အခန်း (၁၁၄၆-၁၁၅၀)
Vol. 61 Ch. 1146-1150
အပိုင်း ၁၁၄၆
ဖန်းရှီကျင်း၏မျက်နှာက ရုတ်တရက် မည်းမှောင်သွားသည်။
“ ဂိုဏ်းတူအကို ကျန်း ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် လေးစားမှုရှိပါ”
ထိပေ့တောင်ထိပ်မှ တပည့်ဂိုဏ်းသူများစွာ ရှိနေသော်လည်း သူတို့အားလုံးက တတ်နိုင်စွမ်းမဲ့နေကြသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာအကြာက ထိပေ့တောင်ထိပ်မှ အကြီးအကဲက ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့ပြီး တံခါးပိတ်ကာ ကုသနေခဲ့ရသည်။ အကြီးအကဲကို တာဝန်ယူကုသပေးနေသူက ဆရာသခင်မူဖြစ်သည်။
ထိုက်ရိဂိုဏ်းတွင် ဆရာသခင်သုံးယောက်ရှိသော်လည်း ဆရာသခင်မူကသာ ဆေးနတ်ဘုရားဟု ခေါ်ရန် အဆင့်မီလေသည်။ထို့ကြောင့် ဆရာသခင်မူ၏ တပည့်ဖြစ်သော သူတို့၏ရှေ့ရှိ ကျန်းရှင်းက အလွန်မောက်မာလေသည်။ သူက ဆရာဖြစ်သူ၏ အားကိုးဖြင့် ထိပေ့တောင်ထိပ်မှ တပည့်ဂိုဏ်းသားများကို အရေးမစိုက်ပေ။ ဖန်းရှီကျင်းကိုလည်း မကြာခဏ ဒုက္ခပေးနေကြဖြစ်သည်။
“ ဂိုဏ်းတူ ညီမငယ်မှာ လက်တွဲဖော်မရှိသေးဘူး ကြားတယ်။ ဘာလို့ ငါ့ကို မစဉ်းစားပေးတာလဲ”
“ သူ့ကို ဂရုမစိုက်ပါနဲ့ ဂိုဏ်းတူမောင်လေးဖန်း။ ငါက နင့်အတွက် ခြံဝန်းအသင့်ပြင်ထားတယ်”
ဖန်းရှီကျင်းက လုယွီကို လှည့်ကြည့်ကာ ပြောသည်။
လုယွီက ထိုကိစ္စကို အာရုံမစိုက်ပေ။
“ ကိစ္စမရှိဘူး”
သူတို့က အချင်းချင်းပြောနေကြပြီး ကျန်းရှင်းကို လျစ်လျူရှုထားလေသည်။
ကျန်းရှင်းက ပြောလိုက်သည်။
“ ဂိုဏ်းတူညီမဖန်းက ဒီလိုကောင်ကို စမ်းသပ်ပွဲမှာ ပါခိုင်းရင် တောင်ထိပ်ကပဲ နာမည်ပျက်ရလိမ့်မယ်”
ထို့နောက် ကျန်းရှင်းက လုယွီ၏အနားသို့ ကပ်သွားပြီး ပြောသည်။
“ မင်းရဲ့နာမည်က ဖန်းယွန်လို့ကြားတယ်။ ဒါပေမဲ့ မင်းက ငါ တစ်ခါမှ မကြားဖူးတဲ့ကောင်ဖြစ်နေတယ်။ “
လုယွီက ပြောသည်။
“ လမ်းက ဖယ်”
သို့သော် ကျန်းရှင်းက ဆက်ပြောသည်။
“ မင်းလို အမှိုက်က လာတဲ့နေရာကို ပြန်သွားသင့်တယ်”
ထိုသို့ပြောပြီးသည်နှင့် ကျန်းရှင်းက လက်ဝါးတစ်ချက်ထုတ်ကာ လုယွီကို ရိုက်လိုက်သည်။ ထိုလက်ဝါးချက်နှင့်အတူ အဖြူရောင်အတွင်းအားများက လှိုင်းထသလို လှုပ်ခါလျက် ပါသွားလေသည်။
သို့သော် သူ၏လက်ဝါးက လုယွီကို ရိုက်မိသွားချိန်တွင် လုယွီ၏ကိုယ်က လှုပ်ခါသွားခြင်းပင်မရှိပေ။ သို့သော် ကျန်းရှင်းအနေနှင့် နံရံတစ်ခုကို ရိုက်လိုက်ရသလို ခံစားလိုက်ရပြီး နောက်သို့ လွင့်ထွက်သွားလေသည်။
