← Chapters

အမှောင်ထဲတွင် ဖယောင်းတိုင် ထွန်းညှိခြင်း

Vol. 27 Ch. 334

အမှောင်ထဲတွင် ဖယောင်းတိုင် ထွန်းညှိခြင်း

Vol. 27 Ch. 334

"ပြောပါအုံး"

မုဟုန်တောက်က ကူကယ်ရာမဲ့စွာဖြင့် မိုပိုင်ယဲ့က်ု ကြည့်လိုက်သည်။

မိုပိုင်ယဲ့သည် စုချန်ကို တစ်ချက်ကြည့်ပြီးနောက် မျက်မှောင်ကြုတ်ကာ အသံပေးပို့ခြင်းနည်းစနစ်ဖြင့် မုဟုန်တောက်နှင့် တခြားလူများအား ပြောဆိုလိုက်သည်။

"ဒါက ဒီကံကြမ္မာနတ်ဘုရားနယ်မြေရဲ့ စည်းမျဥ်းတွေနဲ့ ဆိုင်လောက်တယ်..... မင်း ခန့်မှန်းတာ အမှန်ပဲ... ကျန်းရီဖုန်းက စည်းကမ်းတွေကို အရင်က မချိုးဖောက်ဖူးဘူး ..ဒါကြောင့် အသက်တစ်ရှိုက်နှစ်ရှိုက်စာလောက်ပဲ အစစ်အမှန်ချီကို မလှည့်ပတ်နိုင်ခဲ့တာ...ဒါက သူ့ကို သိပ်ပြီးမထိခိုက်တော့ သူ သတိတောင် မထားမိဘူး"

"စုချန်ဘက်က ကျင့်ကြံသူက စည်းကမ်းကို တတိယအကြိမ် ချိုးဖောက်မိလို့ မီးလောင်ပြီးသေသွားတာပဲ ဖြစ်မယ်"

"ငါတို့ လွှတ်လိုက်တဲ့ ဒုတိယကျင့်ကြံသူက လှိုင်ဂူထဲကို ဝင်တုန်းက ဒုတိယအကြိမ် ချိုးဖောက်မိလို့ လေပွေဓားနဲ့ တိုက်ခိုက်ခံရတာ... တတိယအကြိမ်ကျတော့ သူလည်း မီးလောင်ခံလိုက်ရတာပဲ"

"လူသုံးယောက်က ပထမအကြိမ် ဒုတိယအကြိမ်နဲ့ တတိယအကြိမ်ကို ကိုယ်စားပြုတာကြောင့် အခြေအနေသုံးမျိုး ကွဲပြားသွားတာပဲ"

"ဒါက..."

သူ၏ရှင်းပြချက်ကို ကြားပြီးနောက် မုဟုန်တောက် လင်းယုရှန်နှင့် တခြားလူများသည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး ရုတ်တရက် နားလည်သွားကြ၏။

အကယ်၍ ဤကဲ့သို့ကိစ္စမျိုးရှိနေပါက သေချာပေါက် ဖြစ်နိုင်ချေရှိသည်။

"ငါတို့အားလုံးက စည်းမျဥ်းကို တစ်ကြိမ်ချိုးဖောက်ပြီးပြီ"

မုဟုန်တောက်က ပြောဆိုသည်။

"မင်း ဆိုလိုတာက ငါတို့တွေ စည်းမျဥ်းကို ထပ်ပြီးချိုးဖောက်ရင် လေပွေဓားနဲ့ တိုက်ခိုက်ခံရမှာလား"

မိုပိုင်ယဲ့သည် ကျန်းရွှမ်ကို လိုက်လံဖမ်းဆီးစဉ်၌ အော်ဟစ်လိုက်ခြင်းကြောင့် စည်းမျဥ်းကို တစ်ကြိမ် ချိုးဖောက်ခဲ့မိသည်။ ကျန်လူများသည်လည်း ရွှံ့များပေကျံပြီးနောက် စည်းမျဥ်းချိုးဖောက်မိကာ စွမ်းအားများ အချိန်တခဏကြာ ကန့်သတ်ခံခဲ့ရသည်။

ဆိုလိုသည်မှာ သူတို့သည် စည်းမျဥ်းကို ထပ်မံ၍ ချိုးဖောက်ပါက ဒုတိယအကြိမ်အဖြစ် သတ်မှတ်ခံရမည်ဖြစ်ခြင်းပင်။

"ဟုတ်တယ်..ဒါက ဖြစ်နိုင်ခြေ များတယ်"

