါဘူး။”

စုန့်ကျူရှူးက ပြောပြီးသည်နှင့် ရွှေရောင်ကျောက်စိမ်းပြားကို ချိုးဖဲ့လိုက်သည်။ ထိုအခါ အစိမ်းရောင်အလင်းတန်းက ကောင်းကင်သို့ ထိုးတက်သွားလေသည်။ သိပ်မကြာခင်အချိန်တွင် တပည့်ဂိုဏ်းသားအချို့က ပေါ်လာသည်။ သူတို့ကလည်း ထိုက်ရိဂိုဏ်းဝတ်စုံကို ဝတ်ဆင်ထားသည်။ သူတို့က အခြားတာဝန်တစ်ခုကို လုပ်ပြီးကာစဖြစ်ဟန်ရသည်။

“ငါတို့ကို ဘယ်တောင်ထိပ်က ဂိုဏ်းတူအစ်ကိုက ခေါ်လိုက်တာလဲ။”

တစ်စုံတစ်ယောက်က လှမ်းအော်ကာ မေးသည်။

ထိုအချိန်တွင် သွေးမြူများကသာ သူတို့ကို ဝိုင်းပတ်သွားတော့သည်။

ထိုအဖွဲ့က သတိလက်လွတ်ဖြစ်သွားကြသည်။ အချို့က သွေးမြူနှင့်အထိခံရပြီး ဆိုးရွားစွာသေဆုံးကာ မြေပြင်သို့ပြုတ်ကျကြတော့သည်။

“မဟုတ်ဘူး၊ ဒီမှာ ချုံခိုတိုက်ခိုက်နေတယ်။”

သူတို့အားလုံး ထိတ်လန့်သွားကာ သွေးမြူများကို တားဆီးကြတော့သည်။

ထိုအချိန်တွင် စုန့်ကျူရှူးက ဖန်းရှီကျင်းတို့ဘက်သို့ လက်ညှိုးထိုးကာပြောသည်။

“ဆရာသခင် သူတို့က အတွင်းစည်းတပည့်ဂိုဏ်းသားတွေထဲမှာ အရည်အချင်း အရှိဆုံးတွေပါပဲ၊ သူတို့ရဲ့ အသွေးအသားတွေကို မလွှတ်ပေးသင့်ပါဘူး”

ထိုအခါ လူတိုင်း အံ့ဩသွားကြတော့သည်။

စုန့်ကျူရှူးက သစ္စာဖောက်ရုံသာမကလေဘဲ အားလုံးကို သတ်ပစ်ချင်နေသည်။

“စုန်ကျူရှူး ငါသာ ဒီနေရာကပြန်သွားနိုင်ခဲ့ရင် နင့်ရဲ့ပြစ်မှုကို ဖော်ထုတ်မယ်လို့ ကျိန်ဆိုတယ်။”

ဖန်းရှီကျင်းက အံကြိတ်သည်။

သို့ရာတွင် စုန့်ကျူရှူးက ဂရုမစိုက်ပေ။ သူက အလေးထားခြင်းပင် မရှိချေ။

“လက်ရှိကိစ္စမှာ သူရဲကောင်းဖြစ်တာက အရေးမကြီးဘူး၊ မင်းက ဒီ နေရာ မှာ သေရမှာပဲ၊ ရုန်းမနေနဲ့”

တစ်ခဏခန့်ကြာပြီးနောက် စုန့်ကျူရှူး၏နောက်သို့ လိုက်လာသူများအားလုံးက ခြောက်ခြားသွားကြသည်။ စုန့်ကျူရှူးက သူတို့ကိုရောင်းစားတော့မည့် အနေအထားတွင်ရှိသည်။

အနက်ရောင်ဝတ်ရုံနှင့်လူက ဖန်းရှီကျင်းတို့ကိုကြည့်သည်။ သူက လက်ဝါးကို တစ်ဖက်ရမ်းပြီးသည်နှင့် သွေးမြူများက သူတို့ထံသို့ တိုးဝင်သွားသည်။

တပည့်ဂိုဏ်းသားများက အနောက်သို့ ဆက်တိုက်ဆုတ်သည်။ သို့ရာတွင် မိစ္ဆာအတတ်ကျင့်ကြံသူများကလည်း ဝိုင်းထားပြီးသားဖြစ်လေရာ သူတို့အတွက် နောက်ဆုတ်ရန် မရှိတော့ပေ။

