← Chapters

အခန်း (၁၁၉၁-၁၁၉၅)

Vol. 63 Ch. 1191-1195

အခန်း (၁၁၉၁-၁၁၉၅)

Vol. 63 Ch. 1191-1195

အပိုင်း ၁၁၉၁

ထိုအသံက လျန်အာကို ကြောင်အသွားစေသည်။

သူမက ခေါင်းလှည့်ကြည့်လိုက်ချိန်တွင် ဝတုတ်နေသောသက်လတ်ပိုင်းအရွယ် လူတစ်ယောက်ကို မြင်လိုက်ရသည်။ လျန်အာက ချက်ချင်း ပြန်ဖြေသည်။

“ ဝေ့ကွမ်းရှီကို ဂါရဝပြုပါတယ်”

လျန်အာက အပြင်စည်းတပည့်ဂိုဏ်းသူဖြစ်သည်။ ထိုက်ရိဂိုဏ်းတွင်ကဲ့သို့ အပြင်စည်းတပည့်ဂိုဏ်းသားများက ခြံဝန်းတစ်ခုဆီသို့ ဝင်ရန် လိုအပ်သည်။ ဝေ့ကွမ်းရှီက လျန်အာ၏ ခေါင်းဆောင်ဖြစ်သည်။

ဝေ့ကွမ်းရှီက ရယ်သည်။

“ ငါက မင်းကို ခြံဝန်းထဲမှာပဲ နေပါလို့ မပြောထားဘူးလား။ လာ အခု ပြန်လိုက်ခဲ့။ မင်းက ရက်နည်းနည်းပဲ စောင့်ဖို့လိုတယ်။ ပြီးရင် မင်းရဲ့ ဘဝက ကောင်းစားပြီ”

လျန်အာကို ဂိုဏ်းခေါင်းဆောင်က အမှတ်မထင် ရှာတွေ့သွားခဲ့ခြင်းဖြစ်သည်။ ခေါင်းဆောင်က အမိန့် တစ်စုံတစ်ရာ ချမှတ်လိုက်ချိန်တွင် ဝေ့ကွမ်းရှီကဲ့သို့ အပြင်စည်း ခြံဝန်းတစ်ခုမှ ခေါင်းဆောင်တစ်ယောက်လောက်ကို ပြောပြနေမည် မဟုတ်ချေ။ထိုသို့ဖြင့် ဝေ့ကွမ်းရှီက လျန်အာ၏ အခြေအနေကို မသိသေးချေ။

ထိုအချိန်တွင် ခေါင်းလောင်းထိုးသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ဝေ့ကွမ်းရှီက ပြုံးကာ ပြောသည်။

“ ကဲ ထောင်ကျစ် ပြန်ရောက်လာပြီ။ လာ ငါက မင်းကို တစ်ခါတည်း ခေါ်သွားပေးမယ်”

“ ဒါပေမဲ့ ကျွန်မမှာ လုပ်စရာ ကိစ္စရှိတယ်”

လျန်အာက ပြောသည်။

ထျန်းချန်းယွမ်တွင် သစ်ရွက်ကြွေများ အလွန်များနေသဖြင့် သူမက လှည်းကျင်းရန် လိုအပ်သည်။ သို့သော် ဝေ့ကွမ်းရှီက သူမကို ရှင်းပြချိန် မပေးချေ။ သူမ၏ လက်ကို တိုက်ရိုက်ဆွဲပြီး တောင်အောက်သို့ ပြေးဆင်းတော့သည်။

ခေါင်းလောင်းသံ ကြားသော တပည့်ဂိုဏ်းသားတိုင်းက ဂိုဏ်းရှေ့ မြေကွက်လပ်တွင် စုစည်းလာကြသည်။ ထိုအချိန်တွင် လေထဲတွင် ထင်ရှားစွာ ရှိနေသော သင်္ဘောကြီးကို မြင်နိုင်သည်။

ကုန်းပတ်လမ်းတွင် ရပ်နေသူသည် အဖြူရောင်ဝတ်စုံကို ဝတ်ထားပြီး ဓားကြီးကို လွယ်ထားသည်။ သူက နှင်းပျံဂိုဏ်းမှ ထောင်ကျစ်ဖြစ်သည်။ သူ၏အနောက်တွင် အမျိုးမျိုးသော တောင်ထိပ်များမှ တပည့်ဂိုဏ်းသားများ ပါ သည်။ အားလုံးက သတ်ဖြတ်ခြင်းကို တွေ့ကြုံကာ မွေ့လျော်လာသည့်အလား ပြင်းထန်သည့် အရှိန်အဝါများကို ထုတ်လွှတ်ထားကြသည်။

