မိုးပြာမြက်
Vol. 27 Ch. 328
အချိန်အတိုင်းအတာတစ်ခုထိ စောင့်ဆိုင်းပြီးနောက် မိုပိုင်ယဲ့နှင့်တခြားသူများသည် ဆက်လက်ပုန်းအောင်းနေရန် မဖြစ်နိုင်တော့ဟု ခံစားနေရစဉ်မှာပင် ဝင်ပေါက်ရှိတံခါး လှုပ်ခတ်သွားသည်ကို မြင်လိုက်ရသည်။
တစ်စုံတစ်ယောက် ဝင်ရောက်လာမှန်း သိလိုက်သည်နှင့် မိုပိုင်ယဲ့၏မျက်လုံးများ တောက်ပလာပြီး တခြားလူများအားလုံးကို ခေါင်းညိတ်ပြလိုက်သည်။ သူတို့သည် သူတို့၏လက်ထဲရှိ လက်နက်များကို ဖြည်းညှင်းစွာ ကိုင်မြှောက်လာပြီး ဘုန်းခနဲမြည်သံကြီးနှင့်အတူ တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။
ဓားချီစွမ်းအင်များနှင့် ကြီးမားသော စွမ်းအားလှိုင်းကြီးတစ်ရပ်သည် ချက်ချင်းဆိုသလိုပင် ရှေ့သို့တလိမ့်လိမ့် တိုးဝင်သွားသည်။ ရုတ်ချည်းဆိုသလိုပင် တံခါးဝမှဝင်ရောက်လာသည့် ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့်ကျင့်ကြံသူနှစ်ဦးသည် အလစ်အငိုက်ဖမ်း၍ တိုက်ခိုက်ခံလိုက်ရလေ၏။
သူတို့သည် အသစ်ပွင့်လာသည့် သုံးရောင်ခြယ်ကုန်းမြေ၌ ခြုံခိုတိုက်ခိုက်မည့်သူများ ရှိနေမည်ဟု ထင်မှတ်မထားခဲ့ချေ။ ထို့ကြောင့် သူတို့ထံသို့ တိုးဝင်လာသော စွမ်းအားများကို ခုခံရန် သူတို့၏လက်များကို အလျင်အမြန် မြှောက်လိုက်ကြသည်။
"ဘုန်း...."
သူတို့၏ရင်ဘတ်များ တင်းကြပ်သွားပြီး သူတို့နှစ်ယောက်လုံး၏မျက်နှာများ ဖြူဖျော့သွားကာ သွေးများကို အန်ထုတ်လိုက်ကြသည်။ ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ်တွင်ရှိသော ကျင့်ကြံသူနှစ်ဦးသည် တိုက်ကွက်တစ်ကွက်တည်းဖြင့် တပြိုင်နက်တည်း ဒဏ်ရာရရှိသွားပေ၏။
တစ်ဖက်လူများမှ ဆက်လက်၍တိုက်ခိုက်လျှင် သူတို့ တောင့်ခံနိုင်မည်မဟုတ်ကြောင်း သိထားသဖြင့် သူတို့သည် ခြေဖျားထောက်ကာ ရှေ့သို့အလျင်အမြန်ပြေးထွက်လိုက်ကြသည်။
သူတို့ထံတွင် ဆုတ်ခွာရန် လမ်းမရှိတော့သဖြင့် ခေါင်းမာမာဖြင့် ရှေ့ဆက်တိုးလိုက်ကြသည်။ တိုက်ခိုက်သူများသည် မည်သူမည်ဝါများဖြစ်ကြောင်းနှင့် သူတို့ အနိုင်ရနိုင်ချေရှိမရှိတို့ကို ကြည့်ရန်သာ ရှိတော့သည်။
သူတို့သည် ရှေ့သို့တိုးလိုက်သည်နှင့် တပြိုင်နက်တည်း ပြင်းထန်စွာတိုက်ခိုက်လိုက်ရာ ပျံ့နှံ့သွားသော စွမ်းအားများကြောင့် ခြုံခိုတိုက်ခိုက်သည့်အဖွဲ့မှာလည်း အနည်းငယ် ထိခိုက်မှုရှိသွားသည်။