“ငါတို့အားလုံး သေရမှာခြင်းအတူတူ ဒီကောင်တွေကို ရင်ဆိုင်ကြမယ်၊ သိပ်မကြာခင်မှာ ဘိုးဘေးဂိတ်က ပြန်လာဖို့မျှော်လင့်တယ်”

“မင်းတို့က ဘိုးဘေးဂိတ်ကို ရောက်သွားရင်တောင် ဘာဆက်ဖြစ်မယ်လို့ ဘယ်သူက သိနိုင်မှာလဲ။”

စုန့်ကျူရှူးက အရာအားလုံးက သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေသည်ဟု ထင် နေဟန်ရသည်။ ရုတ်တရက် လူအုပ်ရှေ့တွင်ရှိသော သွေးမြူက လူအုပ်ကိုမထိခင် ရပ်တန့်သွားသည်။ ထို့နောက် သဘာဝရန်သူကို ဆုံတွေ့သည့်အလား သွေးမြူများက ခမ်းခြောက်ကုန်တော့သည်။

“ဟမ်”

အနက်ရောက်ဝတ်ရုံနှင့်လူက ခပ်တိုးတိုးရေရွတ်သည်။ သူက မှော်စွမ်းအင်ကို ထပ်မံထုတ်ဖော်သော်လည်း သွေးမြူများက သူ၏လက်ဝါးတွင် သိပ်သည်းလာချိန်မှာတင် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။

အပိုင်း ၁၁၃၉

ထိုလူ၏ရှေ့တွင် လူတစ်ယောက် ရောက်လာသည်။ သူက လုယွီဖြစ်သည်။လုယွီက ယခင်က မှတ်တမ်းများကို စစ်ဆေးခဲ့ပြီးသဖြင့် ထိုလူများ၏ ကျင့်ကြံသည့်ဘက်ခြမ်းကို အာရုံမစိုက်မိခဲ့ ချေ။ သို့သော် ယခုအခါတွင် နားလည်လိုက်လေသည်။

“သွေးသတ်ဖြတ်သူဆိုတာ မင်းမဟုတ်လား၊ မင်းက ဒီလိုမိစ္ဆာအတတ်မျိုးကို ကျင့်ကြံတယ်ဆိုကတည်းက အနာဂါတ်မှာ ကန့်သတ်မှုတွေရဲ့တန်ပြန်ခံစားရမှာ မကြောက်ဘူးလား”

လုယွီက အေးစက်စွာနှာခေါင်းရှုံ့လျက် လက်ဝါးဖြင့် ဓါးချီကို ထုတ်ဖော်ကာ ရိုက်ချလိုက်သည်။

ဝုန်း

ထိုလူ၏မျက်ခုံးကြားအတွင်းသို့ ဓါးချီက ဝင်ရောက်သွားသည်နှင့် သွေးအပေါက်က ပန်းထွက်လာသည်။ သူက မြေပြင်သို့ ချက်ချင်းလိုလို လဲကျသွားသည်။

“ကောင်လေး မင်းက သေချင်နေလား။”

ရုတ်တရက် လုယွီ၏နားအတွင်း ဟိန်းဟောက်သံကို ကြားလိုက်ရသည်။ လုယွီက ဝင်္ကပါဆရာသခင်ကို သတ်လိုက်ကြောင်းမြင်သော် ဓါးအရူးက ချက်ချင်းဆိုသလို သူ့ရှေ့သို့ ရောက်လာကာ သတ်ဖြတ်ချင်သွားတော့သည်။

ထိုဝင်္ကပါဆရာသခင်ကို ဖိတ်ခေါ်ရန်အတွက် သူက တန်ကြေးများစွာကိုပေးခဲ့ရသည်။ ယခုအခါတွင်မူ စိတ်ဝိဉာဉ်ကျောက်တုံးများက အလကားဖြစ်သွားခဲ့ရချေပြီ။

“ နတ်ဆိုးရူး”

ဓါးသမားရူးက ဓါးကိုဆွဲထုတ်လိုက်ကာ လုယွီအား ခက်ထန်ကြမ်းတမ်းစွာဖြင့် ခုတ်ပိုင်းရန်ကြံစည်လာသည်။ မြေပြင်တွင်ပင် နက်ရှိုင်းသည့်ဓါးရာကြီးက ကျန်ရစ်သည်။

လုယွီက အေးစက်စွာပြောသည်။

“မင်းတစ်ယောက်တည်းရဲ့ အင်အားနဲ့လား။”