“ ထောင်ကျစ် အောင်အောင်မြင်မြင်နဲ့ ပြန်လာတာကို ကြိုဆိုပါတယ်”

အောက်ဘက်ရှိ တပည့်ဂိုဏ်းသားများက ကျယ်လောင်စွာ အော်ဟစ်သည်။

“ ငါ ကြားထားတဲ့အတိုင်းဆိုရင် ထောင်ကျစ်က မြောက်ပိုင်းနယ်မြေက ကျင့်ကြံသူ အယောက်တစ်ရာကျော်တောင် သတ်ဖြတ်နိုင်ခဲ့တယ်တဲ့။ လုမိသားစုဝင်တွေတောင် ပါခဲ့သေးတယ်လို့ ပြောနေကြတယ်”

“ နှမြောစရာက အရှင်ငယ်နေရာပဲ… ဟူး”

ထိုစကားများကို ကြားသွားသည့် လီကျယ်က မေးသည်။

“ ငါ မရှိတုန်း အရှင်ငယ်ဆိုတာ ပေါ်လာတယ်လို့ ကြားတယ်”

ထိုစကားကို ကြားချိန်တွင် လူအုပ်က စိတ်လှုပ်ရှားသွားကြသည်။ သူတို့က ပြောကြသည်။

“ ကျွန်တော်တို့ရဲ့ ရင်ထဲမှာတော့ ထောင်ကျစ်ကသာ အရှင်ငယ်ဖြစ်သင့်တာပါ။ ဖန်းယွန်က ထိုက်ရိဂိုဏ်းက အသိအမှတ်မပြုခံရတဲ့ ဂိုဏ်းသားတစ်ယောက်ပဲ”

“ ဟုတ်တယ် ဟုတ်တယ်။ သူ့လိုကောင်မျိုးက ဘာများ လုပ်နိုင်မှာတဲ့လဲ”

လီကျယ်၏မျက်နှာက တင်းမာလာသည်။

“ သူက ဘယ်မှာလဲ”

“ သူက ထောင်ကျစ်ပိုင်သင့်တဲ့ ထျန်းချန်းယွမ်မှာပါ “

လူအုပ်က တမင် ဖားနေခြင်းမဟုတ်ချေ။ ထို့အပြင် ဂိုဏ်းခေါင်းဆောင်ကိုယ်တိုင်က ဖိတ်ခေါ်ခဲ့ရကတည်းက အရှင်ငယ်က မည်မျှစွမ်းအားကြီးကြောင်း သိနိုင်သည်။သို့သော် သူတို့က ပျော်စရာ ရှာချင်ရုံမျှသာဖြစ်သည်။

ကျော်ကြားသော ထောင်ကျစ်က မည်မျှလုပ်နိုင်မည်ကို သိလိုကြသည်။ ထောင်ကျစ်နှင့် အရှင်ငယ်ဆိုလျင် မည်သူက ပိုတော်ကြောင်း သိလိုကြသည်။

“ ထျန်းချန်းတောင်….”

အရာအားလုံးကို သူကသာ ပိုင်သင့်သည်။သို့သော် သူက တခဏလေး ထွက်သွားလိုက်သည်နှင့်ကိစ္စများက ပြောင်းလဲကုန်သည်။ သူက ဒေါသတကြီး ထွက်သွားတော့မည့်အချိန်တွင် တပည့်ဂိုဏ်းသား တစ်ယောက်က ပြောလာသည်။

“ နှင်းဓားအကြီးအကဲက ထောင်ကျစ်ကို ချက်ချင်း လာတွေ့ခိုင်းလိုက်ပါတယ်”

အပိုင်း ၁၁၉၂

နှင်းပျံဂိုဏ်း…ထျန်းကျန်းတောင်ထိပ်…

ထိုအချိန်တွင် ခန်းမထဲတွင် နှင်းဓား( ရွှယ်ကျန်း) အကြီးအကဲနှင့် လီကျယ်တို့က မျက်နှာချင်းဆိုင် ထိုင်နေကြသည်။

