သုံးရောင်ခြယ်ကုန်းမြေကို ရှာဖွေခြင်း
Vol. 27 Ch. 326
အချိန်တခဏကြာမျှ ထပ်စောင့်ပြီးနောက် လူရိပ်လူယောင် မတွေ့ရသေးသဖြင့် အစ်ကိုတုက မိုပိုင်ယဲ့ကို အေးစက်တင်းမာစွာ စူးစိုက်၍ကြည့်လိုက်ပြီး တင်းမာခက်ထန်သော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။
"ထင်ထားတဲ့အတိုင်းပဲ... သူ ထွက်ပြေးသွားပြီ... ငါတို့ အဲ့ဒီသုံးရောင်ခြယ်ကုန်းမြေဆီ အရင်သွားကြရအောင်"
အကယ်၍ စည်းမျဉ်းများသာ အမှန်တကယ် ထိရောက်မည်ဆိုလျှင် ဆယ့်ငါးမိနစ်ကို မဆိုထားနှင့် တစ်ဖက်လူ ပြန်ရောက်လာရန် တစ်မိနစ်ပင် ကြာမည်မဟုတ်ချေ။ သို့ရာတွင် ယခုချိန်၌ လူရိပ်လူယောင်ပင်လျှင် မတွေ့ရတော့သဖြင့် ပြဿနာတစ်ခုခု ရှိနေသည်မှာ သေချာပေါက်ပင်။
"သူ... သူ ဘယ်လိုလုပ်လိုက်တာလဲ"
ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေ၏ စည်းမျဉ်းများသည် တည်ရှိနေသရွေ့ လိုက်နာရမည်ဖြစ်ပြီး မည်သူမျှ ချိုးဖောက်၍ မရပေ။ သို့ရာတွင် မထင်မှတ်ဘဲ ထိုကောင်စုတ်လေးသည် စည်းမျဥ်းများကို ချိုးဖောက်သွားခဲ့ပေ၏။
"သွားကြစို..."
အချိန်အကြာကြီး စဉ်းစားသော်လည်း နားမလည်နိုင်သဖြင့် မိုပိုင်ယဲ့သည် ဆက်လက်၍ တွေးတောခြင်းမပြုတော့ချေ။
ဤကောင်စုတ်သည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ သူသည်လည်း အလျင်အမြန်တုံပြန်ခဲ့ပြီး ထိပ်သီးကျင့်ကြံသူအမြောက်အများလည်း ပါဝင်ပေ၏။ ကံမကောင်းစွာဖြင့် သူတိုသည် ကျန်းရွှမ်ကို မဖမ်းမိလိုက်ရုံသာမက လျှူမင်ယွဲ့ မိုတောက်ဓားနှင့် ရတနာဓားတစ်လက်ကိုလည်း ဆုံးရှုံးလိုက်ရသည်။
'အချိန်တိုင်းမှာ ငါ သေချာပြင်ဆင်ထားပေမဲ့ သူ ထွက်ပေါ်လာရင် ငါ အကြီးအကျယ် ရှုံးနိမ့်ရတယ်.... ဒီကောင်က အသက်ငယ်ငယ်လေးနဲ့ ဘာလို့ ဒီလိုနည်းလမ်းတွေ ပိုင်ဆိုင်ထားလဲဆိုတာ ငါ တကယ်ကို နားမလည်တော့ဘူး"
သူ ပို၍စဉ်းစားမိလေလေ တစ်ဖက်လူအပေါ် သတ်ချင်စိတ် ပို၍ပြင်းပြလေလေပင်။
မိုပိုင်ယဲ့က နံဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် ပြောဆိုသည်။
"မင်းတို့အားလုံး ငါ့ရဲ့နောက်ကို လိုက်ခဲ့ကြတော့... ရတနာတွေကို အရင်ဆုံး ရှာကြတာပေါ့"
အချိန်သည် အကန့်အသတ်ရှိသဖြင့် အချိန်ဖြုန်းနေမည့်အစား ကျင့်ကြံမှုနှင့်ခွန်အားတိုးတက်စေရန် ရတနာများကို အလျင်အမြန်ရှာဖွေခြင်းက ပို၍ကောင်းမွန်ပေမည်။
လူများအားလုံး နားလည်သဘောပေါက်သွားကြပြီး စကားများများမပြောတော့ဘဲ သူ၏နောက်သို့ ထပ်ချပ်မကွာလိုက်ပါကာ အလျင်အမြန် ရှေ့ဆက်သွားကြသည်။