သူက လက်ညှိုးကိုဆန့်ထုတ်လျက် သူ့ထံတိုးဝင်လာသည့် ဓါးထိပ်ကို ဖိတို့လိုက်သည်။ ထိုအခါ ထိုဓါးက ဆက်ရွေ့၍ မရတော့ပေ။လုယွီက အသာအားစိုက်ရုံမျှနှင့်တင် ဓါးက ပေါက်ကွဲသွားသည်။

ဝုန်း

ထိုဓါးအရူးလက်ထဲမှ ဓါးက ပေါက်ကွဲသွားလျက် အပိုင်းပိုင်းအစစအဖြစ် ပြောင်းလဲကာ မြေသို့ကျသည်။ ဓါးကျိုးသံနှင့်အတူ နဂိုက ဆူညံပွက်လောရိုက်နေသည့် ကွင်းပြင်က တိတ်ဆိတ်သွားသည်။

ယခင်က ဝိုင်းကာ တိုက်ခိုက်နေကြသည့် မိစ္ဆာအတတ်ကျင့်ကြံသူများက လုယွီကို မင်သက်စွာကြည့်ကြသည်။

“ဘာ ဘာဖြစ်သွားတာလဲ။”

သို့ရာတွင် ဓါးအရူးကမူ အံ့ဩပြီးနောက် ထွက်ပြေးလေပြီ။ သူ၏ဓါးရှည်က နှစ်ပေါင်းများစွာ လူ့သွေးကို စုပ်ယူခဲ့ပြီးသားဖြစ်သည်။ သွေးဝိဉာဉ်ပင် သိပ်သည်းနိုင်သည့် အဆင့်အထိ ရောက်ခဲ့လေရာ တဖက်သူကြောင့် ယခုကဲ့သို့ ပျက်စီးသွားကတည်းက ထိုလူက ရန်မစနိုင်သူမှန်း သိသွားခဲ့ချေပြီ။ ထို့ကြောင့် ထွက်ပြေးခဲ့ခြင်းဖြစ်သည်။

“သေစမ်း၊ သေစမ်း၊ ဒီကောင်က ထိုက်ရိဂိုဏ်းရဲ့ အကြီးအကဲက လူငယ်ဟန်ဆောင်ထားတာပဲဖြစ်ရမယ်။”

ဓါးအရူးက ကျိန်ဆဲနေလေသည်။

ကံကောင်းစွာဖြင့် သူက သတိထားနိုင်ခဲ့သည်။

“ဒီနေရာမှာ ဆက်နေလို့မဖြစ်တော့ဘူး၊ ပြန်သွားပြီးရင် စိတ်ဝိဉာဉ်ကျောက်တုံး အားလုံးကို သိုလှောင်ပြီး နောက်ထပ်စွမ်းအားကြီးတဲ့လူကို ပြန်လည်ဖိတ်ခေါ်ရတော့မယ်”

ဓါးအရူးက စိတ်ထဲတွင် အကြံအစည်ကို ချပြီးသားဖြစ်သည်။ သူက မနေနိုင်တော့ဘဲ လေထဲတွင် ဆက်တိုက်ပျံသန်း၏။

“ဘယ်သွားမလို့လဲ”

ရုတ်တရက် လုယွီ၏အသံက အနားတွင် ထွက်ပေါ်လာသည်။

ထိုလူ၏နှလုံးသားက တုန်ယင်သွားလျက် ခပ်မြန်မြန်တောင်းပန်တော့သည်။

“ဆရာသခင် ကျွန်တော်ကို မသတ်ပါနဲ့၊ အသက်ကိုချမ်းသာပေးပါ၊ ကျွန်တော်က ရတနာတွေနဲ့ အလဲအလှယ်လုပ်နိုင်ပါတယ်”

လုယွီက သူ့ကို ချက်ချင်းသတ်လိုက်မည်ကို စိုးရိမ်သည့်အလား သူက ချက်ချင်းဆက်ပြောသည်။

“ကျွန်တော် ရဲ့ပိုင်ဆိုင်မှုတွေအားလုံးကို တစ်နေရာမှာ လျှို့ဝှက်ထားပါတယ်၊ အဲဒီနေရာက ဒီနေရာနဲ့မဝေးပါဘူး၊ ကျေးဇူးပြုပြီးလိုက်ခဲ့ပါ”

လုယွီက တွေးတောပြီးနောက် ဖျော့တော့စွာပြောသည်။

“ကောင်းပြီ သွား”

