ရေစိုနေသော ဖိနပ်များ
Vol. 27 Ch. 335
"နောက်ထပ်လူနည်းနည်းလောက် သေအုံးမယ်လို့ ငါ ထင်တယ်"
ကျန်းရွှမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
သူ၏ရှေ့မှမြစ်သည် မနက်သော်လည်း ကျယ်ဝန်းသည်။ ရှေ့ဆက်သွားရန်အတွက် ရေထဲသို့ ဖြတ်လျှောက်ရမည် ဖြစ်ပြီး ထိုအရာတွင် စည်းမျဥ်းများ ပါဝင်နေသည်။
ဤသည်မှာ....'ရေစိုနေရင် ဖိနပ်ချွတ်ပါ'ဟူသော စည်းမျဥ်းပင်။
ဤသည်မှာလည်း ကွန်ဖြူးရှပ် ပြောခဲ့ဖူးသည့် စည်းမျဥ်းတစ်ခုပင်။ လူတစ်ယောက်သည် ရေနှင့် တွေ့ချိန်၍ ဖိနပ်ချွတ်သွားရပေမည်။ ထိုသို့မဟုတ်ပါက စည်းမျဥ်းအရ အပြစ်ပေးခံရမည်မှာ သေချာပေါက်ပင်။
ရှေ့မှလူများသည် ဤအခြေအနေကို သိမထားသဖြင့် ဤသို့လုပ်ဆောင်နိုင်သူဟူ၍ များများစားစားရှိမည် မဟုတ်ချေ။
သူ စဉ်းစားနေစဉ်မှာပင် လူအုပ်ကြီးသည် အချိန်တခဏကြာ တွေဝေတုံ့ဆိုင်းနေကြပြီးနောက် ကျင့်ကြံသူတစ်ဦးက ခြေထောက်ကိုမြှောက်ကာ လျှောက်လှမ်းသွားသည်ကို မြင်တွေ့လိုက်ရ၏။
သူ၏ ဖိနပ်စီးထားသော ခြေထောက်များ ရေထဲ သို့ကျသွားပြီး နောက်ထပ်အချိန်တခဏ၌ သူ၏ခန္ဓာကိုယ်မှ မီးထတောက်လေသည်။
သူသည် ပြင်းထန်စွာ နာကျင်နေသဖြင့် ရေထဲသို့ အလျင်အမြန် ငုပ်လျှိုးလိုက်သော်လည်း မီးတောက်များသည် မြစ်ရေကြောင့် ငြိမ်းသေမသွားသည်ကို သူ မြင်တွေ့လိုက်ရသည်။ ရေနှင့်မီးပေါင်းစပ်မှုက သူ၏ဝေဒနာကို ပိုဆိုးစေပြီး မကြာမီမှာပင် အလောင်းကောင် ဖြစ်သွားတော့သည်။
"ရေထဲဆင်းရင်လည်း စည်းမျဥ်းကို ချိုးဖောက်တာပဲလား..."
မိုပိုင်ယဲ့ ကျောချမ်းသွားပေ၏။
ရတနာအရိပ်အယောင်ကိုပင် မမြင်တွေ့ရသေးဘဲ လူခုနစ်ယောက် သေပြီးသွားလေပြီ။
သူတို့ဘက်တွင် စုချန်တို့လူစုအပါအဝင် စုစုပေါင်း လူနှစ်ဆယ်ခန့်သာ ရှိသည်။ ထိုလူများအနက် သုံးပုံတစ်ပုံ သေဆုံးသွားသည်ကို ဘေးဖယ်ထားလျှင်ပင် အဓိက ပြဿနာမှာ လူအများစုသည် စည်းမျဥ်းကို နှစ်ကြိမ်ချိုးဖောက်ထားခြင်းပင်။ သူတို့သည် စည်းမျဥ်းကို ထပ်မံ၍ချိုးဖောက်မိပါက မသေလျှင်ပင် ဒဏ်ရာအပြင်းအထန် ရရှိသွားပေမည်။
"ရေကိုမထိဘဲနဲ့ ခုန်ကျော်သွားလို့လည်း မရဘူး..."
