ငါက လော့ထျန်းယ
Vol. 27 Ch. 327
အချိန်တခဏအကြာတွင် မိုပိုင်ယဲ့သည် တစ်စုံတစ်ခုကို ရှာတွေ့သည့်အလား နေရာတစ်နေရာသို့ ရောက်ရှိသွားသည်။ သူသည် အပိုပါလာသော မိုတောက်ဓားတစ်ချောင်းကို ထုတ်ယူပြီး မြေပြင်ပေါ်ရှိ နေရာတစ်နေရာကို ရှင်းလင်းလိုက်၏။
ထို့နောက် သူသည် မြေသားများကို တူးထုတ်လိုက်ရာ ကျောက်လှေကားထစ်ငယ်တစ်ခု ထွက်ပေါ်လာသည်။
မိုပိုင်ယဲ့၏မျက်လုံးများ တောက်ပသွားသည်။
"ဒီနေရာပဲ..."
မြေသားများနှင့်ပေါင်းပင်များကို ဆက်တိုက် တူးထုတ်ပြီးနောက် နာရီဝက်ခန့်အကြာတွင် လှေကားထစ်ဆယ်ထစ်ကျော် ထွက်ပေါ်လာသည်။ ထိုလှေကားထစ်များ၏အောက်ဆုံးတွင် နှစ်မီတာခန့် မြင့်မားသော ကျောက်ယဇ်ပလ္လင်ငယ်တစ်ခု ရှိနေသည်။ ထိုအရာကို သာမန်အပြာရောင်ကျောက်တုံးဖြင့် ထွင်းထုထားပြီး အလွန် ရိုးရှင်းကာ မည်သည့်ထူးခြားချက်မျှ မရှိချေ။
မိုပိုင်ယဲ့သည် လှေကားထစ်၏အောက်ခြေသို့ ဆင်းသက်သွားပြီး အမွှေးတိုင်ရှည်သုံးတိုင်ကို ထုတ်ယူကာ မီးညှိလိုက်သည်။ ထို့နောက် သူသည် ပါးစပ်မှ တီးတိုးရေရွတ်ရင်း ကျောက်ယဇ်ပလ္လင်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားကာ အမွှေးတိုင်များကို စိုက်ထူလိုက်၏။
ထိုအချိန်မှသာ ကျောက်ယဇ်ပလ္လင်ပေါ်တွင် အမွှေးတိုင်စိုက်ရန်အတွက် အထူးဖန်တီးထားသော အပေါက်သုံးပေါက် ရှိနေသည်ကို မုရှောင်ချင်းက သတိထားမိလိုက်သည်။
မြေကြီးထဲမှ တူးဖော်ရရှိသော ကျောက်ယဇ်ပလ္လင်နှင့် အမွှေးတိုင်စိုက်သည့်နေရာကို မြင်လိုက်ရသဖြင့် မုရှောင်ချင်း အံ့အားသင့်သွားသည်။ ထို့နောက် တီးတိုးရေရွတ်သံတစ်သံက သူမ၏နားထဲသို့ ဝင်ရောက်လာသည်။
"ကျောင်းတော်သားမိုပိုင်ယဲ့က ဘိုးဘေးတွေရဲ့ ကောင်းချီးမင်္ဂလာကို ရရှိဖို့ ဒီနေရာမှာ လေးလေးနက်နက် ဆုတောင်းပါတယ်"
"ကျောင်းတော်သား...."