"စုချန်... ဝမ်လင်းရွှန်လား"
ထိုစွမ်းအားများကို ခံစားမိလိုက်သည်နှင့် မိုပိုင်ယဲ့နှင့်တခြားလူများသည် နောက်ဆုတ်လိုက်ကြပြီး တိုက်ခိုက်မှုကို ရပ်တန့်ကာ တစ်ဖက်လူများကို မှတ်မိသွားကြသည်။
"မိုပိုင်ယဲ့လား"
စုချန်ဟု အမည်ရသော ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့်ကျင့်ကြံသူက မိုပိုင်ယဲ့ကို မှတ်မိသွားပြီး သူ၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
သုံးရောင်ခြယ်အလင်းတန်းကို မြင်ရပြီးနောက် သူတို့သည် ဤနေရာသို့ အလျင်အမြန် ရောက်ရှိလာသည်ဟု ထင်မှတ်ထားခဲ့သည်။ သို့ရာတွင် တစ်ဖက်လူများသည် သူတို့ထက်ပင် ပို၍လျှင်မြန်ကာ ဤနေရာ၌ ခြုံခိုတိုက်ခိုက်ရန် ကြိုတင်၍ စောင့်ဆိုင်းနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
"ဝှစ်... ဝှစ်... ဝှစ်"
သူတို့ စကားပြောဆိုနေစဉ်မှာပင် တံခါးဝမှ အလင်းရောင်များ ထပ်မံ၍လင်းလက်လာပြီး ကြွင်းကျန်သော လူများအားလုံး ဝင်ရောက်လာကြသည်။ သူတို့သည် မိုပိုင်ယဲ့နှင့်တခြားသူများကို မြင်လိုက်ရသဖြင့် သူတို့၏မျက်နှာများပေါ်တွင် သတိကြီးစွာထားနေသော အမူအယာများ ထင်ဟပ်လာသည်။
"ကျန်းရွှမ် ရောက်လာလိမ့်မယ်..ဒါကြောင့် သူ့ကို ခြုံခိုတိုက်ခိုက်မယ်လို့ မင်း ပြောခဲ့တာမဟုတ်လား... အခု သူတို့က ဘယ်လိုဖြစ်တာလဲ"
လင်းယုရှန်က ဒေါသထွက်လွန်းသဖြင့် သူ၏ရင်ဘတ် ပေါက်ကွဲလုနီးပါးဖြစ်နေကာ မိုပိုင်ယဲ့ကို စူးစိုက်၍ ကြည့်လိုက်သည်။
သူတို့သည် ဤနေရာသို့ ရောက်ရောက်ချင်း ရတနာများကို ရှာဖွေနိုင်ခဲ့လျှင် ယခုအချိန်၌ အမြောက်အများ ရရှိနေလောက်လေပြီ။ သို့ရာတွင် မိုပိုင်ယဲ့က ကျန်းရွှမ်ကို စောင့်ဆိုင်းပြီး ခြုံခိုတိုက်ခိုက်ရန် အတင်းအကြပ် တောင်းဆိုခဲ့သည်။ ယခုချိန်တွင်မူ တစ်ဖက်လူ ပေါ်မလာဘဲ ကျင့်ကြံသူအုပ်စုလိုက်ကြီး ရောက်လာခဲ့ပေ၏။
ဤလူများ၏အင်အားသည် သူတို့လောက် မကောင်းသော်လည်း အရေအတွက် များပြားသည်။ အကယ်၍ သူတို့သာ ပူးပေါင်းလိုက်လျှင် အစ်ကိုတုကဲ့သို့ ထိပ်သီးကျင့်ကြံသူတစ်ယောက် ရှိနေသည့်တိုင် လွယ်လင့်တကူ အနိုင်ရနိုင်မည် မဟုတ်ချေ။
"ငါလည်း ဒီလိုဖြစ်မယ်လို့ မထင်ထားခဲ့ဘူး..."
