← Chapters

လှိုဏ်ဂူအတွင်းသို့ ဝင်ရောက်ခြင်း

Vol. 27 Ch. 333

လှိုဏ်ဂူအတွင်းသို့ ဝင်ရောက်ခြင်း

Vol. 27 Ch. 333

"သဘောပေါက်ပြီ"

လင်းယုရှန် နားလည်သဘောပေါက်သွားသည်။

"ဒါက ဒီလှိုဏ်ဂူကြောင့်ပဲ ဖြစ်ရမယ်..ဒီနေရာက အန္တရာယ်များတယ်.. ဘာအန္တရာယ်မှန်း မသိရဘဲနဲ့ ဘယ်သူမှ အရင်ဆုံး မဝင်ရဲကြဘူး"

"အခုမှ သိတာလား"

အစ်ကိုတုက သူ့ကို ကူကယ်ရာမဲ့အကြည့်ဖြင့် ကြည့်လိုက်သည်။ ဤသည်မှာ သူသည် ငတုံးတစ်ယောက်ကို ကြည့်နေသည့်အလားပင်။

ဤကဲ့သို့ တုံ့ပြန်မှုနှုန်းဖြင့် သူသည် မည်ကဲ့သို့ ကျင့်ကြံခဲ့သနည်း....

သူသည် စိတ်ပျက်သွားပြီးနောက် မလှမ်းမကမ်းရှိ ဂိုဏ်းချုပ်မုကို တစ်ချက်ကြည့်လိုက်သည်။

မုဟုန်တောက်သည် အစ်ကိုတု၏ရှင်းပြချက်ကို ကြားချိန်၌ ရုတ်တရက် နားလည်သဘောပေါက်သွားသည်။

"အော် အဲ့ဒီလိုလား....ငါက ဒီကောင် ခဏခဏ ငြင်းဆန်နေတာက မိုပိုင်ယဲ့နဲ့ သိပ်မတူဘူးဆိုပြီး သူ့ကို ခုတ်ပိုင်းပစ်ဖို့ စဥ်းစားနေတာ....."

သူတို့နှစ်ယောက် ဟန်ဆောင်နေခြင်း မဟုတ်သည်အား မြင်တွေ့ချိန်၌ အစ်ကိုတုထံ၌ ရွေးချယ်စရာမရှိတော့သဖြင့် ရှင်းပြလိုက်သည်။

"ကျီးလန်တောင်ကြားက အဆင့်နှစ်ဆယ့်တစ်မှာ ရှိနေပြီးတော့ ထိပ်သီးကျင့်ကြံသူတွေအများကြီး ပိတ်မိခဲ့ဖူးတယ်ဆိုတာက ရိုးရှင်းတဲ့ ကိစ္စ မဟုတ်ဘူး... ငါတို့ ဒီနေရာမှာ ရောက်နေတာ တော်တော်ကြာပြီ...ဘာအန္တရာယ်မှ မတွေ့ရဘူး ဆိုတော့ အန္တရာယ်က ဒီနေရာပတ်ဝန်းကျင်မှာ မရှိဘဲနဲ့ လှိုဏ်ဂူထဲမှာ ရှိနေဖို့များတယ်"

သူတို့ စကားပြောဆိုနေစဉ်မှာပင် စုချန်နှင့် မိုပိုင်ယဲ့တို့သည် အပြန်အလှန် အကဲစမ်းလိုက်ပြီးနောက် နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်ကြ၏။

"ရတနာက ထွက်ပေါ်လာပြီးရင် မြန်မြန် ပျောက်ကွယ်သွားနိုင်တယ်.... ဒီအတိုင်း ဆက်သွားနေရင် ငါတို့တွေ ဘယ်တော့မှ ဝင်ရမှာ မဟုတ်ဘူး... ဒီလိုလုပ်ပါလား... ငါတို့ တစ်ဖက်စီကနေ လူတစ်ယောက်စီ အရင်လွှတ်ကြမယ်...အန္တရာယ် မရှိရင် အလှည့်ကျဝင်ကြတာပေါ့"

"ကောင်းပြီလေ"

မိုပိုင်ယဲ့က ခေါင်းညိတ်လိုက်သည်။

တိုင်ပင်ဆွေးနွေးပြီးနောက် မိုပိုင်ယဲ့က လူတစ်ယောက်ကို အရင်ဆုံး စေလွှတ်လိုက်သည်။ ဤသည်မှာ ကျိုးယီမြို့တွင် နာမည်ကြီးသော ကြယ်စင်မြစ်နယ်ပယ် ပဉ္စမအဆင့် ထိပ်သီးကျင့်ကြံသူဖြစ်သည့် ကျန်းရီဖုန်းပင်။