“ မင်းက နည်းနည်းတော့ လုပ်နိုင်စွမ်းအားရှိသေးတာပဲ။ ဒါပေမဲ့ ငါ့ကိုတော့ မယှဉ်နိုင်သေးဘူး”
ကျန်းရှင်းက လုယွီကို သွားရိုက်ပြီး နောက်သို့ ကို့ယို့ကားယားလွင့်ထွက်သွားခြင်းကို လူတိုင်းက မြင်လိုက်ကြသည်။သို့သော် ကျန်းရှင်းက သူကသာစွမ်းအားကြီးသလို ပြောနေလေသည်။
ဖန်းရှီကျင်းက ခါးသီးစွာရယ်လျက် ပြောသည်။
“ ဂိုဏ်းတူအကို ကျန်းရှင်း နင်က တကယ် အရှက်မရှိတာပဲ”
ကျန်းရှင်းကလည်း ရယ်သည်။
“ ငါက အားနည်းရင် ဆရာက ငါ့ကို တပည့်အဖြစ် တသီးတသန့် လက်ခံခဲ့မယ်လို့ ထင်လား”
ထိုစကားက မှန်သည်။ သူ့တွင်လည်း ထူးချွန်သည့် နယ်ပယ်ရှိနေသဖြင့်သာ တစ်ဦးတည်းသော တပည့်တစ်ယောက်အနေဖြင့် ဆရာသခင်မူက လက်ခံခဲ့ခြင်းဖြစ်သည်။
“ ငါ့ရဲ့ဒီလက်ဝါးချက်က စွမ်းအား ဘယ်နှရာခိုင်နှုန်းလောက်ကို မင်း နားလည်ခဲ့သလဲ ဖန်းယွန်”
ကျန်းရှင်းက လုယွီအား သင်ပြပေးနေဟန်ဖြင့် ပြောသည်။
အပိုင်း ၁၁၄၇
လုယွီက မျက်မှောင်ကြုတ်သည်။
“ ဘာကြောင့် ငါက နားလည်သင့်တာလဲ”
ကျန်းရှင်း၏ လက်ဝါးချက်တွင် ဟာကွက်များအပြည့်ပါဝင်ပြီး ခွန်အားကလည်း မလုံလောက်ချေ။ထို့အပြင် လုယွီ၏ခန္ဓာကိုယ်မှ အလိုအလျောက်ကာကွယ်အားကိုလည်း မဖောက်နိုင်ခဲ့ချေ။ထိုသို့သော လက်ဝါးချက်မှ သင်ယူစရာ မရှိပေ။
ကျန်းရှင်းက သက်ပြင်းချသည်။
“ ငါက မင်းကို လမ်းညွှန်ပေးချင်ပေမဲ့ မင်းက လက်ခံဖို့ အရည်အချင်းမပြည့်မီဘူး”
သူက ဖန်းရှီကျင်းကို ကြည့်သည်။
“ ဂိုဏ်းတူညီမငယ်လည်း မြင်တာပဲ။ ဒီလိုကောင်ကိုသာ ပြိုင်ခိုင်းရင် နဂိုက အနိုင်မရနိုင်တဲ့ အခြေအနေက ပိုဆိုးသွားမှာပဲ”
ဖန်းရှီကျင်းက အံကိုကြိတ်ကာ ပြောလိုက်သည်။
“ ထပ်ပြောစမ်း”
ထိုအချိန်တွင် အခြားသော တပည့်ဂိုဏ်းသူများကလည်း လက်နက်များကို အသင့်ပြင်လိုက်ကြသည်။ သို့သော် ကျန်းရှင်းက မတုန်လှုပ်ဘဲ ပြောသည်။
“ ဘာလဲ ။ မင်းတို့ရဲ့ အကြီးအကဲက ငါ့ဆရာရဲ့ ကုသမှုကို လိုအပ်နေတုန်းပဲ။ သူ့ကို တသက်လုံး ဒုက္ခိတဖြစ်သွားစေချင်တာလား”
ဖန်းရှီကျင်းက အံကြိတ်ကာ ပြောသည်။
“ အရှက်မရှိတဲ့ကောင်”
ထိုအချက်ကြောင့် ထိပေ့တောင်ထိပ်မှ တပည့်ဂိုဏ်းသားများက ကျန်းရှင်းကိုသည်းခံနေရခြင်းဖြစ်သည်။
ကျန်းရှင်းက လုယွီကို ကြည့်ကာ ပြောသည်။
“ ငါက အကြံပေးခဲ့ပြီးပြီ ၊ မင်းက ဂရုမစိုက်တာကတော့ မင်း အပိုင်းပဲ”
ထို့နောက် သူက ဝတ်ရုံလက်ကို ခါကာ ထွက်သွားသည်။ ကျန်ခဲ့သော တပည့်ဂိုဏ်းသူများက ဒေါသထွက်နေသော်လည်း မတတ်နိုင်ကြချေ။
လုယွီက ခပ်အေးအေး ပြောလိုက်သည်။
“ ရပ်”