မိုပိုင်ယဲ့က ခေါင်းညိတ်လိုက်သည်။

"လေပွေဓားကို ငါတို့ရဲ့စွမ်းအားနဲ့ ခုခံနိုင်ပေမယ့် မီးတောက်တွေကတော့ နည်းနည်းခက်ခဲလိမ့်မယ်"

အစောပိုင်းက မီးလောင်၍သေဆုံးသွားသူ နှစ်ဦးကို သတိရပြီး လူများအားလုံး နောက်ဆုတ်လိုစိတ်များ ပေါက်ဖွားလာသည်။

သူတို့သည် မည်မျှထိ အစွမ်းထက်ပါစေ ခန္ဓာကိုယ်အတွင်းမှ ပြင်ပသို့ လောင်ကျွမ်းသော မီးတောက်မျိုးကို ခုခံနိုင်မည် မဟုတ်ချေ။

"စည်းမျဥ်းကြောင့်ဆိုတာ သိရပြီဆိုတော့ အများကြီးပိုလွယ်ကူသွားပြီ ...ငါတို့က အဲ့ဒီစည်းမျဥ်းရဲ့ပုံစံကို ရှာတွေ့ရင် ဘာပြဿနာမှမရှိဘဲနဲ့ ချောချောမွေ့မွေ့ ဝင်နိုင်လိမ့်မယ်"

မိုပိုင်ယဲ့က ပြောဆိုသည်။

"အင်း..."

မုဟုန်တောက်က ခေါင်းညိတ်လိုက်သည်။

"ဒါပေမဲ့... အဲ့ဒီစည်းမျဥ်းရဲ့ပုံစံက ဘာလဲ"

မိုပိုင်ယဲ့သည် စကားမပြောဘဲ ရှေ့သို့ကြည့်ကာ သူ၏ရှေ့မှလှိုဏ်ဂူကို စူးစိုက်လေ့လာနေသည်။

လှိုဏ်ဂူထဲသို့ဝင်သွားသူ လေးဦးလုံးသည် ကျောက်ရုပ်ထုကို ဖြတ်ကျော်စဉ်၌ စည်းမျဥ်းချိုးဖောက်ခဲ့မိကြသည်။ ဆိုလိုသည်မှာ ဤနေရာတွင် စည်းမျဥ်းတစ်ခုရှိနေပြီး မလိုက်နာပါက ချိုးဖောက်ရာ ရောက်ပေမည်။

"မင်းဝင်ပြီးတော့ စမ်းကြည့်လိုက်..."

သူ စဉ်းစားနေစဉ်မှာပင် မလှမ်းမကမ်းရှိ စုချန်သည်လည်း မည်သည့်ကိစ္စများ ဖြစ်နေကြောင်းကို သဘောပေါက်သွားပုံရပြီး ကျင့်ကြံသူတစ်ဦး၏နားအနီးသို့ကပ်ကာ တီးတိုးညွှန်ကြားလိုက်သည်။

"ဟုတ်ကဲ့...."

ထိုကျင့်ကြံသူက ခေါင်းညိတ်လိုက်သည်။ သူသည် ကျောက်ရုပ်ထုဆီသို့ ခြေလှမ်းအနည်းငယ်ခန့် လျှောက်လှမ်းပြီး အသက်ပြင်းပြင်းရှိုက်လိုက်၏။ ထို့နောက် သူသည် သူ၏ခေါင်းကို မြေပြင်နှင့်ထိအောင် ဦးညွှတ်ပြီး ကျောက်ရုပ်ထု၏ပုံစံအတိုင်း အရိုအသေပြုလိုက်၏။

ထိုသို့ပြုလုပ်ပြီးနောက် သူသည် ရှေ့ဆက်သွားပြီး လှိုဏ်ဂူဝသို့ ရောက်သွားချိန်၌ စုချန်ကို ခေါင်းခါပြလေသည်။

"ငါ ထင်တဲ့အတိုင်းပဲ...."