မုရှောင်ချင်း၏လှပသောမျက်လုံးများ ပြူးကျယ်သွားပေ၏။
ဤဂိုဏ်းချုပ်မိုအကြောင်း သူမ ယခင်က ကြားသိခဲ့ဖူးသည်။ သူသည် လက်စားချေတတ်ပြီး အလွန်ရက်စက်ကြမ်းကြုတ်သူဟု နာမည်ကြီးသည်။ သူသည် လူရိုင်းတစ်ယောက် မဟုတ်သော်လည်း အလွန်ကွာခြားခြင်းမရှိပေ။ ထိုသို့ဆိုသည့်တိုင် သူသည် သူကိုယ့်သူ ကျောင်းတော်သားဟု ပြောနေပေ၏။ သူသည် မည်သည့်နေရာ၌ ကျောင်းတော်သားတစ်ယောက်နှင့် တူနေသနည်း။
သူမ စဉ်းစားတွေးတောနေစဉ်မှာပင် သူမတို့ရှေ့ရှိ ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေသည် သူ၏ယဇ်ပူဇော်မှုကို လက်ခံရရှိသွားသည့်အလား အာရုဏ်ဦးအလင်းရောင်ကဲ့သို့ စီးဆင်းနေသည့် အလင်းတန်းများ ထွက်ပေါ်လာသည်။ နောက်ထပ်အချိန်တခဏတွင် ကျောက်လှေကားထစ်၏အဆုံးနှင့် မျက်နှာချင်းဆိုင် တောင်ကုန်းသည် ထူထပ်သိပ်သည်းသော မြူခိုးများဖြင့် ပြည့်နှက်သွားပေ၏။ မြူခိုးများ ပျောက်ကွယ်သွားချိန်တွင် ထူးဆန်းသော တံခါးပေါက်တစ်ခုက လူများအားလုံး၏ရှေ့တွင် ထွက်ပေါ်လာသည်။
"ဒါက တကယ့်ကို သုံးရောင်ခြယ်ကုန်းမြေပဲ"
မုရှောင်ချင်းသည် အလွန်အံ့အားသင့်နေသဖြင့် စကားမပြောနိုင် ဖြစ်သွားသည်။
ထိုတံခါးပေါက်တဝိုက်တွင် တောက်ပသော အလင်းရောင်များ ထွက်ပေါ်နေပြီး အတိအကျ အရောင်သုံးမျိုးဖြစ်ကာ အပိုအလိုမရှိချေ။
"သွားကြစို့....."
မိုပိုင်ယဲ့က အပြုံးဖြင့်ခေါင်းညိတ်ပြပြီး အရင်ဆုံးဝင်သွားသည်။ လူများအားလုံးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏မျက်နှာများပေါ်တွင် ဝမ်းသာမှုများဖြင့် ပြည့်နှက်နေကာ အနောက်မှ ထပ်ချပ်မကွာကပ်လိုက်သွားကြသည်။
တံခါး၏နောက်တွင် စိတ်ဝိညာဉ်ချီများဖြင့် ပြည့်နှက်နေသော တောင်ကြားငယ်လေးတစ်ခု ရှိသည်။ ထိုတောင်ကြားအတွင်းသို့ ဝင်ဝင်ချင်းမှာပင် နှစ်တစ်ထောင်ကျော် သက်တမ်းရှိသော အဖိုးတန်ဆေးပင် အမြောက်အများကို မုရှောင်ချင်း မြင်တွေ့လိုက်ရသည်။
သူမသည် အလွန်စိတ်လှုပ်ရှားသွားပေ၏။
တခြားအရာများကို ဘေးဖယ်ထားလျှင်ပင် ဤဆေးပင် အနည်းငယ်ဖြင့် ဤခရီးစဉ်ကို လာခဲ့ရသည်မှာ ထိုက်တန်နေလေပြီ။
လင်းယုရှန်နှင့်တခြားသူများ၏ မျက်လုံးများသည်လည်း တောက်ပနေသည်။ သူတို့က ထိုဆေးပင်များကို ခူးဆွတ်ရန် ဟန်ပြင်လိုက်စဉ်မှာပင် မိုပိုင်ယဲ့က ဟန့်တားလိုက်သည်။