ကျန်းရှင်းက စိတ်မရှည်သလို ပြောသည်။
“ ဘာလဲ။ နောင်တရပြီး ငါ့ဆီက သင်ပြပေးတာကို လိုချင်သွားပြီလား”
လုယွီက ပြောသည်။
“ အပြန်အလှန်အနေနဲ့ ငါကလည်း မင်းကို သင်ပြပေးမယ်”
ကျန်းရှင်းက ပြောင်ငြင်းသည်။
“ မင်းလို အမှိုက်က ဘာကို သင်ပြပေးမှာလဲ”
“ စကားပြောတတ်ဖို့”
ထို့နောက် လုယွီက ဖျက်ခနဲ ရွေ့ကာ လက်ဝါးတစ်ချက်ကို ထုတ်လွှတ်လိုက်သည်။ ထိုအချိန်တွင် ကျန်းရှင်းက လုယွီနှင့် ဆယ်မီတာ အကွာတွင်ရှိနေခြင်းဖြစ်သည်။
လုယွီ၏လက်ဝါးမှ ပြင်းထန်သည့် လေပြင်းကို ခံစားမိသည်နှင့် ကျန်းရှင်းက စွမ်းအားအကုန် စုစည်းကာ သူ၏ရှေ့တွင် ကာလိုက်သည်။ သို့သော် လုယွီ၏ လက်ဝါးချက်က ထိုအကာအကွယ်လွှာကို အစိတ်စိတ်အပိုင်းပိုင်းဖြစ်အောင် ချေမွလိုက်ပြီး ရှေ့သို့ ဆက်လက် တိုးဝင်သွားသည်။
လုယွီက ကျန်းရှင်းကို ပါးရိုက်လိုက်ခြင်းဖြစ်သည်။ သူကိုယ်တိုင်က နေရာမှမရွေ့ဘဲ လက်ဝါးမှ အားလှိုင်းကသာ ပါးကို ရိုက်မိသွားခြင်းဖြစ်သည့်တိုင်အောင် ကျန်းရှင်းက လေထဲသို့ မြောက်တက်ပြီး နှစ်ပတ်ခန့် လည်ပြီးမှသာ အောက်သို့ ဝုန်းခနဲ ပြုတ်ကျသည်။
ဝေါ့
ကျန်းရှင်းက သွေးတစ်လုပ်အန်ပြီးနောက် ပါးတဖက်က ချက်ချင်းယောင်ကိုင်းလာသည်။ အဆိုးရွားဆုံးအချက်မှာ ကျန်းရှင်းက လုယွီ၏လက်ဝါးချက်ကြောင့် သတိမေ့သွားခြင်းဖြစ်သည်။
ပတ်ဝန်းကျင်က တိတ်ဆိတ်သွားသည်။ ထိပေ့တောင်ထိပ်မှ တပည့်ဂိုဏ်းသူများက ပျော်ရွှင်နေကြသည်။ မည်သူမျှ ကျန်းရှင်းကို မသနားကြပေ။
ဖန်းရှီကျင်းက ပြောသည်။
“ ဂိုဏ်းတူမောင်လေးဖန်း သူက ဆရာသခင်မူရဲ့ တပည့်ပဲ။ နင် သူနဲ့ ရန်သူဖြစ်သွားရင် မကောင်းဘူး”
လုယွီက လက်ကာပြသည်။
“ ဆရာသခင်မူက သူ့တပည့်ကို မဆုံးမနိုင်လို့ ငါက ကူညီရုံပဲ”
ဖန်းရှီကျင်းက လုယွီကို နေရမည့် ခြံဝန်းသို့ ခေါ်သွားပေးသည်။ထိုခြံဝန်းသည် စိတ်ဝိဉာဉ်စွမ်းအင်များ အလွန်သိပ်သည်းစွာ ရှိနေလေသည်။ ဖန်းရှီကျင်းက သူ့အား ခေါ်ထားနိုင်ရန် ကြိုးစားထားဟန်ရသည်။
ရုတ်တရက် အဝေးမှ အော်ဟစ်သံကို ကြားရသည်။ ဖန်းရှီကျင်းက အလျင်စလို ပြောသည်။
“ ဂိုဏ်းတူမောင်ငယ်လေးဖန်း ဒါက ငါ့ဆရာပဲ။ ငါက တစ်ယောက်ယောက်ကို လွှတ်ပြီး လိုတဲ့ပစ္စည်းတွေနဲ့ ဒီနေရာအတွက် ဝင်္ကပါကို ပြင်ဆင်ခိုင်းလိုက်မယ်”
အပိုင်း ၁၁၄၈
ဖန်းရှီကျင်းက လုယွီကို တောင်းပန်ပြီး အခြေအနေကို ရှင်းပြသည်။ ထိပေ့တောင်ထိပ်တွင် စိတ်ဝိဉာဉ်စွမ်းအင် များပြားသော နေရာက နည်းသည်။ စိတ်ဝိဉာဉ်စုစည်းခြင်း ဝင်္ကပါကိုလည်း အကြီးအကဲကို ကုသရန်အတွက် ချခင်းထားရသေးသည်။