သူ၏စွမ်းအားသည် မိုပိုင်ယဲ့နှင့် အခြားသူများထက် သိပ်မသာလွန်ကြောင်းနှင့် သူ ရတနာများ ပို၍ရရှိရန် စွန့်စားရမည် ဖြစ်ကြောင်း သိထားသဖြင့် ကျန်းရီဖုန်းက သူ၏ဆန္ဒအလျောက် လှိုဏ်ဂူထံသို့ လျှောက်လှမ်းသွားလိုက်သည်။

ထိုမြင်ကွင်းကို မိုပိုင်ယဲ့နှင့်တခြားသူများအားလုံး စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေကြသည်။ ကျန်းရီဖုန်းသည် ကျောက်ရုပ်ထု၏အနီးသို့ ရောက်သွားချိန်တွင် အချိန်တခဏကြာ တွေဝေတုံ့ဆိုင်းနေသော်လည်း မည်သည့်အန္တရာယ်မျှ မရှိပေ။

ကျန်းရီဖုန်းသည် စိတ်သက်သာရာ ရသွားပြီး တခြားလူများသည်လည်း ခေါင်းညိတ်လိုက်ကြသည်။ သူသည် ကျောက်ရုပ်ထုကိုကျော်လွန်ပြီး လှိုဏ်ဂူထဲသို့ အလျင်အမြန် ဝင်ရောက်သွားသည်။

လှိုဏ်ဂူအတွင်းတွင် စက်ယန္တရားများနှင့် ဝင်္ကပါများမရှိသည့်အပြင် ပုံမှန်မဟုတ်ဘဲ တိတ်ဆိတ်နေပြီး ရင်းမြစ်သားရဲများလည်း မရှိသဖြင့် အလွန်လုံခြုံပုံရသည်။

"ဂိုဏ်းချုပ်မို...ငါ အဆင်ပြေတယ်...မင်း ဝင်လာလို့ရပြီ..."

လှိုဏ်ဂူဝသို့ ရောက်ရှိချိန်၌ ကျန်းရီဖုန်းက အော်ဟစ်လိုက်၏။

"ခဏနေအုံး..ဒါက ငါ့လူတွေ အလှည့်ပဲ..."

စုချန်က လက်ဝှေ့ယမ်းလိုက်ရာ ကြယ်စင်မြစ်နယ်ပယ် တတိယအဆင့်ရှိသော အစွမ်းထက် ကျင့်ကြံသူတစ်ဦး ရှေ့သို့လျှောက်လှမ်းသွားသည်။ သူသည် ကျောက်ရုပ်ထုကို ကျော်လွန်၍ ဆက်သွားရန် ဟန်ပြင်လိုက်စဉ်မှာပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် မီးထတောက်လာသည်။

"အား....မလုပ်ပါနဲ့..."

ထိုကျင့်ကြံသူသည် မတုံ့ပြန်နိုင်ခင်မှာပင် မီးတောက်များ၏ဝါးမြိုခြင်းကို ခံလိုက်ရသည်။

"ဒုက္ခပဲ...."

စုချန်၏မျက်လုံးအိမ်များ ကျဥ်းမြောင်းသွားပြီး ရှေ့သို့ပြေးဝင်သွားကာ သူ၏လက်ဝါးဖြင့် ရိုက်ချကာ တစ်ဖက်လူ၏ခန္ဓာကိုယ်ပေါ်မှ မီးတောက်များကို ငြှိမ်းသတ်လိုက်သည်။

သို့ရာတွင် ထိုလူ၏ခန္ဓာကိုယ်ပေါ်မှ မီးတောက်များသည် ပျောက်ကွယ်စပြုလာသည့်အချိန်မှာပင် သူ၏အစစ်အမှန်စွမ်းအားများ လောင်ကျွမ်းနေသကဲ့သို့ ပြင်းထန်သော အပူလှိုင်းတစ်ရပ်က သူ၏ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။

"ကယ်ပါအုံး..."

ထိုကျင့်ကြံသူ၏မျက်လုံးများ ပြူးကျယ်သွားပြီး မီးတောက်များကို ထိန်းချုပ်ရန် ကြိုးစားသော်လည်း မရချေ။ သူ၏ခန္ဓာကိုယ်သည် အကြိမ်အနည်းငယ်ခန့် တုန်ခါသွားပြီးနောက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားပြီး အသက်ရှူရပ်တန့်သွားသည်။

"ဒါက..."