"ငါ ထင်တာ မမှားဘူးဆိုရင် အဲ့ဒီကျန်းရွှမ်က သေချာပေါက် လိုက်လာလိမ့်မယ်... ငါတို့တွေက ခြုံခိုတိုက်ခိုက်ဖို့ ပြင်ဆင်ရအောင်...သူ ဝင်လာတာနဲ့ သတ်ပစ်မယ်.... ပြီးမှ မင်းတို့ ဆန္ဒရှိသလို ဆေးပင်တွေကို ခူးဆွတ်လို့ရတယ်"
"ကောင်းပြီလေ"
ရတနာများသည် သူတို့၏မျက်စိရှေ့သို့ ရောက်နေပြီဖြစ်သောကြောင့် အလျင်လိုရန် မလိုတော့ချေ။ လင်းယုရှန်နှင့်တခြားသူများသည် ခေါင်းညိတ်လိုက်ကြပြီး သူတို့၏လက်နက်များကို ထုတ်ယူကာ တံခါး၏နောက်တွင် ပုန်းအောင်းလိုက်ကြသည်။
ထိပ်သီးကျင့်ကြံသူ အမြောက်အများမှ တပြိုင်နက်တည်း ခြုံခိုတိုက်ခိုက်မည်ဖြစ်ရာ ကြယ်စင်မြစ်နယ်ပယ် တတိယအဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ယောက်ကို မဆိုထားနှင့် ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ်၌ ရှိနေသူဆိုလျှင်ပင် ချက်ချင်းသေကြေပျက်စီးသွားနိုင်သည်။
မိုပိုင်ယဲ့၏ခန့်မှန်းချက်သည် မှန်ကန်ပေ၏။ သူတို့ ပုန်းအောင်းပြီး မကြာမီမှာပင် လူရိပ်တစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။ ဤသည်မှာ သူတို့၏နောက်သို့ လိုက်လာသော ကျန်းရွှမ်ပင်။
"ဒီမိုပိုင်ယဲ့က ဒီလောက်ထိ ယုံကြည်မှု ရှိနေတာ မဆန်းတော့ဘူး.... သူက ဒီနယ်မြေရဲ့ လျှို့ဝှက်ချက်တွေ အများကြီးကို သိထားပြီးသားကိုး..."
ကျန်းရွှမ်ကသက်ပြင်းချလိုက်ပြီး အထဲသို့ဝင်ရန် ဟန်ပြင်လိုက်သော်လည်း ရုတ်တရက် ရပ်တန့်လိုက်၏။
"ငါ လိုက်လာမယ်ဆိုတာကို သိနေမှတော့ သူတို့က အထဲမှာပုန်းအောင်းပြီး ငါတို့ကို ခြုံခိုတိုက်ခိုက်ဖို့ စောင့်နေမှာ သေချာတယ်"
မိုပိုင်ယဲ့သည် တုံးအသူ မဟုတ်ချေ။ ကျန်းရွှမ်နှင့်သူ့အကြားတွင် ရန်ငြိုးရှိနေသဖြင့် သူသည် ထိုနေရာအတွင်းတွင် အေးအေးဆေးဆေး စောင့်နေမည်မှာ သေချာပေါက်ပင်။ အကယ်၍ ကျန်းရွှမ်သာ ဤအတိုင်း ဝင်သွားရင် ခြုံခိုတိုက်ခိုက်ခြင်းခံရနိုင်သည်။
သို့ရာတွင် မိုပိုင်ယဲ့ကို ဤအတိုင်း လွှတ်ပေးလိုက်လျှင် အလွန်လွှတ်ပေးထားရာ ကျသွားသကဲ့သို့ သူ ခံစားရသည်။
မည်သို့ပင်ဆိုစေကာမူ မိုပိုင်ယဲ့သည် ရတနာများကို ရရှိသွားပြီး ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့်သို့ ချိုးဖျက်ဝင်ရောက်သွားပါက သူ့ကို သတ်ဖြတ်ရန် လွယ်ကူတော့မည် မဟုတ်ချေ။
"ငါ တစ်ယောက်တည်းဆိုရင်တော့ သေချာပေါက် မဖြစ်နိုင်ဘူး....နောက်ထပ် လူနည်းနည်းလောက် ထပ်လာရင်တော့ အခွင့်အရေး ရှိနိုင်တယ်"