လုယွီကသာ စိတ်ဝိဉာဉ်စွမ်းအင်များပြားသည့် နေရာတွင် နေချင်လျင် အကြီးအကဲ၏ခြံဝန်းဘေးတွင်သာ နေရမည်ဖြစ်သည်။
လုယွီက အော်သံကို နားထောင်ရင်း မျက်မှောင်ကြုတ်သည်။
“ အကြီးအကဲက ဘယ်လိုဒဏ်ရာရထားတာလဲ”
ဖန်းရှီကျင်းက ခေါင်းကိုခါလျက် ပြောသည်။
“ ပြောရရင် လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က ခေါင်းဆောင်က အကြီးအကဲအချို့ကို ခေါ်ပြီး ကလန်ရဲ့တားမြစ်နေရာကို သွားခဲ့တယ်။ အဲဒီမှာ ဘာဖြစ်ခဲသလဲတော့ မသိပေမဲ့ အကြီးအကဲအများအပြား သေဆုံးသွားခဲ့ပြီး ငါတို့ရဲ့ဆရာက ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့တယ်”
“ အကြီးအကဲက အသက်ရှင်ခဲ့ပေမဲ့ ပြန်လာပြီးနောက်ပိုင်း ညတိုင်းလိုလို အခုလို အော်ဟစ်နေရတယ်။ ဆရာသခင်မူကသာ မဖိနှိပ်ပေးနိုင်ခဲ့ရင် အခြေအနေက ပိုဆိုးသွားနိုင်တယ်”
လုယွီက နားလည်ကြောင်း ခေါင်းညိတ်လိုက်သည်။ ထိုအမျိုးသမီးက အကြီးအကဲဖြစ်ကတည်းက အနည်းဆုံး စိတ်ဝိဉာဉ်အဆင့်ဖြစ်ပေလိမ့်မည်။ သို့သော် ယခုကဲ့သို့ အခြေအနေသို့ ရောက်သွားရသည်။
လုယွီက သိချင်စိတ်ပြင်းပြနေသော်လည်း သွားမတွေ့ပေ။ သူက ခြံဝန်းထဲသို့ ဝင်ကာ အသံလုံ ဝင်္ကပါကို ခင်းကျင်းလိုက်သည်။
အခြားတဖက်တွင်….
သတိပြန်ရလာသည့် ကျန်းရှင်းက လမ်းပေါ်တွင် လဲနေကြောင်းမြင်လိုက်ရလေသည်။ ဖြတ်သွားဖြတ်လာ အမျိုးသမီးတပည့်ဂိုဏ်းသူများက သူ့အား လှောင်ရယ်သွားကြသည်။
ကျန်းရှင်းက ဒေါသတကြီး ထလိုက်သည်။
“ ငါက သတိမထားမိတဲ့အချိန်မှာ ချောင်းပြီး တိုက်ခိုက်သွားတာပဲ၊ ရွံစရာကောင်”
ထိုအချိန်တွင် သူ၏ ပါးတဖက်က နာကျင်ကျိန်းစက်လာသည်။
“ ဟမ့် ငါက ဒီဂိုဏ်းမှာ အသိတွေ ဘယ်လောက်များလိုက်သလဲ”
သူက ဖုန်ခါကာ ထိပေ့တောင်ထိပ်မှ ဆင်းပြီး ချန်ခွန်းတောင်ထိပ်သို့ သွားသည်။ ချန်ခွန်းတောင်ထိပ်သည် ထိပေ့တောင်ထိပ်နှင့် နီးသည့်အပြင် အင်အားအကြီးဆုံး တောင်ထိပ်လည်း ဖြစ်နေသေးလေသည်။ ကျွန်းကျွင်း(တောင်ထိပ်သခင်)ဆိုလျင် အဆင့်လွန်အဆင့်သို့ ရောက်နေပြီဖြစ်သည်။
ကျန်းရှင်းကလည်း ထိပေ့တောင်ထိပ်တွင် လူသိများသည့်အတွက် သူ့ကိုမြင်သည်နှင့် ကြိုဆိုကြသည်။ ထို့နောက် ကျန်းရှင်းက ချန်ခွန်းတောင်ထိပ်မှ ဂိုဏ်းတူအစ်ကိုအကြီးဆုံးဖြစ်သည့် လျိုရွှန်းဖုန်းနှင့် ဆုံသည်။
“ အကိုကျန်းက ဘာများ ပြောချင်တာရှိလို့ပါလဲ”
လျိုရွှန်းဖုန်းက ပြောသည်။
