သလင်းကျောက်စိမ်း အဆီအနှစ်
Vol. 27 Ch. 329
"အရမ်းကောင်းတာပဲ"
ဆရာဖြစ်သူ၏စကားကို ကြားချိန်တွင် မုရှောင်ချင်း စိတ်လှုပ်ရှားသွားသည်။
သူမ၏ဆရာသာ အဆင့်တက်သွားပါက သူမတို့ ၏ဝါးတောဂိုဏ်းတစ်ခုလုံး ဂုဏ်သတင်း ကြီးမားလာမည် ဖြစ်ပြီး မိုင်သောင်းချီပတ်လည်တွင် အင်အားအကြီးဆုံး အင်အားစုတစ်ခု ဖြစ်လာပေလိမ့်မည်။
"မိုးပြာမြက်ပင်..."
စိတ်လှုပ်ရှားနေသော်လည်း မုဟုန်တောက်သည် တည်ငြိမ်နေဆဲဖြစ်ပြီး သူ၏မျက်လုံးများတွင် တည်ကြည်လေးနက်မှုများဖြင့် ပြည့်နှက်နေသည်။
စိတ်ဝိညာဉ်စွမ်းအား ပါဝင်သော ဆေးပင်များကို အတင်းအကြပ် မရိတ်သိမ်းသင့်ပေ။ ထိုသို့မဟုတ်ပါက အတွေးတစ်ချက် မှားယွင်းရုံဖြင့် အဆိပ်အတောက် ဖြစ်သွားနိုင်ပြီး ခူးဆွတ်လိုက်လျှင်ပင် အားဆေးဖြစ်လာမည် မဟုတ်ဘဲ ဘေးဒုက္ခကိုသာ ယူဆောင်လာပေလိမ့်မည်။
"ဒါက..."
မုရှောင်ချင်းသည် ဤအကြောင်းကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သဖြင့် သူမ၏မျက်လုံးများတွင် ဇဝေဇဝါအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"အလျင်လိုဖို့ မလိုပါဘူး..... ငါတို့ ဝါးတောဂိုဏ်းက သစ်သားဓာတ်သဘာဝရှိပြီးတော့ စိတ်ဝိညာဉ်ဆေးပင်တွေနဲ့ ဆက်သွယ်ရာမှာ ကျွမ်းကျင်တယ်...ဒါကိုရိတ်သိမ်းတဲ့ နည်းလမ်းတွေလည်း ငါ့မှာရှိပြီးသားပါ.... ငါ ဂရုတစိုက် လုပ်ဆောင်မယ်ဆိုရင် သေချာပေါက် အောင်မြင်လိမ့်မယ်.. မင်းက ငါ့ရဲ့ဘေးကနေ ကာကွယ်ပေးရင်း လေ့လာမှတ်သားထားတော့.."
မုဟုန်တောက်က ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး ရှေ့သို့လျှောက်လှမ်းကာ သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်၏။ ထို့နောက် သူသည် ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူပြီး ညင်သာစွာဖွင့်လိုက်ရာ ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအားများက ချက်ချင်းပျံ့နှံ့သွားသည်။
ဆရာဖြစ်သူ၏ ဆုံးဖြတ်ချက်ပြတ်သားမှုကို မြင်တွေ့ချိန်၌ မုရှောင်ချင်းက သက်ပြင်းချလိုက်ပြီး သူမ၏သံချိတ်နှစ်ချောင်းကို ထုတ်ကာ နံဘေးတစ်ဖက်တွင် မတ်တတ်ရပ်၍ ကာကွယ်စောင့်ကြပ်လိုက်သည်။
မုဟုန်တောက်သည် ကျောက်စိမ်းပုလင်းထဲမှ အရာကို မိုးပြာမြက်ပင်၏အရွက်များပေါ်သို့ တစ်စက်ချလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအားများသည် အရွက်ကြောများတစ်လျှောက် စီးဆင်းသွားပြီး ဆေးပင်ထဲသို့ ဝင်ရောက်သွားပေ၏။
"ဒါက သလင်းကျောက်စိမ်းအဆီအနှစ်ပဲ... ဒါက ကျင့်ကြံဆင့် မြှင့်တင်တဲ့နေရာမှာ သုံးတဲ့အရာ မဟုတ်ဘူးလား"
မုရှောင်ချင်း နားမလည်နိုင် ဖြစ်သွားသည်။
ဆရာကိုင်ထားသော ကျောက်စိမ်းပုလင်းထဲမှ သလင်းကျောက်စိမ်းအဆီအနှစ်သည် အလွန် တန်ဖိုးရှိပေ၏။ ထိုအရာသည် ဝါးတောဂိုဏ်းတွင် မဆိုထားနှင့် ကျိုးယီအင်ပါယာတစ်ခုလုံးတွင်ပင် အလွန်ရှားပါးသည်။ သူမ၏ကျင့်ကြံဆင့်ဖြင့်ဆိုလျှင် ထိုအရာတစ်စက်တည်းကိုပင် ချေဖျက်သန့်စင်ရန် တစ်လခန့် အချိန်ယူရပေမည်။
ထိုအရာကို ဆေးပင်ပေါ်သို့ တိုက်ရိုက် လောင်းချလိုက်သည်မှာ ဖြုန်းတီးလွန်းရာကျလွန်းသည် မဟုတ်လော..