“ ဆရာ ကျွန်တော်မရှိတုန်း ဘာတွေဖြစ်သွားတာလဲ”

သူက အရှင်ငယ် အဆင့်အတန်းကို မှန်းနေသည်မှာ ကြာလှချေပြီ။သို့သော် ကြားလူတစ်ယောက်က ဖြတ်ယူသွားခြင်းကို လက်မခံနိုင်ချေ။

နှင်းဓားအကြီးအကဲက ရယ်သည်။

“ ဒီမှာ ငါ စုံစမ်းထားတဲ့ ဖန်းယွန်ရဲ့အကြောင်းတွေ အကုန်ရှိတယ်”

ထို့နောက် နှင်းဓားအကြီးအကဲက လီကျယ်ကို စာလိပ်တစ်ခုပေးသည်။ လီကျယ်က ယူကာ ဖတ်ကြည့်ပြီးနောက်တွင် အံ့သြသွားလေသည်။

“ သူ့လို မိစ္ဆာအတတ်ကျင့်ကြံတယ်လို့ စွပ်စွဲခံရတဲ့လူတစ်ယောာက်က ဘယ်လိုများ အရှင်ငယ် ဖြစ်နိုင်မှာလဲ”

နှင်းဓားအကြီးအကဲက ပြုံးသည်။

“ ထိုက်ရိဂိုဏ်းက သူ့ကို ဂိုဏ်းက နှင်ထုတ်လိုက်ပြီ။ အခု သူက အရှင်ငယ်ဖြစ်လာတော့ သတင်းတွေကို ဖုံးကွယ်ထားတယ်။”

“ ဒါပေမဲ့ မင်း သိတယ်မဟုတ်လား၊ လွန်ခဲ့တဲ့ တစ်လကျော်လောက်က လုထျန်းကန်းက မိစ္ဆာအတတ်ကျင့်ကြံသူတွေကို ကိုယ်တိုင်သွားဖမ်းဆီးခဲ့တယ်”

လီကျယ်က ပြောသည်။

“ ကျွန်တော်သိပါတယ်။ ဂိုဏ်းသားတွေ အသတ်ခံရလို့ သူက အရမ်း ဒေါသထွက်နေခဲ့တာပဲ”

“ ဟုတ်တယ်။ သူက ပြောတဲ့အတိုင်းဆိုရင် ဂူတစ်ဂူမှာတောင် အဖမ်းခံခဲ့ရလို့ တစ်ယောက်က လာကယ်ခဲ့တာတဲ့။ ဒါပေမဲ့ သူက ဘယ်လောက်အင်အားကြီးလဲ မင်းလည်း သိတယ် မဟုတ်လား”

လီကျယ်က ခေါင်းညိတ်သည်။ နှင်းဓားဂိုဏ်းမှ အစေခံမှစပြီး အကြီးအကဲများအထိ လုထျန်းကန်း၏ အင်အားကြီးမှုကို နားလည်ထားကြသည်။လုထျန်းကန်းက ဒဏ္ဍာရီတွင်လောက်အောင် ကျော်ကြားသူဖြစ်သည်။ထိုသို့သော လူတစ်ယောကက် ဖမ်းချုပ်ခံရခြင်း မဖြစ်သင့်ချေ။

နှင်းဓားအကြီးအကဲက ဆက်ပြောသည်။

“ မင်း သိလား၊ ထိုက်ရိဂိုဏ်းမှာ ရှင်းဟွမ် ပြန်ပေါ်လာတယ်”

လီကျယ်က မျက်လုံးပြူးသွားသည်။

“ အရင်မျိုးဆက်က ဘိုးဘေးမဟုတ်လား”

နှင်းဓားအကြီးအကဲက ခေါင်းညိတ်သည်။

“ ဟုတ်တယ်၊ ငါ့အထင်သူတို့နှစ်ယောက်က သဘောတူညီမှု လုပ်ထားခဲ့ကြလို့ ဖန်းယွန်ကို အရှင်ငယ်အဖြစ် တင်မြောက်လိုက်တာ ဖြစ်နိုင်တယ်”