"ဂိုဏ်းချုပ်... ခုဏက တွေ့လိုက်တဲ့ အဲ့ဒီလူကလည်း မိုတောက်ဓားကို သုံးသွားတာမဟုတ်လား"
နောက်မှလိုက်ပါလာသော မုရှောင်ချင်းသည် တိုးညှင်းသောအသံဖြင့် ကူကယ်ရာမဲ့စွာ မေးမြန်းလိုက်၏။
"အမှန်ပဲ"
မုဟုန်တောက်က ခေါင်းညိတ်လိုက်သည်။
အစောပိုင်းက 'ရှစ်ယွင်ကျင်း' သည် သနားဖွယ်ကောင်းသော အခြေအနေနှင့် ကြုံတွေ့ခဲ့ရပြီး တိုက်ကွက်များစွာ ထုတ်ဖော်အသုံးမပြုခဲ့ချေ။ သို့ရာတွင် အစ်ကိုတု၏တိုက်ခိုက်မှုများကို ခုခံရန် သူ အသုံးပြုခဲ့သော နည်းစနစ်များမှာမူ မိုတောက်ကံကြမ္မာနည်းစနစ်များ အမှန်တကယ် ဖြစ်နေပေ၏။
"ဒါဆိုရင်... အရင်တုန်းက ကျွန်မဆီက ကံကြမ္မာချပ်ပြားတစ်ရာ လုသွားတာ သူပဲ ဖြစ်နေမလား"
မုရှောင်ချင်းက သူမ၏ထင်မြင်ချက်ကို ထုတ်ပြောလိုက်သည်။
"မသေချာဘူး... မိုပိုင်ယဲ့က မင်း ရောက်ပြီးမှ ပေါ်လာတာဆိုတော့... သူလည်း ဖြစ်နိုင်တာပဲ"
မုဟုန်တောက်က အေးစက်စက် နှာမှုတ်ပြီး ပြောဆိုသည်။
"အတိုချုပ်ပြောရရင် ဒီလိုနေရာမျိုးမှာ ငါ့ကလွဲပြီး မင်း ဘယ်သူ့ကိုမှ ယုံလို့မရဘူး"
အပေါင်းအဖော်များဟု ဆိုသလော....
လူများအားလုံးသည် ရတနာရှာရန် ဤနေရာသို့ ရောက်နေကြခြင်းဖြစ်သဖြင့် တွေ့သည့်နေရာမှာပင် အချင်းချင်း တိုက်ခိုက်သတ်ဖြတ်ခြင်းမပြုသည်ကပင် ကြင်နာမှုတစ်ခုဟု ယူဆနိုင်သည်။
"နားလည်ပါပြီ"
မုရှောင်ချင်းက ခေါင်းညိတ်လိုက်ပြီး စကားဆက်မပြောတော့ဘဲ လူများအားလုံး၏နောက်မှ ထပ်ချပ်မကွာလိုက်ကာ အစွမ်းကုန် ပြေးလွှားလိုက်သည်။
ထိုအဖွဲ့ထွက်ခွာသွားပြီး မကြာမီမှာပင် အစ်ကိုတု ရှိခဲ့သော နေရာမှ လေဟာနယ်သည် တွန့်လိမ်သွားပြီး 'ရှစ်ယွင်ကျင်း' ရုတ်တရက် ထွက်ပေါ်လာပေ၏။
"ကံကောင်းလို့ အရေးကြီးတဲ့အချိန်မှာ ငါက ကမ္ဘာသစ်ထဲကို ဝင်လိုက်နိုင်တာ... မဟုတ်ရင် ငါ ဒီနေရာမှာ တကယ်ကြီး သေသွားလိမ့်မယ်"
'ရှစ်ယွင်ကျင်း'က တီးတိုးရေရွတ်လိုက်ပြီး ကျန်းရွှမ်၏ပုံပန်းသဏ္ဌာန်အဖြစ်သို့ ပြန်လည်၍ပြောင်းလဲသွားသည်။
ဤနတ်ဘုရားနယ်မြေ၏ စည်းမျဉ်းဖြစ်သော အစစ်အမှန်စွမ်းအားကို အသုံးပြုပြီး ထွက်ပြေးပါက အချိန်တိုအတွင်း မူလနေရာသို့ ပြန်ရောက်ရမည်ဟူသော အချက်ကို သူ မချိုးဖောက်နိုင်ခဲ့ပေ။ တစ်ဖက်လူ၏တိုက်ခိုက်မှုကို ရှောင်တိမ်းရန်အတွက် သူသည် ကမ္ဘာသစ်ထဲသို့ ထွက်ပြေးရန် ကြိုးစားခဲ့ပြီး မထင်မှတ်ဘဲ အမှန်တကယ်ကို အောင်မြင်ခဲ့သည်။
သူသည် စည်းမျဉ်းကို မချိုးဖောက်နိုင်သော်လည်း အချိန်ကွာခြားချက်တစ်ခုကို ဖန်တီးလိုက်ခြင်းနှင့် တူညီပြီး အကျပ်အတည်းကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့သည်။
"ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့်ရဲ့ အထက်က ထိပ်သီးကျင့်ကြံသူတစ်ယောက်... မိုပိုင်ယဲ့က တကယ့်ကို အကုန်အကျခံထားတာပဲ"
ကျန်းရွှမ်သည် ထိုအဖွဲ့ထွက်ခွာသွားသော လမ်းကြောင်းကို ကြည့်ရင်း သူ၏မျက်လုံးများ ကျဉ်းမြောင်းသွားကာ အစ်ကိုတု၏ခွန်အားကို ပြန်လည်၍ စဉ်းစားလိုက်၏။
သူ၏ကြယ်စင်မြစ်နယ်ပယ် တတိယအဆင့် အထွတ်အထိပ်စွမ်းအားနှင့် စတုတ္ထအဆင့် မိုတောက်ကောင်းကင်ကံကြမ္မာတို့ကို ပေါင်းစပ်လိုက်လျှင် သဘောတရားအရ သူသည် သာမန်ကြယ်စင်မြစ်နယ်ပယ် ပဉ္စမအဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦးကိုပင် ယှဉ်ပြိုင်နိုင်သည်။
သို့ရာတွင် အစ်ကိုတုနှင့် ရင်ဆိုင်ရချိန်၌ သူသည် ကလေးတစ်ယောက်ကဲ့သို့ ဖြစ်သွားကာ အနည်းငယ်မျှ ပြန်လည်၍ မတိုက်ခိုက်နိုင်ခဲ့ချေ။ သူ ခန့်မှန်းနေရန်ပင် မလိုအပ်ဘဲ တစ်ဖက်လူ၏ခွန်အားသည် ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့်ထက် ကျော်လွန်နေသည်မှာ သေချာပေါက်ပင်။
ဤကဲ့သို့ထိပ်သီးကျင့်ကြံသူမျိုးကို ငှားရမ်းခြင်းအတွက် မြင့်မားသော အခကြေးငွေ ရှိနေနိုင်သည်။ သူ့ကိုသတ်ဖြတ်ချင်နေသော မိုပိုင်ယဲ့၏စိတ်ဆန္ဒသည် အမှန်တကယ်ကို ရက်စက်ကြမ်းကြုတ်ပေ၏။
ဤသည်မှာ သေရေးရှင်ရေးတိုက်ပွဲ ဖြစ်နေပြီဖြစ်သောကြောင့် နှစ်ဖက်လုံးသည် စွမ်းအားများကို ထိန်းသိမ်းထားရန် မလိုတော့ချေ။
"ငါ သူတို့နောက်ကို လိုက်သွားကြည့်မယ်... အဲ့ဒီ သုံးရောင်ခြယ်ကုန်းမြေမှာ တကယ်ပဲ ရတနာတွေ ရှိတယ်ဆိုရင်...ငါက လိုအပ်တာနဲ့ ကမ္ဘာသစ်ကို လောင်ကျွမ်းပြီး သူတို့အားလုံးကို သတ်ပစ်မယ်"
ကမ္ဘာသစ်၏ စွမ်းအားကို အသက်သွင်းခြင်းနှင့် 'ကောင်းကင်ဘုံသောကကံကြမ္မာ'ကို အသုံးပြုခြင်းသည် ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေ သို့မဟုတ် ရင်းမြစ်ကမ္ဘာ၏ ဖိနှိပ်မှုကို မလွဲမသွေ ခံရပေလိမ့်မည်။ သို့ရာတွင် အကျိုးအမြတ် လုံလောက်စွာ ရရှိနိုင်ပါက သူ ကြိုးစားကြည့်လိုသည်။
သူသည် စဉ်းစားနေရင်း သူ၏ခြေထောက်ဖြင့် မြေပြင်ကို အသာအယာ တို့ထိကာ ချက်ချင်းဆိုသလိုပင် ပြေးထွက်ပြီး သူတို့၏နောက်မှ တိတ်တဆိတ် လိုက်ပါသွားတော့သည်။
သုံးရောင်ခြယ်ကုန်းမြေကို ရှာတွေ့ရန်မှာ အရေးအကြီးဆုံးဖြစ်ပြီး သူ၏လက်ရှိခွန်အားသည် သူတို့ကို ယှဉ်ပြိုင်ရန် မလုံလောက်ကြောင်း သိထားသဖြင့် ကျန်းရွှမ်သည် ပြဿနာ ထပ်မရှာတော့ပေ။