သူတို့အဖွဲ့သားများသည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ လှိုဏ်ဂူထဲသို့ ဝင်သွားသော ကျန်းရီဖုန်းပင်လျှင် ဆက်မသွားရဲတော့ချေ။

ပတ်ဝန်းကျင်တွင် မီးတောက်များ ထွက်ပေါ်လာပြီး အသက်ရှူချိန် အနည်းငယ်အတွင်း လူတစ်ယောက်သည် မီးလောင်၍သေဆုံးသွားခြင်းမှာ သူတို့ မျှော်လင့်ထားသည်ထက် များစွာပို၍ကျော်လွန်နေသည်။

သူတို့သည် အကြောင်းအရင်းကို ရှာမတွေ့လျှင် အကြောင်းအရင်းကို မသိရဘဲ ဤနေရာတွင် သေဆုံးသွားရမည်မှာ သေချာပေါက်ပင်။

"ငါ နောက်တစ်ယောက် လွှတ်လိုက်မယ်..."

အချိန်တခဏကြာခန့် ပြန်စဉ်းစားကြည့်သော်လည်း အကြောင်းအရင်းကို ရှာမတွေ့သဖြင့် မိုပိုင်ယဲ့က သက်ပြင်းချလိုက်ပြီး သူ၏နောက်မှ တခြားကျင့်ကြံသူတစ်ဦးကို ကြည့်လိုက်သည်။

ရှေ့မှအခြေအနေကို သိနေသော်လည်း သူ သွားလျှင် နေရာမှာပင် သေဆုံးသွားနိုင်ခြေ ရှိသလို အသက်ရှင်ရန် အခွင့်အရေးလည်း ရှိနိုင်ကြောင်း သိသဖြင့် ထိုကျင့်ကြံသူက အံတင်းတင်းကြိတ်ကာ ရှေ့သို့ထွက်လာသည်။

ကျန်းရီဖုန်းကဲ့သို့ပင် သူသည်လည်း ကြယ်စင်မြစ်နယ်ပယ် ပဉ္စမအဆင့်သို့ ရောက်ရှိထားသည်။ သူသည် ကျောက်ရုပ်တုကို ဂရုတစိုက် ကျော်လွန်သွားပြီး လှိုဏ်ဂူထဲသို့ဝင်ရန် ဟန်ပြင်လိုက်စဉ်မှာပင် အရပ်မျက်နှာအသီးသီးမှလေပွေများက ဓားများအလား သူ့ထံသို့ တိုးဝင်လာသည်။

ထိုကျင့်ကြံသူ၏မျက်နှာအမူအယာ ပျက်ယွင်းသွားပြီး သူ၏စွမ်းအားများကို အလျင်အမြန် လှည့်ပတ်ကာ ရှောင်တိမ်းလိုက်၏။ အသက်ရှူချိန်နှစ်ဆယ်စာခန့် အကြာတွင် ဓားလေပွေများ တဖြည်းဖြည်း ငြိမ်သက်သွားပြီး လေထုအတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားသည်။

ဤအချိန်တွင် ထိုကျင့်ကြံသူ၏ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာများ ရာနှင့်ချီ၍ရှိနေပြီး သူ၏အဝတ်အစားများတွင် သွေးများစွန်းထင်းနေသည်။ သို့ရာတွင် ဒဏ်ရာအများစုသည် အပေါ်ယံဒဏ်ရာများ ဖြစ်ပြီး အသက်အန္တရာယ် မရှိချေ။

"ဒါက..."

သူ၏အခြေအနေကို မြင်တွေ့ချိန်၌ လူများအားလုံး ပို၍ပင်ဇ ဝေဇဝါ ဖြစ်သွားကြသည်။

တစ်ယောက်သည် မည်သို့မျှ မဖြစ်ဘဲ တစ်ယောက်သည် မီးလောင်သေဆုံးကာ ကျန်တစ်ယောက်ကမူ လေပွေဓားနှင့် တိုက်ခိုက်ခံရသည်။ လူသုံးယောက်သည် အခြေအနေသုံးမျိုးဖြင့် ကြုံတွေ့ရသည်မှာ မည်သို့ပင်ကြည့်စေကာမူ ထူးဆန်းနေသည်။

လူသုံးယောက်သည် အခြေအနေသုံးမျိုးဖြင့် ကြုံတွေ့ခဲ့ရသည့် စမ်းသပ်မှုက သူတို့ကို မူလအခြေအနေသို့ ပြန်ရောက်သွားစေသည်။

"ကျန်းရီဖုန်း...ငါတို့ကို မစောင့်နဲ့တော့..မင်း အထဲကိုဝင်သွားပြီးတော့ အရင်ကြည့်လိုက်အုံး..."