“ လုထျန်းကန်းက သေချာ မပြောထားပေမဲ့ ငါ့အထင်အရ တစ်ယောက်ယောက်ကသာ ဖန်းယွန်ကို နိုင်ရင် ဒါက သူ ညံ့လို့ ခံရတာပဲ။ ဒီတော့ ရှင်းဟွမ်ကလည်း ဘာမှ မပြောလောက်ဘူး။ဒီလိုဆိုရင် မင်းက သူရဲ့နေရာကို ရလိမ့်မယ်”

လီကျယ်က ပြောသည်။

“ ဒါဆိုရင် ကျွန်တော်က ဒီကောင့်ကို အခုပဲ သွားသတ်မယ်”

“ မလောပါနဲ့၊ သူက အခုမှ ရောက်ကာစလေ။ ဒါ့အပြင် မင်းရဲ့ပန်းတိုင်က အရှင်ငယ်မဟုတ်ဘူး။ တော်ဝင်သားတော်ပဲ”

“ ဆရာ စိတ်ချပါ”

….

လီကျယ်က စံအိမ်သို့ပြန်ရောက်ချိန်တွင် ဝေ့ကွမ်းရှီက တွေ့ခွင့်တောင်းကြောင်း ကြားလိုက်ရသည်။

“ ဝင်ခိုင်းလိုက်”

ဝေ့ကွမ်းရှီက လီကျယ်၏ မိဘအိမ်မှ လူဖြစ်သည်။ နောက်ပိုင်းတွင် လီကျယ်က အဆင့်အတန်းမြင့်လာသည့်အခါ ဝေ့ကွမ်းရှီကို အပြင်စည်းဂိုဏ်းမှ ဘဏ္ဍာစိုးအဖြစ် ခေါ်ထားခဲ့ခြင်းဖြစ်သည်။

ဝေ့ကွမ်းရှီက သူ့ကို ဂါရဝပြုပြီးသည်နှင့် ပြောလာသည်။

“ ထောင်ကျစ် ရှာခိုင်းထားတဲ့ စိတ်ဝိဉာဉ်ခန္ဓာကိုယ်နဲ့ မွေးဖွားလာတဲ့ ကောင်မလေးကို ရှာတွေ့ထားပါတယ်”

အပိုင်း ၁၁၉၃

လီကျယ်က စိတ်ကောင်းဝင်နေသည်။

“ ဝင်ခိုင်းလိုက်”

ဝေ့ကွမ်းရှီက ချက်ချင်း ပြန်ထွက်သွားပြီး လျန်အာကို ခေါ်ကာ ဝင်လာသည်။

“ ဒီကောင်မလေးရဲ့ နာမည်က ဟန်လျန်အာပါ။ သူမကို ဒီငယ်ကျွန်ကြီးက သေမျိုးမြို့က ရှာတွေ့ခဲ့တာပါ။ ထောင်ကျစ်ကလည်း အရေးကြီးတဲ့အချိန်ရောက်နေမှန်းသိတော့ အဆင့်တက်နိုင်အောင် ……ထောင်ကျစ် ကြိုက်မယ်ထင်လို့ လာပို့တာပါ”

လီကျယ်က လျန်အာကို အပေါ်အောက် စုန်ချည်ဆန်ချည် ကြည့်သည်။ လျန်အာ၏ ခန္ဓာကိုယ်က အ ပြစ်ပြောစရာ မရှိသလို ရုပ်ရည်ကလည်း သူမြင်ဖူးသမျှ မိန်းကလေးများထဲတွင် ထိပ်တန်းဖြစ်နေသည်။

သူက အလွန် သဘောကျသွားသည်။ထို့အပြင် သူကသာ စိတ်ဝိဉာဉ်ခန္ဓာကိုယ် ပိုင်ရှင်နှင့် ပျော်ပါးလိုက်လျင် သူ၏ ကျင့်ကြံခြင်းအဆင့်က ဆက်တိုက် တိုးမြင့်သွားပေလိမ့်မည်။

လျန်အာ၏ မျက်နှာ ကပျက်ယွင်းနေသည်။ ဝေ့ကွမ်းရှီက မြင်သောအခါ သူမကို ပါးရိုက်ကာ ဆူပူသည်။

“ ငါက မင်းကို ချမ်းသာအောင် လုပ်ပေးမယ်လို့ မပြောထားဘူးလား။ သခင်အသစ်ကို မြန်မြန် ဂါရဝပြုလိုက်လေ”