"ဖြုန်းတီးတာ ဟုတ်လား"
မုဟုန်တောက်က ခေါင်းခါယမ်းလိုက်သည်။
"မင်း သေချာကြည့်လိုက်အုံး"
မုရှောင်ချင်းက ဇဝေဇဝါဖြင့် လှမ်းကြည့်လိုက်ရာ သူမအတွက်ပင် သန့်စင်ရန် ခက်ခဲသော သလင်းကျောက်စိမ်းအဆီအနှစ်သည် လုံးလုံးလျားလျား စုပ်ယူခြင်းခံလိုက်ရပြီး ခြေရာလက်ရာပင် မကျန်တော့သည်ကို မြင်တွေ့လိုက်ရသည်။ အစောပိုင်းက မီးခိုးရောင် သမ်းနေသော မိုးပြာမြက်သည် ယခုအချိန်၌ စိမ်းလန်းစိုပြေလာပြီး ကျောက်မျက်ရတနာတစ်ခုအလား မြစိမ်းရောင် တောက်ပလာသည်။
"ဒါက ခူးဆွတ်ခြင်းရဲ့ပထမအဆင့်ဖြစ်တဲ့ စိတ်ဝိညာဉ်ဖြားယောင်းခြင်းပဲ"
မုဟုန်တောက်က အပြုံးနှင့် ရှင်းပြသည်။
"အရည်အသွေးမြင့် ဆေးပင်တွေနဲ့ တွေ့တဲ့အချိန်မှာ ပထမဆုံးအဆင့်က ဆေးပင်စိတ်ဝိညာဉ်ရဲ့လိုအပ်ချက်ကို ခွဲခြားသိမြင်ပြီးတော့ အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်းပေးရတယ်.... ဒါမှသာ ဆေးပင်စိတ်ဝိညာဥ်ရဲ့လက်ခံမှုကို ရနိုင်လိမ့်..အခု ငါက ဒုတိယအဆင့်ကို ပြပေးမယ်..."
ထိုသို့ပြောဆိုပြီးနောက် ဝါးတောဂိုဏ်းချုပ်သည် ကျောက်စိမ်းသေတ္တာငယ်တစ်လုံးကို ထုတ်ယူလိုက်၏။ ထို့နောက် မိုးပြာမြက်ပင်နှင့် တစ်ပေအကွာတွင် ကျင်းငယ်တစ်ခုကိုတူးကာ သေတ္တာကိုချထားပြီး မြေကြီးအနည်းငယ်ဖြင့် ဖြည့်လိုက်သည်။
မုဟုန်တောက်က ပြောဆိုသည်။
"ဒါက ဒုတိယအဆင့်ဖြစ်တဲ့ မြက်ပင်မျှားတာပဲ"
"မြက်ပင်မျှားတာ...ဟုတ်လား..."