သို့သော် သူက ကျန်းရှင်းကို စိတ်ရင်းဖြင့် မေးမြန်းခြင်းမဟုတ်ပေ။ ထိုလူက အကျင့်စရိုက်မကောင်းကြောင်း သိထားသဖြင့် ဆရာသခင်မူ၏တပည့်သာ မဟုတ်လျင် လက်ခံတွေ့ဆုံလိမ့်မည် မဟုတ်ပေ။
“ တကယ်တော့ ထိပေ့တောင်ထိပ်မှာ ငါရဲ့ ရန်သူရှိတယ်။”
လျိုရွှန်းဖုန်းက မျက်ခုံးတွန့်သွားသည်။ ကျန်းရှင်း၏ယောင်ကိုင်းနေသည့် ပါးကို မြင်ကတည်းက သူက တွေးမိပြီးသားဖြစ်သည်။
“ မင်းကသာကလဲ့စားချေပေးရင် ငါက မင်းကို ကျေးဇူးပြန်ဆပ်မယ်”
သို့သော် လျိုရွှန်းဖုန်းက တုန့်ဆိုင်းနေသည်။ ကျန်းရှင်းက ဆက်ပြောသည်။
“ မင်းက ရွှေဆေးကို လိုအပ်နေတာ မဟုတ်လား၊ မင်းက ငါ့ကို ကူညီရင် ငါက ဆရာ့ကို တောင်းဆိုပေးမယ်။ ဆရာက သေချာပေါက်မင်းအတွက် ဖော်စပ်ပေးမှာပဲ”
လျိုရွှန်းဖုန်း၏ ယပ်တောင်ကို ခတ်နေသော လက်က ရပ်သွားသည်။
“ သူ့ရဲ့ ဇစ်မြစ်က ဘာလဲ”
“ သူက ဒီအတိုင်းသာမန်တပည့်ဂိုဏ်းသားပါ။ မင်းက ငါ့နောက်က လိုက်ခဲ့ရင် သိလိမ့်မယ်”
လျိုရွှန်းဖုန်းက အနည်းငယ်စဉ်းစားပြီးနောက် ပြောသည်။
“ ကောင်းပြီ။ သွားကြတာပေါ့”
သို့သော် သူက ဆက်ပြောသည်။
“ ငါက အကိုကျန်းရဲ့ကိုယ်စား သင်ခန်းစာပေး ပေးနိုင်တယ်။ ဒါပေမဲ့ ငါရဲ့ တာဝန်ပြီးရင် မင်းဘက်က ကတိပေးထားတာကို တည်အောင် လုပ်ပေးရမယ်။ မဟုတ်ရင် အကိုကျန်းလည်း အကျိုးဆက်ကို သိမှာပါ”
ကျန်းရှင်းက ဆရာသခင်မူ၏ တပည့်ဖြစ်လျင်ပင် သူ့ကို အခြားနည်းလမ်းများဖြင့် သတ်နိုင်သေးသည်။ကျန်းရှင်းကလည်း တုန်ယင်သွားကာ ပြောသည်။
“ ငါ… အဟမ်း သေချာတာပေါ့”
အပိုင်း ၁၁၄၉
လျိုရွှန်းဖုန်းက မငြင်းလိုက်ချေ။ သူက စိတ်ဝိဉာဉ်ကို ခန္ဓာကိုယ်ပြင်ပသို့ လွှတ်ထုတ်နိုင်သည့် အဆင့် အစောပိုင်းသို့ ဝင်ရောက်နေသဖြင့် နောက်တစ်ဆင့်တက်ရန် အရံအတားဆီးနှင့် ကြုံနေရလေသည်။ သူ့ကိုသာ တန်ဆေးဆရာတစ်ယောက်က ကူညီပြီး ရွှေဆေးဖော်စပ်ပေးသဖြင့် ထိုဆေး၏အကူအညီနှင့် အဆင့်တက်နိုင်ချေမြင့်မားသွားခဲ့လျင် စမ်းသပ်ပွဲတွင် ထောင်ကျစ်နှင့် ယှဉ်နိုင်သွားလိမ့်မည်။
“ ကောင်းပြီ ငါ့ကို တပည့်သစ်ဆီ ခေါ်သွားပါ။ သူ့ကို တစ်ခါဆုံးမပြီးရင် ကျန်တဲ့ကိစ္စက ငါနဲ့ မသက်ဆိုင်တော့ဘူး”
သူ၏ အကျင့်စရိုက်အရ အတွင်းစည်းသို့ ဝင်ရောက်ကာစ တပည့်ဂိုဏ်းသားသစ်ကို အနိုင်ကျင့်ခြင်းကတင် လွန်ကဲလွန်းနေပြီဖြစ်သည်။
လျိုရွှန်းဖုန်းက ဂုဏ်သိက္ခာကို အလေးထားသည်။ ထို့ကြောင့် မလှုပ်နိုင်ရုံလောက်သာ ရိုက်ရန် ဆုံးဖြတ်ထားသည်။ သူက ပြင်ပဒဏ်ရာသာ ရသွားစေအောင် ဆုံးမလိုက်လျင် လုံလောက်သည်ဟု ထင်သည်။
ထို့နောက်ပိုင်း ကိစ္စများကမူ ကျန်းရှင်းနှင့်သာ သက်ဆိုင်သည်။