မိုပိုင်ယဲ့တို့အဖွဲ့သည် လမ်းတလျှောက်တွင် ရတနာနှင့်အခွင့်အရေးများကို ရှာဖွေနေသော ကျင့်ကြံသူအဖွဲ့ ခုနစ်ဖွဲ့ရှစ်ဖွဲ့ခန့်ကို တွေ့ကြုံခဲ့ရသည်။ သူတို့သည် အစ်ကိုတု၏ကြိုတင်အာရုံခံနိုင်မှုကြောင့် အကြိမ်တိုင်း တိကျစွာ ရှောင်ကွင်းနိုင်ခဲ့ပြီး မည်သည့်ပဋိပက္ခမျှ မဖြစ်ပွားခဲ့ပေ။
"ဂိုဏ်းချုပ်... ဘာလို့ ကျွန်မတို့က ရှောင်ကွင်းသွားနေရတာလဲ... ဒီလူတွေရဲ့ ခွန်အားက သိပ်ပြီးမသန်မာပါဘူး... ကျွန်မတို့က သူတို့ကို လုယက်လိုက်ရင် အများကြီး ရနိုင်မှာပါ"
တခြားသူများကို ရှောင်တိမ်းရန်အတွက် ဆယ်မိုင်ကျော်ခန့် ကွေကွင်း၍သွားနေရသည်ကို မြင်တွေ့ချိန်၌ မုရှောင်ချင်းက မေးမြန်းလိုက်၏။
သူတို့သည် အစစ်အမှန်စွမ်းအားကို အသုံးပြုနိုင်ပါက ဆယ်မိုင်ဟူသည်မှာ အရေးမပါသော်လည်း ရုပ်ခန္ဓာကိုယ်ခွန်အားကိုသာ အားကိုးပြီး တောင်ပေါ်လမ်းတွင် သွားလာရသည်မှာ အနည်းငယ်ပင်ပန်းသည်။
သူမ၏မေးခွန်းသည် လုယက်ရန် တိုက်တွန်းခြင်း မဟုတ်သော်လည်း မိုပိုင်ယဲ့နှင့်တခြားသူများသည် လူကောင်းများပုံ မပေါက်သဖြင့် စည်းကမ်းလိုက်နာပြီး လိမ္မာနေရန် အကြောင်းမရှိပေ။
"ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေ ဖွင့်တာ နှစ်နာရီတောင် မပြည့်သေးဘူး... အခုချိန်မှာ ငါတို့က စပြီးလုယက်မယ်ဆိုရင် ပထမအချက်အနေနဲ့ ဒီလူတွေမှာ ရတနာတွေ သိပ်မရှိသေးလို့ ငါတို့ လှုပ်ရှားရင်တောင် အများကြီး ရမှာမဟုတ်ဘူး... ဒုတိယအချက်က အချိန်ဖြုန်းရာ ကျတယ်... ပြီးတော့ ပြဿနာကြီးသွားရင် တခြားအင်အားစုတွေရဲ့ ဝိုင်းဝန်းတိုက်ခိုက်တာ ခံရနိုင်တယ်... ဒါပေမဲ့ အရေးကြီးဆုံးအချက်က အခုချိန်မှာ နတ်ဘုရားနယ်မြေထဲက စည်းမျဉ်းတွေကို ငါတို့ ရှင်းရှင်းလင်းလင်း မသိရသေးတာပဲ....လုယက်မှုကြောင့် ငါတို့ ပြစ်ဒဏ်ပေးခံရရင် ဆုံးရှုံးမှုနဲ့ မကာမိဘူး"
မုဟုန်တောက်က ရှင်းပြသည်။
မုရှောင်ချင်းသည် ချက်ချင်းဆိုသလိုပင် နားလည်သဘောပေါက်သွားပေ၏။
ဤလူများသည် ယခုလောက်ထိ လိမ္မာရို့ကျိူးနေသည်မှာ မထူးဆန်းတော့ချေ။ အမှန်အားဖြင့် သူတို့သည် ထိတ်လန့်ကြောက်ရွံနေကြခြင်းပင်။
နတ်ဘုရားနယ်မြေ၏ခရီးစဉ် အဆုံးသတ်ချိန်နှင့် နီးကပ်လာပါက လူများအားလုံးသည် ရတနာများအတွက် အပြင်းအထန် ယှဉ်ပြိုင်ကြမည်မှာ သေချာပေါက်ပင်။ ရတနာများကို ရရှိထားသူများ လုပ်ဆောင်မည့် တစ်ခုတည်းသောအရာမှာ နတ်ဘုရားနယ်မြေ ပြိုကျပျက်စီးသွားသည့်အထိ ပုန်းအောင်းနေပြီးမှ အလျင်အမြန်ထွက်ပြေးကြခြင်းပင်။