မြစ်၏အကျယ်အဝန်းကို ကြည့်ပြီးနောက် စုချန် ခေါင်းနပန်းကြီးသွားပေ၏။
ဤမြစ်သည် အနည်းဆုံး မီတာတစ်ရာခန့် ကျယ်ဝန်းသည်။ လှိုဏ်ဂူ၏အမြင့်ကြောင့် သူတို့သည် မြစ်ကိုခုန်ကျော်၍ မရသည့်အပြင် ရေထဲမှ ဖြတ်လျှောက်၍လည်း မရပေ။ သူတို့သည် မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်ခြင်းမရှိဘဲ ဤနေရာတွင်ပင် လှောင်ပိတ်မိပြီး သေဆုံးရတော့မည်လော။
သူသည် သူ၏နံဘေးမှ မိုပိုင်ယဲ့၏အကြံဉာဏ်ကို သိလိုသဖြင့် ကူကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်၏။
ဤအဆင့်သို့အရောက်တွင် သူတို့ထံ၌ တိုက်ခိုက်လိုစိတ်များ ပျောက်ဆုံးသွားကြပြီး စည်းကမ်းမချိုးဖောက်မိဘဲ လှိုဏ်ဂူထဲသို့ဝင်ရောက်ကာ ရတနာရှာဖွေနိုင်မည့် နည်းလမ်းကိုသာ တွေးတောနေကြသည်။
"ငါ့မှာ နည်းလမ်းတစ်ခု ရှိတယ်....အလုပ်ဖြစ်မလားတော့ မသိဘူး"
မိုပိုင်ယဲ့၏မျက်လုံးများ တောက်ပသွားပြီး သူ၏လက်ထဲတွင် မိုတောက်ဓားတစ်လက် ထွက်ပေါ်လာသည်။ သူသည် ထိုဓားကို ပေါ့ပေါ့ပါးပါး ပစ်လွှတ်လိုက်ရာ မိုတောက်ဓားသည် မလှမ်းမကမ်းရှိ ရေထဲတွင် ချက်ချင်းစိုက်ဝင်သွားပေ၏။
ထို့နောက် သူသည် နောက်ထပ် လက်နက်နှစ်ခု ထုတ်ယူကာ ပစ်လွှတ်လိုက်ရာ တစ်ခုနှင့်တစ်ခု မီတာဆယ်နှင့်ချီ၍ ကွာဝေးသွားသည်။ အဝေးမှ ကြည့်လျှင် ဤသည်မှာ ရေပေါ်တွင် စိုက်ထူထားသော တံတားတိုင်များအလားပင်။
"ရေစိုရင် စည်းမျဥ်းချိုးဖောက်တာဆိုတော့ လက်နက်တွေကိုနင်းပြီး ခုန်ကူးသွားရင် လွတ်နိုင်မလား.."
မိုပိုင်ယဲ့က ပြောဆိုသည်။
စုချန်၏မျက်လုံးများ တောက်ပသွား၏။
"ငါ နည်းလမ်း စဉ်းစားလို့ရပြီ...တစ်ယောက်လောက်ကိုလွှတ်ပြီး စမ်းကြည့်လိုက်တော့"
မိုပိုင်ယဲ့က လက်ဝှေ့ယမ်းလိုက်သည်။
စုချန်က ခေါင်းညိတ်ပြီး နောက်သို့လှည့်ကာ သူ၏လူများကို ထပ်မံ၍ ညွှန်ကြားလိုက်သည်။
ဤတစ်ကြိမ်တွင် ချင်ရှောင်ဖေးအမည်ရှိသော ကြယ်စင်မြစ်နယ်ပယ် ပဉ္စမအဆင့် ကျင့်ကြံသူတစ်ဦးပင်။ သူသည် လေလွင့်ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး စမ်းသပ်မှုများတွင် ပါဝင်လေ့မရှိသဖြင့် လူအများစုသည် သူ့ကို မသိကြချေ။
ဤသည်မှာ မြင်တွေ့ဖူးနေကျမဟုတ်သော လူတစ်ယောက်ပင်။
ချင်ရှောင်ဖေးကို ရွေးချယ်ခြင်းမှာ သူသည် ပိန်ပါးပြီး လျင်မြန်သောကြောင့်ဖြစ်သည်။
အမိန့်ရသည်နှင့် ချင်ရှောင်ဖေးသည် မိုတောက်ဓားမကြီးပေါ်သို့ ခုန်တက်လိုက်သည်။ တခြားသူများအတွက် ဤမျှထိ ကျဉ်းမြောင်းသော ဓားရိုးပေါ်တွင် ခြေကုပ်ယူနိုင်ရန် ခက်ခဲနိုင်သော်လည်း သူ့အတွက်မူ ပြဿနာမရှိချေ။
ဓားရိုးပေါ်သို့ တည်ငြိမ်သက်စွာ ဆင်းသက်လိုက်ပြီးနောက် ချင်ရှောင်ဖေးက သက်ပြင်းချလိုက်သည်။။
"အဆင်ပြေလောက်တယ်..."