မုရှောင်ချင်းက နားမလည်နိုင်စွာဖြင့် မေးမြန်းသည်။
"ဒီဆေးပင်မှာ စိတ်ဝိညာဉ် ရှိနေမှတော့ အလိုအလျောက် ရွေ့လျားနိုင်ပြီးတော့ ထွက်ပြေးတတ်တယ်... မြက်ပင်ကို အတင်းအဓမ္မ တူးထုတ်လိုက်ရင် စိတ်ဝိညာဉ်က ပြောင်းလဲသွားနိုင်တယ်.....သူ့အလိုလို ရောက်လာအောင် လုပ်ရင်တော့ ဒီအခြေအနေကို ရှောင်ရှားနိုင်တယ်"
မုဟုန်တောက်က စကားပြောဆိုရင်း ကျောက်စိမ်းပုလင်းကို ပြန်ကိုင်လိုက်ကာ ကျောက်စိမ်းသေတ္တာထဲရှိ မြေကြီးထဲသို့ သလင်းကျောက်စိမ်းအဆီအနှစ် တစ်စက်ချလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာပေ၏။ ထို့နောက် သူသည် နောက်ထပ် ကျောက်စိမ်းအဆီအနှစ်တစ်စက်ကို သူ၏လက်ချောင်းဖြင့် တို့ယူပြီး မိုးပြာမြက်ပင်နှင့် ကျောက်စိမ်းသေတ္တာကြားတွင် လမ်းကြောင်းငယ်တစ်ခုကို ရေးဆွဲလိုက်သည်။
သလင်းကျောက်စိမ်းအဆီအနှစ်၏ စိတ်ဝိညာဉ်စွမ်းအားကို အာရုံခံမိသည့်အလား မိုးပြာမြက်ပင်၏အရွက်များသည် နေကိုမြင်သော နေကြာပန်းများအလား လှည့်လာသည်။ နောက်ထပ်အချိန်တခဏတွင် ထူထဲသော အမြစ်တစ်ခု မြေကြီးထဲမှ ထွက်ပေါ်လာပြီး ကျောက်စိမ်းသေတ္တာဘက်သို့ တိတ်တဆိတ် စမ်းသပ်လေသည်။
ထိုအမြစ်သည် မြောင်းငယ်ကို လျင်မြန်စွာ ထိတွေ့လိုက်ပြီး အပင်တစ်ပင်လုံး ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ ထို့နောက် အမြစ်များအားလုံး တပြိုင်နက်တည်း ထွက်လာပြီး သူခိုးတစ်ယောက်အလား ကျောက်စိမ်းသေတ္တာထံသို့ တရွေ့ရွေ့လျှောက်လှမ်းသွားလေ၏။
"တကယ်ကြီးပါလား..."
မုရှောင်ချင်းထံတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်။
သူမသည် ဆေးပင်များ ရွေ့လျားသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပြီး အရေးအကြီးဆုံးမှာ ဂိုဏ်းချုပ်က ထိုအရာကို အမှန်တကယ်ပမျှားခေါ်နိုင်ခဲ့ခြင်းပင်။ ကျောက်စိမ်းသေတ္တာထဲသို့ ဝင်လုဆဲဆဲအချိန်တွင် မိုးပြာမြက်ပင်သည် တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားသည့်အလား ရုတ်တရက် တုန်ခါသွားပြီး "ဝှစ်" ခနဲအသံနှင့်အတူ အဝေးသို့ ထွက်ပြေးသွားသည်။
မုဟုန်တောက်၏မျက်နှာ သုန်မှုန်သွားပြီး အလျင်အမြန် လှမ်းဖမ်းရန် ဟန်ပြင်လိုက်သော်လည်း ဆေးပင်၏စိတ်ဝိညာဉ်ကို ဒေါသထွက်စေမည်အား စိုးရိမ်သဖြင့် တွန့်ဆုတ်နေမိသည်။ ထိုအချိန်မှာပင် မလှမ်းမကမ်းအကွာ၌ လက်တစ်ဖက်ကျရောက်လာပြီး ထွက်ပြေးနေသော မိုးပြာမြက်ပင်ကို ဖမ်းဆုပ်လိုက်သည်အား သူ မြင်တွေ့လိုက်ရသည်။ မိုးပြာမြက်ပငိသည် ပြင်းထန်စွာ ရုန်းကန်သော်လည်း မလွတ်မြောက်နိုင်ချေ။
"ဂိုဏ်းချုပ်မို...အခုချက်ချင်း လက်လွှတ်လိုက်ပါ..."
လှုပ်ရှားလိုက်သူကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်၌ မုဟုန်တောက်က စိုးရိမ်ပူပန်တကြီး အော်ဟစ်လိုက်၏။
ဤသည်မှာ မိုပိုင်ယဲ့မှလွဲ၍ တခြားလူမဟုတ်ပေ။
"ဒါကို ငါ လွှတ်ပေးလိုက်ရင် ထွက်ပြေးသွားမှာပေါ့..."