မိုပိုင်ယဲ့သည်လည်း အလွန်အမင်း စိတ်ရှုပ်ထွေးသွားသည်။
တံခါးပေါက်မှ ဝင်လာပြီးနောက် သူသည် စွမ်းအားများကို ဖုံးကွယ်ထားခဲ့သည်။ သဘောတရားအရ သုံးရောင်ခြယ်အလင်းတန်းများ စီးဆင်းနေခြင်းမရှိလျှင် တစ်စုံတစ်ယောက်က ဤနေရာကို ရှာဖွေတွေ့ရှိသည့်တိုင် အချိန်တခဏကြာသည်အထိ သတိပြုမိမည်မဟုတ်ချေ။ အချိန်တိုအတွင်းတွင် ဤမျှထိများပြားသောလူများ ရောက်ရှိလာလိမ့်မည်ဟု သူ အနည်းငယ်မျှ ထင်မှတ်မထားခဲ့ပေ။
အဓိကအချက်မှာ ကျန်းရွှမ် ရောက်မလာခြင်းပင်။
စိတ်ပျက်လက်ပျက်ဖြစ်နေသော်လည်း မိုပိုင်ယဲ့က အေးစက်စက် နှာမှုတ်လိုက်သည်။
"ဒီ သုံးရောင်ခြယ်ကုန်းမြေကို ငါတို့ အရင်တွေ့ခဲ့တာ... မလိုအပ်တဲ့ ပဋိပက္ခတွေ မဖြစ်ရအောင် မင်းတို့အားလုံး နောက်ကိုပြန်လှည့်သွားကြပါ..."
သူ၏စကား မဆုံးသေးမီမှာပင် မကျေမနပ်ပြောဆိုလိုက်သော အသံတစ်သံ ထွက်ပေါ်လာသည်။
"ရတနာဆိုတာ ကိုယ်ကျင့်တရားကောင်းမွန်တဲ့လူတွေနဲ့ပဲ ထိုက်တန်တာ...လူတိုင်းက ဒါတွေကို ကြုံတွေ့နေရမှတော့ ဒီရတနာကို ဘယ်သူအရင်ရရ အဲ့ဒီလူရဲ့အပိုင်ပဲ...."
"ဝှစ်"
ထိုသို့ပြောဆိုရင်းနှင့် လူရိပ်တစ်ခုက ရှေ့သို့ အရင်ဆုံးပြေးထွက်သွားသည်။
"အမှန်ပဲ... မင်း ပိုင်တယ်လို့ပြောရုံနဲ့ မင်းရဲ့အပိုင် ဖြစ်ရောလား... ငါ ပိုင်တယ်လို့ ပြောရင်ရော..."
တစ်စုံတစ်ယောက်က စတင်၍ လှုပ်ရှားလိုက်သည်ကိုမြင်လျှင် တခြားလူများသည် မည်သည်ကြောင့် အငြိမ်နေနိုင်ကြမည်နည်း။ သူတို့အားလုံးသည် ရှေ့သို့ တပြိုင်နက်တည်း ပြေးထွက်သွားကြတော့သည်။
"မင်းတို့က အတင့်ရဲလှချည်လား...."