လျန်အာက ဝမ်းနည်းသွားသည်။ သူမက အံကိုကြိတ်ကာ ပြောသည်။

“ ကျွန်မက နှင်းပျံဂိုဏ်းက ဂိုဏ်းသူပါ။ ကျွန်မအတွက် ရှင် ဆုံးဖြတ်ပေးလို့ မရဘူး”

ဝေ့ကွမ်းရှီက ရယ်သည်။

“ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်လောက်နဲ့ ငါ့ကို ပြောရဲသေးတာလား”

“ ငါကသာ မင်းကို မခေါ်လာပေးခဲ့ရင် အခုဆိုရင် အပျော်ဂေဟာကို ရောက်နေလောက်ပြီ။ ငါ့ကို ကျေးဇူးတင်စမ်းပါ။ ဒါက ငါရဲ့ သခင်လေးပဲ။ နှင်းပျံဂိုဏ်းရဲ့ ထောင်ကျစ်လည်း ဖြစ်တယ်။ မင်းက ပြိုင်ဘက်ကင်းပါရမီရှင်ကို ခစားရမှာ ပျော်လိုက်စမ်းပါ”

ဝေ့ကွမ်းရှီက အလွန် တင်းကြပ်သူဖြစ်သည်။ သူ၏ စကားကို နားမထောင်သည်နှင့် ပြင်းထန်စွာ ရိုက်နှက်တတ်သည်။ လျန်အာက အလွန်ကြောက်လန့်နေသော်လည်း အင်္ကျီအဖျားနားများကို ဆုတ်ချေကာ ပြောလိုက်သည်။

“ ကျွန်မကို အရှင်ကိုယ်တိုင်က အရှင်ငယ်ကို ခစားဖို့ ရွေးချယ်ထားတယ်။ ကျွန်မက အခြားလူကို သခင်အဖြစ် အသိအမှတ် ပြုလို့ မရဘူး”

“ ခွေးမ ဘယ်သူ့ကို လာလိမ်နေတာလဲ”

ဝေ့ကွမ်းရှီက လက်ကို မြောက်လိုက်သည်။

လျန်အာက ထိတ်လန့်ပြီး နောက်သို့ ဆုတ်သည်။ ထို့နောက် တံဆိပ်ပြားတစ်ခုကို မြောက်ပြသည်။ ထိုတံဆိပ်ပြားပေါ်တွင် ထျန်းချန်းယွမ်ဟု ရေးထားသည်။

ထျန်းချန်းယွမ်သည် လက်ရှီ လုယွီနေသော နေရာဖြစ်သည်။ ဝေ့ကွမ်းရှီကလည်း မြင်လိုက်ရသလို လီကျယ်ကလည်း မြင်လိုက်ရသည်။

သူက စိတ်ရှုပ်သွားသည်။ ဖန်းယွန်က သူ ပိုင်ရမည့် တစ်ခုပြီးတစ်ခုကို အပိုင်သိမ်းနေသည့်အပြင် သူ၏ ခေါင်းပေါ်သို့ပင် တက်ရန် ကြိုးစားနေသည်။ သူက အလွန် ဒေါသထွက်လာ၏။

“ ထားလိုက်တော့၊ ဒီနေရာကနေ မြန်မြန် ထွက်သွားခိုင်းလိုက်၊ ပြီးရင် ငါရဲ့ အမိန့်ကို ထုတ်လိုက်။ အရှင်ငယ်ကို အရှင်ကိုယ်တိုင်က ခန့်အပ်ထားတာ၊ သူ့ကို တစ်ယောက်မှ စိန်ခေါ်ခွင့်မရှိဘူး”

သူကသာ အနိုင်ရယူမည်ဖြစ်သည်။ ထို့နောက် သူက အရှင်ငယ်ဖြစ်လာလိမ့်မည်။

ဝေ့ကွမ်းရှီက လျန်အာကို ခေါ်ကာ အပြင်သို့ ထွက်လာသည်။ သူက ဖားချင်သော်လည်း မအောင်မြင်ခဲ့ချေ။ သူက လျန်အာ၏ ပါးကို ဖြန်းခနဲ ရိုက်ကာ ပြောသည်။

“ ငါ အမိန့်သွားထုတ်လိုက်မယ်။ မင်းက အပြင်စည်းဂိုဏ်းမှာပဲ စောင့်နေ၊ တစ်လှမ်းမှ မထွက်နဲ့ ကြားလား”