စမ်းသပ်မှုသည် အချိန်မည်မျှထိကြာမည် မသိရကာ လူအမြောက်အများ သေဆုံးသွားနိုင်ကြောင်း သိထားသဖြင့် မိုပိုင်ယဲ့၏မျက်လုံးများ စူးရှတောက်ပသွားပြီး အော်ဟစ်ပြောလိုက်သည်။

အကယ်၍ လှိုဏ်ဂူထဲတွင် ရတနာများ အမှန်တကယ် ရှိနေလျှင် ယခုဝင်သွားသူနှစ်ယောက်သည် ရတနာများကို လက်ညောင်းသည့်အထိ ယူဆောင်နိုင်မည်မှာ သေချာပေါက်ပင်။

"ကောင်းပြီလေ..."

ကျန်းရီဖုန်းက ခေါင်းညိတ်ပြပြီး အံ့တင်းတင်ကြိတ်ကာ လှိုဏ်ဂူထဲသို့ ဝင်သွားလိုက်သည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူသည် ကူကယ်ရာမဲ့စွာဖြင့် အော်ဟစ်ပြောဆိုလိုက်၏။

"နံရံပေါ်မှာ စာတစ်ကြောင်း ရေးထားတယ်...ဒီထဲကို ဝင်ချင်ရင် သုံးကြိမ်ဒူးထောက်ပြီး ကိုးကြိမ် ဦးညွှတ်အရိုအသေပြုရမယ်တဲ့"

"သုံးကြိမ် ဒူးထောက်ပြီး ကိုးကြိမ် ဦးညွှတ်အရိုအသေပြုရမယ်... ဟုတ်လား..."

မိုပိုင်ယဲ့က မျက်မှောင်ကြုတ်လိုက်သည်။

'ဒါက ဘာအဓိပ္ပါယ်လဲ'

"ငါ ဒူးထောက်လိုက်ရမလား"

အချိန်တခဏကြာ စောင့်ဆိုင်းသည့်တိုင် တုံ့ပြန်သံကို မကြားရသဖြင့် ကျန်းရီဖုန်းသည် အော်ဟစ်မေးမြန်းလိုက်၏။

"သဲလွန်စကို ချန်ထားခဲ့မှတော့ အလကား ရေးထားတာ မဟုတ်လောက်ဘူး.. အဲ့ဒီအတိုင်း လုပ်လိုက်တော့"

အချိန်တခဏကြာမျှ စဥ်းစားတွေးတောပြီးနောက် မိုပိုင်ယဲ့က အော်ဟစ်လိုက်သည်။

ကျန်းရီဖုန်းသည် သဘောတူလိုက်ပြီးနောက် ထိုအတိုင်း ပြုလုပ်လိုက်သည်။ သုံးမိနစ်ခန့်ကြာပြီးနောက် သူ၏အသံ ထပ်မံ၍ ထွက်ပေါ်လာသည်။

"ငါ အဆင်ပြေတယ်..."

သူသည် လှိုဏ်ဂူထဲသို့ ဆက်လက်၍ ဝင်သွားလေ၏။

သူ အန္တရာယ်ကင်းသည်ကို မြင်တွေ့ချိန်၌ အနောက်မှကပ်လိုက်လာသော ကျင့်ကြံသူကလည်း အမီလိုက်လာသည်။ ထိုလူသည် စကားပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ရုတ်တရက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ မီးတောက်များ ထွက်ပေါ်လာသည်။ သူသည် စုချန်တို့၏ဘက်မှ ကျင့်ကြံသူကဲ့သို့ပင် အသက်ရှူချိန် အနည်းငယ်အတွင်း ပြာကျသွားတော့သည်။

"ဒါက..."

ကျန်းရီဖုန်းသည် ထိတ်လန့်တုန်လှုပ်သွားပြီး တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားသည့်အလား အလျင်အမြန် အော်ဟစ်ပြောဆိုလိုက်သည်။

"ဂိုဏ်းချုပ်မို...ဒါက စည်းကမ်းတွေကြောင့် ဖြစ်မယ်....ငါက သုံးကြိမ်ဒူးထောက်ပြီးတော့ ကိုးကြိမ်ဦးညွှတ်အရိုအသေပြုပြီးမှ ဝင်လို့ အန္တရာယ်ကင်းတာ... သူက အဲ့ဒီလိုမလုပ်လို့ မီးလောင်ပြီးသေသွားတာပဲ..."