ဓါးအရူးနှင့်လုယွီတို့က ဂူတစ်ဂူထံသို့ချဉ်းကပ်သွားကြသည်။

“ဒီနေရာမှာ ကျွန်တော့်ရဲ့ပိုင်ဆိုင်မှုတွေအားလုံးကို သိမ်းဆည်းထားပါတယ်။”

ထိုဓါးအရူးက မဲမှောင်နေသည့်ဂူကို ညွှန်ပြလျက်ပြောသည်။ သူ၏အမူအရာက မပြောင်းပေ။ ထိုဂူက လုယွီက တစ္ဆေကို သတ်ဖြတ်ခဲ့သည့်နေရာဖြစ်သည်။

“မင်းက သေခါနီးတဲ့အချိန်မှာတောင် လှည့်ကွက်တွေ သုံးရဲတယ်”

လုယွီက အပိုစကားမပြောချင်တော့ပေ။ သူ၏လက်က လှုပ်ရှားပြီးသည်နှင့် ထိုလူ၏ခေါင်းက မြေပြင်သို့ပြုတ်ကျသွားတော့သည်။ထိုလူက လုယွီ၏အရှေ့တွင် တိုက်ခိုက်နိုင်စွမ်းပင် မရှိ ချေ။ လုယွီက တစ်ဖက်လူ၏စိတ်ဝိဉာဉ်ကို ရှာဖွေရန်ကြံစည်သည်။ သူက အံ့ဩသွားရသည်မှာ ထိုလူ့ထံတွင် တားမြစ်စကားလုံးကျိန်စာကို မထည့်သွင်းထားခြင်းဖြစ်သည်။

သူက စိတ်ဝိဉာဉ်ကို ရှာဖွေနိုင်သွားသည့်အတွက် ထိုလူ၏ငယ်သံပါအောင် အော်ဟစ်သံနှင့်အတူ မှတ်ဉာဏ်များအားလုံးက လုယွီထံသို့ ရောက်လာတော့သည်။ တစ်ခဏခန့်ကြာပြီးနောက် လုယွီ၏မျက်နှာက မဲမှောင်သွားကာ ထိုလူ၏စိတ်ဝိဉာဉ်ကို ဖျက်ဆီးလိုက်သည်။

ထိုဓါးအရူးက ရေခဲနယ်မြေ၏ နေရာပေါင်းများစွာသာမကလေဘဲ မြောက်ပိုင်းနယ်မြေတွင်ပင် အပြစ်မဲ့သော လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်။ သူ့လက်တွင် သွေးများက စိုရွှဲနေပြီဖြစ်သည်။ သူက သေသင့်သည်။

သို့သော် လုယွီက သတိထားမိသည်မှာ သူ၏မှတ်ဉာဏ်မှတစ်ဆင့် လျှို့ဝှက်ဆန်းကြယ်သော လူတစ်အုပ်က မိစ္ဆာအတတ်ကျင့်ကြံသူများကို ပျိုးထောင်ပေးနေခြင်းကိုမြင်ခဲ့ရသည်။ ထို့အပြင် ထိုအဖွဲ့က ရေခဲနယ်မြေအနှံ့အပြားတွင် ရှိနေခဲ့၏။

ရေခဲနယ်မြေတစ်ခုလုံးက ငြိမ်းချမ်းနေသော်လည်း နောက်ကွယ်တွင် ဆိုးရွားသည့်ကိစ္စများက ဖြစ်ပျက်နေဟန်ရသည်။ ထိုလူ၏ခေါင်းဆောင်မှုနှင့်အတူ လုယွီက တောင်တောအုပ်၏အာကာပြင်ကို ဖွင့်လိုက်နိုင်သည်။

ကျန်သောမိစ္ဆာအတတ်ကျင့်ကြံသူများအားလုံးက ထွက်ပြေးသွားကြသည်။ သို့သော် လုယွီက ဂရုမစိုက်ပေ။အသေးစားကျင့်ကြံသူများက အန္တရာယ်မရှိနိုင်သေးချေ။

လုယွီက ထိုဓါးအရူး၏ခေါင်းကို အောက်သို့ပစ်ချလိုက်ပြီးနောက် ပြောသည်။

“ဒီခေါင်းဆောင်က သေသွားပြီ၊ မင်းတို့တွေ တာဝန်ကိုပြီးဆုံးပြီလို့ သတ်မှတ်လို့ရပြီ”