“ ကျေးဇူးအများကြီးတင်ပါတယ်”
ကျန်းရှင်းက ပြုံးသည်။ ထိပေ့တောင်ထိပ်မှ တပည့်များရှေ့တွင် လုယွီအား မမေ့နိုင်လောက်သောသင်ခန်းစာ ပေးမည်ဟု သူက ဆုံးဖြတ်ထားသည်။
ထိပေ့တောင်ထိပ်…
လုယွီက မျက်လုံးကို ဖွင့်လိုက်သည်နှင့် နှဖူးပေါ်ရှိ သင်္ကေတကိုးခုက လင်းလက်ရာမှ ပျောက်ကွယ်သွားကြသည်။ သူ၏ အရှိန်အဝါကလည်း သာမန်သေမျိုးတစ်ယောက်ကဲ့သို့ အေးချမ်းတိတ်ဆိတ်သွားပြီး ဖိအားများ ထုတ်လွှတ်နေခြင်းလည်း မရှိတော့ချေ။
“ ငါ့အနေနဲ့ အထွတ်အထိပ်အဆင့်ကို တက်ဖို့ အများကြီး လိုအပ်နေသေးတာပဲ”
လုယွီ၏ အရှိန်က မြန်ဆန်သည်ဟု ဆိုနိုင်သည့်တိုင်အောင် သူကမူ မလုံလောက်သေးဟု ခံစားနေရသည်။ သူက မျက်လုံးကို ပြန်မှိတ်ကာကျင့်ကြံတော့မည့်အချိန်တွင် သူ၏ခြံဝန်းမှ နံရံက ကန်ဖွင့်ခံလိုက်ရလေသည်။
နံရံပြိုသွားသည်နှင့် အုတ်ကျိုးအုတ်ပဲ့ ကျလာသံများက ဆူညံသွားသည်။ ဖုန်များက လေထဲသို့ ထိုးတက်လာပြီး ခြံဝန်းကို လွှမ်းခြုံသွားသည်။လုယွီက အသံကိုပိတ်ဆို့သည့် ဝင်္ကပါကို ဖွင့်ထားသဖြင့် မည်သည့်အသံမျှ မကြားရသည့်တိုင်အောင် ပေါ်လာသောပုံရိပ်ကိုတော့ဖြင့်မြင်နိုင်သေးလေသည်။
လုယွီက ဖျက်ခနဲဆိုသလို နေရာမှ ပျောက်ကွယ်ကာ ခြံဝန်းထဲသို့ ရောက်သွားသည်။
“ ငါ့အနားကို မလာပါနဲ့၊ အား… ငါ့အနားကို မလာပါနဲ့”
လုယွီက အုတ်ကျိုးအုတ်ပဲ့များ ကြားမှ အသက်၃၀၀န်းကျင်ရှိမည့် အလွန်လှပသည့် အမျိုးသမီးတစ်ယောက်ကိုမြင်လိုက်ရလေသည်။ သူမက အဖြူရောင်ဝတ်စုံကို ဝတ်ထားသော်လည်း ဖုန်များ၊ အညစ်အကြေးများဖြင့် ပေကျံနေကာ မသပ်မရပ်ဖြစ်နေသည်။ ပါးစပ်မှလည်း သူရူးတစ်ယောက်ကဲ့သို့ အော်ဟစ်နေသေးသည်။
လုယွီက မျက်မှောင်ကြုတ်သည်။
“ အကြီးအကဲလန်ယွဲ့လား”
သူက ခြံဝန်းထဲသို့ ဝင်ကတည်းက ခြံဝန်းတိုင်းကို အကာအကွယ်လွှာက ကာဆီးထားသဖြင့် ကျူးကျော်နိုင်ချေ နည်းကြောင်း သိခဲ့သည်။ သို့သော် ယခုလို ထိုအမျိုးသမီးက နံရံကို ဖျက်ဆီးရာတွင် မည်သို့သော သတိပေးချက် အသံမှ ထွက်မလာခဲ့သဖြင့် ဖြစ်နိုင်ချေ တစ်ခုသာ ရှိတော့သည်။ သူမက ထိုအကာအကွယ်လွှာ ဝင်္ကပါကို ချခင်းခဲ့သည့် အကြီးအကဲသာ ဖြစ်ရပေမည်။
လုယွီက အနားကပ်သွားသည့်အခါ လန်ယွဲ့က တုန်ယင်စွာဖြင့် နံရံနား ခွေကာ ထိုင်ပြီးအော်သည်။
“ ငါ မှားပါတယ်။ ငါ့ကို မသတ်ပါနဲ့။ ငါ့ကို မသတ်ပါနဲ့ အား……”
လုယွီက မျက်မှောင်ကြုတ်သည်။
“ အခြေအနေက ပြင်းထန်နေတာပဲ”