ယခုလောလောဆယ်တွင်မူ လုယက်ခြင်းမှ ရရှိသော အမြတ်အစွန်းသည် ရတနာရှာဖွေခြင်းထက် များစွာပို၍ လျော့နည်းနေသည်။
သူတို့အဖွဲ့တွင် နှောင့်နှေးကြန့်ကြာနေရန် မည်သည့်အကြောင်းအရင်းမျှမရှိသဖြင့် အလွန်လျင်မြန်စွာ ရှေ့ဆက်သွားကြသည်။ နှစ်နာရီခန့်အကြာတွင် သူတို့သည် အကွေ့အဝိုက်များသော တောင်ကုန်းတစ်ခု၏ရှေ့သို့ ရောက်ရှိလာကြသည်။
ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေတွင် နေနှင့်လ မရှိသဖြင့် နေ့နှင့်ည ခွဲခြားမှု မရှိပေ၏။ ကောင်းကင်မှအလင်းရောင်ဖြင့် လူများအားလုံးသည် ကုလားအုတ်ဘို့ကဲ့သို့ အနိမ့်အမြင့်နှစ်ခြမ်းဖြစ်နေသော တောင်ကုန်းကို လှမ်းကြည့်လိုက်ကြသည်။
ထိုတောင်ကုန်းပေါ်တွင် သစ်ပင်မြင့်များမရှိဘဲ ပြာနှမ်းနှမ်းကျောက်တုံးလွှာများနှင့် ကျဲပါးသောပေါင်းပင်တချို့သာ ရှိသဖြင့် အနည်းငယ် ခြောက်ကပ်နေပုံရသည်။
မကြာမီမှာပင် သူတို့သည် တောင်ကုန်းထိပ်သို့ ရောက်ရှိသွားကြသည်။
မုရှောင်ချင်းက ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ကျောက်တုံးများနှင့် ပေါင်းပင်များမှလွဲ၍ မည်သည့်အရာမျှမရှိသဖြင့် ထူးခြားမှု ရှိပုံမရပေ။
"ဒါက သုံးရောင်ခြယ်ကုန်းမြေလား"
သူမ စကားမပြောနိုင်ခင်မှာပင် လင်းယုရှန်က ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်၏။
"အမှန်ပဲ...."
မိုပိုင်ယဲ့ကလည်း တောင်ကုန်းတစ်ပတ်လောက် လေ့လာကြည့်ရှုပြီးနောက် အတည်ပြုကာ အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။
"ဒီနေရာမှာ ရတနာတွေ ရှိနိုင်ပါ့မလား"
လင်းယုရှန်က မျက်လုံးလှန်ကြည့်လိုက်သည်။
ဤနေရာသည် ခြောက်ကပ်နေပြီး သစ်ပင်များပင်လျှင် မရှိရာ မည်သည့်ရတနာများ ရှိနေနိုင်မည်နည်း။
သတ္တုရိုင်းတွေလား...
"ရတနာတွေသာ ရှာရလွယ်ရင် အရင်ကတည်းက အယူခံလိုက်ရပြီးပြီ... သုံးရောင်ခြယ်ကုန်းမြေကို အရင်ဆုံး အသက်သွင်းရမယ်... ပြီးမှ ရတနာတွေကို ရှာလို့ရမှာ"
မိုပိုင်ယဲ့က ရှင်းပြသည်။
"အသက်သွင်းရမယ်...ဟုတ်လား..."
လင်းယုရှန်က ဇဝေဇဝါဖြင့် လှမ်းကြည့်လိုက်သည်။
"မင်းက ဘယ်လိုလုပ်ရမလဲဆိုတာ သိလို့လား"
"ဒါပေါ့"
မိုပိုင်ယဲ့က ခေါင်းညိတ်လိုက်ပြီး တောင်ကုန်း၏ အလယ်တည့်တည့်သို့ ခြေလှမ်းအနည်းငယ် လျှောက်လှမ်းသွားလိုက်သည်။ သူသည် ကျောက်တုံးတစ်တုံးပေါ်တွင် မတ်တတ်ရပ်ပြီး တစ်စုံတစ်ခုကို ရှာဖွေနေသည့်အလား ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။