မိုပိုင်ယဲ့သည် စကားအပို မပြောလိုတော့သဖြင့် သူ၏အင်္ကျီလက်ထဲမှ ကျောက်စိမ်းသေတ္တာတစ်လုံးကို ထုတ်ယူပြီး ထိုဆေးပင်ကိုထည့်ရန် ဟန်ပြင်လိုက်သည်။
သူ၏ဇွတ်တရွတ်ဆန်မှုကို မြင်တွေ့ချိန်၌ မုဟုန်တောက် ဒေါသထွက်သွားသည်။
"မင်း ဒီလိုမျိုး ဖမ်းဆုပ်လိုက်ရင် ဆေးပင်ကို ရရင်တောင် ဆေးအာနိသင်တွေ ပျက်ပြယ်သွားလိမ့်မယ်.... မယုံရင် မင်း ကြည့်လိုက်အုံး... မိုးပြာမြက်ပင်က မီးခိုးရောင် ပြောင်းသွားပြီ"
မုရှောင်ချင်းက အလျင်အမြန် ကြည့်လိုက်ရာ မိုပိုင်ယဲ့ ဖမ်းဆုပ်ထားသော ဆေးပင်သည် မီးခိုးရောင်သို့ ပြန်လည်၍ပြောင်းလဲသွားပြီး ယခင်ကကဲ့သို့ လန်းဆန်းတက်ကြွနေမှုများ မရှိတော့သည်ကို အမှန်တကယ် မြင်တွေ့လိုက်ရသည်။
ဤကဲ့သို့အခြေအနေမျိုး တစ်ကြိမ်တစ်ခါမျှ မကြားဖူးသည့်အလား မိုပိုင်ယဲ့၏မျက်လုံးများတွင် ဇဝေဇဝါအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ ထို့နောက် သူသည် သူ၏လက်ထဲမှ မိုးပြာမြက်ပင်ကို ငုံ့ကြည့်ပြီး ရိုက်နှက်လိုက်၏။
"မင်းကိုယ်မင်း အရမ်းအထင်ကြီးနေတာလား... အခုချက်ချင်း ပြန်ပြောင်းစမ်း"
မုဟုန်တောက်သည် ရုတ်တရက် သူ၏ရှေ့မှ အရာအားလုံး မည်းမှောင်သွားသကဲ့သို့ ခံစားလိုက်ရသည်။ မိုပိုင်ယဲ့သည် အဓိပ္ပါယ်မဲ့သောလုပ်ရပ်များကို လုပ်နေသည်ဟု မုဟုန်တောက်က ပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် မီးခိုးရောင်မိုးပြာမြက်ပင်သည် အမှားလုပ်ထားသော ကလေးတစ်ယောက်ကဲ့သို့ ယိမ်းထိုးသွားပြီးနောက် မြစိမ်းရောင်သို့ ပြန်လည်၍ပြောင်းလဲသွားသည်။
"ကဲ...ပြီးပြီ..."
မိုပိုင်ယဲ့က ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး ဆေးပင်ကို ကျောက်စိမ်းသေတ္တာထဲထည့်ကာ နောက်သို့လှည့်ထွက်သွားပြီး မျက်စိတစ်မှိတ်အတွင်း နေရာမှပျောက်ကွယ်သွားသည်။
မုဟုန်တောက်၏မျက်လုံးများ ပြူးကျယ်သွားသည်။
"တစ်ချက်ရိုက်လိုက်ရုံနဲ့ ရပြီလား....ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ....မိုးပြာမြက်ပင်က အားနည်းတဲ့သူကို အနိုင်ကျင့်ပြီးတော့ သန်မာတဲ့သူကို ကြောက်တာလား"
"အဟွတ် အဟွတ်..."
သူ တွေဝေနေဆဲဖြစ်သည်ကို မြင်တွေ့ချိန်၌ မုရှောင်ချင်းသည် ထပ်မံ၍ ရပ်ကြည့်မနေနိုင်တော့ချေ။
"ဆရာ.... ဂိုဏ်းချုပ်မိုက ဆေးပင်ကို ယူသွားပြီ..."
"ဟုတ်သားပဲ... ဒါက ငါ့ရဲ့ဆေးပင်လေ... မိုပိုင်ယဲ့ ငါ့ကို ပြန်ပေးစမ်း..."