အတွေးတစ်ချက်ဖြင့် ကျန်းရွှမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။ သူသည် မြူခိုးများဆီသို့ ခြေလှမ်းနှစ်လှမ်းခန့် တိုးသွားပြီး သူ၏လက်ချောင်းများဖြင့် ညင်သာစွာ ထိတွေ့လိုက်သည်။
အချိန်တခဏအတွင်းမှာပင် မရေမတွက်နိုင်သော ကောင်းကင်ကံကြမ္မာစွမ်းအားများသည် မြူခိုးများအတွင်းသို့ စီးဝင်သွားပေ၏။ မူလသုံးရောင်ခြယ်အလင်းတန်းသည် ချက်ချင်းဆိုသလိုပင် မျက်စိကျိန်းလောက်အောင် တောက်ပလာပြီး လေထုထဲတွင် စီးဆင်းနေသော ရေအလား လှိုင်းပုံစံများ ဖြစ်ပေါ်လာသည်။
ထိုအရာများအားလုံးကို လုပ်ဆောင်ပြီးနောက် ကျန်းရွှမ်က သူ၏ခန္ဓာကိုယ်ကို ညင်သာစွာ လှုပ်ခတ်လိုက်ရာ ရုပ်ဖျက်ခြင်းစွမ်းအားသည် သူ၏မျက်နှာနှင့်အသွင်အပြင်ကို လုံးလုံးလျားလျား ပြောင်းလဲလိုက်သည်။ သူသည် အသားအရေ အနည်းငယ်ဝါဖျော့သော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားပေ၏။
ထိုသို့လုပ်ပြီးနောက် သူသည် အလျင်လိုခြင်းမရှိဘဲ နေရာတစ်နေရာတွင် မတ်တတ်ရပ်ကာ စောင့်ဆိုင်းလိုက်သည်။
သူ၏စွမ်းအားကြောင့် သုံးရောင်ခြယ်အလင်းတန်းသည် အရပ်မျက်နှာအဘက်ဘက်သို့ ဖြာထွက်သွားကာ လူအများကို သတိပေးလိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ ဤတစ်ကြိမ်တွင် ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေထဲသို့ ဝင်ရောက်လာသော ထိပ်သီးကျင့်ကြံသူများ မရေမတွက်နိုင်အောင် ရှိနေသည်။ ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် ထိပ်သီးကျင့်ကြံသူတချို့ ရောက်လာလျှင်ပင် မိုပိုင်ယဲ့ ပြဿနာ ရှာနိုင်တော့မည် မဟုတ်ချေ။
အမှန်တကယ်ကိုပင် အလျင်အမြန် လျှောက်လှမ်းလာသောခြေသံများ ထွက်ပေါ်လာပြီး အချိန်ဆယ့်ငါးမိနစ် မပြည့်မီမှာပင် လူဆယ်ယောက်ကျော် ရောက်ရှိလာသည်။
ထိုလူများသည် အလင်းတန်းများကို မြင်တွေ့သော်လည်း ရှေ့သို့တိုးမသွားကြချေ။ ထိုအစား သူတို့သည် ပတ်ဝန်းကျင်ကို သတိထား၍ ကြည့်ရှုနေကြ၏။ သုံးရောင်ခြယ်ကုန်းမြေအတွင်းတွင် ရတနာများ သေချာပေါက် ရှိနေမည်ဖြစ်ကာ သူတို့၏လက်ထဲသို့ မည်သည့်အရာမျှမရောက်ခင် အသတ်ခံရမည်ကို သူတို့ မလိုလားကြချေ။
ကျန်းရွှမ်က လူအုပ်ကြီးကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။