သူက ထိုက်ရိဂိုဏ်းမှ ဆုလာဘ်ကို စိတ်မဝင်စားပေ။

သူ၏တာဝန်ပြီးသွားပြီးနောက် ထျန်းရှင်းအကြီးအကဲက လုယွီကို ယွန်ရှန်းဂိုဏ်းမှ ကိစ္စဖြင့်ရန်စနိုင်တော့မည်မဟုတ်ချေ။

တပည့်ဂိုဏ်းသားများအားလုံးက အံ့ဩသွားကြကာ ထိုမြင်ကွင်းကို ကြည့်ကြသည်။ အလွန်ရက်စက်ကြမ်းတမ်းပြီး ကြောက်မက်ဖွယ်ကောင်းသည့် ဓါးအရူး၏ခေါင်းက သူတို့ရှေ့တွင် ရှိနေသည်။

“တကယ်ပဲ ဘယ်လိုဖြစ်သွားတာလဲ”

တစ်ဖက်သူက စိတ်ဝိဉာဉ်အဆင့်ဖြစ်သည်။ ထောင်ကျစ်ကိုယ်တိုင်လာလျှင်ပင် ထိုလူ၏ပြိုင်ဘက်မဖြစ်နိုင်မှန်း သေချာနေခဲ့၏။ သို့သော် လုယွီက နိုင်သွားသည်။

အပိုင်း ၁၁၄၀

လုယွီက စုန့်ကျူရှူးကို ကြည့်လိုက်သည်။

လုယွီ၏ အကြည့်ကို ခံစားမိသည်နှင့် စုန့်ကျူရှူးလည်း တုန်ယင်သွားသည်။ သူက ချက်ချင်းလိုလို အသနားခံတော့သည်။

“ငါရဲ့အလုပ်မရှိတော့ဘူးဆိုတော့ ခွင့်ပြုပါဦး၊ ငါက အလျင်လိုနေလို့”

ဝုန်း

လုယွီအတွက် စုန့်ကျူရှူးနှင့် စကားဘက်ပြော မနေချင်သဖြင့် တန်ထျန်းနေရာသို့သာ တိုက်ရိုက် ကန်လိုက်သည်။ စုန့်ကျူရှူး၏ ကိုယ်ရှိ တန်ထျန်းနေရာက ချက်ချင်း ပေါက်ကွဲသွားပြီး သူ၏ ကျင့်ကြံခြင်းအဆင့်ကလည်း ချီအသက်သွင်းခြင်း အဆင့်သို့ ပြုတ်ကျသွားလေသည်။

“ အန္တရာယ်ကြုံချိန်မှာ ဂိုဏ်းကို သစ္စာဖောက်သွားတဲ့ကောင်ကို ဘယ်လိုဆုံးဖြတ်မလဲဆိုတဲ့ ကိစ္စကို မင်းရဲ့ ဂိုဏ်းတူမောင်နှမတွေအပေါ် အပ်လိုက်မယ်”

လုယွီက ထိုသို့ပြောလိုက်သည်။

စုန့်ကျူရှူး၏ ကိုယ်က တုန်ယင်လျက် မြေသို့ ဒူးထောက်ကျသွားသည်။ သူ၏ တစ်ဘဝလုံး ကြိုးစားထားသမျှ ပျောက်ဆုံးသွားလေပြီ။ ရုတ်တရက် လူတစ်အုပ်က သူ့ကို ဝိုင်းလာကြောင်း ခံစားလိုက်ရသည်။

ထျန်းကျန်းတောင်ထိပ်က ဂိုဏ်းသားများနှင့် သူက အကူအညီတောင်းသဖြင့် လာရောက်ခဲ့သော တောင်ထိပ်အသီးသီးမှ ဂိုဏ်းသားများကို သူ မြင်လိုက်ရသည်။ အားလုံး၏ မျက်နှာများက ပျက်ယွင်းနေကြသည်။

“ ရိုင်းလိုက်တာ၊ ငါက ထျန်းကျန်းတောင်ထိပ်က ဂိုဏ်းတူ အစ်ကိုအကြီးဆုံးပဲ။ မင်းတို့က ပုန်ကန်ချင်တာလား”

စုန့်ကျူရှူး၏ အော်သံမဆုံးခင်မှာတင် မျက်နှာကို ဖြတ်ကန်ခံလိုက်ရသည်။

“ မင်းမှာ ဘာကျင့်ကြံခြင်းအဆင့်မှ မရှိတော့တာတောင် ငါတို့ကို အမိန့်ပေးရဲသေးတာလား”