ထိုအချိန်ကျမှသာ မည့်သည့်ကိစ္စများ ဖြစ်ပျက်သွားကြောင်း နားလည်သဘောပေါက်သွားပြီး မုဟုန်တောက်၏ခန္ဓာကိုယ် ဒေါသကြောင့် တုန်ရီသွားသည်။
ဤဆေးပင်ကို မျှားခေါ်ရန်အတွက် သလင်းကျောက်စိမ်းအဆီအနှစ်ကို နှစ်စက်ပင် သုံးခဲ့ရသည်။ သို့ရာတွင် တစ်ဖက်လူသည် ဆေးပင်ကို တစ်ချက်ဖြတ်ရိုက်ပြီး ယူဆောင်သွားခဲ့သလော။
သူ စဉ်းစားလေလေ ဒေါသထွက်လေလေဖြစ်ပြီး သည်းမခံနိုင်တော့သဖြင့် နောက်မှလိုက်သွားလိုက်၏။
သူသည် ခြေလှမ်းအနည်းငယ် လျှောက်လှမ်းပြီးနောက် လိုက်ရှာနေစဉ်မှာပင် မိုပိုင်ယဲ့သည် မြက်ခင်းတစ်ခုထဲတွင်ထိုင်ကာ ဆေးပင်တစ်ပင်အား တူးနေသည်ကို သူ မြင်တွေ့လိုက်ရသည်။
မုဟုန်တောက်သည် အသက်အောင့်ထားပြီး သတိကြီးစွာထား၍ ထိုနေရာသို့ ချဉ်းကပ်သွားလိုက်သည်။ မိုပိုင်ယဲ့၏ရှေ့တွင် အနီရောင်ဖျော့ဖျော့ ဖီးနစ်သရဖူမြက်ပင်တစ်ပင် ရှိနေပေ၏။
ဖီးနစ်သရဖူမြက်ပင်သည် ကျင့်ကြံဆင့် တိုးတက်ရန် မကူညီနိုင်သော်လည်း ဒဏ်ရာကုသရာတွင် ထူးကဲသောအာနိသင် ရှိသည်။ ဤသည်မှာ မိုးပြာမြက်ပင်ကဲ့သို့ တန်ဖိုးရှိသော်လည်း တန်ဖိုးချင်းယှဉ်လျှင် အနည်းငယ်နိမ့်ပါးသည်။
မုဟုန်တောက်က မိုပိုင်ယဲ့သည် မိုးပြာမြက်ပင်ကို ရိုက်နှက်ခဲ့ပြီး ယခုချိန်၌ ဖီးနစ်သရဖူမြက်ပင်ကိုလည်း မဆင်မခြင်ကိုင်တွယ်နေသည်အား မြင်တွေ့သဖြင့် သူ ဒေါသထွက်လာသည်။ သူ သည်းမခံနိုင်တော့ဘဲ မိုပိုင်ယဲ့၏ ထောင်နေသောတင်ပါးကို ကန်ကျောက်လိုက်၏။
ဘုန်း...
မိုပိုင်ယဲ့သည် မထင်မှတ်ထားသော တိုက်ခိုက်ခံရမှုကြောင့် ရှေ့သို့ထိုးကျသွားပြီး မြေပြင်ပေါ်သို့ ခေါင်းငိုက်စိုက်ကျသွားကာ သူ၏မျက်နှာပေါ်တွင် ရွှံ့များပေကျံသွားသည်။
သူ ဖမ်းမိလုနီးပါး ဖြစ်နေသော ဖီးနစ်သရဖူမြက်ပင်သည် လန့်ဖျပ်သွားကာ ချက်ချင်းဆိုသလိုပင် အမြစ်များကိုဖြန့်၍ ထွက်ပြေးသွားသည်။ ထိုမြက်ပင်သည် စိမ်းလန်းစိုပြေသော မြက်ခင်းထဲတွင် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားပေ၏။
"မုဟုန်တောက်.... မင်း ဘာလုပ်တာလဲ"
မြေပြင်ပေါ်မှ ကုန်းရုန်းထလာရင်း မိုပိုင်ယဲ့သည် မည်သည့်ကိစ္စများ ဖြစ်ပျက်သွားကြောင်း နားလည်သဘောပေါက်လိုက်သည်။ သူ အလွန်ဒေါသထွက်နေခြင်းကြောင့် သူ၏မျက်နှာ နီမြန်းသွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဤဆေးပင်ကို သူ ရိတ်သိမ်းနိုင်လုဆဲဆဲ ဖြစ်သော်လည်း တစ်ဖက်လူက ခြောက်လှန့်လိုက်သဖြင့် ထွက်ပြေးသွားသည်။
မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်း.....