စုချန်၏မျက်လုံးများ တောက်ပသွားသည်။

"ငါ ခန့်မှန်းတဲ့အတိုင်းပဲ....ဒီလှိုဏ်ဂူထဲကို ဝင်ဖို့ဆိုရင် သင့်လျော်တဲ့ကျင့်ဝတ်ကို လိုက်နာရမယ်... ဆိုလိုတာက ငါတို့ကကျောက်ရုပ်ထု လုပ်တဲ့ ကျင့်ဝတ်အတိုင်း ငါတို့ လုပ်ဆောင်ရမယ်"

သူ မလှုပ်ရှားသေးမီမှာပင် မလှမ်းမကမ်းတွင်ရှိနေသော မိုပိုင်ယဲ့က အော်ဟစ်ပြောဆိုလိုက်သည်။

"မင်းတို့အားလုံး....ငါ့ရဲ့နောက်ကို လိုက်ခဲ့ကြတော့... "

စည်းမျဥ်းကို သိရှိပြီးဖြစ်သောကြောင့် တွန့်ဆုတ်နေရန် မလိုတော့ချေ။ ထိုကြောင့် မိုပိုင်ယဲ့က ဦးဆောင်ပြီး ကျောက်ရုပ်ထု၏ရှေ့သို့ သွားလိုက်သည်။

စုချန်သည် သူ၏စမ်းသပ်မှု အောင်မြင်သွားသော်လည်း မိုပိုင်ယဲ့က လက်ဦးမှုယူသွားသည်ကို မြင်တွေ့မိသည်။ သူသည် မကျေနပ်သော်လည်း စကားမပြောဘဲ ငြိမ်သက်စွာ စောင့်ဆိုင်းလိုက်၏။

မိုပိုင်ယဲ့သည် ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ကျောက်ရုပ်ထု၏အနီးသို့ ချဥ်းကပ်ကာ ဦးညွှတ်အရိုအသေပြုလိုက်သည်။ သူသည် မည်သည့်စည်းမျဥ်းကိုမျှ မချိုးဖောက်ဘဲ လှိုဏ်ဂူထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်။

မုဟုန်တောက်နှင့်တခြားလူများသည် အနောက်မှ ထပ်ချပ်မကွာကပ်လိုက်ကာ ရိုသေလေးစားစွာဖြင့် ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။

မကြာမီမှာပင် လူများအားလုံး လှိုဏ်ဂူဝသို့ ရောက်ရှိလာကြပြီး စုချန်တို့လူစုလည်း လိုက်ပါလာကြသည်။

ဤတစ်ကြိမ်တွင် မည်သူမျှ ထိခိုက်ခြင်း မရှိဘဲ ပထမဆုံးစစ်ဆေးမှုကို ဖြတ်ကျော်နိုင်ခဲ့သည်။

လှိုဏ်ဂူထဲသို့ဝင်လိုက်သည်နှင့် မလှမ်းမကမ်းရှိ နံရံပေါ်တွင် စာတစ်ကြောင်း ရေးထားသည်ကို မြင်တွေ့လိုက်ရသည်။

"လှိုဏ်ဂူထဲကိုဝင်ချင်ရင် သုံးကြိမ်ဒူးထောက်ပြီး ကိုးကြိမ်ဦးညွှတ်အရိုအသေပြုရမယ်"

စည်းမျဥ်းပုံစံကို သိသွားပြီဖြစ်ရာ မိုပိုင်ယဲ့သည် များစွာတွန့်ဆုတ်မနေတော့ချေ။ သူသည် ဒူးထောက်ပြီး စည်းမျဥ်းအတိုင်း လိုက်နာကာ ဒုတိယစမ်းသပ်မှုကို ဖြတ်ကျော်လိုက်သည်။

သူတို့ ခြေလှမ်းတစ်လှမ်းချင်း ရှေ့ဆက်သွားစဉ်မှာပင် လှိုဏ်ဂူအပြင်ဘက်ရှိ သစ်ပင်တစ်ပင်၏ နောက်ကွယ်မှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

"သူတို့က စည်းမျဥ်းပုံစံကို ရှာတွေ့သွားမယ်လို့ ငါ ထင်မထားမိဘူး"

ကျန်းရွှမ်က သူ၏မေးကို လက်ဖြင့် ပွတ်သပ်ကာ မျက်မှောင်ကြုတ်လိုက်သည်။

ကျန်းရီဖုန်း ဝင်သွားစဥ်ကတည်းက ဤသည်မှာ စည်းမျဥ်းနှင့်သက်ဆိုင်ကြောင်း သူ ခန့်မှန်းမိခဲ့သည်။ လူအနည်းငယ် ထပ်သေအုံးမည်ဟု သူ တွေး ထင်ခဲ့သော်လည်း မိုပိုင်ယဲ့သည် သူ တွေးထင်ထားသည်ထက် ပို၍ဉာဏ်ကောင်းနေသည်။

"ငါ သွားကြည့်မှပါ...."