ဤနေရာသို့ စုစုပေါင်း လူဆယ့်နှစ်ယောက် ရောက်လာပေ၏။ အသန်မာဆုံး ကျင့်ကြံသူနှစ်ယောက်သည် ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် အစောပိုင်းတွင် ရှိနေသည်။ ကြွင်းကျန်သောလူများအနက် အများစုသည် ကြယ်စင်မြစ်နယ်ပယ် စတုတ္ထအဆင့်နှင့်ပဉ္စမအဆင့် ကျင့်ကြံသူများပင်။ သူတို့သည် အားနည်းခြင်းမရှိသော်လည်း မိုပိုင်ယဲ့တို့အဖွဲ့နှင့် နှိုင်းယှဉ်လျှင် များစွာနိမ့်ကျနေပေ၏။
"လူကြီးမင်းတို့... ငါက လော့ထျန်းယ...လေလွင့်ကျင့်ကြံသူ တစ်ယောက်ပါ...ဒီနေရာကို မတော်တဆ ရှာတွေ့ခဲ့တာ... ငါရဲ့ကျင့်ကြံဆင့်က နိမ့်ပါးတော့ ငါတစ်ယောက်တည်း အပိုင်မစီးရဲပါဘူး.... လူကြီးမင်းတို့နဲ့အတူ ဒီနယ်မြေထဲမှာ ရှာဖွေချင်ပါတယ်....ရလာတဲ့ ရတနာတွေကို အညီအမျှ ခွဲဝေယူကြမယ်...လူကြီးမင်းတို့ ဘယ်လိုသဘောရလဲ"
လူအမြောက်အများရောက်လာသည်ကို မြင်တွေ့ချိန်၌ ကျန်းရွှမ်က သူတို့ကိုကြည့်ပြီး ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုလိုက်သည်။
"ငါတို့နဲ့ မျှဝေမှာလား...."
"ကောင်းပြီလေ... မင်းမှာ ဒီလိုဆန္ဒမျိုးရှိရင် အကောင်းဆုံးပဲ...ငါတို့က မင်းကို သတ်ဖို့မလိုတော့ဘူး"
ထိုစကားကိုကြားချိန်တွင် မူလက သတိထားနေသော လူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဖြည်းညှင်းစွာ လျှောက်လှမ်းလာကြသည်။
"အစ်ကိုလော့ပြောတာ အမှန်ပဲ.. သုံးရောင်ခြယ်ကုန်းမြေထဲမှာ မရေမတွက်နိုင်တဲ့ ရတနာတွေ ရှိတယ်...တစ်ယောက်တည်း အကုန်ယူလို့ မရနိုင်ဘူး... ငါတို့တွေ မဟာမိတ်ဖွဲ့တာက တကယ်တော့ ကောင်းတဲ့အရာပဲ"
"ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေက အန္တရာယ်တွေနဲ့ ပြည့်နှက်နေတာ....လောဘကြီးလွန်းရင် ဘယ်လိုသေသွားမှန်းတောင် သိလိုက်မှာ မဟုတ်ဘူး....အစ်ကိုလော့က တကယ့်ကို စဥ်းစားတွေးခေါ်တက်တဲ့ လူတစ်ယောက်ပဲ... ငါ သဘောတူတယ်"
လူအုပ်အကြားတွင် အသန်မာဆုံးဖြစ်သော ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် ထိပ်သီးကျင့်ကြံသူနှစ်ယောက်က အရင်ဆုံး သဘောတူလိုက်ကြသည်။
သူတို့၏စကားများကို ကြားချိန်တွင် ကျန်းရွှမ်က ခပ်ဖျော့ဖျော့ပြုံးလိုက်၏။
"ဒါဆိုရင် အတည်ပြုလိုက်ကြရအောင်...ငါတို့တွေ ယာယီမဟာမိတ်ဖွဲ့ကြမယ်... ဒီနယ်မြေထဲမှာ အန္တရာယ်နဲ့ကြုံလာရင် ငါတို့တွေ တစ်ယောက်ကိုတစ်ယောက် ကူညီကြမယ်... ဒီနေရာကနေ ထွက်သွားတဲ့အချိန်မှာ လှုပ်ရှားချင်ရင် ဒါမှမဟုတ် ပစ္စည်းတွေ လုယူချင်ရင်တော့ လူတိုင်းက ကိုယ့်ရဲ့အရည်အချင်းကို ကိုယ်အားကိုးကြတာပေါ့"
"ဒါက သဘာဝကျတယ်"