မိုပိုင်ယဲ့သည် နားလည်သဘောပေါက်သွားပြီး သူ၏ရှေ့မှ ကျောက်ရုပ်ထုနှစ်ခုကို တဖန်ပြန်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။

ဤသည်က စည်းမျဥ်းကြောင့်ဆိုရင် ပထမဆုံးဝင်သွားသော လူသုံးယောက်သည် မည်သည်ကြောင့် ရလဒ်သုံးမျိုး ထွက်ပေါ်လာရသနည်း။

"မင်း သွားကြည့်စမ်း..."

သူ အဖြေမရှာနိုင်မီမှာပင် တစ်ဖက်မှ စုချန်သည် သည်းမခံနိုင်တော့ဘဲ သူ၏နောက်မှ ကျင့်ကြံသူတစ်ဦးကို ကြည့်လိုက်သည်။

ကျန်းရီဖုန်းသည် လှိုဏ်ဂူထဲသို့ ဝင်သွားပြီဖြစ်ရာသူတို့ဘက်မှ လူမလွှတ်လျှင် မည်သည့်အရာကိုမျှ ရရှိမည်မဟုတ်ချေ။

ထိုကဲ့သို့ ကိစ္စမျိုးရှိနေသဖြင့် သူတို့ ဘေးကင်းလုံခြုံနေသည်မှာ မည်သည်ကြောင့် အဓိပ္ပါယ် ရှိတော့မည်နည်း။

"ဟုတ်ကဲ့"

ထိုကျင့်ကြံသူသည် ခေါင်းညိတ်ပြပြီး အံ့တင်းတင်းကြိတ်ကာ ရှေ့သို့လျှောက်လှမ်းသွားသည်။ သူသည် ကျောက်ရုပ်ထုကို အလျင်အမြန် ကျော်ဖြတ်ပြီး လှိုဏ်ဂူထဲသို့ ဝင်သွားလေ၏။

"ငါ အဆင်ပြေတယ်"

လှိုဏ်ဂူဝတွင် မတ်တတ်ရပ်ရင်း ထိုကျင့်ကြံသူက ဇဝေဇဝါဖြင့် အော်ဟစ်ပြောဆိုသည်။

သူသည် လေပွေဓားနှင့် တိုက်ခိုက်ခံရခြင်း သို့မဟုတ် မီးလောင်ကျွမ်းခြင်းတို့ကို ခံရမည်ဟု တွေးထင်ကာ ပြင်ဆင်ထားသော်လည်း မည်သည့်အရာမျှ ဖြစ်မလာခဲ့ချေ။

"တစ်ခုခုတော့ မှားနေပြီ..."

မိုပိုင်ယဲ့သည် နားလည်သဘောပေါက်သွားပြီး ရုတ်တရက် မေးမြန်းလိုက်၏။

"မင်းရဲ့ အစစ်အမှန်စွမ်းအားကို အသက်တစ်ရှိုက်နှစ်ရှိုက်စာလောက် မလှည့်ပတ်နိုင်သလို ဖြစ်သွားတာမျိုးကို ခံစားဖူးလား"

သူ၏မေးခွန်းကို ကြားချိန်တွင် ထိုကျင့်ကြံသူသည် အချိန်တခဏကြာခန့် ရပ်တန့်သွားပြီး စုချန်ကို ကြည့်လိုက်၏။ စုချန်က ခေါင်းညိတ်ပြသည်ကို မြင်တွေ့ချိန်၌ သူက ရှင်းပြလိုက်သည်။

"ခုဏက ကျောက်ရုပ်ထုတွေကို ဖြတ်သန်းလာတုန်းက အဲ့ဒီလို ခံစားချက်မျိုး ဖြစ်ခဲ့တယ် ဒါပေမဲ့ ငါက တိုက်ခိုက်နေတာ မဟုတ်ဘဲ လမ်းလျှောက်နေရုံပဲမလို့ အစစ်အမှန်စွမ်းအား မလုံလောက်တာက ငါ့ကို သိပ်ပြီးမထိခိုက်သေခဲ့ဘူး..."

"ဒါက တကယ်ကြီး ဖြစ်နေတာပါလား..."

သူ၏အတည်ပြုချက်ကို ကြားချိန်တွင် မိုပိုင်ယဲ့သည် ချက်ချင်းနားလည်သဘောပေါက်သွားတော့သည်။

"ဘာတွေဖြစ်နေတာလဲဆိုတာ ငါ နားလည်ပြီ"

All Chapters