မိုပိုင်ယဲ့၏မျက်နှာ မည်းမှောင်သွားသည်။ ဤလူများသည် သူ၏ခြိမ်းခြောက်မှုကို ဂရုမစိုက်ဘဲ လှုပ်ရှားရဲလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။ သူသည် သူ၏လက်ထဲရှိ မိုတောက်ဓားကို ဝှေ့ယမ်းကာ ရှေ့သို့ပြေးထွက်သွားသူတစ်ယောက်ကို ခုတ်ပိုင်းလိုက်၏။
ဤတိုက်ကွက်တွင် သူသည် စွမ်းအားကုန်ထည့်သွင်းထားကာ ဓားချီစွမ်းအင် မရောက်မီမှာပင် လေထုကိုထိုးခွင်းသွားပြီး ကြီးမားသော အက်ကွဲကြောင်းကြီးကို ဖြစ်ပေါ်စေခဲ့သည်။ ဤတိုက်ကွက်၏စွမ်းအားကြောင့် ကြယ်စင်မြစ်နယ်ပယ် တတိယ သို့မဟုတ် စတုတ္ထအဆင့် ကျင့်ကြံသူတစ်ယောက်ကို မဆိုထားနှင့် ဆဋ္ဌမအဆင့် ထိပ်သီးကျင့်ကြံသူတစ်ဦးပင်လျှင် ရုတ်တရက် ရင်ဆိုင်ရပါက ခြေလှမ်းသုံးလှမ်းခန့် နောက်ဆုတ်ရပေမည်။
သို့ရာတွင် ရှေ့သို့ပြေးဝင်လာသော ပုံရိပ်သည် သူ့တိုက်ကွက်၏အားနည်းချက်ကို သိနေပုံရသည်။ ထိုလူသည် သူ၏ခန္ဓာကိုယ်ကို ညင်သာစွာယိမ်းနွဲ့၍ ထိုဓားချီစွမ်းအင်ကို ရှောင်တိမ်းလိုက်၏။ နောက်ထပ်အချိန်တခဏ၌ သူသည် ရှေ့ရှိတောင်ကြားထဲသို့ ဝင်ရောက်သွားကာ မြေပြင်ပေါ်မှ ဆေးပင်တစ်ပင်ကို ခူးဆွတ်ပြီး ထူထပ်သိပ်သည်းသော ချုံပုတ်များကြားသို့ တိုးဝင်ပျောက်ကွယ်သွားသည်။
"ဒါ... ဒါက ရုပ်ဖျက်ထားတဲ့ ကျန်းရွှမ်ပဲ"
မိုပိုင်ယဲ့၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။
သူ၏မိုတောက်ဓားနည်းစနစိနှင့် ရင်းနှီးကျွမ်းဝင်ပြီး ဤမျှထိ အရေးကြီးသော အခိုက်အတန့်တွင် လွယ်ကူစွာ ရှောင်တိမ်းနိုင်သူမှာ ကျန်းရွှမ်မှတပါး တခြားလူ မဖြစ်နိုင်ချေ။
"လိုက်ကြစမ်း"
မိုပိုင်ယဲ့ အလွန်အမင်း ဒေါသထွက်သွားသည်။ သူသည် ဤနေရာ၌ စောင့်ဆိုင်းပြီး ခြုံခိုတိုက်ခိုက်ရန် ပြင်ဆင်ထားသော်လည်း တစ်ဖက်လူသည် လူအုပ်ကြီးကို ခေါ်လာကာ သူတို့အား အာရုံလွှဲ၍ အလစ်ဝင်သွားခဲ့သည်။ သူသည် ထိုလူပျောက်ကွယ်သွားရာ လမ်းကြောင်းအတိုင်း ချက်ချင်း လိုက်လံဖမ်းဆီးလိုက်ကြ၏။
"ရတနာတွေကို မြန်မြန်သွားရှာကြစမ်း..."