သူ လှိုဏ်ဂူထဲသို့ မဝင်လျှင် ရတနာနှင့် သက်ဆိုင်တော့မည်မဟုတ်ကြောင်း သိရှိထားသဖြင့် ကျန်းရွှမ်သည် အချိန်ကြာကြာ တွန့်ဆုတ်မနေတော့ပေ။ သူသည် မြေပြင်ကို ခြေဖျားဖြင့်တို့ထိပြီး ကျောက်ရုပ်ထုထံသို့ တိတ်တဆိတ် လျှောက်လှမ်းသွားလိုက်သည်။ ထို့နောက် သူသည်လည်း ဦးညွှတ်အရိုအသေပြုလိုက်၏။ လှိုဏ်ဂူထဲသို့ဝင်ပြီးနောက် သူသည် သုံးကြိမ်ဒူးထောက်ပြီး ကိုးကြိမ်ဦးညွှတ်အရိုအသေပြုကာ ကျင့်ဝတ်ကို တိတိကျကျ လိုက်နာလိုက်သည်။ မကြာမီမှာပင် သူသည်လည်း ဂူထဲသို့ ဝင်ရောက်သွားသည်။

"အမ်..."

ခြေလှမ်းအနည်းငယ် ရှေ့ဆက်လှမ်းပြီးနောက် သူသည် မြေပြင်ပေါ်တွင် အလောင်းနှစ်လောင်း ထပ်တွေ့လိုက်ရသည်။ ဤအလောင်းနှစ်လောင်းသည် တူးခြစ်နေပြီး မီးလောင်သေဆုံးထားခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။

"ဒီနေရာမှာလည်း စည်းမျဥ်းတွေ ရှိပုံရတယ်"

မိုပိုင်ယဲ့နှင့်တခြားလူများကို မမြင်ရတော့သော်လည်း ကျန်းရွှမ်က အလျင်လိုခြင်းမရှိချေ။ ထိုအစား သူသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။

ဤလှိုဏ်ဂူသည် ကျယ်ဝန်းပြီး အချင်းမီတာနှစ်ဆယ်ကျော်ရှိကာ မှောင်မည်းနေသဖြင့် တချို့နေရာများကို မြင်တွေ့နိုင်ရန် ခက်ခဲသည်။

ကျန်းရွှမ်သည် ထိုးထွင်းသိမြင်မျက်လုံးကို အသက်သွင်းပြီး ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။ ကျောက်နံရံပေါ်တွင် သဲလွန်စများ မရှိတော့ပေ။ ဤလူနှစ်ဦးကို သေစေခဲ့သော စည်းမျဥ်းသည် မည်သည့်အရာဖြစ်သည်ကို အစောပိုင်းက ဝင်သွားသော မိုပိုင်ယဲ့နှင့်တခြားသူများသာ သိပေလိမ့်မည်။

ထိုသို့မဟုတ်ပါက သူတို့သည် ယခင်က အမှားအနည်းသာ လုပ်မိသောကြောင့် လွတ်မြောက်သွားသည်မှာလည်း ဖြစ်နိုင်ပေ၏။

ဤသည်မှာ ဘတ်စကက်ဘော ကစားသည့်အလားပင်။ ပထမ အဝါကတ်သုံးကြိမ်အထိ စိတ်ပူရန် မလိုသော်လည်း စတုတ္ထအကြိမ်ဆိုလျှင် သတိထားရပေမည်။

ဤနေရာတွင်လည်း ထပ်တူထပ်မျှပင်။ ပထမအပြစ်ဒဏ်သည် အစစ်အမှန်စွမ်းအား ယာယီရပ်တန့်သွားခြင်းသာ ဖြစ်ပြီး တိုက်ခိုက်ခြင်း မပြုလုပ်ပါက အန္တရာယ် နည်းပါးသည်။

သို့ရာတွင် ဒုတိယအပြစ်ဒဏ် လေပွေဓားနှင့် တတိယအပြစ်ဒဏ် မီးကပ်ဘေးသည် အလွန် အန္တရာယ်များပေ၏။ တစ်စုံတစ်ယောက်သည် ကံကောင်းထောက်မစွာဖြင့် ထိုအပြစ်ဒဏ်သုံးခုမှ အသက်ရှင်ရက် လွတ်မြောက်ခဲ့လျှင်ပင် စတုတ္ထအပြစ်ဒဏ်သည် တိုက်ရိုက်သုတ်သင်ပစ်မည်ဖြစ်သောကြောင့် မည်သူမျှ ခံနိုင်ရည် ရှိမည် မဟုတ်ချေ။