သူက သူ၏ စိတ်ဝိဉာဉ်ကို လွှတ်ကာ လန်ယွဲ့၏ကိုယ်ကို ခြုံကြည့်လိုက်သည်။ သူ၏ မျက်ခုံးများမှ အတွန့်က ပိုဆိုးသွားတော့သည်။ သူမကို တစ္ဆေအရိပ်က လွှမ်းမိုးထားပြီး တစ်ချိန်တည်းလိုလို ထိုတစ္ဆေ၏ ပြုစားခြင်းကို ခံနေရသဖြင့် ရူးသွပ်သကဲ့သို့ ဖြစ်နေခြင်းဖြစ်သည်။
လုယွီက လန်ယွဲ့၏ မျက်ခုံးကြားသို့ လက်ညိုးဖြင့် တို့လိုက်ပြီး အရိပ်မည်းကို ဆွဲထုတ်လိုက်သည်။ ထိုအရိပ်မည်းကို ပြန်ကြည့်လိုက်ချိန်တွင် လုယွီ၏မျက်နှာက ပျက်ယွင်းသွားတော့သည်။
“ ဒီတစ္ဆေချီကို ကြည့်ရတာ ငါ ဒီလောကမှာ တစ်ခါ ကြုံခဲ့တဲ့ တစ္ဆေဘုရင်ထက်တောင် အဆင့်မြင့်နေတာပဲ”
လုယွီက မြင့်မြတ်သော ကောင်းကင်နယ်မြေတွင် ဆရာတစ်ဆူဖြစ်ခဲ့သဖြင့် ထိုနယ်မြေတွင် ကျင်လည်သော တစ္ဆေများကို ကိုင်တွယ်ဖြေရှင်းခဲ့ရသည်။ထို့ကြောင့် တစ္ဆေများအကြောင်း သူ့ထက် ပိုသိသူပင် ရှားနိုင်သေးလေသည်။လက်ရှိအချိန်တွင် သူ၏လက်ထဲတွင် အဆင့်မြင့် တစ္ဆေတစ်ကောင်၏ ချီက ရောက်နေသည်။ထိုသို့သော ချီမျိုးအား သာမန်တစ္ဆေများက မပို့လွှတ်နိုင်ကြချေ။
အပိုင်း ၁၁၅၀
“ဖန်းရှီကျင်းက ပြောတဲ့အတိုင်းဆိုရင် အကြီးအကဲလန်ယွဲ့က တားမြစ်နယ်မြေက ပြန်လာမှ ဒီလိုဖြစ်သွားခဲ့တာဆိုတော့ အဲဒီနေရာမှာ အင်အားကြီးတစ္ဆေတစ်ကောင်များ ရှိနေတာ ဖြစ်မလား”
လုယွီ၏ မျက်ဝန်းများတွင် သတိထားသည့် အရိပ်အယောင်များ ပေါ်လာသည်။ သူ၏ စိတ်အတွင်းတွင် သာမန်တစ္ဆေတစ်ကောင်ထက် အင်အားကြီးသော တစ္ဆေတစ်ကောင်၏ လုပ်နိုင်စွမ်းကို ရှင်းလင်းစွာ သိနေသည်။
ထိုသို့သော တစ္ဆေတစ်ကောင်သာ ဂိုဏ်းအတွင်း ရှိနေမည်ဆိုလျင် အဆင့်လွန်အဆင့်က ကာကွယ်ထားလျင်ပင် ယခုအချိန်ထိ ရှင်သန်ရန် ခက်ခဲပေလိမ့်မည်။
“ အရင်ကုပြီး တိုက်ရိုက် မေးလိုက်မယ်”
လုယွီက တွေးပြီးနောက် ဆေးတစ်လုံးကို ထုတ်ကာ လန်ယွဲ့၏ ပါးစပ်အတွင်းသို့ ထည့်လိုက်သည်။ ထိုဆေးကို ယင်ချီ(တစ္ဆေချီ)အတွက် လုယွီက တသီးတသန့် ဖော်စပ်ထားခြင်းဖြစ်သည်။
လုယွီက ယင်ချီကို ထိတ်လန့်ရန် မလိုသော်လည်း သူ၏ အနီးဝန်းကျင်ရှိ လူများအား မသက်ရောက်စေရန် အားလပ်ချိန်တွင် ထိုကဲ့သို့သော ဆေးမျိုးကို ပမာဏများစွာ ဖော်စပ်ထားလေ့ရှိသည်။
ထိုအချိန်တွင် လုယွီ၏ ခြံဝန်းမှ အခြားတဖက်ခြမ်းတွင် လူအိုကြီးတစ်ယောက်က ကမန်းကတမ်း ရောက်လာသည်။ သူက ကျော်ကြားသော ဆရာသခင်မူဖြစ်သည်။