လျန်အာက အလွန်ထိတ်လန့်ပြီး တုန်ယင်နေသည်။ သို့သော် သူမက နောက်မတွန့်ချေ။

“ အရှင်ငယ်ကို ပြဿနာ ရှာလို့ရမယ် ထင်တာလား၊ ဟမ့် မရစေရဘူး”

အပိုင်း ၁၁၉၄

ထောင်ကျစ်၏ အမိန့်က တခဏချင်း ပျံ့နှံ့သွားသည်။

“ ဒါက ထောင်ကျစ်က ပြဿနာတွေကို ဖြေရှင်းတတ်တဲ့ ပုံစံတော့ မဟုတ်ဘူး”

“ နှင်းဓားအကြီးအကဲရဲ့ အကြံပဲ ဖြစ်မယ်။ မြေခွေးအိုကြီးကလည်း အရှင်က အရှင်ငယ်ကို ပစားပေးမှန်းသိထားတော့ အခြားသူတွေက စိန်ခေါ်မှာကို တားဆီးပြီး လီကျယ်အတွက် အသင့်ဖြစ်မှ အနိုင်ယူခိုင်းလိမ့်မယ်။ ဒီလိုဆိုရင် သူကပဲ အရှင်ငယ်ဖြစ်လာမှာပဲ”

တောင်ထိပ်တိုင်းက ထိုအကြောင်းအရာကို လျို့ဝှက်စွာ ဆွေးနွေးကြသည်။ အများစုက ဂိုဏ်းတူအစ်ကိုအကြီးဆုံးများ ဖြစ်ကြသည်။ လုယွီရောက်လာကတည်းက သူတို့၏အာရုံက လုယွီထံ ရောက်ခဲ့သည်။

မည်သို့ပင်ဆိုစေ အရှင်ငယ်ဆိုသည်မှာ ပြိုင်ဘက်ကင်းဟု ဆိုလိုသည်။ အကြီးအကဲများကပင် ကြောက်ရွံ့ရသော အဆင့်အတန်းဖြစ်သည်။ သို့သော် ယခင်အကြိမ်များတွင် အရှင်ငယ်များ ပေါ်လာတိုင်း သူတို့က အပြင်သို့ ထွက်လာကာ လက်သီးလက်မောင်းပြပြီး အနိုင်ယူလေ့ရှိသည်။

သို့တိုင် ဖန်းယွန်က ရောက်လာပြီးကတည်းက အိမ်တော်မှ မထွက်ချေ။ သူတို့ကသာ အရှင်၏ တရားဝင် ထုတ်ပြန်ထားခြင်းကို မသိလျင် အရှင်ငယ် မရှိဟုတောင် ထင်မိလောက်သည်။

“ ကျွန်မက ဖန်းယွန်နဲ့ပက်သတ်တဲ့သတင်းတွေကိုစုံစမ်းထားတယ်။ ဒါ ပေမဲ့ ဘာမှ မသိရဘူး။ သူက အပြင်တောင် မထွက်ဘဲ နေတာက ကြောက်လို့ဖြစ်မယ်”

လီကျယ်နှင့် အဆင့်အတန်းတူသော ထောင်ကျစ်တစ်ယောက်ဖြစ်သည့် လျန်ချင်းယွီက ပြောသည်။ ဂိုဏ်းတစ်ခုတွင် ထောင်ကျစ်ပေါင်းများစွာ ရှိသော်လည်း အရှင်ငယ်က တစ်ယောက်သာ ရှိသည်။

“ အရှင်ငယ်က ရိုးရှင်းမယ်ထင်လို့လား”

လျှိုမေးက ပြောသည်။

လျန်ချင်းယွီက ပြန်မေးသည်။

“ ဆရာက ဘယ်လိုထင်လို့လဲ”

“ အရင်က အရှင်ငယ်တွေက ဒီအဆင့်အတန်းကို ရတာနဲ့ သူတို့ဘယ်လောက်အထိ စွမ်းအားကြီးတယ်ဆိုပြီး ကြွားဝါချင်ကြတယ်။ ဒါပေမဲ့ ဖန်းယွန်က အရမ်းကို ငြိမ်နေတယ်။ မမေ့နဲ့ သူက အရှင်ငယ်ဖြစ်လာကတည်းက သာမန်မဟုတ်တော့ဘူး”