သူ၏စကားမဆုံးခင်မှာပင် သူ၏ခန္ဓာကိုယ်ပေါ်မှ မီးတောက်များ ထွက်ပေါ်လာပြီး ပြင်းထန်စွာ လောင်ကျွမ်းသွားလေသည်။
မထင်မှတ်ဘဲ ဤသည်မှာလည်း စည်းမျဥ်းချိုးဖောက်ရာ ရောက်နေသည်။ ချင်ရှောင်ဖေး၏မျက်နှာအမူအယာ ပျက်ယွင်းသွားပြီး သူသည် စကားအပိုမပြောတော့ဘဲ ရေထဲသို့ခုန်ချကာ လုံးဝန်းသောသစ်သီးတစ်လုံးကို မျိုချလိုက်၏။
နောက်ထပ်အချိန်တခဏတွင် အေးစက်သော အရှိန်အဝါများ သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။ ဤအေးစက်မှုသည် မီးတောက်များနှင့် အသက်ရှူချိန်နှစ်ဆယ်စာခန့် အားပြိုင်နေပြီးနောက် မီးတောက်များ တဖြည်းဖြည်း ငြိမ်သက်သွားပြီး ငြိမ်းသေသွားတော့သည်။
ထိုအချိန်မှသာ သူ သက်ပြင်းချနိုင်ပေ၏။ ချင်ရှောင်ဖေး၏မျက်နှာသည် လူသေတစ်ယောက်ကဲ့သို့ ဖြူဖပ်ဖြူရော်ဖြစ်နေသည်။
သို့ရာတွင် သူ အသက်ရှင်သန်နိုင်ခဲ့ပေ၏။
"ငါ... ငါက တတိယပြစ်ဒဏ်ကို ကျော်ဖြတ်နိုင်ခဲ့တယ်"
ချင်ရှောင်ဖေး၏မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် နီမြန်းလာပြီး သူ၏လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်သည်။
သူသည် တခြားလူများကဲ့သို့ သေရတော့မည်ဟု တွေးထင်ခဲ့သော်လည်း သေရေးရှင်ရေးအချိန်တွင် သူ ရခဲ့သောသစ်သီးသည် အဓိကအခန်းကဏ္ဍမှ အသုံးဝင်သွားခဲ့သည်။
"အဲ့ဒါ ရေခဲအေးသစ်သီးပဲ"
မိုပိုင်ယဲ့၏မျက်လုံးများ တောက်ပသွားပေ၏။
တတိယအကြိမ် စည်းကမ်းချိုးဖောက်မှုကြောင့် ဖြစ်ပေါ်လာသော မီးတောက်များသည် လူတိုင်းကို မီးလောင်၍ သေဆုံးစေမည် မဟုတ်ဘဲ အသက်ရှူချိန်နှစ်ဆယ်စာခန့် တောင့်ခံနိုင်လျှင် အသက်ရှင်သန်နိုင်ကြောင်း သူ သိလိုက်ရသည်။
စည်းမျဥ်းကိုသိလိုက်ရပြီးနောက် အခြေအနေသည် မျှော်လင့်ချက် မမဲ့သေးသော်လည်း မြစ်ကို မည်ကဲ့သို့ ဖြတ်ကူးရမည်ဟူသော မေးခွန်းကမူ အဖြေမရသေးချေ။
သူတို့သည် ရေမထိဘဲ လက်နက်ပေါ်တွင် ရပ်နေလျှင်လည်း အသက်ရှင်သန်နိုင်ရန် ခက်ခဲပေလိမ့်မည်။
"လက်နက်တွေ အလုပ်မဖြစ်ရင်...လှေဆောက်ကြည့်မလား"
စုချန်က ခန့်မှန်းလိုက်သည်။
"လှေ ဟုတ်လား..ငါတို့က လှေကို ဘယ်ကနေ သွားရှာရမှာလဲ"
မိုပိုင်ယဲ့ ဆွံ့အသွားသည်။
လူများအားလုံးထံတွင် သိုလှောင်လက်စွပ် ရှိသော်လည်း မည်သူက လှေတစ်စင်းကို ထည့်ထားမည်နည်း။
"ငါ့မှာ လှေမရှိပေမယ့် သစ်သားစည်ပိုင်းကြီး တစ်ခုရှိတယ်...ဒါကို လှေအဖြစ် သုံးလို့ရလောက်တယ်"
စုချန်က သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ သစ်သားစည်ပိုင်းကြီးတစ်ခုက လူများအားလုံး၏ရှေ့တွင် ထွက်ပေါ်လာသည်။ ဤသည်မှာ ရေစည်ပိုင်းကြီးတစ်ခုကဲ့သို့ အလွန်ကြီးမားပြီး လူတစ်ယောက် လွယ်လင့်တကူ ဝင်ဆန့်နိုင်ပေ၏။
"မင်းက ဘာလို့ အဲ့ဒါကြီးကို သယ်လာတာလဲ"
မိုပိုင်ယဲ့သည် လုံးလုံးလျားလျား နားမလည်နိုင် ဖြစ်သွားသည်။
သိုလှောင်လက်စွပ်ထဲသို့ ရေစည်ပိုင်း ထည့်ထားသူကို သူ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။
"ပြီးခဲ့တဲ့ စမ်းသပ်မှုတုန်းက ငါက ရေအများကြီး သယ်ဖို့လိုလို့ တစ်ခု ထည့်လာခဲ့တာပဲ..."