“ ငါက မင်းရဲ့နောက်ကို လိုက်ခဲ့တာ နှစ်ပေါင်းမနည်းတော့ဘူး။ ဒါတောင်မှ အရေးကြုံတဲ့အချိန်မှာ ငါ့ကို ဒုက္ခပြန်ပေးသေးတယ်ပေါ့”

ထိုသို့ဖြင့် အားလုံးက သူ့ကို ဝိုင်းဝန်းကန်ကြသည်။ သူ့ကို ထျန်းကျန်းတောင်ထိပ်ကသာ အပြစ်ပေးသင့်သည့်အတွက် အခြားတောင်ထိပ်မှ ဂိုဏ်းသားများက သူ၏ အသက်ကို မထိပါးကြချေ။

သို့သော် စုန့်ကျူရှူး၏ တစ်ကိုယ်လုံး ဖူးယောင်လာသည်အထိ ဆိုးရွားစွာ အရိုက်ခံခဲ့ရသည်။

“ သူ့ကို ကြိုးချည်ပြီး ထျန်းကျန်းတောင်ထိပ်ကိုပဲ ပြန်ခေါ်သွားလိုက်ပါ။ “

ဖန်းရှီကျင်းက ပြောလိုက်သည်။

ထို့နောက် ကိစ္စများကို ပြင်ဆင်ပြီးနောက် သူတို့ကို ကယ်တင်ခဲ့သည့် လုယွီကို တစ်ယောက်ပြီးတစ်ယောက်က ကျေးဇူးတင်စကား ပြောကြကာ ပြန်သွားကြသည်။

သူတို့ကို ဒုက္ခပေးခဲ့သည့် မိစ္ဆာကျင့်ကြံသူများ၏ ခေါင်းအတွက်မူ လုယွီကိုသာ ယူစေသည်။ ရလာမည့် ဆုလာဘ်ကို လုယွီတစ်ယောက်တည်းကသာ ယူသင့်သည်ဟု အများက ဆုံးဖြတ်သည်။

လုယွီကလည်း မငြင်းတော့ပေ။ သူက လျင်မြန်စွာပြန်ပြီးကျင့်ကြံရဦးမည်ဖြစ်သည်။ မစ်ရှင်လုပ်ဆောင်ရခြင်းက အပိုကိစ္စများမြောင်နေသဖြင့် အချိန်ကုန်သည်။

လုယွီက ဖန်းရှီကျင်း၏ လမ်းညွှန်အတိုင်း မစ်ရှင် ခန်းမသို့ တိုက်ရိုက်သွားလိုက်သည်။ လုယွီက ကောင်တာသို့ သွားကာ မေးလိုက်သည်။

“ မစ်ရှင် ပြီးသွားရင် ဘယ်လို တင်ပြရမလဲ”

ထိုနေရာတွင် အလုပ်ရှုပ်နေသော တပည့်ဂိုဏ်းသားတစ်ယောက် ရှိသည်။ သူက စိတ်မရှည်စွာ ပြောသည်။

“ သာမန်မစ်ရှင်ကို လုပ်ဆောင် ပြီးသွားရင် နံရံက မစ်ရှင် စာရွက်ကို စုတ်ဖြဲရင် ရပြီ”

လုယွီကလည်း နံရံရှိရာ အတွင်းပိုင်းသို့ ဝင်သွားလိုက်သည်။ ထိုနံရံတွင် အတွင်းစည်း တပည့်ဂိုဏ်းသားများအတွက် မစ်ရှင်အသီးသီး ကပ်ထားသည်။ အောင်မြင်လျင် အမှတ်များဖြင့် လဲနိုင်သည်။

လုယွီက နံရံကို လိုက်ကြည့်ပြီးနောက် သူ၏ မစ်ရှင်က အပေါ်ဆုံးတွင် ရှိနေကြောင်းမြင်လိုက်ရလေသည်။ သူက ထိုမစ်ရှင်စာရွက်ကို စုတ်ဖြဲပြီးနောက် မေးသည်။

“ မစ်ရှင် စာရွက်ကို ယူပြီးရင် ပြီးသွားပြီလား”

သို့သော် သူ၏ ပတ်ဝန်းကျင်က ငြိမ်သက်သွားလေသည်။ အနားမှ တပည့်ဂိုဏ်းသားကလည်း တုန်တုန်ယင်ယင်နှင့် ပြောသည်။

“ သူ…သူက အခု မိစ္ဆာကျင့်ကြံသူတွေနဲ့ ပက်သတ်တဲ့ မစ်ရှင်ကို ပြီးသွားပြီလို့ ပြောလိုက်တာလား”

All Chapters