လျိုချင်းယွီက ခေါင်းညိတ်သည်။

“ သူကသာမန်တော့ မဟုတ်ပေမဲ့ စွမ်းအားက နည်းလို့ မထွက်လာရဲတာပဲ နေမယ်”

ဂူထဲမှ သက်ပြင်းချသံ ထွက်လာသည်။ ထို့နောက် အသံထပ်ထွက်လာသည်။

“ အားနည်းတဲ့လူတွေကပဲ စကားနဲ့ အနိုင်ယူကြတယ်။ မင်းတို့ရဲ့ အမြင်မှာ သူက အ ပြင်ကို ထွက်မလာတာက အားနည်းတာကြောင့်လို့ ထင်ကြတယ်။ ဒါပေမဲ့ သူရဲ့ အမြင်မှာတော့ မင်းတို့က အဖိုးမတန်တဲ့ တည်ရှိမှုတွေဖြစ်နေတယ်”

အပိုင်း ၁၁၉၅

“ သူ့ကို ရန်မစမိစေနဲ့။ ငါက ထိုက်ရိဂိုဏ်းကို လိုက်သွားခဲ့လို့ အခြေအနေကို သိထားတယ်။ တကယ့် အကြောင်းအရင်းမှန်က ထိုက်ရိဂိုဏ်းက ပြောတာနဲ့ ကွာခြားနေတယ်။ ဒါပေမဲ့ ငါက ဆက်ပြောဖို့ မသင့်ဘူး။ အခုလို ပြောပြတာကလည်း မင်းနဲ့ အရှင်ငယ်နဲ့ ဆက်ဆံရေး ကောင်းတစ်ခု တည်ဆောက်နိုင်စေဖို့ပဲ”

ထိုသို့ပြောပြီးသည်နှင့် အရာအားလုံးက တိတ်ဆိတ်သွားသည်။ လျန်ချင်းယွီက အံ့သြနေသည်။ သူမ၏ ဆရာအနေနှင့် အခြားလူတစ်ယောက်အကြောင်း အကောင်းပြောသည်မှာ ရှားပါးသည်။

…..

သိပ်မကြာခင်အချိန်တွင် လင်းကျန်းဖုန်းက အတွေ့အကြုံ သွားရှာရာက ပြန်လာသည်။ အတိတ်တွင် သူက လုယွီနှင့် တိုက်ခိုက်ခဲ့သော်လည်း လုယွီ၏ သင်ပြပေးမှုကြောင့် အတွင်းစည်းတပည့်ဂိုဏ်းသားဖြစ်လာသည့်အပြင် ရှန်းလုံတောင်ထိပ်မှ ဂိုဏ်းတူ အစ်ကိုအကြီးဆုံးပင် ဖြစ်နေလေပြီ။

သူကလည်း လုယွီ၏ သတင်းကို ကြားသွားသည်။

“ ထိုက်ရိဂိုဏ်းက ဖန်းယွန်က ငါတို့ရဲ့ အရှင်ငယ် ဖြစ်လာတယ် ဟုတ်လား”

သူက ပျော်သွားသည်။ အခြားလူများက မသိကြသော်လည်း သူက လုယွီကို ကောင်းကောင်း သိထားသည်။ လုယွီက မည်မျှစွမ်းအားကြီးကြောင်း သူက နားလည်နေသည်။ ထိုကြောင့် ပျော်ရွှင်သွားခြင်းဖြစ်သည်။ သူက တပည့်ဂိုဏ်းသားများကို ပြောလိုက်သည်။

“ ဒါဆိုရင် ငါတို့က အရှင်ငယ်ကို သွားပြီး ဂါရဝပြုသင့်တယ်”

လင်းကျန်းဖုန်းက ပြောသည်။

သူက ရှန်းလုံတောင်ထိပ်မှ တပည့်ဂိုဏ်းသားများကို ခေါ်ပြီး လုယွီထံသို့ ထွက်လာခဲ့သည်။

လက်ရှိတွင် အားလုံးက အရှင်ငယ်ကို အာရုံစိုက်နေကြလေရာ လင်းကျန်းဖုန်း၏ လုပ်ရပ်က လူတိုင်းကို သတိပြုမိသွားစေသည်။ ထိုသို့ဖြင့် အမျိုးမျိုးသော ဆွေးနွေးသံများ ထွက်ပေါ်လာသည်။