စုချန်က သာမာန်ကာလျှံကာ ရှင်းပြလိုက်ပြီး ဤကိစ္စကို ဆက်မပြောတော့ချေ။
"ဒီတစ်ကြိမ်တော့ မင်းရဲ့အလှည့်ပဲ...လူလွှတ်လိုက်တော့"
မိုပိုင်ယဲ့က ခေါင်းညိတ်ပြပြီး သူ၏အဖွဲ့ကို ကြည့်လိုက်၏။
သူ့ဘက်တွင် ယခင်ကတည်းက တစ်ဖက်လူများထက် လူအင်အားနည်းပါးနေပြီး လူအနည်းငယ် ထပ်မံ၍ သေဆုံးသွားသဖြင့် လူမကျန်သလောက်နီးပါး ဖြစ်နေသည်။
"မုရှောင်ချင်း မင်း သွားလိုက်..."
ကိုယ်စားလှယ်ကို လျင်မြန်စွာ ရွေးချယ်လိုက်သည်။
ကြွင်းကျန်သောလူများအနက် ဤမိန်းကလေးသည် စည်းကမ်းချိုးဖောက်မှုအနည်းဆုံး ဖြစ်ပြီး တစ်ကြိမ်သာ ရှိသေးသည်။ သူမသည် ဤစမ်းသပ်မှု၌ မှားယွင်းသွားလျှင်ပင် ဒုတိယပြစ်ဒဏ်ဖြစ်သော လေပွေဓားကပ်ဘေးကို ခံနိုင်ရည်ရှိပေသည်။
ဂိုဏ်းချုပ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် တာဝန်ရှောင်လွှဲ၍မရကြောင်း သိသဖြင့် မုရှောင်ချင်း သူမ၏နှုတ်ခမ်းကိုကိုက်ကာ သစ်သားစည်ပိုင်းကို ကြည့်လိုက်သည်။ ထို့နောက် သူမသည် ထိုအရာကို ဖြည်းညှင်းစွာ ကိုင်တွယ်ပြီး ရေစပ်သို့ဆွဲယူကာ ခုန်ဝင်လိုက်၏။
သူမသည် အလွန်ပေါ့ပါးသဖြင့် သစ်သားစည်ပိုင်းသည် ရေပေါ်တွင် ပေါလောပေါ်နေသည်။ သို့ရာတွင် သူမသည်လည်း သူမ၏ရှေ့မှ ချင်ရှောင်ဖေးကဲ့သို့ပင် ရေထဲသို့ဝင်လိုက်သည်နှင့် လေပွေဓားများဖြင့် တိုက်ခိုက်ခြင်းကို ခံလိုက်ရတော့သည်။
"မကောင်းတော့ဘူး"
မိုပိုင်ယဲ့ စိတ်လှုပ်ရှားသွားပေ၏။
သစ်သားစည်ပိုင်းဖြင့်လည်းမရ တံတားထိုး၍လည်းမရသဖြင့် သူတို့သည် ဤနေရာတွင် ပိတ်မိပြီး သေဆုံးရတော့မည်လော.....