သူက အကြီးအကဲလန်ယွဲ့ကို ကုသပေးနေသူဖြစ်သော်လည်း အချိန်ပြည့် နေခြင်းမရှိပေ။ သူက ဆေးဖော်စပ်နေချိန်တွင် လန်ယွဲ့၏ကိုယ်ပေါ်တွင် ထားခဲ့သည့် စည်းတံဆိပ်က အားဖြင့် ဖျက်ဆီးခြင်း ခံရကြောင်း သိလိုက်ရပြီး ထိတ်လန့်သွားခဲ့ရသည်။ လန်ယွဲ့က စွမ်းအားကြီးမားသူတစ်ယောက်ဖြစ်ပြီး ရူးသွပ်နေသည့် အခြေအနေတွင် ရှိနေလေရာ စိတ်ရူးပေါက်ပြီး တစ်ခုခု လုပ်လိုက်လျင် ထိပေ့တောင်ထိပ်မှ တပည့်ဂိုဏ်းသူများအားလုံး ဒုက္ခရောက်ကုန်လိမ့်မည်။ ထို့ကြောင့် အသည်းအသန် အပြေးရောက် လာခြင်းဖြစ်သည်။
သို့သော် သူက ရောက်လာချိန်တွင် လန်ယွဲ့၏ ခြံဝန်းက ပြောင်ရှင်းနေလေသည်။ သို့သော် ပြိုကျနေသော နံရံတဖက်ခြမ်းကိုလည်း မြင်လိုက်ရသည်။ သူ စိတ်ပူသွားသည်။
“ အကြီးအကဲလန်ယွဲ့က အခြားခြံဝန်းကိုများ သွားတာလား။ ဒါမှမဟုတ် ထွက်ပြေးသွားတာလား”
မည်သို့ပင်ဆိုစေ အခြားခြံဝန်းက လူမရှိကြောင်း သူ သိလေသည်။
သို့သော် သူက ထိုခြံဝန်းဘက်သို့ သွားလိုက်ချိန်တွင် မျက်လုံးပြူးသွားရလေသည်။ အကြောင်းမူကား လူငယ်တစ်ယောက်က လန်ယွဲ့အား ဆေးတစ်လုံး ထုတ်ကာ တိုက်နေကြောင်း မြင်လိုက်ရသောကြောင့်ဖြစ်သည်။
ပုံမှန်ဆိုလျင် သူက လန်ယွဲ့ကို ဆေးတိုက်နိုင်ရန် အသည်းကုန်ကြိုးစားရသည်။သို့သော် ယခုမူ အသာအယာ ပါးစပ်ထဲ ထည့်ပေးရုံဖြင့် လန်ယွဲ့က ငြိမ်သက်စွာ သောက်လိုက်သည်။
သူက ဒေါသထွက်သွားပြီး အော်တော့သည်။
“ မင်းက ဘယ်တောင်ထိပ်က တပည့်ဂိုဏ်းသားလဲ။ ဒီနေရာကို ဘယ်လို ကျူးကျော်လာတာလဲ”
ထိပေ့တောင်ထိပ်တွင် အမျိုးသား ကျင့်ကြံသူများ မရှိကြောင်း သူက ကောင်းစွာ နားလည်ထားလေသည်။
သို့သော် လုယွီက ပြောသည်။
“ ခင်များ တိတ်တိတ်နေရင် ကောင်းမယ်”
ဆရာသခင်မူက ဒေါသကို မထိန်းနိုင်တော့ပေ။
“ မင်းက ဘာဆေးတွေ တိုက်နေတာလဲ။ မင်းက ဘာလုပ်နေလဲသိလား။ အခြားတပည့်ဂိုဏ်းသားတွေ ဘယ်မှာလဲ။ မင်းက….”
လုယွီက သူ့ကို တချက်ကြည့်ကာ ဖြတ်ပြောသည်။
“ ခင်များ တိတ်တိတ် မနေနိုင်ဘူးလား”
ထိုအခိုက် လုယွီက လက်ညိုးနှင့် လက်ခလယ်မှ ရွှေရောင်မီးတောက်ကို ထုတ်ဖော်လိုက်လေသည်။ ဆရာသခင်မူလည်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
“ ဒါက ဘယ်အဆင့်မီးတောက်လဲ”
မီးတောက်၏ အဆင့်ကို မသိနိုင်သော်လည်း သူ၏ ကိုယ်ပိုင်မီးတောက်ထက် အဆများစွာ စွမ်းအားကြီးကြောင်း ခံစားမိလေသည်။
ထို့နောက် လုယွီက ဆေးပင်များကို တစ်ပင်ပြီးတစ်ပင် ထုတ်ယူနေကြောင်းကို သူ မြင်လိုက်ရသည်။
“ အရိုးပြောင်းပန်း၊ကျစ်ယွမ်ရွက်…… “
ဆရာသခင်မူက ဆေးပင်များကို ရေရွတ်ရင်း တုန်လှုပ်လာသည်။
အချို့သော ဆေးပင်များကို သူပင် နာမည်တပ်မပြောနိုင်ချေ။
“ သူက ဒီနေရာမှာ ဆေးဖော်တော့မှာလား”
ဆရာသခင်မူက တအံ့တသြ ရေရွတ်လိုက်သည်။