“ အဲဒီလင်းကျန်းဖုန်းက ထောင်ကျစ်ရဲ့ အမိန့်ကို မနာခံဘဲ ဖန်းယွန်ကို ပေါ်တင်သွားရှာတာလား”

“ သူရဲ့ ပုံစံအရဆိုရင် စိန်ခေါ်မှာတော့ မဟုတ်လောက်ဘူး။ သူက ပြဿနာ သွားရှာတာ မဟုတ်ရင် ဖန်းယွန်နဲ့များ သိနေတာလား”

လင်းကျန်းဖုန်းကမူ မည်သူ၏ မှတ်ချက်ကိုမျှ ဂရုစိုက်မနေချေ။သူတို့၏ ဆက်ဆံရေးက တဖက်သတ်ဖြစ်နိုင်လောက်သော်လည်း လုယွီထံမှ ရခဲ့သည့် အကြံဉာဏ်က အလွန်အဖိုးတန်သည်။ လုယွီကြောင့်သာ မဟုတ်လျင် သူက လမ်းမှားလိုက်မိပြီး စိတ်အရိပ်နတ်ဆိုး၏ လွှမ်းမိုးမှုကို ခံရလောက်လေပြီ။

ထျန်းချန်းယွမ်၏ အရှေ့ဘက်….

တပည့်ဂိုဏ်းသားတစ်ယောက်က တံခါးခေါက်ကြည့်ပြီးနောက် ပြန်လှည့်လာသည်။

“ ဂိုဏ်းတူအစ်ကိုကြီးရေ ကျွန်တော့်အထင်အရှင်ငယ်က တံခါးပိတ်ကျင့်ကြံနေတာ ဖြစ်လောက်တယ် “

ဆိုလိုသည်မှာ သူတို့က သည်နေ့ တွေ့၍ မရတော့ချေ။ စိတ်ပျက်သွားသော်လည်း လင်းကျန်းဖုန်းက သက်ပြင်းချကာ ပြုံးလိုက်သည်။

“ ကောင်းပြီလေ၊ ငါတို့ နောက်ရက်မှ လာကြတာပေါ့”

ထိုအခိုက် လင်းကျန်းဖုန်းတို့ ထွက်သွားတော့မည့်အချိန်တွင် ရုတ်တရက်ဆိုသလို ထွက်လာသော ပြင်းထန်သည့် ဖိအားတစ်ခုက နှင်းပျံဂိုဏ်းတစ်ခုလုံး အနှံ့ ပျံ့နှံ့သွားသည်။ ကောင်းကင်ရှိ တိမ်ဆိုင်များက အလွန်သိပ်သည်းလာသည်။

သာယာသော ကောင်းကင်က မည်းမှောင်လာပြီး ဂိုဏ်းတစ်ခုလုံး တိမ်မည်းများဖြင့် ဖုံးလွှမ်းလာသည်။

“ ဘာတွေဖြစ်နေတာလဲ”

အိမ်တော်များထဲမှ တပည့်ဂိုဏ်းသားများကပင် အပြင်သို့ ထွက်ကာ ကောင်းကင်သို့ မော့ကြည့်ကြသည်။ သူတို့အားလုံးက အံ့သြနေကြသည်။

‘ အခုလေးတင် နေသာနေတာလေ၊ ဘာလို့ ရုတ်တရက်ကြီး မှောင်မည်းသွားတာလဲ’

ထို့နောက် တိမ်ဆိုင်များထဲမှ မိုးခြိမ်းသံက ထွက်ပေါ်လာသည်။

မည်းမှောင်နေသော ကောင်းကင်က နှင်းပျံဂိုဏ်း၏ နေရာတိုင်းကို လွှမ်းခြုံသွားသည်။ ထိုအခိုက် တပည့်ဂိုဏ်းသားတိုင်းအတွက် သူတို့၏ နှဖူးရှေ့တွင်အလွန်လေးလံသော ကျောက်တုံးကြီး တစ်တုံးက ပေါ်လာကာ ဖိထားသလိုမျိုး အသက်ရှူရခက်လာကြသည်။

ခြိမ်း ခြိမ်း ခြိမ်း

All Chapters