လော့ထျန်းယ ပြေးထွက်သွားသည်ကို မြင်တွေ့ချိန်၌ စုချန် ဝမ်လင်ရွှန်နှင့် တခြားသူများသည်လည်း အခွင့်အရေးရသွားကြောင်းကို သိလိုက်ကြသည်။ သူတို့သည် မည်သည်ကြောင့် တွေဝေနေကြမည်နည်း။ ရုတ်ချည်းဆိုသလိုပင် လူဆယ်ယောက်ကျော်သည် အရပ်မျက်နှာအသီးသီးသို့ လူစုခွဲကာ ပြေးထွက်သွားကြတော့သည်။
လူတစ်ယောက်နှစ်ယောက်မျှသာ ပြေးထွက်သွားလျှင် လင်းယုရှန် မုဟုန်တောက်နှင့် တခြားလူများမှ တားဆီးနိုင်ပေမည်။ သို့ရာတွင် လူအမြောက်အများ တပြိုင်နက်တည်း ပြေးထွက်သွားကြသဖြင့် သူတို့သည် မည်သို့ တားဆီးနိုင်တော့မည်နည်း။ မျက်စိတစ်မှိတ်အတွင်းမှာပင် လူ ခုနစ်ယောက် ရှစ်ယောက်ခန့်သည် မီတာဆယ်နှင့်ချီအကွာသို့ ရောက်ရှိသွားပြီး တောင်ကြားထဲသို့ ဝင်ရောက်သွားကြတော့သည်။
"မလိုက်နဲ့တော့... ငါတို့လည်း ရတနာတွေကို မြန်မြန်ရှာကြတာ ပိုကောင်းလိမ့်မယ်....မဟုတ်ရင် ဘာမှကျန်မှာ မဟုတ်ဘူး"
ကံကောင်းထောက်မစွာဖြင့် ဤလူများအားလုံးကို သတ်နိုင်ခဲ့လျှင်ပင် နောက်ထပ်လူများ ရောက်လာအုံးမည်ဖြစ်ကြောင်း သိသဖြင့် မုဟုန်တောက် စိတ်ပျက်သွားသည်။
သူသည် ကူကယ်ရာမဲ့စွာဖြင့် အော်ဟစ်လိုက်ပြီး တခြားလူများ၏နောက်မှနေ၍ တောင်ကြားထဲသို့ ဝင်ရောက်သွားသည်။
ဤမိုပိုင်ယဲ့သည် အမှန်တကယ်ကို မှီခိုအားထား၍ မရချေ။ သူတို့သည် နှစ်ကြိမ်တိုင်တိုင် ခြုံခိုတိုက်ခိုက်ခဲ့သော်လည်း မည်သည့်အရာမျှ မရခဲ့သည့်အပြင် ဆက်တိုက်ဆုံးရှုံးမှုများ ဖြစ်စေခဲ့သည်။
တောင်ကြားထဲသို့ ဝင်ရောက်လိုက်သည်နှင့် သူတို့ အစောပိုင်းက မြင်ခဲ့ရသော နှစ်တစ်ထောင် သက်တမ်းရှိသည့် ဆေးပင်များ လုံးလုံးလျားလျား မရှိတော့ဘဲ ပြောင်သလင်းခါနေသည်ကို မြင်တွေ့လိုက်ရသည်။ ထိုအရာများအားလုံး ခူးဆွတ်ခံလိုက်ရသည်မှာ သိသာထင်ရှားပေ၏။
မုဟုန်တောက်သည် ထိုကိစ္စကို တွေးမိလေလေ ဒေါသထွက်လေလေပင်။ သူ ရှေ့ဆက်သွားလိုက်ရာ အချိန်နှစ်မိနစ်မပြန့်မီမှာပင် မြေကွက်လပ်တစ်ခုက သူ၏မြင်ကွင်းထဲတွင် ထွက်ပေါ်လာသည်။
ဤမြေကွက်လပ်သည် ဧကဝက်ခန့် ကျယ်ဝန်းပြီး မခူးဆွတ်ရသေးသော ဆေးပင်အနည်းငယ်သာ ကျဲပါးစွာ ကျန်ရှိတော့သည်။
"နှစ်တစ်ထောင် လင်းဟွာမြက်...နှစ်တစ်ထောင် မုရှန်းကျစ်...နှစ်တစ်ထောင် ကြာရွက်နီ..."
ထိုနေရာကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မုဟုန်တောက်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားသည်။
ဤနေရာသည် ဆေးဥယျာဉ်တစ်ခု ဖြစ်မည်မှာ သံသယဖြစ်ဖွယ်မရှိချေ။ တခြားလူများ ခူးဆွတ်ပြီးနောက် ကြွင်းကျန်ခဲ့သော အကြွင်းအကျန်ဆေးပင်များပင်လျှင် ပြင်ပ၌ တွေ့ရခဲသော ပစ္စည်းများဖြစ်နေသည်။ ဆေးပင်များ ဆေးဥယျာဉ်အပြည့်ရှိနေစဉ်က မည်မျှထိ တန်ဖိုးရှိလိုက်မည်နည်း။
"ကျန်းရွှမ်ကိုသတ်ဖို့ စောင့်ခိုင်းတဲ့ အဲ့ဒီငတုံးကောင် မိုပိုင်ယဲ့သာ မရှိရင်...ဒီဆေးပင်တွေအားလုံးက ငါတို့ရဲ့အပိုင် ဖြစ်လာမှာ..."
မုဟုန်တောက်သည် ထိုကိစ္စကို တွေးတောမိလေလေ ပို၍ဒေါသထွက်လာလေလေပင်။
သူတို့သည် ဤနေရာသို့ ရောက်ရောက်ချင်း ခြုံခိုတိုက်ခိုက်ရန် စောင့်ဆိုင်းခြင်းမပြုဘဲ ဆေးပင်များကို စတင်၍ခူးဆွတ်ခဲ့လျှင် ယခုအချိန်၌ တခြားလူများ၏အကြွင်းအကျန်များကို ကောက်ရမည့်အစား ရတနာအမြောက်အများကို ပိုင်ဆိုင်နေရလောက်လေပြီ။
'နောက်ဆိုရင် မိုပိုင်ယဲ့ ပြောတဲ့စကားကို တစ်လုံးမှ နားမထောင်တော့ဘူး'
"ဆရာ... အဲ့ဒီနေရာမှာ ဘာကြီးလဲ"
သူသည် စိတ်ပျက်လက်ပျက်ဖြင့် ကြွင်းကျန်နေသော ဆေးပင်အနည်းငယ်ကို လိုက်လံခူးဆွတ်နေစဉ်မှာပင် မုရှောင်ချင်း၏အသံ ရုတ်တရက် ထွက်ပေါ်လာသည်။
မုဟုန်တောက်သည် အချိန်တခဏကြာခန့် ကြက်သေသေသွားပြီး အလျင်စလို မော့ကြည့်လိုက်၏။ မကြာမီမှာပင် မုရှောင်ချင်း ညွှန်ပြရာ လမ်းကြောင်းအတိုင်း လိုက်ကြည့်လိုက်ရာ ဆေးပင်တစ်ပင်ကို မြင်တွေ့လိုက်ရသည်။
ထိုဆေးသည် အနီးရှိ တောင်ထွတ်တစ်ခုပေါ်တွင် ပေါက်ရောက်နေပြီး မီးခိုးရောင် သန်းနေသည်။
"ဒါက... မိုးပြာမြက်လား"
မုဟုန်တောက်၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး သူ့ထံတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်။
"မိုးပြာမြက် ဟုတ်လား"
မုရှောင်ချင်းက နားမလည်သောအမူအယာဖြင့် မေးမြန်းသည်။
မုဟုန်တောက်က ရှင်းပြလိုက်၏။
"ဒါက ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့်ကို ချိုးဖျက်ဝင်ရောက်တဲ့နေရာမှာ အကြီးအကျယ် အထောက်အကူပြုတဲ့ အဖိုးတန်ဆေးပင်ပဲ... ငါသာ အဲ့ဒါကို ရလိုက်ရင် အထွတ်အထိပ်အဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်... ဒီဆေးပင်တစ်ပင်တည်းနဲ့တင် တခြားရတနာဆေးပင်တစ်ဥယျာဉ်လုံးစာနဲ့ ညီမျှတယ်လို့ ပြောလို့ရတယ်"
ဆေးဥယျာဉ်တစ်ခုလုံးကို ဆုံးရှုံးလိုက်ရသဖြင့် သူသည် အလွန်ဒေါသထွက်နေသော်လည်း ဤဆေးပင်ကိုသာ ရရှိလိုက်လျှင် သူ၏ဆုံးရှုံးမှုများကို သေချာပေါက် အစားထိုးနိုင်ပေလိမ့်မည်။