အသက်ရှူချိန်နှစ်ဆယ်ခန့်အကြာတွင် လေပွေဓားများ ရပ်တန့်သွားပြီး ဒဏ်ရာများဖြင့် ပြည့်နှက်နေသော မုရှောင်ချင်းက သစ်သားစည်ပိုင်းထဲမှ တွားသွားထွက်လာကာ အသက်ပြင်းပြင်း ရှူရှိုက်နေသည်။
သူမ၏စွမ်းအားသည် အလွန်နည်းပါးသဖြင့် လေပွေဓားကပ်ဘေးဖြင့်ပင် သေလုမျောပါးဖြစ်သွားခဲ့သည်။ မုဟုန်တောက်သည် အလျင်အမြန် ပြေးသွားပြီး သူမကို ကုသရေးဆေးလုံးများ တိုက်ကျွေးလိုက်ရာ သူမ ပြန်လည်၍ သက်သာလာသည်။
ဗွမ်း...
စည်းမျဥ်းသည် မည်သည့်အရာဖြစ်သည်ကို လူများအားလုံး စဉ်းစားနေစဉ်မှာပင် ရေများလှုပ်ခတ်သွားသည့်အသံကို ကြားလိုက်ရပေ၏။ ဤသည်မှာ အစောပိုင်းက ရေထဲသို့ကျသွားသော ချင်ရှောင်ဖေးသည် ယခုချိန်၌ မြစ်တစ်ဖက်ကမ်းသို့ လျှောက်လှမ်းသွားနေခြင်းပင်။
စည်းမျဥ်းကို တစ်ကြိမ်ချိုးဖောက်ပြီးပါက ပြစ်ဒဏ်တစ်ကြိမ် ခံရပေမည်။ ဆိုလိုသည်မှာ ချင်ရှောင်ဖေးသည် လက်ရှိစည်းမျဥ်းကို ထပ်မံ၍ချိုးဖောက်လျှင်ပင် အကာအကွယ်အဆောင်လက်ဖွဲ့ကို ရရှိထားသကဲ့သို့ ဖြစ်နေပေမည်။
ထို့ကြောင့် သူသည် စည်းကမ်းများကို ဂရုစိုက်ရန်မလိုတော့ဘဲ ရေထဲ၌ ဖြတ်လျှောက်သွားနိုင်သည်။
"ခဏလေး..."
သူ ဝေးသထက်ဝေးသွားသည်ကို မြင်တွေ့ချိန်၌ မိုပိုင်ယဲ့သည် မနေနိုင်တော့ဘဲ လှမ်းခေါ်လိုက်၏။
"ဂိုဏ်းချုပ်မို...ဘာကိစ္စ ရှိလို့လဲ"
ချင်ရှောင်ဖေးက ပြန်လှည့်ကြည့်လေသည်။
"ခုဏက ရေခဲအေးသစ်သီး ကျန်သေးလား...ငါက မြေနဂါးမြက်ပင်တစ်ပင်နဲ့ လဲချင်တယ်...."
မိုပိုင်ယဲ့က အံ့တင်းတင်းကြိတ်ပြီး ဆေးပင်တစ်ပင်ကို မြှောက်ပြလိုက်သည်။
မြေနဂါးမြက်ပင်နှင့် ရေခဲအေးသစ်သီးတို့သည် ဈေးနှုန်းတူညီပြီး အဖိုးတန်ရှားပါးသော ဆေးပင်များပင်။ ပုံမှန်အရဆိုလျှင် ဤအလဲအလှယ်ရာသည် ညီမျှသည်ဟု ယူဆနိုင်ပေ၏။ သို့ရာတွင် ဤနေရာ၌မူ စည်းကမ်းချိုးဖောက်မှုကြောင့် ဖြစ်ပေါ်လာသော တတိယမီးတောက်ကပ်ဘေးကို ရေခဲအေးသစ်သီးမှ တောင့်ခံနိုင်သဖြင့် တန်ဖိုးချက်ချင်းပြောင်းလဲသွားသည်။
ချင်ရှောင်ဖေးက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ သူသည် ဤရေခဲအေးသစ်သီး၏အသုံးဝင်မှုကို ရှင်းရှင်းလင်းလင်း နားလည်ထားသည်။
"ဂိုဏ်းချုပ်မိုက လိုချင်လို့လား.... ရတယ်လေ ..မြေနဂါးမြက်ပင်ဆယ်ပင်နဲ့ လဲမယ်"
"ဘာ...."
မိုပိုင်ယဲ့၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
တန်ဖိုးတူပစ္စည်းနှစ်မျိုးကို ဆယ်ဆဈေးတင်ထားသည်မှာ အလွန်တရားလွန်ပေ၏။