ကွန်ဖြူးရှပ် သင်ကြားခဲ့သော စည်းမျဥ်းများကို ပြန်သတိရပြီးနောက် ကျန်းရွှမ်က ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ ထို့နောက် သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ ဖယောင်းတိုင်တစ်တိုင်က သူ၏လက်ထဲတွင် ထွက်ပေါ်လာသည်။

စည်းကမ်းချက် ၁၁ ....'အမှောင်ထဲတွင် ဖယောင်းတိုင် ထွန်းညှိခြင်း'

ဆိုလိုသည်မှာ မှောင်သောနေရာနှင့် ကြုံတွေ့ရပါက ဖယောင်းတိုင် ထွန်းရမည်ဖြစ်ပြီး ထိုသို့မဟုတ်ပါက သူ တားမြစ်ကန့်သတ်ခံရပေမည်။

ဤစည်းမျဥ်းသည် အလွန်နက်နဲသိမ်မွေ့ပြီး တိကျစွာရှာဖွေရန် ခက်ခဲသည်။

သူ၏အတွေးမှန်မမှန် သူ စမ်းသပ်ကြည့်ရပေမည်။

သူသည် ရှေ့ဆက်လျှောက်လှမ်းသွားပြီး အလောင်းများရှိနေသောနေရာကို ဖြတ်ကျော်သွားလိုက်ရာ မည်သည့်ပြစ်ဒဏ်မျှ မခံရပေ။

ကျန်းရွှမ်က သက်ပြင်းချလိုက်ပြီး ရှေ့ဆက်သွားရာ ရှည်လျားသောစင်္ကြန်လမ်းတစ်ခုကို ဖြတ်ကျော်ပြီးနောက် ကျယ်ဝန်းသော အခန်းတစ်ခုက သူ၏မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်။

မိုပိုင်ယဲ့နှင့်တခြားလူများသည် ထိုအခန်းထဲတွင် မတ်တတ်ရပ်နေကြပြီး မြေပြင်ပေါ်တွင် အလောင်းအနည်းငယ် ပြန့်ကျဲနေသည်။

လက်ရှိနေရာတွင်ရှိနေသော လူအားလုံးနီးပါး၏

ခန္ဓာကိုယ်များပေါ်တွင် ဓားဒဏ်ရာများ ရှိနေပြီး သွေးများ အဆက်မပြတ် ယိုစီးကျနေသည်။ သူတို့အားလုံး ဒုတိယအကြိမ် စည်းကမ်းချိုးဖောက်ခဲ့ကြကြောင်း သိသာထင်ရှားပေ၏။ အစ်ကိုတုပင်လျှင် ကင်းလွတ်ခဲ့ခြင်းမရှိပေ။

ကြည့်ရသည်မှာ ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူတစ်ယောက်ပင်လျှင် ဤနေရာမှ အပြစ်ဒဏ်များကို တောင့်ခံနိုင်ပုံမရချေ။

"ငါ ထင်တဲ့အတိုင်းပဲ....သူတို့က ဖယောင်းတိုင် ထွန်းမထားကြဘူး"

ဤလူများသည် မီးတုတ်များကိုင်ထားပြီး ဖယောင်းတိုင် ထွန်းမထားသည်ကို မြင်တွေ့ချိန်၌ ကျန်းရွှမ်က ပြုံးလိုက်သည်။

"အမှောင်ထဲတွင် ဖယောင်းတိုင် ထွန်းညှိခြင်း"ဆိုသည်မှာ ဖယောင်းတိုင်ထွန်းရမည်ဟု ဆိုလိုခြင်းပင်။ ထိုကြောင့် စည်းမျဥ်းအရ မီးတုတ်များ ညလင်းပုလဲများကို လက်မခံချေ။ သူတို့သည် အမှောင်ကို သတိပြုမိကြသဖြင့် အလင်းရောင်ကို ရှာဖွေခဲ့ကြသော်လည်း စည်းမျဥ်းကို ချိုးဖောက်ခဲ့မိကြောင်း သတိမထားမိကြချေ။

ကျန်းရွှမ်သည် လူအုပ်ကြီးကို ကျော်လွန်၍ ရှေ့သို့ဆက်ကြည့်လိုက်ရာ မီးရောင်အောက်တွင် သူ၏မြင်ကွင်းထဲသို့ မြစ်ငယ်လေးတစ်စင်း ဝင်ရောက်လာသည်။

ဤမြစ်သည် ရေတိမ်ပြီး ကြေးမုံပြင်ကဲ့သို့ မီးရောင်ကို ရောင်ပြန်ဟပ်စေသည်။

All Chapters