လူများအားလုံး ခေါင်းညိတ်လိုက်ကြသည်။
ဤသည်မှာ အကောင်းဆုံးအစီအစဥ်ပင်။ သူတို့သည် အကျိုးအမြတ်အတွက် ယာယီမဟာမိတ်ဖွဲ့ကြခြင်းပင်။ အကျိုးအမြတ်များကို ရယူပြီးသွားပါက သူတို့သည် မည်သည့်ကိုယ်ကျင့်တရား ကန့်သတ်ချက်မျှမရှိဘဲ သူတို့ ဆန္ဒရှိသည့်အတိုင်း လုပ်ဆောင်နိုင်ပေမည်။
ကျန်းရွှမ်က ပြောဆိုသည်။
"နယ်မြေထဲက အခြေအနေကို မသိရသေးဘူး... ဒီလိုလုပ်ပါလား... ငါ အရင် ဝင်သွားမယ်... အန္တရာယ်မရှိဘူးဆိုတာကို အတည်ပြုပြီးရင် မင်းတို့ လိုက်လာခဲ့ကြတော့"
"ခဏလေး....ငါတို့က အစ်ကိုလော့ကို မယုံတာတော့ မဟုတ်ပါဘူး...ဒါပေမဲ့ လူတိုင်းက ဒီနယ်မြေကို မြင်ပြီးပြီဆိုမှတော့ ငါတို့အားလုံး အတူတူဝင်သွားသင့်တယ် မဟုတ်လား"
ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် ထိပ်သီးကျင့်ကြံသူတစ်ယောက်က ရှေ့သို့ထွက်လာသည်။
"အမှန်ပဲ...ဘာလို့ မင်းက အရင် ဝင်ရမှာလဲ....ငါတို့အားလုံးက ဒီနယ်မြေကို အတူတူ တွေ့ခဲ့တာပဲ...ငါတို့အားလုံးအတူတူ ရှေ့တိုးနောက်ဆုတ်လုပ်မှ သဘာဝကျမှာပေါ့"
တခြားကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် ထိပ်သီးကျင့်ကြံသူကလည်း အေးစက်စက် နှာမှုတ်လိုက်သည်။
ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သော်လည်း သူ၏မျက်လုံးများထဲတွင် အေးစက်စက်အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားပေ၏။
သူတို့ထံမှ ဤကဲ့သို့သဘောထားမျိုး ထွက်လာအောင် မျှားခေါ်ရန်အတွက် သူသည် သုံးရောင်ခြယ်ကုန်းမြေ၏အလင်းတန်းများကို တမင်သက်သက် အသက်သွင်းခဲ့ခြင်းပင်။ သူက ချက်ချင်းဆိုသလိုပင် ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။
"ကောင်းပြီလေ...ငါတို့အားလုံး အတူတူ ဝင်ကြတာပေါ့...ဒါပေမဲ့ ဝင်ပေါက်က ကျဉ်းတယ်.... တစ်ခါဝင်ရင် နှစ်ယောက်ပဲ ဝင်လို့ရတယ်...မင်းတို့ အရင်သွားလိုက်....ငါက တခြားသူတွေနဲ့အတူ လိုက်ခဲ့မယ်"
"ကောင်းပြီလေ"
ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် ထိပ်သီးကျင့်ကြံသူနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏လက်နက်များကို ဆွဲထုတ်ကာ တံခါးပေါက်အတွင်းသို့ ပြေးဝင်သွားကြသည်။
"ငါတို့လည်း သွားကြစို့"
ကျန်းရွှမ်က နောက်သို့လှည့်ပြီး ပြောဆိုလိုက်ရာ တခြားသူများသည်လည်း တွန့်ဆုတ်မနေဘဲ တစ်ယောက်ပြီးတစ်ယောက် အတွင်းသို့ ဝင်သွားကြ၏။